အပိုင်း ၆
သူ့ကို နမ်းလိုက်တာက ပိုကောင်းတယ်
ပျက်ကျလာသည့် လေယာဉ်သည် အသံများ ခဏမြည်နေသေးသည်။ ထို့နောက်တွင် အလိုလို ရပ်သွားလေ၏။ ဟာနယ်နှင့်ရိဗ်တို့သည် နောက်ခန်းတံခါးအရှေ့၌ လက်နက်များကိုင်ဆောင်ထားလျက် ရပ်နေကြသည်။ တံခါးက ဘယ်သူပဲထွက်လာလာ ပစ်ရန် အသင့်ပင်။ နောက်ခန်းတံခါး ပွင့်သွားသည့်အခါ အစုလိုက် အပြုံလိုက်ထွက်လာသည့် မရေမတွက်နိုင်သော ဇွန်ဘီများကြောင့် သူတို့ အံ့အားသင့်သွားသည်။
"ဟာကွာ ----"
မာ့ခ် သူ၏ဓားတိုများကို ထုတ်ယူကာ စတင်သတ်ဖြတ်လေတော့သည်။ တိုးညှင်းသည့်အော်ဟစ်သံတစ်ခုနှင့်အတူ ဇွန်ဘီးတချို့ ရှောင်ယန်ရှိရာသို့ ပြေးလာနေကြသည်။ "ထပြီး မြန်မြန်ပြေးတော့" ရိဗ့် ရှောင်ယန့်ကို အော်ပြောလိုက်သည်။ မျက်စိရှေ့တွင် သေမင်းရောက်လာသောအခါ ဘယ်ကနေ ခွန်အားများ ရလာသည်မသိ။ ရှောင်ယန် ဘူးအလေးကြီးကို သူ့ဘယ်ဘက်လက်နှင့်ကိုင်ကာ သူ့အရှေ့ရှိ ဇွန်ဘီမျက်နှာသို့ ပစ်ပေါက်လိုက်သည်။ အက်ကွဲသံတစ်ခုနှင့်အတူ ဇွန်ဘီ၏ ဦးနှောက်အတွင်းမှ အရည်များ ဦးခေါင်းခွံမှ ပေါက်ထွက်လာသည်။ သို့သော် နောက်တစ်စက္ကန့်တွင် နောက်ဇွန်ဘီတစ်ကောင်က သူ့မျက်နှာရှေ့ ရောက်လာပြန်သည်။ ရှောင်ယန့်တွင် လက်နက်လည်း မရှိတော့ပါ။ ပြန်တိုက်နိုင်စွမ်းလည်း မရှိတော့ချေ။ သူလုပ်နိုင်သည်ဆိုလို့ ပါးစပ်များ ပြဲနေအောင် ဖြဲကားထားပြီး သွားဝါကျစ်ကျစ်များပေါ်နေသည့် ဇွန်ဘီကို စိုက်ကြည့်နေရုံပင်။ ရှောင်ယန် မျက်လုံးပိတ်ကာ သူ့ကံကြမ္မာကို လက်ခံလိုက်တော့မည်အချိန်တွင် ဇွန်ဘီ၏ ဖြဲထားသည့်ပါးစပ်မှ ဓားတစ်ချောင်း စိုက်ဝင်လာပြီး ရှောင်ယန်နှာခေါင်းထိပ်နှင့် ထိရန် ၁ စင်တီမီတာလောက်အလိုတွင် ရပ်တန့်သွားလေသည်။ သူ့နှလုံး ရပ်သွားလုမတတ်ပင်။ ဓားကို ပြန်ဆွဲထုတ်လိုက်သည့်အသံက ရှောင်ယန့်အာရုံကြောများအထဲထိ စူးဝင်သွား၏။ ဇွန်ဘီသည် မြေကြီးပေါ်တွင် သေလျက် လဲကျသွားသည်။ အမှောင်ထုသည် ပိုင်းဖြတ်ခံလိုက်ရပြီး ရှောင်ယန့်အမြင်အာရုံ၏အဆုံးတွင် ဟာနယ်၏ လူမထင်သည့် မျက်နှာ ရှိနေလေသည်။ ဒီလူသည် ရှောင်ယန့်အတွေးများ၏ အနက်ပိုင်းအထိ တွန့်ဆုတ်ခြင်းမရှိစွာ ဝင်ရောက်လာပြီး အားလုံးကို အနိုင်ပိုင်းသွားခဲ့သည်။ ရှောင်ယန် သူ့ကို ဩသာချနိုင်တော့၏။ ဟာနယ်၏အနောက်တွင် ဇွန်ဘီအလောင်းများ တစ်ပုံကြီး ရှိနေသည်။ တစ်မိနစ်တောင် မကုန်ဆုံးသေးပါ။ လေယာဉ်မှ စုပြုံထွက်လာသည့် ဇွန်ဘီးများ အားလုံး ရှင်းလင်းသွားပြီ ဖြစ်သည်။ မာ့ခ်သည် လေယာဉ်ခေါင်းပိုင်းတံခါးကို ပိတ်ကန်ဖွင့်လိုက်ရင်း လှမ်းအော်ပြောလိုက်သည်။
"ဘော့စ် -----"
ဟာနယ် ပြန်လှည့်သွားပြီး မျက်လုံးများကို မှေးစင်းချလိုက်သည်။ ရှောင်ယန်က သူ့အတွက် ဘာမျှမဟုတ်သကဲ့သို့ပင်။ ဒီရေလှိုင်း အဖွဲ့အစည်းမှ လေယာဉ်မှူး ၂ ယောက်သည် သူတို့ကိုယ်သူတို့ သတ်သေသွားကြသည်။ "ရှောင်ယန် နင် အဆင်ပြေရဲ့လား" ရိဗ့် ရှောင်ယန်ရှိရာသို့ ပြေးလာသည်။ သွေးမရှိတော့သည့် သူ့မျက်နှာကို ကြည့်ရုံဖြင့် သူ့ဒဏ်ရာတွေက ပေါ့သေးသေး မဟုတ်ဘူးဆိုသည်ကို သူမသိနေသည်။ ".... ခေါင်းဆောင်ဝှိုက် ဘယ်မှာလဲ" ရုတ်ချည်းအတိုက်ခံရသည့်အချိန်မှစပြီး ရှောင်ယန် ခေါင်းဆောင်ဝှိုက်ကို မမြင်မိသေးပေ။ ရိဗ့် နှုတ်ခမ်းများ ဟသွားပြီး နံဘေးသို့ ကြည့်လိုက်သည်။ ရှောင်ယန် သူမအကြည့်နောက်သို့ လိုက်ကြည့်လိုက်သည့်အခါ မျက်နှာမှာ သွေးများပေကျံလျက် သစ်ပင်အောက်တွင် လဲလျောင်းနေသည့် ခေါင်းဆောင်ဝှိုက်ကို မြင်မိသည်။ သူ့ပခုံးကို ဆုပ်ကိုင်ရင်း သစ်ပင်ရှိရာသို့ ရှောင်ယန် ထော့နဲ့ ထော့နဲ့နှင့် လျှောက်သွားလေ၏။ ထိုအခါမှ ကျည်ဆန်တစ်လုံး ခေါင်းဆောင်ဝှိုက်၏ဦးနှောက်အတွင်းသို့ ထိုးဖောက်သွားသည်ကို သူ တွေ့လိုက်ရသည်။ ခေါင်းဆောင်ဝှိုက်၏လည်ပင်းပေါ်သို့ သူ လက်တင်ပြီး စမ်းကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ပူနွေးနေသေးသော်လည်း နှလုံးခုန်နှုန်းမှာတော့ ရပ်တန့်သွားခဲ့ပြီ။ ရှောင်ယန် ခေါင်းကို ငုံ့ချလိုက်မိသည်။ ငိုသံများ သူ့လည်မျိုတွင် နင့်သီးသွားသည်။ သူ့မျက်စိရှေ့တွင် သူ့အဖော်တစ်ယောက် သေဆုံးသွားသည်ကို ပထမဆုံးတွေ့ကြုံလိုက်ခြင်း ဖြစ်သည်။ ချားလ်စ်တွင် မိုးလုံလေလုံ ကြီးပြင်းလာခဲ့ရသည့် ရှောင်ယန်တစ်ယောက် ယခုအခါ ထူးခြားသည့်သွေးအနံ့ကို ရှူရှိုက်သွားမိတော့သည်။ သံချေးကဲ့သို့ အနံ့မျိုးရှိပြီး သူ့လက်ထဲတွင် နွေးသွားပါသော်လည်း သူ့စိတ်အနက်ပိုင်းထဲတွင် အရိုးထိခိုက်သည့် အေးစက်မှုမျိုးကို ခံစားလိုက်ရသည်။
"ရှောင်ယန် ငါတို့တွေ စခန်း ၁၄ ကို အခုချက်ချင်း အပြေးသွားရမယ်"
"အင်း" ရှောင်ယန် ခေါင်းညိတ်ပြလိုက်သည်။
"ငါတို့မှာ ပြန်ပို့စရာ ယူရေနီယမ်ကုန်ကြမ်းတွေလဲ ရှိနေသေးတယ် မြန်မြန်ရောက်လေ ကောင်းလေပဲ... အဲဒါကြောင့်..."
"အဲဒါကြောင့် ငါတို့တွေ သူ့ခန္ဓာကိုယ်ကို ဒီမှာပဲ ထားရစ်ခဲ့ရမယ်"
ရှောင်ယန် ခေါင်းဆောင်ဝှိုက်ဆီမှဘူးကို ယူကာ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လိုက်သည်။
"ရိဗ့် သွားကြစို့"
သူက သေသွားပြီ။ သေပြီးမှ လုပ်ပေးတာများသည် အပေါ်ယံသကာလောင်းရုံပဲ ရှိမည်။ သို့သော် သူတို့လက်ထဲရှိ ယူရေနီယမ်ကုန်ကြမ်းများသည် ချားလ်စ်အတွက် အလွန်ပင် အဖိုးတန်လှလေသည်။
ရှောင်ယန် ခေါင်းဆောင်ဝှိုက်၏ခန္ဓာကိုယ်ကို အလေးပြုလိုက်သည်။ သူနောက်လှည့်လိုက်သည့်အခါ ဟာနယ်သည် သူ့လက်ချောင်းများကို တင်းကြပ်ကာ မျက်ခုံးအထိ လက်ကိုမြှောက်ထားသည်ကို မြင်လိုက်ရသည်။ သူ့လက်ကို ချလိုက်သည့်အချိန်တွင် အတိတ်များကို ဖြတ်တောက်လိုက်သကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် အထူးတလည်လည်း လေးနက်နေခဲ့သည်။ မာ့ခ်နှင့်ရိဗ့်သည်လည်း တစ်ပုံစံတည်း လုပ်ဆောင်ခဲ့ကြ၏။ အထူးတာဝန်တပ်ဖွဲ့မှလူများ ဘယ်လောက်ပင် နည်းပညာစစ်သားများကို ရှုံ့ချပါစေ။ အသက်ဆုံးရှုံးသွားခဲ့ရသည့် သူတို့၏ရဲဘော်အားလုံးကို နှစ်နှစ်ကာကာ လေးစားကြသည်။
"သွားစို့"
ရိဗ့် ရှောင်ယန်လက်ထဲမှ ဘူးကို ယူလိုက်သည်။ ရှောင်ယန် သူတို့နောက်မှ ပင်ပန်းကြီးစွာ လိုက်ပါသွားလေသည်။ ရိဗ့်သည် ရှောင်ယန် ရုတ်တရက် လဲကျသွားမည်ကို စိုးရိမ်သဖြင့် အနောက်သို့ ခဏ ခဏ ပြန်လှည့်ကြည့်သည်။
"ဟေး ရိဗ့် ---- နင် သူ့ကို အဲဒီလောက်တောင် စိုးရိမ်နေရင်လဲ သူ့ကို နမ်းလိုက်ပါတော့လား"
မာ့ခ်သည် နောက်ပြောင်သည့်သဘောဖြင့် အော်ဟစ်လိုက်သော်လည်း သူ့အမူအရာကမူ တည်တံ့နေသည်။ အထူးတာဝန်တပ်ဖွဲ့ဝင်စစ်သားတိုင်းသည် X ဗိုင်းရပ်စ် ထိုးနှံထားကြရသည်။ ထိုမှတစ်ဆင့် သူတို့၏လူမဆန်သော ရွေ့လျားနိုင်စွမ်းများနှင့် ပြန်လည်ကုသနိုင်စွမ်းများ ဆင်းသက်လာခြင်း ဖြစ်သည်။ ရိဗ့်ခန္ဓာကိုယ်ထဲတွင် စုပ်ယူထားပြီးသည့်နောက် ပုံတူပွားနိုင်စွမ်း ဆုံးရှုံးသွားသည့် X ဗိုင်းရပ်စ်သည် ရှောင်ယန် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ကာ သူ့ခန္ဓာကိုယ်၏ ကုသနိုင်စွမ်းကို ယာယီမြှင့်တင်ပေးနိုင်ရန်အတွက် အနမ်းတစ်ခုနှင့်တင် လုံလောက်လေသည်။ ရိဗ့် သက်ပြင်းချလိုက်ကာ ရှောင်ယန့်ရှေ့သို့ ရောက်လာသည်။ သူမ ဘူးများကိုချလိုက်ကာ ရှောင်ယန့်မေးရိုးကို ကိုင်မည်အလုပ်တွင် လူတစ်ယောက် ရှောင်ယန့်ဘေးသို့ ရောက်လာပြီး သူ့အား ပခုံးပေါ်ထမ်းသွားလေသည်။ လှုပ်ရှားမှုမှာ သေသပ်ကာ ငြင်းဆိုနိုင်ခွင့် မရှိပေ။
"အား ----"
ရုတ်တရက် လှုပ်ရှားမှုကြောင့် နာကျင်လွန်း၍ ရှောင်ယန် သတိတောင် လစ်ချင်သွားသည်။
"ဘော့စ်----"
ရိဗ့် အံ့အားသင့်စွာနှင့် ခေါ်လိုက်မိသည်။ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေသည့် မာ့ခ်သည်လည်း သူ့တံတွေးနှင့်သူ သီးသွားတော့မည့်ရုပ်မျိုး ဖြစ်နေသည်။ ထိုအခါမှ သူ့ကို သယ်ထားသူမှာ ဟာနယ် ဘာတွန် ဖြစ်သည်ကို ရှောင်ယန် သိသွားသည်။ သူသည် လက်တစ်ဖက်ဆီတွင် ဘူးတစ်ဘူးဆီကိုင်ကာ ခြေလှမ်းမှန်မှန်နှင့် ဆက်သွားနေလေသည်။ ရှောင်ယန်ကတော့မူ အရှင်လတ်လတ်နှင့် ငရဲကျနေသလိုပင်။ ဗိုက်ထဲမှ ပျို့အန်ချင်လာသည်။ ခြေလှမ်းတစ်ခုလှမ်းတိုင်း လိုက်ပါလွှဲရမ်းနေသောလက်သည် ကျိုးသွားသည့်ပခုံးကို ဆောင့်ဆွဲနေသကဲ့သို့ပင်။ ကြွက်သားအထဲသို့ အရိုးများ စူးနှစ်သွားသည့်ခံစားချက်သည် သူ့သွားများကို တစက်စက်တုန်စေသည်။ မိနစ်တိုင်း စက္ကန့်တိုင်းသည် ညှင်းပန်းနှိပ်စက်မှုသာပင်။ ရိဗ့်သည် ရှောင်ယန့်ကို သနားစွာ ကြည့်လိုက်သော်လည်း သူမလည်း ဘာမျှ မတတ်နိုင်ပေ။ နောက်ဆုံးတွင် မခံမရပ်နိုင်သော နာကျင်မှုကြောင့် ရှောင်ယန် သတိလစ်သွားသည်။ ရှောင်ယန် အသိပြန်လည်လာချိန်တွင် ကိုယ်အလေးချိန်မရှိတော့သည့် ခံစားမှုမျိုးကို ခံစားလိုက်ရသည်။ သူ၏ကြေမွနေသောပခုံးက မျက်နှာပြင်တစ်ခုကို ထိလိုက်ချိန်တွင် သူ့မျက်လုံးများ ချက်ချင်း ပွင့်သွားသည်။ သူ့ကိုယ်သူ ဖြတ်လမ်းတစ်ခုတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ စူးနေအောင်ထွန်းထားသည့် အလင်းများသည် သူ့ဦးနှောက်ကို လှုံ့ဆော်နေသလိုပင်။ ဆရာဝန်များနှင့် ဆေးဝန်ထမ်းများက သူ့ကို ဝိုင်းရံလိုက်ပြီး ခွဲစိတ်ကုတင်ပေါ်သို့ မတင်လိုက်သည်။ ဘေးကိုကြည့်လိုက်သည့်အခါ ဟာနယ် အခန်းမှ ထွက်သွားသည်ကို လှမ်းမြင်ရလိုက်သည်။ ရှောင်ယန်က စာဖွဲ့ပြောစရာမလိုလောက်သည့် ပုရွက်ဆိတ်တစ်ကောင်လောက်သာ ရှိသည်။ အချိန်တန်လျှင် ဆွေးမြေ့ပြီး သူ့ခြေဖဝါးက မြေကြီးဖြစ်သွားမည့်သူဆိုသောပုံစံမျိုးဖြင့် သူ့အား အထင်သေး အမြင်သေးနှင့် အပေါ်မှ ငုံ့မိုးကြည့်နေဆဲပင်။ ရှောင်ယန်၏ ညာဘက် ညှပ်ရိုးနှင့် ပခုံးရိုးတို့သည် တစ်စဆီ ကြေမွသွားသလောက်နီးပါးရှိသည်။ ဟာနယ်သည် သူ့ကို အပေါ်သို့ လှမ်းခုန်ရန်အတွက်သာ သုံးခဲ့ခြင်းမဟုတ်ဘဲ မမျှော်လင့်ဘဲဖြစ်သွားသည့် ထိုအနမ်းကို လက်စားပြန်ချေလိုက်တာဟု သူ သံသယဝင်မိသည်။ သို့သော် လေယာဉ်ထဲတွင်နေရစ်ရန် ဆုံးဖြတ်ခဲ့ကြသည့် ကျောင်းသားအားလုံးကို ဒီရေလှိုင်း အဖွဲ့အစည်းမှ သတ်ပစ်လိုက်သည်ဟူသော သတင်းကို ကြားသောအခါ ရှောင်ယန် ကံကောင်းသွားသည်ဟု တိတ်တိတ်လေး ခံစားလိုက်မိသည်။ အနည်းဆုံးတော့ သူ အသက်ရှင်နေသေးသည်။ ဘဝသည် ရွေးချယ်မှုများဖြင့် ပြည့်နှက်နေသည်။ ဒီတစ်ခေါက် သူ့ရွေးချယ်မှုသည် စွန့်စားရာကျသော်လည်း အမြော်အမြင်လည်း ရှိသည်။ ရှောင်ယန့်ဦးနှောက်၏ အရည်အချင်းအရှိဆုံးအပိုင်းသည် သူကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးများအားလုံးကို စစ်ထုတ်နိုင်လိုက်ခြင်းပင် ဖြစ်သည်။ တခြားသူများဆိုလျှင် အိပ်ပျက်ညဖြစ်ပေမဲ့ သူကတော့ မိနစ်ဝက်တောင်မကြာ အိပ်ပျော်သွားလေသည်။
အခုခေတ် ဆေးဘက်ဆိုင်ရာ နည်းပညာသည် အလွန်အမင်း အဆင့်မြင့်သည်။ ခြေလက်များ ကျိုးကာ ခန္ဓာကိုယ်မှ ပြတ်တောက်သွားလျှင်တောင် အာရုံကြောပြန်လည်ဆက်သွယ်မှု လုပ်ဆောင်ကာ ပြန်ဆက်၍ ရသည်။ ထို့ကြောင့် ရှောင်ယန်၏ တစ်စစီ ကြေမွမှုသည် ခွဲစိတ်မှု အသေးစားဟု ဆိုရမည်။ ၃ ရက် အကြာတွင် ရှောင်ယန့်ပခုံး အကောင်းပကတိ ပြန်ဖြစ်သွားသည်။ ဒီရက်ပိုင်း သူ အိပ်ရာပေါ် လဲနေချိန်တွင် စခန်း ၁၄ ကိုလိုနယ် ဗိုလ်ချုပ် ရေဗန် နှင့် ဟာနယ် ဘာတွန်အကြားက ကောလဟလများကို သူ ကြားလိုက်ရသေးသည်။ အဆင့် ဘီ အလုပ်သင် ၁၂ ယောက်ကို ကယ်ဆယ်ရန် ဟာနယ် ကိုယ်တိုင် သွားခဲ့သည်။ သို့သော် သူတို့ကို မကယ်တင်နိုင်ခဲ့သည့်အပြင် အသင်းထဲရှိ တစ်ဦးတည်း အရာရှိဖြစ်သည့် ခေါင်းဆောင်ဝှိုက်ကိုပါ ကာကွယ်မပေးနိုင်ခဲ့ပေ။ ထိုကျောင်းသားများ သေဆုံးမှုသည် သူတို့အသက်ကို အရေးတယူမလုပ်သည့် အထူးတပ်ဖွဲ့ဝင်များ၏ ပေါ့ဆမှုကြောင့်ဟု ယုံကြည်ကြကာ ဖြစ်ရပ်သည် စခန်း ၁၄ မှ လူများအကြားတွင် ဆွေးနွေးစရာကိစ္စဖြစ်လာသည်။ လက်တွေ့တွင် ဟာနယ်သည် ဒီရေလှိုင်းအဖွဲ့အစည်း၏ တိုက်ခိုက်မှုအောက်မှ အောင်မြင်စွာ ချိုးဖောက်လာနိုင်ပြီး ယူရေနီယမ်ကုန်ကြမ်းများကို စခန်းသို့ အောင်မြင်စွာ ပြန်လည် သယ်ယူလာနိုင်ခဲ့သည်။ ရှောင်ယန်နှင့်တခြားသူများကို ကယ်ဆယ်ရမည့် မစ်ရှင်မှာ ရှောင်တခင် ထုတ်ပြန်ခံရခြင်းသာဖြစ်သည်။ စစ်တပ်စည်းကမ်းကွပ်ကဲရေးဌာနတွင် တိုင်ချက်သွားဖွင့်လျှင်တောင် မည်သူက ဟာနယ် ဘာတွန်ကို စစ်ဆေးပါမည်လဲ။ တိုက်တိုက်ဆိုင်ဆိုင် ကိုလိုနယ်ဗိုလ်ချုပ် ရေဗန်၏ လက်ထောက် ကပ္ပတိန် ဝေလ် သည် ခေါင်းဆောင်ဝှိုက်၏ အစ်ကိုဝမ်းကွဲ ဖြစ်နေသည်။ သူ့ညီဝမ်းကွဲ သေဆုံးမှုသည် ဝေလ့်အတွက် လက်မခံနိုင်စရာ အဖြစ်ဆိုးပင်။ ထို့ကြောင့် သူသည် ချားလ်စ်ဆီသို့ ပြင်းထန်သည့် တိုင်ချက်တစ်ခု တင်ပို့ခဲ့သည်။ ကပ်ဘေးမှ လွတ်မြောက်ခဲ့သည် ရှောင်ယန်ကတော့မူ ထိုပဋိပက္ခများကို တစ်စက်ကလေးမျှ စိတ်မဝင်စားပေ။ သူ့သုတေသနအဖွဲ့တွင် သူတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သဖြင့် စခန်း ၁၄ ၏ ဗိုလ်ချုပ်သည် သူ့အား တခြားအသင်းတစ်ခုတွင် တာဝန်ချပေးထားသည်။ ယခု သူသည် စခန်းတွင် ကျန်ရှိနေသေးသည့် နေ့ရက်များကို ငြိမ်းချမ်းစွာဖြတ်သန်းပြီး ချားလ်စ်ကိုသာ အမြန်ပြန်ချင်နေတော့သည်။ ရှောင်ယန် အိပ်ရာပေါ်တွင်လှဲကာ သီချင်းနားထောင်နေချိန်တွင် ကိုလိုနယ်ဗိုလ်ချုပ် ရေဗန်ဆီမှ အုပ်ချုပ်ရေးစင်တာဆီသို့ လာရောက်ကာ နောက်ပိုင်း အစီရင်ခံစာ တင်ပြရန် အမိန့်ကျလာခဲ့သည်။ ဟာ မဖြစ်တော့ဘူး ... ရှောင်ယန် ခေါင်းကို လက်ဖြင့် စိတ်ညစ်စွာ ဆုပ်ကိုင်လိုက်သည်။ "ဟာ မဖြစ်တော့ဘူး ပြဿနာ စပြီ" သူ့ယူနီဖောင်းကို တစ်ချက်သပ်လိုက်ကာ ကိုယ်ကိုမတ်လိုက်ပြီး အတွင်းရေးမှူးနောက်မှနေ၍ ကိုလိုနယ်ဗိုလ်ချုပ် ရေဗန်၏ ရုံးခန်းသို့ ဝင်သွားခဲ့လေသည်။ ကိုလိုနယ် ဗိုလ်ချုပ် ရေဗန်သည် အသက် ၃၀ နှောင်းပိုင်းရှိသည့် ယောကျ်ားတစ်ယောက်ဖြစ်ပုံရသည်။ သူ့တွင် အထူးတလည် အောင်မြင်မှုမျိုး မရှိပါ။ သို့သော် ဤစခန်းဟောင်းကို နှစ်ပေါင်းများစွာ ခုခံထိန်းသိမ်းထားနိုင်သည့် အရည်အချင်းက သူသည် သမာဓိရှိပြီး လေးစားထိုက်သူဖြစ်ကြောင်း သက်သေပြနေသည်။ အနုစိတ် ခြယ်မှုန်းထားသည့် လက်ဖက်ရည်ခွက်တစ်ခွက် သူ့ရှေ့ချလာသည်။ အငွေ့များက တထောင်းထောင်းနှင့်။ ရှောင်ယန် သူ့အား အလေးပြုလိုက်သည့်အခါ သူက ခေါင်းတစ်ချက် ပြန်ညိမ့်ပြပြီး သူ့လက်ဖက်ရည်ကို အရသာခံနေလေသည်။ သူ့ဘေးတွင်ရပ်နေသည်မှာ သူ့လက်ထောက် ကပ္ပတိန် ဝေလ်။
"လေယာဉ်ကနေ စွန့်ခွာပြီး ငါ့စခန်းဆီ အထူးတပ်ဖွဲ့တွေနဲ့အတူ ခြေကျင်လျှောက်လာဖို့ ဘာက မင်းကို ရွေးချယ်စေခဲ့တာလဲ"
အာလာပ သလာပ ပင်မပြောဘဲ ကိုလိုနယ် ဗိုလ်ချုပ် ရေဗန်သည် မေးခွန်းကို တည့်တိုးမေးလေသည်။ သူ့မျက်လုံးမျိုးက သူ ရှောင်ယန့်ထံမှ တိကျသည့်အဖြေတစ်ခုကို လိုချင်သည်ဟု ပြောနေသလိုပင်။
"ဘာလို့လဲဆိုတော့ အဲဒီတုန်းက ကျွန်တော် အထူးတာဝန်တပ်ဖွဲ့ရဲ့ ဝေဖန်သုံးသပ်ချက်ကို သဘောတူလို့ပါ"
"ဝေဖန်သုံးသပ်ချက်တဲ့လား အဲဒီတုန်းက အခြေအနေက ဘယ်လောက်တောင် အန္တရာယ်ကြီးနေလို့လဲ စခန်းကနေ ထွက်ခွာရင် နံရံထူတဲ့ လေယာဉ်က အပြင်လောကထက် ပိုပြီးဘေးကင်းတယ်ဆိုတာကို မင်း မသိဘူးလား"
ရှောင်ယန် ပျင်းရိလေးလံနေမှုများကို ခါချလိုက်သည်။ ဒီတစ်ချိန်လုံး အထူးတပ်ဖွဲ့နှင့် ဗဟိုသိပ္ပံအကယ်ဒမီ တစ်ယောက်နှင့်တစ်ယောက် ကြည့်မရသည်ကို သူ သိထားသည်။ နည်းပညာ စစ်သားများသည် စစ်လေ့ကျင့်ရေးလုပ်စရာလည်း မလိုအပ် တချို့ဆို တစ်သက်လုံး ဇွန်ဘီတစ်ကောင် မမြင်ဖူးဘဲနဲ့တောင် အလျင်အမြန် ရာထူးတိုးသွားသည်ကို အထူးတပ်ဖွဲ့စစ်သားများသည်လည်း မကျေနပ်ပေ။ တစ်ခြားတစ်ဖက်တွင်လည်း နည်းပညာစစ်သားအများစုသည်လည်း အထူးတပ်ဖွဲ့စစ်သားများကို အထင်မြင်သေးကာ သူတို့အား ဇွန်ဘီသတ်သမားများထက် ပို၍မတွေးပေ။ သူတို့၏ အနာဂတ်သည် နည်းပညာစစ်သားများနှင့် လားလားမျှ မတူပေ။ သို့သော် ထိုအရာများအားလုံးသည် ရှောင်ယန်နှင့် ဘာမျှ မဆိုင်ပေ။ ဘယ်ယူနစ်ကပဲဖြစ်ဖြစ် ဘယ်အဆင့်ပဲရှိရှိ တာဝန်ကျေပွန်သော စစ်သားအားလုံးကို ရှောင်ယန် နှလုံးသားထဲမှနေ လေးစားမိသည်။ အခုတွင်မူ အထူးတပ်ဖွဲ့နှင့် အကယ်ဒမီကြားက နိုင်ငံရေး ပဋိပက္ခတွင် ရှောင်ယန် မပါဝင်ချင်ပေ။
"ကိုလိုနယ်ဗိုလ်ချုပ်ခင်ဗျာ အဲဒီတုန်းက ကျွန်တော်တို့ရဲ့ ရိက္ခာဖြည့် ပလက်ဖောင်းကလည်း ဒီရေလှိုင်းအဖွဲ့အစည်း သိမ်းပိုက်ထားတာကို ခံနေရတာပါ။ သူတို့က ကျွန်တော်တို့လေယာဉ်ကို ပစ်မှတ်သိ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ရှင်းထုတ်နိုင်လိုက်တဲ့အချိန်မှာ လေယာဉ်က အင်ဂျင်စက် အပူလွန်သွားလို့ မဆင်းမဖြစ် ဆင်းခဲ့ရပါတယ်။ သူတို့ရဲ့ ဦးတည်ချက်က ယူရေနီယမ်တွေလို့ ကျွန်တော်တို့ ယုံကြည်မိတယ်။ စခန်း ၁၄ က ကယ်ဆယ်ရေးအဖွဲ့က ဒီရေလှိုင်းအဖွဲ့အစည်းထက် စောရောက်မလာခဲ့ရင် ယူရေနီယမ်ကုန်ကြမ်းတွေ ဆုံးရှုံးလိုက်ရတာတင် မဟုတ်ဘူး ကျွန်တော်တို့အားလုံးလည်း အသတ်ခံလိုက်ရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုလိုနယ် ဟာနယ် ဘာတွန်က ယူရေနီယမ်တွေကို ယူပြီး စခန်းကို လမ်းလျှောက်လာဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ကိုယ်ပိုင်ဆန်းစစ်ချက်အရလည်း သူ့ရဲ့ဆုံးဖြတ်ချက်က လေယာဉ်ထဲမှာ ကျန်နေခဲ့တာထက် ပိုပြီး အမြော်အမြင်ရှိတဲ့ ရွေးချယ်မှုလို့ ကောက်ချက်ချမိလို့ပါ" ကိုလိုနယ်ဗိုလ်ချုပ် ရေဗန်သည် သူ့ရင်ဘတ်တွင် လက်မောင်းပိုက်ထားကာ ရှောင်ယန့်အား အေးစက်စွာ ကြည့်လေသည်။ ရှောင်ယန် တုန်လှုပ်မသွားပါ၊ သူ့မျက်နှာ တစ်ချက်ကလေးတောင် ပြောင်းမသွားခဲ့ပေ။ အဆုံးတွင် ကိုလိုနယ်ဗိုလ်ချုပ် ရေဗန်ဘေးမှ လက်ထောက်သည် စိတ်မရှည်တော့ဘဲ ရှောင်ယန့်အား ကော်လာမှ ဆွဲကိုင်လေသည်။
"မင်း လိမ်နေတာပဲ။ မင်းတို့အဖွဲ့ထဲမှာ အသက်ရှင်လျက်ကျန်ရစ်တာဆိုလို့ မင်းတစ်ယောက်ပဲရှိတယ်။ ဟာနယ် ဘာတွန်ပဲ။ သူက နည်းပညာ စစ်သားတွေရဲ့ အသက်ကို အရေးတယူမလုပ်လို့ ဒီလိုမျိုးတွေ ဖြစ်လာရတာ"
သူ့မျက်လုံးများသည် နီရဲနေသည်။ သူသည် ဒေါသတကြီးနှင့် အံကြိတ်နေသည်မှာ ရှောင်ယန့်အား အရှင်လတ်လတ် စားပစ်တော့မလိုပင်။
"တောင်းပန်ပါတယ် ကပ္ပတိန် ကျွန်တော်ပြောသွားတာတွေက အမှန်တွေချည်းပါပဲ"
"အမှန်တဲ့လား ဘာကို အမှန်လဲ။ ဟာနယ် ဘာတွန်ပြောတော့ သူ ယူရေနီယမ်ကုန်ကြမ်းတွေကို စခန်းကို သယ်လာတုန်းက ဝှိုက်က မင်းတို့နဲ့အတူ ရှိနေခဲ့တယ်ဆို။ ဟာနယ် ဘာတွန်က နည်းပညာ စစ်သား ၂ ယောက်ကလေးကိုတောင် မကာကွယ်နိုင်ဘူးလို့ မင်းက ငါ့ကို ပြောချင်တာလား။ ဒါက တာဝန်ပေါ့လျော့တာပဲ။ သူက အစကတည်းက ဝှိုက်ကို ရှင်လျက်နဲ့ပြန်ခေါ်လာဖို့ စိတ်ကူးမရှိခဲ့တာ"
ရှောင်ယန် လက်ထောက်၏ မျက်နှာအသွင်အပြင်ကို စိုက်ကြည့်လိုက်သည့်အခါ သူသည် ခေါင်းဆောင်ဝှိုက်နှင့် အနည်းငယ်ဆင်တူနေသည်ကို တွေ့လိုက်ရသည်။ ကပ္ပတိန်ဝေလ် နှင့် ကပ္ပတိန်ဝှိုက်တို့သည် ဝမ်းကွဲတွေဟူသော ကောလဟလသည် အမှန်ဖြစ်လောက်မည်။
"ဝေလ် သူက ကျောင်းသားပဲရှိသေးတယ် စစ်သား မဟုတ်သေးဘူး"
ကိုလိုနယ်ဗိုလ်ချုပ် ရေဗန် မျက်မှောင်ကြုံ့သွားသည်။ နောက်ဆုံးတွင် ကပ္ပတိန်ဝေလ် ရှောင်ယန်၏ကော်လာကို လွှတ်ချလိုက်သည်။
"ဒါကြောင့်မို့လို့ သူက စစ်သားဖြစ်ဖို့ မထိုက်တန်တာ"
ကပ္ပတိန်ဝေလ် ရှောင်ယန့်အား စိုက်ကြည့်လေသည်။ ရှောင်ယန် တိုးတိုးလေး သက်ပြင်းချလိုက်သည်။ သို့သော် ထိုအမူအရာသည် ကိုလိုနယ်ဗိုလ်ချုပ်ရေဗန်၏ အာရုံတွင် ရရှိသွားစေသည်။
"မင်း ဘာလို့ သက်ပြင်းချနေတာလဲ" ****** စာရေးဆရာ၏မှတ်စု (စာရေးဆရာ၏ နာမည်ပြောင်သည် ဝဝကစ်ကစ် သခွားမွှေး ဖြစ်သည်) ခေါင်းဆောင်ဝှိုက်အတွက် ဖယောင်းတိုင်တစ်ချောင်း ထွန်းလိုက်သည်။ ရှောင်ယန် : ဝဝကစ်ကစ် သခွားမွှေး ဟာနယ် ငါ့ကို မနမ်းဘူး နင် လူလိမ် ဝဝကစ်ကစ် သခွားမွှေး *နှာခေါင်း နှိုက်* : ဟယ်...အခုမှ ဘယ်နှပိုင်း ရှိသေးလို့... နင်က နမ်းဖို့တောင် စဉ်းစားနေရတာလဲ နင့်ရဲ့ ပျော့ပျော့အိအိ ခန္ဓာကိုယ်လေးက ခံနိုင်ရည်ရှိလို့လား ရှောင်ယန် : ဟင့်အင်း ....... ဝဝကစ်ကစ် သခွားမွှေး : တွေ့လား ငါက နင့်အတွက် စဉ်းစားပြီးလုပ်ပေးထားတာ မဟုတ်ဘူးလား ဟာနယ်သာ နင့်ကို သေလောက်တဲ့အထိ နမ်းလိုက်ရင် ဘယ်သူက သူ့ကို ကယ်ဖို့ ဗိုင်းရပ်စ်အသစ် ထုတ်ပေးတော့မှာလဲ ဟာနယ် : ..........