အပိုင်း ၉ ကိုယ့်ကို လွမ်းလား
"သူက ငါ့သူငယ်ချင်း။ နင့်ရဲ့လက်ညစ်ပတ်တွေ သူ့ကို ထိမသွားစေချင်ဘူး။ ပြီးတော့ ၁၇ မိနစ်ပဲ ကျန်တော့တယ် နင့်ရဲ့ ၈၃ ခါမြောက် အစီရင်ခံစာ ပြီးသွားပြီလား"
"အား... နင်က ငါ့ကို အမြဲ သတိလာလာပေးနေတာပဲ...." မာရာ ဘဝင်မြင့်ဟန်နှင့် သူ့ဆံပင်ရှည်တွေကို ပွတ်သပ်လိုက်သည်။ " ဒီနေ့ ဘော့စ်က ငါ့ကို မနာလိုနေသလိုပဲ။ သူက ပုံမှန်ဆို ဒီစာရွက်စာတမ်းတွေ အစီရင်ခံစာတွေကို စိတ်ဝင်စားတဲ့သူ မဟုတ်ဘူး"
"သူက ဘာကို မနာလိုရမှာလဲ" ရိဗ့် နှာခေါင်းရှုံ့မိသွားသည်။ "နင် ခေါင်းမှကောင်းသေးရဲ့လား"
မာရာသည် မျက်ခုံးများကို မြှောက်ပင့်ကာ ယုံကြည်ချက်အပြည့်နှင့် ပြောချလိုက်သည်။ "ငါ့ဆံပင်တွေကိုလေ"
ရိဗ့် စွံ့အသွားသည်။
စခန်း ၂ သည် သုတေသနစခန်းဖြစ်သည့်အတွက် လွန်စွာပျင်းရိဖို့ကောင်းသည်။ စခန်းထဲတွင် သုတေသနစင်တာတစ်ခုနှင့် စစ်တပ်တို့သာ ရှိလေသည်။
ရှောင်ယန်သည် နေ့လည်ရောက်သည်အထိ အိပ်စက်နေခဲ့ပြီး နေ့လည်စာစားချိန်ပြီးခါနီးမှ ကန်တင်းသို့ ထွက်လာခဲ့သည်။ တစ်ယောက်တည်း အသက်ရှင်လျက် ကျန်ရစ်ခဲ့သည့် ကျောင်းသားဖြစ်သဖြင့် သူ့တွင် စကားပြောစရာအဖော်ပင် မရှိပေ။ တခြားသုတေသနလေယာဉ်တစ်စီး ဒီစခန်းတွင် လာရပ်သည်ကိုစောင့်ပြီး ပြန်ရုံပင်သာ ရှိသည်။
ကန်တင်းတွင် လူအနည်းငယ်သာ ရှိပြီး အလွန်အမင်းတိတ်ဆိတ်နေခြင်းက ရှောင်ယန့်အား နေမထိ ထိုင်မသာ ဖြစ်စေသည်။
ရုတ်တရက် အနောက်မှနေ သူ့မျက်လုံးများအား လက်တစ်ဖက်က လာဖုံးအုပ်လိုက်သည်။ ပြုံးနေသည့်အသံတစ်ခု ရှောင်ယန့်နားထဲသို့ ရောက်လာသည်။ " ဘယ်သူလဲ မှန်းကြည့်"
"ရိဗ့်လား" ရှောင်ယန် မယုံတယုံနှင့် ခေါင်းကို မော့လိုက်သည်။ ရိဗ့်သည် ဤကဲ့သို့နောက်ပြောင်မှုမျိုး လုပ်တတ်သည့်ပုံ မပေါက်ပါ။ သို့သော် အသံမှာ သေချာပေါက် ရိဗ့်အသံဖြစ်လေသည်။
"ကိုယ့်ကို လွမ်းလား"
တစ်ဖက်လူ၏အသံသည် ဆွဲဆန့်သွားသောအခါ ရှောင်ယန် အသက်ရှူတာတောင် အောင့်သွားမိသည်။ တစ်ဖက်လူက သူ့အပေါ် အုပ်မိုးလာ၍ ထိုလူ့နှုတ်ခမ်းကြားမှ ဖြတ်သွားသည့် အငွေ့အသက်ကို သူခံစားမိနေရသည်။
"ခင်ဗျားက ရိဗ့် မဟုတ်ဘူး"
ရှောင်ယန်သည် တစ်ဖက်လူ၏လက်မောင်းကို ဆုပ်ကိုင်ကာ သူ့မျက်လုံးများအပေါ် ဖုံးအုပ်ထားသည့် လက်များကို ဆွဲဖယ်ရန် ကြိုးစားလိုက်သည်။ စနောက်ရိပ်ပါသည့်ရယ်သံတစ်ခု လေထဲသို့ လွင့်ပျံသွား၏။ "အဲဒီလိုဆိုရင် ဘယ်သူလို့ မင်းထင်လဲ"
"အရာရှိ မာရာ"
"ငါ ရိဗ့်အသံကို ကောင်းကောင်းတုနိုင်တယ်လို့ ထင်ခဲ့တာ"
ရှောင်ယန့်မျက်လုံးကို အုပ်ထားသည့်လက်များ ပြေလျော့သွားသည့်အခါ အနက်ရောင် တိုက်ခိုက်ရေးဝတ်စုံဝတ်ထားသည့် ခန့်ညားသည့်အမျိုးသားတစ်ယောက်ကို သူ တွေ့လိုက်ရသည်။ ဆံပင်များကို နောက်သို့လှန်ဖြီးထားပြီး ချောမွေ့သောနဖူးပြင်တစ်ခုကို ဖော်ထားလေသည်။ မျက်နှာအသွင်အပြင်ကိုကြည့်ရုံနှင့် မာရာမှန်း သေချာနေသည်။ ပြုံးနေသော်လည်း သူ့ဆီတွင် ရှောင်ယန်နှင့် ပထမတစ်ခေါက်ဆုံတွေ့စဉ်က မတွေ့ရခဲ့သည့် စစ်သားတစ်ယောက်၏ ရင့်ကျက်ပါးနပ်သည့် အရှိန်အဝါများလည်း ရှိနေသည်။
သူသည် ခြေထောက်တစ်ဖက်ကို ပင့်ပြီး စားပွဲပေါ်တွင်ဝင်ထိုင်လိုက်ကာ ရှောင်ယန်အား ငုံ့ကြည့်လိုက်သည်။ " ဟေး မင်းကြည့်ရတာ ပျင်းနေပုံပဲ ကိုယ်နဲ့ ဒိတ်လုပ်ချင်လား"
တင်းကျပ်သည့် ကိုယ်ကြပ်ဝတ်စုံက မာရာ့၏ တောင့်တင်းသော ခန္ဓာကိုယ်ကို ကျကျနန ကောက်ကြောင်းဆွဲထားလေသည်။ သူ့လက်ကိုမြှောက်ကာ ရှောင်ယန့်နှာခေါင်းကို လာတောက်လိုက်သည့်အခါတွင် သူ၏ တောင့်တင်းနေသာ လက်မောင်းကြွက်သားများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ သူသည် ဒီလူ့အား ဆွဲဆောင်မှုအားကောင်းသည့် အလှပဂေးတစ်ယောက်ဟု မြင်ယောင်ခဲ့မိသည်။ .... ဘုရားရေ အဲဒါက တော်တော် ယုတ္တိမရှိတာပဲ။
"မ...မလိုပါဘူး ကျေးဇူးပါပဲ..." ရှောင်ယန် သူ့ပန်းကန်ကိုမ,ကာ ထတော့မည့်အချိန်တွင် မာရာက သူ့ပခုံးများအား ဖိချလိုက်သည်။ ပုံစံကြည့်ရတာ ဘာအားမှ မသုံးလိုက်သလိုဆိုသော်လည်း ရှောင်ယန် တစ်စက်ကလေးမျှ မရွေ့နိုင်တော့ချေ။
"ဟန်နီ ကိုယ့်အကြောင်း ရိဗ့်ပြောသွားခဲ့တာအားလုံးက ကောလဟလတွေပါ"
ရှောင်ယန် ဘေးကို လှည့်ကြည့်လိုက်သည်။ အစောက ကန်တင်းတွင် စားနေကြသူများ တစ်ယောက်မှ မရှိကြတော့ပေ။ သူ စိတ်ဓာတ်ကျသွားသည်။ မာရာ သူ့အား တစ်ခုခုကြံစည်နေသည်မှာ သိသာလှသည်။
"အခုချိန်မှာ အဲဒါတွေကို ကောလဟလလို့ ကျွန်တော် မထင်မိတော့ဘူး" ရှောင်ယန် သူ့မျက်လုံးများကို မာရာ၏အဝေးသို့ လွှဲပစ်လိုက်သည်။ သူ မာရာနှင့် ခပ်ဝေးဝေးတွင် နေရမည်ကို သိသည်။ မဟုတ်ပါက ဒီတစ်ယောက်တွင် မကောင်းစိတ်များရှိနေလျှင် သူသည် မာရာ၏ဆွဲဆောင်မှုကို ခုခံနိုင်မည်ဟု မထင်ပါ။
"ကိုယ့်ကိုယုံ ကိုယ်နဲ့အတူနေကြည့်လိုက်ရင် မင်း သေချာပေါက် မေ့မသွားနိုင်တဲ့ အတွေ့အကြုံတစ်ခု ရသွားလိမ့်မယ်" မာရာ့ပါးစပ်သည် ရှောင်ယန်၏နားရွက်ဖျားနား ကပ်ပြီးကိုက်ချလိုက်လေသည်။
ကြက်သီးထစရာခံစားချက်ကြောင့် ရှောင်ယန် ပခုံးများကိုင်းညွှတ်ကာ နှလုံးခုန်သံလည်း မြန်ဆန်သွားသည်။ သူ၏အသက်ရှူသံသည် ပို၍ ပို၍ ကျယ်လောင်လာလေသည်။
မာရာ အရင်အကွက်ဟောင်းကို သုံးနေမှန်း သူသိသည်။ မကြာခင်တွင် သူ့ထံ၌ ထိုရှက်စရာအထင်မှားအမြင်မှားများ ရလာတော့မည်။ သို့သော် သူ၏ရုန်းကန်မှုသည် အချည်းနှီးပင်။ ရှောင်ယန်အတွင်းစိတ်၌သာ ကြိတ်ပြီးပြောလိုက်သည်။ ခင်ဗျားဆွဲဆောင်တာကို တခြားသူကို အတင်းအဓမ္မ တွန်းလက်မခံခိုင်းလို့ မရဘူးလား။
ထိုအချိန်တွင် အားတစ်ခုက ရှောင်ယန့်ညာဘက်လက်ကို မြဲမြဲဆွဲကိုင်လိုက်ကာ သူ့အား ဆွဲထုတ်ချလိုက်သည်။ ပန်းကန် ကြမ်းပြင်ပေါ်သို့ ကျသွားသည့်အသံသည် ကန်တင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
ရှောင်ယန်၏ ပျံ့လွင့်နေသောအတွေးများ ပြန်စုစည်းသွားသည့်အခါ သူသည် စားပွဲနှင့် ခြေ ၂ လှမ်း ၃ လှမ်းခန့် ဝေးကွာသွားသည်ကို တွေ့လိုက်ရသည်။
စားပွဲဖျားတွင်ထိုင်နေသည့် မာရာလည်း လန့်သွားလေသည်။ ထို့နောက် ထိုင်ရာမှ သတိအနေအထားသို့ ချက်ချင်း ထရပ်လိုက်သည်။ သူ့မျက်လုံးများက ရှောင်ယန့်ပခုံးကိုကျော်သွားသည်။ ကလူသလိုမြှူသလိုအမူအရာများ လွင့်စင်သွားပြီး တည်တည်မတ်မတ်နှင့် "ဘော့စ်" ဟု ခေါ်လိုက်သည်။
ရှောင်ယန့်ပခုံးများ တောင့်တင်းသွားသည်။ သူ၏ကျိုးကြေသွားသောပခုံးမှ နာကျင်မှုကို ပြန်အမှတ်ဖော်မိပြီး သူ့နှလုံးသည်လည်း တုန်ယင်သွားသည်။ အေးစက်သည့်အသံတစ်ခု ထွက်မလာခင်အထိ သူ နောက်သို့ ပြန်မလှည့်ရဲပေ။
"အရာရှိမာရာ ပလက်ဖောင်း ၆၂ ဝင်တိုက်ခံရတယ်လို့ သတင်းပို့လာတယ်။ အေအဆင့် အလုပ်သင်သုံးယောက် ကယ်ဆယ်ရေး စောင့်နေကြတယ်"
"ကျွန်တော် အခုချက်ချင်းပဲ သွားလိုက်ပါမယ်" မာရာ အလေးပြုကာ နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားလေသည်။
ခုနတွင် ရှောင်ယန် အဲဒီတစ်ယောက်ကို ဘယ်လိုရှင်းထုတ်ရမှန်းမသိပေ။ အခုတွင် ထိုတစ်ယောက်က တွန့်ဆုတ်ခြင်းမရှိ ပျောက်ကွယ်သွားလေသည်။
ရှောင်ယန် စိတ်အေးသွားသဖြင့် သက်ပြင်းချမိသွားသည်။
နေဦး... ငါ့နောက်မှာ နောက်ထပ် ပြဿနာကြီးတစ်ခု ရှိသေးတယ်.... ဟာနယ် ဘာတွန်။
"ငါနဲ့လိုက်ခဲ့" သူ့မျက်နှာကို ကောင်းကောင်းမမြင်လိုက်ရသေးခင် ထိုသူသည် ပြန်လှည့်ကာ ထွက်သွားလေသည်။
လုပ်ပြန်ပြီ။ ဒီအမိန့်ပေးသံချည်းပဲ။ ခင်ဗျားဘာသာခင်ဗျား ကိုလိုနယ်ကြီး ဖြစ်နေပါစေ။ ကျွန်တော်ကလည်း ဗဟိုသိပ္ပံအကယ်ဒမီက ကျောင်းသားပဲ။ ခင်ဗျားနဲ့ကျွန်တော်နဲ့က ယူနစ်တောင် တူတာမဟုတ်ဘူး။ ရှောင်ယန် ငြိမ်သက်စွာ ညည်းတွားမိသည်။
သို့သော် သူ့တွင် အော်ပြောရန် သတ္တိမရှိပေ။ သူသည် ဟာနယ့်အနောက်မှနေ ကော်ရစ်ဒါတစ်ခုဆီ စိတ်များလေးလံစွာဖြင့် လိုက်ပါသွားခဲ့သည်။
သူ ငါ့ကို ဘာလုပ်ခိုင်းမလို့လဲ။
ဟာနယ် ဖြည်းညင်းစွာ လမ်းလျှောက်သည်ကို သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် အားမာန်အပြည့်ရှိနေသော်လည်း ဖော်မပြနိုင်အောင် ကျော့မော့နေ၏။ သူသည် သုတေသနခန်းတစ်ခုရှေ့တွင် ရပ်လိုက်ပြီး သူ့လက်ဗွေရာဖြင့် တံခါးတစ်ချပ်ကို ဆွဲဖွင့်လိုက်လေသည်။
အနောက်ကနေ လိုက်သွားလို့ ရ မရ ရှောင်ယန် သေချာမသိပါ။ သူသည် သုတေသနသမားတစ်ယောက် မဟုတ်သေးပါ။ အေအဆင့် ကျောင်းသားလည်း မဟုတ်ပါ။
" ငါ အမိန့်တစ်ခုတည်းကို နှစ်ခါ မပြောချင်ဘူး"
ရှောင်ယန် လန့်ဖျပ်ကာ သုတေသနခန်းအတွင်းသို့ ဝင်သွားလေသည်။
မီးများအားလုံးလင်းလာသည့်အခါ သုတေသနခန်းမဟုတ်ဘဲ လက်နက်ခန်းဖြစ်သည်ကို ရှောင်ယန် သတိထားမိသွားသည်။ အထူးတပ်ဖွဲ့ဝင်များသုံးစွဲသည့် မြောက်များစွာသော လက်နက်အေးများကို လက်နက်ရုံအတွင်းရှိ နံရံတွင် သိမ်းဆည်းထား၏။
ထိုလက်နက်များကို တစ်ချက်ကလေး တို့ထိလိုက်သည်နှင့် ဟိုလိုဂရမ်တစ်ခု ပေါ်လာကာ လက်နက်နာမည်၊ အသုံးပြုသူနှင့် အပျက်အစီးဒေတာများကို ဖော်ပြပေးထားသည်။ ပျက်စီးနေသည်တောင် ဤလက်နက်များသည် မရေမတွက်နိုင်သည့် ဇွန်ဘီများကို သတ်ဖြတ်ထားသည့်လက်နက်များဖြစ်ကြသည်။ ထို့ကြောင့် လူတစ်ဦး၏စိတ်ဝိညာဉ်ကို ပိုင်းဖြတ်ပစ်နိုင်သည့် စူးရှသည့် အလင်းတစ်ခု ရောင်ပြန်ဟပ်နေကြသလိုပင်။
"သူတို့ကို ပြင်"
"ဟင်" ရှောင်ယန် မှင်တက်သွားသည်။
ဘာမှ ဆက်မရှင်းပြဘဲ ဟာနယ် အခန်းမှ ထွက်သွားလေသည်။
တံခါး ဆွဲပိတ်သွားသည့်အခါ ရှောင်ယန် အသံထွက်၍ကျိန်ဆဲလုနီးပါး ဖြစ်သွားသည်။ ဘာလား။ ငါက အားလပ်ရက်ရထားတာ။ ဘာလို့ ဒီလက်နက်တွေကို ပြင်ရမှာလဲ။ ဒါတွေကို ပုံမှန်ပြင်နေကျ မက္ကန်းနစ် မရှိဘူးလား။ ဘာလို့ ငါ့ကို လာခိုင်းရတာလဲ။ ဒီလိုမျိုး အရေးကြီးတဲ့ပစ္စည်းတွေကို ကိုယ့်ဘာသာကိုယ် ပြင်လေ။ ကျွန်တော်လို့မျိုး အခုမှ လက်နက်ရုံထဲ ပထမဆုံးဝင်ဖူးတဲ့ လူသစ်တစ်ယောက်ကို လာမခိုင်းရဘူး။ တကယ်ပါပဲ။
အား... ရှောင်ယန် ခေါင်းကိုကိုင်ပြီး ရူးချင်သလို ဖြစ်သွားသည်။ သူ အချက်အလက်များကို တစ်ချက် ကြည့်လိုက်သည့်အခါ ဒီထဲတွင် ပျက်စီးနေသည့် လက်နက်များ ထောင်ကျော်ရှိနေသည်ကို တွေ့လိုက်ရသည်။
ရှောင်ယန် ဓားတိုတပ် ဆုံလည်အဝိုင်းတစ်ခုကို ကောက်ကိုင်ကာ မြင်ယောင်ကြည့်မိသည်။ ဟာနယ် လေပေါ်တွင်ခုန်ဝဲကာ အဝိုင်းကို ပစ်ချလိုက်သည်။ လေထဲတွင် ဓားတိုများ ထွက်ပေါ်လာပြီး ဇွန်ဘီများနှင့် ထိသည့်အခါ အစိတ်အပိုင်းများက တပ်တာမမြဲ၍ ချက်ချင်း ပြန်ကျသွားလေသည်...အကြောင်းရင်းမှာ လက်နက်အေးပြုပြင်သည့် မက္ကန်းနစ် ရှောင်ယန် အရမ်းညံ့ဖျင်းလို့..... တော်တော်ယုတ္တိမရှိတဲ့ မြင်ကွင်းဖြစ်သွားမှာပဲ။
ထိုကဲ့သို့သာဖြစ်သွားလျှင် ရှောင်ယန် လည်စင်းပေးနေရုံပင်။ ဟာနယ်က သူ့လည်ပင်းများကို လာချိုးလိမ့်မည်။ မဟုတ်ဘူး... အဲဒီထက်တောင် ပိုဆိုးလိမ့်မယ်။ ဟာနယ်သည် ရှောင်ယန့်ကိုယ်ထဲမှ အရိုးအားလုံးကို တစ်ခုချင်းစီ ကျကျနနထုတ်ပြီး သူ့အရိုးများကျိုးသွားသည့်အသံကို သူ့အား နားထောင်ခိုင်းလိမ့်မည်။
အတွေးနှင့်ပင် ရှောင်ယန် ကျောချမ်းသွားသည်။ သူ လုံးဝ လုံးဝ မသေချင်သေးပါ။ ထို့ကြောင့် သူ့အရှေ့တွင်ရှိနေသည့် လက်နက်တစ်ထောင်ကျော်ကို အမှားအယွင်းမရှိ ပြုပြင်ပေးရမည်။
လူတစ်ယောက်သည် ကိစ္စတစ်ခုကို ကောင်းကောင်းလုပ်မည်ဟု ဆုံးဖြတ်ချက်ချထားလျှင် ထိုလူ၏အာရုံစူးစိုက်မှုသည်လည်း အားကောင်းသွားသည်။
သူ ပြုပြင်ရန် ရွေးချယ်လိုက်သည့် ပထမဆုံးလက်နက်သည် တိုက်တေနီယမ် သိပ်သည်းဆများသည့် ဓားတိုတပ် ဆုံလည်အဝိုင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်တွင် ဤသတ္တုကို စစ်ထုတ်ရန်လည်း ခက်ခဲပြီး ပုံစံဖော်ရာတွင်လည်း ပို၍ခက်ခဲလေသည်။ သို့သော် နည်းပညာ တိုးတက်ဖွံ့ဖြိုးလာမှုကြောင့် များပြားလှသော လူလုပ်သတ္တုများကို လက်နက်ထုတ်လုပ်ရေးနှင့် လူလုပ်ခန္ဓာကိုယ်များတွင် တွင်ကျယ်စွာ သုံးစွဲလာခဲ့ကြသည်။
ဆုံလည် သိပ်သည်း တိုက်တေနီယမ် အဝိုင်း ဆိုသည့်နာမည်သည် ရှည်လျားပြီး ပုံတုံးသဖြင့် အထူးတပ်ဖွဲ့ဝင်များက "ငွေတောင်ပံ"ဟု ခေါ်ကြလေသည်။
ရှောင်ယန်ပြင်နေသည့် "ငွေတောင်ပံ" ၁၂ ခု၏ပိုင်ရှင်သည် ရိဗ့်ဖြစ်သည်။ ရိဗ့် ဒီအရာများကို သုံးလိုက်သည့်အခါ ဖြစ်သွားမည့် ဟီးရိုးဆန်သည့်အသွင်အပြင်ကို မြင်ယောင်ကြည့်လျှင် သူမအတွက် နည်းနည်လေးပင် အသုံးကျစေကာမူ သူ တစ်ခုခု လုပ်ပေးချင်သဖြင့် ရှောင်ယန် အရမ်းစိတ်အားထက်သန်သွားသည်။
ပထမဆုံး ဒီ"ငွေတောင်ပံ" တစ်တွဲ၏ အကြီးမားဆုံးပြဿနာသည် ပစ်မှတ်ကို ထိအောင်ပစ်သည်နှင့် ပြန်သိမ်းယူသည့်နေရာတွင် ဖြစ်သည်။ မူလဒီဇိုင်းတွင် အနုစိတ်ကျသည့် ခြေရာခံစက်တစ်ခုအား "ငွေတောင်ပံ"အတွင်း၌ တပ်ထားခဲ့သည်။ လွှင့်ပြီးသွားသည့်အခါ အသုံးပြုသူသည် လက်နက်ထည့်ထားရာနေရာရှိ အပြန်ခလုတ်ကို နှိပ်လိုက်ရုံဖြင့် လက်နက်သည် ဓားများကို ပြန်ရုတ်ကာ ထိုနေရာသို့ ပြန်လာလိမ့်မည်။
စစ်ဆေးကြည့်လိုက်သည့်အခါ ခြေရာခံစက် ပျက်စီးနေသည်ကို ရှောင်ယန် မြင်လိုက်ရသည်။ သူသည် ထိုအရာကို ပြန်ပြင်ပြီး အားပိုကောင်းစေရန် ဓားတစ်ချောင်းနှင့်တစ်ချောင်း အကွာအဝေးကို ချိန်ညှိလိုက်သည်။ အားလုံးပြုပြင်ပြီး စမ်းသပ်လိုက်သည့်အခါ "ငွေတောင်ပံ" ၏ တိုက်ခိုက်အားသည် ၅ ရာခိုင်နှုန်း ပိုတိုးသွားသည်ကို တွေ့လိုက်ရသောအခါ ရှောင်ယန် ကိုယ့်ကိုယ်ကိုယ် အနည်းငယ် ဂုဏ်ယူမိသွားလေသည်။
သို့ရာတွင် သုတေသနခန်းတိုင်းသည် စောင့်ကြည့်ခန်းများနှင့် တွဲဆက်ထားသည်ကို သူသိမထားခဲ့ပေ။ ဒုကိုလိုနယ်ရေဗန်သည် ဖန်သားပြင်ရှေ့တွင် လက်မောင်းပိုက်ကာ တွေးနေခဲ့သည်။ " မင်းလဲ သိမှာပါ ။ ဌာနချုပ်က ရှေ့လျှောက် မစ်ရှင်တွေမှာ အထူးတပ်ဖွဲ့ဝင်တွေက သူတို့နဲ့အတူ နည်းပညာစစ်သားတစ်ယောက်ကို ခေါ်သွားရမယ်လို့ အမိန့်ထုတ်ပြန်လိုက်တာကိုလေ"
"အဲဒီတော့ " ဟာနယ့်အသံသည် စက်တစ်ခု၏အသံကဲ့သို့ပင် ခံစားချက်များ ကင်းမဲ့နေသည်။
"ဒါကြောင့်မို့လို့ မနက်ဖြန်မစ်ရှင်မှာ ငါလဲ မင်းကို နည်းပညာစစ်သားတစ်ယောက် တာဝန်ချပေးလိုက်ရမယ်"
"သူတို့ရဲ့လုံခြုံရေးကို ကျွန်တော် တာဝန်မယူနိုင်ဘူး"
ဒုကိုလိုနယ်ရေဗန် ဖန်သားပြင်ကို လက်ဆစ်နှင့် ခေါက်နေခဲ့ကာ ပြုံးပြုံးနှင့်ပြောလာသည်။ "ရှောင်ယန်ဆိုရင်ရော ဘယ်လိုလဲ"
ဟာနယ်သည် တံခါးအရှေ့သို့ သွားနေရာမှ ရပ်လိုက်သည်။ သူ၏ အောက်သို့နှိမ့်ထားသည့် မျက်ခုံးများမှာ သူ့ခံစားချက်များကို ဖုံးကွယ်ပေးထားသလိုပင်။ "သူက အခုမှ အလုပ်သင်ပဲ ရှိသေးတယ်"
"အလုပ်သင်အားလုံးက အရံတပ်သားတွေပဲ။ ပြီးတော့ မင်းရဲ့ 'သူတို့လုံခြုံရေးကို ငါ တာဝန်မယူနိုင်ဘူး'ဆိုတဲ့ သဘောထားကြောင့် စခန်းတစ်ခုလုံးက နည်းပညာစစ်သားတွေက မင်းတို့တပ်တွေနဲ့ အတူတူ တာဝန်မထမ်းဆောင်ချင်ကြဘူး။ ဒါပေမဲ့ ရှောင်ယန်ကျတော့ မင်း သူ့ကို တစ်ခါ ကယ်ပြီးထားပြီဆိုတော့ နောက်ထပ် ၂ ခါ ၃ ခါလောက်လည်း သူ ဒီအတိုင်း သေသွားမှာကို မင်းလက်ပိုက်ကြည့်နေမှာ မဟုတ်လောက်ဘူး ..."
ရေဗန်ပြောလို့မပြီးသေးခင်တွင် ဟာနယ် အပြင်သို့ ထွက်သွားလေသည်။
"ဟေး --- ကိုလိုနယ်ဘာတွန် ငါ ဒီကောင်လေးကို အတော်လေးမျှော်မှန်းထားတယ်၊ သူ့ကို သေချာပေါက် အသက်ရှင်လျက် ပြန်ခေါ်လာခဲ့"
ထိုနေ့လယ်ခင်း၌ အထူးတပ်ဖွဲ့လေ့ကျင့်ရေးဆင်းချိန်တွင် မာရာ၏အော်မြည်သံများ တစ်ခေါက်ပြီး တစ်ခေါက် ထွက်ပေါ်လာခဲ့သည်။
"ဘော့စ် ကျွန်တော့်လက်မောင်း ---- ကျွန်တော့်လက်မောင်း---"
မာရာသည် ကြမ်းပြင်ပေါ်တွင် ပုံဆိုးပန်းဆိုးနှင့် လဲကျနေသည်။ သူ့လက်မောင်းများက အနောက်သို့လန်ကာ အဆစ်လွဲသွားပြီး ဟာနယ့်ဘယ်ဒူးသည် သူ့ကျောရိုးပေါ်၌ အတင်းအကြပ် ဖိထားလေသည်။ သူသာ အားလေးနည်းနည်းပိုထည့်လိုက်ရင် သေချာပေါက် ကျိုုးသွားမည်ဖြစ်သည်။
ထိုရေခဲလူသား ခေါင်းကို အောက်ငုံ့ကြည့်လိုက်သည်။ သူ့မျက်နှာသည် တစ်စက်ကလေးမျှ အမူအရာပြောင်းမသွားပေ။ ရက်စက်ပြတ်သားလျက်သာပင်။
"ကျွန်တော် သေတော့မယ် ဘော့စ် ကျွန်တော် တကယ် သေတော့မယ်" မာရာ့မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။
မာ့ခ်သည် ကွင်းအပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ လက်ပေါ် မေးထောက်လိုက်သည်။ "မာရာ အခုတလော ရှယ်အဖြဲခံနေရတယ် သူ့ဆံပင်တွေကြောင့်များလား"
ရိဗ့် နှာခေါင်းရှုံ့သွားသည်။ " သူက အသက်သာ အသေခံသွားမယ် သူ့ဆံပင်တွေကိုတော့ အဖြတ်ခံမှာမဟုတ်ဘူး"
"အား.... သူကလဲ သူပဲ။ အဲဒီဆံပင်တွေက လုံးဝယောက်ျားမဆန်ဘူး" မာ့ခ် ခေါင်းရမ်းလိုက်သည်။ "သူသာ ဘော့စ်ကို ဆက်ပြီး အပြစ်မပေးစေချင်ရင် သူ့ဆံပင်တွေကို ညှပ်ပစ်လိုက်တာက အကောင်းဆုံးပဲ"
"ကြည့်ရတာ ဆံပင်တွေကြောင့် ဟုတ်ပုံမရဘူး...." ရိဗ့် သက်ပြင်းချမိသည်။ မာရာ့ဘယ်ခြေထောက်သည်လည်း ဟာနယ့်ကြောင့် အဆစ်လွဲသွားသဖြင့် သူအော်သံများ ပိုကျယ်လောင်သွားလေသည်။ ရိဗ့် သူ့နားများကို လက်ဖြင့် အုပ်ထားလိုက်သည်။
********************************************************************************************************
စာရေးဆရာ၏ မှတ်စု:
မာရာ: ဘာလို့ ငါပဲ အဖြဲခံနေရတာလဲ
ရိဗ် နှင့် မာ့ခ် : နင်ကိုက အရမ်းကို ဝင့်ကြွားကြွားနိုင်နေလို့လေ
မာရာ : T ∧ T