၂၀၂၈ခုနှစ် ဧပြီလ ၁၇ရက်၊ ချန်းနင်မြို့ရှိ ဟွိုင်းဒိတ်ဆေးရုံ၏ အတွင်းလူနာဆောင်အတွင်းတွင်......
ဆုတန်က အိပ်ရာဘေးတွင် ထိုင်နေပြီး သူမရဲ့မေးစေ့ကို လက်နဲ့ထောက်ထားကာ အိပ်ရာပေါ်ရှိလူအိုကြီးအား ကြည်လင်လေးနက်သောမျက်ဝန်းများဖြင့် အချိန်အတော်အတန်ကြာ ငေးကြည့်လို့နေခဲ့သည်။
ထိုလူအိုကြီးသည် ယခုနှစ်မှာပင် အသက်၇၁နှစ်ပြည့်မည့် ချန်ယင်ကျိုးဖြစ်ပြီး နှလုံးရောဂါကြောင့် ဆေးရုံကို လအတော်အတန်ကြာတက်နေခဲ့ရသူဖြစ်သည်။
ချန်ယင်ကျိုးက ကျယ်ဝန်းပြီး ဘာမဆိုလိုတိုင်းရတဲ့ အထက်တန်းတန်းလျားမှာ နေတာဖြစ်ပေမယ့် ခြံဝန်းထဲမှာ သူ့တစ်ယောက်တည်းနေထိုင်တာဖြစ်ပြီး အေးစက်ကာ အထီးကျန်လှလေသည်။ ထိုလူနာဆီကို လက်ထောက်နှင့် သူနာပြုမှလွဲရင် တခြားလာလည်တဲ့သူများလည်း မရှိခဲ့ပါ။
အိပ်မက်အကောင်အထည်ဖော်ရေး အစီအစဉ်ရဲ့ စီမံအုပ်ချုပ်သူတစ်ယောက်အနေနဲ့ ဆုတန်က ဤအလုပ်ကိုလက်ခံပြီးတာနဲ့ ဒီနေရာကို အမြန်ပြေးလာခဲ့တာ ဖြစ်သည်။ သူမက ဒီနေရာကိုရောက်တာ တစ်လခွဲကျော်လောက်ရှိပြီဖြစ်ပေမယ့် ချန်ယင်ကျိုးကို စကားတစ်ခွန်းမှတောင် မပြောဖူးခဲ့သေးပေ။
သူမက ချန်ယင်ကျိုးရဲ့ အချက်အလက်တွေအကုန်လုံးကိုလည်း ဖတ်ရှုပြီးပြီဖြစ်သည်။ သူမ သူ့ရဲ့အချက်အလက်တွေကို ဘယ်လိုထည့်သင့်လဲ?။ သူ့ရဲ့ဘဝက အောင်မြင်တယ်လည်းပြောလို့ရသလို မအောင်မြင်ဘူးလို့လည်း သတ်မှတ်လို့ရနေပြန်၏။
ချန်ယင်ကျိုးက ကျောင်းကိုနှစ်အတော်အတန်ကြာအောင် မတက်ခဲ့ဖူးပေမယ့် ပြုပြင်ပြောင်းလဲပြီး ပွင့်လင်းမြင်သာတဲ့အချိန်များရောက်တဲ့အခါမှာ သူကချမ်းသာတဲ့သူတွေထဲက ထိပ်ဆုံးလူတစ်ယောက် ဖြစ်လာခဲ့လေသည်။
သူက တကယ်ထက်မြက်ပြီး ထူးခြားတဲ့အမြင်လည်း ရှိသည်။ သူ့ရဲ့ကုမ္ပဏီကို ၁၉၉၀ခုနှစ်မှာ ပထမဆုံး စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာစပြီး သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေက တဖြည်းဖြည်းတိုးတက်အောင်မြင်လာခဲ့သည်။ သူက နယ်ပယ်အသီးသီးမှာ ကုမ္ပဏီတွေတစ်ခုပြီးတစ်ခု ဆက်ဖွင့်ရင်း အရမ်းကိုထူးခြားအောင်မြင်တဲ့ စွန့်ဦးတီထွင်စီးပွားရေးသမားကောင်းတစ်ယောက်ဖြစ်လာခဲ့၏။
စီးပွားရေးသမားတိုင်းကား လိမ္မာပါးနပ်တယ်လို့ဆိုကြပေမယ့် ချန်ယင်ကျိုးကတော့ လိမ္မာပါးနပ်ရုံသာမက ဩဇာတိက္ကမနဲ့လည်း ပြည့်စုံလို့နေခဲ့သည်။သူက ကျောင်းပေါင်းများစွာမှာ ရင်းနှီးမြှုပ်နှံထားပြီးတော့ ကျောင်းသားပေါင်းများစွာကိုလည်း အမြဲထောက်ပံ့ပေးခဲ့သည်။ ပတ်ဝန်းကျင်ကို သူ့ရဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုနဲ့ပဲ အမြဲတမ်းသက်သေပြခဲ့ကာ ဆိုရှယ်မီဒီယာတွေမှာလည်း အကြိမ်ပေါင်းများစွာ ဖော်ပြခြင်းခံရပြီးတော့ သူ့ရဲ့လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကလည်း တကယ့်ကိုအထင်သေးလို့မရပါ။
သို့သော် ဒီလိုမျိုးအရာရာမှာ အောင်မြင်နေတဲ့သူတစ်ယောက်က အိမ်ထောင်မရှိသလို ကလေးလည်းမရှိဘဲနဲ့ သူ့ရဲ့တစ်ဘဝတစ်ခုလုံး အထီးကျန်စွာနဲ့ ဖြတ်သန်းနေခဲ့ကာ သူ့ရဲ့ အထီးကျန်ဇာတာကို မရှောင်လွဲနိုင်ခဲ့ပါပေ။ပြုစုစောင့်ရှောက်သူနှင့် လက်ထောက်ကလွဲလို့ သူ့ရဲ့ပတ်ဝန်းကျင်မှာ တခြားဆွေမျိုးများလည်း မရှိခဲ့ပါ။
တစ်ချိန်ကတော့ မီဒီယာများက သူ့ကိုဘာလို့တစ်ယောက်တည်းနေရန်သာ ရွေးချယ်ခဲ့တာလည်းလို့ မေးမြန်းခဲ့ဖူး၏။ထိုအချိန်မှာ ချန်ယင်ကျိုးရဲ့ ကျန်းမာရေးအခြေအနေက အတော်လေးဆိုးဝါးနေပြီဖြစ်ကာ သူက တစ်ဖက်သူကို ပြုံးပဲပြုံးပြပြီး တခြားဘာစကားမှ ပြန်မပြောခဲ့ပါပေ။
ထိုအင်တာဗျူးက ချန်ယင်ကျိုး လက်ခံဖြေကြားဖူးတဲ့ နောက်ဆုံးသော အင်တာဗျူးတစ်ခုဖြစ်ပြီး ထိုအချိန်မှစ ချန်ယင်ကျိုးဘဝဟာ ပဟေဠိများနှင့် ပြည့်နှက်လာတော့သည်။
ဆုတန်က ဆေးရုံကုတင်ပေါ်မှာ လှဲနေတဲ့ လူအိုကြီးကို ကြည့်လိုက်သည်။သူ့ရဲ့ဘဝက မကြာခင်မှာပဲ သေဆုံးသွားတော့မှာဖြစ်ပြီး သူ့ကိုယ်သူလည်း ကယ်တင်နိုင်ဖို့ ခွန်အားမရှိတော့ပါ။
ထိုကြောင့် သူမက အခုအချိန်က စတင်ဖို့အတွက် အကောင်းဆုံးအချိန်ကောင်းတစ်ခုလို့ သတ်မှတ်လိုက်၏။
“အိပ်မက်အကောင်အထည်ဖော်ရေး အစီအစဉ်00777 ရဲ့ အုပ်ချုပ်သူ ဆုတန်မှ အစီအစဉ်ကိုစဖို့အတွက် ခွင့်တောင်းပါတယ်”
ထိုအချိန်တွင် ဆုတန်ရဲ့ အတွင်းစိတ်ကနေ အသံတစ်သံထွက်လာခဲ့၏။
“တောင်းဆိုချက်ကိုလက်ခံပြီး စတင်ရေတွက်နေပါပြီ 5...4..3..2..1...စ”
ခံစားချက်အတိအကျဖော်ပြရန်မရသည့် စက်ပစ္စည်းတစ်ခုခုမှ အသံတစ်သံက ထွက်လာခဲ့ပြီးတဲ့အခါမှာတော့ ဆုတန်က ချန်ယင်ကျိုးရဲ့ဘေးပတ်ဝန်းကျင်မှာ အပြာရောင်အလင်းဖျော့ဖျော့လေးတွေက ဝန်းရံလာတာကို တွေ့လိုက်ရသည်။
ဆုတန်က ဒီတစ်ခါမှာလည်း အဖွဲ့အစည်းက သူမနှင့် လိုက်လျောညီထွေဖြစ်စေမယ့် စနစ်တစ်ခုကိုသတ်မှတ်ပေးဖို့ရန်အတွက် ရင်ထဲကနေ ဆုတောင်းနေဖြစ်သည်။
"တောင်းပန်ပါတယ် မင်းရဲ့ဆန္ဒတွေကိုအကောင်အထည်မဖော်နိုင်ခဲ့ပါဘူး"
အနည်းငယ်မရှင်းမလင်း မပြတ်မသားတဲ့အသံတစ်ခုက ထွက်လာတဲ့အခါမှာ ဆုတန်က သူမရဲ့ နှုတ်ခမ်းတွေကို ဆူလိုက်တော့သည်။
“ 3742 , ဟယ်လို ” ဆုတန်က အလိုမကျစွာဖြင့် နှုတ်ဆက်လိုက်သည်။
ဆုတန်ကား၂၀၁၈ခုနှစ်မှာ ကားမတော်တဆတစ်ခုကနေပြီးတော့ အိပ်မက် အကောင်အထည်ဖော်အဖွဲ့အစည်းရဲ့ ကြီးကြပ်သူတစ်ယောက်ဖြစ်လာခဲ့တာပင်။ အိပ်မက်အကောင်အထည်ဖော်အဖွဲ့စည်းက တကယ့်ကိုထူးဆန်းအံ့ဩဖို့ကောင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သည်။
စီမံအုပ်ချုပ်သူတွေက စနစ်မှတစ်ဆင့် မြောက်များစွာသော မျဉ်းပြိုင်ကမ္ဘာတွေနှင့် အာကာသတွေဆီသို့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားပြီး သူတို့ရဲ့ဆန္ဒတွေကို အကောင်အထည်မဖော်လိုက်နိုင်တဲ့လူတွေကို ကူညီဖို့အတွက် ခရီးထွက်ရလေသည်။
အစမှာတော့ ဆုတန်ကား ဒီအိပ်မက် အကောင်အထည်ဖော်အဖွဲ့အစည်းကို လုံးဝစိတ်မဝင်စားခဲ့ပဲနဲ့ အမြဲတမ်းလိုလို ရေသာခို အချောင်လိုက်လုပ်နေခဲ့၏။ ဒါပေမဲ့ လုပ်ဆောင်ချက်တစ်ခုခုကို ပြီးသွားတာနဲ့ စွမ်းအင်ပွိုင့်တွေကို ရလာခဲ့မယ်ဆိုပြီးတော့ သူ့ရဲ့ခေါင်းဆောင်က သူ့ကိုသေချာရှင်းပြပေးလာခဲ့သည်။စွမ်းအင်ပွိုင့်တွေက သတ်မှတ်ချက်တစ်ခုကိုရောက်လာတဲ့အခါမှာ သူမက သူမလိုချင်တဲ့အိပ်မက်တစ်ခုကို လဲလှယ်နိုင်မယ်လို့လည်း သိလာခဲ့ရ၏။
ထိုအချိန်မှာ ဆုတန်ဟာ အတွေးတစ်ခုရသွားခဲ့သည်။စွမ်းအင်ပွိုင့်တွေကိုစုစည်းပြီး သတ်မှတ်ချက်တစ်ခုကိုရောက်လာတဲ့အခါ အိပ်မက်တစ်ခုနဲ့လဲလှယ်ပြီး သူမရဲ့တကယ့်အစစ်အမှန်ကမ္ဘာဆီသို့ ပြန်ချင်ခဲ့တာဖြစ်သည်။
ခေါင်းဆောင်: “ ဒါဆိုရင် အလုပ်ပိုကြိုးစားပေါ့ လူငယ်လေး ”
ဆုတန်က အားအင်တွေ ပြည့်သွားခဲ့ရသည်။ ပြောရမယ်ဆိုရင် သူမက အခုမှအသစ်ဝင်လာတဲ့သူဖြစ်ပေမယ့် အဖွဲ့အစည်းက သူမကို အတွေ့အကြုံရှိပြီးသား စနစ်တစ်ခုဖြစ်တဲ့ 3742နဲ့ မိတ်ဆက်ပေးလာခဲ့သည်။
စနစ် 3742 အကြောင်းကိုပြောရမယ်ဆိုရင် ဆုတန်မှာ ပြောစရာတွေအများကြီး ရှိနေခဲ့၏။
'စီမံအုပ်ချုပ်သူ' နှင့် 'စနစ်' သည် မူလကတော့ ပူးပေါင်းဆောင်ရွက်ရတာဖြစ်သည်။ အလုပ်များကိုဆောင်ရွက်တဲ့အခါမှာ 'စနစ်'က 'စီမံအုပ်ချုပ်သူ'ရဲ့ လိုအပ်ချက်များကို ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးရတာ ဖြစ်သည်။
ဒါပေမဲ့ စနစ် 3742 ကတော့ မတူပေ။ သူက ဆုတန်ကို အမြဲတမ်းဦးဆောင်ပေးနေရတဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ ပိုတူလို့နေပေသည်။
အစကတော့ အလုပ်သင်အသစ်ကလေးဖြစ်တဲ့ ဆုတန်က တခြားစနစ်တွေကလည်း ဒီလိုမျိုးပဲ လည်ပတ်ဆောင်ရွက်နေတာလို့ ထင်ခဲ့တာဖြစ်သည်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ တစ်နှစ်ပတ်လုံးအလုပ်ကြိုးစားပြီးတဲ့နောက် နှစ်ကုန် အစည်းဝေးပွဲတစ်ခုမှာ သူမက တခြားအုပ်ချုပ်သူတွေနဲ့တွေ့ခဲ့ရပြီး သူတို့တွေရဲ့စနစ်တွေက ဘယ်လောက်တောင်ချစ်ဖို့ကောင်းတယ်ဆိုတာကို သူမ သိနားလည်သွားခဲ့ရသည်။
အခြားသူများရဲ့ စနစ်များက ချစ်စရာကောင်းပြီး ညုတုတုနဲ့ အသက်ဝင်လှသလို နူးညံ့သိမ်မွေ့တတ်သော်လည်း 3742 ကတော့ အမြဲတမ်းအေးစက်ပြီး ဘာမှမထူးခြားပါပေ။သူက အမြဲအကြံအစည်များနှင့် နောက်ပြန်လှည့်ရန်သာ နှစ်သက်တတ်ကာ သူပေးသော အလုပ်များကလည်း အမြဲရှုပ်ထွေးနေတတ်သည်။ ဆုတန်က သူနဲ့အလုပ်တွဲလုပ်ရတာက တကယ်ကို စိတ်ဖိစီးရတယ်လို့ ခံစားခဲ့ရသည်။
ဆုတန်က လွန်ခဲ့သောဆယ်နှစ်အတွင်း လူများစွာကို အကြီးအငယ် ၊ အသေးအမွှားနည်းများစွာဖြင့် ကူညီပေးခဲ့သည်။စနစ်အား ကျပန်းသတ်မှတ်ပေးထားတာကို သူမ ကြားသိလိုက်ရတဲ့အခါ မစ်ရှင်တစ်ခုဆီမတိုင်မီ တိတ်တဆိတ်ဆုတောင်းခဲ့သော်လည်း သူမဆုတောင်းပြီးသည့်နောက် ဒုတိယစက္ကန့်မှာတွင် 3742ရဲ့ အသံကသာ သူမစိတ်ထဲတွင် အမြဲထွက်ပေါ်လာခဲ့လေသည်။
ဤသို့ဖြင့် သူမနှင့် 3742 တို့က ဆယ်နှစ်ပြည့်အောင် လက်တွဲလာခဲ့ကြရသည်။
ဆယ်နှစ်တောင်ရှိပြီ။သူမ လက်ကောက်ဝတ်ရှိ အပြာရောင်လက်ကောက်ကို ကြည့်လိုက်ပြီး သူမ ဘယ်အချိန်မှသာ လုံလောက်တဲ့ စွမ်းအင်ကို စုဆောင်းနိုင်မှာလဲလို့ ဆုတန် တွေးမိသွားခဲ့သည်။
"စကြရအောင် "
3742သည် ပြန်မနှုတ်ဆက်တော့ပဲ ပျင်းရိသောအသံဖြင့် ဆုတန်အား ပြန်ပြောလိုက်၏။
ချန်ယင်ကျိုးသည် မျက်တောင်လေးတွေက အနည်းငယ် တုန်ရီနေပြီး တည်ငြိမ်စွာ အိပ်ပျော်နေပုံရသည်။
ထိုနောက် အပြာနုရောင်အလင်းတန်းတစ်ခု ဖြတ်သွားကာ ဆုတန်က ချန်ယင်ကျိုး၏ အိပ်မက်ထဲသို့ ဝင်ရောက်သွားလိုက်သည်။
အိပ်မက်ထဲမှာ ချန်ယင်ကျိုးက အချိန်၏ခြေရာများဖြစ်တဲ့ သူ၏မျက်လုံးထောင့်များတွင် အရေးအကြောင်းများနှင့် မီးခိုးရောင်ဆံပင်များ ရှိနေသော်လည်း သူက စိတ်အခြေအနေကောင်းရှိနေခဲ့သည်။
သူ့ကိုယ်သူ အိပ်မက်ထဲတွင် ရှိနေမှန်းလည်း သိပုံရ၏။ ဒါကြောင့်လည်း ဆုတန်ကို တွေ့ရတဲ့အပေါ် သူ အရမ်းအံ့ဩမသွားခဲ့ပါ။
ဆုတန်က ထိုနေရာသို့ တည့်တည့်သွားကာ မှတ်စုစာအုပ်ငယ်တစ်ခုကို ထုတ်လိုက်ပြီး စတင်မှတ်ကူးရန် ပြင်ဆင်လိုက်၏။
ထို့နောက် သူမက "မစ္စတာချန်၊ ရှင့်မှာ မပြည့်စုံတဲ့ ဆန္ဒတွေရှိသလား??"
ဒါကိုကြားတော့ ချန်ယင်ကျိုးက ခေါင်းကို ညင်ညင်သာသာ ခါယမ်းလိုက်သည်။
ဆုတန်က သူ့ကို မော့ကြည့်လိုက်ပြီး "မစွန့်လွှတ်နိုင်သေးတဲ့ တစ်စုံတစ်ယောက် ရှိတာလား" ဟု မေးလိုက်တော့လည်း ချန်ယင်ကျိုးက ခေါင်းကို ခါနေတုန်းပင်။
ဆုတန်ရဲ့ နူးညံ့တဲ့မျက်ခုံးမွှေးများ ကျုံ့သွားခဲ့ရသော်လည်း သူမက လုံးဝ အရှုံးမပေးဘဲ ဆက်လက်ကာ "ရှင် နောက်တစ်ကြိမ် အသက်ရှင်ခွင့်ရရင် ရှင့်ရဲ့လက်ရှိဘဝကိုပဲ ထပ်ရွေးချယ်မှာလား"
ချမ်းသာတယ်။ ကျော်ကြားတယ်။ လူတိုင်းမနာလိုစရာ ကောင်းလှပေမယ့် ဘဝတလျှောက်လုံး အထီးကျန်နေရတာလေ ?
ချန်ယင်ကျိုး၏ ငြိမ်သက်နေသော မျက်လုံးများမှာ နောက်ဆုံးမှာတော့ ခံစားချက်အချို့ကို ပြသလာခဲ့လေသည်။ သူ့ငယ်ရွယ်တုန်းက အချိန်တွေကိုပြန်စဉ်းစားနေခဲ့ပြီး ခဏအကြာမှာတော့ သူ နူးညံ့စွာ ပြုံးပြလာပါတော့သည်။
"မရွေးဘူး"
ဆုတန်က "ဒါဆို ရှင်ဘယ်လိုဘဝမျိုး ရှင်သန်ချင်လဲ အဘိုးကြီး၊ ရှင့်ရဲ့ စိတ်ကူးကို ပြောပြပါလား !"
"ဖြစ်နိုင်ရင် ကောလိပ်တက်ချင်တယ်။ကျောင်းသားဘဝက သာယာတယ်လို့ ကြားဖူးတယ်။ငါ ခံစားကြည့်ချင်တယ်"
"ဆရာဖြစ်ရတာလည်း ကောင်းပါတယ်"
"ငါ့မှာရင်းနှီးတဲ့ သူငယ်ချင်းအနည်းငယ်ပါ ရှိနိုင်ခဲ့ရင်တော့ အကောင်းဆုံးဖြစ်မှာပါ"
"အရင်က အရမ်းကို အထီးကျန်ရတယ်"
ဆုတန်က အဖိုးအို ချန်ယင်ကျိုး၏ တောင်းဆိုချက်က တကယ် ရိုးရှင်းလွန်းသည်ဟုတွေးကာ အမြန်မှတ်လိုက်သည်။
နောက်ဆုံးမှာတော့ ချန်ယင်ကျိုးက သူမကို တစ်ချက်ကြည့်လိုက်ပြီး "ချစ်ရတဲ့လူကိုပါ ရှာတွေ့နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပဲ၊ တစ်သက်လုံး သူ့ကိုချစ်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်"
ဤစာကြောင်းက ဆုတန်ရဲ့ စိတ်ဝင်စားမှုကို နှိုးဆွနိုင်ခဲ့ပြီး သူမက ခေါင်းကိုမော့ကာ ချန်ယင်ကျိုး၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားလေသည်။
သူမရှေ့က ချန်ယင်ကျိုးသည် အမှတ်တမဲ့ တစ်စုံတစ်ယောက်နှင့် တူသလိုလိုဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကာ တစ်ခါမှမကြုံဖူးသောအချစ်ကို အမှတ်စေခဲ့သည်။
ဆုတန်က ခေါင်းကိုခါလိုက်ပြီး ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်သည်။ ချန်ယင်ကျိုးက သူမအဖိုးဖြစ်ရန်တောင် လုံလောက်နေသော အရွယ်ဖြစ်နေပြီလေ။
"မစ်ရှင်ကို လက်ခံပြီးပါပြီ။ ကျေးဇူးပြုပြီး ပြင်ဆင်ပါ "
ထိုအချိန်တွင် 3742 သည် သူမရဲ့ အတွေးများကို အနှောင့်အယှက်ပေးလာခဲ့သည်။
"စိတ်မပူပါနဲ့ အဘိုးကြီး။ ရှင် အသက်ပြန်ရှင်ရင် ဆန္ဒအတိုင်းဖြစ်လိမ့်မယ်။ ကံကြမ္မာပါရင်တော့ ကျွန်မတို့ ပြန်ဆုံကြမှာပါ "
ဆုတန် စကားပြီးသောအခါတွင် တစ်ဖက်လူတစ်ကိုယ်လုံးမှာ အပြာရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။
ချန်ယင်ကျိုးမှာ ထိုနေရာတွင်သာ ရပ်နေကာ သူ့မျက်လုံးများ မှိန်ဖျော့သွားပြီးနောက် တောက်ပလာပြန်သည်။
သူသာ သူ့ဘဝကို တကယ်ပြန်အသက်ရှင်နိုင်ရင် သူဒီလောက်ထိတော့ ထပ်ပြီး စိတ်မဆင်းရဲရလောက်တော့ဘူးလို့ပဲ မျှော်လင့်ပါသည်။
ငွေကြေး ဒါမှဟုတ် အာဏာ ဒါတွေအားလုံးက ခဏတာမျှသာဖြစ်ပြီး မွေးလာတဲ့အခါတွင် ၎င်းတို့ကို မင်းနှင့်အတူ ယူဆောင်လာနိုင်မည် မဟုတ်သလို မင်းတစ်နေ့သေဆုံးသွားသောအခါတွင်လည်း ထိုအရာတွေကို မင်းနှင့်အတူ ယူဆောင်သွားနိုင်မည်မဟုတ်ပေ။ အပြင်လူတွေအတွက်တော့ သူက အရမ်းအောင်မြင်နေပုံရပေမယ့် သူ့နှလုံးသားတွေကတော့ ခါးသီးလွန်းလှသည်။
ချန်ယင်ကျိုးက သူ့အိတ်ကပ်ထဲမှ နောက်ဆုံးသကြားလုံးကို ထုတ်ယူလိုက်၏။ အစိမ်းဝါရောင်သကြားလုံးထုပ်မှာ 1970 ခုနှစ်များတွင်ထုတ်လုပ်ခဲ့တာဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးများ ဖွင့်လှစ်ပြီးနောက်တွင် ခေတ်မှီ အဆာပြေ အမျိုးမျိုး ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ဒီလိုသကြားလုံးမျိုးကို မည်သူမျှပင် မစားကြတော့ပါ။
နောက်ပိုင်းတွင် အရင်းအနှီးများ လည်ပတ်မှုကြောင့် သကြားလုံးစက်ရုံက ပျက်လုနီးပါး ဖြစ်ခဲ့ရသည်။ချန်ယင်ကျိုးက ထိုသကြားလုံးစက်ရုံနှင့် သကြားလုံးပုံသေနည်းကို ဝယ်ယူရန် ငွေကြေးများ သုံးစွဲခဲ့လေသည်။ အခြားသကြားလုံး ထုတ်ကုန်များကိုလည်း ထုတ်လုပ်ခဲ့သော်ငြားလည်း ဤသကြားလုံးမျိုးကိုတော့ သူ ဆက်လက်မထုတ်လုပ်နိုင်သေးပါ။
မရောင်းနိုင်ရင် မရောင်းဘူး။သူကိုယ်တိုင် သိမ်းထားပြီး ကိုယ်တိုင်စား၏။
ချန်ယင်ကျိုး သကြားလုံးထုပ်အခွံကို ဖယ်လိုက်ပြီး သကြားလုံးကို သူ့ပါးစပ်ထဲကို ထည့်လိုက်သည်။
သူသည် သကြားလုံးကိုအရသာခံပြီး ငုံလိုက်ရာ သကြားလုံးဟာ အရင်နဲ့မတူ ပိုချိုမြိန်လို့နေခဲ့သည်။