no

Font
Theme

ဆုတန် ပြန်နိုးလာချိန်တွင်  မူးဝေပြီး လည်ချောင်းက ခြောက်သွေ့နေလေသည်။ သူမတွင် အားအင် လုံးဝမရှိပေ။ သူမ ခဏကြာအောင် တိတ်တဆိတ်လှဲနေပြီးနောက် သူမရဲ့အတွေးအာရုံထဲတွင် မြင်ကွင်းအချို့က တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းများကို စုစည်းပြီးချိန်၌ ချန်ယင်ကျိုးက သူမကိုဆေးခန်းပြရန် လမ်းတစ်လျှောက်လုံး သယ်လာခဲ့ကြောင်း သိလိုက်ရသည်။

သူမ အသာခေါင်းစောင်းလိုက်ရာ ကုတင်ပေါ်တွင် လှဲနေသည့် ချန်ယင်ကျိုးကို မြင်လိုက်ရသည်။သူ့ရဲ့မျက်နှာကို အသေချာ မမြင်ရသော်လည်း တစ်ဖက်လူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရသည်။

ဆုတန်နှလုံးသားထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရ၏။လူတိုင်းကို အမြဲတမ်း အဝေးတွန်းပို့တတ်သည့် အနှီအေးစက်စက်ကောင်လေးဟာ တကယ်တော့ တစ်ဖက်သူအပေါ်တွင် တကယ့်ကိုနွေးထွေးပေးသည့် သူတစ်ယောက်ဖြစ်နေခဲ့သည်။

ဒီအကြောင်းကိုတွေးရင်း ဆုတန် လက်မြှောက်ပြီး တစ်ဖက်လူရဲ့ဆံပင်ကို ညင်သာစွာ ထိလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူက အိပ်ပျော်နေတာဆိုတော့ သူ့ဆံပင်ကို သူမ ထိနေတဲ့အကြောင်း သိသွားမှာမဟုတ်ဘူးလေနော်?

တစ်ဖက်လူရဲ့ဆံပင်က နူးညံ့နေတာကြောင့် ဆုတန်က နှစ်ခါတောင် တိတ်တိတ်လေး ပွတ်ပေးလိုက်သည်။

ဆုတန်နိုးလာချိန်တွင် အနည်းငယ်လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ပြီး ထိုအချိန်၌ ချန်ယင်ကျိုး နိုးသွားခဲ့သည်။ သူ ထချင်ခဲ့သော်လည်း ဆုတန်ရဲ့လက်က သူ့ရဲ့ခေါင်းပေါ်သို့ ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။  ဆုတန်က မနေ့ကလိုပဲ ညင်သာစွာ ပွတ်ပေးနေပေသည်။ 

ထိုအခိုက်အတန့်ကို ငြင်းဆန်သင့်သလို ခံစားရသော်လည်း ဆုတန်ရဲ့အင်အားမရှိတဲ့မျက်နှာကို ပြန်တွေးကြည့်လိုက်မိလိုက်ပြီး ဒီတစ်ကြိမ်တော့ စိတ်တိုင်းကျလွှတ်ထားလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် နောက်တစ်ကြိမ်တော့ ဒီလိုမျိုး လုပ်ခွင့်မပေးဘူးဟု သူ့ကိုယ်သူ ကတိပေးလိုက်သည် !

သို့သော် တိတ်တဆိတ် အနီရောင်ပြောင်းလာသည့် သူ့နားတို့က သူ့အား သစ္စာဖောက်နေလေသည်...

သူက သိသိသာသာကြီး ကျေနပ်နေပေ၏!

ဆုတန်က တစ်ဖက်လူကို နှိုးမိသွားမှာကြောက်တာကြောင့် သိပ်ပြီးမလှုပ်ရှားရဲဘဲ အသာလက်ပြန်ရုတ်လိုက်သည်။

ချန်ယင်ကျိုးက နှစ်မိနစ်မျှ တမင်စောင့်နေပြီးမှ ဖြည်းဖြည်းချင်း ထလိုက်သည်။ထိုနောက် အခုမှနိုးလာသလိုမျိုး အနည်းငယ် ရှုပ်ထွေးသည့်ပုံစံနှင့် ဆုတန်အား ကြည့်လိုက်၏။

“ ငါ့ကို ဒီကိုလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်”

ဆုတန်ရဲ့အသံက အနည်းငယ် ခြောက်သွေ့အက်ကွဲနေခဲ့သည်။

"နှစ်ယောက်စလုံးနှိုးပြီပဲ! "

သူနာပြုက ဆူညံသံများကြောင့် လာကြည့်တာပင်။သူမက ဆုတန်နဖူးအား လှမ်းထိလိုက်သောအခါ သူမတွင် အဖျားမရှိတော့ပေ။

သူမဘေးတွင်ထိုင်နေသည့် ချန်ယင်ကျိုးကို တိတ်တဆိတ်နဲ့ တစ်ချက်ကြည့်လိုက်ပြီး ဆုတန်ကို အသံခပ်တိုးတိုးဖြင့်  " မင်းရဲ့ချစ်သူက မင်းအ‌ပေါ်မှာ အရမ်း‌ကောင်းတယ်နော်။ ဆေးခန်းပြဖို့အတွက် မင်းကို တစ်လမ်းလုံးသယ်လာရတာ။ သူရောက်လာတုန်းက ဘယ်လောက်ပင်ပန်းနေလဲဆိုတာ မင်းမမြင်လိုက်ရလို့။ နဖူးမှာ ချွေးတွေရွဲစိုပြီး  မျက်နှာပါနီရဲနေတာ။ ငါဆို သူလည်း အဖျားတက်နေပြီထင်လို့! "

သူနာပြုဆရာမက စကားတစ်လုံးမှမထစ်စေရဘဲ အကုန်လုံးကို အသေချာ ပြောသွားခဲ့သည်။ ချန်ယင်ကျိုးက လျင်မြန်စွာထရပ်လိုက်ကာ သူ့မျက်နှာမှာ ချက်ချင်း နီမြန်းလာပြီး " မင်း...ဗိုက်ဆာနေလား? ဘာစားချင်လဲ ငါသွားဝယ်လိုက်မယ်... "

သို့သော် ဆုတန်ဘက်မှ ဘာမှမပြောခင်ပဲ ချန်ယင်ကျိုး ထပြေးသွားလေသည်။

ဆုတန် ကူကယ်ရာမဲ့စွာ ပြုံးလိုက်‌၏။အခုထိ သူမ ဘာစားချင်လဲ ဆိုတာတောင် မပြောရသေးဘူးလေ။

သူ့ဘေးနားက သူနာပြုဆရာမလေးကတော့ အလွန်ပျော်နေလေသည်။ ရက်စက်ကြမ်းကြုတ်တတ်တဲ့ကောင်လေးက ရှက်သွားတာ မြင်ရတာ ဘယ်လောက်ကောင်းလိုက်သလဲနော်။

ထွက်ပြေးလာတဲ့ ချန်ယင်ကျိုးက နောက်ဆုံးတော့ ရပ်လိုက်ပြီး မသိစိတ်ကနေ နောက်ပြန်ကြည့်လိုက်မိသည်။သို့သော် သူ ဘာကြည့်နေသလဲဆိုတာ သူကိုယ်တိုင်တောင် မသိပေ။ သူနာပြုဆရာမလေး၏ “ချစ်သူ ကောင်လေး” ဟူသော စကားလုံးသည်သာ သူ့နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

ချန်ယင်ကျိုးက သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်သွားအောင် ခေါင်းခါလိုက်သည်။သူ စိတ်ငြိမ်သွားသည်နှင့် တစ်ပြိုင်နက် ဆုတန်ကို သူ့ကျောပေါ်တင်လိုက်တုန်းက သူ့နောက်ကျောမှ ခံစားရခဲ့သည့် နူးညံ့မှုကို ပြန်လည်တွေးတောမိပြီး သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများ ပူလောင်သွားခဲ့လေသည်...

သွားပါပြီ သူ လူဆိုးဖြစ်သွားပြီလား...

ချန်ယင်ကျိုးသည် သူ ဆုတန်အတွက် မနက်စာဝယ်ရန် ထွက်လာခဲ့ကြောင်းကို သတိရပြီးနောက် လမ်းမကြီးအတိုင်း အတော်ကြာအောင် လျှောက်လာခဲ့သည်။ သို့သော် အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်၌ မနက်စာရောင်းသည့်နေရာကို ဘယ်မှာမှ ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမသို့သာ သွားလိုက်ရတော့သည်။

ကောင်တာပေါ်တွင် အသစ်ရောက်နေသည့် ကိတ်များကို တွေ့လိုက်ရပြီး ထိုကိတ်က အားဖြည့်ရန် အသင့်တော်ဆုံးဖြစ်ကြောင်း အရောင်းဝန်ထမ်းက ပြော‌လာခဲ့သည်။ ဆုတန်ရဲ့  ဖြူဖျော့‌နေသော မျက်နှာကို ပြန်တွေးမိပြီးနောက် ချန်ယင်ကျိုးက ကိတ်လေးစိတ် ဝယ်လိုက်‌သည်။

သူ ပြန်သွားချိန်တွင် ဆုတန်က သူနာပြုနှင့် စကားပြောနေဆဲဖြစ်ပြီး မသိလျှင် နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်သိတာ ကြာနေပြီထင်ရလောက်သည်။ ချန်ယင်ကျိုးက တံခါးဝတွင်ရပ်ကာ ခဏမျှ စောင့်ကြည့်နေ‌ခဲ့သည်။

ဆုတန်ကို သူ လေးစားသင့်သည်။သူမသည် မည်သူနှင့်မဆို စကားပြောဆိုနိုင်ပုံရ၏။ သူမသည် အလွန်‌‌ ပေါင်းသင်းဆက်ဆံ‌ရေးတတ်သော သူတစ်ယောက်ဖြစ်ပြီး သူ့ကိုပင် မကြောက်ခဲ့ပါလေ။

ဆုတန်က ချန်ယင်ကျိုး တံခါးဝမှာရပ်နေတာကိုမြင်တော့ လက်ယမ်းပြလာကာ " ဘာလို့ဝင်မလာတာလဲ? "

သူနာပြုက ချန်ယင်ကျိုးလက်ထဲမှာ တစ်ခုခု ကိုင်ထားတာကို မြင်သွားပြီး မသိစိတ်အရ ရှောင်ပေးလိုက်၏။ချန်ယင်ကျိုးက ပစ္စည်းများကို ဆုတန်အား ပေးလိုက်ပြီး သူမကို စားခိုင်းလိုက်သည်။

အနီရောင် က္ကတီပါကိတ်က တော်တော်‌လေးမွှေးလှသည်။ ဒီခေတ်တွင် ပစ္စည်းများက လက်ခံနိုင်လောက်၏။ အနီရောင်က္ကတီပါကိတ်ဟုဆိုလျှင် ၎င်းတို့သည် အနီရောင်က္ကတီပါကိတ်များ ဖြစ်ရပေမည်။ မည်သည့်အဆီအနှစ်နှင့်မျှ ထူလိမ့်မည်မဟုတ်ပါ။ ဆုတန်က အနံ့ခံလိုက်ပြီး "တော်တော်မွှေးတာပဲ" ဟု ပြုံးပြီး ပြောလိုက်သည်။

သူမသည် ကိတ်တစ်စိတ်ယူပြီး  ချန်ယင်ကျိုးအား ပေးလိုက်၏။ ချန်ယင်ကျိုးက သဘာဝကျစွာပဲ ငြင်းလိုက်သည်။

" မင်းအတွက် ငါဝယ်ခဲ့တာ မင်းပဲစား "

" ငါက သိပ်မစားနိုင်ဘူး။ နင် မြန်မြန်စား၊ ဒီမနက်ပြေးထားရတာ ဗိုက်မဆာဘူးလား"

ဗိုက်မဆာကြောင်းပြောခါနီးမှာ  ချန်ယင်ကျိုးဗိုက်က အော်သံထွက်‌လာတာကြောင့် သူ အနည်းငယ် ရှက်သွားပြီး အပြင်သို့ လှည့်ထွက်သွားခဲ့သည်။

" ချန်ယင်ကျိုး!"

ဆုတန် သူ့အား အလျင်စလိုအော်လိုက်သည်။

"နင်မစားရင် ငါလည်းမစားဘူး"

ထိုစကားကို ပြောပြီးနောက် သူမမှာ တစ်ဖက်သူက မယုံမည်ကို ကြောက်သလို အိတ်ကို ဘေးဖယ်ထားလိုက်သည်။

မြို့သွားတုန်းက သူ ကားမစီးရင် ဆုတန်က သူနဲ့အတူတူ လမ်းလျှောက်မည်ဟု ပြောခဲ့သည့်နေ့ကို ချန်ယင်ကျိုး မှတ်မိလိုက်သည်။သူမကို ဆွဲဆောင်လို့မရနိုင်မှန်းသိတာကြောင့် မှုန်ကုပ်ကုပ်ဖြင့် ပြန်လှည့်လာပြီး သူမလက်ထဲမှ အနီရောင်ကိတ်အစိတ်လေးကို ယူလိုက်သည်။

ဒါက စျေးကြီးလွန်း၏။သူကိုယ်တိုင်တောင် ဒါကို တစ်နှစ်တစ်ကြိမ်တောင် မစားနိုင်ပေ။ထိုကြောင့် လက်ထဲမှာကိုင်ထားပြီး ဘယ်လိုစားရမှန်း မသိဖြစ်နေခဲ့ပေသည်။

ဆုတန်က တစ်ကိုက်ကိုက်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ သူက ထိုနေရာတွင် ကြောင်အလျက် ရပ်နေသေးတာကို မြင်ပြီး တိုက်တွန်းလိုက်၏။

" ချိုတယ်။ မြန်မြန်စားကြည့်လိုက် "

ချန်ယင်ကျိုးအတွက်‌ ဒီအနီရောင်ကိတ်လေးကို စားရတာက သူ့ဗိုက်ထဲကိုပါ နူးညံ့မှုလေး ဖြည့်ပေးသွားသလို ခံစားလိုက်ရသည်။ ဒါဟာ လုံးဝမသင့်တော်ပေမယ့် ချိုမြိန်တဲ့အရသာက သူ့ကို အလွန်ပျော်စေ၏။

ချန်ယင်ကျိုးက တစ်တုံးကိုစားပြီး ဒုတိယအပိုင်းကို မစားဘဲနေခဲ့‌ပေမဲ့ ဆုတန်က သူ့ကို အတင်းမတိုက်တွန်းခဲ့ပေ။ သူမက ကျန်နှစ်ပိုင်းကို ထုပ်ပိုးပြီး အိတ်ကပ်ထဲထည့်ကာ "ဒါကို ပြန်ယူသွားကြမယ်။ အဖွားချန် မြည်းကြည့်ရအောင်လေ။ မုန့်က နူးညံ့တော့ အဖွားလည်း  သဘောကျလိမ့်မယ်"

ချန်ယင်ကျိုးသည် ရုတ်တရက် ဘာပြောရမှန်းမသိဘဲ သူမကို ကြောင်ပြီး စိုက်ကြည့်နေမိသည်။

သူ့အဖွားကလွဲရင် ဘယ်သူကမှ သူ ထမင်းစားတာ မစားတာကို စိတ်မဝင်စားပေ။ ဆုတန်က‌တော့ သူ့အတွက် တွေးပေးရုံမကပဲ သူတို့တွေ အချင်းချင်းသိတာ မကြာသေးတာတောင် သူ့အဖွားကိုလည်း တွေးပေးနေသည်။

အပြန်လမ်းတွင်  ချန်ယင်ကျိုးက သူမ၏ ဖောင်းကားနေသော အိတ်ကပ်များကို ကြည့်ပြီး မမေးပဲ မနေနိုင်ခဲ့ချေ။

" ဘာလို့ ငါနဲ့ ငါ့အဖွားကို အရမ်းကောင်းပြနေတာလဲ "

ဆုတန်က သူ့မေးခွန်းကြောင့် အလွန်အံ့အားသင့်သွားပြီး သူမဟာ အလွန့်အလွန်ကောင်းသည့် အရာတစ်ခုခုများ လုပ်ဆောင်ခဲ့မိသလားဟု မေးလိုက်သည်။

ချန်ယင်ကျိုးက သူမအဝတ်အစားပေါ်ရှိ အိတ်ကပ်များကို ညွှန်ပြလိုက်သည်။ 

ဆုတန် နားလည်သွားသည်။ ဒါက အသေးအဖွဲလေးပဲလို့ သူမက တွေးမိတာကြောင့် ရယ်မောလိုက်ပြီး "နင့်ကို ငါ တမင်တကာ ကောင်းကောင်းဆက်ဆံတာ မဟုတ်ပါဘူး။နင်လည်း ငါ့ကို ကောင်းကောင်း ဆက်ဆံပေးခဲ့တယ်‌လေ။ ဒါကြောင့် သဘာဝအတိုင်းပဲ နင့်ကို ပြန်ပြီးကောင်းကောင်း ဆက်ဆံပေးချင်တာ"

ချန်ယင်ကျိုး ရပ်လိုက်ပြီး သူမကို ငုံ့ကြည့်ကာ ဘာမှပြန်မပြောခဲ့ပေ။

ဆုတန် ရှင်းပြလိုက်သည်။

" လူတွေရဲ့ နှလုံးသားက နွေးထွေးပြီး ခံစားချက်ဆိုတာက အပြန်အလှန် ဖြစ်တတ်ကြတယ်လေ။ တစ်ခါတလေမှာ သဘာဝကျတဲ့ အသွင်အပြင်တစ်ခုလိုပဲ။ နင်ငါ့ကို ဆေးထိုးဖို့ တစ်လမ်းလုံး သယ်လာသလိုပဲပေါ့။ နင်က ဘာရည်ရွယ်ချက်နဲ့မှ လုပ်ခဲ့တာ မဟုတ်ဘူးမလား "

ချန်ယင်ကျိုးက အထပ်ထပ်အခါခါ ခေါင်းညိတ်ပြီး "ဒါက သဘာဝပဲလေ"

"ဟုတ်တယ် အမှန်ပဲ။ တကယ်တော့ လူတွေအချင်းချင်း ပေါင်းသင်းဆက်ဆံဖို့က အရမ်းရိုးရှင်းတယ်။ တခြားသူတွေကို ရိုးရိုးသားသားဆက်ဆံရင် တစ်ယောက်ယောက်ကလည်း နင့်ကို ရိုးရိုးသားသား ပြန်ဆက်ဆံတာ သဘာဝပဲလေ "

"ကြင်နာမှုဆိုတာ တကယ်တော့ ရွေးချယ်မှုတစ်ခုပဲ။ ငါတို့အားလုံး ရွေးချယ်လို့ရတယ် "

ဆုတန်က ပြောလိုက်သည်။

ချန်ယင်ကျိုး အံ့သြသွား‌သည်။ ကြင်နာမှုသည် ရွေးချယ်မှုတစ်ခုဖြစ်သည်။ ဒီစကားက တကယ့်ကို ကောင်းပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment