အပိုင်း ၂
ရှောင်ယန် ခေါင်းငုံ့ပြီး သစ်ရွက်တစ်ရွက် ကောက်ကိုင်လိုက်သည်။
သစ်ရွက်ကို နှာဖျားတို့ပြီး ရှူရှိုက်ကြည့်လိုက်သည့်အခါ ဇွန်ဘီများ၏ အောင့်သက်သက်အနံ့နှင့် တစ်ခြားဆီ ကွာဟနေသည့် လတ်ဆတ်သည့် အငွေ့အသက်တစ်ခု ရှိနေသည်။
ထိုရနံ့သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်အထိ တိုးဝင်သွားပြီး သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တစ်ခုချင်းဆီသို့ ဖြေးဖြေးချင်းစိမ့်ဝင်သွားခဲ့သည်။
အရှေ့မှာထိုင်နေသော အမျိုးသမီးစစ်သည်သည် နောက်ကို ခေါင်းလှည့်ကြည့်လိုက်ရာ ရှောင်ယန် သူ့မျက်နှာပေါ်တွင် သစ်ရွက်တင်ထားသည်ကို တွေ့လိုက်ရသည်။
အတွေးတွေ လွန်နေသလို ဒါမှမဟုတ် ဦးနှောက်က တကယ်ပဲ ဗလာကျင်းနေသလိုမျိုး သူ့မျက်လုံးတွေက မှိတ်ထားလျက်။
သူ့အမူအရာကိုကြည့်ပြီး သူမ အားရပါးရ ပြုံးလိုက်သည်။ "ဟေး နင်က တကယ် ထူးဆန်းတာပဲ"
"ဘာကို ထူးဆန်းတာလဲ" ရှောင်ယန် မျက်လုံးဖွင့်ပြီး သူမကို ကြည့်လိုက်သည်။
"တခြားသူတွေက ကြောက်လန့်တကြားနဲ့ လေယာဉ်ခန်းထဲကို အပြေးဝင်လာကြတယ်၊ နင်ကတော့ လမ်းမှာ သစ်ရွက်ကောက်ဖို့တောင် အချိန်ရှိခဲ့သေးတယ်ပေါ့"
"ကျွန်တော်တို့လေယာဉ်က ပျက်ကျသွားတော့ သုတေသနဒေတာတွေအားလုံး ဆုံးရှုံးသွားခဲ့ရတယ် ဒီသစ်ရွက်တစ်ခုပဲ ရလာခဲ့တာလေ ဒါက အရမ်းကိုတန်ဖိုးရှိတဲ့ နမူနာပါ"
သူမမျက်နှာ ရုတ်တရက် နီမြန်းသွားသည် " ငါ့ဆီမှာလာပြီး ကြွားလုံးထုတ်မနေနဲ့၊ အဆင့်ဘီ အလုပ်သင်လောက်ကိုတော့ ငါက တစ်စက်ကလေးမှ စိတ်ဝင်မစားဘူး"
"ကြည့်ရတာ မိန်းကလေးတွေကို ပိုးဖို့အတွက် ငါ့ရဲ့ သုတေသနအဆင့်ကို အေ ဖြစ်သွားအောင် ကြိုးစားသင့်ပြီထင်တယ်"
"ကြိုးစားတိုင်း ရတာလား အဲဒါက အရည်အချင်းနဲ့ပဲ ဆိုင်တာ" သူမက ရှောင်ယန်ကို ထေ့ငေါ့လာသည်။
"အင်း ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ"
"ငါ့နာမည်သိတော့ရော ဘာလုပ်လို့ရမှာလဲ တစ်နေ့ ငါ့နာမည်က မှတ်တမ်းကျောက်စာမှာ ရေးထိုးဖြစ်ရင်တောင် ငါမှန်း နင်သိမှာ မဟုတ်ဘူး"
မြေအောက်မြို့တော် ချားလ်စ်ကို လူသားများရွှေ့ပြောင်းပြီးသည့်နောက်တွင် "ကောမက်" ဗိုင်းရပ်စ်ကို အနှစ် ၅၀ နီးပါး လေ့လာခဲ့ကြသည်။ ဗိုင်းရပ်စ်မှတစ်ဆင့် သုတေသနပညာရှင်များသည် အရှုပ်ထွေးဆုံး ဗီဇချိန်းတစ်ခုကို နှုတ်ယူနိုင်ခဲ့ကြပြီး "X" ဟုခေါ်သည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးကို ဖန်တီးခဲ့ကြသည်။
X ဗိုင်းရပ်စ် လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သောအခါ လူသားဗီဇနှင့် အလျင်အမြန် ရောစပ်သွားပြီး ကူးစက်ခံရသူ၏ ကိုယ်ကာယလုပ်ဆောင်နိုင်ချေအားလုံးကို တိုးမြှင့်ပေးသည်။
ထိုလူများသည် သာမန်လူသားများထက် ဆယ်ဆ ပိုမိုကောင်းမွန်သည့် ပြန်လည်ကုသနိုင်စွမ်းရှိကြပြီး ဇွန်ဘီများလိုလည်း အသိဉာဏ် ပျောက်မသွားပေ။
သို့သော် ထိုအရာသည် စူပါပါဝါ မဟုတ်ဘဲ "အလွန်အကဲ ထုတ်ယူမှုု" တစ်ခုသာ ဖြစ်သည်။
ပုံမှန်အားဖြင့် X ဗိုင်းရပ်စ် ထိုးသွင်းထားသူများသည် ဆယ်စုနှစ်တစ်ခုထက် ပို၍ အသက်မရှင်ကြပေ။ အထူးတာဝန်တပ်ဖွဲ့တွင် အားကောင်းသည့် တိုက်ရည်ခိုက်ရည်ရှိနေခြင်းသည်လည်း ထိုဗိုင်းရပ်စ်ကြောင့်ပင် ဖြစ်သည်။
"ကျွန်တော်က အေ အဆင့် သုတေသနပညာရှင် မဟုတ်ပေမဲ့ မှတ်ဉာဏ်ကတော့ ကောင်းပါတယ်။ ခင်ဗျား ကျွန်တော့်ကို တကယ်ပဲ နာမည်မပြောပြချင်တာ သေချာရဲ့လား။ ကျွန်တော် စဉ်းစားနေတာ တစ်နေ့ ကျွန်တော် အသက်တွေကြီးလို့ ဆံဖြူသွားကျိုးပြီး တုန်ချိချိ ဖြစ်နေတဲ့အချိန် အိမ်ရှေ့က နေရောင်တုထဲမှာ ပေါင်ပေါ် ကြောင်ပျင်းလေးတစ်ကောင်ကို ကွေးကွေးလေးတင်ထားမယ်ပေါ့ ။ ကျွန်တော့်ဘေးမှာ ကလေးတွေ ရှိနေမှာမဟုတ်ပေမဲ့ အဲဒီအစား ကျွန်တော့်ကြောင်ကိုပဲ ကျွန်တော် ပုံပြင်တွေ ပြောပြမယ်။ သူ့ကို ကျွန်တော် ဒီလိုပြောပြမယ်။ တစ်ခါက ငါ တွေ့ဖူးတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ဆံပင်တွေက ဘယ်လိုတောင် ညိုတာ မျက်လုံးတွေက ဘယ်လိုတောင် အရောင်လဲ့နေတာ ခန္ဓာကိုယ်က ဘယ်လိုတောင် ကျော့ရှင်းတာဆိုပြီး သေချာရှင်းပြပြီးတော့မှ စိတ်မကောင်းစရာပဲ သူ့နာမည်ကိုတော့ မသိလိုက်ရဘူးဆိုပြီး ပြောရမှာထင်ပါတယ်"
ရှောင်ယန် ကိုယ်ကို အရှေ့ယိုင်လိုက်၏။ သူ့ရုပ်က အချောကြီးထဲမပါဘူးဆိုတာကို သူသိသည်။ သို့သော် သူ့အပြုံးကို သဘောကျကြသည့် ကောင်မလေးတွေလည်း ရှိသည်။ သူ့သူငယ်ချင်း ကေဆီတောင် သူတို့ရန်ဖြစ်ကြသည့်အခါ သူ၏ မျက်ခွက်ပြောင်သည့်အပြုံးကြောင့် အမြဲ ထစ် ထစ်သွားရသည်။
".... ရိဗ့်" သူမနာမည်ကို ပြောပြီးသွားသောအခါ အမျိုးသမီးစစ်သည်က ရှက်သွေးဖြာသွားသည်။
"ရိဗ့် ကျွန်တော် မှတ်မိသွားပြီ" ရှောင်ယန် သူမကို မျက်စပစ်ပလိုက်သည်။
ရိဗ့်တစ်ယောက် နှာခေါင်းရှုံ့ပြီး အရှေ့သို့ ပြန်လှည့်သွားလေသည်။
"ဟေး အသစ်တွေ ---- ဆောရီးပဲ ငါတို့မှာ လုပ်ရမဲ့မစ်ရှင် ရှိသေးလို့ မင်းတို့ကို စခန်းဆီချက်ချင်း ပြန်မပို့နိုင်သေးဘူး"
သတင်းကို ကြားပြီးသွားသော်လည်း အလုပ်သင်များ သိပ်တုန်လှုပ်မသွားကြပေ။
"ငါတို့တွေ လွန်ခဲ့တဲ့ အနှစ် ၂၀၀ လောက်က ဆောက်ထားတဲ့ နျူကလီးယားပါဝါဓာတ်အားပေးရုံကနေ နျူကလီးယားပစ္စည်းတချို့ကို သွားယူကြရမယ်"
ချားလ်စ်တွင် လူဦးရေ များလာသည်နှင့်အမျှ စွမ်းအင်နည်းပါးလာမှုသည် ပြဿနာတစ်ရပ် ဖြစ်လာသည်။ စစ်တပ်က လွန်ခဲ့တဲ့နှစ် ၂၀၀ လောက်က ဆောက်ထားတဲ့ နျူကလီးယားဓာတ်အားပေးရုံများနှင့် တခြားစွမ်းအင်ထုတ်ရုံများမှ ရရှိနိုင်မည့် အရင်းအမြစ်များကို ချားလ်စ်ဆီသို့ ပြောင်းရွှေ့သယ်ယူရန် အစီအစဉ်ရှိကြောင်း ရှောင်ယန် ကြားဖူးထားသည်။
မာ့ခ်က လေသံပေါ့ပေါ့နှင့် ဆက်ပြောလာသည်။
"အစတုန်းက ငါတို့နဲ့အတူပါလာတဲ့ နည်းပညာဆိုင်ရာ စစ်သား ၂ယောက်ရှိတယ်။ ဒါပေမဲ့ သူတို့က ဇွန်ဘီမြင်တာနဲ့ သွေးရူးသွေးတန်း လျှောက်ပြေးလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ ပြေးတာမှ ငါတို့တောင် လိုက်မမှီလိုက်ဘူး။ နောက်ဆုံးတော့ --- သူတို့တွေ ဇွန်ဘီအစားခံလိုက်ရတယ်လေ"
အားလုံး ပခုံးတွေ တွန့်သွားကြပြီး အသက်တွေပါ ပြင်းပြင်းရှူမိသွားကြသည်။
မာ့ခ်အသံသည် သူအရမ်းပျော်ရွှင်နေသကဲ့သို့ပင်။ ဒီလူက နည်းပညာစစ်သား ၂ ယောက် အသတ်ခံရတာကို ဒီအတိုင်း ပျော်ပျော်ကြီး လက်ပိုက်ထိုင်နေကြည့်နေခဲ့တာလားဟုတောင် ကျောင်းသားများ သံသယဝင်မိကြသည်။
"မင်းတို့သိတဲ့အတိုင်း ငါတို့က ကြမ်းကြမ်းတမ်းတမ်းပဲ လုပ်တတ်ကြတယ်။ နျူကလီးယား ဓာတ်ပြုခန်းစက် ဖြုတ်တာတွေ ဘာတွေကို ငါတို့ တစ်လုံးမှ မသိဘူး။ မင်းတို့ထဲကရော သိတဲ့သူ ရှိလား။ သိတဲ့သူ ငါတို့နဲ့ လိုက်ခဲ့ကြ။ ဒါမြန်မြန်ပြီးရင် အိမ်ကို မြန်မြန်ပြန်လို့ရမယ်"
"အဲဒီလူ နောက်နေတာမို့လား နျူကလီးယားဓာတ်အားပေးရုံထဲမှာ သေချာပေါက် ဇွန်ဘီတွေနဲ့ ပြည့်နေမှာကို ---"
"အဲဒီဇွန်ဘီတွေက ငါတို့အကုန်လုံးကို စားပစ်ကြမှာ ဟင့်အင်း ဘာပဲဖြစ်ဖြစ် ငါတော့ မသွားဘူး"
အားလုံး တရစပ် စကားပြောနေကြသည်။ အခုနက ဖြစ်ရပ်ကို တွေ့ကြုံအပြီးတွင် ဘယ်သူကများ ထပ်ပြီး အသက်စွန့်ချင်ဦးပါမည်လဲ။
ထိုအချိန်တွင် လေယာဉ်သည် စွန့်ပစ်ထားသည့် နျူကလီယားဓာတ်အားပေးရုံသို့ ရောက်ရှိလာခဲ့သည်။
အပေါ်စီးမှကြည့်လျှင် သံများဖြင့် ကာထားသည့် ခြောက်ကပ်နေသည့်မြေနေရာတစ်ခုကို တွေ့ရသည်။ နက်ရှိုင်းစွာအိပ်စက်နေရာမှ တစ်ယောက်ယောက် လာအနှိုးကို စောင့်ဆိုင်းနေသည့်အလားပင်။
ဖုန်လိပ်တွေကြားထဲတွင် မြင်နေရသည်မှာ အသိဉာဏ်ကင်းမဲ့စွာ လျှောက်သွားနေသည့် ဇွန်ဘီတချို့ဖြစ်၏။ လေယာဉ်စက်သံကြောင့် အားလုံး အပေါ်ကို ခေါင်းထောင်ကြည့်လိုက်ကြချိန်တွင် အစက အသက်ကင်းမဲ့နေသည့် သူတို့မျက်လုံးများက သွေးဆာနေသည့်ရမ္မက်မျိုးနှင့် ပြည့်နှက်သွားသည်။
"ဟေး မစ်ရှင်အတွက် ငါတို့ ပြင်ကြရအုံးမှာ ဘယ်သူ ငါတို့နဲ့ လိုက်ခဲ့မှာလဲ"
နောက်ခန်းပိုင်းတွင် အသံ တစ်စက်မျှ ထွက်မလာခဲ့။
"ဟမ် ဘယ်သူမှ မရှိဘူးလား အဲဒါဆို ကျပန်း ခေါင်းခေါက်ပြီး ရွေးရုံပဲပေါ့"
မာ့ခ်သည် လေယာဉ်ခေါင်းပိုင်းတံခါးကို ဖွင့်ပြီး ခေါင်းဆောင်ဝှိုက်ဆီသို့ လှမ်းပြောလိုက်သည်။ "မင်းကတော့ ငါတို့နဲ့ သေချာပေါက် လိုက်ခဲ့ရမယ် ဒီမှာ အဆင့် အေ ဆိုလို့ မင်းတစ်ယောက်တည်းပဲ ရှိတာလေ"
ခေါင်းဆောင်ဝှိုက် ငြိမ်သက်နေခဲ့သည်။ ငြင်းတော့မငြင်းသော်လည်း သူ့မျက်နှာ တောင့်တင်းသွားသည်။
"ကဲအခု... နောက်ထပ် ဘယ်သူလဲ"
တခြားသူများ တောင့်သွားကြသည်။ ရိဗ့် မာ့ခ်ကို မျက်လုံးပြူးပြလိုက်သည်။ "အား နင်က တကယ်ပျင်းဖို့ကောင်းတာပဲ"
"မင်းပဲ" မာ့ခ်သည် စီနီယာအလုပ်သင်တစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။ "မင်းကြည့်ရတာ ဉာဏ်ကောင်းမဲ့ပုံပဲ"
"ငါ...ငါ မလိုက်ဘူး...."
"မလိုက်ဘူး ဟုတ်လား" မာ့ခ်၏ပြုံးနေသာမျက်နှာသည် ခက်ထန်ရက်စက်သွားသည်။ "အဲဒီလိုဆို ငါ မင်းကို ဒီကနေ အောက်ကို ပစ်ချပစ်မယ်၊ ဆန်ကုန်မြေလေးတွေကို ပြန်ခေါ်မသွားနိုင်ဘူး"
"မင်း... မင်းက အာဏာကို အလွဲသုံးစားလုပ်နေတာပဲ ဒါက သက်သက်ခြိမ်းခြောက်တာ"
"ဟုတ်တယ် ခြိမ်းခြောက်တာ အဲဒီတော့ ဘာဖြစ်ချင်လဲ" မာ့ခ် ခပ်ပြတ်ပြတ် ပြောလာသည်။ " ငါ မင်းတို့အကုန်လုံးကို မျက်စိတစ်မှိတ်အတွင်းမှာ လေယာဉ်ပေါ်ကနေ တစ်ယောက်ပြီးတစ်ယောက် ပစ်ချလိုက်လို့ရတယ်"
"ငါ မသွားဘူး"
"ဪ----"
မာ့ခ် ခေါင်းပိုင်းမှထွက်လာပြီး စီနီယာအလုပ်သင်ရှေ့တွင် မတ်တပ်လာရပ်လိုက်သည်။ သူသည် လုံခြုံရေးကိရိယာများကို ဖွင့်ပြီး စီနီယာကိုဆွဲမကာ နောက်ခန်းတံခါးရှိရာသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။
"ကိုယ့်ဘာသာ တစ်ယောက်တည်း ခုန်ချသွားမလား ငါတို့နဲ့အတူတူ ဆင်းမလား"
မာ့ခ်မျက်လုံးထဲတွင် တက်ကြွသည့် အရိပ်အယောင်များ သန်းနေသည်။ ပြောပြီးနောက်တွင် စီနီယာအလုပ်သင်သည် သူ့ဘောင်းဘီထဲတွင် သေးပါချမိတော့၏။
"အဲဒီလို မလုပ်ပါနဲ့ သူတို့က ကျောင်းသားတွေပဲ ရှိသေးတယ်" ခေါင်းဆောင်ဝှိုက် မာ့ခ်ကို ထွက်လာတားသည်။
ခေါင်းပိုင်းမှ အေးစက်သည့်အသံတစ်ခု ထွက်လာသည်။ "မာ့ခ် ကစားနေတာတွေ ရပ်လိုက်တော့"
အသံတွင် မဖော်ပြနိုင်သည့် ခွန်အားတစ်ခုပါနေသည်။ အားလုံးကို အလိုလို နာခံသွားစေနိုင်သည့် အသံမျိုးပင်။
မာ့ခ် တစ်ချက် ညည်းတွားလိုက်ပြီး အလုပ်သင်ကို သူ့ထိုင်ခုံဆီ ပြန်ဆွဲခေါ်လာခဲ့သည်။ ထို့နောက် သူသည် ခေါင်းဆောင်ဝှိုက်ဆီသို့လှည့်ပြီး မေးလိုက်သည်။ "အဲဒီလိုဆို မင်းပဲ ငါတို့နဲ့အတူလိုက်မဲ့တစ်ယောက်ကို ရွေးလိုက်လေ"
"ငါ... မဟုတ်ရင်လဲ ငါတစ်ယောက်ပဲ လိုက်ခဲ့မယ်..." ခေါင်းဆောင်ဝှိုက်သည် ကြောက်နေပေမဲ့လည်း ဒီကျောင်းသားတွေမှာ အတွေ့အကြုံမရှိသည်ကိုလည်း သိနေသည်။ လိုက်လာခဲ့လျှင်တောင် သိပ်အကူအညီရမှာ မဟုတ်ပေ။
"မင်းက လမ်းတဝက်မှာ သေသွားခဲ့ရင်ရော။ ဘယ်သူက ငါတို့အတွက် စက်တွေကို ဖယ်ပေးမှာလဲ" မာ့ခ်သည် လောကကြီး ပရမ်းပတာဖြစ်သွားမှာကို အရမ်းကြည့်ချင်နေသည် ထင်သည်။ ကျောင်းသားတွေ ပိုပြီးကြောက်လေလေ သူ ပိုပြီး ပျော်လေလေ။
"...." ခဏလေး သူ့ကို ဘယ်လိုပြန်ဖြေရမှန်း ခေါင်းဆောင်ဝှိုက် မသိပါ။
"လုပ် လုပ် တစ်ယောက်ကို မြန်မြန်ရွေးလိုက်" မာ့ခ် တကယ် စိတ်မရှည်တော့။
ခေါင်းဆောင်ဝှိုက် နောက်ကိုလှည့်ကြည့်သည့်အခိုက်တွင် အားလုံးက ခေါင်းကိုငုံ့ချင်ငုံ့ မဟုတ်ရင် အဝေးကို လွှဲထားကြသည်။
ရှောင်ယန် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေလိုက်သည်။
အဲဒီဧရိယာကို သက်ရှိလူသားတစ်ယောက် ဝင်သွားသည်နှင့် ဇွန်ဘီတွေ ဝိုင်းအုံလာမည်မှာ အသေအချာပင်။ ထိုအချိန်တွင် အထူးတပ်သားများတောင် လွင့်စင်သွားလောက်မည်။ သူတို့က ရှောင်ယန်တို့ကို ကာကွယ်ပေးဖို့မှာလည်း သေချာနေသည့် ကိစ္စမဟုတ်တော့ပေ။
မည်သူမှ ခေါင်းဆောင်ဝှိုက်နှင့် အကြည့်ချင်း မဆုံရဲကြပါ။ နှလုံးခုန်သံများကို နားထဲတွင် ကြားနေသည်။ ခေါင်းဆောင်ဝှိုက်ပါးစပ်မှ ကိုယ့်နာမည် ထွက်လာမည်ကို မည်သူမျှ အလိုမရှိကြ။
"အမ်... ရှောင်ယန်... မင်း ငါနဲ့လိုက်ခဲ့...."
ရှောင်ယန် ပါးစပ်ထဲမှ သွေးတောင်ထွက်ချင်သွားသည်။ သူ ခေါင်းဆောင်ဝှိုက်၏မျက်လုံးတွေကို တအံ့တဩနှင့် ကြည့်မိသည်။ ဘာလို့ သူလဲ။
ဒီတစ်ခေါက်တွင် အကြည့်လွှဲသွားသူမှာ ခေါင်းဆောင်ဝှိုက် ဖြစ်သည်။
အဲဒီအခါမှ ရှောင်ယန် ပြန်သတိရမိသည်။ လွန်ခဲ့တဲ့ ၂ ရက်တုန်းက သူ ခေါင်းဆောင်နှင့် တံတားဂိမ်းတစ်ခု ဆော့ထားဖူးသည်။ ကျောင်းသားများထဲတွင် သူ နာမည်သိသူမှာ ရှောင်ယန်တစ်ယောက်သာ ရှိဟန်ထင်သည်။
ဒါက ဘာကို ပြောချင်တာလဲ။ ခေါင်းဆောင်နှင့် နည်းနည်းလေး သိမိသည်က အပြစ်ဖြစ်သွားသည်လား။ ခုနကမှ သေခြင်းတရားနှင့် လက်တစ်လုံးအလိုလေးတွင် လွတ်လာခဲ့ရသည်။ ဒီလိုအချိန်မျိုးတွင် စခန်းကအခန်းကိုပြန်ပြီး ရေလေးကောင်းကောင်းစိမ် ပြီးရင် ဘားသွား လက်ထဲမှာ ဘလက်ဒီမာရီတစ်ခွက်ကိုင်ပြီး ဘဝကို အပြည့်အဝ ခံစားရမည် မဟုတ်ပေဘူးလား။
"ဟုတ်ပြီ အားလုံး အဆင်ပြေသွားပြီ" မာ့ခ် သူ့လက်မောင်းကို မာန်ပါပါနှင့် မြှောက်လိုက်သည်။ "သွားကြစို့"
ဘာကို "အားလုံး အဆင်ပြေသွားပြီ" လဲ။ ဘယ်သူကမှ သူ့အမြင်ကို မမေးကြတော့ဘူးလား။
တခြားသူတွေက သူ့ကို သနားသည့်မျက်လုံးမျိုးဖြင့် ကြည့်လာသည်။ တချို့ကတော့ သူတို့အရွေးမခံရသည့်အတွက် စိတ်အေးသွားကြသည်။ ကြောက်ပြီး ဘောင်းဘီထဲ သေးပါချသည့် စီနီယာပင် ခုနက ဘာမှ မဖြစ်ခဲ့သလိုမျိုး သူ့ထိုင်ခုံတွင် ခပ်တည်တည်နှင့် ထိုင်နေသည်။
ဒါက ဘာလဲ။ ဒါက ဘာကို ဆိုလိုချင်တာလဲ။
ရှောင်ယန် ရုတ်တရက် လေယာဉ်ပေါ်မှ ခုန်ချသွားချင်စိတ် ဖြစ်လာသည်။
အဲဒီအချိန်တွင် လေယာဉ်ခေါင်းပိုင်းမှ ဟာနယ်၏ အမိန့်သံထွက်လာသည်။ "ရိဗ့် မင်းက လေယာဉ်ကို စောင့်ကြည့်ထား မာ့ခ် လာ သွားစို့"
"ဟုတ်ကဲ့ ဘော့စ်" ရိဗ့် ရှောင်ယန့်ကို လှည့်ကြည့်ပြီး တိုးတိုးလေးပြောသည်။ "ရှင်လျက်နဲ့ ပြန်လာခဲ့ ဟုတ်ပြီလား"
သူ ဘာမှပြန်မပြောနိုင်ခင် နောက်ခန်းတံခါး ပွင့်သွားခဲ့သည်။ ခေါင်းဆောင်ဝှိုက်ကို မာ့ခ်က ဆွဲခေါ်လာကာ သူ့နောက်ကျော်ပေါ်တင်ပြီး ကောင်းကင်အောက်သို့ ဒိုင်ဗင်ထိုးချသွားသည်။
ကြိုးဆွဲကျသံတစ်ခုကိုလည်း ကြားလိုက်ရသည်။ အစောက မာ့ခ် တံခါးတွင် ကြိုးချည်သွားသည် ထင်သည်။
"အား -----"
ခေါင်းဆောင်ဝှိုက်၏အော်မြည်သံ လေထဲတွင် ပျံ့နှံ့သွားသည်။
လေအေးတစ်ခု အထဲသို့ တိုးဝင်လာပြီး အားလုံး၏မျက်နှာပြင်သို့ ရိုက်ခတ်လာ၏။
ရှောင်ယန်တစ်ယောက် ကြောက်ဒူးတုန်မိသည်။
ဟာနယ် ဘာတွန်က သူ့ဆီ လျှောက်လာနေပြီ။ "မင်း အသံတစ်ခုခုထွက်ရင် ငါ မင်းလည်ပင်းကို ချိုးပစ်မယ်"
သူ့အကြည့်တွေသည် အမှောင်ထဲက တိတ်ဆိတ်မှုကဲ့သို့ ရှောင်ယန့်အာရုံကြောများတစ်လျှောက် ပျံ့နှံ့သွားပြီး အေးစက်ထုံကျင်မှုတစ်ခုသာ ကျန်ရစ်နေခဲ့သည်။
သူပြောလိုက်သည်ကို ရှောင်ယန် သေချာ နားမလည်သေးခင် ဟာနယ်၏လက်မောင်းတွေက သူ့ခါးမှာ ရစ်ပတ်လာသည်။ တစ်ချက်ခုန်ချလိုက်သည့်အခါ သူတို့ နောက်ခန်းပိုင်းအပြင်သို့ ရောက်သွားသည်။
ထိုအချိန်တွင် ဟာနယ် သူ့လက်မောင်းတွေကို ချက်ချင်း တင်းကြပ်လိုက်သည်။ သူ့ကြွက်သားများ၏ ခွန်အားကြောင့် ရှောင်ယန်တစ်ယောက် သူ့အရိုးများ စက္ကန့်ပိုင်းအတွင်း ကျိုးကြေသွားသလိုတောင် ခံစားလိုက်ရသည်။
သူ့နားထဲတွင် လေတိုးသံတွေကို ကြားနေရသည်။ ခန္ဓာနှင့် ဝိညာဉ် ကွဲကွာသွားသလိုမျိုးပင်။ ရှောင်ယန် သူ့မျက်လုံးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်သည်။ အော်ဖို့တောင် မပြောနှင့်။ အသက်ရှူတာကတောင် လည်ပင်းထဲတွင် ဆို့နှင့်နေသည်။
ထို့နောက် ခန္ဓာကိုယ် တစ်ချက် တုန်ခါသွားသည်။ ဟာနယ် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီဖြစ်သည်။ အပေါ်မှကျလာသည့် အီနားရှားကြောင့် သူ့ဆံပင်များ မြောက်တက်နေ၍ ရှောင်ယန် သူ့မျက်နှာကို အနီးကပ် ကောင်းကောင်းမြင်လိုက်ရသည်။
ယောကျ်ားတစ်ယောက်၏ မျက်နှာအသွင်အပြင်သည် ဤကဲ့သို့ အနုအရွ ထုဆစ်ထားလို့ရသည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပါ။ ကောက်ကြောင်းတိုင်းက သူ့နေရာနှင့်သူ အချိုးကျနေပြီး ချိုင့်ဝှမ်းများကလည်း ဆွဲဆောင်မှုအားကောင်းလှသည်။
သူ့ခါးကိုဖက်ထားသည့်လက်မောင်း ဖြေလျော့သွားသည်။ ရှောင်ယန် ရုတ်တရက် လဲကျသွားပြီး မြေကြီးနှင့်မျက်နှာ စောင့်မိကာ နာကျင်သံတစ်ခု ပါးစပ်မှ ထွက်သွားသည်။
"ငါ့နောက်ကနေ လိုက်ခဲ့ ငါ့အမိန့်တွေအတိုင်း တစ်သဝေမတိမ်းလုပ် မင်းက ဝန်ထုပ်ဝန်ပိုးဖြစ်လာရင် ငါ မင်းကို အနောက်မှာ ချန်ထားခဲ့မှာ"
ဟာနယ် အရှေ့သို့ ပြန်လှည့်သွားသည်။ သူ့လက်တွေကို နောက်ကျောသို့ဆန့်ကာ အဖုံးထဲမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဓား၏မျက်နှာပြင်တွင် အေးစက်ခက်ထန်မှုတစ်ခု ရောင်ပြန်ဟပ်နေသည်။ ရှောင်ယန် မြေကြီးမှ အမြန်ကောက်ထကာ ဟာနယ့်အနောက်သို့ လိုက်သွားခဲ့လေသည်။
ဇွန်ဘီနှစ်ကောင် ပါးစပ်အဟောင်းသားနှင့် အဝါရောင်သွားရည်များလည်း စီးကျနေသည်။ သူတို့ခန္ဓာကိုယ်ကို ဘယ်ယိမ်း ညာယိမ်းနှင့် ရုတ်တရက် ရှောင်ယန်တို့ရှိရာကို အပြေးလာနေကြသည်။
မြင်ကွင်းကြောင့် ရှောင်ယန် မျက်မှောင်ကြုံ့မိသွားသည်။ သူတို့မျက်လုံးထဲကနေ သူ့ကိုယ်သူ ဖြဲစားခံရတာကို မြင်ယောင်မိသလိုမျိုး ခြေထောက်တွေက မရွေ့နိုင်တော့ပေ။
ဟာနယ် အရှေ့သို့ အပြေးသွားပြီး လူမဆန်သောအရှိန်မျိုးဖြင့် သူ့လက်ကိုမြှောက်ကာ ဓားကို လွှဲချလိုက်သည်။ ဇွန်ဘီ ၂ ကောင် ခေါင်းပြတ်သွားပြီး လောကကြီးသည်လည်း တစ်ခါပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
ရှောင်ယန် တံတွေးမျိုမိသည်။
မြန်လိုက်တာ။
ဒါက ဟာနယ် ဘာတွန်ပဲ။ ဒါကြောင့်မို့လည်း အထူးတပ်ဖွဲ့ဝင်စစ်သားတွေက သူ့ကို ဘုရားလိုမျိုး ကိုးကွယ်ကြတာကိုး။
ရှောင်ယန် ခံစားချက်တစ်ခု ရလာသည်။ သူသာ ဒီလူ့နောက်ကနေ လိုက်သွားသရွေ့ ဘယ်အရာကမှ သူ့ကို နာကျင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။
သူ ကြောင်တက်နေရာမှ ပြန်အသိဝင်လာချိန်တွင် ဟာနယ် မရှိတော့ပေ။ ရှောင်ယန် သူ့နောက်ကနေ ကပ်ရပ်လိုက်ပါမသွားနိုင်ခဲ့ပါ။
ဇွန်ဘီတစ်ကောင် အပေါ်ကနေ သူ့ဆီတည့်တည့် ခုန်အုပ်ချလာသည်။
သူ့ခြေထောက်များ ထုံကျင်နေ၏။ ရှောင်ယန်က ဒူးထောက်လျက် သူ့အပေါ်မှာ ဇွန်ဘီတစ်ကောင်က ပါးစပ်ဟလျက်နှင့်။ သူ့နဖူးနှင့်ထိဖို့လည်း လက်မအနည်းငယ်လောက်ပဲလိုတော့သည်။
ငါတော့ သွားပြီ။----
သူ့ဘဝကို ပြန်သုံးသပ်ပေးရမှာလားဆိုတာကိုတော့ ရှောင်ယန် သေချာမသိပေ။ သေချာတာတစ်ခုကတော့ သူ အသေဆိုးတာပါပဲ။ ဇွန်ဘီအကိုက်ခံရပြီး သေရသည်တဲ့။
ရုတ်တရက် သူ့ဘေးတွင် လူရုပ်တစ်ခု ရောက်လာပြီး ဓား၏ ချွန်ထက်သောအဖျားက ဇွန်ဘီ၏လည်မျိုမှ ဖောက်ဝင်သွားပြီး ဦးနှောက်အထိ ထိုးစိုက်သွားသည်။