အပိုင်း ၁၆ မာရာ့တောင်းဆိုချက် ၂ ခု
ထိုအခိုက်အတန့်၌ပင် ဟာနယ်သည် လေယာဉ်၏အောက်ခြေသို့ ရောက်ရှိသွားခဲ့ပြီး သေနတ်သုံးချက်ပစ်လိုက်ရာ သုံးချက်စလုံးက တစ်နေရာတည်းတွင် ထိမှန်သွားကြသည်။ လေယာဉ်၏ညာဘက်ခြမ်း ရုတ်တရက် ထိုးကျသွားကာမှ ဟာနယ်သည် လေယာဉ်ခေါင်းပိုင်းကို ပစ်လိုက်ကြောင်း ရှောင်ယန် သိလိုက်ရသည်။
လေယာဉ်သည် နိမ့်ပြီးရင်းနိမ့်ဆင်းလာရင်းနှင့်ပင် လေဆာဒုံးကျည်များကို ဆက်တိုက်ပစ်ခတ်နေခဲ့သေးသဖြင့် မြေပြင်တစ်ခုလုံး လေပေါ်သို့ မြောက်ကြွသွား၏။ မာ့ခ်သည် ရှောင်ယန်ကို သယ်ပိုးပေးထား၍ တော်သေးသည်။ မဟုတ်လျှင် သူလည်း အပိုင်းပိုင်းအစစ ပြတ်ထွက်သွားမည်ဖြစ်သည်။
ဟာနယ်သည် တစ်စက္ကန့်၏ဆယ်ပုံတစ်ပုံလောက်သာရှိသည့်အချိန်လေးကို အခွင့်ကောင်းယူကာ ရန်သူ၏ညာဘက်အင်ဂျင်အား ပစ်ချလိုက်သည်။ လေယာဉ် မြေကြီးနှင့် မထိခင်တွင် နောက်ခန်းတံခါးပွင့်လာပြီး မီးခိုးရင့်ရောင် အတိုက်အခိုက်ဝတ်စုံများ ဝတ်ဆင်ထားသည့် လူသတ်သမား ၁၀ ယောက်ကျော်ခန့် ခုန်ဆင်းလာကြသည်။
ရှောင်ယန် အသက်ရှူသံများ ရပ်တန့်သွားတော့မလိုပင်။ ဒီရေလှိုင်းအဖွဲ့အစည်းမှ လူသတ်သမားတစ်ယောက်နှင့် ယခုအကြိမ်သည် ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။ ယခင်က ဒီလိုလူမျိုးများကို ချားလ်စ် စန်ထရယ်စကွဲရှိ စခရင်အပြည့်ထုတ်လွှင့်သည့် သတင်းများထဲတွင်သာ ရက်စက်ပြီး သွေးဆာနေသည့်သူများဟု ရှောင်ယန်သိထားခဲ့သည်။ သူတို့သည် ချားလ်စ်အတွင်းသို့ ခိုးဝင်ကာ ရာထူးမြင့် စစ်ဘက်နှင့် နိုင်ငံရေးဘက်မှ အရာရှိများစွာကို လုပ်ကြံသတ်ဖြတ်ဖူးကြသည်။
ထိုလူသတ်သမားများ အောက်သို့ မရောက်သေးခင်ပင် ရိဗ့်က များစွာသော "ငွေတောင်ပံများ"ကို ပစ်လွှတ်လိုက်ပြီးဖြစ်သည်။
သူတို့သည် လေထဲမှာပင် သွက်လက်ကျွမ်းကျင်စွာ ရှောင်ရှားလိုက်ကြပြီး ဓားစိုက်မိသွားရင်တောင် စိုက်မိသည့် အသက်အန္တရာယ်စိုးရိမ်ရသည့် နေရာမျိုး ဟုတ်မနေပေ။
ဟာနယ့်အဖွဲ့တွင် လူ ၈ ယောက်သာ ရှိပြီး ရန်သူ့ဘက်တွင်မူ ဆယ်ယောက်ကျော် ရှိနေလေသည်။
တိုက်ခိုက်ရန် အခက်ခဲဆုံးလူမှာ ဟာနယ်ဖြစ်သည်ကို သူတို့ သဘောပေါက်ကြသည်ထင်သည်။ ဟာနယ့်အား သုံးယောက်တောင် ဝိုင်းရံထားလိုက်လေ၏။ ဟာနယ်နှင့်သူ့အဖွဲ့သားများ ဤလူသတ်သမားများကို မြန်နိုင်သမျှမြန်မြန် မရှင်းပစ်နိုင်ပါက နောက်ထပ် လူထပ်သမားများ သိပ်မကြာခင်တွင် ထပ်ရောက်လာကြလိမ့်ဦးမည်။
"မာရာ မင်းရယ် မာခ့်ရယ် ရိဗ့်ရယ် ရှောင်ယန့်ကို ခေါ်သွားပြီး ဒီကနေ ဖောက်ထွက်သွားကြ"
ဟာနယ့်အမိန့်ကို ကြားလိုက်သည့်အခါ မာရာသည် ရှောင်ယန့်အား သူ့ပခုံးပေါ်တွင် မဆိုင်းမတွ တင်ချလိုက်သည်။ တခြားလက်တစ်ဖက်တွင် ဓားကိုင်ထားလျက်နှင့် ရန်သူ့တိုက်ခိုက်မှုများကို ခုခံကာ ပလက်ဖောင်း ၄၇ ရှိရာသို့ ဘေးမှ မာ့ခ်နှင့်ရိဗ့်တို့က လိုက်ပါလာကြရင်း တစ်ဟုန်ထိုး ပြေးသွားခဲ့သည်။
သူတို့တွေ ဝေးသထက် ပိုဝေးလာကြပြီး ရှောင်ယန် နောက်ဆုံးမြင်လိုက်ရသည်မှာ ဟာနယ့်ဓားက လူသတ်သမားရင်ဘတ်ကို ထိုးဖောက်သွားသည်ကိုပင်။ ထို့နောက် ဟာနယ်သည် ကိုယ်ကိုလှည့်ချလိုက်ပြီး တခြားလူသတ်သမားတစ်ယောက်ကို ကန်ထုတ်လိုက်သည်။
"ကျွန်တော်တို့တွေ ဒီအတိုင်းပဲ ထွက်သွားကြတော့မှာလား"
မာရာ ရယ်လိုက်သည်။ "အရူး သူက ဟာနယ် ဘာတွန်ကွ။ သူ့ကိုသတ်နိုင်တဲ့သူ ဒီကမ္ဘာပေါ်မှာ မမွေးသေးဘူး"
နောက်ဆုံးတွင် သူတို့သည် တောအုပ်ဧရိယာတစ်ခုသို့ ဝင်လာခဲ့ကြသည်။ မာရာ့ပခုံးများ တောင့်တင်းသွားသည်ကို ရှောင်ယန် သတိထားမိလိုက်သည်။
အပေါ်မှနေ အေးစက်သည့်အလင်းတန်းတစ်ခု လင်းကျလာပြီး ထူထဲသည့် သစ်ကိုင်း သစ်ရွက်များကြားမှ လူသတ်သမား ၄ ဦး ခုန်ဆင်းလာကြသည်။
မာခ့်သည် အနောက်သို့လှည့်ကာ လူသတ်သမား ၂ ယောက်ကို ကာထားလိုက်သည်။ ရိဗ့်ကတော့မူ ချက်ချင်းပင် "ငွေတောင်ပံ" များကို ပစ်လွှတ်လိုက်ပြီး ဓားတစ်ချောင်းထုတ်ကာ ရှုပ်ထွေး မြန်ဆန်သည့် တိုက်ကွက်များကို တစ်ရှိန်ထိုး ပုံဖော်လိုက်ပြီး သူတို့အား မာရာနှင့် မြန်မြန်ဝေးသွားအောင် လုပ်လိုက်သည်။
နောက်ထပ် လူသတ်သမား ၂ ယောက် ထပ်ပေါ်လာပြီး ရှောင်ယန့်နှင့်အဖွဲ့အား တိုက်ခိုက်ရန် ဝန်းရံလာကြ၏။
ဒီရေလှိုင်းမှလူသတ်သမားများသည် သူတို့ ပလက်ဖောင်း ၄၇ ကို ပြေးလာမည်ဆိုသည်ကို ခန့်မှန်းထားသည် ထင်သည်။ ဒါကြောင့်မို့လည်း ဒီမှာ စောင့်ဆိုင်းနေကြသည် မဟုတ်လား။
"ငါ မင်းကို ခဏချထားမယ်၊ ဒါပေမဲ့ မင်း ငါနဲ့ နီးနီးကပ်ကပ် နေပါ့မယ်လို့ ငါ့ကို ကတိပေး" မာရာ့အသံသည် တိုးတိတ်နေပြီး ပုံမှန်စနောက်နေကျအသံမျိုး ပါမနေပေ။
ရှောင်ယန် တံတွေးများ မျိုချမိသွားသည်။ သူ့တွင် သေရေး ရှင်ရေးကို တွေးနေရန် အချိန်မရှိပေ။ ဒီတစ်ခေါက် သူ တကယ်ပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်လာပြီဆိုတာကို သိလိုက်ရသည်။ သို့သော် အဆင့် ၃ ဇာတ်ကားများထဲလို " ငါ့ကို မစိုးရိမ်နဲ့ ။ မင်းတို့သာ လွတ်အောင်ပြေးကြ" ဟူ၍လည်း သူ မပြောနိုင်ပေ။ ထိုကဲ့သို့လုပ်လိုက်လျှင် သူ သေချာပေါက် အသေဆိုးနှင့် သေသွားမည် ဖြစ်သည်။
လူသတ်သမားတစ်ယောက်က သူ့ခါးမှနေ သေနတ်တစ်လက်ကို ထုတ်ချလိုက်သည်။ လူအချင်းချင်း ထိပ်တိုက်တွေ့သည့်အခါ သေနတ်များသည် အကျိုးသက်ရောက်မှုအရှိဆုံး လက်နက်များ ဖြစ်သည်။
ထိုလူသည် သေနတ်ကို ဆက်တိုက် ပစ်ချလိုက်သည်။ မာရာ့လှုပ်ရှားမှုများသည် အံ့အားသင့်စရာကောင်းလောက်အောင်ကို မြန်ဆန်နေသည်။ တစ်ခဏတွင် သူသည် ရှောင်ယန့်ခေါင်းကို ဖိချလိုက်ပြီး နောက်တစ်ခဏတွင် ရှောင်ယန့်ပခုံးကို ဆွဲကာ သူ့အား တခြားအရပ်တစ်ခုသို့ တွန်းပစ်လိုက်သည်။ ရှောင်ယန် သူ့ကိုယ်သူ မြေကြီးပေါ် လဲကျတော့မည်ဟု တွေးနေတုန်းမှာပင် မာရာသည် ရှောင်ယန့်အား ပြန်၍ ဆွဲမသွားပြန်လေသည်။
ဖျတ်ခနဲနှင့် မာရာသည် "ငွေတောင်ပံများ"ကို ပစ်လွှတ်လိုက်ရာ ရန်သူ့သေနတ်ပြောင်းဝကို အခက်တွေ့စေသည့်ထောင့်တစ်ခုနှင့် ဖြတ်ထုတ်ပစ်လိုက်ပြီး ထိုမှတစ်ဆင့် ရန်သူ့မေးစေ့သို့ ပြန်ကန်ထွက်သွားလေသည်။
"အား--" ထိုလူက သူ့မေးစေ့ကို လက်နှင့် ကာချလိုက်သည်။ သိပ်မကြာခင်တွင် သွေးထွက်တာ သိပ်သွားပြီး အနာလည်း ကျက်သွားလေသည်။
ဒီရေလှိုင်းလူသတ်သမားများသည်လည်း X ဗိုင်းရပ်စ်ကို အသုံးပြုသည်နှင့်တူသည်။
"ငါတို့ ဒီမှာ နေခဲ့မယ်၊ နင် ရှောင်ယန်နဲ့အတူ ပလက်ဖောင်းဆီ အမြန်သွားလိုက်တော့။ ငါတို့မှာ လေယာဉ်တစ်ခု ရလာရင် အားလုံးလွယ်သွားလိမ့်မယ်"
ရိဗ့် တည်ငြိမ်စွာဖြင့် ပြောလာပြီး မာ့ခ်ကလည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။
မာရာ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ရှောင်ယန့်ကို သူ့လက်မောင်းဖြင့် ဆွဲကိုင်ကာ ကြိုးကို ပစ်လွှတ်လိုက်ပြီး လျှပ်စီးတစ်ခုကဲ့သို့ လှစ်ခနဲ ထွက်သွားလေသည်။
"အစတုန်းက ကိုယ် မင်းကို ခေါ်ပြီး မြို့ထဲက အဆောက်အအုံတွေကြားမှာ ကူးသွားချင်ခဲ့တာ ကြည့်ပါလား နောက်ဆုံးတော့လည်း မင်းကို ကိုယ်နဲ့အတူ ခေါ်လာရတာပဲ" မာရာ နောက်ပြောင်လိုက်သည်။ သို့သော် မျက်လုံးများက ပြုံးမနေပေ။
ငွေတောင်ပံများနှင့်ဆင်တူသည့် လက်နက်မည်းများစွာ လေကို ဖြတ်ခွင်း၍ မာရာ့နောက်ကျောအား တိုက်ခိုက်လာကြသည်။
"သတိထား--" ရှောင်ယန် အော်လိုက်မိသည်။
မာရာ့လက်ကောက်ဝတ်က ကြိုးပေါ်တွင် လည်သွားသည်။ ကြိုးပြတ်သွားပြီး မာရာသည် သစ်ပင် ပင်စည်တစ်ခုကို ကန်ထုတ်ကာ တခြားကြိုးတစ်ခုကို အဝေးသို့ ပစ်ထုတ်လိုက်သည်။
သူတို့နောက်သို့ လူသတ်သမားတစ်ယောက် လိုက်လာသည်။
"ဘိုင်..." မာရာသည် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ရှောင်ယန့်အား တောအုပ်ထဲသို့ ဆွဲခေါ်သွားလေသည်။
သူတို့နောက်သို့ တစ်သဝေမသိမ်း လိုက်လာနေသည့် လူသတ်သမားသည် ရုတ်တရက် တစ်ခုခုနှင့် ဝင်တိုက်မိသွားကာ သူ့ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်ထွက်သွားလေသည်။ နေရောင်အောက်တွင် သွေးရောင်လွှမ်းသွားသည့် ကြိုးများကို ရှောင်ယန် မြင်လိုက်မိသလိုပင်။
ထိုအရာသည် မာရာ၏ ထူးခြားလက်နက် ဖြစ်သည်။
"ကိုယ့်ကို အတော်လေးကြည့်ကောင်းသွားတယ်လို့ မင်း ထင်လိုက်တယ်မလား" မာရာ မျက်လုံးမှိတ်ပြလိုက်သည်။
"ခင်ဗျားက တော်တော်ခန့်တယ်" ရှောင်ယန် ရိဗ့်ကို အတုခိုးပြီး မျက်လုံးတစ်ပတ်လည်ပြလိုက်သည်။ သို့သော် မာရာ့အပေါ်လေးစားမှုများသည် သင်္ချာထပ်ညွှန်းကိန်းတစ်ခုလို ဆတိုး၍ မြင့်တက်သွားလေသည်။
လမ်းတစ်လျှောက်တွင် မာရာသည် ဇွန်ဘီးများစွာနှင့် ရင်ဆိုင်ရလေသည်။ သာမန် လယ်ဗယ် ဇီးရိုး ဇွန်ဘီးများသာဖြစ်ကြ၍ မာရာသည် သူတို့အား အလွယ်လေး ရှင်းထုတ်နိုင်ခဲ့သည်။ အဆုံးတွင် ပလက်ဖောင်း ၄၇ သည် သူတို့မျက်စိရှေ့တွင် ပေါ်လာလေတော့သည်။
မာရာ ရပ်တန့်သွားပြီး မျက်မှောင်ကြုံ့မိသွားသည်။
အနည်းဆုံး ပလက်ဖောင်း၏ ငါးပုံတစ်ပုံခန့်သည် ဖောက်ခွဲခံထားရပြီး သိပ်မကြာခင်ကမှ အတိုက်ခိုက်ခံထားရမှန်းလည်း သိသာနေသည်။
"ပလက်ဖောင်း ၄၇ မှာ လေယာဉ်တွေ ရှိနေဦးမယ်လို့ ငါတော့မထင်ဘူး ရှိနေသေးရင်တောင် သုံးလို့ မရလောက်တော့ဘူး"
"ဟား..." မာရာ သူ့မျက်လုံးများကို မှိတ်ချလိုက်ပြီးနောက် မျက်နှာတွင် စိတ်ရှုပ်သည့်အမူအရာတစ်ခု ထင်ပေါ်နေသည်။ "ဒါပေမဲ့ ငါ့မစ်ရှင်က ပလက်ဖောင်းထဲကို ဝင်ပြီး လေယာဉ်တစ်ခု ရှာဖို့ပဲ"
"...ဇွန်ဘီတွေ ပလက်ဖောင်းထဲ ဝင်သွားတာကို ကျွန်တော်တွေ့လိုက်တယ်..." ရှောင်ယန်လည်း မျက်နှာမကောင်းပေ။
"အဲဒီမှာရှိနေတဲ့ တာမီနယ်က လုံးလုံးကြီးတော့ ရပ်နေသေးမှာ မဟုတ်လောက်ဘူး ငါတို့တွေ အဲဒီကနေတစ်ဆင့် စခန်း ၂ ကို ဆက်သွယ်ပြီး သူတို့ကို လေယာဉ်တစ်စီးလွှတ်ပေးဖို့ ပြောလို့ရလောက်မယ်"
"ဟုတ်ပြီလေ" ရှောင်ယန် ခေါင်းညိတ်ပြလိုက်သည်။
" ငါ မင်းကိုလဲ အထဲကို ခေါ်သွားရမယ်။ ကိုလိုနယ်ရဲ့အမိန့်က မင်းကို ငါနဲ့ အတူခေါ်သွားဖို့ပဲ မင်း အသေကောင်ဖြစ်နေခဲ့ရင်တောင် မင်းကို ငါနဲ့အတူ ခေါ်သွားရမယ်" မာရာ သူ့ခေါင်းကို အနည်းငယ်ငုံ့ချလိုက်သည်။
ရှောင်ယန် အံ့အားသင့်သွားသည်။ စစ်သားတစ်ယောက်၏ အမိန့်ကို တစ်သဝေမတိမ်းလိုက်နာမှုကို သူ အခုမှ ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးမိသွားသည်။
"ဟုတ်ပြီလေ၊ ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ် ကျွန်တော် ဒီမှာ နေနေခဲ့ရင်လဲ လူသတ်သမား သတ်တာ ခံရရင်ခံ မဟုတ်ရင် ဇွန်ဘီစားတာ ခံရမှာပဲ"
"ကိုယ် မင်းကို ကာကွယ်ပေးမှာပါ ရှောင်ယန်" မာရာ ရယ်ပြီး ရှောင်ယန့်ပခုံးပေါ် သူ့လက်မောင်းများ တင်လိုက်သည်။ "ဒီတစ်ခေါက် ကိုယ်တို့တွေ ချားလ်စ်ကို အသက်ရှင်လျက်နဲ့ ပြန်ရောက်သွားခဲ့ရင် မင်း ကိုယ်နဲ့ အိပ်ချင်လား"
"ကျွန်တော့်ကို ကာကွယ်ပေးမနေပါနဲ့တော့"
"ကိုယ်နဲ့ နီးနီးကပ်ကပ်နေ"
မာရာသည် ရှောင်ယန့်အား ပွေ့ချီကာ ပလက်ဖောင်းအတွင်းသို့ မြန်နိုင်သမျှမြန်မြန် တစ်ဟုန်ထိုး ပြေးသွားလေသည်။
ဇွန်ဘီများ ခုန်ပျံလာပြီး သူတို့နှစ်ယောက်ကို လဲကျစေရန် ကြိုးစားကြပါသော်လည်း မာရာသည့် ဓားကို အလျားလိုက် လွှဲချလိုက်ပြီး ဇွန်ဘီများကို နှစ်ပိုင်း ပိုင်းချလိုက်သည်။ ပလက်ဖောင်းအစွန်ကို ရောက်လာတော့မှ မာရာသည် ရှောင်ယန့်အား အောက်သို့ချပေးလေသည်။
ပလက်ဖောင်း၏အဝင်ဝသည် ပိတ်လျက်ရှိနေဆဲပင်။ ထို့ကြောင့် မာရာသည် ရှောင်ယန့်အား ဖောက်ခွဲခံထားရသည့်နေရာမှသာ ခေါ်လာနိုင်သည်။
ဇွန်ဘီ ဆယ်ကောင်ကျော်လောက်ကို မာရာ ရှင်းထုတ်လိုက်ပြီးနောက် သူတို့ ပလက်ဖောင်းအတွင်းသို့ ဝင်သွားကြလေသည်။
ခေါင်မိုး ပွင့်နေပြီး လေယာဉ်အရိပ်အယောင်များ မတွေ့ရပေ။ ဒီတွင် တာဝန်ကျနေသော တပ်ဖွဲ့သည် တိုက်ခိုက်ခံရပြီးနောက် လေယာဉ်များကိုမောင်းပြေးသွားသည်ထင်သည်။
"စင်တာထိန်းချုပ်ခန်းကို သွားရအောင်"
မာရာသည် ရှောင်ယန့်လက်မောင်းများအား တစ်ခဏလေးတောင် မလွှတ်လိုက်ဘဲ တင်းကျပ်စွာ ကိုင်ထားလေသည်။
လျှောက်လမ်းတစ်ခုအတိုင်း ရှေ့ဆက်သွားလိုက်ကြပြီး ထောင့်တစ်ခုတွင် ချိုးလိုက်တော့မည့်အချိန်တွင် သူ့အရှေ့မှ မြင်ကွင်းများကြောင့် ရှောင်ယန် လဲကျသွားလုနီးပါး လန့်ဖျပ်ကြောက်ရွံ့သွားမိသည်။
လမ်းတစ်လျှောက်လုံးတွင် ဆွဲဖြဲခံထားရသည့် လူသားအပိုင်းအစများသည် သွေးတစ်စက်စက်နှင့် ရောထွေးနေသည်။ သိပ်မကွာသည့်နေရာတွင် လယ်ဗယ် ၁ ဇွန်ဘီက မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အလောင်းတစ်ခုကို ဆွဲဖြဲပြီး အထဲမှ အင်္ဂါများကို ဆွဲထုတ်၍ အငမ်းမရ စားသောက်နေသည်။
သူ့ခေါင်းလှည့်လိုက်သည့်အချိန်တွင် သွေးထွက်လုနီးပါးနီမြန်းနေသည့် သူ့မျက်လုံးများက ကြောက်စရာကောင်းလှသည်။ မာရာနှင့်ရှောင်ယန့်ကို မြင်လိုက်သည့်အခါ ချက်ချင်း အူမြူးသွားပြီး ရုတ်တရက် ထလာကာ သူတို့ဆီ တစ်ရှိန်ထိုး ပြေးလာသည်။
"မလှုပ်နဲ့"
မာရာ ရုတ်တရက် ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပြီး လျှောထွက်သွားသည်။ လယ်ဗယ် ၁ ဇွန်ဘီးကို ဖြတ်ပြေးသွားပြီး ဓားကိုဝှေ့ယမ်းလိုက်သည့်အခါ ဇွန်ဘီ၏ခြေထောက်၂ဖက်စလုံး ပြတ်ထွက်သွားသည်။ မာရာ ပြန်ရပ်လိုက်ပြီး ဇွန်ဘီလဲကျသည့်အချိန်တွင် ဓားနှ့င် လည်ပင်းကို ထိုးချလိုက်သည်။ ထို့နောက် လက်ကောက်ဝတ်အားကို အသုံးပြုပြီး ခေါင်းကို ဖြတ်ထုတ်ပစ်လိုက်သည်။
"ဟား--" ရှောင်ယန် သက်ပြင်းချနေသည့်အချိန်မှာပင် မာရာ့အနောက်တွင် ဓားတစ်ခု ပျံဝဲလာသည်။ "မာရာ"
ချွန်ထက်သည့်ဓားဖျားက မာရာ့၏လည်ပင်းရှိ အသားစများကို ထိုးစိုက်သွား၍ သွေးများ ပန်းထွက်လာသည်။
တစ်ချိန်တည်းမှာပင် ရှောင်ယန့်အသက်ရှူသံများလည်း ရပ်တန့်သွားသည်။ နောက်တစ်ခဏတွင် မာရာ ရှောင်ယန်ရှိရာသို့ ပြန်လှည့်လာခဲ့သည်။ သူသည် သူ့လည်ပင်းဘေးကို လက်ဖြင့်ကာထားပြီး သွေးထွက်နှုန်းသည်လည်း တဖြည်းဖြည်းလျော့ကျသွားသည်။
"တော်သေးတာပေါ့ ကပ်သီးလေးလွဲသွားလို့ ခေါင်းသာ အဖြတ်ခံလိုက်ရင် ပြန်မကောင်းနိုင်တဲ့ ဒဏ်ရာမျိုး ဖြစ်သွားနိုင်တယ်"
ဒီတစ်ယောက်သည် ဒဏ်ရာရထားတာတောင် စကားပြောနိုင်နေသေးသည်။ တစ်ဖက်လူဆီမှလက်နက်သည် သူ့လည်ပင်းရှိ အသားစတစ်ချို့ကိုသာ ဖြတ်မိသွားပြီး သွေးကြောများအထိ ဒဏ်ရာသည် နက်မနေပေ။
ဘယ်သူမှ သက်ပြင်းမချနိုင်သေးခင် လူသတ်သမားနှစ်ယောက်သည် ဓားများကိုင်ဆောင်ကာ သူတို့ဆီ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာနေကြသည်။
မာရာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ရှောင်ယန့်အား သူ့နောက်တွင် လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။
" ငါ သူတို့ကို တားထားမယ် မင်းက ထိန်းချုပ်ခန်းကိုသွား...မင်း တာမီနယ်ကို သုံးတတ်တယ်မလား"
ရှောင်ယန် မာရာ၏မျက်နှာအနေအထားကို မမြင်ရပါ။ သို့သော် အသံနှင့်တင်ပင် ထိုလူသတ်သမားနှစ်ယောက်သည် အလွယ်တကူနှင့် ရှင်းလင်းလို့မရသည်ကို သူ သိလိုက်ရသည်။
"ဒုကိုလိုနယ် ... ခင်ဗျားက နည်းပညာ အရံစစ်သားတွေကို အထင်သေးတာလား"
မာရာ အသာလေး ရယ်လိုက်သည်။ "အဲဒီနှစ်ယောက်က ကိုင်တွယ်ရခက်တယ်"
"ဘယ်လောက်ခက်တာလဲ"
တခြားဘက်တွင် ၂ ယောက်သာ ရှိနေသော်လည်း သူတို့သည် ချက်ချင်း ဝင်တိုးလာတာမျိုး မဟုတ်ဘဲ ဖြည်းဖြည်းနှင့် သတိကပ်ကာ ချည်းကပ်လာကြသည်။ မာရာသည် သူတို့လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်သည့်သူမျိုး မဟုတ်ဘူးထင်သည်။
"အဲဒီနှစ်ယောက်က တစ်ချိန်က ငါ့နည်းပြကို သတ်ခဲ့ဖူးတယ်"
"..."
မာရာသည် ဒုကိုလိုနယ်အဆင့်ရာထူးရှိသူဖြစ်သည်။ သူ၏တိုက်ရည်ခိုက်ရည်များကို ရှောင်ယန် မြင်ဖူးထားသည်။ မာရာ့နည်းပြဖြစ်သူသည် အထူးထပ်ဖွဲ့တွင် ထိပ်သီး ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမည်။ ထိုကဲ့သို့သောသူသည် ထိုလူသတ်သမား ၂ ယောက်၏လက်အောက်တွင် သေသွားခဲ့သည်။ ဒီလိုဆိုလျှင် ...
"ဒါပေမဲ့ မင်း ထိန်းချုပ်ခန်းကို ချောချောမွေ့မွေ့ ရောက်သွားအောင်လောက်တော့ ငါလုပ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်း ငါ့ရဲ့တောင်းဆိုချက် ၂ ခုကို သဘောတူပေးရမယ်" မာရာသည် ရှောင်ယန့်ကို ကာကွယ်ပေးရင်း နောက်ဆုတ်သွားသည်နှင့အမျှ ရန်သူသည်လည်း အနားသို့ ချည်းကပ်လာနေသည်။
"ခင်ဗျား ဘာလိုချင်တာလဲ"
"ပထမဆုံး ငါတို့ရဲ့အခြေအနေကို စခန်း ၂ ကို အကြောင်းကြားရမယ်"
"'နားလည်ပါပြီ ဒုကိုလိုနယ်"
"ဒုတိယက ဘာတွေဖြစ်နေပါစေ ထိန်းချုပ်ခန်းတံခါးကို လော့ချထား ကယ်ဆယ်ရေးအဖွဲ့ ရောက်မလာခင်အချိန်အထိ မင်း တံခါးကို လုံးဝဖွင့်မပေးရဘူး"
ထိုအမိန့်သည် ရှောင်ယန့်အတွက် သိပ်နိမိတ်မကောင်းပေ။
"မင်း နားလည်လား မလည်ဘူးလား" မာရာ့လက်များက သူ့လက်ထဲရှိ နှစ်ဖက်ချွန်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ သူ့အာရုံကြောများ တောင့်တင်းနေကြပြီး ပစ်ခတ်ရန် အသင့်ပင်။
"နားလည်ပါတယ် ဒုကိုလိုနယ်"
"ကောင်းပြီ"
ပြောပြီးသွားသည်နှင့်ချက်ချင်း မာရာသည် "ငွေတောင်ပံများ"ကို ရုတ်တရက် ပစ်ထုတ်လိုက်ကာ ရန်သူ့အား တိုက်ခိုက်လိုက်သည်။ လူသတ်သမား ၂ ယောက်သည် အရိပ်ပမာ အမြန် ရှောင်ရှားလိုက်ပြီးနောက် ချက်ချင်းပင် သူတို့ မာရာရှေ့ ရောက်လာကြသည်။
မာရာသည် သူတို့နှစ်ယောက်အား လူခွဲပစ်ရန် နှစ်ဖက်ချွန်ဓားကို နှစ်ယောက်ကြား ခုတ်ချလိုက်ရင်း အော်လိုက်သည်။ "သွားတော့"
ရှောင်ယန် ဘယ်ကနေ သတ္တိရလာလဲမသိ။ မာရာ့လက်မောင်းအောက်မှ ခေါင်းငုံ့လျက်နှင့်ပင် ပြေးထွက်သွားလိုက်သည်။ သူ့ခေါင်းပေါ်မှနေ လူသတ်သမား၏ဓား ဖြတ်ပြေးသွားသည်ကို သူ ခံစားမိသည်။ သူ့ခေါင်းနောက်ပိုင်းကို ထိတော့မည့်အချိန်လေးတွင် မာရာ့ဓားက ထိုဓားကို ကလော်ထုတ်လိုက်ပြီး ရှောင်ယန့်ဆံပင်တချို့ လည်း ပြတ်တောက်သွားလေသည်။