no

Font
Theme

အပိုင်း ၈ နှစ်ယောက်လုံးရဲ့ဦးနှောက်တွေက အ‌တော်ကောင်းတာပဲ။ 

 

နည်းပညာစစ်သားအများစုသည် လေယာဉ်မောင်းနှင်စဉ် "ကြားဖြတ်သမား" ကျူးကျော်ဝင်ရောက်လျှင် တောင့်မခံနိုင်ကြပေ။ သို့သော် ဟာနယ် ဘာတွန်ကမူ သူ့ဦးနှောက်အတွင်းသို့ ကျူးကျော်မှုကို ခုခံနိုင်သည်သာမက မဖြစ်နိုင်သည့်မစ်ရှင်တစ်ရပ်ဖြစ်သည့် ပစ်မှတ်သိ ဒုံးကျည်လက်ကနေ လွတ်အောင်လည်း မောင်းနိုင်ခဲ့သည်။ 

 

သူ့အရှေ့တွင် ရှောင်ယန် သိမ်ငယ်သွားသလိုပင်။ 

 

ပထမဆုံးအကြိမ် သူ့နှလုံးသားထဲတွင် ထိန်းချုပ်၍မရသော ခံစားချက်တစ်ခု ပြည့်လျှံလာသည်။ 

 

သူ ဒီယောကျ်ားကို ရပ်တန့်စေချင်သည်။ သူ့အား အထင်သေးရှုံ့ချမှုများနှင့်မဟုတ်ဘဲ သာမာန်အေးစက်စက်ဖြင့်ပဲဖြစ်ပါစေ ကြည့်စေချင်သည်။ သူ ရိဗ့်နှင့်မာ့ခ်ကိုကြည့်သည် ထောင်လွှားလွှားအကြည့်ကပင် အထင်တသေး အကြည့်ထက် သာ၍ကောင်းသေးသည်။ 

 

ထို့နောက် ရှောင်ယန် သူ့ကိုယ်သူ လှောင်ရယ်မိသည်။ 

 

မင်း ဘာတွေတွေးနေတာလဲ ရှောင်ယန်။ ဒါက ဟာနယ် ဘာတွန်။ မင်း ဘယ်တော့မှ သူ့ကမ္ဘာထဲကို ဝင်နိုင်မှာ မဟုတ်ဘူး။ 

 

ထိုညတွင် ဒုကိုလိုနယ်ရေဗန်နှင့်ဟာနယ်သည် စခန်းထဲတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်၍ ညစာအတူ စားခဲ့ကြသည်။ တစ်ချက် တစ်ချက် သူတို့ရှိရာဆီသို့ အကြည့်များ ရောက်,ရောက်သွားကြသည်။ 

 

"ငါပဲ အမြင်မှားတာလား ဒုကိုလိုနယ်ရေဗန်နဲ့ ကိုလိုနယ်ဘာတွန်နဲ့က အတူတူ ညစာ စားနေကြတယ်တဲ့လား။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မတည့်ဘူးမလား" 

 

ရှောင်ယန်လည်း ရောယောင်ပြီး လိုက်ကြည့်မိသည်။ ဟာနယ်သည် ပုံမှန်အတိုင်းပင်။ ဆွဲဆောင်မှုအပြည့်ရှိသော်လည်း အနားသို့ချည်းကပ်၍မရသည့် အရှိန်အဝါမျိုးနှင့်။ 

 

"အဲဒီကျောင်းသားက ဘာတွေများ ထူးခြားနေလို့ မင်းကိုယ်တိုင် ကျောပေါ်မှာ ထမ်းလာခဲ့ရတာလဲလို့ ငါ တွေးမိနေတာ " 

 

ဟာနယ်သည် ပြောလာသမျှကို မကြားချင်ဟန်ဆောင်ကာ ဟင်းရည်ကိုသာ ပါးစပ်ထဲသို့ ခပ်ထည့်လိုက်သည်။ မျက်လုံးကို မော့ကြည့်လိုက်သည့်အခါ အရိပ်တစ်ဝက်ကျနေသည့် သူ့မျက်နှာတွင် နူးညံ့မှုတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ပင်။ 

 

"သူက ရေမြှုပ်လိုပဲ။ သူ့ဘေးမှာရှိသမျှအရာအားလုံးကို စုပ်ယူနိုင်တယ်။ အစကတည်းက အပြည့်ဖြည့်ထားတဲ့ တခြားသုတေသနသမားတွေနဲ့ တခြားစီပဲ" 

 

ဟာနယ်သည် ပေါင်မုန့်ကို ဆွဲဖြဲ၍ ဖြည်းညင်းစွာ ဝါးနေလေသည်။ 

 

သူ မျက်နှာတစ်ချက်ပျက်မသွားသည်ကို ရှောင်ယန် လေးစားမိသည်။ ဒီစခန်းမှပေါင်မုန့်သည် သူ့ဘဝတစ်လျှောက်လုံး စားဖူးသမျှထဲတွင် အဆိုးဆုံးပေါင်မုန့်ဖြစ်သည်။ ခြောက်သွေ့မာကျောကာ မျိုချရန်လည်း ခက်ခဲလှသည်။ 

 

ဒုကိုလိုနယ်ရေဗန်သည် ဟာနယ့်မျက်နှာပေါ်မှ ခံစားချက်တစ်စိတ်တစ်လေကို ဖမ်းကြည့်ရန် ကြိုးစားပါသော်လည်း အချည်းနှီးသာ။ ဟာနယ်သည် သူဘာပြောပြော ခပ်တည်တည်နှင့်သာပင်။ 

 

"ဪ မေ့တော့မလို့ ရှောင်ယန့်လေယာဉ်က မင်းအဲဒီနေ့က မောင်းနှင်တဲ့လမ်းကြောင်းနဲ့ ၉၄ ရာခိုင်နှုန်းအထိ တူညီတယ်တဲ့။ ဒေတာဘေ့စ် အကူအညီနဲ့ တာမီနယ်က လုပ်တဲ့ စမ်းသပ်မှုမဟုတ်ဘဲ လူ့ဦးနှောက်က ညွှန်ကြားတဲ့ လုပ်ဆောင်ချက်နော်။ ကြည့်ရတာ မင်းတို့နှစ်ယောက်ဦးနှောက်တွေက တကယ်လိုက်ဖက်ညီနေတာပဲ" 

 

ဟာနယ် မတ်တပ်ရပ်လိုက်ကာ အစားအသောက်ဗန်းကိုကိုင်၍ အမှိုက်ပုံးဆီသို့ သွားနေလေသည်။ ဒုကိုလိုနယ်ရေဗန်သည် သူ့မျက်ခုံးများကို တစ်ချက် ပွတ်သပ်မိသွားသည်။ ညစာတစ်လျှောက်လုံး သူ့ဘာသူ တစ်ယောက်တည်း ပြောနေရသလိုဖြစ်သဖြင့် စိတ်မကြည်ပုံပင်။ 

 

ထိုအချိန်တွင် ရှောင်ယန့်အရှေ့သို့ လူတစ်ယောက် လာရပ်သည်။ "ဟေး ငါ ဒီမှာထိုင်လို့ရမလား" 

 

အက်ကွဲသည့် အနိမ့်သံတစ်ခု ရောယှက်နေသည့် ချိုသာသည့်အသံတစ်ခု ဖြစ်သည်။ ရှောင်ယန် အသံကြားရာသို့ ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့နှလုံး တစ်ချက် အခုန်မြန်သွားသည်။ သူ့အရှေ့တွင် ဆွဲဆောင်မှုအပြည့်ရှိသည့် အမျိုးသမီးအရာရှိတစ်ဦးက ပေါ့ပေါ့ပါးပါး အဝတ်အစားဝတ်ကာ ရပ်နေလေသည်။ 

 

ဒီစခန်း၌ရှိကြသူအားလုံးသည် စစ်တပ်မှ ဖြစ်သည်။ သူ့အရှေ့တွင်ရှိနေသည့် အလှပဂေးသည် နီမြန်း၍ လှိုင်းထနေသည့် ဆံပင်တို့ကို ပခုံးပေါ်တွင် ဖြန့်ချထားသည်။ သူမ၏ လှပသည့် မျက်လုံးလဲ့လဲ့များက ရှောင်ယန့်အား စိုက်ကြည့်လိုက်သောအခါ သူ့နှလုံးကို တလှပ်လှပ် ဖြစ်သွားစေသည်။ 

 

"အင်း... ရပါတယ်...." 

 

"စခန်းထဲမှာ နေနေရတာက အရမ်းပျင်းဖို့ကောင်းတာပဲ၊ ဒါပေမဲ့ မင်းကျေးဇူးနဲ့ ပျော်စရာ ရှာတွေ့သွားပြီလေ" သူမသည် ဆံနွယ်များကို လက်ချောင်းများဖြင့် လိမ်ယူကာ ရှောင်ယန့်အား မျက်စိမှိတ်ပြလိုက်သည်။ "မေ့တော့မလို့ တို့နာမည်က မာရာ တဲ့" 

 

"မာရာ...." သူမသည် ယူနီဖောင်းဝတ်မထားသဖြင့် ဒီနေ့သည် သူ့အားရက် ဖြစ်ရမည်ဟု ရှောင်ယန်‌ တွေးလိုက်မိသည်။ သူသာ လေယာဉ်စမ်းသပ်မောင်းနှင်ခန်းမှာ ထူးထူးချွန်ချွန် မလုပ်ဆောင်နိုင်ခဲ့ရင် မာရာ့လို အချောအလှတစ်ယောက်သည် သူ့အား တစ်ချက်ကလေးတောင် လှည့်ကြည့်မည် မဟုတ်ပေ။ 

 

ရုတ်တရက် အရာအားလုံး နှေးကွေးသွားသလိုပင်။ မာရာမှလွဲ၍ တခြားအရာများသည် သူ့အာရုံခံမြင်ကွင်းအတွင်းမှ မသိမသာ ပပျောက်သွားသလိုပင်။ သူမ၏အပြုံးသည်လည်း ပို၍ ဆွဲဆောင်မှုအားကောင်းကာ ညှို့ယူနေသလိုပင်။ 

 

"ခဏနေ အားလား။ တို့ မင်းအခန်းကို လာခဲ့လို့ရမလား" သူမသည် ရှောင်ယန်မေးစေ့အား လက်ချောင်းကလေးဖြင့် ချိတ်ယူလိုက်သည့်အခါ သူမ၏အသက်ရှူငွေ့သည် သူ့နှုတ်ခမ်းများသို့ လာဟပ်သွားသလိုပင်။ သူ့ခေါင်းထဲသို့ တစ်ခုခုစီးဝင်လာကာ သူ့အတွေးများကို ထိန်းချုပ်နေသည်ဟု ခံစားရမိသည်။


"အင်း..."


"ကောင်းလိုက်တာ မင်းက တို့ကို မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခု ပေးနိုင်မယ်ဆိုတာကို တို့အသေအချာသိနေတယ်"


သူမသည် ရှောင်ယန့်ဆီသို့ ခန္ဓာကိုယ် ယိမ်းယိုင်လာပြီး စားပွဲပေါ်သို့ စွဲမက်စရာကြောင်ရိုင်းတစ်ကောင်နှယ် တက်လာလိုက်သည်။ သူမနှုတ်ခမ်းများသည့် သူ့နှုတ်ခမ်းများနှင့် ဝင်တိုးသွားသည်။ အားလုံးသည် ထိန်းချုပ်၍မရ ဖြစ်တော့မည့်အချိန်တွင် အခန်းထဲတွင် အော်သံတစ်ခု ထွက်ပေါ်လာသည်။


"အရာရှိ မာရာ နင် လုပ်ပြန်ပြီ" ရိဗ့်ဖြစ်သည်။ သူမသည် စားပွဲပေါ်မှထလာကာ လက်မောင်းပိုက်ပြီး မာယာ့အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။


ရေခဲရေ လောင်းချလိုက်သကဲ့သို့ ရှောင်ယန် လန့်နိုးသွားသည်။ ထိုအခါ မာရာသည် စားပွဲ၏တစ်ခြားတစ်ဖက်တွင် မေး၌ လက်တစ်ဖက်ထောက်ကာ ထိုင်နေသည်ကို သူတွေ့လိုက်ရသည်။.


ရှောင်ယန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ့ထိုင်ခုံပေါ်သို့ ပြန်ကျသွားလေသည်။ ဘာတွေ ဖြစ်သွားတာလဲ။ ဘယ်လိုဖြစ်လို့ မာရာက စားပွဲခုံပေါ်တက်လာပြီး ငါ့ကို နမ်းလိုက်တယ်လို့ ငါ အမြင်မှားရတာလဲ။


မာရာ့မျက်နှာပေါ်တွင် ညှို့ယူဆွဲဆောင်မှုများ ပျောက်ကွယ်သွားပြီး စိတ်ရှုပ်သည့်ဟန်ဖြင့် ရိဗ့်အား လက်မောင်းရမ်းပြလိုက်သည်။ " ငါဘာလုပ်လုပ် မင်းခွင့်ပြုချက် တောင်းစရာ မလိုဘူးလို့ထင်တယ် မဟုတ်ဘူးလား ကပ္ပတိန်ရိဗ့်"


တစ်ချိန်က ချိုသာနေသည့်အသံသည် ရုတ်တရက် နက်ရှိုင်းကာ ခက်ထန်သွားသည်။ ဒီအသံက မိန်းမအသံဖြစ်ဖို့အတွက် အရမ်းကို ကျားလျားနေသည်။


ယခုမာရာတွင် မိန်းမတစ်ယောက်၏ ဆွဲဆောင်မှုမျိုး တစ်ထောင့်တစ်လေမှ မတွေ့ရဘဲ အထူးတပ်ဖွဲ့ဝင်တစ်ယောက်၏ ထူးခြားသည့် တိုတောင်းပြတ်သားမှုမျိုး ပေါ့ပေါ့တန်တန်ပုံမျိုးကိုသာ မြင်နေရသည်။


"ဒီ... ဒီမှာ ဘာတွေဖြစ်နေတာလဲ" သူ့အရှေ့ရှိ "အမျိုးသမီး အရာရှိ"သည် အမှန်တကယ်တွင် ယောကျ်ားကြီးဆိုသည်ကို ရှောင်ယန် နောက်ဆုံးတွင် သဘောပေါက်သွားသည်။


ရိဗ့်သည် မာရာ့ပခုံးတွင် လက်တင်ကာ သူ့အား နှာခေါင်းရှုံ့ပြလိုက်သည်။ " ဒါက ရှက်စရာကောင်းပေမဲ့ ငါ နင့်ကို သတိပေးထားရမယ် ဒီမှာရှိနေတဲ့ကောင် အရာရှိ မာရာ က ငါတို့အဖွဲ့ဝင်တစ်ယောက်ပဲ ။ သူ့ရုပ်က ကြည့်ကောင်းပေမဲ့ သူ့ဂုဏ်သတင်းကတော့ တစ်စက်ကလေးမှ မကောင်းဘူး။ သူက ယောကျ်ားတွေကို သဘောကျတယ်။ သူက အပေါ်ကနေတဲ့သူ။ ဒါပေမဲ့ အထူးတပ်ဖွဲ့ထဲမှာ သူ အပေါ်တက်တာကို ခံချင်တဲ့ကောင်တွေ မရှိဘူး။ သာမန်စစ်သားတွေကလည်း အထူးတပ်ဖွဲ့ကအမျိုးသားစစ်သားတွေဆို အထူး သတိထားကြတယ် ။ ဒါကြောင့်မို့လို့ သူက အမြဲ မိန်းမလို ဝတ်စားပြီး နင့်လိုမျိုးခေါင်းပိန်းတဲ့သူတွေ၊ နှာတစ်လုံးဖျား လှည့်စားလို့ရမဲ့သူတွေကို မျှားခေါ်တော့တာပဲ။ သူသာ နင့်ကို အိပ်ရာထဲခေါ်သွားတဲ့အထိ စောင့်ကြည့်လိုက်.... ငါ နင့်ကို လေယာဉ်ပေါ်မှာ ပြောပြခဲ့တာတွေကို နင်မှတ်မိတယ်မို့လား"


...ငါသေတာတောင် မေ့မှာ မဟုတ်ဘူး။


ရိဗ့်သည် အူမြူးစွာဖြင့် မာယာ့မေးစေ့သို့ သူ့လက်ချောင်းများ ချိတ်လိုက်သည်။ " ဟေး နင်က သေချာပေါက် ယောကျ်ား ရင့်ရင့်မာမာကြီးပါ မိန်းကလေးလိုမျိုး နွဲ့နွဲ့နောင်းနောင်း ပြောရဆိုရတာက စိတ်ထဲ နေရ ထိုင်ရ မခက်ဘူးလား"


မာရာသည် ရိဗ့်အား မျက်လုံးပြူးပြကာ သူမလက်ချောင်းများအား ပုတ်ထုတ်လိုက်သည်။ " ဒါပေါ့ နေရ ထိုင်ရ ခက်တာပေါ့ ဒါကြောင့်မို့လို့ ငါ သူ့ကို အိပ်ရာပေါ် တကယ်ခေါ်သွားနိုင်ရင် သူ့ကို အသက်ထွက်တဲ့အထိ အားရပါးရ ဆော်ပစ်မလို့"


ရှောင်ယန် တံတွေးမျိုမိသွားသည်။ သူသည် ရိဗ့်အား အထူးပင် ကျေးဇူးတင်မိသွားသည်။ အမလေး ဘုရားရေ။ ငါ့ကိုယ်ငါ အသက်ခံလိုက်ရတော့မလို့။ ဆိုးဆိုးဝါးဝါး အသေဆိုးမျိုးကြီးနဲ့။


သို့သော် မာရာ စိတ်လျှော့မသွားသေးပေ။ သတိမပေးဘဲနှင့် သူသည် ရှောင်ယန့်လက်များကို ဆုပ်ကိုင်ကာ သူ့လက်ချောင်းများကို သူ့နှုတ်ခမ်းဆီသို့ တင်ချလိုက်သည်။ သူလျှာထိပ်က ရှောင်ယန့်လက်ချောင်းထိပ်များကို လျက်လိုက်သည့်အခါ လက်ချောင်းမှတစ်ဆင့် နှလုံးသားထဲအထိ တစ်ချက်တုန်ခါသွားသလိုပင်။


"ကိုယ်က ယောကျ်ားမှန်း မင်းသိသွားလို့လည်း ကိစ္စမရှိဘူး အချစ်လေး... ကိုယ်နဲ့လိုက်ခဲ့ မင်းကို ကိုယ် ကောင်းကောင်းဆက်ဆံပါ့မယ်လို့ ကတိပေးတယ်..."


ရှောင်ယန့်နဖူးတွင် သွေးကြောများ ထောင်တက်သွားသလိုပင်။ မာရာ့လက်ကြားမှ သူ့လက်အား ပြန်ယူရန် ကြိုးစားသော်လည်း သာမန်လူတစ်ယောက်၏အားသည် အထူးတပ်ဖွဲ့ဝင်တစ်ယောက်အတွက် ဘာမျှ မပြောပလောက်ပေ။


မာရာသည် ရှောင်ယန့်အား ဆက်လက်၍ တယုတယနှင့် ကြည့်နေလေသည်။ သူ့အကွက်များကို အမြင်ကပ်မိသော ရိဗ့်သည် မာရာအား ခေါင်းခေါက်ချလိုက်သည်။ "သွားမရှုပ်နဲ့တော့"


ထိုအချိန်တွင်ပင် လေထဲသို့ အသံတစ်ခု ဖြတ်လာကာ မာရာနှင့်ရှောင်ယန့်အား ကမ္ဘာနှစ်ခုသို့ ခွဲချလိုက်သကဲ့သို့ပင်။


"အရာရှိ မာရာ မင်းရဲ့ နှောင်းပိုင်း အစီရင်ခံစာက ဘာမှ အနှစ်သာရ ပါမလာဘူး"


မာရာ့လည်ပင်းများ စက်ကဲ့သို့ လည်သွားသည်။ သူ့မျက်လုံးများက အေးခဲနေသည့် ရေကန်ပြင်နှင့်တူသည့် ဟာနယ် ဘာတွန်၏အကြည့်များနှင့် ဆုံသွားသည့်အခါ သူ ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ "ဟုတ်ကဲ့ပါ ကိုလိုနယ် ကျွန်တော် အခုချက်ချင်းပဲ ပြန်ပြင်လိုက်ပါ့မယ်"


ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် မာရာသည် မျက်နှာခပ်တည်တည်နှင့် ထထွက်သွားလေသည်။


ရိဗ့် သက်ပြင်းချလိုက်မိသည်။ "နင် ကံကောင်းသွားတယ် ရှောင်ယန် ပုံမှန်ဆိုရင် မာရာချဉ်းကပ်တာကို ခံရတဲ့သူတိုင်းက အဲဒီရက်မှာတင် သူနဲ့အိပ်ရာပေါ် ရောက်သွားကြတယ် အဲဒီတစ်ယောက်မှာ လူကျင့်ဝတ်တွေ ဘာတွေ ရှိတာမဟုတ်ဘူး" 

 

ရှောင်ယန်တစ်ယောက် တစ်ခုသော အတွေးများတွင်နစ်မြုပ်မိနေကာ ကြောင်လျက်သား ရှိနေသည်။ 

 

ရိဗ့် ခေါင်းတစ်ချက် ရမ်းကာ ရှောင်ယန့်ပါးပြင်ကို လိမ်ဆွဲချလိုက်သည်။ 

 

"အား" နာကျင်မှုက သူ့အား မဖော်ပြနိုင်သည့် အမြင်မှားများထဲမှ အပြင်သို့ ဆွဲခေါ်သွားသည်။ 

 

"ရှောင်ယန် နင့်စိတ်စွမ်းအားကို တကယ် လေ့ကျင့်ထားသင့်တယ် မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တဲ့ ဘယ်အထူးတပ်ဖွဲ့ဝင်မဆို နင့်ကို အိပ်ရာထဲမှာ သတ်သွားကြလိမ့်မယ်" 

 

"ဒါက... အဲဒါက ဘာတွေလဲ ငါ ဘာတွေ ဖြစ်သွားတာလဲ ခုနလေးတုန်းက ငါ ငါ မြင်လိုက်ရတယ်...." 

 

ရှောင်ယန် ဘယ်လောက်ပဲ တုံးအသည်ဆိုစေကာမူ သူခုနက မြင်လိုက်ရသည့် အမြင်မှားသည် သာမာန်မဟုတ်သည်ကို သူ အသေအချာကြီး သိနေမိသည်။ 

 

"အဲဒါက X ဗိုင်းရပ်စ်ကြောင့်ပဲ အဲဒါက မာရာရဲ့ဟော်မုန်းတွေကို မြှင့်တင်ပေးလိုက်တယ်လေ နင် ဗဟိုအကယ်ဒမီမှာ စာသင်နေတာ နှစ်တွေလည်း ကြာပြီကို အခုထိ X ဗိုင်းရပ်စ်ရဲ့ အခြေခံလက္ခဏာတွေကို မရင်းနှီးသေးဘူးလား" ရိဗ့်သည် လက်ချလိုက်သကဲ့သို့ ခေါင်းကို ရမ်းခါလိုက်သည်။ 

 

ဪ ဟုတ်သား... ငါ ဘယ်လိုလုပ် မေ့သွားတာလဲ... 

 

X ဗိုင်းရပ်စ်သည် အထူးတပ်ဖွဲ့ဝင်စစ်သားများ၏ ကာယနှင့် အာရုံခံစွမ်းရည်များကိုသာ မြှင့်တင်ပေးရုံမကာ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်မှ ဟော်မုန်းထုတ်လွှတ်မှုကိုလည်း တိုးမြှင့်ပေးလေသည်။ အထူးသဖြင့် လိင်ဟော်မုန်းများ။ ဤသည်ကပင် အထူးတပ်ဖွဲ့ဝင်များတွင် သာမန်လူများထက် ပို၍ပြင်းထန်သည့် ကာမဆန္ဒများ ရှိနေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ 

 

မာရာသည် ရှောင်ယန့်အား သိသိသာသာ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုတစ်ခုကို ပြသခဲ့သည်။ ထိုကဲ့သို့သောဆန္ဒသည် မာရာ၏ဟော်မုန်းထုတ်လွှတ်မှုကို မြင့်တက်သွားစေသည်။ ဟော်မုန်းမြင့်တက်မှုကို အထင်မသေးလိုက်ပါနှင့်။ ၎င်းသည် သာမာန်လူတစ်ယောက်၏ဟော်မုန်းထက် အဆ ၁၀၀ ထိ ပို၍အားကောင်းသွားနိုင်သည်။ ဟော်မုန်းများ လေထဲတွင် အလွယ်တကူပျံ့လွင့်သွားပြီး မာယာနှင့် အနီးကပ်ထိုင်နေသည့် ရှောင်ယန့်တွင် အကျိုးသက်ရောက်လာသည်။ ထိုအရာသည် ရှောင်ယန့်အား လိင်ပိုင်းဆိုင်ရာ တက်ကြွမှုများ ဖြစ်ပေါ်စေကာ စိတ်ကူးယဉ်အခြေအနေများသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ 

 

"အောင်မလေး..." ရှောင်ယန် လက်နှင့် ခေါင်းကို ကိုင်ချလိုက်သည်။ ဒါက လှည့်စားသည်နှင့် ဘာမျှမခြားဟု သူ ခံစားမိသည်။ အထူးထပ်ဖွဲ့ဝင်စစ်သားများ ဘယ်သူ့ကိုပဲ စိတ်ဝင်စားစား သူတို့ လိုချင်လာပြီဆိုသည်နှင့် တစ်ဖက်လူသည် အလွယ်တကူ ဆွဲညှို့ခံသွားရလေသည်။ 

 

"ကိုယ့်ဘဝကိုယ် တန်ဖိုးထား မာရာနဲ့ ဝေးဝေးမှာနေ စခန်းမှာနေရတဲ့အချိန်တိုလေးကို ကောင်းကောင်းနေ" ရိဗ့်သည့် သူ့ပခုံးအား တစ်ချက်ဖျစ်ညှစ်ကာ ပြောလိုက်သည်။ 

 

"ဘာကို အထူးတပ်ဖွဲ့လဲ သူတို့ကို နှာပူးတပ်ဖွဲ့လို့ ခေါ်ရမှာ" ရှောင်ယန် ထိုကဲ့သို့ ကောင်းကောင်းကြီး ကောက်ချက်ချလိုက်သည်။ 

 

ထိုနေ့လည်ခင်းတွင် တာမီနယ်နှင့်ချိတ်ဆက်ထားလျက်နှင့် သနားစရာကောင်းသည့်ပုံပေါက်နေသည့် မာရာကို မြင်လိုက်ရသည်။" ငါက နှောင်းပိုင်း အစီရင်ခံစာ ရေးတဲ့နေရာမှာ မတော်ဘူးဆိုတာကို အားလုံး သိတယ်" 

 

"အင်း" ရိဗ့်သည် စိတ်မပါ လက်မပါနှင့် ခေါင်းညိတ်ပြလိုက်ပြီး ဂိမ်းကိုသာ ဆက်ကစားနေခဲ့သည်။ 

 

"ဘာလို့ ဘော့စ်က ငါ့ကို တစ်ခေါက်ပြန် ရေးခိုင်းရတာလဲ ငါ ၈၂ ခါတောင် ရေးပြီးသွားပြီကို" 

 

" နင့်ဆံပင်တွေနဲ့ ဘော့စ်ဆီမှာ မတော်တဆ သွားချိတ်မိသေးလား" ရိဗ့် သူ့ကို သဘောကောင်းစွာဖြင့် အမှတ်ဖော်ပေးလိုက်သည်။ 

 

"ဟင့်အင်း လုံးဝပဲ" ဒီလောက်အထိ ရှည်လာခဲ့သည့်ဆံပင်များသည် မာရာ၏ အဖိုးတန်ဆုံး ရတနာများ ဖြစ်သည်။ သို့သော် ဆံပင်ရှည်ခြင်းသည် အတိုက်အခိုက်အဖွဲ့တင် အမြဲ ပြဿနာတက်လေသည်။ ပြောရမယ်ဆိုရင် တစ်ခါက သူချည်ထားတဲ့ဆံပင်တွေက ဇွန်ဘီးများကို သတ်နေသည့်အချိန်အတွင်း ပြေကျသွားကာ မတော်တဆ ကိုလိုနယ်ဘာတွန်၏ပခုံးနှင့် သွားရိုက်မိသွားလေသည်။ ကိုလိုနယ်ဘာတွန်သည် အညှာအတာမရှိ သူ့ဆံပင်များကို ဖြတ်ပစ်လိုက်သည်။ သူ့ဆံပင် သိသိသာသာ အကြောင်းလိုက် အဖြတ်ခံလိုက်ရသည်ကို မြင်လိုက်သည့်အခါ မာရာ မျက်ရည်တောင် ကျချင်သွားသည်။ 

 

"အဲဒီလိုဆို ငါလဲ မသိတော့ဘူး ကံကောင်းပါစေ နင့်ရဲ့ ၈၃ ကြိမ်မြောက် အစီရင်ခံစာ အတည်ပြုနိုင်သွားပါစေ" 

 

"အား... နင် ငါ့ကို ဝင်မတားသင့်ဘူး ငါ အဲဒီ ချစ်ဖို့ကောင်းတဲ့အလုပ်သင်လေးကို ရတော့မလို့ အဲဒီလိုမျိုး အာရှသားစစ်စစ်တစ်ယောက် မမြင်ရတာ အရမ်းကြာသွားပြီ အဲဒီ ဟေဇယ်ညိုရောင် မျက်လုံးလေး ငါ့ကို မထုံတတ်ထေးနဲ့ ကြည့်နေတာ အား.... " မာရာ ခေါင်းကို လက်ထဲ ထည့်ချလိုက်ပြီး သူ့အတွေးတွေ လွင့်ပျံသွားလေသည်။ 

 

ရိဗ် သူ့မျက်လုံးထောင့်မှနေ ကြည့်ပြီး သူ့အား ပြောလိုက်သည်။" ငါ နင့်ကို သတိပေးထားမယ် ရှောင်ယန့်ကို သွားမထိနဲ့" 

 

"အိုး ငါ သဘောပေါက်သွားပြီ အထူးတပ်ဖွဲ့ရဲ့ နတ်ဘုရားမသုံးပါးထဲက တစ်ပါးဖြစ်တဲ့ ကပ္ပတိန်ရိဗ့်က အဲဒီလူသစ်အလုပ်သင်လေးကို သဘောကျသွားတာကိုး" မာရာစိတ်လှုပ်ရှားစွာဖြင့် ရိဗ့်ပခုံးပေါ်သို့ သူ့လက်မောင်း လှမ်းတင်လိုက်လေသည်။ 

 

 

***************************************************** 

 

စာရေးဆရာ၏ မှတ်စု: 

 

မာရာ: ဝဝကစ်ကစ် သခွားမွှေး နင် ငါ့ကို ဘာလို့ ဒီလိုမျိုး နွဲ့နေတဲ့ ဇာတ်ကောင်မျိုး လုပ်ပေးလိုက်တာလဲ —— 

 

ဝဝကစ်ကစ် သခွားမွှေး * နှာခေါင်း နှိုက်* : နင် တကယ် နွဲ့နေလို့လား 

 

မာရာ : ဘယ်ဟုတ်မလဲ 

 

ဝဝကစ်ကစ် သခွားမွှေး  : ဒီဇာတ်လမ်းမှာ နင့်ရဲ့ရုပ်ရည်က ဘာကိုညွှန်းထားသလဲဆိုတာကို သိလား 

 

မာရာ  : ငါ့ဆံပင်လှလှလေးတွေကို ဖြန့်ပြဖို့လား 

 

ဝဝကစ်ကစ် သခွားမွှေး * ခေါင်းရမ်း * :  တခြားသူတွေကို ဆွဲဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်အတွက် X ဗိုင်းရပ်စ်က ဘယ်လောက်တောင် ဖြည့်ဆည်းပေးနိုင်သလဲဆိုတာကို လူတွေ နားလည်သွားအောင်လို့ ပြီးတော့ .... ပြဿနာရှာဖို့ 

 

မာရာ : .......

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment