အပိုင်း ၁၈ ဟေး ညီလေး
"မင်းလုပ်ခဲ့တာ အရမ်းကောင်းတယ်။ ကျေးဇူးတင်တယ်"
တည်ငြိမ်သည့်အသံက ရှောင်ယန်၏ ပင်ပန်းနွမ်းနယ်နေသည့် အာရုံကြောများကို ဖြေသိမ့်လိုက်သလိုပင်။ ချက်ချင်း သူ့စိတ်ဖိစီးမှုများ ပျောက်ကင်းသွားသည်။ ထိုအမည်မဖော်ပြနိုင်သည့် လုံခြုံမှုတစ်ခုက ရှောင်ယန့်နှလုံးသားကို ထောက်ပံ့ပေးနေသလိုပင်။
သူ့နဖူးကို ဟာနယ်ရင်ဘတ်ပေါ်တွင် မှီချလိုက်သည်။ တခြားသူ၏ တည်ငြိမ်နေသည့် နှလုံးခုန်သံကို ကြားလိုက်ရသည့်အခါ မာရာက ဟာနယ် ဘာတွန်အတွက် အရေးမပါသည့်သူ မဟုတ်ဘူးဆိုသည်ကို ရှောင်ယန် ရုတ်တရက် သဘောပေါက်သွားသည်။ မဟုတ်လျှင် တခြားသူကို လွယ်လွယ်နှင့် အနားအကပ်မခံသည့်သူက ဤကဲ့သို့သောနည်းဖြင့် ကျေးဇူးတင်ကြောင်း ပြသမည် မဟုတ်ပေ။
သို့သော် ထိုကဲ့သို့ခံစားမှုမျိုးက တစ်စက္ကန့်တောင် မကြာလိုက်ပေ။ ဟာနယ် သူ့အား တွန်းထုတ်လိုက်သည်။
ထိန်းချုပ်ခန်းက တိတ်ဆိတ်လွန်းလို့ သူ့နှလုံးခုန်သံတစ်ခုပဲ ထွက်ပေါ်နေသလိုပင်။ မာရာသည် ပျင်းပျင်းနှင့် မျက်နှာကျက်ကို မော့ကြည့်နေသည်။ ဟာနယ်သည် ထိုင်ခုံတွင်ထိုင်ကာ ဓားအား သန့်ရှင်းနေသည်။
ဆယ်မိနစ်ကြာသောအခါ မာ့ခ်နှင့် ရိဗ့်တို့ ရောက်လာကြသည်။
သူတို့ မာရာ့ကို မြင်လိုက်ချိန်၌ မျက်နှာတွင် အနည်းငယ် အံ့အားသင့်သွားသည်ကို ရှောင်ယန် မြင်လိုက်ရသည်။ ထို့နောက် အားလုံးကို လက်ခံလိုက်သလိုမျိုး ပြန်လည်တည်တံ့သွားကြသည်။
"ဘုရားရေ မင်းက အဲဒီနှစ်ကောင်ဝိုင်းတိုက်ခိုက်တာကို ခံရတာတောင် ရှင်လျက်နဲ့ လွတ်လာခဲ့တယ်ပေါ့၊ ငါ မင်းကို တကယ် လေးစားသွားပြီ ကိုယ့်လူ" မာ့ခ်သည် လက်မောင်းပြတ်ထွက်ထားသည့် မာရာ့ဘယ်ပခုံးကို ပုတ်ရင်း ပြောလာသည်။ "မင်း ဒီဒဏ်ရာတွေကို အကြောင်းပြပြီး ရှေ့တန်းကနေ အနားယူပြီး အေးဆေးနေသွားဖို့ စိတ်ကူးတော့မရှိဘူးမလား"
"ဟေး ငါလဲ ခုနကမှ အဲဒီလို တွေးမိနေတာ" မာရာသည် ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။
"မယူနဲ့၊ နင်မရှိရင် ငါတို့တစ်ဖွဲ့လုံးရဲ့ တိုက်ခိုက်အားက အများကြီး လျော့ကျသွားလိမ့်မယ်" ရိဗ့် မာရာ့အား မျက်လုံးတစ်ပတ်လှည့်ပြလိုက်သည်။
"အား ငါက အဲဒီလောက်ထိ အရေးပါလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
စိတ်မကောင်းစွာဖြင့် တစ်နာရီကြာသောအခါ ပလက်ဖောင်း ၄၇ ကို အထူးတပ်ဖွဲ့တင် ၂ ယောက်သာ ရောက်လာပြီး ကျန်သည့်သူများ ရောက်မလာခဲ့ကြပါ။
စခန်း ၂ မှ တပ်ကူအနေနှင့် လေယာဉ်သုံးစီး လွှတ်ပေးခဲ့သည်။ လေထဲမှနေ အမျိုးသမီး အထူးတပ်ဖွဲ့ဝင်တစ်ဦး ကြိုးဖြင့် အောက်သို့ ဆင်းချလာသည်။ မာ့ခ်ကို အမှီပြုနေသည့် မာရာ့ကို မြင်သွားသောအခါ သူမ လေချွန်လိုက်လေသည်။ "ဘုရားရေ --- မာရာ နင့်ကို ဘယ်သူက ဒီလိုမျိုး ဖြတ်ပစ်လိုက်တာလဲ"
"နည်းပြ မတ်ဒဗင်ကို သတ်သွားတဲ့ နှစ်ယောက်" မာရာ နှုတ်ခမ်းများ ကော့ညွှတ်သွားသည်။
တခြားသူ၏ စနောက်သည့်အမူအရာသည် ချက်ချင်းပင် ပြန်တည်သွားသည်။
"အဲဒီနှစ်ယောက်ကရော"
"သေသွားပြီ"
"နင် သတ်လိုက်တာလား"
မာရာသည် တခြားးလက်တစ်ဖက်ဖြင့် ရှောင်ယန့်ကို ဆွဲခေါ်လိုက်ပြီး သူ့မျက်နှာကို ဆွဲညှစ်ကာ "ငါ သူနဲ့အတူ သတ်ခဲ့တာ"ဟု ပြောလိုက်သည်။
ရှောင်ယန်သည် အတိုက်အခိုက်ဝတ်စုံကိုလည်း ဝတ်မထားပါ။ ပခုံးတွင်လည်း တံဆိပ်များ ရှိမနေပါ။
တစ်ဖက်လူသည် အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် လေးစားသည့်အပြုံးမျိုးဖြင့် ပြောလာသည်။ "မဆိုးဘူးပဲ နည်းပညာစစ်သား"
"လာ ရှောင်ယန် ငါ မင်းကို မိတ်ဆက်ပေးမယ်၊ ဒါက ဒုကိုလိုနယ် ရှယ်ရွန် မီချဲလ် ငါတို့ အထူးတပ်ဖွဲ့ရဲ့ နတ်ဘုရားမ သုံးယောက်ထဲက တစ်ယောက်"
ရှောင်ယန် ကြောင်သွားသည်။ သူ့အရှေ့တွင်ရှိနေသည့်အမျိုးသမီးသည် နက်ညိုရောင်ဆံပင်များကို ခေါင်းနောက်တွင် စည်းထားပြီး မျက်လုံးများလည်း လှပကာ နှုတ်ခမ်းသားများလည်း ပြည့်ဖောင်းနေသည်။ သူမသည် အလွန်ဟော့သည့် အလှပဂေးတစ်ဦး ဖြစ်သည်။
ပြီးလျှင် သူမသည် ရိဗ့်ထက် တစ်ဆင့်မြင့်သည့် ဒုကိုလိုနယ်လည်း ဖြစ်နေသေးသည်။
သူမ ဟာနယ် ဘာတွန့်ဘက် လှည့်သွားသည့်အခါ လေးလေးနက်နက် စစ်တပ်အလေးပြုမှုတစ်ခု ပေးလိုက်သည်။ "ကိုလိုနယ်"
"အင်း" ဟာနယ် ခေါင်းညိတ်ပြလိုက်သည်။ သူသည် လေထဲတွင် ပျံဝဲနေသည့် လေယာဉ်ဆီသို့ ကြိုးတစ်ချောင်းပစ်လွှတ်လိုက်သည်။ ပြီးနောက် နောက်သို့ ခြေနှစ်လမ်းဆုတ်ကာ ရှောင်ယန့်ဆီ လာလိုက်ပြီး ဘာမျှမပြောဘဲ သူ့ကို လက်မောင်းထဲတွင် ဆွဲပွေ့သွားလေသည်။
စဉ်းတောင် မစဉ်းစားနိုင်လိုက်ခင်တွင် ရှောင်ယန် တခြားသူ၏လက်မောင်းကြားထဲတွင် ညပ်ပါသွားပြီး အပေါ်သို့ အလွန်မြန်ဆန်သည့် အရှိန်တစ်ခုဖြင့် ထောင်တက်သွားလေသည်။
ချက်ချင်းပင် ဟာနယ် ခြေထောက်များကို လေယာဉ်နောက်ခန်းသို့ မြှောက်တင်လိုက်ပြီး ရှောင်ယန့်အား ခုံတစ်ခုံပေါ်သို့ ပစ်တင်လိုက်သည်။
ရှောင်ယန့်ခေါင်းပေါ်တွင် လုံခြုံရေးကိရိယာကို ဟာနယ် ဖိချလိုက်တော့မှ ရှောင်ယန် အသိပြန်ဝင်လာခဲ့သည်။
အရင်တစ်ခေါက်က နျူကလီးယားဓာတ်အားပေးရုံတွင် မတော်တဆနမ်းမိသွားသဖြင့် ဟာနယ် သူ့အား ချန်ထားခဲ့သည်ကို ပြန်မြင်ယောင်လိုက်သည့်အခါ ဒီတစ်ခေါက်တွင် သူ့အား ကိုယ်တိုင်ကိုယ်ကျ ခေါ်လာသည်ဆိုတော့ နောက်ဆုံးတော့ ကိုလိုနယ် ဘာတွန်ဆီကနေ အသိအမှတ်ပြုမှုလေး နည်းနည်းလောက် ရသွားပြီလို့ ဆိုလိုချင်တာလား။
သိပ်မကြာလိုက်ဘဲ မာခ့်နှင့်ရိဗ့်တို့လည်း နောက်ခန်းထဲကို မာရာနှင့်အတူ ရောက်လာသည်။
လေယာဉ်သည် စခန်း ၂ ဆီသို့ ဦးတည်ကာ ပျံသန်းသွားလေသည်။
"ဟေး မင်း ဘာတွေ စိတ်ကူးယဉ်နေတာလဲ" မာရာသည် ရှောင်ယန့်နဖူးအား သူ့ညာဘက်လက်နှင့် ပုတ်လိုက်သည်။
"...ကျွန်တော်တို့တွေ ထပ်ပြီးတော့ အတိုက်အခိုက်မခံရလောက်တော့ဘူးမို့လား"
"အာ" မာရာ ခေါင်းရမ်းပြလိုက်သည်။ "ဒီလေယာဉ်သုံးစီးမှာ ကိုလိုနယ် ဘာတွန် ဦးဆောင်တဲ့ အထူးတပ်သားတွေတင် မဟုတ်ဘူး ဂျိန်း ဝေါလ်လေ့စ်ရဲ့ အဓိကတပ်ဖွဲ့ရော ပါတယ်။ ရှယ်ရွန်က ဂျိန်း ဝေါလ်လေ့စ် ရဲ့ တပ်ဖွဲ့ကလေ"
"အာ ဂျိန်း ဝေါလ်လေ့စ် ဆိုတာက" ထိုနာမည်ကို အလွန်ရင်းနှီးနေသည်ဟု ရှောင်ယန် ခံစားမိသည်။ ထိုနာမည်ကို သတင်းတွေထဲတွင် မကြာခဏ ကြားဖူးမိသည်ကို ရှောင်ယန် အတော်လေးကြာမှ မှတ်မိသွားသည်။
"မင်းက ဂျိန်း ဝေါလ်လေ့စ်ကို မသိဘူးလား" မာရာ အံ့အားသင့်သွားသည်။ ထို့နောက် ဟာနယ်အား မေးနှင့် ထိုးပြလိုက်သည်။ "အဲဒီလိုဆို မင်း ကိုလိုနယ် ဘာတွန့်ကိုရော မကြားဖူးဘူးလား"
"ဟေး ကျွန်တော်က ဟာနယ် ဘာတွန်ဆိုတဲ့ နာမည်ကို ဘယ်လိုလုပ် မကြားဖူးဘဲနေမလဲ" ရှောင်ယန် အမြန်ပြန်ပြောလိုက်သည်။ ထို့နောက် ဟာနယ့်အမူအရာကို သူ လှမ်းကြည့်လိုက်သည်။ တခြားသူသည် မျက်လုံးများကို မှိတ်ထားရာ အနားယူနေသည်နှင့် တူသည်။
သို့သော် တကယ်တွင် ဟာနယ်သည် ရှောင်ယန် သူ့နာမည် ကြားဖူး မကြားဖူးကို ဂရုမစိုက်ပေ။ ထိုလူသည် တခြားသူတွေ သူ့ကို ဘယ်လိုမြင်လဲဆိုသည်ကို ဂရုစိုက်တတ်တဲ့သူ မဟုတ်ပါ။
ရှောင်ယန် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။ "ရိဗ့် ငါတို့ မစ်ရှင် ပြီးသွားပြီလား"
"အင်း" ရိဗ့် ခေါင်းညိတ်လိုက်သည်။
"အား... ငါတော့ နောက်ဆုံးတော့ ကောင်းကောင်းအိပ်လို့ ရသွားပေါ့။ အခု အရမ်းအိပ်ချင်နေပြီ"
"အဲဒါဆိုလဲ အိပ်လေ" ရိဗ့် ရှောင်ယန့်ခေါင်းကို ပွတ်သပ်လိုက်သည်။
မျက်လုံးများကို မှိတ်လိုက်သည့်အခါ ရှောင်ယန် ချက်ချင်း အိပ်မောကျသွားသည်။ ဒီမစ်ရှင်သည် ရှည်လျားပြီး အားအင်ကုန်ခမ်းသည့် မစ်ရှင်ပင်ဖြစ်သည်။
သူ တခြားဘာအကြောင်းကိုမျှ မစဉ်းစားချင်တော့ပါ။ အားလုံးကို ရပ်တန့်ပစ်လိုက်ချင်သည်။
လေယာဉ် စခန်းသို့ ရောက်တော့မည့်အချိန်တွင် ရိဗ့်သည် ရှောင်ယန့်အားနှိုးရန် လက်မြှောက်လိုက်ရာ ဟာနယ်၏ အေးစက်သည့်အသံကြောင့် သူမလက်များ လေထဲတွင် ရပ်တန့်သွားသည်။
"သူ အိပ်ပါစေ"
စခန်း ၂ ၏ ထိန်းချုပ်ခန်းတွင် ဆက်သွယ်ရေးအရာရှိသည် အခြေအနေကို ကောင်းကောင်းမသိရသည်နှင့် ဒုကိုလိုနယ် ရေဗန်အား အကြောင်းကြားလိုက်သည်။
"ဒုကိုလိုနယ် ကိုလိုနယ် ဘာတွန်စီးလာတဲ့ လေယာဉ်က စခန်းနဲ့ ဆယ်မိုင်အကွာမှာ တစ်နာရီလောက် လှည့်ပတ်နေတယ်"
"ဘာ တခြားလေယာဉ်နှစ်စီးက စခန်းကို ပြန်ရောက်နေပြီ သူက ဘာလုပ်ချင်သေးလို့လဲ" ဒုကိုလိုနယ် ရေဗန် စိတ်လှုပ်ရှားသွားသည်။ "မင်း ကိုလိုနယ်ဘာတွန်ကို ဆက်သွယ်ကြည့်ပြီးသွားပြီလား"
"ကျွန်တော်တို့ အဆက်အသွယ် ရတယ်၊ ကိုလိုနယ် ဘာတွန်က အားလုံး ပုံမှန်ပဲလို့တော့ ပြောထားတယ်"
ဒုကိုလိုနယ်ရေဗန် နဖူးပေါ်လက်တင်ကာ သက်ပြင်းချလိုက်သည်။ "ဒါက ပုံမှန်တဲ့လား"
နောက်ဆုံးတွင် လေယာဉ်သည် ပြေးလမ်းပေါ်တွင် ရပ်သွားသည်။ မာ့ခ်သည် ရှောင်ယန့်အား လှုပ်နှိုးလိုက်သည်။
"ဟေး အသစ်လေး မင်းသွားရည်တွေက နေရာအနှံ့ကျနေပြီ၊ ရွံဖို့ကောင်းလိုက်တာ"
"အာ ဟင် ဘာဖြစ်တယ်" ရှောင်ယန် ရုတ်တရက် လန့်နိုးသွားပြီး နှုတ်ခမ်းထောင့်များကို စမ်းကြည့်လိုက်သည်။ ဘာမှ ရှိမနေပါ။
မာ့ခ် ရယ်ချလိုက်ပြီးနောက် ရိဗ့် ထိုးတာကို ခံလိုက်ရသည်။
"အရူး"
ဟာနယ် လေယာဉ်ခေါင်းပိုင်းမှ ထွက်လာသည့်အခါ ဒုကိုလိုနယ်ရေဗန်သည် မျက်နှာခပ်တည်တည်နှင့် သူ့ဆီ ရောက်လာသည်။ "မင်း ဘာလုပ်နေတာလဲ မင်းတို့လေယာဉ် ဒီရေလှိုင်း အပိုင်စီးတာကို ခံလိုက်ရပြီလို့တောင် ထင်နေတာ"
အားလုံး လေယာဉ်မှ ဆင်းလာသည့်အခါ ဒုကိုလိုနယ် ရေဗန်သည် မေဆွန့်အား မမြင်မိသဖြင့် နားမလည်သလိုဖြင့် မေးလာသည်။ "မေဂျာ ဂျန်နရယ် မေဆွန်ရော ဘယ်မှာလဲ"
"ခင်ဗျားက မေဂျာ ဂျန်နရယ်ကို အလေးပြုဖို့ ဒီကို ရောက်လာတာလား" မာရာ ခနဲ့တဲ့တဲ့နှင့် မေးလိုက်သည်။
"မင်း ဘာကို ပြောချင်တာလဲ မေဂျာ ဂျန်နရယ်ကရော ဘယ်မှာလဲ" ဒုကိုလိုနယ် ရေဗန်သည် မာရာ့ကို မြင်လိုက်သည့်အခါတွင် ဆွံ့အသွားလေသည်။ သူ ပါးစပ်ကိုဖွင့်လိုက်သော်လည်း နောက်ဆုံးတွင် ရှောင်ယန်ရှိရာသို့လှည့်လိုက်သည်။
ရှောင်ယန် ဘာမျှ မပြောဘဲ ဟာနယ်ကိုင်ထားသည့် ဘူးပေါ်သို့ သူ့မျက်လုံးများက ကြည့်မိသွားသည်။
ဟာနယ်သည် ဒုကိုလိုနယ် ရေဗန့်ဘေးမှ ဖြတ်လျှောက်သွားပြီး ဘူးကို သူ့လက်မောင်းထဲသို့ ထည့်ပေးပြီးသည့်နောက် ထွက်သွားလေ၏။
"ဟေး ဟေး ဒါက ဘာကြီးလဲ"
"မေဂျာ ဂျန်နရယ် မေဆွန်" ရိဗ့်သည် ဒုကိုလိုနယ် ရေဗန်အား မျက်လုံးမှိတ်ပြလိုက်သည်။
ရှောင်ယန်နှင့် ဒုကိုလိုနယ် ရေဗန်သာ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လျှက်နှင့် ကျန်နေခဲ့ကြသည်။
ထိုနေ့တွင် မေဂျာ ဂျန်နရယ် မေဆွန် ချားလ်စ်ကို သစ္စာဖောက်ကာ ဒီရေလှိုင်းအဖွဲ့သို့ ဝင်သွားသည့်သတင်းက ချားလ်စ်ဆီ ပြန်ရောက်သွားသည်။ သူ့ဦးနှောက်ကိုလည်း ညှင်းပန်းနှိပ်စက်ရေးဌာနသို့ ပို့လိုက်ကြသည်။
စခန်း ၂ ကန်တင်းတွင် မာရာ့အတွက် နှုတ်ဆက်ပွဲတစ်ခု လုပ်ပေးခဲ့ကြသည်။ မာရာသည် ညစာစားပွဲတွင် ထိုင်ကာ ရိဗ့်နှင့် မာ့ခ်တို့ သူ့ပါးစပ်ထဲ ထည့်ပေးလာသည့်အစားအစာများကို ပျော်ပျော်ကြီး စားသောက်နေသည်။
မာရာ့ ဒဏ်ရာမှတ်တမ်းအား ချားလ်စ်ရှိ အထူးတပ်ဖွဲ့ ဌာနချုပ်သို့ ပို့လိုက်ပြီဖြစ်သည်။ မနက်ဖြန်တွင် သူသည် ချားလ်စ်သို့ လေယာဉ်တစ်ခုနှင့် ထွက်သွားတော့မည်။ စစ်တပ်ဘက်မှနေ သူ့နှင့် ထပ်တူကျသည့် ခြေတု လက်တုများကို ပြုလုပ်ပေးလိမ့်မည်။ ထိုခြေတု လက်တုများသည် လူ့ခန္ဓာကိုယ်လောက် သွက်လက်ပျော့ပျောင်းပြီး ပြတ်နေသည့် အာရုံကြောများနှင့်လည်း ချိတ်ဆက်နိုင်သည်။ ထိုခြေတု လက်တုများသည် ထိမိသမျှအရာအားလုံးကို အသုံးပြုသူ၏ဦးနှောက်သို့ သတင်းပို့ဆောင်ပေးနိုင်သည်။ တစ်မျိုးပြောရလျှင် ခြေတုလက်တုများသည် တကယ့်ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် ဘာမျှ မကွာခြားပေ။ ချွင်းချက်ဆိုလို့ ထိုခြေတု လက်တုများသည် အထူးတပ်ဖွဲ့ဝင်များ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကဲ့သို့ ပြန်လည်ကောင်းမွန်လာနိုင်သည့်အစွမ်း မရှိကြချေ။ ဥပမာပြောရလျှင် ရန်သူ့ဓားက အထူးတပ်ဖွဲ့ဝင်၏လက်မောင်းကို ထိုးစိုက်သွားလျှင် လက်မောင်းသည် ခန္ဓာကိုယ်မှ မပြတ်ထွက်သွားသရွေ့ အလိုအလျောက် ပြန်ကောင်းသွားနိုင်သည်။ သို့သော် ခြေတု လက်တုများ ထိုးစိုက်ခံရပါကာ အာရုံကြောဆက်သွယ်မှုများ ကြားဖြတ်ခံရကာ သူ၏လုပ်ဆောင်မှုများ ဆုံးရှုံးသွားနိုင်သည်။ ထိုအချက်သည် စစ်မြေပြင်တွင် အရေးကြီးလေသည်။
မာရာသည် မေဂျာအဆင့်ထိ ရာထူးတိုးခံရကာ အထူးတပ်ဖွဲ့၏ နည်းဗျူဟာ စစ်ဆင်ရေးဌာနသို့ ပြောင်းရွှေ့ခံရပြီး အထူးတပ်ဖွဲ့၏ ကွန်မန်ဒါ ဖြစ်သူ မေဂျာ ဂျန်နရယ် ဂေါ်ဒွန်၏ အစောင့်အဖြစ် တာဝန်ကျလေသည်။
"မင်းက ရာထူးတိုးခံလိုက်ရတာပဲ ငါ့ကောင်ရ အခုကစပြီး မင်း ချားလ်စ်မှာ ဇိမ်ခံပြီးနေလို့ရသွားပြီ" မာ့ခ်သည် မာရာ့ပါးစပ်ထဲသို့ စတိတ်ခ်တစ်ခု ထိုးထည့်ပေးရင်း တမင်တကာ မျက်နှာတွင် ပေကျံအောင် လုပ်လိုက်သည်။
"ဟေး ဟေး ငါ့ဆံပင်ကို မထိစေနဲ့" မာရာသည် ညာဘက်လက်ကို သုံးကာ မာ့ခ်အား အားကြိုးမာန်တက် ခုခံနေလေသည်။
ရိဗ့်သည်လည်း ဝိုင်နီတစ်ခွက်လုံးကို မာရာ့ပါးစပ်ထဲ လောင်းချလိုက်သည်။ "ဟေး ငါ့ကိုပြော နင် ခြေတု လက်တု တပ်ပြီးသွားရင် ပထမဆုံး ဘာလုပ်မှာလဲ"
"ဪ ဆံပင်ကို ကိုယ်တိုင်ကိုယ်ကျ ကောင်းကောင်းမွန်မွန် ပေါင်းတင်ရမှာပေါ့"
မာရာ ပြောပြီးသည်နှင့်ချက်ချင်း အားလုံး အသံထွက်ရယ်မိကြသည်။ မာရာ ခေါင်းလှည့်လိုက်သည့်အခါ ရှောင်ယန့်အား မြင်မိသွားသဖြင့် လက်ရမ်းပြလိုက်သည်။
ရှောင်ယန် သူ့ဘေးတွင် လာထိုင်လိုက်သည်။
"ဟေး ညီလေး အားလုံးက ငါ့ကို အလုအယက် ဂရုစိုက်နေကြတာ၊ မင်းရော ငါ့အတွက် တစ်ခုခု လုပ်မပေးသင့်ဘူးလား"
"ကျွန်တော် ခင်ဗျားကို စတိတ် ခွံ့ကျွေးရမှာလား၊ ဝိုင်နီ တိုက်ရမလား" ရှောင်ယန် မြူးထူးစွာဖြင့် မေးလိုက်သည်။
"အဲဒီအသေးအဖွားလေးတွေအတွက် မာခ် နဲ့ ရိဗ့် တို့လောက်ဆို လုံလောက်တယ်၊ မင်းအတွက် တကယ့်အရေးအကြီးဆုံးအရာတွေကို ချန်ထားပေးတယ်"
"ဘာတွေလဲ"
"ငါ့ဆံပင်ကို ဖြီးပေးအုံးလေ၊ ဇွန်ဘီအရည်တွေကြောင့် ငါ့ဆံပင်တွေ ရှုပ်ကုန်လို့" မာရာသည် သူ့အင်္ကျီအိတ်ကပ်ထဲမှ ဘီးတစ်ချောင်းကို ထုတ်ပြီး တလေးတနက်နှင့် သူ့အား ပေးလာသည်။
ရှောင်ယန် ရယ်ရမလား ငိုပေးရမလား မသိတော့ပေ။ "အင်းပါ အင်းပါ ခင်ဗျား ဆံပင်တွေကို ကျွန်တော် ကူဖြီးပေးမယ်"
မာရာ တခြားသူများကို မျက်လုံးမှိတ်ပြလိုက်သည့်အခါ အားလုံးက ဘီယာခွက်များကိုကိုင်ကာ ထွက်သွားကြလေသည်။
ရှောင်ယန်သည် မာရာ့ဆံပင်များကို ဂရုတစိုက်နှင့် ဖြန့်ချလိုက်ပြီး ညင်ညင်သာသာ ဖြီးလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို "ညီလေး" လို့ခေါ်တာ ဒါပထမဆုံးပဲ၊ ကျွန်တော် နားမယဉ်သေးဘူး"
"ဘာလို့လဲ မင်းက ငါ မင်းကို "အချစ်လေး" လို့ခေါ်တာကို လွမ်းလို့လား၊ ငါနဲ့မင်းနဲ့ အိပ်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး" မာရာသည် အတည်အတံ့ ပြောလာသည်။
"ဘာလို့လဲ"
"ငါ့မှာလဲ အိပ်တဲ့အခါမှာ စည်းကမ်းတွေ ရှိတယ်၊ ပထမဆုံး ငါ့ရဲ့ ရဲဘော်တွေနဲ့ မအိပ်ဘူး။ ဒုတိယက ငါ့ရဲ့သူငယ်ချင်းတွေနဲ့ မအိပ်ဘူး"
"အဲဒီလိုဆို ကျွန်တော်က ရဲဘော်လား သူငယ်ချင်းလား" ရှောင်ယန် မာရာ့ဆံပင်များကို ညင်သာစွာ ဖြီးချလိုက်သည်။
"ငါတော့ သိပ်ကံဆိုးတာပဲ ဒါပေမဲ့ အခု မင်းက နှစ်ခုစလုံး ဖြစ်သွားပြီ" မာရာသည် ဘီယာခွက်ကြီးတစ်ခွက်ကို ရှောင်ယန့်လက်ထဲထည့်ပေးလိုက်သည်။ "ဟေး ညီလေး သောက်ကွာ"
ရှောင်ယန် ခဏ ကြောင်သွားခဲ့သည်။ ထို့နောက် သူ့နှလုံးသားတစ်ခုစလုံး ပြည့်နှက်သွားသလိုပင်။
"ဟားဟား ကျွန်တော်တို့တွေ အဝ သောက်ကြရအောင်။ ခင်ဗျား ချားလ်စ်ကိုရောက်ရင် ကျွန်တော် ခင်ဗျားကို ကေဆီနဲ့ မိတ်ဆက်ပေးမယ်"
"ကေဆီ ဘယ်ကေဆီလဲ"
"ဗဟိုသိပ္ပံအကယ်ဒမီက မေဂျာ ကေဆီ ခင်ဗျားတို့နှစ်ယောက် ပေါင်းလို့သင်းလို့အတော်တည့်မယ်ဆိုတာ သေချာတယ်။ ကျွန်တော် ခင်ဗျားတို့နဲ့ မတွေ့ခင်တုန်းက သူက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေ၊ အဲဒီတစ်ယောက်က တစ်ခါတလေကျ ပြောဆိုဆက်ဆံရခက်ပေမဲ့ တကယ့် တကယ့်ကျတော့ အတော် ချစ်ဖို့ကောင်းတယ်။ ခင်ဗျား တတ်နိုင်ရင် သူ့ကို အိပ်ရာထဲခေါ်ဖို့ ကြိုးစားကြည့်လို့ရတယ်"
"အိုး ဗဟိုသိပ္ပံ အကယ်ဒမီက မေဂျာလား ထားလိုက်တော့...အဲဒီလိုလူမျိုးတွေက ပုံမှန်ဆို မာနကြီးကြတယ်၊ ဘယ်သူကမှ မင်းလောက် ချစ်စရာ မကောင်းပါဘူး"
ဒီတစ်ကြိမ်သည် ရှောင်ယန် အရက်သောက်ရင်း ပထမဆုံးပျော်မိသည့်အကြိမ်ဖြစ်သည်။ သူသည် အပူအပင်မရှိဘဲ မာရာ့ကဲ့သို့ အထူးတပ်ဖွဲ့မှ မေဂျာတစ်ယောက် ပခုံးပေါ်တွင် လက်မောင်းတင်ကာ အရင်က သူတို့ရဲ့ ရှက်စရာ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောမိကြသည်။ ရှောင်ယန်သည် မာရာ့အား သူ လီလီ့အပေါ် စိတ်ကူးယဉ်မိသည့်အကြောင်းကိုပါ ပြောပြရာ မာရာ အော်ကြီးဟစ်ကျယ် ရယ်မောမိသွားလေသည်။
"ဟေး ငါ ပြောလို့ ပြောတာ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီလို အချောအလှတွေက မင်းလိုလူမျိုးကို သဘောမကျကြဘူးကွ"
"ဒါဆို သူတို့က ဘယ်လိုလူမျိုးတွေကို သဘောကျကြတာလဲ ကိုလိုနယ် ဘာတွန့်လို လူမျိုးကိုလား"
********************
စာရေးဆရာ၏မှတ်စု:
မာရာ: ဟေး ညီလေး၊ ငါတို့ ဇာတ်လိုက် နံပါတ် ၂ ရဲ့နာမည်က ဒီအပိုင်းထဲမှာ ပါသွားပြီ
ရှောင်ယန် : ဘာကို နံပါတ် ၂ လဲ
မာရာ : ဟီးဟီး... မင်းရဲ့ ခရေပွင့်လေးကို ကောင်းကောင်းဂရုစိုက်
ရှောင်ယန် : ဘာ ဟေး ဝေ့လည်ကြောင်ပတ်တွေ လုပ်မနေနဲ့။ ရှင်းရှင်းလင်းလင်း ပြော
မာရာ : ငါ ရှင်းရှင်းလင်းလင်း ပြောထားတာပဲ၊ မင်းကသာ သေချာမှနားမထောင်တာ။ တစ်နေ့ အဲဒါလေး ညှိုးသွားတဲ့အခါကျမှ ငါ့ကို အပြစ်လာမတင့်နဲ့ *ဟင့်*