အပိုင်း ၇
"အမှန်တရားကို လိုရာဆွဲပြောနိုင်တဲ့သူတွေမှပဲ စစ်သားဖြစ်နိုင်မယ်ဆိုရင် တကယ့်ကို စိတ်မကောင်းစရာပဲ"
ကြည့်ရတာ ဒီဒုကိုလိုနယ်နဲ့သူ့လက်ထောက်က အထက်ကိုတင်ပြတဲ့ ငါ့ရဲ့အစီရင်ခံစာထဲမှာ "အထူးတပ်ဖွဲ့ဘက်သား" ဆိုပြီး အသရေဖျက်တော့မယ်ထင်တယ်။ အင်းလေ လုပ်ပြီးတာက လုပ်ပြီးသွားပြီ။ အဲဒီလိုဆို ငါ စိတ်ထဲရှိတဲ့အတိုင်းပဲ ဆက်ပြောလိုက်တော့မယ်။ အလွန်ဆုံးဖြစ်ရင် ငါ ဗဟိုသိပ္ပံအကယ်ဒမီကနေ အထုတ်ခံရပြီး အရပ်သား ဖြစ်သွားရုံပဲ။ ကျောင်းသားထောက်ပံ့ကြေး မရတော့မှာတော့ ဟုတ်တယ် ဒါပေမဲ့ ငါ အထိန်းအချုပ်မရှိ လွတ်လွတ်လပ်လပ် နေလို့ရသွားမှာပဲ။ ရှောင်ယန့်စိတ်ထဲတွင် ထိုကဲ့သို့ အတွေးများ ဝင်နေသည်။
"အမှန်တရားကို လိုရာဆွဲပြောတယ်တဲ့လား" ဝေလ် သူ့လက်သီးများ တင်းကျပ်နေအောင် ဆုပ်ထားလိုက်သည်။ ရှောင်ယန် သူ့မျက်လုံးကို အောက်သို့ ငုံ့ချလိုက်သည်။ သူတော့ အထိုးခံရတော့မှာပဲ။
"ဝေလ်" ဒုကိုလိုနယ် ရေဗန်သည် လက်ထောက်၏ပခုံးပေါ်တွင် သူ့လက်ကို တင်လိုက်သည်။ "မင်း အခု ကိုယ်ရေးကိုယ်တာတွေကြောင့် စိတ်တွေအရမ်းလှုပ်ရှားနေတယ်၊ မင်းမှာ ဒီကိစ္စကို ခေါင်းအေးအေးနဲ့ ဆုံးဖြတ်နိုင်စွမ်း ရှိမနေဘူး။ ဒီကောင်လေးကို စခန်းကိုသယ်လာခဲ့တုန်းက သူပခုံးတွေ ကျိုးနေခဲ့တယ်ဆိုတာကိုလဲ မမေ့နဲ့ ။ သူလဲပဲ အသက်ဆုံးရှုံးရလုနီးပါး ဖြစ်လာခဲ့ရတာ။"
"ဒါဆို ဝှိုက်က အလကားသက်သက် သေသွားခဲ့ရတာမို့လား" ကပ္ပတိန်ဝှိုက်၏သေဆုံးမှုသည် ဟာနယ် ဘာတွန်၏ တာဝန်ပေါ့လျော့မှုကြောင့်မှုဟု ဝေလ်သည် အခိုင်အမာ ယုံကြည်နေတုန်းပင်။
ရှောင်ယန် သူ့ခြေထောက်ကို သူ ငုံ့ကြည့်နေခဲ့သည်။ ဟာနယ် ဘာတွန်က သူ့မျက်နှာကို ဓားနဲ့ခြစ်ချပါစေ ဒါမှမဟုတ် သူ့ရဲ့ ပခုံးကျိုးသွားတာကလည်း သူ့ကျေးဇူးကြောင့်ပင် ဖြစ်နေပါစေ ဟာနယ်သည် အပြင်ပိုင်းရုပ်ရည်ကဲ့သို့ အတွင်းပိုင်းမအေးစက်ဘူးဟု သူ ယုံကြည်နေဆဲပင်။. သူသာ နှလုံးသားမရှိဘဲ လူ့အသက်ကို တစ်စက်ကလေးမျှ တန်ဖိုးမထားလျှင် အဲဒီတုန်းက မသွားနိုင် မလာနိုင် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့်သူ့အား သူဒုက္ခခံပြီး သယ်လာပေးစရာ မလိုပေ။
"မင်းမှာ နောက်ထပ် ပြောစရာရှိသေးလား" ဒုကိုလိုနယ် ရေဗန်သည် ရှောင်ယန့်ကို လှမ်းကြည့်လိုက်၏။ ဒီကောင်လေးသည် အဆင့်ဘီ ကျောင်းသားဖြစ်သော်လည်း ထို အဆင့်အေ သုတေသနသမားများနှင့် ကွာခြားနေသည်ကို သူ ခံစားရမိသည်။ သူ့အတွက် ရာထူးတိုးရန်အတွက် သူ့ကိုယ်သူ အမွှမ်းတင်နေတာမျိုးလည်းမရှိ တခြား အဆင့်ဘီကျောင်းသားများကဲ့သို့ စောဒကတက်ခြင်းလည်း မရှိပေ။
ငွေကြေးဂုဏ်ပကာသနများကို လိုချင်တပ်မက်မှုမရှိဘဲ ထိုနေရာတွင် ဒီအတိုင်းသာ ရပ်နေသည်။
"ကျွန်တော် ဒီအတိုင်း နားမလည်နိုင်တာပါ ဒုကိုလိုနယ်"
"မင်း ဘာကို နားမလည်တာလဲ"
"ကပ္ပတိန်ဝှိုက်က ဒီရေလှိုင်းအဖွဲ့အစည်းနဲ့ အပစ်အခတ်တွေ ဖြစ်ပွားခဲ့ချိန်မှာ အသတ်ခံလိုက်ရတာပါ။ အဲဒီတုန်းကအခြေအနေကို ကျွန်တော် ဒီအတိုင်း ပါးစပ်နဲ့ပြောတာထက် အထူးတပ်ဖွဲ့ရဲ့ အစီရင်ခံစာက ပိုပြီး ပြည့်ပြည့်စုံစုံ ရှင်းပြထားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကပ္ပတိန်ဝေလ်က ဒီရေလှိုင်းအဖွဲ့အစည်းကိုရော ဇွန်ဘီတွေကိုရောကို မနာကျည်းဘဲနဲ့ အားလုံးကို အထူးတပ်ဖွဲ့ပေါ်ကိုပဲ အပြစ်ပုံချနေတယ်။ ကပ္ပတိန်ဝေလ်သာ ကပ္ပတိန်ဝှိုက်နဲ့ လေယာဉ်တစ်စီးထဲမှာ အတူတူပါလာခဲ့ရင် သူ ဘယ်လိုမျိုး ဆုံးဖြတ်ချမလဲဆိုတာကို ကျွန်တော်သိချင်မိတယ်။ လေယာဉ်ထဲမှာပဲ နေရစ်ခဲ့မှာလား ဒါမှမဟုတ် ယူရေနီယမ်ကုန်ကြမ်းတွေယူပြီး အထူးတပ်ဖွဲ့နဲ့ လိုက်ထွက်သွားမှာလား"
ဝေလ်၏ဒေါသများ ထိန်းမနိုင် သိမ်းမရပင်။ သို့သော် သူ၏လက်သီးသည် လေထဲတွင် ရပ်တန့်သွားလေသည်။
"လေယာဉ်ထဲမှာ ကျန်နေရစ်တဲ့သူတွေက သေချာပေါက် ဒီရေလှိုင်းက သတ်တာကို ခံရမှာပဲ။ အဲဒါက သိနေပြီးသားရလဒ်။ ဒါပေမဲ့ မင်းတို့လေယာဉ်က ပစ်မှတ်သိ ဒုံးကျည်ရန်ကနေ လွတ်လာခဲ့တယ်လို့ မင်းပြောခဲ့တယ်။ အဲဒါက ငါတို့အတွက် ယုံပေးဖို့ ခက်တယ်။ လေယာဉ်မှူးက ဟာနယ် ဘာတွန် ဖြစ်နေပါစေ သူတောင် ပစ်မှတ်သိ ဒုံးကျည်ကို ရှောင်နိုင်မှာ မဟုတ်ဘူး။ မင်းတို့တွေ မြေပြင်ပေါ် ဆင်းသက်ရခဲ့တယ်ဆိုတဲ့အချက်က လုပ်ကြံပြောဆိုတာပါလို့ ယူဆလိုက်ရင် အဲဒီနောက်ပိုင်း အဖြစ်အပျက်တွေအားလုံးက ယုံနိုင်စရာ မရှိတော့ဘူး။" ဒုကိုလိုနယ် ရေဗန်သည် ပြုံးပြုံးလေးနှင့် ပြောနေသော်လည်း သူ ဘာကို ရည်ရွယ်သည်ကို ရှောင်ယန် မခွဲခြားနိုင်ပါ။
"ကဲ ဒီလိုဆို စမ်းသပ်ချက်တစ်ခု လုပ်ကြည့်ရအောင်။ လေယာဉ်စမ်းသပ်မောင်းနှင်မှုစနစ်က အဲဒီအချိန်က မြေမျက်နှာအသွင်အပြင်ကို ဖန်တီးပေးနိုင်တယ်။ မင်းက လေယာဉ်ကို ပစ်မှတ်သိ ဒုံးကျည်ကနေ ရှောင်ပြီး မောင်းပြ။ မင်းရဲ့ "ဇာတ်လမ်း" ကို ပိုပြီးလက်ခံလာနိုင်အောင်လို့လေ"
ရှောင်ယန် ဒုကိုလိုနယ်ရေဗန်ကို အကြောင်သား ကြည့်မိသွားသည်။ ဒီလူက အတည်ပြောနေတာပဲ။
"စနစ်က နာရီဝက်လောက်နေရင် အဆင်သင့်ဖြစ်လိမ့်မယ်။ မင်းရဲ့သရုပ်ပြမှုကို ငါတို့ စောင့်နေမှာပါ။ အံ့ဖွယ်ဆန်းကြယ်က တကယ်ရှိတယ်ဆိုတာကို ငါတို့ကိုပြပေး ဟုတ်ပြီလား"
ရှောင်ယန်အား ဒုကိုလိုနယ်ရေဗန်၏အတွင်းရေးမှူးသည် ရုံးခန်းအပြင်သို့ ခေါ်ထုတ်သွားလေသည်။
ဒုကိုလိုနယ် ရေဗန်၏အပြုအမူများကြောင့် ဝေခွဲမရဖြစ်သွားကာ ဝေလ်သည် သူ့အပြုံးကို နားမလည်နိုင်သလိုဖြင့် စိုက်ကြည့်နေခဲ့သည်။
"ဒုကိုလိုနယ် ပစ်မှတ်သိ ဒုံးကျည်ကနေ သူတို့ လွတ်နိုင် မလွတ်နိုင်ကို စမ်းချင်ရင်လည်း မောင်းမဲ့သူက ဟာနယ် ဘာတွန် ဖြစ်သင့်တယ် မဟုတ်ဘူးလားဗျ"
"ငါက ဒုကိုလိုနယ်အဆင့်ပဲ ရှိတယ် ငါ့မှာ ကိုလိုနယ်ဘာတွန်ကို စမ်းသပ်ခိုင်းဖို့ အာဏာရှိတယ်လို့များ မင်းထင်နေလား ပြီးတော့ အဲဒီရှောင်ယန်လို့ခေါ်တဲ့တစ်ယောက်က စိတ်ဝင်စားဖို့ကောင်းတယ်၊ အမှန်တရားကို ပြောရဲတဲ့သူက လေးစားဖို့ကောင်းတယ်၊ ဒါပေမဲ့ အခြေအနေကို ထည့်မတွက်ဘဲ အမှန်တရားပြောတဲ့သူကို နည်းနည်းလေးတော့ သင်ခန်းစာ ပေးမှရမယ်"
ရှောင်ယန် အတွင်းရေးမှူးနောက်မှ လိုက်သွားခဲ့သည်။ လေယာဉ်စမ်းသင်မောင်းနှင်မှုသည် အရံတပ်ဖွဲ့ဝင်အားလုံးအတွက် မတက်မနေရ အတန်းဖြစ်သည်။ သို့သော် ပစ်မှတ်သိ ဒုံးကျည် အတိုက်ခိုက်ခံရသည့်အခြေအနေမျိုး တစ်ခါမှ စမ်းသပ်မမောင်းနှင်ဖူးပါ။
စမ်းသပ်မောင်းနှင်ခန်းသို့ သွားရာလမ်းတွင် ရှောင်ယန် နေမထိ ထိုင်မသာ ဖြစ်လာသည်။
သူ စမ်းသပ်မှုမအောင်မြင်ရင် ဘာတွေ ဆက်ဖြစ်မှာလဲ။ ဒီစမ်းသပ်မှုကို အသုံးချကာ ဒုကိုလိုနယ်ရေဗန်က ဟာနယ်ကို တာဝန်ပေါ့လျော့မှုနှင့် စွဲချက်တင်ရန် တကယ်ပဲ ကြံစည်ထားသည်လား။
သူ အတွေးလွန်နေချိန်တွင် ဒီဘက်သို့လာနေသည့် အထူးတပ်ဖွဲ့ဝင်များနှင့် တိုးလေသည်။
ထိပ်ဆုံးမှ လျှောက်လာသူမှာ ရိဗ့်ဖြစ်သည်။ သူမသည် ရှောင်ယန့်အား မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ "ငါတို့တွေ နင့်ကို အားပေးနေမယ်"
"ဟေး ကောင်လေး မင်းကိုကယ်ဖို့ ငါတို့တွေ ဒီအခက်အခဲတွေအားလုံးကြားကနေ ဖြတ်ကျော်ထားရတာ ငါတို့ကို သိက္ခာမချနဲ့ မဟုတ်ရင် မင်းလည်ကို လိမ်ချိုးပစ်မယ်"
မာ့ခ်မျက်နှာသည် ရက်စက်ကြမ်းကြုတ်နေသောကြောင့် ရှောင်ယန် လန့်ဖြတ်သွားသည်။ ဖြစ်သွားသည့် ရှောင်ယန့်မျက်နှာကို ကြည့်လိုက်ပြီးနောက် မာခ့်တစ်ယောက် ကျေကျေနပ်နပ် ရယ်မောလိုက်လေသည်။
ဟာနယ် ဘာတွန်၏ သွယ်လျသည့်ခန္ဓာကိုယ်သည် တစ်ချက်ကလေးတောင် လှည့်ကြည့်ခြင်း၊ ရပ်တန့်သွားခြင်းမရှိဘဲ သူ့အား ကျော်ဖြတ်သွားသည်။ ဘယ်သူ့ကမှ သူ့အား ဆွဲမထားနိုင်သည့်နှယ်။
ရှောင်ယန် စမ်းသပ်ခန်းအတွင်း၌ ဝင်ထိုင်လိုက်သည်။ ဒုတိယထပ် စောင့်ကြည့်နေရာတွင် လူအများကြီး ရပ်နေကြသည်။ သုတေသနသမားများ၊ စစ်တပ်အရာရှိများနှင့် ဟာနယ်ဘာတွန်၏ လက်အောက်ရှိ အထူးတပ်ဖွဲ့ဝင်စစ်သားများလည်း ပါကြသည်။
ရိဗ့်သည်လည်း အမြင့်တစ်နေရာတွင် လက်ရန်းကိုမှီပြီး ရပ်နေကာ ရှောင်ယန့်အား လက်ရမ်းပြလိုက်သည်။ မာ့ခ်uမူ သူ့အား " မင်း မအောင်မြင်ရင် ငါမင်းကို ထိုးပစ်မယ်" ဆိုသော ပုံစံဖြင့် လက်သီးဆုပ်ထားသည်။
ရှောင်ယန် ခပ်ယဲ့ယဲ့လေး ပြုံးပြလိုက်သည်။ ကျွန်တော့်ကို သတိလစ်သွားအောင် ထိုးချင်လည်း ထိုးလိုက်ပါတော့။
သူ အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် ဟာနယ် ဘာတွန် ရှိမနေပေ။ သူသည် ဒီလိုကိစ္စမျိုးကို အရေးတယူနှင့် အာရုံစိုက်မည့်သူမျိုး မဟုတ်ပေ။
ဟဲမက်ကို တပ်လိုက်ပြီး ရှောင်ယန် မောင်းနှင်စနစ်နှင့် ချိတ်ဆက်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ့အရှေ့တွင် ကျယ်ပြန့်သောာ မြေပြင်တစ်ခု ထွက်ပေါ်လာလေသည်။ လေယာဉ်တောင်ပံများ၌ လေတိုးဝှေ့သွားသည်ကိုတောင် ခံစားလိုက်ရသလိုပင်။ သူ့အောက်တွင် အဆုံးအစမရှိသည့် တောအုပ်တစ်ခု ရှိနေသည်။
ရိက္ခာဖြည့် ပလက်ဖောင်း သူ့အမြင်အာရုံရှေ့ ပေါ်လာချိန်တွင် သူ့နလုံးသား အဆုပ်ကိုင်ခံလိုက်သလိုပင်။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ငါ သေချာလေး ဂရုတစိုက် ဆင်းသက်ရမယ်။ မဟုတ်ရင် အားလုံးက မစလိုက်ဘဲနဲ့ ပြီးသွားလိမ့်မယ်။
သူသည် ပလက်ဖောင်းသို့ မဆိုက်ရောက်ခင်ကပင် အခြေအနေကို အခေါက်ပေါင်းများစွာ ပြန်လည်သုံးသပ်ခဲ့သည်။ ဘယ်အခြေအနေမှာ ဟာနယ် လေယာဉ်ကို အပေါ်ပြန်တက်ခဲ့တာလဲ၊ သူ ဘယ်လို ဒုံးကျည်ကို တစ်ခေါက်ပြီး တစ်ခေါက် ကျော်လွှားခဲ့တာလဲ၊ တောင်က ဘယ်ဘက်မှာ ရှိနေတာလဲ။ အမှားသေးသေးလေးတစ်ခုနှင့် သို့မဟုတ် သူ့တုံ့ပြန်ချက် တစ်ချက်ကလေး တိမ်းစောင်းသွားခဲ့လျှင်တောင် သူကြိုးစားထားသမျှ အရာအားလုံး ရေစုန်မျောသွားလိမ့်မည်။
လေယာဉ်သည် ပလက်ဖောင်းသို့ ချည်းကပ်လာခဲ့ပြီး ဆင်းသက်ရန် ပြင်ဆင်နေသည်။
အားလုံးကလည်း ရင်တမမနှင့်။
လေယာဉ်သည် ပုံမှန်အရှိန်နှုန်းဖြင့် ဆင်းသက်နေပြီး ရှောင်ယန်သည် ဒုံးကျည်လွှင့်စက်သို့ အနီးကပ် အာရုံစိုက်ထားလိုက်သည်။
ထိုအရာသည် သူ့အား မျှားခေါ်နေသည်။
လွှင့်စက်မှ တစ်ချက်ကလေး တုန်သွားသည်နှင့် ရှောင်ယန် လေယာဉ်အား မြန်ဆန်စွာဖြင့် အပေါ်သို့ ထောင်တက်သွားလိုက်သည်။
ပစ်မှတ်သိ ဒုံးကျည်တစ်ခု လွှင့်တင်လာပြီး အနောက်မှ နီးကပ်စွာ လိုက်လေတော့သည်။
လေယာဉ်သည် တောင်ရှိရာအရပ်သို့ တစ်ရှိန်ထိုး ပျံတက်သွားလေသည်။
ပစ်မှတ်သိ ဒုံးကျည်၏ ပျံသန်းရာလမ်းကြောင်းကို နှောင့်နှေးစေရန် သူသည် အရှိန်မြင့်မားစွာဖြင့် ဦးတည်ရာအရပ်မျက်နှာကို ဆက်တိုက် ပြောင်းလဲနေခဲ့သည်။ သူ ကပ်သီးလေး လွတ်မြောက်သွားသည့်အခါတိုင်း အားလုံး ချွေးစေးများ ပြန်သွားကြသည်။ အားလုံး ပေါ့ပေါ့ပါးပါးဖြစ်နေရာမှ ချက်ချင်းပင် အကြောများပင် ထောင်တက်သွားကြသည်။
ရှောင်ယန်ယူချလိုက်သည့် ပျံသန်းသည့်ထောင့်တိုင်းသည် အန္တရာယ်များပြီး ခက်ခဲလှသည်။ ထောင့်နှင့် အရှိန်ပေါ်တွင်ရှိနေသည့် သူ၏ထိန်းချုပ်မှုသည် အားလုံးကို အံ့ဩသါားစေသည်။
"ဒီကောင်လေးက တော်တော်တော့ တော်သားပဲ" မာ့ခ် အံ့အားသင့်သွားသည်။
ရိဗ့်သည် လူအုပ်ကို လှည့်ကြည့်လိုက်သောအခါ ဒုကိုလိုနယ် ရေဗန်ကို မြင်မိသွားသည်" အဲဒီတစ်ယောက်က သက်သက်မဲ့ အလုပ်ရှုပ်အောင် လုပ်နေတာ"
ဒုကိုလိုနယ်ရေဗန်သည် ဟိုလိုဂရက်ဖစ် ထိုးပြထားရာ မျက်နှာပြင်ကို အနီးကပ်စိုက်ကြည့်နေပြီး သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
တောင်သည် သူ့မျက်လုံးရှေ့တွင် ပေါ်လာသည် သို့သော် ရှောင်ယန်နှင့် ဒုံးကျည်သည် တဖြည်းဖြည်း ပို၍ နီးကပ်လာသည်။
"အား.... သူ တောင်ဆီရောက်တဲ့အထိ ခံမှာမဟုတ်ဘူး...." မာ့ခ်သည် ခေါင်းနောက်လက်ပစ်လိုက်သည်။ ရှောင်ယန့်ကို သူ သနားသွားသည်။
ရှောင်ယန့်နောက်ကျောတစ်ခုလုံး ချွေးများ ပြန်နေသည်။ သူ့မျက်စိရှေ့တွင် သူနှင့်တောင်အကြား အကွာအဝေးကို ပြနေသည်။ သူ့အတွေးနှင့်အတူ တာမီနယ်သည် တောင်သို့ဝင်တိုက်နိုင်သည့် အမြင့်ဆုံးအရှိန်နှင့် ပစ်မှတ်သိ ဒုံးကျည်၏အရှိန်ကြား အချိန် ကွာဟမှုကို တွက်ချက်နေလေသည်။
ဒေတာ ထိပ်ဆုံးသို့ ရောက်သွားသည့်အချိန်တွင် ရှောင်ယန် အပေါ်သို့ ထောင်တက်လိုက်သည်။
"သူ ဘာတွေ လုပ်နေတာလား ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့လား"
ဒုကိုလိုနယ်ရေဗန်၏လက်ချောင်းများသည် လက်ရန်းပေါ်တွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည် သူ့နှုတ်ခမ်းများ ထောင်သွားလေသည်။ "သူလုပ်သမျှအားလုံးက ဒီအခိုက်အတန့်အတွက်ပဲ"
ရှောင်ယန့်နားထဲတွင် လေယာဉ်စနစ်မှ အချက်ပေးသံများ မြည်နေလေသည်။ အရှိန်သည် လေယာဉ်အင်ဂျင်ခံနိုင်သည်ထက် ကျော်လွန်နေသည်ကို သတိပေးနေခြင်းဖြစ်သည်။
သို့သော် ရှောင်ယန်ဆက်လက်၍ အရှိန်မြှင့်ခဲ့သည်။
"အိုး -- ဘုရားရေ"
တချို့ကျောင်းသားများက မျက်လုံးကို ကာထားကြသည် ။ ဟိုလိုဂရက်ဖစ် ရုပ်ပုံက တကယ့်အစစ်ကဲ့သို့ပင်။
ရှောင်ယန် အံကြိတ်လိုက်သည်။ ဟာနယ် ဘာတွန် အရှိန်မြင့်စွာနှင့်ကွေ့လိုက်ပြီး တောင်တစ်လျှောက် ထောင်တက်သွားသည်ကို သူမှတ်မိနေသေးသည်။ သူ့လေယာဉ်အောက်တွင် သစ်ပင်များ ကွေးညွှတ်သွားပြီး ပွတ်တိုက်မှုကြောင့်ဖြစ်ပေါ်လာသည့် အပူရှိန်ကြောင့် သစ်ပင်များ ပြင်းထန်စွာ လောင်ကျွမ်းနေကြသည်။
လေယာဉ်သည် တောင်ထိပ်သို့ မတ်စောက်စွာ ထောင်တက်သွားပြီး အဝေးကောင်းကင်တွင် ပျံဝဲသွားလေသည်။
ပစ်မှတ်သိ ဒုံးကျည်ကတော့မူ ဦးတည်ရာမပြောင်းနိုင်ခင်တွင် တောင်နှင့်ဝင်တိုက်မိပြီး နားစည်ကွဲလောက်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားခဲ့လေသည်။
ရှောင်ယန် ဟောဟဲလိုက်သွားခဲ့သည်။ အခန်းတစ်ခန်းလုံး ငြိမ်ကျသွားလေသည်။
ခဏအကြာတွင် စောင့်ကြည့်ရုံမှနေ ဒုကိုလိုနယ်ရေဗန် လက်ခုပ်တီးလိုက်သည်။ သူ့ဘေးတွင် မျက်နှာထားတည်နေသော်လည်း ရှောင်ယန်၏ မောင်းနှင်မှုစကေးကို အသိမှတ်ပြုသည့်အနေနှင့် ကပ္ပတိန်ဝေလ်က လက်ခုပ်တီးခဲ့သည်။
မာ့ခ် အရမ်းတက်ကြွသွားသည်။ အံ့အားသင့်သွားသောကြောင့် လေပါချွန်လိုက်ပြီး အော်ပြောလေသည်။ "ဟေး အသစ်လေး မင်းမဆိုးဘူးပဲ"
သူ့နားထဲတွင် စနစ်အချက်ပေးသံ မြည်လာသည်။
"လေယာဉ်အင်ဂျင် အပူရှိန်လွန်ကဲနေပါပြီ။ ဆက်လက်ပျံသန်းရန် မဖြစ်နိုင်တော့ပါ။ ကျေးဇူးပြုပြီး ဖြည်းညှင်းစွာ ဆင်းသက်ပေးပါ။"
အားလုံးသည် အရင်တုန်းကဖြစ်ခဲ့သည်နှင့် တစ်ထပ်တည်းပင်။
ရှောင်ယန် ဆင်းသက်ပြီးသည့်အခါ မျက်လုံးကိုမှိတ်၍ သက်ပြင်းအရှည်ကြီး ချမိတော့သည်။
ဘယ်လိုလုပ်ပြီး ဟာနယ် ဘာတွန်က ဒါတွေအားလုံးကို စိတ်ငြိမ်ငြိမ်နှင့် လုပ်သွားနိုင်ခဲ့သည်ကို သူနားမလည်ပါ။ သူ့အလှည့်တွင်မူ အရှိန်မြင့် တွက်ချက်ရသည်များကြောင့်ရော အရေးတကြီး အခိုက်အတန့်များကြောင့်ရော သူ၏အာရုံကြောများ ပျက်ထွက်လုနီးပါးပင်။
တာမီနယ်နှင့်ချိတ်ဆက်ထားသည့် ဟဲမက်ကို ရှောင်ယန် ချွတ်ချလိုက်သည်။ ခန္ဓာကိုယ် ယိုင်တိုင် ယိုင်တိုင်နှင့် သူ စမ်းသပ်ခန်းမှ ထွက်လာခဲ့လေသည်။
အားလုံးက သူ့ကို စိုက်ကြည့်နေကြသည်။ အကြောင်းအရင်းကို ရှောင်ယန် မစဉ်းစားနိုင်သေးခင် ဒုကိုလိုနယ်ရေဗန် သူ့အရှေ့တွင် လာရပ်လိုက်သည်။
"ရှောင်ယန် မင်းက လေယာဉ်တစ်စီး ပစ်မှတ်သိ ဒုံးကျည်ကနေ လွတ်မြောက်နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေကို သက်သေပြလိုက်ပြီ။ လုပ်တာကောင်းတယ်"
"မဟုတ်ဘူး ဒုကိုလိုနယ် ကျွန်တော်သက်သေပြလိုက်တာက အထူးတပ်ဖွဲ့ဝင်စစ်သားတွေ လုပ်နိုင်တဲ့အရာကို နည်းပညာစစ်သားတွေလဲ လုပ်နိုင်တယ်ဆိုတာကိုပဲ"
ရှောင်ယန့်မျက်နှာသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူစွတ်နေပြီး သူ့ခန္ဓာကိုယ်သည်လည်း တုန်ယင်နေသည်။
ဒုကိုလိုနယ်ရေဗန် တစ်ချက် ကြောင်သွားပြီးနောက် ပြုံးလိုက်လေသည်။ "ဒါက မင်းနဲ့ငါ တွေ့ပြီးကတည်းက နားဝင်အချိုဆုံး အမှန်တရားပဲ"
"ကောင်စုတ်လေး ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးမနေနဲ့၊ မဟုတ်ရင် ငါ မင်းလည်ကို ချိုးပစ်လိုက်မယ်"
ရှောင်ယန် ပြုံးပြလိုက်သည်။
"ငါ့ကိုပြော ရှောင်ယန် ကပ္ပတိန်ဝှိုက်က လေးစားထိုက်တဲ့ စီနီယာလို့ မင်းထင်လား" ဒုကိုလိုနယ်ရေဗန်သည် ရုတ်တရက် ထိုကဲ့သို့ မေးချလာသည်။
"ဒါပေါ့"
"သူက အေအဆင့် သုတေသနသမားဆိုပေမဲ့ ခုနကမင်းလုပ်သွားတာမျိုး သူ လုပ်နိုင်မှာမဟုတ်ဘူးလို့ ငါသေချာပေါက် ယုံတယ်။ ထူးချွန်တဲ့အရည်အချင်းတွေ ရှိကြတဲ့သူတွေက တခြားသူတွေထက်ပိုပြီး တာဝန်ပိုယူကြရတယ်။ နယ်ပယ်အသီးသီးရဲ့ ရှာဖွေလေ့လာမှုတွေမှာ မလျှော့သော ဇွဲလုံ့လ လိုအပ်တယ်လေ။
ရဲရင့်တဲ့သူတစ်ယောက်က ဘယ်တော့မှ ဘေးကနေ ရပ်မကြည့်ဘူး မင်းနားလည်လား"
ရှောင်ယန် ခေတ္တရပ်တန့်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော် နားလည်ပါတယ်"
နားလည်တယ်။ ဒါပေမဲ့ နားလည်တယ်ဆိုတာက အဲဒီ "မလျှော့သော ဇွဲလုံ့လ" ဆိုတာတွေအတွက် ကျွန်တော့်အားအင်တွေ အကုန်ခံပေးမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။
ရှောင်ယန်အတွက်မူ လူဆိုတာ တစ်သက်မှာ တစ်ခါသာ နေရသည်။ နေရသည့်အချိန်ကလေးတွင် ကိုယ့်အတွက်ကိုယ် အပြည့်အဝအသုံးချပြီး နေရမည်။ တခြား စကားလုံးစကားကြီး အကြောင်းပြချက်များအတွက် ရှင်သန်ပေးစရာ မလိုပေ။ ထို့ကြောင့် သူသည် ဘွဲ့ရသည်အထိ ဘီအဆင့် ကျောင်းသားအဖြစ်နှင့် ဆက်လက် နေထိုင်သွားပေဦးမယ်။ ထို့နောက်တွင် သူသည် အဓိပ္ပာယ်သိပ်မလေးနက်သည့် ပြန့်ကြဲနေသော်လည်း နည်းပညာပိုင်းအရ သိပ်မရှုပ်ထွေးသည့် သုတေသနစခန်းများတွင် တာဝန်အချခံရပြီး သာမန်လစာကိုယူကာ ရုပ်ရည်ချောမောသော်လည်း ရိုးစင်းသည့် မိန်းကလေးတစ်ယောက်ကို ပိုးကာ ဘဝကို သာသာယာယာပဲ ဖြတ်သန်းချင်သည်။
"ကောင်းပြီလေ "ထူးချွန်တယ်" ဆိုတာက ဘယ်တုန်းကမှ အဆင့်နဲ့ ဆုံးဖြတ်လို့ရတာမှ၊ မဟုတ်ဘူး ဒါနဲ့ပဲ ဆုံးဖြတ်ကြတယ်" ဒုကိုလိုနယ်ရေဗန်သည် လက်သီးဆုပ်ကာ ရင်ဘတ်ကို ထုပြလိုက်သည်။ "အခု မင်းက ထူးချွန်တဲ့ အလုပ်သင် အရံစစ်သား ဖြစ်သွားပြီ ရှေ့လျှောက်လည်း မင်းက တာဝန်ကျေပွန်တဲ့လူတစ်ယောက် ဖြစ်လာမယ်လို့ ငါ မျှော်လင့်ပါတယ်"
ဒုကိုလိုနယ်ရေဗန် နောက်ပြန်လှည့်လိုက်သည်။ "ကဲ စမ်းသပ်မှုက ပြီးသွားပြီ အားလုံးပဲ ကိုယ့်နေရာကိုယ် ပြန်ကြတော့"
ထို့ကဲ့သို့ပြောလိုက်သည့်အခါ သုတေသနသမားများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများ စောင့်ကြည့်ရုံမှနေ စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားကြလေသည်။ မာ့ခ်၊ ရိဗ့်တို့နှင့်အတူ တချို့အထူးတပ်ဖွဲ့ဝင်စစ်သားများသာ ကျန်ရှိနေခဲ့သည်။
ရှောင်ယန်လည်း အခန်းမှ ထွက်လာခဲ့သည်။ သူ့ခေါင်းတစ်ခုလုံး မူးနောက်နေပြီး ခြေလှမ်းတွေကလည်း ဖြောင့်ဖြောင့်မလျှောက်နိုင်ပေ။ သူ ထောင့်တစ်ခုကို ချိုးလိုက်သည့်အခါ ခန္ဓာကိုယ် ယိမ်းယိုင်ကာ လဲကျသွားလေသည်။
"ငါ ဒီမှာပဲ ခဏ အိပ်လိုက်ရင် ကောင်းမယ်...." ထိုကဲ့သို့တွေးပြီးသည့်နောက် ရှောင်ယန် မျက်လုံးမှိတ်ချလိုက်သည်။
သို့သော် သူသည် ကြမ်းပြင်နှင့် ထင်ထားသကဲ့သို့ ထိမသွားခဲ့ပါ။ သူ့လက်မောင်းကို လက်တစ်ဖက်က ဆုပ်ကိုင်ထားပြီး ခန္ဓာကိုယ်အား ပြန်ထောင်ချလိုက်သည်။
ထိုလူ့အား တစ်ချက်ကလေး လှမ်းကြည့်လိုက်သည်နှင့် ရှောင်ယန် အဆုံးမရှိသည့် နှင်းတွင်းထဲသို့ ပြုတ်ကျသွားသလိုပင်။ ရုတ်တရက် သူ လန့်ဖျတ်နိုးသွားလေသည်။
"ကိုလိုနယ် ဘာတွန်"
သူ့ကိုကိုင်ထားသည့်လက်က ပြေလျော့သွားသည်။
"မင်း ကံကောင်းသွားတယ် လူသစ်"
သူ့မျက်လုံးများ ငုံ့ဆင်းလာသည်။ အမြဲအထက်စီးမှနေကြည့်၍ မောက်မာသည့်ပုံပေါ်သော်လည်း လေးစားစရာလည်း ကောင်းနေသလိုပင်။
ရှောင်ယန် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း စကားတစ်လုံးမျှ ထွက်မလာခဲ့ပါ။
"လေယာဉ်က ပစ်မှတ်သိ ဒုံးကျည်တစ်ခုထဲကိုပဲ ကြုံတွေ့ခဲ့ရတာ မဟုတ်ဘူး "ကြားဖြတ်သမား" ဝင်ကျူးကျော်လာတာကိုလည်း ခံလိုက်ရတယ်"
"ကြားဖြတ်သမားရောလား"
ပြန်မဖြေဘဲနှင့် ဟာနယ် ဘာတွန် လှည့်ထွက်သွားလေသည်။ ရှောင်ယန့်မျက်လုံးများက သူ မြင်ကွင်းမှပျောက်သွားသည်အထိ သူ့နောက်ကျောကို လိုက်ကြည့်နေမိခဲ့သည်။
ရှောင်ယန် အသိပြန်ဝင်လာသည့်အချိန်တွင် ဟာနယ် ဘာပြောသွားတာလဲဆိုသည်ကို သူ သဘောပေါက်သွားသည်။
လူသစ် ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးမနေနဲ့၊ မင်းစကေးက အများကြီးလိုသေးတယ်။