no

Font
Theme

အပိုင်း ၅  

 

ခြေလျင်ခရီး  

 

"အင်ဂျင်က ပျက်စီးသွားပြီ။ ခုနက အရှိန်လွန်ပြီး ထောင့်မှန်ကျကျ မောင်းလိုက်လို့ လေယာဉ်ရဲ့ ပါဝါစနစ် ပျက်စီးသွားတယ်။ အဲဒါကြောင့် ဆင်းမှ ရတော့မယ်" ရှောင်ယန် တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ စစ်တပ်သုံးလေယာဉ် ပါဝါစနစ်၏ ဖွဲ့စည်းတည်ဆောက်ပုံကို စိတ်ဝင်စားမိလို့ သူတစ်ခါ လှန်ကြည့်ဖူးထားသည်။ "နင်က တကယ်ပဲ ဘီ အဆင့် ကျောင်းသားလား" ရိဗ့် သူ့ကို မယုံနိုင်သည်အကြည့်မျိုးဖြင့် ကြည့်လာသည်။ "အားလုံးကို ဟိုတစ်စ ဒီတစ်စပဲသိပြီး ဘာကိုမှ မကျွမ်းကျင်တဲ့သူက ဘယ်တော့မှ ထူးချွန်တဲ့ သုတေသနပညာရှင် ဖြစ်မလာဘူး" ရှောင်ယန့်ဆရာက သူ့ကို တစ်ခါပြောဖူးသည်။ သူ့တွင် အဆုံးမသတ်နိုင်သည့် သိလိုစိတ်များ ရှိသော်လည်း ထဲထဲဝင်ဝင် သုတေသနလုပ်မည့်နေရာတွင် စိတ်မရှည်ပေ။ ထိုအရာသည် သုတေသနသမားတစ်ယောက်အတွက် ကြီးမားသော အပြစ်အနာအဆာ ဖြစ်သည်။ ထိုအချိန်တွင် လေယာဉ်သည် တောနက်ထဲရှိ မြေပြင်ပေါ်သို့ ချောချောမွေ့မွေ့ ဆင်းသက်သွားလေသည်။ ပူပန်သောကမှုများ လေယာဉ်နောက်ခန်းပိုင်း တစ်ဖန်ပြန်လည် ပျံ့နှံ့သွားပြန်၏။ မာ့ခ်သည် မျက်မှောင်ကြုတ်ကာ လေယာဉ်ခေါင်းပိုင်းမှ ထွက်လာခဲ့သည်။ "ဟေး သုတေသနသမားတွေ လေယာဉ်ကနေထွက်သွားဖို့ ပြင်ကြတော့ ငါတို့တွေ စခန်း ၁၄ ကို လမ်းလျှောက်သွားကြရမယ်" "ဘာပြောလိုက်တယ် လေယာဉ်ထဲကနေ ထွက်မယ်တဲ့လား" ခေါင်းဆောင်ဝှိုက်သည် ဖြူဖတ်ဖြူရော်နေရာမှ ပြန်ကောင်းမလာသေးပါ။ သူ့တွင် မတ်တပ်ရပ်ရန် ခွန်အားတောင် မရှိပေ။ တခြားကျောင်းသားများလည်း မာ့ခ်ကို မျက်လုံးပြူးနှင့် စိုက်ကြည့်နေကြသည်။ သူပြောသွားတာတွေက နောက်ပြောင်တာပါဟု သူ့ပါးစပ်ဟုထွက်လာရန် စောင့်ဆိုင်းနေသလိုပင်။ မာ့ခ် ပခုံးတွန့်ပြလိုက်သည်။ " မင်းတို့အားလုံး ဒီမှာ နေခဲ့ချင်လည်း ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီကနေ စခန်း ၁၄ ကိုရောက်ဖို့ဆိုရင် ၁၂နာရီလောက် လမ်းလျှောက်ရလိမ့်မယ်" "၁၂ နာရီ ----" နောက်ခန်းပိုင်းအတွင်းရှိ အခြေအနေသည် မီးဖိုပေါ်ရှိ ပြောင်းဖူးပေါက်ပေါက်ကဲ့သို့ပင်။ "၁၂ နာရီတဲ့ ၁၂ မိနစ်တောင် မဟုတ်ဘူး။ နေဝင်ဖို့ နောက်ထပ်တစ်နာရီလောက်တောင် မလိုတော့ဘူး။ ပြီးတော့ တောထဲမှာ သေချာပေါက် ဇွန်ဘီတွေ ရှိနေမှာကို" ထိုအချိန်တွင် ဟာနယ်သည် လေယာဉ်ခေါင်းပိုင်းမှ မြန်ဆန်စွာ ထွက်လာခဲ့သည်။ သူ၏ရေခဲပမာအေးစက်သည့်မျက်လုံးများက အားလုံး၏ရင်ဘတ်ကို ထောက်ထားသည့် ဓားဖျားကဲ့သို့ပင်။ "သွားစို့" ထိုကဲ့သို့ပြောပြီးသည်နှင့် သူသည် ယူရေနီယမ်ကုန်ကြမ်းများပါသည့် ဘူးတစ်ဘူးကိုမကာ နောက်ခန်းတံခါးကိုဖွင့်၍ နောက်ပြန်လှည့်မကြည့်ဘဲ သစ်တောထဲသို့ တန်းထွက်သွားလေသည်။ မာ့ခ်လည်း ဘူးတစ်ဘူးကို လက်ထဲတွင်ကိုင်၍ ရယ်လျက် ပြောလိုက်သည်။ " အဲဒါဆိုလဲ မင်းတို့အားလုံး ဒီမှာပဲ နေခဲ့ကြလေ။ ဒီရေလှိုင်းအဖွဲ့အစည်းက မင်းတို့ကို လက်ဖက်ရည်လေး ဘာလေး တိုက်ချင် တိုက်မှာပေါ့။" "ဘာ-ဘာကို ဆိုလိုချင်တာလဲ" ကျောင်းသားများ၏မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ ရိဗ် ရှောင်ယန့်ကို လှည့်ကြည့်ကာ လက်ထဲကို ဘူးတစ်ဘူး ထည့်ပေးပြီး မျက်နှာထားအတည်နှင့် ပြောလေသည် " ငါတို့နဲ့ လိုက်ခဲ့" ရှောင်ယန် ရိဗ့်နောက်သို့ စကားတစ်လုံးမှ ပြန်မပြောဘဲ လိုက်ပါသွားသည်။ သို့သော် ကြောက်လန့်တကြားနှင့် ဘောင်းဘီထဲ သေးပါချထားသည့် စီနီယာသည် သူ့အား လှမ်း၍ ဆွဲကိုင်လိုက်သည်။ "မသွားနဲ့ သူတို့က မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး စခန်း ၁၄ ကနေ ကယ်ဆယ်ရေးအဖွဲ့ လာတာကို စောင့်နေတာက အကောင်းဆုံးပဲ" ရှောင်ယန် တစ်ချက် အသက်ပြင်းပြင်းရှူလိုက်သည်။ " အခု ဘာတွေဖြစ်နေသလဲဆိုတာကို မင်းတို့အားလုံး တကယ်ပဲ နားမလည်ကြတာလား။ အရင်တုန်းက ငါတို့ရိက္ခာဖြည့်တဲ့ ပလက်ဖောင်းကို အခု ဒီရေလှိုင်းအဖွဲ့အစည်းက သိမ်းပိုက်လိုက်ပြီ။ သူတို့အကြံအစည်က ဒီလေယာဉ်ကနေ ချားလ်စ်ဆီကို ယူရေနီယမ်တွေ ပြန်ယူလာတာကို တားချင်တာပဲ။ ဒီရေလှိုင်းရဲ့ အစွမ်းအစနဲ့ဆိုရင် သူတို့က ဒီလေယာဉ်ရဲ့ တည်နေရာကို စခန်း ၁၄ ထက်တောင် ပိုပြီးမြန်မြန် ခြေရာခံမိလိမ့်မယ်။ သေချာပေါက် သူတို့က ငါတို့နောက်ကို လိုက်လာမှာပဲ။ တကယ်ပဲ ဒီရေလှိုင်းအဖွဲ့အစည်းက ငါတို့ကို လက်ဖက်ရည်ပူပူလေးတစ်ခွက် တိုက်မယ်လို့ ထင်နေကြတာလား" "အဲဒါက..." အားလုံး ဝေခွဲမရဖြစ်သွားသည်။ ရိဗ့်ဆီသို့ ခေါင်းဆောင်ဝှိုက်တစ်ယောက်သာ ရောက်လာပြောလေသည်။"ငါလဲ မင်းတို့နဲ့အတူ လိုက်ခဲ့မယ်" ခေါင်းဆောင်ဝှိုက်နှင့်ရှောင်ယန်တို့ လေယာဉ်ပေါ်မှ ဆင်းသွားသည့်အခါ ကျန်နေခဲ့သူများက နောက်ခန်းတံခါးကို ပိတ်ချလိုက်သည်။ ခေါင်းဆောင်ဝှိုက် သက်ပြင်းတစ်ချက် ချမိသွားသည်။ "စိတ်သိပ်ပူမနေပါနဲ့ သူတို့ရွေးတာကလဲ မှားချင်မှ မှားလောက်မှာပါ" ခေါင်းဆောင်ဝှိုက်နှင့်ရှောင်ယန်သည် မာ့ခ်နှင့် ဟာနယ်တို့၏ အစွမ်းအစကို မျက်စိနှင့် တပ်အပ်မြင်ထားကြသည်။ ဒီရေလှိုင်းအဖွဲ့အစည်းကသာ ဒီလေယာဉ်ကို မရ,ရအောင် ဖျက်ဆီးဖို့ ကြံစည်ထားပါက လေယာဉ်ထဲတွင် နေခဲ့သည်ထက် ဟာနယ်နှင့်သူ့အဖွဲ့နောက်ကို လိုက်သွားမှသာလျှင် အသက်ရှင်ရန် အခွင့်အလမ်း ပိုများလိမ့်မည်ဟု သူတို့နှစ်ယောက် ယုံကြည်မိ၏။ 

နေဝင်ချိန်ဖြစ်သောကြောင့် သစ်ရွက်များကြားမှ နွေးထွေးသော နီစွေစွေနေခြည်တစ်ခု ဖြာကျနေပြီး မြေကြီးပေါ်တွင် အရိပ်များ ရှည်ထွက်နေကြသည်။ တဖြည်းဖြည်းနှင့် ကောင်းကင်သည် လိမ္မော်ရင့်ရောင် သန်းသွားလေသည်။ ရှောင်ယန် ခေါင်းကိုစောင်းကာ နားစွင့်၍ ငှက်များအသိုက်သို့ ပြန်လာသဖြင့် ထွက်နေသည့် ကျီ ကျီ ကျီ ဆိုသည့်အသံများကို နားထောင်နေခဲ့သည်။ ညရောက်သွားသည့်အခါ လောကကြီးက ကြောက်ခမန်းလိလိ တိတ်ဆိတ်သွား၏။ ကျောက်စရစ်ခဲများနှင့် သစ်ရွက်ကြွေများအပေါ် ဖြတ်လျှောက်သည့် ရှောင်ယန့်စစ်ဖိနပ်၏အသံသဲ့သဲ့လေးကိုသာ ကြားရတော့သည်။ သူ့အရှေ့တွင် မာ့ခ် ရှိပြီး အနောက်တွင် ရိဗ့်နှင့် ခေါင်းဆောင်ဝှိုက်တို့ ရှိနေကြသည်။ သူ့အရှေ့ရှိလျှောက်လမ်းအား ရေးရေးလေးသာ မြင်ရတော့သဖြင့် မာ့ခ်၏ခြေရာများအတိုင်း တစ်သဝေမသိမ်း လိုက်လျှောက်နေမိသည်။ ရုတ်တရက် မာ့ခ် လမ်းလျှောက်ရာမှ ရပ်တန့်သွားသည်။ "ဘာဖြစ်လို့လဲ" "ရှူး..." မာ့ခ်သည် လက်ထဲမှဘူးကို အောက်သို့ချကာ သူ့နောက်မှဓားကို ဆွဲထုတ်လိုက်သည်။ အမှောင်ထဲမှ အစိမ်းရောင်လက်နေသည့် မျက်လုံးများက သူတို့အား စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။ ရှောင်ယန် အသက်အောင့်ထားမိသည်။ မျက်စိနှင့် တစ်ခါမျှ မမြင်ဖူးသော်လည်း သူတို့အကြောင်းကို စာအုပ်များထဲတွင် သူ ဖတ်ဖူးထားသည်။ သူတို့သည် ဝံပုလွေဟုခေါ်သော သားရိုင်းကောင်များ ဖြစ်ကြ၏။ ကြီးမားသည့်ခန္ဓာကိုယ် မရှိသော်လည်း သူတို့သည် လျင်မြန်သွက်လက်ကြသည်။ အားပြင်းသည့် ကိုက်အားရှိပြီး ကောက်ကျစ်ရက်စက်သည့် သတ္တဝါများ ဖြစ်ကြသည်။ ရိဗ့်သည် မာ့ခ်ကို ကျောပေးကာ လက်နှစ်ဖက်စလုံးတွင် ဓားများ ဆုပ်ကိုင်ထားလိုက်သည်။ ဇွန်ဘီများနှင့် ဝံပုလွေများ နှစ်ဦးအနက် မည်သူက ပို၍ ကြောက်ဖို့ကောင်းမှန်း ရှောင်ယန်မသိပါ။ သို့သော် မသိသည့်အရာသည် ပို၍ ကြောက်ဖို့ကောင်းသည်။ ဝံပုလွေများအကြောင်း ကောင်းကောင်းမသိထားရသဖြင့် သူ့စိတ်ထဲတွင် ကြောက်စိတ်တစ်ခု စတင်ဖြစ်ပေါ်လာသည်။ ဤကဲ့သို့တင်းမာနေသည့် အခြေအနေမျိုးကြောင့် ခေါင်းဆောင်ဝှိုက်၏ တံတွေးမျိုချသံက အထူးတလည် ကျယ်လောင်နေခဲ့သည်။ ဝံပုလွေအုပ်သည် တဖြည်းဖြည်း အနားသို့ ကပ်လာကြသည်။ ရှောင်ယန် သူတို့ကို တစိုက်မတ်မတ် စိုက်ကြည့်နေမိသည်။ တောထဲတွင်နေသည့် သားရိုင်းများကို သူ ပထမဆုံး တွေ့ရခြင်း ဖြစ်သည်။ သူတို့သည် မအူကြဘဲ တိုးတိတ်သည့် ခြိမ်းခြောက်သံများကိုသာ ပြုလုပ်နေကြသည်။ ရှောင်ယန်နှင့်တခြားသူများရှိရာသို့ ဟာနယ် ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပြီး သူတို့အရှေ့၌ ရပ်ချလိုက်သည်။ သူ့မျက်နှာတွင် ကြောက်ဟန်တစ်စက်မျှ မရှိဘဲ သူ့ခန္ဓာကိုယ်မှ အရာရာကိုတားဆီးနိုင်သည့် အင်အားတစ်ခု ထွက်ပေါ်နေသည်။ သူသည် ခြေတစ်ဖက်ကို ဒူးထောက်လိုက်ပြီး လက်တစ်ဖက်က မြေကြီးပေါ်တွင် ထောက်နေကာ ဝံပုလွေအုပ်ကို စိုက်ကြည့်နေခဲ့သည်။ သူ့ကျောပြင်သည် ညနက်ထဲတွင် ချွန်ထက်သည့်ဓားသွားမှ အေးစက်သည့်အလင်းရောင်တစ်ခု ဖြာထွက်နေကဲ့သို့ မွေးရာပါ မာန်ဟုန်ထောင်လွှားနေသလိုပင်။ သိပ်မကြာလိုက်ပါ။ ဝံပုလွေများ တဖြည်းဖြည်း နောက်ဆုတ်သွားကာ အမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ ဟာနယ် ဘာတွန်က အဲဒါကို ဘယ်လိုမျိုး လုပ်လိုက်တာပါလိမ့်။ ရှောင်ယန် စိတ်အေးကာ သက်ပြင်းချနေတုန်းပင် ကောင်းကင်ပေါ်မှ လေယာဉ်အင်ဂျင်သံတစ်ခု ထွက်ပေါ်လာသည်။ ခေါင်းဆောင်ဝှိုက် အပေါ်သို့ မော့ကြည့်ပြီး ဝမ်းသာအားရ အော်ပြောလေသည်" ဘုရားမလို့ပဲ အဲဒါက -" ရိဗ့် အရှေ့သို့ တိုးလာပြီး သူ့ပါးစပ်ကို ပိတ်ကာ အမှောင်ထဲရှိ သစ်ပင်ဆီသို့ သူ့အား ဆွဲခေါ်ချသွားသည်။ ရှောင်ယန်လည်း ထိုကဲ့သို့ပင် ခန္ဓာကိုယ်ကို ချုံပုတ်ထဲတွင် ဝင်တိုးချလိုက်သည်။ သို့သော် ဘေးမှာရှိသည့်သူအား တစ်ချက်လှမ်းအကြည့်တွင် သူ မှင်သေသွားခဲ့သည်။ သူ မာ့ခ်အနောက်သို့ လိုက်နေသည်ဟု ထင်ထားခဲ့သည်။ ဟာနယ် ဘာတွန် ဖြစ်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။ သွားပြီ သွားပြီ။ ဒီကောင်က အဲဒီတိုက်ဆိုင်လို့နမ်းမိတာကို အငြှိုးထားနေတုန်းပဲ။ သူ ဘယ်အချိန် ငါ့ခေါင်းကို ဆွဲဖြဲမလဲဆိုတာကို ဘယ်သူသိမလဲ။ သို့ရာတွင်လည်း ယခုသည် ထိုကိစ္စကို စိတ်ပူနေရမည့်အချိန် မဟုတ်ပေ။ ဤကဲ့သို့ပုန်းခိုခြင်းသည် အမှန်တွင် အသုံးမကျသည်ကို ရှောင်ယန် သိနေသည်။ တစ်ဖက်ရန်သူက သူတို့တည်နေရာအား အသာလေး တွေ့နိုင်မည့် ညကြည့်မျက်မှန် တပ်ထားကြသူများဖြစ်သည်။ စခန်း ၁၄ ကလွှတ်လိုက်တဲ့ ရှာဖွေရေးအဖွဲ့ဆို ငါတို့ အသက်ရှင်မယ်။ မဟုတ်ရင်တော့... ဒါသည်သာ ဒီရေလှိုင်းမှ တိုက်ခိုက်မှုဆိုလျှင် သူတို့တွေ ဘယ်လိုဖြစ်သွားမလဲဆိုသည်ကို ရှောင်ယန် တွေးတောင် မတွေးရဲပေ။ သူ့နှလုံးသည် တဒိတ်ဒိတ် ခုန်နေပြီး သူ့ကျောရိုးတစ်လျှောက်လည်း အေးစက်သွားသည်။ သူ့မျက်နှာတွင် ဘာအမူအရာမျိုးမှ မပြသော်လည်း သူ့လက်များသည် ကြောက်လွန်းသဖြင့် တုန်ရင်နေကြသည်။ သတိမပေးဘဲ ရှောင်ယန့်အား တစ်ယောက်က ဘေးကို ဆွဲခေါ်ချလိုက်သည်။ သူ့နားနံဘေးမှကပ်ကာ မီးပွင့်တစ်ခု ဖြတ်သွားသည်။ ထိုမီးပွင့်သည် သူ့ဘေးရှိ ချုံပုတ်ထဲသို့ တိုးဝင်သွားပြီး ထိုနေရာရှိ ကျောက်စရစ်ခဲများအား အမှုန့်ကြိတ်ပစ်လိုက်လေသည်။ 

ရှောင်ယန့်လက်များသည် ဟာနယ့်ပါးပြင်၏ ဘေးဘက်ရှိ မြေကြီးပေါ်တွင် ထောက်နေသည်။ သူ့ခန္ဓာကိုယ်သည် ဟာနယ့်ကိုယ်ပေါ်တွင် ရောက်နေပြီး သူ့ခါးသည်လည်း ဟာနယ် ခြေထောက်များကြားတွင် ကျနေသည်။ အနေရခက်သည့် ပုံစံမျိုးဖြစ်နေသော်လည်း ရှောင်ယန် အမှောင်ထဲတွင် သူ့မျက်လုံးများမှ ကြယ်များလင်းလက်နေသည်ကို မြင်လိုက်ရသေးသည်။ ဟာနယ် သူ့ဒူးကို မြှောက်လိုက်သည့်အ ခါ ရှောင်ယန့်ပေါင်နှင့် ပွတ်သပ်မိသွားသည်။ ရှောင်ယန့်နှလုံး တစ်ချက် ခုန်သွားသည်။ သူ့နှလုံးသားက ရင်ဘတ်မှ ထွက်ကျတော့မည့်အချိန်တွင် ဟာနယ်က သူ့လက်ဝါးနှင့် သူ့အား ဘေးသို့ တွန်းချလိုက်သည်။ မျက်နှာတစ်ဝက် မြေကြီးနှင့် ထိသွားပြီး ဘာဖြစ်သွားသည်ကို မသိရသေးခင်တွင် ဟာနယ်သည် သူ့ခါးပတ်မှ သေနတ်အစိတ်အပိုင်းများကို ဖြုတ်ကာ အလျင်အမြန် တပ်ဆင်နေလေသည်။ "အနှောင့်အယှက် မဖြစ်စေနဲ့" ထို့နောက် ရှောင်ယန် ဘေးသို့ ကန်ချခံလိုက်ရပြီး သူ့အတွင်းကလီစာများသည် လည်ပင်းမှ ထွက်လာတော့မည့်အတိုင်းပင်။ သူ ကန်ချခံလိုက်ရချိန်တွင် များပြားလှစွာသော လေဆာကျည်ဆန်များက သူ့ပခုံး ခါးနှင့် ပေါင်တို့မှ လျှပ်တိုက်ကာ ဖြတ်ပြေးသွားလေသည်။ မြေကြီးပေါ်သို့ ခြေကျသွားသည့်အခါ ရှောင်ယန် ရှော့ခ် ရသွား၏။ တစ်ခဏလေး သူ့ခန္ဓာကိုယ်အား စကာပေါက်ကဲ့သို့ အပစ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ ည၏အေးစက်သည့်လေထဲတွင် သူအသက်ရှူလိုက်သည့်အခါ အဖြူရောင်မြူခိုးများ ထသွားလေသည်။ အကြောက်တရားကြောင့် သူ့လက်မောင်းနှင့် ခြေထောက်များ တောင့်တင်းနေကြသည်။ အလန့်တကြားနှင့် ညကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ပေါ်မှ လင်းလက်နေသည့် ကြယ်များကြောင့် မူးတောင် မူးသွားသလိုပင်။ "ရှောင်ယန် ----ပြေးတော့" ရိဗ့် ရှောင်ယန်ဆီကို ပြေးလာရင်း သူ့အားဆွဲခေါ်သွားသည့်အခါ သူ့ခါးဆစ်တောင် လွဲချင်သွားသည်။ မာ့ခ် သေနတ်ကို တပ်ဆင်ပြီးသွားပြီ။ သူတို့လက်ထဲတွင် ကိုင်ဆောင်ထားသော သေနတ်များသည် လွန်ခဲ့သည့်နှစ် ၂၀၀ က ရေပန်းစားခဲ့သည့် ရိုင်ဖယ်သေနတ်များလိုတော့ မဟုတ်ပေ။ အလျားတိုသော်လည်း ပို၍ဝေးဝေးကို ပစ်နိုင်ကြပြီး အားမှာလည်း ကြောက်စရာကောင်းလှသည်။ ဇွန်ဘီများနှင့် တိုက်ခိုက်သည့်အခါ အထူးတပ်ဖွဲ့ဝင်များသုံးသော လက်နက်များမှာ နှစ်ဖက်ချွန်ဓားရှည် (သို့) ဓားတို ဖြစ်ပြီး ဒီရေလှိုင်းအဖွဲ့အစည်းနှင့်မူ ပိုပြီးခေတ်ရှေ့ပြေးသည့် လက်နက်များကို တပ်ဆင်ကြသည်။ ဘန်း။ မာ့ခ် တစ်ချက် ပစ်လိုက်သည်။ အလင်းတန်းတစ်ခု သစ်ရွက်များကြားမှ ထွက်သွားကာ လေယာဉ်၏ ဘယ်တောင်ပံသို့ ပွတ်တိုက်သွား၏။ မာ့ခ်၏ပစ်ခတ်မှုကြောင့် ရန်သူ့ဘက်မှ ကြမ်းကြမ်းတမ်းတမ်း ပြန်တိုက်ခိုက်လာသည်။ မာ့ခ်သည် ကမန်းကတန်း ပတ်ပြေးနေရသည်။ "သူတို့တွေ ဘာလို့ ဒုံးကျည် မသုံးကြတာလဲ" "ကြည့်ရတာ သူတို့ အစီအစဉ်ပြောင်းသွားပြီထင်တယ်။ အစတုန်းက ငါတို့ကို ယူရေနီယမ်တွေ ပြန်ယူသွားတာကနေ တားဖို့ပဲ။ ဒါပေမဲ့ အခုတော့ သူတို့လဲ ယူရေနီယမ်ကို လိုချင်တယ်ထင်တယ်" စွမ်းအင် နည်းပါးလာမှုသည် လူသားများ နှစ်ပေါင်း ၁၀၀ ကျော် ဖြေရှင်းရန် ကြိုးစားနေရသည့် ပြဿနာကြီးတစ်ခု ဖြစ်သည်။ ရိဗ့်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး လက်ထဲက သေနတ်ကို တင်းနေအောင် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမသည် ရှောင်ယန့်အား နေရာမှမရွှေ့ရန် အချက်ပြလိုက်ပြီး ရန်သူရှိရာသို့ ပြေးသွားလေတော့သည်။ လေဆာကျည်ဆန်များသည် သူ့ခြေဖျားများတွင် ပျံဝဲသွားကြပြီး သူ့အနောက်တွင် ပေါက်ကွဲသွားကြသည်။ ရိဗ့်ကဲ့သို့ မြန်ဆန်စွာ ရွေ့လျားနိုင်သူမျိုးကို ရှောင်ယန် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်ဖူးပါ။ ဒီအတိုင်းဆိုလျှင် ရိဗ့် သေချာပေါက် ကျည်ဆန်အထိခံရလိမ့်မည်။ သို့ရာတွင် ရှောင်ယန် လုပ်နိုင်သည်ဆိုလို့ ယူရေနီယမ်ထည့်ထားသည့်ဘူးများကိုမကာ ထိုနေရာတွင် မတ်တပ်ရပ်နေရုံလေးသာရှိသည်။ မာ့ခ်သည် တောထဲတွင် ပြေးလွှားနေရင်း ရိဗ့်ဆီမှ အာရုံကို သူ့ဆီရောက်စေချင်သောစိတ်ဖြင့် လေယာဉ်ဆီသို့ ပစ်ခတ်လိုက်သည်။ လေယာဉ် နောက်တစ်ပတ်လှည့်လည်လိုက်သောအခါ လေဆာကျည်ဆန်များသည် မာ့ခ်၏ပခုံးတွင် ထိရှကာ ပေါက်ကွဲသွားလေသည်။ မာ့ခ် မြေကြီးပေါ်တွင် လဲကျသွားသည်။ သူ လဲကျသွားပြီဟု ရှောင်ယန် ထင်လိုက်သည့်အချိန်တွင် မာ့ခ် ပြန်ရပ်လာပြီး သေနတ်တစ်လက် လက်တွင်ကိုင်ကာ ရိဗ့်ရှိရာသို့ ဦးတည်ပြေးသွားသည်။ သူ့သေနတ်သည် ပစ်ခတ်နေရင်း ပျက်ဆီးသွားသဖြင့် ဆက်မပစ်နိုင်တော့ပေ။ "မလှုပ်နဲ့" အနောက်မှ ရေခဲသမျှ အေးစက်နေသည့် အမိန့်ပေးသံတစ်ခု ထွက်လာပြီး လေထုသည်လည်း ချက်ချင်း အေးခဲသွားသလိုပင်။ ရှောင်ယန် အနောက်သို့ ယောင်ပြီးကြည့်မိလိုက်သည့်အခါ ဟာနယ် သူ့ထံ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ သူ့အရှိန်ကြောင့် လေတောင် နှစ်ပိုင်း ထိုးခွင်းသွားသလိုပင်။ ရှောင်ယန်မျက်လုံးများ ပြူးသထက် ပိုပြူးသွားသည်။ ဟာနယ် မြေကြီးပေါ်မှ ခုန်အုပ်လာသည့်အချိန်တွင် သူ့ဘေးကအရာအားလုံး ပျောက်ကွယ်သွားသလို သူ့မြင်ကွင်းသည်လည်း အေးခဲရပ်တန့်သွားသည်။ ဟာနယ်သည် ရှောင်ယန့်ပခုံးပေါ်သို့ ခုန်ကာ ထိုမှတစ်ဆင့် အမြင့်ကောင်းကင်ဆီ ခုန်တက်လိုက်လေသည်။ 

ထိုစက္ကန့်ပိုင်းတွင် ရှောင်ယန်ရှိနေတဲ့လောကဟာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသလိုပင်။ သူ ခေါင်းမော့လိုက်သည့်အခါ ဟာနယ်သည် လေထဲတွင် တန်းလန်းနေရင်း သူ့သေနတ်များကို လေယာဉ်ဆီသို့ ချိန်ရွယ်ထားလိုက်သည်။ ဒိန်း။ ညကောင်းကင်သည် တစ်ဖန်ပြန်လင်းထိန်သွားခဲ့၏။ လေယာဉ်၏ ဘယ်ဘက်အင်ဂျင်မှ ကျယ်လောင်သည့် ပေါက်ကွဲမှုနှင့်အတူ လေယာဉ်သည် ယိုင်နဲ့သွားသည့် အဆောက်အအုံကဲ့သို့ တစ်ရှိန်ထိုး ထိုးကျသွားလေသည်။ လေယာဉ် ပြန်မမတ်နိုင်ခင်တွင် ဟာနယ် ဒုတိယတစ်ချက် ပစ်လိုက်သည့်အခါ ညာဘက်အင်ဂျင် ပျက်ဆီးသွား၏။ မြင်ကွင်းကြောင့် ရှောင်ယန် ပင့်သက်ရှိုက်မိသွားသည်။ လေယာဉ် မြေကြီးပေါ်ပြုတ်ကျသည့်အခါမှသာ သူ့ပခုံးမှ ပြင်းထန်သည့်နာကျင်မှုကို သူ သတိထားမိတော့သည်။ "အား------" ရှောင်ယန် အံကြိတ်မိသည်။ သူ့လက်မောင်းတွေက ထိန်းချုပ်လို့မရဘဲ ရမ်းခါနေသည်။ သူသည် ဘူးများကို ဆက်လက်သယ်ဆောင်နိုင်သည့် အခြေအနေတွင် မရှိပေ။ ဒဏ်ရာရသွားသည့် ပခုံးကိုဆုပ်ကိုင်ရင်း မြေကြီးပေါ်တွင် သူ ဒူးထောက်လိုက်သည်။ အရိုးကျိုးသွားသလောက် နာကျင်မှုမှလွဲလို့ ကျန်တာဘာမျှ မစဉ်းစားနိုင်တော့ပေ။ ဟာနယ် သူ့ပခုံးကို ချိုးချလိုက်တယ်။ ဒါက ကြမ်းပြင်ပေါ် ပစ်ချခံရသည့် နာကျင်မှုမျိုး၊ မျက်နှာမှာ ဟာနယ့်ဓား လာရှသည့် နာကျင်မှုမျိုးနှင့် တစ်စက်မှ မတူပေ။ ချားလ်စ်တွင်မွေးဖွားပြီး ချားလ်စ်တွင်ပဲ ကြီးပြင်းလာရသည့် ရှောင်ယန်သည် တစ်ခါမျှ ဒဏ်ရာအနာတရ ရဖူးခြင်း မရှိခဲ့ပါ။ ဒီဒဏ်ရာကြောင့် သူ အသက်ရှူဖို့တောင် ခက်ခဲလာလေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment