အပိုင်း ၁၄ ဟာနယ့် လျှာဖျား
ရှောင်ယန့်နှလုံးခုန်သံများ ရပ်တန့်သွားသည်။ ရောက်လာသည့်သူမှာ ဟာနယ် ဘာတွန်ဖြစ်လေသည်။
သူ ခလုတ်ကိုနှိပ်လိုက်သည့်အခါ အသက်ကယ်ကေဘင် ပွင့်သွားပြီး ချက်ချင်းပင် လူတစ်ယောက်က သူ့ကို ဆွဲမချလိုက်သည်။
"အား--" ရှောင်ယန် အော်ဖို့ ပါးစပ်ဖွင့်လိုက်သည့်အချိန်တွင် သူ့ဝမ်းဗိုက်က ဟာနယ့်ပခုံးပေါ်သို့ ရောက်သွားသဖြင့် အန်တောင်အန်ချင်သွားသည်။ ပခုံးပေါ်တင်ပြီးသယ်တာကလွဲလို့ တခြားသယ်စရာနည်းလမ်းတွေ မရှိတော့ဘူးလား။
ဟာနယ်သည် အသက်ကယ်ကေဘင်တံခါးပေါ်တွင် ခြေတစ်ဖက်တင်ကာ ခုန်ဆင်းလိုက်သည်။ ဇွန်ဘီတစ်ကောင်၏လက်ချောင်းထိပ်များက ရှောင်ယန့်ဆံပင်ကို ထိသွားလေသည်။ ထို့နောက်တွင် များစွာသောဇွန်ဘီများက သူ့နောက်ကို ပြေးလိုက်လာခဲ့သည်။
ထိုအခါမှ သူဆင်းသက်ခဲ့သည့်နေရာသည် မွေးမြူရေးခြံတစ်ခုနှင့် ဆင်တူသည်ကို ရှောင်ယန် သတိထားမိသွားသည်။ ဆွေးမြေ့ပျက်စီးနေသည့် ခြံစည်းရိုးများနှင့် ထူထဲသည့် မြက်ခင်းများကို သူ ရေးရေးလေး မြင်နေရသေးသည်။ သို့ရာတွင် မွေးမြူရေးတိရစ္ဆာန်များကို တစ်ကောင်တစ်လေမှ မတွေ့ရတော့ပေ။ ကောင်းကင်ပေါ်ရှိ ရွေ့လျားနေသည့် တိမ်ဆိုင်များကြောင့် မြက်ခင်းပြင်ပေါ်တွင် အရိပ်တစ်ခု ဖြတ်ပြေးသွားလေသည်။
ထိုအချိန်တွင် လယ်ဗယ် ၁ ဇွန်ဘီနှစ်ကောင် သူတို့နောက်ကို ပြေးလိုက်လာသည်။ သူတို့သည် အရပ်များရှည်နေကြသော်လည်း ကိုးရိုးကားရားဖြစ်မနေကြပေ။ ရှည်လျားပြီး အားကောင်းသည့် ခြေထောက်များဖြင့် အမြန် ပြေးလာနေကြသည်။ လျှာများ ရှည်ထွက်ကာ စေးကပ်သည့်သွားရည်များလည်း အဆက်မပြတ် စီးကျနေသည်မှာ အလွန်ပင် စက်ဆုပ်ဖို့ကောင်းလှသည်။ ရှောင်ယန်ကတော့မူ သူတို့အမြဲအိပ်မက်မက်နေရသည့် အစာဖြစ်လေသည်။
ရုတ်တရက် ရှောင်ယန် မြေကြီးပေါ် ပစ်ချခံလိုက်ရသည်။ သူ့လက်မောင်းများ မြေကြီးပေါ်ထောက်သွားသည့်အချိန်တွင် သူ့လက်ဖဝါးများက မြက်ပေါ်ရှိ ကျောက်စရစ်ခဲများပေါ် ဖိမိသွားကာ ကျောက်စရစ်၏ ချွန်နေသည့်အပိုင်းက သူ့အသားစကို ရှသွားသည်။ နာကျင်နေသော်လည်း အော်ချိန်တောင် မရှိပေ။ သူ့အရှေ့တွင်ရှိနေသည့် ဟာနယ်က သူ့အား မေဆွန့်ခေါင်းကိုထည့်ထားသည့်ဘူးကို လှမ်းပစ်ပေါက်ပေးလိုက်ရာ သူနှင့်တိုက်ရိုက်ထိမှန်သွားသဖြင့် ခေါင်းပင်မူးသွား၏။ ပစ်ပြီးသည်နှင့် ဟာနယ်သည် ချက်ချင်းပြန်လှည့်သွားပြီး "ငွေတောင်ပံ" များကို ပစ်လွှတ်လိုက်သည့်အခါ လယ်ဗယ် ၁ ဇွန်ဘီးနှစ်ကောင်၏ ခန္ဓာကိုယ်များကို ဓားများကဖြတ်ရှသွားလေသည်။ တစ်ယောက်သည် ဘယ်ဘက်ခြေထောက် အဖြတ်ခံလိုက်ရပြီး လဲကျသွားသည်။ ချက်ချင်းပင် ဟာနယ့်ဓားက သူ့ခေါင်းကို ဖြတ်ထုတ်လိုက်၏။ တခြားတစ်ယောက်သည် ညာဘက်လက်မောင်း အဖြတ်ခံလိုက်ရသည် သို့သော် အရေပြားနှင့် အသားက ဆက်နေသေးသဖြင့် ဒဏ်ရာသည် တဖြည်းဖြည်း ပြန်ကောင်းနေသည်။
ထိုတစ်ကောင်သည် လွန်စွာ ကြီးမားသဖြင့် ဟာနယ့်ရှေ့ရောက်လာသည့်အခါ နေရောင်ကိုတောင် ကာချလိုက်သလိုပင်။
ဟာနယ် သူ့ဝမ်းဗိုက်ပေါ် တစ်ချက်ဖိနင်းလိုက်ပြီး လေပေါ်ခုန်တက်သွားသည်။ သူ့လှုပ်ရှားမှုကို ရှောင်ယန် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ဇွန်ဘီ၏အကောင်းပကတိပြန်မဖြစ်သေးသည့် ညာဘက်လက် အခုတ်ခံလိုက်ရသည်ကိုသာ တွေ့လိုက်ရသည်။ ဇွန်ဘီ၏မေးရိုးကို ဒူးနှင့်တိုက်ချလိုက်ပြီး ဇွန်ဘီနောက်လန်သွားသည့်အချိန်တွင် ဟာနယ်သည် သူ့ဘယ်ခြေထောက်ကို မြှောက်ကာ ကီလို ၁၅၀ ကျော်လေးသည့် ထိုဇွန်ဘီကို မြေကြီးပေါ်မှ မြောက်သွားအောင် ကန်ချလိုက်သည်။ ဇွန်ဘီယိုင်သွားသည့်အချိန်တွင် ဟာနယ့်ဓားက လှစ်ခနဲ ဖြတ်သွားသည်။ ဟာနယ် သူ့ကိုယ်လုံးကို လှည့်ချလိုက်ပြီး မြေကြီးပေါ်ထိုင်နေသည့် ရှောင်ယန့်ဆီ ပြန်လာလေသည်။ သူ့နောက်ရှိထိုတစ်ကောင်သည် မြေကြီးပေါ်သို့ ဘုန်းဆိုသည့်အသံကျယ်တစ်ခုနှင့်အတူ ပြုတ်ကျသွားလေ၏။
"ထ"
သူ့မျက်လုံးများက အေးစက်နေသည်။ ရှောင်ယန် အသက်အောင့်ထားမိလိုက်သည်။ သူ မြန်မြန်ထလိုက်သည့်အခါ သူ့ခြေကျင်းဝတ်တွင် ပြင်းထန်သည့်နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ အဆစ်လွဲရုံတင်မဟုတ်ဘဲ အရိုးကျိုးသွားသည်ကို သူသိလိုက်ရသည်။ သို့သော် သူ သည်းခံထားရပေတော့မည်။ ဟာနယ်သာ သူဒဏ်ရာရထားတာကို သိသွားခဲ့ရင် သူ့ကို ဝန်ထုပ်ဝန်ပိုးလို့မြင်ပြီး စွန့်ပစ်ခဲ့မလား မပစ်ခဲ့ဘူးလားဆိုသည်ကို သူ မသိပါ။
သူ ဟာနယ့်နောက်ကိုသာ အမြန်လေး လိုက်သွားမိသည်။ ဘယ်လောက်ပဲနာကျင်နေပါစေ မပြမိစေဖို့ အားတင်းထားလိုက်၏။ ဘူးကလည်း လေးသည်။ ထို့ကြောင့် သူ လက်နှစ်ဖက်နှင့် မထားရလေသည်။
သူ့ကို ဟာနယ်ကပဲ ဘာလို့ ရှာတွေ့နေရတာလဲ တခြားသူတွေကရော။
သူတို့အားလုံး သေသွားကြပြီလား မာ့ခ်ကရော ဘယ်မှာလဲ ပြီးတော့ ရိဗ့်ကရော...
သူတို့သည် ဒီရေလှိုင်း လေယာဉ်သုံးစင်း၏ ဝန်းရံတိုက်ခိုက်သည်ကို ခံခဲ့ရသည်။ ဆိုလိုသည်မှာ သူတို့၏ရန်သူသည် ဇွန်ဘီများသာမကဘဲ ဒီရေလှိုင်းမှ လူသတ်သမားများရောပင် ဖြစ်သည်။
ထိုအချိန်တွင် ဟာနယ်သည် လက်ကောက်ဝတ်ကို နှုတ်ခမ်းနှင့် ကပ်ကာ ဆက်သွယ်ရေးစက်မှနေ အမိန့်တစ်ခု လှမ်းပေးလိုက်သည်။ "ငါ ရှောင်ယန့်ကို ရှာတွေ့ပြီ အားလုံး နေရာဟောင်းမှာ ဆုံကြမယ်"
ထိုကဲ့သို့ပြောသည်ကို ကြားလိုက်ရသည့်အခါ ရှောင်ယန် စိတ်အေးသွား၏။ အနည်းဆုံးတော့ အသက်ရှင်တာ သူတို့နှစ်ယောက်တည်း မဟုတ်ပေ။
မြက်ခင်းအောက်က ချိုင့်ခွက်များကို သူသေချာသူသေချာမမြင်ရသဖြင့် ခြေယိုင်သွားပြီး လဲကျသွားကာ မေးစေ့ပွန်းသွားလေသည်။ လျှာလည်းကိုက်မိသဖြင့် ပါးစပ်ထဲတွင် သွေးအရသာများ ပျံ့နှံ့သွားသည်။
ကံဆိုးချက်ကလည်း ကမ်းကုန်အောင် ဆိုးနေတာပဲ။
ယောကျာ်းရင့်မာကြီးတစ်ယောက် မျက်ရည်ကျသည်က တကယ် ရှက်ဖို့ကောင်းပေမဲ့လည်း ရှောင်ယန် တကယ် ငိုချင်သွားမိသည်။
သူ ထရပ်ရန်ကြိုးစားလိုက်သည့်အခါ အဆစ်လိမ်ထားသည့် ခြေကျင်းဝတ်မှနာကျင်မှုသည် သူ့စိတ်ထဲထိ ဆောင့်တက်လာပြီး နားထင်များပင် နာကျင်လာသည်ဟု ခံစားရမိသည်။ မြက်ပင်များကြားမှ ဟာနယ်၏ခြေသံများ တဖြည်းဖြည်းအလှမ်းဝေးသွားသည်ကို သူမြင်လိုက်ရသည်။ သိပ်မဝေးသည့်တစ်နေရာတွင်ရှိနေသည့် ဇွန်ဘီများက ရှောင်ယန်ရှိရာသို့ ပြေးလာနေကြသည်။
ထားလိုက်ပါတော့... ငါ့ကိုသာ စားသွားလိုက်တော့... လူဆိုတာ တစ်နေ့တော့ သေရမှာပဲ။
နောက်ဆုံး အလျှော့ပေးသွားသလိုဖြင့် ရှောင်ယန် လှဲချလိုက်သည်။ လေပြေတစ်ခု သူ့နှာခေါင်းပေါ်မှနေ မြက်ပင်များကြား တိုးဝှေ့သွားသည်။ သူ့ခေါင်းပေါ်က ကောင်းကင်ပြာကလည်း ပိုပြီးကျယ်သွားသလိုပင်။ ချားလ်စ်မြို့တော်ရှိ ဟိုလိုဂရက်ဖစ်မှ ထိုးပြထားသည့် လှိုဏ်ခေါင်းပေါ်ကရုပ်ပုံထက်လည်း ပိုပြီး ကြည်လင်နေသည်။ ရှောင်ယန် မျက်လုံးများကို မှိတ်ချလိုက်သည်။ သူ့မျက်နှာပေါ်မှ နေရောင်များကို တစ်ခုခုက ကာသွားသလိုပင်...ကြည့်ရတာ ဇွန်ဘီတွေ ရောက်လာပြီ ထင်တယ်။
ရှောင်ယန့်နှလုံးက မြန်ဆန်စွာခုန်နေသည်။ ဇွန်ဘီများဆွဲဖြဲခံရသည့် မေဆွန်ကို သူ ဆက်တိုက်တွေးနေမိသည်။ သူ နည်းနည်းလေး နောင်တရသွားသည်။ သူ ဟာနယ့်နောက်ကို သေသေရှင်ရှင် လိုက်သွားခဲ့သင့်တယ်။ ဘာပဲဖြစ်ဖြစ် လှုပ်ကုထားထိုင်ခုံပေါ်မှာ ကြောင်ပျင်းလေးတစ်ကောင်ကို လက်မောင်းထဲပွေ့ပြီး အိပ်နေရတာနဲ့ ဇွန်ဘီးအစားခံရတာက တခြားဆီပဲလေ။
"မင်း ဘယ်အချိန်ထိ အိပ်နေချင်တာလဲ"
ရှောင်ယန့်မျက်လုံးများ ပွင့်သွားသည်။ တခြားသူ၏မျက်ဝန်းများအထဲရှိ အပြာရင့်ရောင်သည် ကောင်းကင်ပေါ်မှ စီးကျနေသည့် ဒီရေအလားပင်။
ဟာနယ် ရှောင်ယန့်အရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်သည်။ သူ၏ခန့်ညားသည့်ရုပ်ရည်အသွင်အပြင်များက ဘာမျှမရှိသည့်လေထဲတွင် ခြေရာများ ချန်သွားခဲ့သလိုပင်။
ရှောင်ယန် မျက်လုံးထောင့်မှနေ တခြားသူက သုတ်သင်ထား၍ မြေကြီးပေါ်လဲကျနေသည့် ဇွန်ဘီများကို မြင်လိုက်ရသည်။
"...ကျွန်တော် မရပ်နိုင်တော့ဘူး ကိုလိုနယ် မေဆွန့်ခေါင်းကို ကိုလိုနယ်ပဲ ယူသွားလိုက်ပါတော့ ကျွန်တော့်ကို မြန်မြန်လေးသာ သတ်လိုက်ပါ... ကျွန်တော် ထာဝရ အိပ်ပျော်သွားချင်ပြီ"
သူ ဟာနယ့်အား ထိုကဲ့သို့စကားများ ဘာလို့ ပြောလိုက်မိသည်ကို သူကိုယ်တိုင်လည်း မသိပါ။ တကယ့်စိတ်ထဲတွင် လက်စားချေချင်မိသည်ထင်သည်။ ဟာနယ် သူ့ကို ဓားတစ်ချောင်းနဲ့ တကယ် သတ်သွားလောက်တယ်။
သို့သော် ဟာနယ့်လက်များ ဆန့်ထုတ်လာသည့်အချိန်တွင် ရှောင်ယန့်အာရုံကြောများ အလွန်အမင်း တောင့်တင်းသွားကြသည်။ သူ့လက်ချောင်းအဆစ်က ရှောင်ယန့်ပါးပြင်ကို ပွတ်သပ်နေပြီး ဗျိဆိုသည့် အသံလေးကို ကြားလိုက်ရသည်။ ရှောင်ယန့်ပခုံးများ တုန်ယင်သွားသည်။ ဟာနယ်သည် မြက်တစ်မျှင်ကို ဆွဲဖြဲလိုက်သည်။
သူ သူ့နှုတ်ခမ်းကို အသာလေး ဟလိုက်သည်။ မြက်ပင်ကို သူ့ပါးစပ်နားဆီ ဖြည်းဖြည်းချင်း ထိလိုက်သည့်အခါ သူ့လျှာဖျားက မြက်ရွက်ကို ဖိကပ်သွားသည်ကို ရေးရေးလေး မြင်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ၏အေးတိအေးစက် တည်တည်တံ့တံ့မျက်နှာက ဆက်စီကျလွန်းသဖြင့် သွေးများပင် ဆူပွက်သွားသလိုပင်။
"ဟင်း---"
ရှောင်ယန့်မျက်လုံးများ ပြူးကျယ်သွားလေသည်။ ထိုအချိန်တွင် သူ့ဦးနှောက်သည် ကမ္ဘာမြေကြီးနှင့် အလှမ်းကွာသွားသကဲ့သို့ ဘာမျှကို မတွေးနိုင်တော့ပေ။
သေးငယ်သည့်လျှပ်စီးကြောင်းများ သူ့သွေးကြောများထဲတွင် ဖြတ်စီးနေသလိုပင်။ သူ့ကြွက်သားများကလည်း တောင့်တင်းနေပြီး လက်ချောင်းများကလည်း သူ့အောက်ရှိမြက်များကို မသိလိုက်ဘဲနှင့် ဆုပ်ကိုင်မိသွားသည်။
ဟာနယ် သူ့ကို လွှတ်ချလိုက်ပြီး ဘူးကိုကိုင်ကာ ထသွားလေသည်။ "သွားစို့"
ရှောင်ယန် သူ့လက်ကို မြှောက်ကြည့်လိုက်သည့်အခါ သူ့လက်ဖဝါးရှိဒဏ်ရာများ အရှင်းပျောက်သွားသည်ကို တွေ့လိုက်ရသည်။ အလွန်ပင်နာကျင်နေသော သူ့ခြေကျင်းဝတ်မှ ဒဏ်ရာများပင် ပျောက်ကွယ်သွားလေသည်။
သူ ဟာနယ့်နောက်ကျောကို အကြောင်သား ကြည့်နေမိသည်။ သူ့နှုတ်ခမ်းနှင့်သွားများအကြားတွင် မြက်ပင်ရနံ့တစ်ခုနှင့်အတူ... ဟာနယ်ဘာတွန်၏ရနံ့တစ်ခု စွဲကပ်နေသည်။
အရင်တစ်ခေါက် ဟာနယ် သူ့ပခုံးကို တက်နင်းပြီးချိုးလိုက်တုန်းက မာ့ခ်က ရိဗ့်ကို အပြောင်သဘောမျိုးနှင့် သူ့အား နမ်းပြီး ကုလိုက်ရန် ပြောဖူးခဲ့သည်။ အဲဒီလိုဆိုရင် ဒီတစ်ခေါက်မှာ ဟာနယ်က သူ့ကို သွယ်ဝှိုက်ပြီး နမ်းလိုက်တာလား။ ဟာနယ့်လျှာက မြက်ပင်ကို ထိသွားသည့်ပုံရိပ်ကို သူ့စိတ်ထဲတွင် မြင်ယောင်လာသည်။ ရှောင်ယန့်နှလုံးသား ပေါက်ကွဲထွက်လုနီးပါးပင်။
"မြန်မြန်ထ မဟုတ်ရင် ဒီမှာပဲ သေနေခဲ့"
ဟာနယ် ဘာတွန် မျက်မှောင်ကြုံ့ပြီး ပြန်လှည့်ထွက်သွားသည်။ သူ့မျက်လုံးထဲရှိ အေးစက်မှုက ရှောင်ယန့်၏ လက်တွေ့မဆန်သည့် စိတ်ကူးယဉ်ပုံရိပ်များကို ကွဲအက်သွားစေသည်။
ဘာကို သွယ်ဝှိုက်အနမ်းလဲ။ သေမင်းအနမ်းလို့ ပြောတာကမှ ပိုမှန်လိမ့်ဦးမယ်။
ဟာနယ်က မြက်ရွက်ဖျားတစ်ခုကို သုံးကာ ရှောင်ယန့်ကို တံတွေးကနေတစ်ဆင့် X ဗိုင်းရပ်စ်ပေးခဲ့ခြင်းဖြစ်သည်။ သူ့တံတွေးထဲမှ x ဗိုင်းရပ်စ်ကို ရှောင်ယန့်ပါးစပ်က စုပ်ယူလိုက်ပြီးသည်နှင့် ရှောင်ယန်၏ခြေကျင်းဝတ်သည် အချိန်တိုအတွင်း ဒဏ်ရာပျောက်ကင်းသွားနိုင်၏။
ဟာနယ်လမ်းလျှောက်သည်မှာ မြန်ဆန်လွန်းလှသည်။ ရှောင်ယန် အနောက်ကနေ အမောလိုက်သွားရသည်။ ခဏ ခဏ လဲကျပြီးသည့်နောက် ရှောင်ယန့်လည်း အရေထူသွားခဲ့ပြီဖြစ်သည်။ သူ ရှက်တောင် မရှက်တော့ပေ။ မြင်မိသူမှာ ဟာနယ် ဘာတွန်တစ်ယောက်တည်း မဟုတ်ပါလား။
ဟာနယ်သည် အထူးတပ်ဖွဲ့ဝင်များနှင့်ယှဉ်လိုက်လျှင် လမ်းလျှောက်တာနှေးသည့် ရှောင်ယန့်ကို စိတ်မရှည်တော့ဘူး ထင်သည်။ ထို့ကြောင့် ရှောင်ယန့်အား သူ့ပခုံးပေါ် ထမ်းချလိုက်သည်။
"ကိုလိုနယ် ဘာတွန်။ ကိုလိုနယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် လမ်းလျှောက်နိုင်ပါတယ်"
ခင်ဗျားသိလား ခေါင်းထဲကသွေးတွေ နောက်ပြန်စီးတဲ့ခံစားချက်က ဘယ်လောက်တောင်ဆိုးဝါးလဲဆိုတာကို။
"ပါးစပ်ပိတ်ထား"
ရှောင်ယန် သက်ပြင်းသာချနိုင်တော့သည်။ အင်း ကိုလိုနယ်ဘာတွန်က သူ့ကို ဒီလိုမျိုးသယ်သွားလိုက်တော့လည်း သူ နောက်ကနေ အားကုန်သုံးပြီး ပြေးလိုက်နေစရာ မလိုတော့ဘူးပေါ့။
ဟာနယ်၏ခြေလှမ်းများအတိုင်း သူ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။ ချစ်စရာ ခေါင်းလုံးလုံးလေးများပြူထွက်နေသော အလေ့ကျမှိုများကိုလည်း သူ တွေ့လိုက်သည်။ မြက်ပင်များထဲတွင် ဓားခုတ်ကောင်များက သူတို့ခြေသံများကြောင့် လန့်ဖျပ်သွားပြီး မြက်ပင် တစ်ပင်မှတစ်ပင်ဆီသို့ ခုန်ကူးနေကြသည်။ အားလုံးကို သူ အထင်းသားမြင်နေရသည်။
ကြည့်ရတာ သူ သိပ် ကံမဆိုးသေးဘူး ထင်သည်။ ချားလ်စ်သုတေသနခန်းများတွင် တစ်သက်လုံးပိတ်မိနေကြသည့် ထို အဆင့် အေ သုတေသနသမားများသည် ဒီအရာများကို သေသည့်တိုင် မြင်ဖူးသွားကြမည် မဟုတ်ပေ။
သူတို့ တိုင်ဖွန်းခိုလှုံရေးစခန်းတစ်ခုဆီ ရောက်သွားကြသည်။ ဗဟိုစာကြည့်တိုက် ဒေတာဘေ့စ်ထဲတွင် ထိုကဲ့သို့အဆောက်အအုံမျိုးကို ရှောင်ယန်မြင်ဖူးသည်။ လွန်ခဲ့သည့် နှစ် ၂၀၀ကျော်ခန့်တွင် တိုင်ဖွန်းနှင့် လေဆင်နှာမောင်းများ အတိုက်ခံရသည့်နေရာများတွင် နေထိုင်ကြသည့်လူများသည် ထိုကဲ့သို့ခိုလှုံရေးစခန်းများကို မြေအောက်တွင် ဆောက်ထားတတ်ကြပြီး ဟာရီကိန်းများ လေဆင်နှာမောင်များ မတိုက်ခတ်ခင်တွင် အစားအသောက်နှင့်ရေများယူဆောင်ကာ ပုန်းအောင်းနေတတ်ကြသည်။
ဟာနယ် ရှောင်ယန့်အား အောက်သို့ချလိုက်သည်။ သွေးပြန်စီးသည့်ခံစားချက်က ရှောင်ယန့်အား မူးနောက်သွားစေသည်။ ကံကောင်းစွာဖြင့် သူတို့လျှောက်သည့်ခရီးသည် သိပ်မကြာခဲ့ပေ မဟုတ်လျှင် ဦးနှောက်သွေးကြောပေါက်ပြီး သေသွားသည့် ပထမဆုံးသုတေသနပညာရှင်သည် ရှောင်ယန် ဖြစ်သွားနိုင်သည်။
ဥမင်လိုဏ်ခေါင်းတံခါးရှေ့မှဖုန်များကို ဟာနယ် အသာလေး ပုတ်ထုတ်လိုက်ပြီး တံခါးကိုဖွင့်ကာ အနောက်ရှိရှောင်ယန့်အား လှည်ကြည့်ပြီး ပြောလာသည်။ "ဝင်"
ဒါက ဟာနယ် ပြောခဲ့တဲ့ "နေရာဟောင်း" ဆိုတာလား။
ဒီရေလှိုင်းအဖွဲ့အစည်းက လူသတ်သမားများ သူတို့ကို ရှာတွေ့မိသွားလျှင် အလွယ်လေး ဝင်လာလို့ရနိုင်သည်။ သို့သော် သူတို့တွေ ဒီလိုနေရာမျိုးမှာပုန်းနေမယ်ဆိုတာကို တော်ရုံတန်ရုံလူသိဖို့ အလွန်ခဲယဉ်းသည်။
လေလိုဏ်ခေါင်းတွင် နေ,နေသည်က တောရိုင်းထဲတွင် ရပ်နေပြီး လျှောက်သွားနေသည့်ဇွန်ဘီများ၏ အစာဖြစ်သွားသည်ထက် ပို၍ကောင်းလေသည်။
အထဲတွင် အလင်းတစ်ခုမှ မရှိပါ။ ရှောင်ယန် ခြေထောက်ချလိုက်သည့်အခါ လဲကျမလိုတောင် ဖြစ်သွားသည်။ သူ့လည်ပင်းနောက်ကို လက်တစ်ဖက်က လာဆွဲလိုက်ပြီး သူ့အား အားပြင်းပြင်းနှင့် ပြန်တည့်ချလိုက်သည်။
ဟာနယ်က အလင်းလွှင့်စက်တစ်ခု ထုတ်လိုက်သည့်အချိန်မှ သူ့အရှေ့တွင် အောက်သို့ ၆၀ဒီဂရီတိမ်းစောင်းကာ ရှည်ထွက်သွားသည့် လှေကားထစ်တစ်ခု ရှိနေသည်ကို ကောင်းကောင်းမြင်လိုက်ရလေသည်။ သူသာ လဲကျသွားပါက လည်ပင်းကျိုးပြီး သေသွားနိုင်သည်။
ရှောင်ယန် တစ်ထစ်ပြီးတစ်ထစ် ဂရုတစိုက်နှင့် လျှောက်သွားခဲ့သည်။ သူ့နောက်မှလိုက်လာသည့်ဟာနယ်က လေလိုဏ်ခေါင်းတံခါးကိုပိတ်ပြီး အထဲမှ လော့ချလိုက်သည်။
အလင်းသည် ၁၀ စတုရန်းမီတာထက်ကျဉ်းသည့် နေရာတစ်ခုကို မီးထိုးပြထားသည်။ အတော်ပင် သန့်ရှင်းနေသည်။ နည်းပညာမြင့် သတင်းအချက်အလက်စနစ်မျိုး ရှိမနေဘဲ လိုဏ်ခေါင်းသည် ရှေးယခင် နှစ် ၂၀၀ ကျော်ကအတိုင်း ရှိနေသည်။ အရှေ့တောင်အရပ်ရှိ နံရံတွင် အိပ်ရာခင်း ခင်းထားသည့် စတီးကုတင်တစ်ခု ရှိနေပြီး အနောက်မြောက်နံရံ၌ အရှေ့တွင် သစ်ကော်ဖီစားပွဲတစ်လုံးချထားသည့် ဆိုဖာဟောင်းတစ်ခု ရှိနေလေသည်။
ဟာနယ်သည် ဘီဒိုကိုဖွင့်လိုက်ပြီး ဖိသိပ်ထားသည့် ဘီစကစ်တစ်ထုပ်ကို ရှောင်ယန့်လက်မောင်းထဲ ပစ်ထည့်လိုက်သည်။
ထိုအခါကျမှ ရှောင်ယန် ဆာလောင်သည်ကို ခံစားမိသွားသည်။ သူသည် မနက်စာတောင် မစားလိုက်ရဘဲ မာ့ခ် အိပ်ရာထဲမှနေ ဆွဲခေါ်သွားတာကို ခံခဲ့ရသည်။ အခုချိန်တွင် ညနေစောင်းပြီဖြစ်သောကြောင့် သူ့အစာအိမ်တောင် နာလာသလိုပင်။ ဤနေရာသည် ဟာနယ့်တပ်ဖွဲ့ဝင်များ အပြင်ထွက် မစ်ရှင်လုပ်သည့်အခါအတွက် စီစဉ်ထားသော ဆုံမှတ်နေရာတစ်ခု ဖြစ်ရမည်။ ရိက္ခာပမာဏတစ်ခုကိုလည်း သူတို့ သိုလှောင်ထားကြသည်။
ရှောင်ယန် ဖိသိပ်ထားသည့် ဘီစကစ်ကို ကိုက်ချလိုက်သည့်အခါ အံ့ဩသွားသည်။ ပရိုတင်းနှင့် တခြားသော အာဟာရဓာတ်များ သေချာရရှိစေရန်အတွက် စစ်တပ်၏အထူးဖိသိပ်ဘီစကစ်တွင် မျိုချရန်အတွက် အရသာလည်းမပါ ရေဓာတ်လည်းမပါပေ။ ရှောင်ယန် ပြန်ပင်ထွေးထုတ်မိချင်သွားသည်။ သို့သော် ဟာနယ်က ကြမ်းပြင်ပေါ်တွင်ထိုင်ကာ အိပ်ရာကိုမှီ၍ ဘီစကစ်များကို တိတ်ဆိတ်စွာ စားသောက်နေခဲ့သည်။ တိတ်ဆိတ်သည့်ဖိအားက ရှောင်ယန့်ကို ပို၍ မျိုချရန်ခက်ခဲစေသည်။
ရုတ်တရက် ရှောင်ယန့်လက်မောင်းထဲသို့ ရေဘူးတစ်ဘူး ကျလာသည်။
"ဖြုန်းမပစ်နဲ့"
ဟာနယ် ဘာကိုဆိုလိုသည်ကို ရှောင်ယန် နားလည်သည်။ ချားလ်စ်တွင် နှစ်ပေါင်းတစ်ရာကျော်အောင် အလွန်လွယ်ကူပြီး အကုန်အကျလည်းနည်းသည့် နည်းပညာတစ်မျိုးဖြင့် ပင်လယ်ရေမှတစ်ဆင့် ရေချိုကို စစ်ထုတ်ကာသုံးစွဲနေခဲ့ကြသည်။ သို့သော် အခုတွင် သူတို့သည် မစ်ရှင်လုပ်ဆောင်နေရသဖြင့် သောက်သုံးလို့ရသည့် ရေချိုသည် အလွယ်တကူနှင့်မရပေ။ ရေစက်တစ်စက်ကပင်လျှင် အဖိုးတန်လွန်းလှသည်။
အမှန်တွင် ရှောင်ယန် ရေဆာနေသည်။ သူ့ခေါင်းကို စောင်းလိုက်ပြီး မိနစ်ဝက်တောင်မကြာအောင် သောက်လိုက်သည့်အခါ ဘူးထဲမှရေ သုံးပုံတစ်ပုံ ကုန်သွားသည်။ သူ့ဗိုက်ထဲရောက်သွားသည့် ဖိသိပ်ဘီစကစ်များလည်း ရေနှင့်အတူ ပွသွားပြီး ဗိုက်ပြည့်သွားသည့်ခံစားချက်က ရှောင်ယန့်အား အိပ်ချင်သွားစေသည်။ ဟာနယ်က ကုတင်ခေါင်းပိုင်းတွင် ထိုင်နေပြီး ရှောင်ယန်သည် ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ ခေါင်းကိုစောင်းလိုက်ပြီး လက်မောင်းတွေကိုဖက်ကာ သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
အလင်းစက်မှ အလင်းက တဖြည်းဖြည်းမှိန်သွားပြီး ခိုလှုံရေးစခန်းတစ်ခုလုံး အမှောင်ကျသွားလေသည်။
ညဘက်တွင် အပြင်ထွက်၍လှုပ်ရှားရန် မသင့်တော်ပေ။ အထူးသဖြင့် ဘာအဆောက်အအုံမှမရှိသည့် ဟင်းလင်းပြင်တောရိုင်းထဲတွင် လွန်ခဲ့သည့် နှစ် ၂၀၀ ကျော်က ဆောက်ထားသည့် တဲအိမ်အနည်းငယ်သာ ရှိသည်။ တိုက်ခိုက်ရေးအတွေ့အကြုံမရှိသည့် ရှောင်ယန်ပင်လျှင် မနက်လင်းသည်အထိ စောင့်ဆိုင်းပြီးမှ လှုပ်ရှားရမည် ဆိုသည်ကို သိနေသည်။ ချားလ်စ်နှင့် တခြားစခန်းများတွင် အပူချိန်က တစ်သမတ်တည်းဖြစ်သဖြင့် အပြင်ပိုင်းရောက်မှ ညပိုင်းအေးသည်ကို ရှောင်ယန် ခံစားမိသည်။ သူ့လက်မောင်းများကို တင်းကျပ်နေအောင် ဖက်ထားပါသော်လည်း အိပ်လို့ မရတော့ပေ။ သူ့ခန္ဓာကိုယ်က တုန်ယင်နေပြီး လက်မောင်းမွှေးများပင် ထောင်သွားသလိုပင်။
အိပ်ရာပေါ်တွင် ထိုင်နေသည့် ဟာနယ် သူ့ဆီ ဘယ်အချိန်ကမှန်းမသိ လျှောက်လာပြီး ပြောလိုက်သည်။ "ထလိုက်"
"ဟင်...ဘာပြောတယ်" ရှောင်ယန် ခေါင်းမူးမူးဖြင့်မျက်လုံးများကို ဖွင့်လိုက်သည်။ ဟာနယ် သူ့လက်ကို ရှောင်ယန့်နဖူးဆီ ကပ်လိုက်သည်။"မင်း အဖျားရှိနေတယ် အိပ်ရာဆီသွားလိုက်"
ရှောင်ယန့်စိတ်သည် အလွန်ပင်ပန်းနေပြီဖြစ်သောကြောင့် လှုပ်ရှားရန် ငြင်းဆိုနေလေသည်။ သို့သော် သူကြားလိုက်မိသည်ကို သံသယဝင်သွားသည်။
ဟာနယ်က တကယ်ပဲ သူ့အိပ်ရာပေါ်မှာ ငါ့ကို အိပ်ခွင့်ပေးတာလား။ ဒီမှာ ဟာနယ်က ရာထူးအကြီးဆုံး မဟုတ်ဘူးလား။ အဲဒီလိုဆို တစ်ခုတည်းရှိနေတဲ့အိပ်ရာသည် ဟာနယ့်အိပ်ရာ ဖြစ်မယ်။
ရှောင်ယန့် ခြေထောက်များက ယိုင်နဲ့နဲ့နှင့်ပင်။ သူ ဒီနေ့ အတော်လေး တွေ့ကြုံထားရသည်။ ရေနစ်ခံရပြီးနောက် သူ့စစ်တပ်ယူနီဖောင်းများက စိုစွတ်နေခဲ့သည်။ နာနိုနည်းပညာသုံးထားသည့်အဝတ်က အမြန်ခြောက်သွားသော်လည်း ရေအပူချိန်က ထိုအချိန်တွင် ၁၀ဒီဂရီ ဝန်းကျင်သာ ရှိနေ၍ သူ အအေးမိသွားလေသည်။ မောပန်းမှု၊ ရင်ဖိုလှိုက်မောမှုများနှင့် ညဘက် ရုတ်တရက် အပူချိန်ကျဆင်းခြင်းတို့ ပေါင်းစပ်သွားသောကြောင့် သူ့ခန္ဓာကိုယ်လုပ်ဆောင်မှုများ မမျှတတော့ပေ။
သူ အိပ်ရာပေါ်သို့ လျှောက်သွားလိုက်သည်။ စောင်အဖျားကို မပြီး လှဲချလိုက်သည့်အခါ နွေးထွေးသည့်ခံစားမှုက သူ့အား ပို၍ အိပ်ချင်သွားစေသည်။
အိပ်ချင်မူးတူးနှင့် ဟာနယ်က သူ့အိပ်ရာဘေးမှာထိုင်နေပြီးနောက် သူ့လက်မောင်းသို့ သေနတ်တစ်လက် လာထောက်နေသလိုမျိုး ခံစားရလိုက်သည်။
သူ ငါ့ကို သတ်ပြီး ဒီမှာပဲ ထားရစ်ခဲ့တော့မလို့လား။