အပိုင်း ၁၂ ထောင်ချောက်
ဂိတ်ကို နံရံအထဲတွင် ဆောက်ထား၏။ ရှောင်ယန် ဘေးဘယ်ညာကို လှည့်ကြည့်လိုက်သည့်အခါ ခေါင်မိုးပေါ်တွင် ထိန်းချုပ်ပုံးတစ်ခုကို မြင်လိုက်သည်။ အဆောက်အအုံကို အားထပ်ဖြည့်ရင်တောင် ဒီရေလှိုင်းအဖွဲ့အစည်းသည် နဂိုကတည်းက ရှိနေသည့် လျှပ်စီးလမ်းကြောင်းများကို ပြန်မပြုပြင်နိုင်ပေ။ ရှောင်ယန် ပစ္စည်းများ ထုတ်၍စမ်းသပ်ကြည့်လိုက်သည့်အခါ ဝါယာကြိုးများ အလုပ်လုပ်နေကြောင်း တွေ့လိုက်ရသည်။
ရှောင်ယန် ဝါယာကြိုးပေါ်မှ ပလက်စတစ်အခွံကို ခွဲချွတ်ကာ အဆောက်အအုံအတွင်းရှိ လျှပ်စစ်အား ရှော့ခ်ရသွားစေရန် ပြုလုပ်လိုက်သည်။ လွန်ခဲ့သည့် နှစ် ၂၀၀ ခန့်က မှတ်တမ်းရုပ်ရှင်များတွင်သာ တွေ့ရသည့်အရာများကို လက်တွေ့ လုပ်ကြည့်နိုင်မည့်အခွင့်အရေးမျိုး ရလာမည်ဟု သူ တစ်ခါမှ မမျှော်မှန်းဖူးချေ။ သူက ရှေးဟောင်းအရာများကို ကြိုက်နှစ်သက်သည်က ကံကောင်းသည်ဟု ရုတ်တရက်အတွေးဝင်သွားသည်။
အားလုံးက သတိကပ်နေကြသည်။ ရှောင်ယန် ဂိတ်သို့ ပြန်လာပြီး မာ့ခ်အား ပြောလိုက်သည်။ "အခု ဖွင့်လို့ရပြီ။ ခင်ဗျားအားနဲ့ဆို အလွယ်လေး ဆွဲဖွင့်လို့ရတယ်"
"ဟမ်" မာ့ခ် ဟာနယ်အား ကြည့်လိုက်သည်။ "လုပ်လိုက်ရမလား"
ဟာနယ် ခေါင်းညိတ်ပြသည်။ သူတို့စိတ်ပူနေသည်မှာ အဆောက်အအုံထဲမှ အချက်ပေးသံဖြစ်သည်။ အချက်ပေးသံသာ မမြည်ရင် ဘယ်လိုဖွ့င်တာက ဘာအရေးကြီးလဲ။
မာ့ခ်သည် ပြောသည့်အတိုင်း လုပ်ချလိုက်သည်။ မျက်နှာနီမြန်းသည်အထိ အားအကုန်သုံးပြီး ဖွင့်ချလိုက်ရာ တံခါးတစ်ခုလုံး ပြုတ်သွားလုနီးပါးပင်။
ရှေ့ဆုံးမှာရှိနေသည့် ရိဗ့်က အထဲသို့ အရင်ဝင်သွားသည်။ ရှောင်ယန်သည် သူမ ချောင်ခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်မိသွားသည်။
တခြားသူများ အနောက်မှ ကပ်လိုက်သွားကြသည်။ မာရာသည် ရှောင်ယန့်ဘေးတွင် လာရပ်လိုက်သည်။ ကာကွယ်ပေးချင်သည်ဟု အမည်ခံကာ နှောင့်ယှက်ချင်လို့ပင် သို့သော် ဟာနယ်၏ အကြည့်များဆီမှ အမည်မသိ ဖိအားတစ်ခုကို ခံစားမိပြီး တခြားသူများနောက်မှ မလိုက်ချင်လိုက်ချင်နှင့် လိုက်ပါသွားလေသည်။
ဟာနယ် ရှောင်ယန့်အား ကြည့်လိုက်သည်။ ရှောင်ယန့်တွင် ရွေးချယ်စရာမရှိဘဲ သူတို့အနောက်မှ လိုက်ပါသွားခဲ့ရသည်။
အဆောက်အအုံထဲတွင် ဖုန်များအပြည့်ပင်။ ဘယ်သူမှ နေထိုင်သည့်ပုံ မပေါ်ပေ။
ရှောင်ယန် ချောင်းဆိုးမလိုဖြစ်ခါနီးတွင် ဟာနယ်က အသက်ရှူစက်တစ်ခုကို သူ့မျက်နှာပေါ်တွင် လာဖိလေသည်။ သူ့မျက်လုံးများက ရှောင်ယန်သာအသံထွက်သွားလျှင် သတ်ပစ်မည်ဟု ပြောနေသကဲ့သို့ပင်။
အားလုံးက အသံမထွက်ဘဲ မြန်ဆန်စွာ လျှောက်သွားကြ၏။
အောက်သို့ တစ်ထပ်ပြီးတစ်ထပ် ဆင်းသွားသောအခါ နောက်ဆုံးတွင် မြေအောက်ခန်းသို့ သူတို့ ရောက်သွားကြသည်။ အစောက စကန်ဖတ်ကြည့်ရာတွင် ပြန်ပေးဆွဲခံရသူသည် အထဲတွင် ပိတ်ခံထားရကြောင်း ပြထားသည်။
ရှောင်ယန် တံတွေးမျိုမိသွားသည်။ တံခါးသည် ဒီဂျစ်တယ် တံခါးဖြစ်ပြီး မှန်ကန်သည့် လျှို့ဝှက်နံပါတ်ကို ဖြည့်ပေးမှသာ ပွင့်သွားမည်။ ရှေးကျကာ ဒုက္ခလည်းများသည်။
ဟာနယ် မေးထိုးပြလိုက်သည်။" ဖွင့်လိုက်"
ရှောင်ယန့်တွင် ရွေးချယ်စရာ မရှိပါ။ အိတ်ဆောင် တာမီနယ်ကို တံခါး၏ ဆားကစ် (circuit) နှင့် သေချာချိတ်ဆက်လိုက်ကာ လျှို့ဝှက်နံပါတ်ကို တွက်ချက်ပြီး ထည့်လိုက်သည့်အခါတွင် တံခါးသည် ဖြည်းညင်းစွာ ပွင့်ထွက်သွားခဲ့သည်။
ချက်ချင်းပင် ဟာနယ်သည် ရှောင်ယန့်အား အင်္ကျီကော်လာမှ ဆွဲကိုင်ကာ သူ့နောက်သို့ ပို့ချလိုက်သည်။
မရေမတွက်နိုင်သည့် ဇွန်ဘီများ ထွက်ပေါ်လာပြီး အထူးတပ်ဖွဲ့သည် စတင် သတ်ဖြတ်လေတော့သည်။
ဒီရေလှိုင်းအဖွဲ့အစည်းသည် သူတို့ရောက်လာမည်ကို ကြိုသိသဖြင့် အထူးလက်ဆောင်တစ်ခု ချန်ထားခဲ့သလိုပင်။
မြေအောက်အခန်း၏ အဆုံးရှိ သံလှောင့်ချိုင့်တစ်ခုအတွင်း၌ ခုံပေါ်တွင် ကြိုးချည်ခံထားရသော သတ်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေ၏။ ဘေးပတ်လည်တွင် ဇွန်ဘီးများက အထဲသို့ တိုးဝင်ရန် ကြိုးစားနေကြသည်။ လက်များကိုဆန့်ထုတ်ကာ ကိုင်ဆွဲဖို့ ကြိုးစားနေကြရာ အထဲရှိအမျိုးသား၏ အရေပြားပေါ်တွင် အစင်းကြောင်းများ ထင်သွားကြသည်။
ဟာနယ်သည် ရှောင်ယန်ပခုံးကို အားပြုကာ တစ်ချက်လှည့်ချလိုက်ပြီး ဇွန်ဘီများကို ကန်ထုတ်လိုက်သည်။ မျက်နှာကြက်ပေါ်သို့ ဇွန်ဘီများ လွင့်စင်သွားကြပြီး စေးကပ်သည့်အမှတ်ရာများ ထင်သွားလေသည်။
ရှောင်ယန့်စိတ်အစဉ်သည်လည်း အလွန်အမင်းလှုပ်ရှားနေသည်။ နောက်တစ်ခါ ပခုံးရိုးကျိုးသွားတာမျိုး သူ မခံစားချင်တော့ပေ။
ပခုံးကို လှုပ်ကြည့်လိုက်သည့်အခါ အကောင်းပကတိ ဖြစ်နေသည်ကို တွေ့ရလိုက်သည်။ ဟာနယ်၏ အေးစက်သည့်အကြည့်များက သူ့ဆီရောက်လာသည်။ သူ့ကိုယ်သူ အပိုင်းပိုင်းဖြတ်ခံလိုက်ရသည့်ဇွန်ဘီတစ်ကောင်လိုတောင် ခံစားလိုက်ရသည်။
ရှောင်ယန့်ကို ဇွန်ဘီတစ်ကောင်ထိတော့မည့်အချိန်တိုင်း ဟာနယ့်ဓားက အရင်လက်ဦးကာ ဖြတ်ချလိုက်ပြီး အရည်များ လွင့်စင်သွားလေသည်။ ထူးဆန်းသည်မှာ ရှောင်ယန့်အပေါ်သို့ ထိုအရည်များ တစ်စက်မှ စင်မလာပေ။ သူသည် အပြင်လူတစ်ယောက်လိုမျိုး အထူးတပ်ဖွဲ့၏ ပြောင်မြောက်လှသော တိုက်ကွက်များကို ထိုင်ကြည့်နေရသလိုပင်။
ရှောင်ယန့်အရှေ့သို့ ရောက်လာသောဇွန်ဘီများကို ဟာနယ်၏ဓားကလည်း ရောက်ရင်ရောက်သလောက် သတ်ပစ်လိုက်သည်။ နောက်ပြန်မလှည့်နိုင်သည် သံသရာတစ်ခုပင် ဖြစ်သည်။
သူ့မျက်လုံးများက ငရဲပြည်မှာ သွေးချောင်းစီးအောင်လုပ်ပြီးမှ ပြန်တက်လာသကဲ့သို့ပင်။ သူ၏ရက်စက်သည့်လှုပ်ရှားမှုတိုင်းတွင် ထူးဆန်း၍ အန္တရာယ်များသည့် လှပမှုတစ်ခု ရှိနေသည်။
ဟာနယ် သူ့လက်ကို ရှောင်ယန့်ဆီဆန့်ထုတ်လိုက်ပြီး ရှောင်ယန့်ခေါင်းကို သူ့ရင်ဘတ်ပေါ်မှာ အားပြင်းပြင်းဖိနှိပ်ကာ ဖက်ထားလိုက်သည်။ ရှောင်ယန် သူ့ဦးခေါင်းခွံ ကျိုးသွားသည်ဟုပင် ခံစားရလိုက်သည်။ ဓားက အရိုးများကို ပိုင်းဖြတ်သည့်အသံ သူ့နားထဲရောက်လာမှ သူ့ကို ဟာနယ်က ဖက်ထားတယ်ဆိုတာကို သူ သတိထားမိသည်။ သူ့အနားကိုကပ်ဖို့ကြိုးစားသည့် ဇွန်ဘီများ ဟာနယ့်ဓားစာ မိသွားကြသည်။
ရှောင်ယန့်မျက်နှာပေါ်ရှိ အသက်ရှူစက် ကွဲခါနီးမှပင် ဟာနယ် သူ့ကို လွှတ်ပေးလိုက်၏။
ရှောင်ယန် ခေါင်းငုံ့လိုက်သည့်အခါ မြေပြင်ပေါ်တွင် ဇွန်ဘီများ လဲကျနေသည်ကို တွေ့လိုက်ရသည်။ အသက်ရှူစက်ကြောင့်သာမဟုတ်လျှင် အနံ့နဲ့တင် သူ အန်သွားလောက်သည်။
ငါးမိနစ်အတွင်း ဇွန်ဘီအားလုံး သေသွားကြ၏။
သူတို့ လှောင်ချိုင့်နားသို့ ရောက်သွားသည့်အခါ ကုလားထိုင်ခုံတစ်လုံးတွင် အချည်ခံထားရပြီး ညည်းတွားနေသည့် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။
ရှောင်ယန် သူ့ကို သိနေသည်။ "ပရော်ဖက်ဆာ မေဆွန်"
ဗဟို သိပ္ပံအကယ်ဒမီမှ ဤနာမည်ကြီး ဗိုင်းရပ်စ်ပညာရှင်သည် မေဂျာဂျန်နရယ်အဆင့်ရှိသူဖြစ်သည်။ သူ ဒီကို ဘာလို့ ရောက်နေရတာလဲ။
"ငါတို့တွေ မေဂျာဂျန်နရယ်မေဆွန်ကို လှောင်ချိုင့်ထဲကနေ ထုတ်ဖို့ လိုအပ်တယ်မလား" မာ့ခ် ရှောင်ယန့်ကို တစ်ခါလှည့်ကြည့်လိုက်ပြန်သည်။
ရှောင်ယန် သူ့လက်များကို အမြန်ခါရမ်းလိုက်သည်။ "ဟေး...အဲဒါက ကျွန်တော်ကျွမ်းကျင်တဲ့အရာမဟုတ်ဘူးလေ...."
ဟာနယ်သည် လှောင်ချိုင့်ရှိရာသို့ အသံမထွက်ဘဲ သွားကာ ဓားကိုဆွဲထုတ်ပြီး အားပြင်းပြင်းနှင့် ခုတ်ချလိုက်သည်။ ဘုန်းခနဲ အသံကျယ်လောင်စွာထွက်သွားပြီး လှောင်ချိုင့်သည်လည်း ပွင့်သွားလေသည်။ ဖြတ်ရာသည် သေသပ်လွန်းသဖြင့် အမှန်တကယ်ဖြစ်သွားသည်ဟုပင် မယုံနိုင်ပေ။
ရှောင်ယန် ပါးစပ်အဟောင်းသားဖြစ်သွားပြီး မာ့ခ်ကတော့ ခေါင်းညိတ်လိုက်သည်။ "အိုး... ဘော့စ်က အခုထိ တည့်တိုးသမား ဖြစ်နေတုန်းပဲ..."
လှောင်ချိုင့်သည် သာမန်သံမဏိဖြင့် ပြုလုပ်ထားသည်ဖြစ်သဖြင့် အထူးတပ်ဖွဲ့၏ဓားများနှင့် မယှဉ်နိုင်ပေ။
ရှောင်ယန် အရှေ့ကို အမြန်သွားလိုက်ပြီး ပရော်ဖက်ဆာ မေဆွန်၏ကိုယ်ပေါ်မှ ကြိုးများကို ဖြည်ပေးလိုက်သည်။ သူ့နှုတ်ခမ်းများက ဖြူဖျော့နေပြီး ပုံပျက်ပန်းပျက်ဖြစ်နေသည်။
"ပရော်ဖက်ဆာ အိုကေရဲ့လား"
ထိုအခိုက်အတန့်တွင် ပရော်ဖက်ဆာမေဆွန်သည် ရှောင်ယန့်ကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး သူ့လည်ပင်းကို လက်ချောင်းများနှင့် လာထောက်လေသည်။
အပြုအမူမှာ မြန်ဆန်လွန်းသဖြင့် ရှောင်ယန် ခုခံချိန်တောင် မရလိုက်ပေ။ ဟာနယ် သူ့လက်များကို ဆန့်ထုတ်လိုက်သော်လည်း သူ့လက်ချောင်းဖျားက ရှောင်ယန့်လက်ကောက်ဝတ်ကို ထိရုံလေးသာ ထိသွားသည်။
လှုပ်ရှားမှုသည် မြန်ဆန်လွန်းသဖြင့် ဟာနယ်ပင် အငိုက်မိသွားလေသည်။ အထူးတပ်ဖွဲ့ဝင်စစ်သားအားလုံး ချက်ချင်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
ရှောင်ယန် ဟာနယ့်မျက်လုံးများကို စိုက်ကြည့်နေရင်း သူ့ခေါင်းထဲတွင် မဖြစ်နိုင်သည့်အတွေးတစ်ခု ဝင်လာသည်...မဟုတ်မှလွဲလို့ ပရော်ဖက်ဆာ မေဆွန်က...
သူ့လက်ချောင်းများက သူ့ခါးဆီကို ဖြည်းညင်းစွာ ရွေ့သွားနေသည်။ သူ အဲဒီမှာရှိနေတဲ့သေနတ်ကို မထိမိလိုက်ခင် ပရော်ဖက်ဆာမေဆွန်က သူ့လက်ချောင်းများကိုလိမ်ချလိုက်သောကြောင့် သေနတ်သည် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"ခင်ဗျားက ဒီရေလှိုင်းအဖွဲ့အစည်းထဲကို ဝင်သွားပြီပဲ မေဂျာဂျန်နရယ်မေဆွန်"
ဟာနယ် ပြောအပြီးတွင် မာ့ခ်၏လက်ဖျားများက ဓားအဖုံးကို ကြပ်နေအောင် ဆုပ်ကိုင်ထားလိုက်သည်။ မာရာလည်း သူ့လက်ကောက်ဝတ်မှ ကြိုးမျှင်တစ်ခုကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည့်အခါ ဖျပ်ခနဲ အလင်းတစ်ခု လက်သွားလေသည်။
"သေစမ်းကွာ ငါ့ဘဝမှာ သစ္စာဖောက်ခံရတာမျိုး တစ်ခါမှ မကြုံဖူးသေးဘူး"
မေဆွန့်ပါးစပ်ဖျားများ ကော့တက်သွားသည်။ သူသည် ရှောင်ယန်နှင့်အတူ တံခါးပေါက်ဆီသို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်သွားလိုက်သည်။ "ကိုလိုနယ်ဘာတွန် မင်းဘယ်လောက်အရည်အချင်းရှိတာလဲကို ငါ သိတယ်။ ငါ့နောက်ကို မလိုက်ခဲ့နဲ့ မဟုတ်ရင် သူ့လည်ပင်းကို ငါ ချိုးပစ်လိုက်မယ်"
"ခွေးမသား"
မာ့ခ် ရှေ့သို့ တစ်လှမ်းတိုးသွားသည့်အခါ ဂျွတ်ဆိုသည့်အသံတစ်ခု မြည်သွားလေသည်။ ရှောင်ယန် သွားများကို အံကြိတ်မိပြီး မျက်နှာလည်း ဖြူဖျော့သွားလေသည်။ သူ့လက်ကောက်ဝတ်ကို မေဆွန်က အဆစ်လိမ်ချလိုက်သည်။
ဟာနယ် မာ့ခ်ကို လှမ်းဆွဲလိုက်သည်။
"အနားကို ကပ်မလာကြနဲ့၊ နောက်တစ်ခါဆို ငါ သူ့လက်မောင်းတစ်ခုလုံးကို ဆွဲဖြဲလိုက်တော့မယ် X ဗိုင်းရပ်စ်က ခန္ဓာကိုယ်ကနေ ပြတ်ထွက်သွားတဲ့ အင်္ဂါရပ်တွေကို ပြန်ဆက်မပေးနိုင်ဘူး"
"ပရော်ဖက်ဆာ... ခင်ဗျား...ဘာဖြစ်လို့ ဒီလိုမျိုး..."
အားလုံးက ကြည်ညိုလေးစားကြသည့် ပရော်ဖက်ဆာမေဆွန်သည် ဒီရေလှိုင်းအဖွဲ့အစည်းသို့ ဝင်သွားလိမ့်မည်ဟု ရှောင်ယန် တစ်ခါမှ မတွေးခဲ့ဖူးပါ။ ဒါတွေအားလုံးက ပရော်ဖက်ဆာမေဆွန်က အထူးတပ်ဖွဲ့ဝင်စစ်သားတွေကို မျှားခေါ်ချင်လို့ လုပ်ထားတာ ဖြစ်ရမယ်။ ဒါပေမဲ့ ဘာလို့ သူက တစ်ယောက်တည်းရှိနေရတာလဲ။ သူတစ်ယောက်တည်းနဲ့ အထူးတပ်ဖွဲ့တစ်ခုလုံးကို ဘယ်လိုရင်ဆိုင်မလဲ။ အထူးသဖြင့် ဟာနယ်ဘာတွန်။ ရှောင်ယန် နားမလည်ပါ။
"မင်းပြောချင်တာက ငါ ဒီရေလှိုင်းထဲကို ဝင်တာကိုလား ဒါမှမဟုတ် မင်းတို့ကို ဒီကိုမျှားခေါ်တာကိုလား အဖြေက အရေးကြီးလို့လား"
ပြောလို့ပြီးသည်နှင့် မေဆွန်သည် တံခါးမှ ထွက်ချလိုက်သည်။ သူသည် ရှောင်ယန့်ပါးများကိုပုတ်ကာ ဆက်ပြောလေသည်။ "ငါတို့တွေက အမြဲ တစ်စုံတစ်ရာနောက်ကို လိုက်ပြီးရှာဖွေနေကြတာ အဲဒါမှလဲ ဘဝက အဓိပ္ပာယ်ရှိတာလေ။ ဒါပေမဲ့ ချားလ်စ်က ငါ့ရဲ့လေ့လာမှုတွေကို ဖြည့်ဆည်းမပေးနိုင်တော့ဘူး။"
ထိုကဲ့သို့ ပြောပြီးသည်နှင့် မေဆွန်သည် ရှောင်ယန့်အား အတွင်းသို့ ဆောင့်တွန်းပြီး တံခါးကိုပိတ်ချလိုက်သည်။ အထူးတပ်ဖွဲ့ဝင်များ အပြေးလာပါသော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ ရှောင်ယန် မြေကြီးပေါ်သို့ လဲကျသွားပြီး သူ့မျက်နှာဘယ်ဘက်ခြမ်းတစ်ခုလုံး မြေကြီးနှင့်ပွတ်တိုက်သွားသောကြောင့် နာကျင်သွားရလေသည်။ သူ့လက်ကောက်ဝတ်ကဒဏ်ရာကတော့ အဆိုးဆုံးပါပဲ။
ဟာနယ် ရှောင်ယန့်ဆီ လျှောက်လာပြီး သူ့ကို ဆွဲထူလိုက်သည်။ ရှောင်ယန်ခေါင်းထဲတွင် ပရော်ဖက်ဆာမေဆွန်ပြောသွားသည်ကို စဉ်းစားမိနေတုန်းပင်။ ဟာနယ် ရှောင်ယန့်လက်ဝါးကို ဖြည်းဖြည်းချင်း မကြည့်လိုက်ပြီး သူ့လက်ချောင်းများကို ရှောင်ယန့်လက်ချောင်းများကြားသို့ ထိုးထည့်လိုက်ကာ ဖြည်းညင်းစွာ ပွတ်သပ်နေသည်။
ဟာနယ်လက်ချောင်းများမှ နူးညံ့မှုနှင့် နွေးထွေးမှုများက သူ့လက်ချောင်းများဆီသို့ ပွတ်သပ်သွားသလိုပင် ။ တယုတယရှိလှသည်။ သို့သော် တိုတောင်းလှ၍ အမြင်မှားသည်ဟုလည်း ထင်မိသည်။
"မင်း ဘာတွေ စဉ်းစားနေတာလဲ"
ရှောင်ယန် ခေါင်းမော့လိုက်သည်။ မေးခွန်းကို ပြန်မဖြေခင်တွင် ဂျွတ်ခနဲ မြည်သွားကာ သူ့လက်ကောက်ဝတ် အဆစ်ပြန်တည့်သွားလေသည်။
ရှောင်ယန် ပါးစပ်အဟောင်းသားနှင့် အော်ချိန်တောင် မရလိုက်ပေ။
သူ ဟာနယ့်ကို စိုက်ကြည့်လိုက်သည့်အခါ သူ့ကမ္ဘာတစ်ခုလုံး ထိုပြာလဲ့နေသည့်မျက်လုံးထဲသို့ စိမ့်ဝင်သွားသလိုပင်။
"တခြားထိသွားတဲ့နေရာ ရှိသေးလား"
ဟာနယ် သူ့လက်များကို ရှောင်ယန့်ပခုံးပေါ် တင်ချလိုက်သည်။ သူ့အကြည့်များက ရှောင်ယန့်စိတ်ကို ထိုးဖောက်လုမတတ်ပင်။
ထိုအချိန်တွင် ရှောင်ယန် ဟာနယ့်မျက်ဝန်းများကြားတွင် မျက်စိလည် လမ်းမှားသွားသည်။
"မ...မရှိတော့ပါဘူး"
သူ့အမြင်အာရုံတွေ တစ်ခုခုတော့မှားနေပြီဟု ရှောင်ယန် ခံစားမိလိုက်သည်။ မဟုတ်ရင် ဟာနယ့်လက်ချောင်းတွေက သူ့ရဲ့နီမြန်းနေတဲ့ပါးတွေကို မျက်မှောင်ကြုတ်ပြီး ပွတ်သပ်သွားတယ်လို့ သူ ဘာလို့ ခံစားလိုက်ရတာလဲ။ ရှောင်ယန် ထိုအရာများကို ခွဲခြားစိတ်ဖြာနေစဉ်တွင် ဟာနယ် ရှောင်ယန့်ဘေးမှ ထွက်သွားလေသည်။
မာ့ခ် တံခါးဆီသို့ ပြေးသွားပြီး ဆွဲဖွင့်လိုက်သည်။"ဟာကွာ - လော့ကျသွားပြီ ရှောင်ယန် မင်းမှာ ဖွင့်စရာနည်းလမ်း ရှိလား"
ရှောင်ယန် ခေါင်းခါပြလိုက်သည်။ "မေဆွန်က ကျွန်တော့်ပစ္စည်းအိတ်ကို ယူသွားတယ်"
တခြားသူများ သက်ပြင်းချမိသွားကြသည်။
သူသာ မေဆွန်ဖမ်းတာကို မခံရလိုက်လျှင် မေဆွန်က X ဗိုင်းရပ်စ်ထိုးထားလို့ သာမန်လူတွေထက် ဘယ်လောက်ပဲမြန်နေပါစေ ဒီမှာရှိတဲ့ ဘယ်အထူးတပ်သားကမဆို သူ့ကို အလွယ်လေး သတ်နိုင်တာကို ရှောင်ယန် သိနေသည်။
တစ်လမ်းလုံး ကြိုးစားလာသမျှ သူ့လို နည်းပညာစစ်သားတစ်ယောက်က နောက်ဆုံးတော့လည်း ဝန်ထုပ်ဝန်ပိုးသာ ဖြစ်သွားသည်။
"မေဆွန်က ငါတို့ကို ဒီအထဲမှာ ပိတ်မိနေစေချင်တာလား ငါတို့ကို အသက်ရှူမွန်းအောင် လုပ်မလို့လား" မာ့ခ် စိတ်တိုတိုဖြင့် ခေါင်းကုတ်နေခဲ့သည်။
အခန်းထဲတွင် မေဆွန်ထွက်သွားသည့်တံခါးမှလွဲ၍ ထွက်စရာအပေါက် မရှိပေ။ အလုံပိတ်အခန်းတစ်ခု ဖြစ်သွား၏။
"ရှူး ---" ရိဗ့် သူမနှုတ်ခမ်းများပေါ် လက်ညှိုးတင်ပြလိုက်သည်။ "ငါ ရေသံ ကြားလိုက်ရတယ်"
နောက်တစ်စက္ကန့်တွင် အခန်းထောင့်လေးခုစလုံးမှ ရေများ စိမ့်ထွက်လာသည်။
"သေစမ်းကွာ သူ ငါတို့ကို ရေနစ်သတ်ချင်တာပဲ အဲဒီအယုတ်တမာကောင်က"
မာ့ခ် တံခါးကို လက်သီးဖြင့် ပိတ်ထိုးလိုက်သည်။
"ဒီအိုင်ဒီယာက တော်တော်တော့ ဆန်းသစ်တယ်လို့ ပြောရမယ်" မာရာ သူ့ဆံပင်များကို ပွတ်သပ်လိုက်သည်။ "ဟင်း.... ဒီနေ့ကသာ နောက်ဆုံးနေရမဲ့နေ့လို့ ကြိုသိခဲ့ရင် အဲဒီစိတ်ပျက်စရာ အစီရင်ခံစာတွေကို ဘေးချိတ်ပြီး ရှောင်ယန့်ကိုသာ အိပ်ရာပေါ် ဆွဲခေါ်သွားလိုက်ရမှာ သူ ငါနဲ့အိပ်လို့ သေရင်သေ မဟုတ်ရင်လဲ ရေနစ်...."
ဘာဖြစ်သွားမှန်း ဘယ်သူမှ မမြင်လိုက်ပါ။ မာရာ ရုတ်တရက် သူ့နှာခေါင်းပေါ် လက်တင်ချလိုက်ပြီး သူ့လက်ချောင်းများကြားမှ သွေးများ စီးကျနေသည်။ သူ့ကြည့်ရတာ အတော်ပင် ခံစားနေရသည့်ပုံပင်" ဘော့စ် ----ဘာလုပ်တာလဲ အဲဒါ ကျွန်တော့်နှာခေါင်းလေ"
"မင်းက အရမ်းစကားများလို့" ဟာနယ် ပြန်မလှည့်ကြည့်ဘဲ အထက်လူကြီးပုံစံဖြင့် မျက်နှာကို လှည့်ရုံလေးလှည့်ကာ မေးမော့လိုက်သည်။
ရှောင်ယန် ဟာနယ့်ကို ကြည့်လိုက်သည်။ ရေများက သူတို့ခြေဖျားများတွင် တဖြည်းဖြည်း စီးနေကြပြီ။ သူ၏အသုံးမကျမှုအတွက် ဟာနယ် သူ့ကို ရှုတ်ချလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် သူကြည့်ရသည်မှာ စိတ်ထဲ ဘာမျှမထားပုံပင်။
ဤယောကျ်ားသည် ဘယ်သောအခါမျှ ကြောက်သည်ဟူပြီး မရှိပါ။ သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့်အချိန်တွင်ပင် သူ မျက်နှာ ပျက်မသွားပေ။
"ဘော့စ်... ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ" ရိဗ့် ဟာနယ့်ကို ကြည့်လိုက်သည်။
ဟာနယ်သည် မျက်မှန်တပ်ကာ နံရံလေးခုလုံးကို စစ်ဆေးလိုက်သည်။ "ဒီမြေအောက်ခန်းကို သိပ်သည်းဆများတဲ့ တိုက်တေးနီယမ်တွေနဲ့ ဆောက်ထားတယ်။ နံရံတွေကို ဖြတ်ပစ်လို့ မရဘူး"
"ခွေးကောင် ငါတို့ကို မျှားခေါ်ဖို့သက်သက်နဲ့ သူ ဒီမြေအောက်ခန်းကို ဆောက်ထားတာပဲ" မာ့ခ်သည် ဒေါသထွက်လွန်း၍ အံများပင်ကြိတ်သွားမိသည်။
"ဒါကိုမှ ကျဉ်းတည်းကြပ်တည်းလို့ ခေါ်တာ" ရိဗ့် ဘေးကိုကြည့်,ကြည့်လိုက်သည်။ "ရှောင်ယန် ဒီလောက်ရေပမာဏနဲ့ဆိုရင် ဒီတစ်နေရာလုံး ပြည့်သွားဖို့ အချိန်ဘယ်လောက် လိုလဲ"
"တစ်နာရီ"
"တစ်နာရီတည်းလား" မာရာ့နှာရိုးသည် နောက်ဆုံးတွင် ပြန်ကောင်းသွားသည်။ သူသည် ဟာနယ့်ရန်မှ လွတ်မည့်နေရာတွင်နေရန် အသိရသွားသည်။ "အားလုံးပဲ အထဲကနေ ထွက်နိုင်မဲ့နည်းလမ်းကို စဉ်းစားကြအုံးလေ"
ဘယ်သူမှ ရှောင်ယန့်ကို အပြစ်မတင်ပါ။ သို့သော် သူတို့သာ သူ့သေရေး ရှင်ရေးကို ထည့်မတွက်ရင် ပရော်ဖက်ဆာမေဆွန်ကို အလွယ်လေးဖမ်းပြီး ဒီနေရာကနေ ထွက်သွားလို့ရမည်ကို သူ ကောင်းကောင်းကြီး သဘောပေါက်သည်။
ဒါပေမဲ့ အခုက အပြစ်ရှိကြောင်း ခံစားနေရမည့်အချိန်မဟုတ်ပေ။ မင်းက နည်းပညာရှင်။ ပစ္စည်းမရှိတဲ့ နည်းပညာသမားက တာဝန်ချိန်မှာ ဓားမပါတဲ့ အထူးတပ်ဖွဲ့စစ်သားလိုပဲ။
နေဦး...
ရှောင်ယန် ရုတ်တရက် သတိရသွားသည်။ သူ့ပစ္စည်းတွေ အားလုံးပါသွားတာ မဟုတ်ဘူးလေ။
စာရေးဆရာ၏မှတ်စု:
မာခ့် : မာရာ မင်းနှာခေါင်းက သွေးတွေထွက်နေတယ်။ ဘော့စ်ဆီမှာ သင်ခန်းစာပေးတာ ခံလိုက်ရပြန်ပြီလား?
မာရာ : ...
ရိဗ့် : သူက ပြဿနာမရှာဘဲနဲ့ကို မနေနိုင်တာ
မာရာ: မင်းတို့အားလုံးက ငါ့ဆံပင်ကို မနာလိုနေကြတာမလား
ရိဗ့်နှင့်မာ့ခ် : .....