အပိုင်း ၁၃ အလုံပိတ်အခန်း
သူ့ပေါင်အထိ ရေများရောက်လာနေခဲ့ပြီ။ ရှောင်ယန် လှောင်ချိုင့်ရှိရာသို့ လျှောက်သွားပြီး စမ်းရှာကြည့်လိုက်သည်။
"ရှောင်ယန် မင်းဘာရှာနေတာလဲ" မာရာ သိချင်သဖြင့် သူ့အနားရောက်လာသည်။
"ကျွန်တော့်သေနတ်" ရှောင်ယန် ခါးကုန်း၍ ဆက်ရှာနေခဲ့သည်။ "ရေတွေကြောင့်မို့လို့ တစ်နေရာရာ ရောက်သွားတယ်ထင်တယ်"
"ရှောင်ယန် အဲဒီသေနတ်က နံရံကို ဖောက်နိုင်လောက်တဲ့အထိ အားမပြင်းဘူး" မလိုအပ်ဘဲနဲ့ အားကုန်သွားမည်စိုးသဖြင့် မာရာ သူ့ကို ပွေ့ချီလိုက်သည်။
"အပေါက်ဖောက်ဖို့ မဟုတ်ဘူး သေနတ်ထဲမှာ စွမ်းအင် ပြောင်းစက်ရှိတယ်။ ပြီးတော့ စွမ်းအင်ပေးစက်ရောပဲ။ အဲဒါတွေနဲ့ဆိုရင် ကျွန်တော် တံခါးဖွင့်နိုင်လောက်တယ်"
ရှောင်ယန်သည် ရေထဲတွင် ဒူးထောက်နေရင်း စကားဆက်ပြောနေခဲ့သည်။ ရေက တဖြည်းဖြည်းမြင့်တက်လာသည့်အခါ သူချက်ချင်း ဒိုင်ဗင်ထိုးချပြီး ဆက်ရှာကြည့်သည်။ သို့သော် နောက်ကျိနေသည့်ရေထဲတွင် သူ ဘာမှ မမြင်ရပေ။
လူတစ်ယောက် သူ့အနား ရောက်လာသလိုပင်။ တစ်ဖက်လူ၏ ချောမောသည့်အသွင်အပြင်ကို ရေးရေးလေး မြင်လိုက်ရသည်။
သူ့ခါးသို့ လက်တစ်ဖက် လာဝိုက်ကာ အားပါပါနှင့် သူ့ကို ရေထဲမှ ဆွဲထုတ်လိုက်သည်။
"ဟား...." ရှောင်ယန် သူ့မျက်နှာပေါ်မှ ရေများကို သုတ်ချလိုက်သည့်အခါ သူ့အရှေ့ကလူသည် ဟာနယ်ဖြစ်နေသည်ကို သိလိုက်ရသည်။
တခြားသူသည် သူ့အရှေ့တွင် သေနတ်တစ်လက်ထုတ်ပြလိုက်သည်။ ဟာနယ့်ဆံပင်မှ ရေများ တစ်စက်စက်နှင့် ကျနေသည်။ ဟာနယ့်လိုမျိုး အသန့်အရှင်းကြိုက်သည့်သူက ရေထဲသို့ဆင်းပြီး ရှောင်ယန့်အတွက် သေနတ်ရှာပေးသည်က မယုံနိုင်စရာပေ။
ရှောင်ယန် ပျော်သွားသည်။ "ဟုတ်ပြီ ဒီမှာ ရှိနေတာကိုး"
"မင်း ဘာလုပ်မလို့လဲ" ဟာနယ့်မျက်လုံးထဲတွင် တုံ့ဆိုင်းမှုများ မရှိပေ။ ရှောင်ယန့်ဘာလုပ်လုပ် အောင်မြင်မည်ဟု သူ ဆုံးဖြတ်ချက်ချပြီးနေသလိုပင်။
ရှောင်ယန် မျက်မှောင်ကြုံ့ကာ အခန်းတံခါးဆီသို့ ကြည့်လိုက်သည်။ တံခါးအပေါ်တွင် အနီရောင်မီးတစ်ခု လင်းနေ၏။
"ကျွန်တော် အဲဒီအမြင့်ကို မှီမှဖြစ်မယ်"
ဟာနယ် ခေါင်းကို စောင်းလိုက်သည်။ "မာ့ခ်"
"ဟုတ်ကဲ့ ကိုလိုနယ်"
မာ့ခ် ရှောင်ယန်ကို ပခုံးပေါ်တင်လိုက်သည်။ ဒီတစ်ယောက်က အရပ်မြင့်သောကြောင့် ရှောင်ယန် တံခါးထိပ်သို့ အလွယ်လေး ရောက်သွားသည်။
သူ သေနတ်ကို တစ်စစီ ဖြုတ်လိုက်သည်။ အထဲမှာရှိသည့် ပါဝါရင်းမြစ်ကို ထုတ်လိုက်ကာ တံခါး၏ဆားကစ်နှင့် ချိတ်ဆက်လိုက်သည်။
ရေများက မာ့ခ်၏ရင်ဘတ်အထိသို့ ရောက်လာပြီဖြစ်သည်။
"ဘန်း"ဆိုပြီး ကျယ်လောင်သည့်အသံတစ်ခု ထွက်သွားသည်။ သို့သော် တံခါးသည် ပွင့်မလာပေ။
"သေစမ်းကွာ တကယ်ပဲ မဖြစ်နိုင်တော့ဘူးလား" မာ့ခ် ကျိန်ဆဲလိုက်သည်။ ရှောင်ယန် တံခါးအပေါ်ရှိ အနီရောင်မီးကို ကြည့်လိုက်သည့်အခါ မှိတ်သွားသည်ကို တွေ့လိုက်ရသည်။ "တံခါးကိုပိတ်ထားတဲ့စက်က ပျက်သွားပြီ ဒါပေမဲ့ ရေဖိအားက တံခါးကို ပိတ်ထားတယ်"
ဒီလိုရေဖိအားမျိုးအောက်မှာရှိနေသည့်တံခါးကို သာမန်လူတစ်ယောက် လုံးဝမဖွင့်နိုင်ပေ။ သို့သော် ရှောင်ယန်နှင့်အတူ ပိတ်မိနေသူများသည် "သာမန်လူများ" မဟုတ်ကြပါ။
"အဲဒါက ဘာကို ဆိုလိုတာလဲ"
ဘာတွေဖြစ်နေမှန်း မာ့ခ် မစဉ်းစားနိုင်သေးခင် ဟာနယ် သူ့နှစ်ဖက်ချွန်ဓားကို ထုတ်လိုက်သည်။ "အားလုံး လာကူကြ"
သူတို့သည် ဓားများကို ကုတ်တံကဲ့သို့ အသုံးပြုကာ တံခါးကို ဆွဲဖွင့်ဖို့ ကြိုးစားနေကြသည်
"မာ့ခ် မင်းလဲ လာကူ"
မာ့ခ် ရှောင်ယန်ကို အောက်ချလိုက်သည်။ "ကောင်လေး ရေမနစ်စေနဲ့"
ထိုကဲ့သို့ပြောပြီးသွားသည်နှင့် သူ ရေအောက်သို့ ငုံ့သွားလေသည်။
မာ့ခ်က လေယာဉ်ပျံတစ်စင်းကိုတောင် မနိုင်သည်ဟု ကောလဟလများ ရှိသည်။ ရှောင်ယန် အရင်က မယုံကြည်ခဲ့သော်လည်း ယခုတွင် လုံးဝယုံကြည်သွားလေသည်။
ဒုတ်ဆိုသည့် အသံနှင့်အတူ တံခါးဟသွားကာ မာ့ခ်မျက်နှာလည်း နီရဲသွားသည်။
အဟက ပိုပြီး ပိုပြီး ကျယ်လာသည်နဲ့အမျှ ဤအလုံပိတ်အခန်းထဲက ရေများလည်း အဆတ်မပြတ် အပြင်သို့ စီးသွားကြသည်။ ဟာနယ့်ဆီက အချက်ပြသည်ကို ရလိုက်သည့်အခါ ရိဗ့်သည် ရှောင်ယန့်ကို မ,ကာ အက်ကြားထဲသို့ တွန်းချလိုက်သည်။ ရေနှင့်အတူ ရှောင်ယန်လည်း အပြင်သို့ မျောပါသွားသည်။
ရေများ တံခါးမှ ဆက်လက်စီးကျနေသည်။ အထူးတပ်ဖွဲ့ဝင်စစ်သားများ သူတို့ခန္ဓာကိုယ်ကို တံခါးအဟဘေးတွင် ကပ်ထားလိုက်သည်။ ရေများ သူတို့ဒူးလောက် ရောက်သွားသည့်အခါ တံခါးကို တွန်းဖွင့်လိုက်ကြသည်။
ဟာနယ် ရှောင်ယန့်ကို ကောက်မ,လိုက်သည့်နောက် အားလုံး အပေါ်သို့ ပြေးတက်သွားကြသည်။
ခေါင်မိုးထိပ်သို့ ရောက်သည့်အခါ ရိဗ့် အချက်ပေးလိုက်သည်။ သူတို့ဆီ လေယာဉ် ပျံလာပြီး စိုလျက်သားနှင့် သူတို့ လေယာဉ်ထဲသို့ ဝင်သွားကြသည်။
ရှောင်ယန် ထချလိုက်သည်နှင့် ဟာနယ်က လုံခြုံရေးကိရိယာကို တပ်ကာ ပြောလိုက်သည်။ "လေယာဉ်ခန်း အပူချိန်ကို မြှင့်လိုက်"
တုန်ယင်နေသည့် ရှောင်ယန်လည်း နောက်ဆုံးတွင် အနွေးဓာတ် ရသွားသည်လို့ ခံစားလိုက်ရသည်။
"ဘော့စ်... ကျွန်တော်တို့မစ်ရှင်ကို ကျရှုံးတယ်လို့ ယူဆရမှာလား" မာ့ခ် သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။
"သူ ဒီကနေ လေယာဉ်နဲ့ပျံပြီးတော့ပဲ ထွက်သွားလို့ရမယ်"
နှာခေါင်းထဲ ရေများဝင်သွားခဲ့သောကြောင့် ရှောင်ယန် ချောင်းဆိုးနေဆဲပင်။ မြန်ဆန်စွာဖြင့် လေယာဉ် ပျံသန်းသွားပြီးနောက် သူတို့ မေဆွန်၏လေယာဉ်ကို ခြေရာခံနိုင်လိုက်ကြသည်။
ဟာနယ် လေယာဉ်ခေါင်းပိုင်းသို့ ဝင်သွားပြီး မေဆွန်နောက် လိုက်ဖမ်းလေတော့သည်။
မေဆွန်က ပစ်မှတ်သိ ဒုံးကျည်တစ်ခု လွှတ်လိုက်သည်။ ရှောင်ယန် တံတွေးများမျိုမိသွားသည်။ အရင်ကဖြစ်ရပ်က သူ့စိတ်ထဲတွင် ကွင်းကွင်းကွက်ကွက် မြင်ယောင်နေဆဲပင်။
ဟာနယ်လည်း ပစ်မှတ်သိ ဒုံးကျည်တစ်ခု ပစ်လွှတ်လိုက်သည်။ ပစ်မှတ်မှာ မေဆွန်၏ဒုံးကျည်ဖြစ်သည်။
ဒုံးကျည်နှစ်ခု လေထဲတွင် တိုက်မိပြီး ပေါက်ကွဲသွားကြသည်။
ထိုအခိုက်အတန့်တွင် ဟာနယ် နောက်ထပ်ဒုံးကျည်တစ်ခု ထပ်ပစ်လိုက်ရာ မေဆွန်၏ ဘယ်တောင်ပံအင်ဂျင်သို့ ထိသွားပြီး လေယာဉ်သည် အမြင့်မှ ပြုတ်ကျသွားလေသည်။ လေယာဉ်ထဲမှ အသက်ကယ်အခန်းငယ်တစ်ခု ထွက်လာပြီး အဆောက်အအုံများကြား ကျသွားသည်။
မာ့ခ် လေချွန်လိုက်သည်။ "ရို့-- ငါတို့ရဲ့ လေးစားရပါသော မေဂျာ ဂျန်နရယ်မေဆွန် အခု ဘယ်လိုများ လွတ်အောင်ထွက်လာမလဲ မသိဘူး"
လေယာဉ် အောက်သို့ ငုံ့ပျံသွားသည်။ အသက်ကယ်အခန်းငယ်ပွင့်သွားသည့်အခါ မေဆွန် ဇွန်ဘီတစ်သိုက်နှင့် ရင်ဆိုင်ရလေတော့သည်။ သူ လန့်ဖျပ်သွားပြီး အခန်းငယ်ပေါ်မှ ပြုတ်ကျသွားလေသည်။ အစွမ်းကုန် ရုန်းကန်ပါသော်လည်း ဇွန်ဘီတစ်ကောင်၏ လည်ပင်းကို သူချိုးချလိုက်ချိန်တွင် နောက်ဇွန်ဘီတစ်ကောင်က သူ့ပခုံးကို လာကိုက်လေသည်။ x ဗိုင်းရပ်စ်မှ ပေးထားသော ပြန်လည်ကုသနိုင်စွမ်းက အခုတော့ သူ့ကို ညှင်းပန်းနှိပ်စက်နေသလိုပင်။
ထို့နောက် ဝန်းရံလာသော ဇွန်ဘီများက သူ့အား လွှမ်းမိုးသွား၏။
"သူ့ကိုယ်သူ x ဗိုင်းရပ်စ်ထိုးလိုက်လို့ရော ဘာလုပ်လို့ရမှာလဲ။ တစ်ယောက်တည်းနဲ့ တစ်ကမ္ဘာလုံးကို အနိုင်ချချင်နေတာလား" ရိဗ့် နှာခေါင်းရှုံ့လိုက်သည်။
"အခုလောက်ဆို ဇွန်ဘီတစ်ကောင် သူ့လည်ပင်းကို ကိုက်ပြီး သူ့ကို အဆုံးသတ်ပေးဖို့ကို သူမျှော်လင့်နေမိလောက်ပြီ" မာ့ခ်သည် အရာအားလုံးကို အေးစက်စွာဖြင့် ကြည့်နေခဲ့သည်။
တခြားသာမန်ဇွန်ဘီများထက် ၁၅ စင်တီမီတာပိုမြင့်သည့် ဇွန်ဘီတစ်ကောင်သည် မေဆွန်ခေါင်းရှိရာသို့ တခြားဇွန်ဘီများကို တွန်းဖယ်၍ရောက်လာသည်။ သွေးများလွင့်ထွက်သွားပြီးနောက် သူသည် အားရပါးရ စားပါလေတော့သည်။
ထိုအရာသည် လယ်ဗယ် ၁ ဇွန်ဘီ ဖြစ်သည်။ သုတေသနများအရ ဖွံ့ဖြိုးဆဲအရွယ် လူငယ်များ ကောမက်ဗိုင်းရပ်စ် ကူးစက်ခံရပါက သူတို့ခန္ဓာကိုယ်ထဲရှိ ကြီးထွားမှုဟော်မုန်းများသည် ပို၍မြန်ဆန်စွာ ထွက်လာပြီး ကောမက်ဗိုင်းရပ်စ်၏ သက်ရောက်မှုကြောင့် သန္ဓေပြောင်းလဲသွားကြသည်။ ရလဒ်အနေဖြင့် နှစ်မီတာကျော် အရပ်ရှိသည့်ဇွန်ဘီများ ပေါ်ပေါက်လာသည်။ သူတို့၏ လှုပ်ရှားမှုအရှိန်သည် သာမန်ဇွန်ဘီများနှင့် ဆင်တူသော်လည်း သူတို့ခွန်အားမှာ သာမန်ဇွန်ဘီများထက် ၁.၃ဆ ပိုအားကောင်းကြသည်။ သူတို့သည် အထူးတပ်ဖွဲ့ဝင်များ မစ်ရှင်လုပ်ဆောင်ရာတွင် မတွေ့ချင်ဆုံး ဇွန်ဘီများဖြစ်သည်။
ရှောင်ယန် မျက်နှာလွှဲလိုက်သည်။ သူသည် ပရော်ဖက်ဆာမေဆွန်သင်ကြားသော အတန်းအမြောက်အများကို တက်ရောက်ဖူးသည်။ ဗိုင်းရပ်စ်ဘာသာရပ်များထဲတွင် မေဆွန်တစ်ယောက်သာလျှင် ပြောပြသည့် စိတ်ဝင်စားစရာကောင်းသော ဥပမာ သာဓကများကိုသာ ရှောင်ယန် ထပ်ခါတလဲလဲ လေ့လာမိခဲ့သည်။
"သွားစို့ ငါတို့တွေ သူ့ဦးနှောက်ကို ယူရမယ်"
ဘူးတစ်ဘူးဖြင့် အထူးတပ်ဖွဲ့ဝင်စစ်သားနှစ်ယောက် လက်ထဲတွင် ချွန်ထက်သည့်ဓားများဝှေ့ယမ်းလျက် အောက်သို့ ဆင်းသွားလေသည်။ ဆယ်စက္ကန့်တောင်မကြာလိုက်ပေ။ သူတို့ လေယာဉ်ပေါ်သို့ ပြန်တက်လာကြသည်။
"ဟေး ဒီကောင်က မင်းပရော်ဖက်ဆာ မဟုတ်ဘူးလား မင်း သူ့ကို နှုတ်ဆက်ချင်သေးလား" မာ့ခ် ဘူးကို ပုတ်ပြလိုက်သည်။
"ဟင့်အင်း ကျွန်တော် သူ့ကို မြေအောက်ခန်းမှာ နှုတ်ဆက်ပြီးသွားပြီ။
ရှောင်ယန် လေယာဉ်အပြင်သို့ ကြည့်နေလိုက်သည်။
ပညာရှင်တွေက သူတို့ဘဝတစ်လျှောက်လုံး အဖြေတွေကို အမြဲ ရှာဖွေနေကြတာ။ ပညာရှင်တစ်ယောက်ရဲ့ဘဝက အဖြေရှာရင်းနဲ့ပဲ ကုန်ဆုံးသွားကြတယ်။ ထိုကဲ့သို့မျိုး ပြောဖူးခဲ့သည့် ပရော်ဖက်ဆာကို ရှောင်ယန် ရုတ်တရက် နားမလည်တော့ပါ။
ဘယ်လိုအဖြေမျိုးက ပရော်ဖက်ဆာမေဆွန်က ဒီလိုရွေးချယ်မှုမျိုး လုပ်စေခဲ့တာလဲ။
"ရှောင်ယန် မင်းစဉ်းစားနေတဲ့မေးခွန်းတွေကို ငါတို့တွေ မေဆွန့်ဦးနှောက်ကို စစ်ဆေးမေးမြန်းအဖွဲ့ကို ပို့လိုက်ရင် သိလာရလိမ့်မယ်"
"သူ့ဦးနှောက်ထဲမှာ လျှို့ဝှက်ချက်တွေ တော်တော်များမှာပဲ..."
ထိုအချိန်တွင် လေယာဉ်သည် ရုတ်တရက် အရှိန်မြှင့်ကာ အလွန်အမင်း ရှုပ်ထွေးသည့် ပတ်လမ်းကြောင်းတစ်ခုနှင့် ရွေ့လျားလိုက်သည်။
"ဘုရားရေ" တွန့်လိမ်ကောက်ကွေးနေသည့် ပျံသန်းမှုကြောင့် ရှောင်ယန် ခေါင်းမူးသွားကာ သူ့ကိုယ်သူ ထိန်းထားရန် လက်ကို လေယာဉ်ခေါင်မိုးသို့ပင် ဖိကပ်ထားရလေသည်။
သူတို့အနောက်တွင် အမည်မသိ လေယာဉ်သုံးစင်း လိုက်လာနေသည်။
များပြားလှသည့် လေဆာဒုံးကျည်များ လွန်းပြန်ဗုံးများ ဝှစ်ခနဲ ဝှစ်ခနဲ ဖြတ်သွားကြလေသည်။ ဟာနယ်နှင့်မာရာသည် လေယာဉ်ကို မောင်းနှံနေရင်း ထိုအရာများကို ရင်ဖိုစရာကောင်းလောက်အောင် ရှောင်ရှားနေကြသည်။
ထိုလေယာဉ်သုံးစီးသည် ပြင်ဆင်ထားပြီးမှ လာကြခြင်းဖြစ်သည်။ သူတို့၏တိုက်ခိုက်မှုများမှာ တစ်စီးပြီး တစ်စီး ဆက်တိုက်ပင်။ လေယာဉ်ပျံသန်းသည့်လမ်းကြောင်းမှတစ်ဆင့်သူတို့တွေ ဝန်းရံခံထားရတာတောင် ဟာနယ်နှင့် မာရာ စိတ်မလှုပ်ရှားသည်ကို ရှောင်ယန် သိလိုက်သည်။ လေယာဉ်သုံးစီးသည် သူတို့အား လမ်းကြောင်းပြောင်းရန် ဆက်တိုက်တွန်းထုတ်နေကြသည်။ သို့သော် အနီးဆုံးပလက်ဖောင်းမှာ ငါးမိနစ်အကွာလေးတွင် ရှိနေသည်ကို ရှောင်ယန် သိနေသည်။ ယခုတွင် သူတို့သည် မြို့ပြဧရိယာမှ ထွက်လာပြီဖြစ်ပြီး သူတို့အောက်တွင် လွင်တီးခေါင်မြေတစ်ခုသာ ရှိနေသည်။
"ဒါက ချုံခိုတိုက်ခိုက်တာပဲ စောက်ကျိုးနည်းတွေ" မာ့ခ်သည် အသံတိုးစွာ ကျိန်ဆဲလိုက်သည်။
လေယာဉ်သုံးစီးမှာ ဒီရေလှိုင်းအဖွဲ့အစည်းမှ ဖြစ်သည်။ တံခါးပေါက်ပေါ်မှ လိုဂိုသည် ဘုရားကျောင်းလက်ဝါးကပ်တိုင်နှင့် ဆင်တူပြီး ပြေပြစ်သည့် အသွင်သဏ္ဍာန်ရှိကာ အနုပညာမြောက်နေလေသည်။
သို့ရာတွင် ရှောင်ယန် ထိုအရာကို ရှုစားရန် အချိန်မရှိပေ။ သူ့မျက်လုံးကို တင်းကျပ်စွာ ပိတ်ထားလိုက်ပြီး သူ့နှလုံးကလည်း လည်မျိုမှပင် ခုန်ထွက်လုမတတ်ပင်။
အရင်တစ်ခေါက် သူတို့တွေ ပစ်မှတ်သိ ဒုံးကျည်ကနေ အံ့ဩဖို့ကောင်းလောက်အောင် လွတ်ထွက်လာနိုင်တာက ရန်သူ့မှာ လေယာဉ်တစ်စီးပဲ ရှိနေခဲ့လို့ ဒါပေမဲ့ အခုတော့ သုံးစီးကြီးများတောင်ပဲ။
သူ ရှောင်နိုင်ပါ့ဦးမလား။
ရန်သူက သူတို့ကို အဘက်ဘက်ကနေ လေဆာဒုံးကျည်များ ပစ်လိုက်သည်။ သူတို့ ရှောင်လိုက်ပါသော်လည်း အခြေအနေသည် ပိုဆိုးဖို့သာ ရှိသည်ကို သူသိနေသည်။ နောက်ထပ်ပစ်မှတ်သိဒုံးကျည်တစ်ခုသာ ရောက်လာရင် သူတို့တွင် မရှောင်လွှဲနိုင်တော့ပေ။
ထိုအချိန်တွင် ရိဗ့်နှင့်မာ့ခ် အမိန့်တစ်ခု ရသွားသည်။
"ရှောင်ယန် မင်း ငါတို့ကို မမြင်မချင်း အသက်ကယ် ကေဘင်ရဲ့တံခါးကို မဖွင့်လိုက်နဲ့"
ရိဗ့် ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။ ရှောင်ယန် သူမဘာပြောသည် နားမလည်နိုင်သေးခင် ထိုင်ခုံက ရုတ်တရက် နိမ့်ကျသွားသည်။ ရှောင်ယန် သူ့ကိုယ်သူ သေးငယ်သော အလုံပိတ်နေရာတစ်ခုသို့ ကျသွားသည်ကို ခံစားလိုက်ရသည်။ "ဘန်း" ဆိုသည့်အသံ သူ့နားထဲ ရောက်လာသည်။ ကိုယ်အလေးချိန်မရှိတော့သည့် ခံစားချက်တစ်ခုကို ရသောအခါမှ လေယာဉ်ကနေ အထုတ်ခံလိုက်ရသည်ကို သူသတိထားမိသွားသည်။
ဘာတွေဖြစ်တာလဲ။
သူတို့တွေ ဒုံးကျည်မှန်သွားတာလား။
မြေကြီးပေါ် ကျသွားသကဲ့သို့ သူ့ခန္ဓာကိုယ်အောက်တွင် တုန်ခါမှုတစ်ခု ဖြစ်သွားသည်။ ရှောင်ယန့်ကိုယ်တွင်းအင်္ဂါများ တိမ်ထဲမှနေ သူ့ခန္ဓာကိုယ်ဆီသို့ ပြန်ကျလာကြသည်။ သူ မျက်လုံးကို အကြောင်သား ဖွင့်လိုက်သည့်အခါ ရိဗ့်၏ကြိမ်းဝါးသံက သူ့နားထဲတွင် ပဲ့တင်သွားလေသည်။
အခု အခြေအနေက ဘယ်လိုလဲ။
ရှောင်ယန် အသက်ပြင်းပြင်းရှူချလိုက်ပြီး သူ့အတွေးများကို ပြန်ရှင်းထုတ်လိုက်သည်။ သူတို့တွေ မေဆွန့်ဦးနှောက်ကို ယူပြီးသွားလို့ စခန်းကို လေယာဉ်နဲ့ပြန်လာခဲ့လိုက်တယ်။ အပြန်လမ်းမှာ ဒီရေလှိုင်းက လေယာဉ်သုံးစင်းက သူတို့ကို လာတိုက်တယ်။ လေဆာဒုံးကျည်နဲ့ ပစ်မှတ်သိ ဒုံးကျည်တွေ တစ်လှည့်စီ ပစ်ပြီး... အဲဒီနောက် သူ့ထိုင်ခုံ ရုတ်တရက် ကျွံဝင်သွားပြီး သူ အသက်ကယ် ကေဘင်ထဲ ရောက်သွားခဲ့တယ်။ အလေးချိန်မရှိတော့ဘူးလို့ ခံစားလိုက်မိတာက အသက်ကယ် ကေဘင်က လေယာဉ်ကနေ အထုတ်ခံလိုက်ရလို့။
ဘုရားရေ ဒါတွေအားလုံးက စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်သွားခဲ့တာပဲ။ ရှောင်ယန့်ဘဝတစ်ခုလုံးကို ရေတွက်လျှင်တောင် ဒီနေ့လောက် များပြားသည့် အဖြစ်အပျက်များ မရှိပေ။
အခု...သူက ကျဉ်းမြောင်းတဲ့ အသက်ကယ် ကေဘင်ထဲမှာ အပိတ်ခံထားရတယ်။ ခြေတွေ လက်တွေမှာ နာကျင်တာမျိုး မခံစားရဘူးဆိုတော့ သူ ဘေးကင်းကင်းနဲ့ ဆင်းသက်လာခဲ့တယ်ပေါ့။
ပိတ်လှောင်ခံရသည့် ခံစားချက်က ရှောင်ယန့်အသက်ရှူသံများကို မြန်ဆန်သွားစေသည်။ နေရာကျဉ်းကျဉ်းလေးထဲတွင် မဖော်ပြနိုင်သည့် ထိတ်လန့်တစ်ခု ပြည့်နှက်သွားသည်။ အသက်ကယ်ကေဘင်တစ်ခုလုံးအတွက် အောက်ဆီဂျင်က သုံးနာရီလောက်သာ ခံပေမည်။
သုံးနာရီကျော်လို့တောင် ကေဘင်ကနေ ထွက်ဖို့ အမိန့်ရမလာခဲ့ရင်ရော။
လေယာဉ်တစ်စီးလုံးမှာ သူ့တစ်ယောက်တည်းပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုရင်ရော။
သူတို့ကို သူ့ကို ရှာမတွေ့ရင်ရော။
ဟာကွာ။ ချားလ်စ်ဆီက ပထမဆုံးအကြိမ် ထွက်လာမိကတည်းက ငါ့ဆီမှာ ကောင်းတာတွေ တစ်ခုမှဖြစ်မလာခဲ့ဘူး။
သူ သေခြင်းတရားကို အကြိမ်ပေါင်းမြောက်များစွာ ရင်ဆိုင်ဖူးသွားပြီဟု ရှောင်ယန် ခံစားလိုက်မိသည်။ သူဒီတစ်ခေါက် အသက်ရှင်ခဲ့ရင် ချားလ်စ်ကနေ နောက်တစ်ခေါက် ဘယ်တော့မှ မထွက်တော့ဘူးလို့ သူကျိန်ပြောရဲတယ်။ အဆင့် အေ သုတေသနပညာရှင်ဖြစ်အောင် ကြိုးစားပြီး နွေးထွေးလုံခြုံတဲ့ သုတေသနခန်းထဲမှာပဲ နေရင်း ပျင်းစရာကောင်းပြီး အဓိပ္ပာယ်မဲ့တဲ့ သုတေသနတွေကိုပဲ နေ့တိုင်းလုပ်၊ သူ့အားချိန်လေးမှာ ကော်ဖီပြင်းပြင်းလေး တစ်ခွက်သောက်။ အိုး။
ဘုရားရေ သူ အခုတွင် လှော်ထားသည့် ကော်ဖီစေ့ရနံ့ကို အရမ်း တမ်းတမိနေသည်။ ဖြည်းဖြည်းချင်း စီးဝင်လာတဲ့ အရသာ၊ လက်ဖျားကနေ သွေးကြောထဲ စိမ့်ဝင်ပျံ့နှံ့သွားတဲ့ အပူချိန်...
သူ့စိတ်ကို ငြိမ်အောင်ထားရမှန်း သူသိသည်။ မဟုတ်လျှင် သူ့အောက်ဆီဂျင်က မြန်မြန်ကုန်ဆုံးသွားလိမ့်မည်။ သူ့အာရုံများကို လွှဲပြောင်းနိုင်သည့် တခြားအရာများကိုသာ သူ တွေးနေနိုင်တော့သည်။
စိတ်ကူးယဉ်ခြင်းသည် ရှောင်ယန်ကျွမ်းကျင်သည့်အရာ ဖြစ်သည်။ ဥပမာပြောရလျှင် အခုချိန်တွင် ရှောင်ယန်သည် အိပ်မက်တမျှ လှပသည့် လီလီက သူ့ဆီ လမ်းလျှောက်လာပုံကို ကောက်ကြောင်းဆွဲနေသည်။ သူမ၏ ကျော့ရှင်းသည့် ခြေလှမ်းများ၊ အမျိုးသမီးအရာရှိ စကတ်ဘေးရှိ လန်တက်နေသည့် အခွဲကြောင်းလေး။ ရှောင်ယန့် သူ့လက်မောင်းကို လီလီတင်ပါးတွင် တင်ကြည့်လိုက်သည်။ သူမကို အသာလေးမပြီးနောက် သူတို့တွေ ပြင်းပြင်းပြပြ အနမ်းမိုးတွေရွာသွန်းကာ စွဲမက်ဖို့ကောင်းသည့်အိပ်ရာပေါ်သို့ လဲကျသွားကြသည်။ လီလီက ကျေကျေနပ်နပ်နှင့် ပြုံးလိုက်ပြီး သူမအဝတ်တွေကို ဆွဲဆောင်မှုရှိရှိနှင့် သူ့အား ဖွင့်ပြနေကာ....
"အသက်ကယ် ကေဘင်ကို ဖွင့်လိုက်တော့"
အေးစက်သည့် အသံတစ်ခု
က အလှတရားအားလုံးကို ချိုးဖောက်ပြီး ဤနေရာကျဉ်းလေးကိုလည်း ချက်ချင်း အေးခဲသွားစေသည်။
စာရေးဆရာ၏မှတ်စု
ရှောင်ယန် မင်းတော့ သေပြီပဲ တခြားမိန်းမတစ်ယောက်ကို မင်းမို့လို့ စိတ်ကူးယဉ်ရဲသေးတယ် ~