no

Font
Theme

အပိုင်း ၁၁ ပင်လယ် 

 

ရှောင်ယန် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ "အသိသာကြီး မဟုတ်ဘူးလား" 

 

ထိုအချိန်တွင် သူတို့သည် မျက်စိတစ်ဆုံး မိုးကောင်းကင်နှင့် ကမ္ဘာမြေကို လွှမ်းခြုံထားသော ပြာလဲ့နေသည့် ပင်လယ်တစ်ခုပေါ်မှ ပျံသန်းနေခဲ့သည်။ လှိုင်းများကြားတွင် နေရောင်ခြည်ဖြာကျသွားပြီး ရွှေရောင် လှိုင်းဂယက်များ ထနေလေသည်။ 

 

အံ့အားသင့်သွားသဖြင့် ရှောင်ယန့်မျက်လုံးများ ကျယ်သွားသည်။ မျက်စိရှေ့တွင် ချိုချဉ်တစ်ပုံလိုက်ကြီးမြင်လိုက်ရသည့် ကလေးတစ်ယောက်ကဲ့သို့ သူသည်လည်း နဖူးကို ပြတင်းပေါက်ပေါ်သို့ ဖိကပ်ထားလေသည်။ 

 

ရိဗ့် ပြုံးသွားကာ ဆက်သွယ်စက်သို့ လှမ်းပြောလိုက်သည်။ "ဘော့စ် ကြည့်ရတာ ကျွန်မတို့လူသစ်လေးက ပင်လယ်ကို ဒါပထမဆုံးအကြိမ် မြင်ဖူးတာထင်တယ်။ သူ့ကို ပင်လယ်အငွေ့အသက်တွေနဲ့ ထိတွေ့ဖို့ ခွင့်ပြုပေးနိုင်မလား။" 

 

ရှောင်ယန် ရိဗ့်ကို မျက်စောင်းထိုးလိုက်သည်။ ဘယ်လိုလုပ်ပြီး ကိုလိုနယ် ဘာတွန်က ဒီလိုမျိုး ယုတ္တိမရှိတဲ့ တောင်းဆိုချက်ကို ခွင့်ပြုမှာလဲ။ 

 

"ခွင့်ပြုတယ်" 

 

ဆက်သွယ်စက်မှ ဟာနယ်၏ အေးစက်နေသောအသံ ထွက်လာပြီး ရိဗ့်သည် လေယာဉ်နောက်ခန်းတံခါးကို ဖွင့်လိုက်သည်။ 

 

နွေးထွေးစိုစွတ်သည့် ပင်လယ်လေတစ်ခု လေယာဉ်ထဲသို့ တိုးဝင်လာကာ ရှောင်ယန့်ဆံပင်များကို မှုတ်ထုတ်လိုက်ပြီး ဆားရနံ့တစ်ခုသည်လည်း သူ့နှာခေါင်းထဲသို့ စိမ့်ဝင်လာ၏။ သစ်တော၏ လတ်ဆတ်သည့်ရနံ့နှ့င် သိသိသာသာ ကွဲပြားနေသော်လည်း လန်းဆန်းစေပြီး သူ့စိတ်ကို ငြိမ်းချမ်းသွားစေသလိုပင်။ 

 

ရိဗ့် ရှောင်ယန့်ကို အသံတိတ် ပါးစပ်လှုပ်ပြလိုက်သည်။ တွေ့လား သူက နင်ထင်သလောက် မဆိုးပါဘူးဆို။ 

 

ပင်လယ်။ သက်ရှိလူသားတို့ အစပြုရာ နေရာ။ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ တောင့်တသည့်အကြည့်မျိုး ပြမိသွားပြီး ယဲ့ယဲ့လေး ပြုံးကာ သူပြောလာသည်။ "ကလေးတုန်းက ငါ့အိပ်မက်က ငါ့အဖေလိုမျိုး ပင်လယ်သုတေသနပညာရှင် ဖြစ်ဖို့လေ ဒါပေမဲ့ ဒီနေ့ကျမှပဲ တကယ့်ပင်လယ်အစစ်ကို မြင်ဖူးရတာ" 

 

ရိဗ့် မျက်တောင်တစ်ချက် ပုတ်လိုက်ပြီး ဆက်သွယ်စက်ထဲသို့ လှမ်းပြောလိုက်သည်။ "ဘော့စ် အသစ်လေးက ပြောလာတယ် သူ့အိပ်မက်က ပင်လယ်သုတေသနပညာရှင် ဖြစ်ဖို့တဲ့" 

 

မာ့ခ် ခေါင်းကုတ်လိုက်သည်။ "ဗိုင်းရပ်စ်ပညာရှင်တို့ ဦးနှောက်အာရုံကြောပညာရှင်တို့ လက်နက်ရူပဗေဒပညာရှင်တို့ ဆိုတာမျိုး ငါ ကြားဖူးတယ် ဒါပေမဲ့ ပင်လယ်သုတေသနပညာရှင်တဲ့လား ပင်လယ်ကိုလေ့လာတာက ဘာတွေများ ကောင်းနေလို့လဲ" 

 

အမှန်ပင်။ လူသားများ မြေအောက်မြို့တော် ချားလ်စ်သို့ ပြောင်းရွှေ့နေထိုင်ကတည်းက ပင်လယ်လေ့လာမှုများသည် အဓိပ္ပာယ် မရှိတော့ပေ။ 

 

ရိဗ့် မာ့ခ်ကို မျက်စောင်းထိုးလိုက်ပြီးနောက် စက်ထဲသို့ လှမ်းပြောလိုက်သည်။ "ဘော့စ် သူ့ကို ပင်လယ်ရေနဲ့ ထိတွေ့ခွင့် ပေးလို့ရမလား" 

 

သူမပြောလို့ပြီးသွားသည်နှင့် လေယာဉ်သည် ဖြည်းညင်းစွာ နိမ့်ဆင်းသွားပြီး ရေမျက်နှာပြင်နှင့် အနီးကပ် ၆၀ ဒီဂရီ တိမ်းစောင်းကာ ပျံသန်းနေသည်။ 

 

ရှောင်ယန် စိတ်လှုပ်ရှားလာကာ လုံခြုံရေးကိရိယာကို လက်က ကိုင်မိလျက်သား ဖြစ်သွားသည်။ 

 

ရိဗ့် ရှောင်ယန့်ကို လက်ရမ်းပြလိုက်သည်။ "ဒီကိုလာ ငါ နင့်ကို ကိုင်ထားပေးမယ် ကိုလိုနယ်က နင့်မှာ စက္ကန့် ၃၀ ပဲရှိတယ်တဲ့" 

 

ရှောင်ယန် မျက်တောင်များ ပုတ်ခတ်မိလိုက်သည်။ အဲဒီ သွေးအေးပါတယ်ဆိုတဲ့ ဟာနယ် ဘာတွန်က မစ်ရှင်လုပ်နေတဲ့အချိန်အတွင်းမှာ တကယ်ပဲ သူ့ကို ဒီလိုအခွင့်အရေးမျိုး လုပ်ခွင့်ပေးတယ်ပေါ့။ 

 

လုံခြုံရေး ကိရိယာများကို ဖယ်ရှားကာ ရှောင်ယန် ကြမ်းပြင်ပေါ်တွင် ဝမ်းလျားမှောက်ကာ ရိဗ့်ရှိရာသို့ တွားသွားလိုက်ပြီး ရိဗ့်အား သူ့လက်မောင်းများ ဆန့်ပေးလိုက်သည်။ ရိဗ့်က သူ့လက်မောင်းကို ဆွဲကိုင်ပြီး မာ့ခ်က သူ့ခြေထောက်တစ်ချောင်းကို ကိုင်ထားလေသည်။ ထို့နောက် သူသည် နောက်ခန်းတံခါးအရှေ့တွင် ကိုးရိုးကားရားနှင့် သူ့ဘယ်ဘက်လက်ကို နောက်ခန်းအပြင်သို့ ဆန့်ထုတ်လိုက်သည်။ 

 

သူ့လက်ချောင်းများ ပင်လယ်ရေနှင့်ထိသွားသည့် တစ်ခဏတွင် ရှောင်ယန့်နှလုံးသားသည် အထဲမှ ခုန်ထွက်လာတော့မလိုပင်။ ပင်လယ်ရေ၏ အပူချိန်နှင့် ခွန်အားသည် မြို့ထဲက အမြဲအပူချိန်တစ်သားတည်း ရှိနေသည့် ရေချိုနှင့် လုံးဝ ကွာခြားလေသည်။ ရှောင်ယန် အားအင်တစ်ခုကို ခံစားလိုက်မိ၏။ မြေဆွဲအားမှလွဲ၍ တခြားဘယ်အရာကမှ ပင်လယ်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။ 

 

သုံးဆယ်စက္ကန့်သည် အလွန်တိုတောင်းလှသည်။ ရုတ်ချည်းပင် မာ့ခ်နှင့်ရိဗ့်တို့က ရှောင်ယန့်အား လေယာဉ်ခန်းထဲသို့ ပြန်၍ဆွဲခေါ်သွားလေသည်။ 

 

လေယာဉ်သည် ရုတ်တရက် အမြင့်သို့ ထောင်တက်သွားပြီး အရှိန်လည်း တိုးမြှင့်သွားကာ ပစ်မှတ်ဧရိယာသို့ တစ်ရှိန်ထိုး မောင်းနှင်သွားခဲ့သည်။ 

 

လေယာဉ်ခန်းထဲရှိ တစ်ခြားစစ်သားများသည်လည်း ရှောင်ယန့်အား ပြုံးပြုံးနှင့် စိုက်ကြည့်နေကြသည်။ သူတို့မျက်လုံးများသည် တွေ့စကဲ့သို့ အရေးမစိုက်သည့် အကြည့်မျိုး မဟုတ်တော့ပေ။ 

 

"ဟေး မင်းက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ အဲဒီနည်းပညာစစ်သားတွေအကုန်လုံးက ဗိုင်းရပ်စ်တွေကိုပဲ လေ့လာချင်ကြတယ်။ ဒါပေမဲ့ မင်းကတော့ ပင်လယ်ကို အတော်သဘောကျတာပဲ။ အဲဒီအထဲမှာ ရေအပြင် ဘာတွေရှိနေလို့လဲ" အထူးတပ်ဖွဲ့ဝင်စစ်သားတစ်ယောက်က မေးမော့ကာ သိချင်သွားမိသဖြင့် ရှောင်ယန်အား လှမ်းမေးလိုက်သည်။ 

 

"ဗိုင်းရပ်စ်အပြင် ကမ္ဘာပေါ်မှာ မှန်းလို့မရဆုံးက ပင်လယ်ပဲ ဖြစ်မယ်။ တစ်ခဏမှာ လှပ ငြိမ်းချမ်းနေပြီး နောက်တစ်စက္ကန့်မှာ အရာအားလုံးကို ဝါးမျိုသွားနိုင်တဲ့အစွမ်း ရှိတယ်။ ပြီးတော့ ကျွန်တော်တို့တွေက နှစ်ပေါင်း ၂၀၀ ကျော်လောက် နျူကလီးယားကုန်ကြမ်းတွေကိုပဲ ပြန်ရှာပြီး သုံးဖို့ပဲကြိုးစားနေကြတာ။ အဲဒီအစား ပင်လယ်ကို အသုံးချနိုင်မဲ့နည်းတွေကို ဘာလို့ မရှာကြတာလဲ။ ဒီရေတွေကနေ ရနိုင်မဲ့ လျှပ်စစ်အားက မကုန်ဆုံးနိုင်တဲ့စွမ်းအင်တစ်မျိုးပဲ ပြီးတော့ အဲဒါက အားလဲကောင်းတယ်" 

 

"ဟေး အသစ်လေး မင်းက လူတော်လေးပဲ။ မစ်ရှင်ကျရင် ငါတို့နောက်ကနေ ကပ်ပြီးလိုက်ခဲ့ ရိဗ့် သူ့ပစ္စည်းတွေထဲမှာ သေနတ်ပါလား" 

 

"ဒါပေါ့ ။ ဒါပေမဲ့.... ရှောင်ယန် မသုံးတတ်လောက်ဘူး" ရိဗ့်သည် ရှောင်ယန့်ကျောပိုးအိတ်ကို ဖွင့်ပြီး သေနတ်တစ်လက်ကို ဆွဲထုတ်လိုက်သည်။ 

 

"သေချာနားထောင် ရှောင်ယန်။ ဒီသေနတ်သုံးနည်းက ရိုးရိုးလေးပဲ။ မင်းမှာ သေနတ်ပစ်စကေးတွေ ရှိနေစရာမလိုဘူး။ သူက အောတိုချိန်ပေးပြီး ကျည်ဆန်ကလည်း ပစ်မှတ်ကို မှတ်နိုင်တယ်။ ဒါပေမဲ့ မင်း ဒါကို ဇွန်ဘီတွေကို သွားချိန်ရင် သူက ပစ်မှာ မဟုတ်ဘူး။ မင်းဆီကို ဒီရေလှိုင်း အဖွဲ့အစည်းက လူတွေ ချည်းကပ်လာရင် သူတို့ကို ဘာမှညှာစရာမလိုဘူး။ ပစ်သာပစ်" 

 

ဒီလက်နက်၏အသုံးပြုပုံထက် ပို၍ရိုးရှင်းသည့်နည်းလမ်း မရှိပေ။ တိုက်ခိုက်ရာတွင် မကျွမ်းကျင်သည့် နည်းပညာစစ်သားများအတွက် သီးသန့်ဒီဇိုင်းဆွဲထားသည့် လက်နက်ပင် ဖြစ်သည်။ 

 

" ဟေး သတိတော့ထားအုံး ကျည်ဆန်က ငါတို့ထဲက တစ်ယောက်ယောက်ကိုမှန်သွားရင် မင်းတော့ အသေပဲ" မာ့ခ်သည် လက်သီးဆုပ်ပြလေသည်။ 

 

"အင်း ဟုတ်တယ် သေတော့ သေမသွားပေမဲ့ နာတာက နာတာပဲ" 

 

အားလုံး ရယ်မိသွားကြသည်။ ဤအနေအထားက ရှောင်ယန့်အား အရမ်းအန္တရာယ်များသည့် မစ်ရှင်တစ်ခု ထမ်းဆောင်ရန် ထွက်လာခြင်းမဟုတ်ဘဲ တကယ်ပင် ခရီးထွက်လာသည်ဟု ခံစားမိစေသည်။ 

 

နောက်ဆုံးတွင် သူတို့သည် ကုန်းပိုင်းသို့ ရောက်သွားပြီး မိုးဒဏ်လေဒဏ်ခံထားရသည့် နတ်ဘုရားမရုပ်ထုတစ်ခုအပေါ်မှ ဖြတ်ပျံသွားလေသည်။ နှစ် ၂၀၀ ကျော်ကြာ လေမိုးတိုက်စားခံထားရသဖြင့် ရုပ်ထုသည် အစက်အပြောက်များ အက်ကြောင်းများ ထင်နေပြီဖြစ်သည်။ လေယာဉ်အင်ဂျင်မှလာသည့် တုန်ခါမှုကြောင့် အမြင့်သို့မြှောက်ထားသည့် မီးတိုင်သည် အက်ကွဲသွားကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားပြီး လှိုင်းများထသွား၏။ 

 

"ဒီရုပ်ထုက တော်တော်ကြီးတာပဲ" မာ့ခ် နှာခေါင်းကို ပွတ်သပ်နေရင်း မှတ်ချက်ချလိုက်သည်။ 

 

"ဒါက လေဘာတီရုပ်ထုလေ ငါတို့ခြေထောက်အောက်မှာ ရှိတဲ့မြို့က မက်ဟက်တန်တဲ့ တစ်ချိန်တုန်းက စီးပွားရေးအချက်အချာကျပြီး အစည်ကားဆုံးနေရာပေါ့" 

 

 ရှောင်ယန် အသက်ရှူသံပြင်းသွားသည်။ မရေမတွက်နိုင်သည့် ဇွန်ဘီများ သူတို့လေယာဉ်နောက်သို့ ပြေးလိုက်နေပြီး ခုန်ဆွ ခုန်ဆွနှင့် လက်များဆန့်ထုတ်ထားသည်ကို သူ မြင်နေရသည်။ 

 

"အခုလဲ 'အစည်ကားဆုံး' ပဲ" ရိဗ့် ရယ်ပြီးပြောလိုက်သည်။ 

 

"ဘာလို့ ဒီရေလှိုင်းအဖွဲ့အစည်းက ဒီနေရာမှာလာပြီး စခန်းထောင်ထားရတာလဲဆိုတာကို ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ ဒီဇွန်ဘီတွေက သူတို့အတွက် အကောင်းဆုံး ခုခံသူတွေပဲ" 

 

ရှောင်ယန် မျက်မှောင်ကြုံ့မိသွားသည်။ "ငါတို့ ဘယ်လိုဆင်းကြမှာလဲ" 

 

လေယာဉ်သည် အဆောက်အအုံမြင့်တစ်ခု၏ထိပ်တွင် ဆင်းသက်သွားပြီး အားလုံးက သွက်သွက်လက်လက် လှုပ်ရှားကြလေသည်။ သူတို့သည် အနည်းငယ်ပိုနိမ့်သည့် အဆောက်အအုံတစ်ခုဆီသို့ ကြိုးလှမ်းပစ်ကာ လေယာဉ်မှနေ လျှောဆင်းသွားကြလေသည်။ 

 

ကြိုသတိမပေးဘဲ မာ့ခ်သည် ရှောင်ယန့်ကို ကောက်ကိုင်ကာ ဝါယာတစ်လျှောက် လျှောဆင်းသွား၏။ အဟောင်းသားဖြစ်သွားသည့် ရှောင်ယန့်ပါးစပ်ထဲသို့ လေများတိုးဝင်သွားသည်။ သူ ခြေချမိသည့်အခါ ရှောင်ယန် အန်ချင်သလိုပင်ဖြစ်သွားသည်။ သူတို့သည် ဝါယာကြိုးကို ပြန်သိမ်းပြီး တခြားအဆောက်အအုံဆီသို့ လှမ်းပစ်လိုက်ပြန်သည်။ 

 

"မဆိုးဘူး နင် အော်တောင် မအော်ဘူးပဲ" 

 

မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး ဟောဟဲလိုက်နေသည့် ရှောင်ယန့်ကို ရိဗ့်သည် ကောက်ချီကာ လျှောဆင်းသွားပြန်သည်။ 

 

ကြောက်လွန်းလို့ ဘယ်လောက်ပဲ အော်ချင်နေပါစေ အော်လိုက်လျှင် အသံက ဇွန်ဘီများကို ဆွဲဆောင်နိုင်သဖြင့် သူ့ကိုယ်သူ မအော်မိအောင် မနည်းထိန်းထားရသည်။ 

 

ဒါက လက်ကမ်းအပြေးပြိုင်ပွဲလား။ ငါက ကမ်းပေးရတဲ့တုတ်လား။ 

 

ရိဗ့် သူ့ကို ခေါင်မိုးပေါ်သို့ ပစ်တင်လိုက်ပြီး ပြောင်တစ်ဝက် နောက်တစ်ဝက်ဖြင့် ပြောလိုက်သည်" အသက်ကို ဖြည်းဖြည်းရှူ။” 

 

ထို့နောက် သူမသည် နောက်အဆောက်အအုံသို့ ကူးသွားလေသည်။ 

 

ရှောင်ယန့်ဘေးတွင် စစ်ဖိနပ်တစ်စုံ လာရပ်နေသည်။ "ဘေဘီ မင်း အဆင်ပြေရဲ့လား" 

 

ရှောင်ယန် ကျောများချမ်းသွားသလိုပင်။ ပေါ်လာတဲ့သူက ခင်ဗျားမဟုတ်ရင် သေချာပေါက် အဆင်ပြေနေမှာ။ 

 

မာရာ့လက်က ရှောင်ယန့်ကိုယ်အား ရစ်ပတ်တော့မည်အချိန်တွင် သူ့ဘေးသို့ လူတစ်ယောက် လာရပ်၏။ နက်နဲသည့်အသံက ရှောင်ယန်ကို ချက်ချင်း အသက်ရှူ ရပ်သွားစေသည်။ 

 

"အသံထွက်တာတို့ အန်တာတို့ လုပ်ရင် မင်းကို ငါ သတိလစ်သွားအောင် လုပ်ပေးမယ်" 

 

ရှောင်ယန် ခေါင်းကို မော့လိုက်သည့်အခါ ခံစားချက်ကင်းမဲ့သည့် ဟာနယ်၏ ဘေးတိုက်မျက်နှာကို မြင်လိုက်ရသည်။ 

 

သူ့လက်ကို မာ့ရာလက်ကိုကျော်အောင် ဆန့်ထုတ်လိုက်ကာ ရှောင်ယန့်ခါးကို လက်တစ်ဖက်တည်းနှင့် ပွေ့ချလိုက်သည်။ ရှောင်ယန် သူ့ကိုယ်သူ ဘာအလေးချိန်မှ မရှိသည့်သူဟုတောင် ခံစားမိသွားသည်။ မာရာသည် နေရာတွင် အကြောင်သားရပ်ကာ သူ၏လက်ဗလာကိုသာ စိုက်ကြည့်နေမိသည်။ 

 

ဟာနယ်သည် ရှောင်ယန့်ကို ဆွဲကိုင်ကာ မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံဆီသို့ လျှောဆင်းခဲ့သည်။ သူတို့ဆင်းသက်လိုက်သည့်အခါ အဆောက်အအုံသည် လွန်စွာဟောင်းနွမ်းနေပြီဖြစ်သဖြင့် နံရံ အက်ကွဲသွားကာ ကြိုးသည်လည်း မယူလိုက်မိခင် အောက်သို့ ကျသွားလေသည်။ 

 

ပါးစပ်များ ဟလျက်နှင့် မျက်နှာမှ အသားစများ ပဲ့နေသည့် မရေမတွက်နိုင်သော ဇွန်ဘီများကို သူ့အောက်တွင် မြင်လိုက်ရသည့်အခါ ရှောင်ယန့်အသက်ရှူသံသည် လည်မျိုတွင် နင်သွားပြီး မျက်လုံးများကိုလည်း တင်းတင်းကျပ်ကျပ် မှိတ်ထားလိုက်သည်။ 

 

ဟာနယ် ပြတင်းပေါက်ဘောင်ပေါ်သို့ သူ့ခြေထောက်ဖြင့်တက်နင်းလိုက်သည်။ ရှောင်ယန့်နားထဲတွင် အုတ်ခဲပြိုကျသံများသာ ကြားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် သူ့ခန္ဓာကိုယ် မြောက်တက်သွားလေသည်။ သူမျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူ့ကိုယ်သူ ခေါင်မိုးထိပ်တစ်ခုတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့နဖူးက ဟာနယ့်ရင်ဘတ်တွင် ဖိထားပြီး လက်တစ်ဖက်က ဟာနယ်လက်မောင်းကို ဆုပ်ကိုင်ထားနေဆဲပင်။ 

 

"လွှတ်" 

 

ရှောင်ယန် ချက်ချင်း လွှတ်ချလိုက်သည်။ 

 

ဟာနယ်၏တခြားလက်တစ်ဖက်သည် ဝါယာကြိုးကို ဆုပ်ကိုင်ထားနေဆဲပင်။ သူ ကြိုးကိုသိမ်းပြီးသွားချိန်တွင် ကျန်တဲ့သူအားလုံး ရောက်လာကြသည်။ 

 

"ပစ်မှတ်တည်နေရာက မီတာတစ်ထောင်လောက် လိုသေးတယ်။ ကျွန်မတို့ ဒီလမ်းကို ဖြတ်ရမယ်" ရိဗ့်သည် ခေါင်မိုးစွန်းတွင် ဒူးတစ်ဖက်ထောက်ကာ ခန္ဓာကိုယ်ကို စောင်းချလိုက်ပြီး လမ်းအခြေအနေကို ကြည့်ရှုလိုက်သည်။ 

 

အဆောက်အအုံအောက်တွင် ဇွန်ဘီများ ခုန်ဆွ ခုန်ဆွနှင့် တစ်ကောင်ပေါ် တစ်ကောင် တက်နေသောကြောင့် အရိုးကျိုးသံများ အော်မြည်သံများ ကြားနေရသည်။ 

 

စကားအပိုမပြောဘဲ စစ်သားအားလုံးသည် ဝါယာအစွန်းတစ်ဖက်ကို အဆောက်အအုံနံရံတွင် ချိတ်လိုက်ပြီး တခြားတစ်ဖက်ကို အဝေးတစ်နေရာရှိ အဆောက်အအုံ၏ ပြတင်းပေါက်ဘောင်သို့ လှမ်းပစ်လိုက်သည်။ မြဲ/မမြဲ စစ်ပြီးသည့်အခါ တစ်ယောက်ပြီး တစ်ယောက် လျှောဆင်းသွားကြပြန်လေသည်။ 

 

ဒီတစ်ခေါက်အမြင့်သည် ဇွန်ဘီများနှင့် ၃ မီတာတောင် မကွာဝေးပါ။ မြန်ဆန်သည့်အရှိန်ဖြင့် လျှောဆင်းနေခြင်းကြောင့်သာမဟုတ်လျှင် ဇွန်ဘီများက သူတို့ကို အချိန်မရွေး လှမ်းဆွဲလိုက်နိုင်သည်။ 

 

ရှောင်ယန်သည် မာခ့်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သို့သော် ထိုတစ်ယောက်သည် သူ့ကိုလာခေါ်ဖို့ လုံးဝစိတ်ကူးမရှိချေ။ သူနှင့်ရိဗ့်နှင့် နှစ်ယောက်သား လျှောဆင်းသွားကြသည်။ 

 

ဟာနယ်သည် ကြိုးကို တစ်ချက်ပြင်လိုက်ပြီး ရှောင်ယန်ရှိရာသို့ လျှောက်လာခဲ့သည်။ သူ့လက်မောင်းများကို ရှောင်ယန့်လက်မောင်းကြားတွင်ထည့်လိုက်ကာ တစ်ချက်ခုန်လိုက်သည်။ ရုတ်တရက် အလေးချိန်မရှိတော့သလိုမျိုးခံစားမှုတစ်ခု ရှောင်ယန် ထပ်ရလိုက်ပြီး သူလည်း ဟာနယ်နှင့်အတူ အဆောက်အအုံများအကြား လျှောဆင်းသွားလေသည်။ 

 

လွန်ခဲ့သည့် နှစ်၂၀၀ခန့်က လူနေအိမ်ရာဖြစ်သဖြင့် ကော်ဖီဆိုင် ဆိုင်းဘုတ်များနှင့် အောက်တွင် ဖြစ်သလိုထိုးထားသည့် ကားများကို ရေးရေးလေး မြင်နေရသေးသည်။ 

 

သို့သော် အခုသည် ကေဘယ်ကားနှင့် ရှုခင်းကြည့်ရန် ခရီးထွက်လာခြင်း မဟုတ်ပါ။ 

 

ဟာနယ်၏လက်မောင်းများသည် ခိုင်မြဲပြီး လုံခြုံလှသဖြင့် ပြုတ်ကျမည်ကိုစိုးရိမ်နေသော ရှောင်ယန့်အား စိတ်အေးသွားစေသည်။ လေက ဟာနယ့်ဆံပင်များကို လွင့်စင်သွားစေပြီး ကျော့ရှင်းသော်လည်း အရိုင်းဆန်နေသည့် အသွင်အပြင်မျိုး ဖြစ်စေသည်။ 

 

ဝရန်တာတစ်ခုကို ဖြတ်လာကြသောအခါ ဝရန်တာတွင် လျှောက်သွားနေသည့် ဇွန်ဘီတစ်ကောင်သည် ဟာနယ်နှင့် ရှောင်ယန်ကို မြင်လိုက်သည့်အခါ အလွန်တက်ကြွသွားသည်။ 

 

သေစမ်း ငါတို့တွေ အဲဒါနဲ့ ဝင်တိုက်တော့မှာပဲ။ 

 

"ကန်ချလိုက်" 

 

ဟာနယ်၏ အေးစက်သည့်အသံသည် စွမ်းပကားတစ်ခု ပါနေသည့်နှယ်။ ရှောင်ယန် သူ့ခြေထောက်ကိုမြှောက်ကာ ဇွန်ဘီမျက်နှာကို ခပ်ပြင်းပြင်း ကန်ချလိုက်သည်။ ထိုတစ်ကောင် ဝရန်တာမှ ဗုံးခနဲနှင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားကာ အဝါရောင်အရည်များလည်း စိမ့်ထွက်လာ၏။ 

 

သူတို့ အဆောက်အအုံအနိမ့်တစ်ခုသို့ ရောက်သွားသည့်အခါ အားလုံးက တစ်နေရာတည်းတွင် ရှိမနေကြပေ။ မာ့ခ်သည် ဝရန်တာတွင် ဆောင့်ကြောင့်ထိုင်နေပြီး ရိဗ့်သည် တယ်လီဖုန်းဓာတ်တိုင်တစ်ခုတွင် ရပ်နေသည်။ မာရာသည် ဆိုင်းဘုတ်တစ်ခု၏အစွန်တွင်ထိုင်ကာ ဆံပင်များကို ဖြီးသပ်နေသည်။ 

 

အားလုံးက မျက်မှန်များတပ်ကာ အဆောက်အအုံနိမ့်၏အခြေအနေကို စစ်ဆေးနေ၏။ 

 

ထို့နောက် အားလုံး ရုတ်တရက် ထကာ အဆောက်အအုံနိမ့်ဆီသို့ ခုန်သွားကြသည်။ 

 

ဟာနယ်သည် ရှောင်ယန်အား ဆွဲခေါ်ကာ လေထဲတွင် ဂငယ်ပုံ ခုန်ချလိုက်သည့်အခါ အသံတစ်သံမျှမထွက်ဘဲ အဆောက်အအုံတွင် ကောင်းစွာ ဆင်းသက်သွားလေသည်။ 

 

စွန့်ပစ်အဆောက်အအုံဟုထင်ထားခဲ့သည့် ဤအဆောက်အအုံသည် ထိပ်တွင် သံမဏိတံခါးတစ်ချပ် တပ်ဆင်ထားပြီး အဆောက်အအုံရှိ ပြတင်းပေါက်နှင့်တံခါးများကလည်း ပိတ်ထားလေသည်။ လေယာဉ်အပေါ်မှကြည့်လျှင် ဤနေရာသည် ဒီရေလှိုင်းအဖွဲ့အစည်း၏စခန်းဟု လုံးဝမထင်ရပါ။ အနီးကပ်ကြည့်မှ အဆောက်အအုံသည် တစ်ခုခုမှားယွင်းနေကြောင်း မြင်ရသည်။ 

 

"ဖွင့်လိုက်" 

 

ဒီဂိတ်သည် အရင်တစ်ခေါက်နျူကလီးယားဓာတ်အားပေးရုံတွင် တွေ့ခဲ့ရသည့်ဂိတ်နှင့် တစ်ပုံစံတည်းဖြစ်သည်။ သို့သော် ဒီတစ်ခေါက်တွင် ရှောင်ယန် ပိုပြီးသတိကြီးစွာ ထားလိုက်သည်။ 

 

"မြန်မြန်ဆွဲဖွင့်လိုက်ရင် အထဲမှာ အချက်ပေးသံ မြည်သွားမှာ" 

 

ရှောင်ယန့်တွင် လက်တွေ့ကွင်းဆင်းအတွေ့အကြုံမရှိသော်လည်း ဒီရေလှိုင်းအဖွဲ့အစည်းက ဘယ်သူ့ကိုမျှ အလွယ်တကူနှင့် ပေးဝင်မည်မဟုတ်သည်ကို သူကောင်းကောင်းကြီး သိနေသည်။ 

 

ဟာနယ် ခေါင်းညိတ်ပြလိုက်သည်။ "မင်းကို အချိန် ငါးမိနစ် ပေးမယ်" 

 

 

 

စာရေးဆရာ၏ မှတ်စု: 

 

မာရာ : ကိုယ်စဉ်းစားနိုင်တဲ့ ရိုမန်တစ်အကျဆုံးအရာက မင်းနဲ့အတူ ပင်လယ်ကြီးကို ပျော်ပျော်ကြီး ကြည့်ရတာပဲ.... 

 

မာခ့် : အမှန်က မင်းနဲ့အတူတူအိုသွားဖို့ မဟုတ်ဘူးလား 

 

မာရာ : ကိုယ့်ကိစ္စကိုယ် အာရုံစိုက်

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment