no

Font
Theme

အပိုင်း ၃ 


ရှောင်ယန် ရှော့ခ်ရထားပြီး ကြောင်သလိုဖြစ်နေသေးသည်။ "ငါနဲ့ ထပ်ကြပ်မကွာလိုက်ဖို့ ပြောခဲ့တယ်မလား" တိုးတိတ်သောအသံတစ်ခု သူ့သွားများကြားမှ ဖျစ်ညှစ်ထွက်ပေါ်လာသည်။ ဟာနယ် ဘယ်အချိန်က ပြန်လှည့်လာခဲ့သည်ကို သူမသိပါ။ ဟာနယ့်လက်တစ်ဖက်သည် မြေကြီးပေါ်တွင်‌ ထောက်ထားပြီး တခြားလက်တစ်ဖက်တွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားလေသည်။ တစ်ချက် အသာလေးဝှေ့ယမ်းလိုက်သည်နှင့် ဇွန်ဘီများသည် အမှိုက်စများကဲ့သို့ လွှင့်စင်သွားကြပြီး အဝေးနံရံတစ်ခုနှင့် ဝင်တိုက်ကာ ဘုန်းခနဲ ကျယ်လောင်စွာ အသံထွက်သွားခဲ့သည်။ ဒီလူက သေချာပေါက် တော်တော်ဝေးဝေးကို ရောက်သွားတာပါ... ဘယ်လိုအရှိန်မျိုးကြောင့်မို့လို့ သူ့အနားမှာ ရုတ်တရက် ပြန်ပေါ်လာနိုင်ရတာလဲ။ ရှောင်ယန့်မျက်လုံးထဲတွင် ဟာနယ်၏ ဘေးတစ်စောင်းပုံကိုသာ မြင်နိုင်တော့သည်။ 

သူ့မျက်လုံးအကြည့်ပျော့ပျောင်းနေသော်လည်း မျက်ခုံးနှင့် နှာတံတို့ကမူ တင်းမာခက်ထန်နေသည်။ ဘုရားရှင်လက်အောက်က သားသတ်သမားတွင် လူသားခံစားချက်မျိုး ရှိရန်မလိုအပ်သည့်အလား။ "ထ" ဟာနယ့်လက်မောင်းတစ်ချက်အဝှေ့တွင် စူးရှကျော့ရှင်းသည့်အခုံးတစ်ခုက လေထဲတွင်ထိုးခွင်းသွားသည်။ သူ့မြင်ကွင်းကို နှစ်ပိုင်း ပိုင်းလိုက်သကဲ့ပင်။ ရှောင်ယန် တံတွေးတစ်ချက်မျိုလိုက်ပြီး ဟာနယ့်အနောက်သို့ အမြန်ပြေးလိုက်သွားခဲ့သည်။ မာ့ခ်သည် ခေါင်းဆောင်ဝှိုက်နှင့်အတူ နျူကလီးယားဓာတ်အားပေးရုံအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သည်။ သူတို့သည် အသုံးမပြုရသေးသည့် ယူရေနီယမ်ကုန်ကြမ်းများ သိုလှောင်ရာ အဆောက်အအုံပျက်၏ အတွင်းဆုံးအပိုင်းသို့ ဦးတည်သွားလာနေကြသည်။ သို့သော် ထိုနေရာသည် အနှစ် ၂၀၀ ကြာသည်အထိ ပိတ်ထားနေတုန်းပဲလားဆိုသည်ကို သေချာမသိကြပါ။ ဤနေရာသို့ ဇွန်ဘီအမြောက်အများ ရောက်လာကြသည်။ ဟာနယ့်လက်ထဲမှ ဓားသည်လည်း အဆတ်မပြတ် သတ်ဖြတ်နေရသည်။ သူ၏လှုပ်ရှားမှုများသည် မြန်ဆန်သွက်လက်ပြီး ဓားဝှေ့ယမ်းသည့် ထောင့်ပုံစံတိုင်းသည်လည်း တွက်ချက်ထားသကဲ့သို့ပင် တိကျလွန်းသည်။ လူတစ်ယောက်ကို ကျောချမ်းသွားနိုင်စေသည့် တိကျမှုမျိုးပင်။ နျူကလီးယားဓာတ်အားပေးရုံ အဝင်တံခါးကို မာ့ခ် အားပါပါနှင့် ကန်ချလိုက်ရာ သံချေးတက်နေသည့်တံခါးသည် ကျွီခနဲ မြည်သွားလေသည်။ ခေါင်းဆောင်ဝှိုက် အကြောက်လွန်ပြီး မြေကြီးပေါ် ထိုင်မိလျက်နီးပါး ဖြစ်သွားသည်။ "ခင်ဗျားပြောတော့..... သူတို့ကို ဒီကိုခေါ်လာနိုင်မဲ့အသံမျိုး ဘာမှမလုပ်နဲ့ဆို" မာ့ခ် ရှောင်ယန့်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး သူ့ခါးမှ အသက်ရှူစက်ကို ဆွဲထုတ်လိုက်သည်။ ခေါင်းဆောင်ဝှိုက်မျက်နှာပေါ်တွင် အသက်ရှူစက်ကို ဆွဲတင်ပေးပြီး ကော်လာကနေကိုင်ကာ အထဲကို ဆွဲခေါ်သွားလေသည်။ ရှောင်ယန် ဟာနယ့်ထံ လှည့်ကြည့်လိုက်သည်။ ဟာနယ့်လက်သည်လည်း သူ့ဆီ ဆန့်လာသည်။ သူ့လက်ညှိုးတွင် အလားတူအသက်ရှူစက်တစ်ခု လေထဲတွင် ဝဲနေလျက်ရှိသည်။ ရှောင်ယန် အသက်ရှူစက်ကိုယူလိုက်သည်။ ကျေးဇူးတင်ပါတယ်ဟု ပြန်မပြောနိုင်ခင်တွင်ပင် ဟာနယ် နောက်ပြန်လှည့်ပြီး တံခါးကို ကန်၍ပိတ်ချလိုက်သည်။ ဟာနယ်သည် နှာခေါင်းစည်းတပ်ရန် စိတ်ကူးမရှိဘူးနှင့်တူသည်။ တစ်ခုတည်းသော အလင်းရောင်သည်လည်း ပိတ်သွား၍ အားလုံးသည် အမှောင်ထဲသို့ ကျရောက်သွား၏။ ရှောင်ယန် ဟာနယ်နောက်သို့ အမြန် ပြေးလိုက်သွားခဲ့သည်။ အဆောက်အအုံသည် လျှပ်စစ်မီးမရသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး အလုံပိတ်အခန်းတွင်လည်း အမည်မသိစွမ်းအင်တစ်မျိုး ပျံ့နှံ့နေသကဲ့သို့ပင်။ ဟာနယ် သူ၏ခါးပတ်အိတ်ထဲမှ အလင်းလွှင့်မီးတစ်ခု ထုတ်လိုက်သောအခါ သွားလမ်းသည် တစ်ဖန်ပြန်လင်းသွားချေသည်။ အလင်းလွှင့်မီးသည် သူတို့ခေါင်းပေါ်တွင် ပျံဝဲကာ အရှေ့သို့ ဆက်လက်စူးစမ်းသွားလာနေသည်။ မြေကြီးပေါ်တွင် တွန့်လိမ်ကောက်ကွေးနေသည့်အလောင်းများကို တဖြည်းဖြည်းနှင့် တွေ့လာရသည်။ ရှောင်ယန့်နှလုံး နေမထိထိုင်မသာ ဖြစ်လာသည်။ ဘာကြောင့်ရယ်မသိ ဒီအလောင်းတွေက လူအလောင်းမဟုတ်ဘဲ ဇွန်ဘီအလောင်းတွေဟု သူ ခံစားရမိသည်။ တံခါးတွေ အဆင့်ဆင့်ကို ဖွင့်ပြီးသွားသည့်အခါ နောက်ဆုံးတွင် သူတို့ ဓာတ်အားပေးရုံ၏ ဓာတ်ပြုစင်တာခန်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ ဒီ‌နေရာတွင်ရှိသည့် အရာအားလုံးသည် ဟောင်းနွမ်းပျက်စီးနေကြပြီ ဖြစ်သည်။ ရှောင်ယန် ခြေချော်ကာ လှေကားမှ ပြုတ်ကျလေသည်။ မြေကြီးပေါ်သို့ တပ်အပ်လဲကျသွားသဖြင့် မျက်နှာတွင် ဖုန်မှုန့်များ ပေကျံသွားသည်။ မြေကြီးတွင် ထထိုင်လိုက်ချိန်၌ နာကျင်မိတစ်ခု ခံစားရလိုက်သည်။ ခေါင်းမော့လိုက်သည့်အခါ ဟာနယ် သူ့ကို အေးတိအေးစက် ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှောင်ယန် တစ်ချက် ဒေါသထွက်သွားသည်။ သို့သော် ဟာနယ်ဆီမှ ထွက်နေသည့် ဖိအားအောက်တွင် သူ့ဒေါသများ ထုတ်ဖော်ရန် အခွင့်မရှိပေ။ ခြေနှင့်လက်များ နာကျင်လျက်နှင့်ပင် သူ မတ်တပ်ရပ်လိုက်သည်။ ဟာနယ် နှင့် မာ့ခ်သည် သူ့ကို စောင့်ပေးရန် တစ်စက်ကလေးမျှ စိတ်ကူးမရှိကြပါ။ သူတို့ ရှေ့ကို ဆက်လာကြသည်။ နောက်ဆုံးတွင် နျူကလီးယားဓာတ်အားပေးရုံ၏ အတွင်းအကျဆုံး ပိတ်လှောင်ထားသည့်နေရာ - ယူရေနီယမ် ကုန်ကြမ်းများ ထားရာစတိုခန်း - သို့ သူတို့ ရောက်လာခဲ့ကြသည်။ သင်္ဘောပဲ့ကိုင်ဘီးနှင့် အလားတူသည့် စက်ကိုကြည့်လိုက်သည့်အခါ မြင်မြင်ချင်းပင် ပစ္စည်းသိုလှောင်ခန်းဟု သူ တန်းသိလိုက်သည်။ "ဟေး ဖွင့်လိုက်" မာ့ခ်သည် ခေါင်းဆောင်ကို သိုလှောင်ခန်းတံခါးဆီသို့ ဆွဲခေါ်သွားလေသည်။ ခေါင်းဆောင်ဝှိုက် ခေတ္တ အံ့အားသင့်သွားပြီးနောက် အနောက်သို့ ပြန်ဆုတ်လာသည်။" ဒါ-ဒါက အရမ်း ရှေးကျလွန်းတယ်... အခုခေတ်မှာ အားလုံးက ကွန်ပျူတာနဲ့ ကွန်ရက်အခြေခံတွေချည်းပဲ။ လုပ်ဆောင်လို့ရတဲ့ တာမီနယ်(မျက်နှာပြင်)တစ်ခု မပါရင် .... ငါ ငါလဲ ဒီတံခါးကို ဘယ်လိုဖွင့်ရမယ်မှန်း မသိဘူး..." "အာ မင်းက တော်တော် အသုံးမကျတဲ့သူပဲ" မာ့ခ်သည် ခေါင်းဆောင်ဝှိုက်မျက်နှာအား လက်သီးဖြင့် ထိုးမည်တကဲကဲ လုပ်နေသည်။ "မာ့ခ်" ဟာနယ် သူ့ကို တစ်ချက်သာ ခေါ်လိုက်သည်။ မာ့ခ်၏လက်သီး လေထဲတွင် ရပ်တန့်သွားသည်။ "တကယ်ပါပဲ မင်းတို့ နည်းပညာစစ်သားတွေကို အထင်တွေလှိမ့်ကြီးထားတာ၊ မင်းတို့ကောင်တွေကို ဇွန်ဘီကိုပဲ အစာကျွေးပစ်လိုက်ရမှာ ဘော့စ် ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ ဒီဟာကြီးကို ခွဲဖွင့်ချလိုက်မလား" "တံခါးရဲ့ တခြားတစ်ဖက်မှာ ယူရေနီယမ်တွေ ရှိနေတယ်" "...အဲဒီတော့ ဘာလုပ်ကြမလဲ" မာ့ခ်၏မျက်လုံးများ ရှောင်ယန့်ဆီတွင် ရပ်သွားသည်။ "ဟေး အသစ်လေး မင်းရော သိလား" ရှောင်ယန် မာ့ခ်နှင့် ခပ်ခွာခွာတွင်သာနေရန် ကြိုစားလိုက်သည်။ သူ ဘေးကို ခြေတစ်လှမ်း ဆုတ်လိုက်သည့်အခါ တစ်စုံတစ်ယောက်၏ရင်ဘတ်နှင့် ဝင်တိုက်မိသွားသည်။ သူ့အကြောများ ရုတ်တရက် တောင့်တင်းသွားသည်။ ရှောင်ယန် ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လိုက်သည့်အခါ ညင်သာနေသော်လည်း ဘာကိုမျှအဖက်မလုပ်သည့် ဟာနယ် ဘာတွန်၏မျက်နှာကို မြင်လိုက်ရလေသည်။ ခန္ဓာကိုယ်ကို ဘာတွေပဲ လာတိုက်တိုက် ခြေတစ်လှမ်းတောင် တုန်လှုပ်မသွားနိုင်သည့်အလားပင်။ "တံခါးကို ဖွင့်လိုက်" တိုတောင်းသည့် အမိန့်ပေးသံတစ်ခု။ ရှောင်ယန်လုပ်နိုင်မည်ဟု သူ တပ်အပ်ယုံကြည်နေသကဲ့သို့ပင်။ "ဟုတ်ကဲ့ပါ... ကိုလိုနယ်" သေလေ ခင်ဗျားက ဖွင့်လို့ပြောလို့ ကျွန်တော်က ချက်ချင်း ဖွင့်နိုင်သွားရောလား။ အင်း ကျွန်တော်လည်း အဲဒါကို ဖွင့်ချင်တာပေါ့ ဒါပေမဲ့ ဖွင့်နိုင်တဲ့ အရည်အချင်း ရှိ မရှိက တပ်အပ်ပြောလို့ မရဘူးလေ။ အဲဒီလေယာဉ်ထဲမှာ စီနီယာအလုပ်သင်တွေ ဒီလောက်အများကြီး ရှိတာကို ဘာလို့ အားလုံးထဲမှာမှ ကျွန်တော့်ကို ဆွဲခေါ်ခဲ့ရတာလဲ အား...။ သူ့နှလုံးသားထဲမှာ အဆုံးမသတ်နိုင်တဲ့ စောဒကတွေ ရှိနေသော်လည်း ရှောင်ယန် မျက်နှာပေါ်တွင် တစ်ချက်ကလေးတောင် မကျေနပ်ပုံ မပြရဲချေ။ တကယ်တော့ သူ တုန်တောင် တုန်နေမိသည်။ သူ့ကိုယ်သူ အားမွေးပြီး တံခါးရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူ တံခါးကို သေသေချာချာ စစ်ဆေးကြည့်တော့သည်။ "လွန်ခဲ့တဲ့နှစ် ၂၀၀ တုန်းက ဒါကို ကိန်းဂဏန်းလျှို့ဝှက်နံပါတ်နဲ့ အဖွင့်အပိတ်လုပ်တယ် ထင်တယ်။ ဒါပေမဲ့ အခု လျှပ်စစ်က ပြတ်တောက်‌နေတယ်လေ။ ဒါကိုဖွင့်ဖို့ဆိုရင် လျှပ်စစ်အားတစ်ခုနဲ့ သူနဲ့ ချိတ်ပေးမှ ရမယ်။ ခင်ဗျားတို့မှာ ကြိုးမဲ့တာမီနယ်တစ်ခုနဲ့ လျှပ်စစ်ပေးနိုင်တဲ့ ယူနစ်တစ်ခု ပါကြလား" "အင်း" မာ့ခ် ရှောင်ယန့်ကို အိတ်တစ်အိတ် ပစ်ပေးလိုက်သည်။ "ဒါက သေသွားတဲ့ နည်းပညာစစ်သား ၂ယောက် ချန်ထားသွားတဲ့ဟာ။ သူတို့တွေ ဆွဲဖြဲခံရပြီး ကျန်တာဆိုလို့ သူတို့အရိုးတွေနဲ့ ဒီအိတ်ပဲရှိတယ်။ မင်းလိုချင်တဲ့ပစ္စည်းတွေက အဲဒီထဲမှာ ရှိနေလောက်တယ်။" ရှောင်ယန် ချွေးပြန်သွားသည်။ ဘာလို့ မာ့ခ်က သူ့ကို အသေးစိတ် ကွက်ကွက်ကွင်းကွင်း ရှင်းပြရတာလဲဆိုသည်ကို သူနားမလည်ပေ။ စစ်သား ၂ ယောက်ရဲ့ နောက်ဆုံးထွက်သက်ကို သူ တစ်စက်ကလေးမှ စိတ်မဝင်စားပါ။ ထင်တဲ့အတိုင်းပဲ။ အိတ်ကိုဖွင့်လိုက်သည့်အခါ ဒီမစ်ရှင်အတွက် တကူးတကပြင်ဆင်လာသည့် လျှပ်စစ်ရင်းမြစ်တစ်ခုနှင့် ကြိုးမဲ့တာမီနယ်တို့ကို ရှောင်ယန် တွေ့လိုက်ရသည်။ စက်များကို တစ်ချက် စစ်ဆေးကြည့်ပြီးသောအခါ ပါဝါပေါက်ထိုးရမည့်နေရာကို ရှောင်ယန် ရေးရေးလေး မြင်ယောင်လာသည်။ မာခ့်တွင် အမှန်တကယ်ပဲ စူပါလူသားတစ်ယောက်၏ ခွန်အားမျိုး ရှိနေသည်။ သူသည် ရှေးဟောင်း လျှပ်စစ်ဝါယာကြိုးများကို ဖော်ကြည့်ရန်အတွက် သိုလှောင်ခန်းတံခါးမှ သံပြားကို ဆွဲဖြဲပစ်လိုက်သည်။ ထို့နောက်တွင် ရှောင်ယန်သည် ကိရိယာများဖြင့် ဝါယာကြိုးများကို ဖြုတ်ချလိုက်ပြီး ပြင်ပလျှပ်စစ်ရင်းမြစ်နှင့် ဂရုတစိုက် ချိတ်ဆက်လိုက်သည်။ "ဟေး မင်း ဒါတွေကို အကယ်ဒမီမှာ သင်ရတာလား" ရှောင်ယန် ဘာလို့ ဒီလိုမျိုး ရှေးဟောင်း ပါဝါစနစ်တစ်ခုကို ကောင်းကောင်းလုပ်တတ်နေရသလဲဆိုသည်ကို ခေါင်းဆောင်ဝှိုက် သိချင်မိသည်။ "ဘယ်ဟုတ်မလဲ။ စာကြည့်တိုက်က သမိုင်းစာအုပ်တွေမှာ ဒါမျိုးကို မကြာခဏ မြင်ဖူးနေလို့လေ။ ဒါပေမဲ့ နှစ်တွေကလဲ အရမ်းကြာပြီဆိုတော့ ဒီတံခါးကို ပါဝါရင်းမြစ်တစ်ခုနဲ့ ချိတ်ဆက်ပေးတာတောင် ပွင့်လာ မလာကို ကျွန်တော်လဲ သေချာ မပြောနိုင်ဘူး။ အခု လုပ်စရာဆိုလို့ တာမီနယ်နဲ့ တံခါးလျှို့ဝှက်နံပါတ်ကို စမ်းကြည့်ဖို့ပဲ" ရှောင်ယန် တံခါးမှ လျှို့ဝှက်နံပါတ် အာရုံခံကိရိယာနှင့် ကြိုးမဲ့ တာမီနယ်ကို ချိတ်ဆက်ကာ စတင် တွက်ချက်လေတော့သည်။ "ကျွန်တော်တို့တွေ လျှို့ဝှက်နံပါတ် ရသွားပြီ" ရှောင်ယန်က နံပါတ်တွေကို ဖတ်ပြပြီး မာ့ခ်က သိုလှောင်ခန်းပဲ့ကိုင်ကို လှည့်လေသည်။ ပထမတစ်ချက် ကျွီခနဲ မြည်သွားပြီးနောက်တွင် ဖုန်လိပ်များ ထွက်လာသည်။ နှစ်ပေါင်းကြာရှည်စွာ အနှောင့်အယှက်မခံရသည့် အချိန်ဟောင်းတစ်ခုအား တိတ်တဆိတ် ခဝါချလိုက်သလိုပင်။


တံခါး၏အခြားတစ်ဖက်သည် တွင်းမဲတစ်ခုအလားပင်။ အလင်းလွှင့်မီး အထဲသို့ ပျံဝင်သွားသောအခါ နေရာတစ်ခုလုံး လင်းထိန်သွားလေသည်။ ပထမဆုံးဝင်သွားသူမှာ မာ့ခ် ဖြစ်သည်။ ခေါင်းဆောင်ဝှိုက်သည် ဝင်ရန် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် သူလည်း မာ့ခ်အနောက်ကနေ စတိုခန်းထဲသို့ လိုက်ပါသွားလေသည်။ ဟာနယ်သည် ရှောင်ယန့်ကို အေးစက်စွာဖြင့် တစ်ချက်ကြည့်လိုက်သောအခါ ရှောင်ယန် ကျောပိုးအိတ်ကို အမြန်မပြီး သူ့နောက်မှ လိုက်သွားခဲ့သည်။ စတိုခန်းထဲတွင် သံဗူးများ မရေမတွက်နိုင်အောင် ရှိနေသည်။ ဟာနယ်သည် ဗူးများကို စကန်နာနှင့် တစ်ချက် စကန်ကြည့်လိုက်ပြီး မာ့ခ်ကို ခေါင်းညိတ်ပြလိုက်သည်။ ဤသံဗူးများထဲတွင် ယူရေနီယမ်ကုန်ကြမ်း၏ တည်ငြိမ်မှုကို သေချာစေသည့် အထူးစက်တစ်မျိုး ရှိနေသည်။ ထိုအရာကြောင့်ပင် ဗူးများသည် နေရာတွင်သာ မြဲနေပြီး မ၍မရပေ။ "ဟေး နည်းပညာစစ်သားတွေ တစ်ခုခု လုပ်ကြအုံး" 

သူ့အပေါ် လာရိုက်တော့မည့် မာ့ခ်၏လက်ကို မြင်လိုက်သည့်အခါ ရှောင်ယန် အမြန် ဘေးသို့ ယိမ်းချလိုက်သည်။ သူသာ အဲဒီလူ၏အရိုက်ကို ခံရလိုက်လျှင် သေချာပေါက် ကျောရိုး ကျိုးသွားလိမ့်မည်။ သို့သော် ထိုကဲ့သို့လုပ်ဆောင်လိုက်ခြင်းကြောင့် သူ ဟာနယ် ဘာတွန်၏ရင်ဘတ်ဆီသို့ တစ်ဖန်ပြန်တိုးဝှေ့မိမည်ဟု ရှောင်ယန်တွေးမထားမိခဲ့ပါ။ အရင်တုန်းကအတိုင်းပင်။ ဟာနယ်သည် တစ်ချက်ကလေးတောင် ယိမ်းမသွားခဲ့ပါ။ 

မတ်စောက်သည့် ချောက်ကမ်းပါးတစ်ခုနှင့် ဝင်တိုက်မိသည်ဟု ရှောင်ယန် ခံစားလိုက်မိသည်။ နောက်သို့ ပြန်လှည့်မကြည့်ရဲဘဲ ရှောင်ယန် သူ့အနောက်ရှိလူ၏ဘေးသို့ အမြန် တိမ်းရှောင်လိုက်သည်။ "ဟေး နည်းပညာစစ်သား မင်း ငါတို့ဘော့စ်ကို ကြိုက်နေတာလား။ ဘာလို့ ဘော့စ်ရင်ဘတ်ကို အမြဲ ဝင်,ဝင်တိုက်နေတာလဲ" မာ့ခ်သည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း ရှောင်ယန်ဆီသို့ လျှောက်လာနေလေသည်။ "မ-မဟုတ်ပါဘူး....." ရှောင်ယန်သည် သူ့ခေါင်းကို အမြန် အမြန် ရမ်းခါပြလိုက်သည်။ ဟာနယ်ဘာတွန်လိုလူမျိုးကို သဘောကျတာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ ဘာမှ မကွာခြားဘူး။ X ဗိုင်းရပ်စ်သည် အထူးတပ်ဖွဲ့၏ ကာယစွမ်းအားနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းကိုသာ မြှင့်တင်ပေးခဲ့သည် မဟုတ်ပါ။ ၎င်းသည် တခြားသူတစ်ယောက်ကို အိပ်ရာပေါ်တွင် သတိလစ်သွားစေနိုင်လောက်သည်အထိ ကူးစက်ခံရသူ၏သက်လုံကိုလည်း တိုးမြှင့်ပေးထားသည်.... လွန်ခဲ့တဲ့ ၂၁ နှစ်က အထူးတာဝန်တပ်ဖွဲ့အတွင်းတွင် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်သွားခဲ့သေးသည်။ တစ်နှစ်ပတ်လုံး ပြင်ပစခန်းတွင် အစောင့်ချခံရသည့် အထူးတပ်ဖွဲ့စစ်သားတစ်ယောက် ချားလ်စ်သို့ ပြန်အရောက် သူ့ချစ်သူနှင့် ပြန်လည်ဆုံစည်းချိန်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ စစ်သားသည် သူ့ချစ်သူကို ပြင်းပြင်းထန်ထန် ပြင်းပြသဖြင့် အိပ်ရာပေါ်တွင် အသိစိတ်လွတ်သွားခဲ့သောကြောင့် သူ့ချစ်သူသည် နှစ်ယောက်သားယှက်နွှယ်နေခိုက်တွင် နှလုံးဖောက်သွားခဲ့သည်။ အလောင်းဆေးစစ်ချက်အဖြေအရ သူ့ချစ်သူသည် အလွန်အမင်းကြာမြင့်သည့် အော်ဂဇင်မှ မွန်းကြပ်မှုကို ခံစားလိုက်ရခြင်းအပြင် နံရိုးများနှင့် ဘယ်ဘက်လက် ကျိုးသွားပြီး ခြေထောက် ၂ ဘက်လုံးသည်လည်း အဆစ်လွဲသွားခဲ့ရသည်။ အတိုချုံးပြောရလျှင် အထူးတပ်ဖွဲ့စစ်သားတစ်ယောက်နှင့် ကိုယ်ချင်းယှက်နွှယ်ရသည်မှာ အလွန်အမင်း အကျိုးဆက် ဆိုးရွားလွန်းလှသည်။ ထိုဖြစ်ရပ်မှစကာ ဗဟိုသိပ္ပံအကယ်ဒမီသည် ထိုကိစ္စရပ်ကို ဖြေရှင်းရန် ကြိုးစားပါသော်လည်း ပေးဆပ်ရမည့်တန်ကြေးမှာ အထူးတာဝန်တပ်ဖွဲ့ဝင်များ၏ တိုက်ရည်ခိုက်ရည်များ နိမ့်ကျသွားနိုင်ခြင်း ဖြစ်နေသည်။ ထိုအရာသည် လက်ခံနိုင်ဖွယ် မရှိသဖြင့် စစ်တပ်ဘက်မှ အထူးတပ်ဖွဲ့ဝင်များအား သာမန်စစ်သားများနှင့် ကာမဆက်ဆံရေး မပြုရန် တားမြစ်ချက်ကိုသာ ထုတ်ပြန်နိုင်ခဲ့တော့သည်။ သို့သော် ထုတ်ပြန်ချိန် နှစ်အနည်းငယ်တွင်သာ တင်းတင်းကြပ်ကြပ် လိုက်နာခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် ထိုတားမြစ်ချက်သည်လည်း စာရွက်သာသာမျှသာ ရှိပေတော့သည်။အထူးတပ်ဖွဲ့ဝင်အတွင်းတွင် ကျား/မ အချိုးမှာ အမျိုးသား အယောက် ၂၀ တွင် အမျိုးသမီး ၁ ယောက်သာ ရှိနေတော့သောကြောင့် ဖြစ်သည်။ ဤစစ်သားများသည်လည်း သူတို့၏ ဇီဝလိုအပ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်သည် မဟုတ်ပါလား။ သာမန်စစ်သားများအတွက် အထူးတပ်ဖွဲ့ဝင်စစ်သားများနှင့် ကာမဆက်ဆံရခြင်းသည် မူးယစ်ဆေးကဲ့သို့ ဆေးစွဲလေသည်။ အန္တရာယ်ကို သိထားသော်လည်း မီးကိုဝင်တိုးသည့် ပိုးဖလံကဲ့သို့ အထူးတပ်ဖွဲ့ဝင်စစ်သားများ၏ ဆွဲဆောင်မှုအောက်တွင် မျောပါသွားကြမြဲပင်။ စီနီယာတစ်ယောက် သူမနှင့် အထူးတပ်ဖွဲ့ဝင်စစ်သားတစ်ဦး၏ အတွေ့အကြုံကို ဖော်ပြနေသည်ကို ရှောင်ယန် နားစွန်နားဖျား ကြားဖူးထားသည်။ ခန္ဓာကိုယ်ချင်း မထိတွေ့သေးခင်ကတင် တခြားသူ၏ စူးရှသည့်အကြည့်အောက်တွင် သူမ ရမ္မက်ဇောများ တက်သွားသည်တဲ့။ သူ သူမကို နမ်းလိုက်တဲ့အချိန်တွင် အနမ်းတစ်ခုတည်းမှာ တစ်ကိုယ်လုံး နစ်မြှုပ်သွားတာမျိုးကို ဘဝမှာ ပထမဆုံး တွေ့ကြုံလိုက်ရတာပဲတဲ့။ ဒီလိုမျိုး သတိလွတ်သွားတဲ့ အတွေ့အကြုံမျိုးကို တခြားဘယ်ယောကျ်ားနဲ့မှ မကြုံခဲ့ဖူးတဲ့။ အင်း သူ့ကောင်လေးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း အရမ်းကောင်းလို့ ကံကောင်းသွားတာပေါ့။ သို့သော် ရှောင်ယန့်အတွက်တော့ မဟုတ်ပါ။ သူ့တွင် စိတ်လှုပ်ရှားစရာ ချောက်ချားစရာနောက်ကို လိုက်ပါချင်သည့်စိတ် တစ်ခါမှ မရှိဖူးပါ။


သိချင်စိတ် အနည်းငယ် ပြင်းပြမိသည်မှ လွဲ၍ သူ့နှလုံးသားအတွင်းထဲမှနေ သူအမြဲတမ်းလိုချင်မိသည်က ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာ ဖြတ်သန်းချင်ရုံပင်။ သို့သော် သိချင်စိတ်သည် အန္တရာယ်များသည်ကို သူ သိသဖြင့် တစ်ခါမျှ ကြိုးစားဖို့ စိတ်မကူးခဲ့ပါ။ ထို့အပြင် သူ့စိတ်သည် သူ၏ ချောမောလှသော အတန်းဖော် လီလီဆီတွင်သာ ရှိနေတုန်းပင်။ တခြားသူတစ်ယောက်ကို သူ သေပေးနိုင်သည်အထိ ကြိုက်မိသွားခဲ့မည်ဆိုလျှင်လည်း ထိုသူသည် သေချာပေါက် လီလီပင် ဖြစ်လိမ့်မည်။ ဟာနယ် ဘာတွန်သည် သေချာပေါက် သူ့အတွက် အိပ်မက်ဆိုးသာ ဖြစ်သည်။ နေပါဦး။ ဒါနဲ့ ဟာနယ် ဘာတွန်နဲ့က ဘာဆိုင်လို့လဲ။ သူ အထူးတပ်ဖွဲ့ဝင်စစ်သားတစ်ယောက်နဲ့ ရင်ခုန်ချင်တယ်ဆိုရင်လည်း ရိဗ့်လိုမျိုး အချောအလှနဲ့ ရင်ခုန်ရမှာပေါ့ ဟာနယ် ဘာတွန် ဖြစ်မလား။ "မဟုတ်ဘူးဆိုရင်လဲ ဒီဗူးတွေကို မြန်မြန်ရှင်းပေးလေ" မာ့ခ်၏ လက်ဆစ်များ ချိုးနေသည့်အသံကိုကြားတော့ ရှောင်ယန် လှည့်ကြည့်လိုက်မိသည်။ သူ နောက်လှည့်ကြည့်လိုက်သည့်အခါ ဟာနယ် ခပ်တည်တည် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဟာနယ်သည် သူ့ရင်ဘတ်ပေါ်ကို ဆက်တိုက် ပုတ်နေသည်။ ရှောင်ယန်သည် အခန်းထဲမှာရှိသည့် ဖုန်တွေမျှလောက် အရေးမပါသည့်နှယ်။ သူ အသတ်မခံချင်ဘူးဆိုလျှင် လက်ထဲရှိ ပြဿနာကို အမြန် ဖြေရှင်းပေးဖို့ လိုအပ်သည်။ ရှောင်ယန် ချက်ချင်း မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သံဗူးများကို နေရာမရွေ့စေသည့်စက်ကို စတင်စစ်ဆေးလေတော့သည်။ အားလုံးကို စကန်ဖတ်ကြည့်လိုက်သည့်အခါ ယူရေနီယမ် ကုန်ကြမ်းများကို တည်ငြိမ်စေသည့် အထူးစက်များသည် ဖယ်ရှား၍ရနိုင်ပြီး သံဗူးများသည်လည်း ထားစရာနေရာသက်သက်အဖြစ်သာ အသုံးပြုထားသည်ကို သူ အတည်ပြုနိုင်လိုက်သည်။ သံဗူးနေရာမရွှေ့စေသည့် အထူးစက်ကို ပါဝါရင်းမြစ်တစ်ခုနှင့် ချိတ်ဆက်လိုက်ပြီး ဖယ်ရှားနည်းကို စမ်းသပ်လုပ်ဆောင်ကြည့်ရန် ပြင်ဆင်လိုက်လေသည်။ အနည်းငယ် စူးစမ်းကြည့်ပြီးသည့်အခါတွင် နောက်ဆုံးတွင် နည်းတစ်နည်း တွေ့ရှိသွားခဲ့သည်။ " မကြာခင် ပြီးတော့မှာပါ" အခုတလော ရှောင်ယန် သိပ်ကံမကောင်းဘူးနှင့် တူသည်။ တစ်မျိုးပြောရလျှင် သူ တကယ် ဆိုးဆိုးဝါးဝါး ကံမကောင်းနေသည်.... အကြာကြီး ဆောင့်ကြောင့်ထိုင်ထားရသဖြင့် ညောင်းညာလာသောကြောင့် ဘေးတိုက်ရပ်ကြည့်ရန် ကြိုးစားလိုက်ရာ ပြေလျော့နေသည့် အသက်ရှူစက်သည် သူ့မျက်နှာမှ လျှောကျသွားလေသည်။ သတိပေးချက်တောင် မရှိဘဲ သူ၏နှုတ်ခမ်းများသည် နူးညံ့နွေးထွေးသောအရာတစ်ခုနှင့် ပွတ်တိုက်မိသွားသည်။ ထူးခြားသည့် ထိုခံစားချက်ကို အရသာမခံရသေးခင် နောက်တစ်စက္ကန့်တွင် လက်တစ်ခုက သူ့လည်ပင်းကို လာညှစ်ပြီး သူ့တစ်ကိုယ်လုံး လေပေါ် မြောက်သွားသည်။ အားကောင်းသန်မာသည့် လက်ကောက်ဝတ်ကို ရှောင်ယန် ဆွဲကိုင်မိသောအခါမှ သူနှင့် ပွတ်တိုက်သွားသည့် ခုနကအရာမှာ ဟာနယ်၏နှုတ်ခမ်းများ ဖြစ်နေသည်ကို သူ အသိဝင်သွားခဲ့သည်။ သူ၏ ရေခဲတမျှ အေးစက်နေသည့် မျက်လုံးများတွင် လူသတ်ရိပ်များ ခဏတာ ပြည့်နှက်သွားသည်။ ရှောင်ယန်လည်မျိုသည် သူချိုးတာကို ခံရပေတော့မည်... "ဘော့စ် ဘော့စ် ----- ကျွန်တော်တို့ မစ်ရှင် မပြီးသေးဘူး ဒီကောင် သေလို့မရသေးဘူး" ရှောင်ယန်လည်ပင်းကို ဖျစ်ညှစ်ထားသည့် လက်ချောင်းများကို ဆွဲဖွင့်လိုသည့်အလား မာ့ခ် အရှေ့ကို ပြေးလာသည်။ သို့သော် သူလည်း ဟာနယ် ဘာတွန်ရှေ့ ရောက်သွားသောအခါ မထိရဲတော့ပေ။ ရှောင်ယန် အတွင်းမှ ကြိတ်ပြီးအော်ဟစ်မိသည်။ ဒီတစ်ကြိမ်တော့ မာ့ခ်က အကူအညီဖြစ်သား။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment