အပိုင်း ၁၅ ကျွန်တော်...ရှူးပေါက်ချင်လို့...
ရှောင်ယန့်စိတ်ထဲတွင် မဟုတ်ကဟုတ်ကအတွေးများ ပြည့်နှက်နေ၏။ ထိုအချိန်တွင် သူလက်မောင်း၌ အပ်စိုက်ခံရသလို ခံစားချက်တစ်ခု ရရှိလိုက်သည်။ ထိုအခါကျမှ ဟာနယ်က ဟာနယ်ကိုင်ထားသည့်သေနတ်ဆိုသည်မှာ ဆေးထိုးအပ်ဖြစ်နေမှန်း သူ သဘောပေါက်သွားသည်။
ကိုယ်ခန္ဓာခုခံအားတိုးမြှင့်ပေးနိုင်သည့် ဓာတ်ဆားရည်တစ်မျိုးမျိုး သို့မဟုတ် အမိုင်နိုအက်ဆစ်တစ်မျိုးမျိုး ဖြစ်မည်ထင်သည်။ ရှောင်ယန် ဘာမှ မစဉ်းစားနိုင်တော့ဘဲ သိပ်မကြာခင်တွင် နှစ်ခြိုက်စွာ အိပ်မောကျသွားလေသည်။
ညလယ်ခေါင်တွင် ရှောင်ယန် အိပ်ပျော်နေရာမှာ တဖြည်းဖြည်းနှင့် နိုးလာခဲ့သည်။ ဘေးကို စောင်းချလိုက်သည့်အခါ သူ့ဘေးတွင် လူတစ်ယောက် ကုတင်ခေါင်းရင်းကိုမှီပြီး လက်ကိုပိုက်ထားကာ ထိုင်နေသည်ကို သူ ဝိုးတဝါး မြင်လိုက်သည်။ ထို့နောက် အိပ်ရာခင်းမှ လန်းဆန်းသည့်ရနံက သူ့ဘေးကလူ၏ရနံ့နှင့် ပေါင်းစပ်သွားသည်ကို သူ သတိထားမိလေသည်။ မျက်နှာကို ကောင်းကောင်းမမြင်ရသော်လည်း နံဘေးမှလူသည် ဟာနယ် ဘာတွန်ဖြစ်မှန်း သူသိနေသည်။
ဒီတစ်ယောက်သည် သူ့အား တစ်ချိန်လုံး ဂရုစိုက်ပေးခဲ့သည်။ သူ့ကို ဝန်ထုပ်ဝန်ပိုးဆိုပြီး ပစ်လည်းမထားခဲ့။ စိတ်မရှည်သည့်အရိပ်အယောင်များလည်း မပြခဲ့ပေ။
ဒီလူက သူထင်ထားခဲ့သလိုမျိုး သိပ်တော့လည်း ကြောက်စရာကောင်းမနေဘူးပဲ။
သူ့မျက်လုံးများက အမှောင်ထဲတွင် ပို၍အသားကျလာသည်နှင့်အမျှ တခြားသူ၏နက်နဲဆန်းကြယ်သော မျက်နှာအသွင်အပြင်များကို သူ ထောက်ပြလာနိုင်သည်။ ဟာနယ်၏အကြည့်က ပုံမှန် ခပ်တန်းတန်း အေးစက်စက် အကြည့်မျိုး ဟုတ်မနေတော့ပါ။ အေးစက်သည့်ညလေထဲတွင် ထိုမျက်ဝန်းများထဲမှ နွေးထွေးရိပ်တစ်ခုကို သူခံစားမိနေသည်။
ထိုလူသည် သူ့လက်များကိုဆန့်ထုတ်ကာ ရှောင်ယန့်နဖူးတွင် သူ့လက်ဝါးကို လာတင်လေသည်။ ထိုသူ၏နွေးထွေးမှုများကို ခံစားမိရင်း ရှောင်ယန့်မျက်လုံးများက အလိုအလျောက်မှိတ်သွားသည်။
ညရနံ့က တိတ်ဆိတ်စွာ ဆွတ်ပျံ့သွားခဲ့သည်။ သူ့ဘေးမှာရှိနေသည့်သူက ငုံ့မိုးလာသည်ကို ရှောင်ယန် သိနေသည်။ နှုတ်ခမ်း၂စုံ ထိတွေ့သွားသည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်အားလုံးက ဂယက်ရိုက်နေကြသည်။ တခြားသူ၏လျှာသည် ရှောင်ယန့်နှုတ်ခမ်းများကို လျက်လိုက်ပြီး ဖြည်းညင်းစွာ အရသာခံနေသည်။ မြက်ရွက်ပေါ်တွင် ဖြတ်ပြေးခဲ့သည့်သူ့လျှာက ရှောင်ယန့်နှုတ်ခမ်းအား ရစ်ပတ်ကာ မဝံ့မရဲ နမ်းနေလေသည်။
ရှောင်ယန့်ဒူးများ အလိုလိုကွေးမိသွားသည်။ လက်ချောင်းများကိုလည်း ဘယ်လိုဆုပ်ထားရမှန်းမသိသလိုမျိုး ဖြန့်ထားမိနေသည်။ သူ မငြင်းဆိုမိသည်က တစ်ဖက်သားအား ဖိတ်ခေါ်လိုက်သလိုပင်။ ဟာနယ် သူ့အပေါ် လှိမ့်လာပြီး သူ့လက်ကောက်ဝတ်များအား အိပ်ရာပေါ်တွင် တင်းတင်းကျပ်ကျပ် ဖိထားလေသည်။ ရှောင်ယန့်ကိုယ်တစ်ခုလုံးကို အားပြင်းသည့်ဖိအားတစ်ခု လွှမ်းခြုံသွားပြီး အနမ်းသည်လည်း ပို၍ပို၍ပြင်းထန်လာလေသည်။ မဝံ့မရဲဖြစ်နေတာမျိုး မရှိတော့ဘဲ အတောမသတ်နိုင်သည့် ဆာလောင်မှုတစ်မျိုးအသွင် ပြောင်းလဲသွားလေသည်။ ဟာနယ့်အနမ်းများက သူ့ပါးစပ်အထဲသို့ ပို၍ပို၍တိုးဝင်လာြပီး ပြင်းပြအေးစက်သည့် ပိုင်ဆိုင်လိုစိတ်က သူ့ပါးစပ်ထဲတွင် ပျံ့နှံ့သွားသည်။ ဟာနယ်သည် နောက်ဆက်တွဲ အကျိုးဆက်တွေကို ထည့်မစဉ်းမိတော့သကဲ့သို့ အသိတရားများကင်းမဲ့နေသလိုပင်။ ရှောင်ယန့်ခေါင်းနောက်ပိုင်းက ခေါင်းအုံးနှင့် တင်းကျပ်စွာ ဖိကပ်ထားခံရပြီး အိပ်ရာခင်းအောက်ရှိ သံထည်ကိုတောင် ခံစားမိလိုက်သည်။
သူ့ခန္ဓာကိုယ်အား ဖိနှိပ်ထားခြင်းကြောင့် နာကျင်သော်လည်း အားအင်များကုန်ခမ်းသွားသောကြောင့် သူ အော်တောင် မအော်နိုင်ပေ။ သူ့ကိုယ်တွင်းအင်္ဂါများ ပြင်းပြင်းထန်ထန် ဖိချေခံနေရပြီး ဟာနယ် ဘာတွန်၏အင်အားအောက်တွင် သူ့အရိုးသည်လည်း သစ်ကိုင်းရိုးကဲ့သို့ပင် ကြွပ်ဆတ်နေသည်။ ဖိနှိပ်မှုအောက်တွင် သူ အရိုးကျိုးသံတောင် ကြားလိုက်ရသလိုပင်။ သူ သေတော့မယ်လို့ ခံစားမိနေတယ်...
ထိုအချိန်တွင် ရုတ်တရက် သူ ပါးစပ်ဟသွားကာ သူ၏ပူနွေးနေသောခန္ဓာကိုယ်သည်လည်း ရုတ်ချည်း အေးစက်သွားသည်။ သူ့အပေါ်တွင် အိပ်ရာခင်းတစ်ထည်မှလွဲ၍ ဘာမျှရှိမနေပေ။ ဟာနယ် ဘာတွန်သည်လည်း အိပ်ရာအစွန်းတွင် လက်မောင်းပိုက်လျက် အိပ်ရာခေါင်းရင်းကိုမှီကို ထိုင်နေဆဲပင်။
ဘုရားရေ... ခုနက ငါ ဘာတွေ ဖြစ်သွားတာလဲ။ ငါ့မှာ ဘယ်လိုလုပ် အဲဒီလို မတန်မရာ ထင်ယောင်ထင်မှားတွေ ထပ်ရှိနေရပြန်တာလဲ
ဟာနယ် ဘာတွန်က သူ့ကို ဘယ်တော့မှ နမ်းလာစရာ အကြောင်းမရှိဘူး။ ပြီးတော့ သူကလည်း အဲဒီလိုလုပ်စရာအကြောင်းမရှိဘူး။
ရှောင်ယန် ရင်ဘတ်ကို ထုချလိုက်သည်။ ကံကောင်းလို့... ကံကောင်းလို့... ဒါတွေအားလုံးသာ တကယ်ဖြစ်ခဲ့ရင် သူတော့ သေချာပေါက် သေသွားမှာပဲ။ လွန်ခဲ့တဲ့ ၂၁ နှစ်က အဖြစ်ဆိုးကို သူကောင်းကောင်းကြီး မှတ်မိနေသေးသည်။
"ဘာဖြစ်လို့လဲ”
သူ၏ရင်ဘတ်ကို ထုနှက်နေသောအမူအရာကို ဘေးမှာရှိသည့် ဟာနယ် ဘာတွန် သတိထားမိသွားသည်။
"ကျွန်တော်...ရှူးပေါက်ချင်လို့..."
ပြောပြီးသည်နှင့်ချက်ချင်း ရှောင်ယန် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်သွားသည်။ သူတကယ်ပဲ "ရှူးပေါက်တယ်" ဆိုတဲ့စကားကို ဟာနယ့်အရှေ့မှာ ပြောချလိုက်တာလား။ အခု တကယ်ပဲ ရှူးပေါက်ချင်တယ်ဆိုပေမဲ့လည်းလို့ပေါ့...
လေဒဏ်ခိုလှုံရာစခန်းတွင် သန့်စင်ခန်းမျိုး သေချာပေါက်ရှိမနေပေ။ ဟာနယ်ဘာတွန် အသန့်ကြိုက်တတ်တာနှင့် သူက ရှောင်ယန့်ကို ဘယ်နေရာမှာမှ ပေါက်ချခွင့် ပေးမည်မဟုတ်ပေ။ သူ သေချာပေါက် တံခါးဖွင့်ပေးပြီး ငါ့ကို အပြင်ထွက်သွားခိုင်းလောက်မယ်။ ဒါပေမဲ့ ညဘက် ဟင်းလင်းပြင်က အန္တရာယ်များတယ်လေ။
ရှောင်ယန့် စိတ်မအေးမသာဖြစ်နေချိန်တွင် ဟာနယ်က ရေဘူးအလွတ်တစ်လုံးကို အဖုံးဖွင့်ကာ ရှောင်ယန့်အား ပေးလိုက်သည်။ "အောက်ကိုတစ်စက်လေးကျသွားရင်တောင်မှ ငါ မင်းရဲ့ဟာကို ဖြတ်ပစ်မယ်"
ရှောင်ယန် ရေဘူးကို ကြောင်ကြောင်နှင့် ယူလိုက်သည်။ တစ်ဖက်လူက သူ့ကို တကယ်ပဲ ဒီဘူးသုံးပြီး ပေါက်ဖို့ ပြောလာတယ်ပေါ့။
ရေဘူးအဝသည် သိပ်မကျယ်ပေ။ တစ်စက်မှ အောက်မကျစေချင်ဘူးဆိုရင် ညီလေးကို အထဲထိုးထည့်ချလိုက်ရမှာလား။
ဟာနယ်ဘာတွန်က သူ့မူလနေရာသို့ ပြန်သွားလေသည်။ ရှောင်ယန် သက်ပြင်းချမိသွားသည်။ ဒါက အကောင်းဆုံးဖြစ်နိုင်ချေပဲ။
သူ အိပ်ရာပေါ်မှထလိုက်၏။ ဟာနယ့်ကို ကျောပေးကာ ဘောင်းဘီကြယ်သီးဖြုတ်လိုက်ပြီး သူ့သနားစရာညီလေးကို အပြင်သို့ထုတ်၍ ဘူးထဲသို့ တစ်ဝက်လောက် ထိုးထည့်လိုက်သည်။ ရေကိုထုတ်ချလိုက်ရတာက ကိုယ်ခန္ဓာကို တော်တော်ပေါ့ပါးသွားစေသည်။ သို့သော် ရှောင်ယန် သူ့ညီလေးကို ထိုးထည့်လိုက်ရသည့်အချိန်တွင် လေဖိအားတစ်ခု ခံစားမိသဖြင့် လန့်ဖျပ်သွားသည်။ သူ့ညီလေးက ဒီဘူးထဲမှာ ဆေးရည်စိမ် နမူနာ ဖြစ်သွားမလားဆိုသည့် အတွေးတစ်ခု သူ့ခေါင်းထဲ ဝင်လာသည်။ ကံကောင်းထောက်မစွာဖြင့် အသာလေးလှုပ်လိုက်သည့်အခါ ဘူးထဲ လေဝင်သွားပြီး ညီလေးလည်း ချောချောမွေ့မွေ့နှင့် ပြန်ထွက်လာလေသဖြင့် သူ စိတ်ပြန်အေးသွားသည်။
ရှောင်ယန် သက်ပြင်းချကာ ဘူးကို အဖုံးပြန်ပိတ်လိုက်၏။
ထိုအချိန်တွင်ပင် တံခါးတွင် တံခါးခေါက်သံတစ်ချပ် ကြားလိုက်ရ၍ ရှောင်ယန် စိတ်လှုပ်ရှားသွားသည်။
ဟာနယ်က မမေးမမြန်းဘဲ တံခါးကို ဖွင့်လိုက်သည်။
"ဘုရားရေ နောက်ဆုံးတော့ ဆုံမှတ်ကို ရောက်လာခဲ့ပြီ" မာရာဖြစ်သည်။ သူ့နောက်တွင် ကြယ်ပင်လယ်တစ်ခုနှင့် ဗလာနတ္ထိ ဟင်းလင်းပြင်က အဆုံးအဆမရှိကာ ဆိတ်သုဉ်းနေသလိုပင်။
မာရာ တံခါးကို လော့ပြန်ချလိုက်သည်။ ရှောင်ယန့်ကိုမြင်လိုက်သည်နှင့်ချက်ချင်း သူ့အား လာပြီး တင်းတင်းကျပ်ကျပ် ဖက်ပါလေတော့သည်။ သူဖက်တာက ရှောင်ယန့်အတွက် ညှစ်သတ်ခံနေရသလိုပင်။
"အိုး ကိုယ့်အချစ်လေးရှောင်ယန် မင်း အသက်ရှင်နေသေးလို့ ကိုယ်အရမ်းဝမ်းသာတာပဲ အသက်ကယ်ကေဘင်ထဲမှာ ဘော့စ်က မင်းကို အသေပိတ်ထားခဲ့မှာကို စိုးရိမ်နေတာ။ လမ်းမှာလည်း ဇွန်ဘီတွေအများကြီး တွေ့ခဲ့ရတယ်၊ ဒီရေလှိုင်းအဖွဲ့အစည်းကလွှတ်လိုက်တဲ့ လူသတ်သမားနှစ်ယောက်ရောပဲ၊ ဒါပေမဲ့ ကိုယ်က သူတို့အားလုံးကို သတ်ပစ်ခဲ့တယ်လေ ဟေး ဆုံမှတ်မှာ ဘော့စ်ကလွဲလို့ တခြားသူတွေ ဘာလို့ မရောက်လာကြသေးတာလဲ"
ရှောင်ယန် ဘူးကိုကိုင်ရင်း အနေရခက်စွာ ပြုံးပြလိုက်သည်။ သူလည်းပဲ ဟာနယ်က သူ့ကို အသေပိတ်ထားခဲ့မှာကို စိုးရိမ်မိခဲ့သေးသည်။
"ဒါက ဘာလဲ ရေလား" မာရာ ရှောင်ယန့်ဆီမှဘူးကို ဆွဲယူလိုက်ပြီး အဖုံးဖွင့်ချလိုက်သည်။ "အတော်ပဲ ငါ ရေဆာနေတာ"
"မသောက်နဲ့"
သူ မတားနိုင်လိုက်ခင် မာရာက ဘူးကို ပါးစပ်ဆီ မော့လိုက်သည်။
"ဟင် ဘာလို့ ရေထဲမှာ အနံ့တစ်မျိုးကြီး ရှိနေတာလဲ ပြီးတော့ နွေးလည်းနွေးနေတယ်" မာရာ သံသယဝင်သွားသည်
"အဲ့ အဲ့ဒါက..."
"သူ့ဆီးတွေ" ဟာနယ် ဖြေလိုက်သည်။ မာရာလက်များ တုန်ယင်သွားသည်။ ထို့နောက် သူ ပြုံးပြီး ဘူးအဖုံးကို ပြန်ပိတ်ကာ ကော်ဖီစားပွဲပေါ်တွင် ဘူးကို တင်လိုက်သည်။
"ဟန်နီ မင်း ကိုယ့်ကို အရမ်းလွမ်းနေမှန်း ကိုယ်သိပေမဲ့ မင်းလွမ်းတာပြတဲ့ပုံက အဆန်းလေးပဲ"
"ဟီးဟီး..." ရှောင်ယန် ခြောက်ကပ်ကပ် လိုက်ရယ်လိုက်သည်။ "ဒီလိုဏ်ခေါင်းထဲမှာ သန့်စင်ခန်း မရှိဘူးလေ..."
"ဟင်း ဘော့စ်က သဘောမကောင်းချက်ပဲ၊ ကိုယ်သာဆိုရင် မင်းပြဿနာတွေ ဖြေရှင်းဖို့ မင်းနဲ့အတူ အပြင်ကို အဖော်လိုက်ပေးမှာပေါ့။ ဒါနဲ့...အပြင်မှာ ဘယ်သူမှ မရှိဘူး ဇွန်ဘီတွေလောက်ပဲ တစ်ခါတလေ ခုန် ခုန်ထွက်လာကြတာ ကိုယ်တို့နှစ်ယောက် ကြယ်တွေဆုံတဲ့ကောင်းကင်အောက်မှာ အတူတူလှဲပြီး ချစ်တင်းနှောကြ...."
ရှောင်ယန် ရုတ်တရက် ကျောချမ်းသွားပြီး နောက်သို့ ခြေနှစ်လမ်းဆုတ်လိုက်သည်။
"တော်...တော်ပါပြီ..."
တစ်ခဏကြာသောအခါ ရိဗ့်နှင့်မာ့ခ်တို့ ရောက်လာကြသည်။
ရှောင်ယန် ဘေးမသီ ရန်မခ ရှိနေသည်ကိုမြင်သောအခါ ရိဗ့် သက်ပြင်းချနိုင်သွားသည်။ ရှောင်ယန် သူတို့ရောက်လာတဲ့အထိ သည်းမခံနိုင်ဘဲ အသက်ကယ်ကေဘင်တံခါး ဖွင့်လိုက်မည်ကို သူမ စိုးရိမ်နေခဲ့သည်။
လူ ၆ ယောက်ရှိသွားသည့်အခါ ၁၀ စတုရန်းမီတာတောင်မရှိသည့်နေရာလေးသည် ပွက်လောရိုက်သွားလေသည်။ အထူးသဖြင့် ကော်ဖီစားပွဲပေါ်မှ အရည်ပုလင်းကို သောက်မိလုနီးပါးဖြစ်သွားသည့် မာ့ခ်။ ရှောင်ယန် ဘူးကို အမြန် လိုဏ်ခေါင်းအပြင်ကို ပစ်လွှတ်လိုက်သည်။
ရိဗ့်နှင့်တခြားသူများက ကော်ဖီစားပွဲကို ဝိုင်းထိုင်ကာ ဖိသိပ်ဘီစကစ်များစားရင်း နောက်လှုပ်ရှားမှုကို ဆွေးနွေးနေကြသည်။
ချားလ်စ် သို့မဟုတ် စခန်းတစ်ခုခုကို သူတို့ပြန်ရောက်ချင်လျှင် ယာဉ်ပျံတစ်စီးကို လိုအပ်သည်မှာ အသိသာကြီးပင်။ အနီးဆုံး ယာဉ်ပျံသည် ပလက်ဖောင်း ၄၇ တွင် ဖြစ်သည်။
ဆက်သွယ်ရေးစက်ပေါ်တွင် ဖွင့်ထားသည့် ဟိုလိုဂရက်ဖစ် မြေပုံအရ ပလက်ဖောင်း ၄၇ ဆီသို့ သူတို့ရှိနေရာမှ ၆နာရီခန့် လမ်းလျှောက်သွားရလိမ့်မည်။ ထိုခြောက်နာရီသည် အထူးတပ်ဖွဲ့ဝင်များ လမ်းလျှောက်သည့်နှုန်းကို ပြောသည်ဖြစ်သည်။ ရှောင်ယန့်လျှောက်နှုန်း မဟုတ်ပေ။
မနက်ဖြန်တွင် နောက်ထပ် ၆ နာရီ ထပ်ပြေးရဦးမည်ကို တွေးမိလိုက်လျှင် မိုးပြိုလာသည်ဟုပင် ရှောင်ယန် ခံစားမိသည်။
"သွားနားတော့"
ဆိုဖာပေါ်တွင်ထိုင်နေသည့် ဟာနယ်က ရုတ်တရက် ပြောချလိုက်သည်။
"အင်း အိပ်တော့ မနက်ဖြန်ကျရင်လဲ အလုပ်များဦးမှာ" မာရာ ခေါင်းလှည့်ပြီး ရှောင်ယန့်အား မျက်စိမှိတ်ပြလိုက်သည်။
ရှောင်ယန် အိပ်ရာပေါ်တွင် ငြိမ်ငြိမ်လေး လှဲနေလိုက်သည်။ အရိုးသားဆုံးပြောရလျှင် သူ ကူညီပေးနိုင်တာ ဘာမျှမရှိတော့ပေ။ သူလုပ်နိုင်သည်ဆိုလို့ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန် အတတ်နိုင်ဆုံး ကြိုးစားပေးရုံပင်။ အခင်းကို ပခုံးပေါ်ထိ မခြုံလိုက်ပြီး သူ တစ်ဖန်ပြန်အိပ်ပျော်သွားခဲ့သည်။ မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုသည်ကို တွေးပူနေလည်း အလကားပင် မဟုတ်ပါလား။
ရှောင်ယန် အိပ်တဝက် နိုးတဝက်ဖြစ်နေချိန်တွင် တခြားသောအထူးတပ်ဖွဲ့ဝင်များလည်း ရောက်လာကြသည်။ ဟာနယ်၏အထူးတပ်ဖွဲ့ဝင်အားလုံး နောက်ဆုံးတွင် ဆုံစည်းသွားခဲ့ကြ၏။
တစ်စုံတစ်ယောက်က ရှောင်ယန့်ခေါင်းနောက်ပိုင်းကို ပွတ်သပ်လာသည်။ "ဟေး ထတော့ ငါတို့တွေ သွားတော့မှာ"
ရှောင်ယန် ကိုယ်ကိုလှည့်လိုက်သည့်အခါ ကုတင်ဘေးတွင် ရိဗ့်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"ငါ နင့်ကို ကျေးဇူးတင်ဖို့မေ့နေတာ ငွေတောင်ပံတွေက ပိုပြီးသုံးလို့ကောင်းသွားတယ် လွှတ်ပြီးရင် ကောင်းကောင်းပြန်သိမ်းလို့ရတဲ့အပြင် တိုက်ခိုက်နိုင်စွမ်းကလဲ အရင်ကထက် ပိုပြီးအားပြင်းသွားတယ်"
ရှောင်ယန်တွေးထားသည့် "လမ်းလျှောက်ခြင်း"နှင့် ဟာနယ်နှင့်တခြားသူများ၏ "လမ်းလျှောက်ခြင်း"သည် လုံးဝဥဿုံ ကွာခြားနေလေသည်။
ရှောင်ယန် လိုဏ်ခေါင်းအပြင်သို့ ထွက်မိသည်နှင့်ချက်ချင်း အထူးတပ်ဖွဲ့ဝင်နှစ်ယောက် အရှိန်အပြည့်နှင့် ပြေးသွားသည်ကို မြင်လိုက်သည်။
"မာ့ခ်" ဟာနယ် သူ့မေးကို မော့ပြလိုက်သည့်အခါ မာခ့်သည် ရှောင်ယန်အား မချီလိုက်လေသည်။
"ကျွန်တော့်ကို ဒီလိုပုံမျိုးနဲ့ မသယ်ပါနဲ့၊ ကျွန်တော် သေသွားလိမ့်မယ်" ပြောင်းပြန်ပွေ့ခံရတော့မည်ကို မြင်လိုက်သည့်အခါ ရှောင်ယန် မြန်မြန်ငြင်းချလိုက်သည်။
မာ့ခ်သည် ရှောင်ယန်အား သူ့ကျောတွင် မတင်ချင်တင်ချင်နှင့် တင်ချသွားလေသည်။
သူတို့သည် အရှေ့သို့ အရှိန်အပြည့်နှင့် ချီတက်သွားကြလေသည်။ ကံကောင်းစွာဖြင့် ဒီဧရိယာသည် မြို့နှင့်အလှမ်းဝေး၍ ဇွန်ဘီများ အုပ်လိုက် ရှိမနေကြပေ။
ဇွန်ဘီတစ်ကောင် မာ့ခ်အနား ချည်းကပ်လာတိုင်း မာ့ခ်သည် မမြင်သလိုနှင့် အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားလေသည်။ မာ့ခ်ဘေးမှာရှိသည့် ရိဗ့်နှင့်မာရာတို့နှစ်ယောက်က ရောက်လာသမျှအားလုံးကို ရှင်းပစ်လိုက်ကြသည်။ ရိဗ့်စကေးသည် ပြောစရာမလိုပေ။ မာရာသည်လည်း လေထဲတွင် ပိုးမျှင်ကြိုးများကို ရှုပ်ထွေးသည့်ပုံစံများ ဖော်ဆောင်နေသည်။ သူ့လက်ကောက်ဝတ် တစ်ချက်ဆန့်လိုက်သည်နှင့် အားကြီးသည့် လယ်ဗယ် ၁ တစ်ကောင် ချက်ချင်း အပိုင်းပိုင်းပြတ်သွားလေသည်။
"ဘေဘီ မင်းကို ကိုယ့်ကျောပေါ်မှာ သယ်သွားပေးရမလား" မာရာသည် ရှောင်ယန့်အား ကလူသလို မြှူသလိုဖြင့် မျက်လုံးမှိတ်ပြလိုက်သည်။
ရှောင်ယန် ဝန်ခံရပေမည်။ မာရာ၏ ရှည်လျားသည့် အညိုရောင်ဆံပင်များက ခေါင်းနောက်တွင် ခပ်မြင့်မြင့်စီးထားသည်မှာ လူသတ်စိတ်ကိုဖော်ဆောင်နေပြီး သွက်လက်ပျော့ပျောင်းသော်လည်း အားကောင်းနေသည်က ပို၍မျက်စိကျစရာပင်။ သို့သော် ရှောင်ယန်သည် တခြားသူ၏ ဆွဲ့ညှို့မှုတွင် ကျဆင်းမသွားတော့ပေ။
"တော်ပါပြီ" ရှောင်ယန် မာခ့်ကျောတွင် မြဲမြဲလှဲနေလိုက်သည်။ မာခ့်ပခုံးများက ကျယ်ပြန့်ပြီး သူ့လက်များကလည်း ရှောင်ယန့်ခြေထောက်ကို အသာလေး မထားနိုင်သည်။ သူ့အပေါ် ဟာနယ်ချလာသည့် တာဝန်မှန်သမျှကို သူသည် လေးလေးနက်နက်နှင့် ထမ်းရွက်သွားမည်ဖြစ်သည်။
ဤကဲ့သို့အရှိန်ပြည့်ပြေးလာသည့်တစ်လျှောက်လုံးတွင် မာ့ခ်၏အသက်ရှူသံနှင့် နှလုံးခုန်နှုန်းသည် တည်ငြိမ်နေသည်ကို ရှောင်ယန်ခံစားမိသည်။
သူ့နားရွက်နား ဖြတ်သွားသည့် လေတိုးသံသည် ရှောင်ယန့်အား လန်းဆန်းသွားစေသလိုပင်။
သို့သော် ထိုကဲ့သို့သာယာမှုသည် သိပ်မကြာမြင့်လိုက်ပေ။
ဒီရေလှိုင်းလေယာဉ်တစ်စီးသည် သူတို့အား မြင်သွားပြီးနောက် လေဆာဒုံးကျည်များပစ်ချလိုက်ရာ သူတို့အနားတစ်ဝိုက်တွင် ပေါက်ကွဲသွားကြသည်။
မာ့ခ်လဲကျသွားသည့်အခါ ရှောင်ယန် သူ့ပခုံးပေါ်မှ ပြုတ်ကျသွားလေသည်။ သူခေါင်း ရွှံထဲကျသွားတော့မည်အချိန်တွင် တစ်ယောက်ကို သူ့ကို ဆွဲထားလိုက်သည်။
ဟာနယ် ဖြစ်သည်။ သူသည် သေနတ်ကို သေသပ်စွာဖြင့် တပ်ဆင်လိုက်ပြီး မာရာ့အား ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက်ကြားက စကားပြောစရာမလိုဘဲ နားလည်နေမှုကို ရှောင်ယန် ခံစားမိသည်။
မာရာပြေးသည့်အရှိန်သည် အံ့အားသင့်စရာ ကောင်းလှသည်။ သူသည် ပြေးနေရင်းနှင့် သေနတ်ကို အမြန်တပ်ဆင်လိုက်သည်။ ရုတ်တရက် သူ လှည့်ချလိုက်ပြီး ပစ်ခတ်လိုက်သည်။ ပထမတစ်ချက်သည် ရန်သူ့လေယာဉ်၏ ဘယ်ဘက်အင်ဂျင်အကာကို ထိမှန်သွားပြီး ကျည်ဆန် ပြန်လွင့်ထွက်သွားသည်။ လေယာဉ်သည် မာရာ့အား အန္တရာယ်ဟု မြင်ပြီး သူ့အား အဦးဆုံးပစ်မှတ်ဟု သတ်မှတ်လိုက်သည်။ အထူးတပ်ဖွဲ့ဝင်များ၏သေနတ်များသည် ထိုးဖောက်နိုင်စွမ်းပြင်းထန်ပြီး သိပ်သည်းဆများသည့်တိုက်တေးနီယမ်ကိုပင် ထိုးဖောက်နိုင်ကြလေသည်။ သို့သော် လေယာဉ်အနိမ့်ပြန်နေစဉ် လေယာဉ်ကို ပစ်ချခြင်းကဲ့သို့ ခက်ခဲသောလုပ်ဆောင်မှုမျိုးကို အထူးတပ်ဖွဲ့ဝင်များသာလျှင် လုပ်ဆောင်နိုင်ကြသည်။
စာရေးဆရာ၏မှတ်စု
ဝဝကစ်ကစ် သခွားမွှေး : ရယ်စရာ မကောင်းဘူးလား။ ရှောင်ယန့် သူ့ “ခါကြက်ဥ” လေးကို ဘူးထဲထည့်နေတာကို မြင်ယောင်ကြည့်လိုက်။ အဲဒါက ဆေးရည်စိမ်ထားတဲ့ အင်္ဂါနဲ့ တူတယ်လို့ မထင်မိဘူးလား။ ဟားဟားဟားဟားဟား