ညဘက်ရောက်တော့ ဆုတန်က ကုတင်ပေါ်တွင် လှဲအိပ်လိုက်သော်လည်း အိပ်မပျော်သဖြင့် ဟိုဘက်ဒီဘက် လှည့်နေခဲ့သည်။ထိုနောက် စနစ် 3742ကို ချန်မိသားစု၏ အခြေအနေအကြောင်းကို မေးမြန်းလိုက်၏။အထူးသဖြင့် "ဝံပုလွေကောင်" ဟူသော စကားလုံးလေးလုံးကို ချန်ယင်ကျိုးက ဘာကြောင့် ဒီလိုမျိုး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရတာလဲ ဆိုတာကိုပင်။
"မင်းကိုယ်တိုင် သိအောင်လုပ်မှ စားစရာနဲ့ အဝတ်အစားတွေ လုံလုံလောက်လောက် ရလိမ့်မယ်"
3742က သူ့ကို ပေါ့ပေါ့တန်တန်ပဲပြောပြီး စကားဝိုင်းကို အဆုံးသတ်လိုက်၏။
"ဟေး! " ဆုတန်က ဤတစ်ကြိမ်မှာတော့ မပျော်မရွှင်ဖြစ်သွားခဲ့ရသည်။
သူမက ကုတင်ပေါ်မှ ထထိုင်လိုက်ကာ စောင်ကို ပွေ့ဖက်ရင်း သူမရှေ့မှ လေထုကို ငေးကြည့်နေလေသည်။
သူမ၏ နူးညံ့သော မျက်ခုံးများက ကျုံ့သွားခဲ့ရကာ စနစ် 3742 အား "ငါတို့က ဆယ်နှစ်လောက် လက်တွဲခဲ့ကြတာလေ။ မင်း ငါ့ကို ဘာဖြစ်လို့ ပိုကောင်းအောင် မဆက်ဆံနိုင်ရတာလဲ။ တစ်ခြားသူတွေရဲ့ စနစ်တွေကျတော့ ချစ်ဖို့ကောင်းပြီး ကိုယ်ချင်းစာတတ်ကြပေမယ့် ငါ့ဟာကကျတော့ မိုက်မဲလိုက်တာ! အဲဒါက ငါ့ကို လမ်းပိတ်ချည်းပဲ ညွှန်ပြနေတယ်။ ဒါဆို မင်းက ဘာအသုံးဝင်လို့လဲ။ ဒီလို ထူးဆန်းတဲ့ ပတ်ဝန်းကျင်ကိုလာရလို့ စိတ်အားငယ်နေပါတယ်ဆို မင်းကပါ ဘာလို့ဒီလိုမျိုး ဖြစ်နေရတာလဲ။ ငါ အရမ်းကြောက်နေမိတယ်"
ဆုတန်မှာ သူမပြောလာသည်နှင့်အမျှ ပိုပိုပြီး ဝမ်းနည်းလာသည်ကို ခံစားလာရပြီး မသင့်လျော်သော စကားလုံးများကို အသုံးပြုခဲ့ကြောင်း သိလိုက်ရပြီးနောက် ချက်ချင်းပင် သူမစကားလမ်းကြောင်းမှာ ပြောင်းသွားလေသည်။
"ဆုတန် မင်းဘာလို့ဒီလိုဖြစ်နေရတာလဲ အရူးပဲ!"
ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခုအပြီးတွင် 3742 က ပေါ့ပေါ့ပါးပါးနဲ့ စကားပြန်ပြောလာခဲ့သည်။
"မင်းပြောလို့ ပြီးပြီလား?"
"ဟုတ်ပြီ ငါ ပြီးသွားပြီ..."
ဆုတန်က သူမ၏ တံတွေးကို မျိုချလိုက်သည်။ 3742နှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမှာ ဒါက ပထမဆုံးအကြိမ် ဖြစ်လေသည်။ ထိုအကြောင်းပြောသည့်အခါမှာ အစကတော့ အဆင်ပြေသလို ခံစားခဲ့ရသော်လည်း ယခုအခါမှာတော့ သူမ နောင်တရနေပြီဖြစ်သည်။
ဘာက သူမကို ကြောက်ရွံ့စေတာလဲ မသိဘူး...
3742 မှာ အနည်းငယ် အားကိုးရာမဲ့ ဖြစ်နေပြီး "ချန်ယင်ကျိုးက အဘွားကြီးချန်ရဲ့ မြေးမဟုတ်ဘူး။သူမက သူ့ကို ကောက်ယူပြီး မွေးစားခဲ့တာ"
ဆုတန် အံ့သြသွားလေသည်။
ချန်ယင်ကျိုးက အဘွားကြီး၏ မြေးမဟုတ်ပါ။ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က အဘွားအိုတစ်ဦး သည် တောင်ပေါ်သို့အတက်မှာ ဝံပုလွေတွင်း၌ သုံးနှစ်အရွယ် ချန်ယင်ကျိုးကို တွေ့ရှိခဲ့တာဖြစ်သည်။
ထိုအချိန်တွင် အနောက်တောင်တန်းပေါ်တွင် ဝံပုလွေတွင်းတစ်ခုရှိ၏။ ဝံပုလွေနှစ်ကောင် အကြီးတစ်ကောင်နှင့် အငယ်တစ်ကောင်သည် မည်သူ့ကိုမျှ မထိခိုက်စေခဲ့ဘဲ အမြဲမိမိကိုယ်ကိုယ်သာစောင့်ရှောက်ခဲ့သည်။ နောက်ပိုင်းမှာ ဝံပုလွေလေးဟာ သေသွားခဲ့ပြီး မိခင်ဝံပုလွေက နေ့ရောညပါ အော်ဟစ်နေ၍ ရွာသူရွာသားများက ထိတ်လန့်သွားကြလေသည်။
နှစ်လလောက်ကြာပြီးနောက် မစ္စချန်မှာ တောရိုင်းဟင်းသီးဟင်းရွက်များ ကောက်ယူရန် တောင်ပေါ်သို့ တက်ခဲ့ရာ ဝံပုလွေတွင်းကို ဖြတ်သွားသောအခါတွင် အသံတစ်သံကြားသောကြောင့် အတွင်းဘက်သို့ လှမ်းကြည့်လိုက်မိရာ တွားသွားနေသည့် ကလေးတစ်ဦးကို တွေ့လိုက်ရလေသည်။
ထိုကလေးက ချန်ယင်ကျိုးပင် ဖြစ်သည်။
ဝံပုလွေတွေကို အစာကျွေးဖို့ဆိုပြီး ဘယ်မိဘတွေက တောင်ပေါ်မှာ ကလေးလေးကို လာပစ်ထားခဲ့မှန်းတော့ မသိပေ။သို့သော် ဝံပုလွေတွေဟာ လူသားတွေထက် ပိုချစ်ဖို့ကောင်းတယ်လို့ ဘယ်သူက ထင်မိမှာလဲ။ ကလေးကို မထိခိုက်စေတဲ့အပြင် လှောင်အိမ်ထဲကို ပြန်ခေါ်သွားကြပြီး ကလေးငယ်သည် ဝံပုလွေနို့ဖြင့် အမှန်တကယ် အသက်ရှင်လွတ်မြောက်ခဲ့လေ၏။
အဖွားချန်က အစကတော့ သူ့ကိုခေါ်သွားရမလားဆိုပြီး တုံ့ဆိုင်းနေခဲ့သေးသော်လည်း အခုတော့ ကလေးက အသက်ရှင်နေသေးပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ သူမ အာမခံနိုင်ပေ။ အများကြီးစဉ်းစားပြီးတဲ့နောက်မှာတော့ သူမက သူ့ကိုမွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။
သူမ ပြန်မထွက်လာခင်မှာ မိခင်ဝံပုလွေမ ပြန်လာချိန်တွင် ကလေးကို ရှာမတွေ့ရင် သောင်းကြမ်းမှာကို ကြောက်တဲ့အတွက် အင်္ကျီကို ထိုကလေးအနံ့နဲ့ တမင်ချန်ထားခဲ့လိုက်သည်။သူမလည်း ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲဆိုတာ မသိပေမယ့် ကလေးဘေးကင်းကြောင်းကို ထိုဝံပုလွေမ သိစေချင်ရုံပင်။
နောက်ပိုင်းမှာတော့ ဝံပုလွေမ၏ အော်သံကို မည်သူမျှ မကြားရတော့ဘဲ ဝံပုလွေမ ဘယ်ကိုထွက်သွားတာလဲဆိုတာကိုလည်း မည်သူမျှ မသိခဲ့ကြတော့ပါ။
ကလေးဝမ်းဗိုက်တွင် ချုပ်ထားသော အထည်တစ်စကို တွေ့ရှိခဲ့ပြီး ၎င်း၏မွေးသက္ကရာဇ်ကို ရေးထားခဲ့သည်။ကလေး၏မိဘများက တစ်စုံတစ်ယောက်က ကလေးကိုမွေးစားပါက သူ့မွေးနေ့ကို သိနိုင်အောင် အဝတ်စတွင်ရေးထားတာဖြစ်ပါလိမ့်မည်။
သုံးနှစ်အရွယ်ရှိနေပြီဖြစ်သော ကလေးလေးက အခုထိ စကားမပြောနိုင်ဘဲ လမ်းလျှောက်ဖို့ နေနေသာသာ နေ့တိုင်းတွားသာ တွားသွားတတ်ပါသေးသည်။
အဖွားချန်က တကယ်တော့ သနားစရာကောင်းသော လူတစ်ယောက်ဖြစ်၏။ သူမသည် မူလက မိသားစုကြီးတစ်ခုမှဖြစ်သော်လည်း သူမ၏မိသားစုက လွန်ခဲ့သော အနှစ် 20 က ဘေးဒုက္ခကြုံတွေ့ခဲ့ရလေသည်။ ဓားပြများသည် သူမ၏ မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့ပြီး သူမတစ်ဦးတည်းသာ အသက်ရှင်ကျန်နေရစ်ခဲ့၏။
အခုတော့ ဒီကလေးရှိလာမှ သူ့ဘဝအခြေအနေကို ဆက်ထိန်းထားဖို့ ကြိုးစားရမည်ဖြစ်သည့်အတွက် အဖွားချန်က သူမဘဝမှာ မျှော်လင့်ချက် ရှိလာပုံပေါ်တယ်လို့ ခံစားခဲ့ရသည်။
ကလေးကို ချန်ယင်ကျိုးလို့ အမည်ပေးထားပြီး လမ်းလျှောက်၊ စကားပြော၊ စားတတ်အောင် သူမကပဲ စိတ်ရှည်လက်ရှည် သင်ပေးခဲ့လေသည်။ထိုကြောင့် တဖြည်းဖြည်းနဲ့ ချန်ယင်ကျိုးဟာ တခြားကလေးတွေနဲ့ မတူတာ ဘာမှမရှိတော့ပေ။
ဒါပေမယ့် ရွာက သေးသေးလေးဆိုတော့ အဖွားချန်က ကလေးလေးတစ်ယောက်ကို ဝံပုလွေတွင်းထဲက ခေါ်လာခဲ့တာကို အချိန်တစ်ခုကြာတော့ လူတိုင်းက သိသွားကြလေသည်။ ရိုင်းစိုင်းသောကလေးများအချို့ကတော့ မိဘများပြောသည့် စကားအနည်းငယ်ကိုကြားရပြီးနောက် ချန်ယင်ကျိုးသည် ဝံပုလွေကလေး၊ ဝံပုလွေတစ်ကောင်ဖြစ်ပြီး မည်သူမျှအလိုမရှိသော ခွေးကောင်ဟုခေါ်ကာ ချန်ယင်ကျိုးကို နှောက်ယှက်လာကြသည်။
ချန်ယင်ကျိုးက မည်သို့ခုခံရမည်ကို မသိပေ။ လက်သီးများကို တင်းတင်းဆုပ်ထားကာ ထိုနေရာတွင် မတ်တပ်ရပ်နေရုံသာ မတ်တပ်ရပ်နေနိုင်သော်လည်း မျက်လုံးများကမူ မျက်ရည်များဖြင့် နီရဲနေခဲ့၏။
အဖွားချန်က သူ့ကိုချော့ဖို့ နည်းလမ်းအမြဲရှိနေတတ်ပြီး ချိုမြိန်မှုအနည်းငယ်လောက်က သူ့ကို ကျေနပ်စေပြီး စိတ်တည်ငြိမ်စေနိုင်ခဲ့သည်။
သို့သော် ရွာထဲရှိ အတင်းအဖျင်းပြောသံတွေက ဘယ်တော့မှ ရပ်မသွားပါပေ။ ချန်ယင်ကျိုးကတော့ တဖြည်းဖြည်း ဥာဏ်ကောင်းလာပြီး ထိုစကားလုံးများ၏ ဆိုလိုရင်းကို နားလည်လာတာကြောင့် သူ့နှလုံးသားတံခါးက ပိတ်စပြုလာလေသည်။ သူက ဘယ်သူနဲ့မှ စကားမပြောချင်၊ လူများကို အဆက်အသွယ်မလုပ်ချင်ပဲ နေ့တိုင်းလိုလို အေးစက်နေသော မျက်နှာထားကြောင့် ညိုမှိုင်းကာ သူ့ခန္ဓာကိုယ်မှာ ဆူးပင်များဖြင့် ဖုံးလွှမ်းနေပုံပင် ထင်ရပါတော့သည်။
သူကို လူတိုင်းက ကြောက်လာစေချင်ကာ သူနဲ့ခပ်ဝေးဝေးမှာသာ နေစေချင်ခဲ့ပြီး သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ဒီလို အမိုက်မဲဆုံးနည်းလမ်းကိုသာ အသုံးပြုခဲ့ရသည်။
ချန်ယင်ကျိုးက ဤကဲ့သို့ ကြီးပြင်းလာခဲ့ပြီး အသက် 18 နှစ်အထိကို သူ့ကိုယ်ပိုင်ကမ္ဘာတွင် သူ တစ်ယောက်တည်းသာ နေထိုင်ခဲ့လေသည်။
စနစ် 3742၏ ခံစားချက်မဲ့လုနီးပါးအသံနဲ့ ပြောပြတဲ့ ဇာတ်ကြောင်းကြောင့် ဆုတန်မှာ မျက်ရည်ပင် ကျလာခဲ့ရ၏။
မျက်ရည်များမှာ တားမရတဲ့ရေစီးနှင့်တူလှသည်။သူမက ၎င်းတို့ကို ထပ်ခါထပ်ခါ သုတ်လိုက်သော်လည်း မသန့်ရှင်း မပြောင်သွားခဲ့ပါ။
"ဘာလုပ်ရမလဲ၊ ငါ့မျက်ရည်တွေ ဘာကြောင့်ကျလာလဲ ရှင်းမပြနိုင်တော့ဘူး..." 3742 ကိုသာ သူမက ညည်းတွားပြီး ပြောနေတော့သည်။
စနစ် 3742က သက်ပြင်းချလိုက်ပြီးနောက် သူမလက်ထဲမှာ လက်ကိုင်ပုဝါတစ်ထည် ပေါ်လာခဲ့၏။
ဆုတန်က လက်ကိုင်ပဝါနှင့် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး သက်ကြီးရွယ်အို ချန်ယင်ကျိုး၏ဆန္ဒကို နားလည်လာခဲ့သည်။
သူက ထိုအချိန်က ပေါ့ပေါ့ပါးပါးဖြင့် ရင်းနှီးသော သူငယ်ချင်းအချို့ကိုသာ လိုချင်ခဲ့သော်လည်း ဤရိုးရှင်းပုံရသည့်အရာမှာ သူ့အတွက်တော့ တစ်သက်လုံး ကုန်ဆုံးခဲ့ပြီးနောက် ယခုထိတောင် မလုပ်နိုင်သေးသည့်အရာပင်။
ဆုတန်က ချန်ယင်ကျိုးကို အထီးကျန်မနေစေရန် သူမကိုယ်တိုင် သူငယ်ချင်းအဖြစ် ကူညီရမည်ဟု တိတ်တဆိတ် တွေးထားလိုက်မိသည်။
အသက် 18 နှစ်အရွယ် ချန်ယင်ကျိုးက ဆုတန်ရဲ့ မိခင်မေတ္တာစိတ်ကို နှိုးဆွပေးနိုင်ခဲ့တာကြောင့် ဆုတန်က ရယ်မောလိုက်၏။
3742ကတော့ ဆုတန်တစ်ယောက် ငိုပြီးပြီးချင်း ရယ်နေတာကို ကြည့်ပြီးတဲ့နောက် ခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရသည်။
ဒီအမှုထမ်းက အမှန်တကယ်ကို ကြွယ်ဝတဲ့စိတ်ခံစားချက်တွေ ရှိတာပဲ။
...........
ပညာတတ်လူငယ်များ၏ ပထမနေ့တွင် ဆုတန်မှာ အလုပ်သွားစရာမလိုဘဲ အားလပ်ချိန်ရနေသဖြင့် မြို့သို့သွားရန်အတွက် နွားလှည်းကို ယူလာခဲ့သည်။
သူမက ရုန်းကန်နေရတဲ့ ဒီမိသားစုအတွက် တစ်ခုခုလုပ်ပေးရမယ်ဟု စဉ်းစားလိုက်မိလို့ပင်။
ဆုတန်၏ ခရီးဆောင်အိတ်ထဲတွင် အစားအသောက်စာအုပ်များစွာနှင့် ငွေစက္ကူများစွာကို တွေ့ရှိခဲ့ပြီး ထိုအရာများက မူလပိုင်ရှင်နှင့် သက်ဆိုင်နေကြောင်း ထင်ရှားပေသည်။မူလပိုင်ရှင်၏မိဘများက ဂုဏ်သိက္ခာရှိသော အလုပ်တစ်ခုကို လုပ်ဆောင်ရင်း သတ္တိရှိရှိ ပင် သေဆုံးသွားခဲ့ကြလေသည်။ထိုကြောင့် သူမ အသက် 14 နှစ်မှာပင် ဦးလေးဖြစ်သူ ဆုဝိန်ကော်နှင့် စတင်နေထိုင်ခဲ့ပြီး ထိုနေရာတွင် လေးနှစ်လောက် နေထိုင်ခဲ့၏။
သို့သော် အဒေါ်ဖြစ်သူ ကျန်းဟိုင်ကျွင်း၏ မျက်လုံးထဲတွင်တော့ သူမသည် ဆူးဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သင့်လျော်တဲ့ အသက်အရွယ်ရှိသော လူငယ်များအား ကျေးလက်သို့သွားရန် အထက်အာဏာပိုင်များက ညွှန်ကြားချက် ထုတ်ပြန်ခဲ့တဲ့အချိန်မှာ ကျန်းဟိုင်ကျွင်းက သူမ၏ကလေးများကို ကျေးလက်တွင် ဒုက္ခမရောက်စေချင်သောကြောင့် မူလပိုင်ရှင်ကိုသာ ဆုဝိန်ကော်မသိအောင် လျှို့ဝှက်စွာ မှတ်ပုံတင်ခဲ့လေသည်။
မူလပိုင်ရှင်၏ မိဘများရဲ့လုပ်ရပ်ကို ထိုအချိန်က မြိုခေါင်းဆောင်များက အလွန်ပင် တန်ဖိုးထားကြရာ သူတို့က အထူးပင်စင်လစာများစွာကို ထုတ်ပေးခဲ့ပြီး ဇနီးမောင်နှံ၏ အစားအသောက်စာအုပ်များကို ဆက်လက်အသုံးပြုမည်ဟု ကတိပြုခဲ့သည်။ငွေများအားလုံးကိုလည်း ပုံမှန်အတိုင်းထုတ်ပေးခဲ့ပြီး လျော်ကြေးအဖြစ် သတ်မှတ်ထားခဲ့သည်။
မူလပိုင်ရှင်က ကျေးလက်ကိုသွားရမှာဖြစ်လို့ ဆုဝိန်ကော်က စိတ်မကောင်းဖြစ်ခဲ့ပြီး သူ့မိဘတွေရဲ့ စားစရာစာအုပ်တွေကို မူရင်းပိုင်ရှင်ထံပြန်ပေးခဲ့ကာ ရှုပ်ပွနေတဲ့ ငွေစက္ကူယွမ်တစ်ရာကိုပါ လျှို့ဝှက်စွာပေးခဲ့လေသည်။ သို့သော် မူလပိုင်ရှင်မှာ အားနည်းလွန်းသဖြင့် လာသည့်လမ်းတစ်လျှောက်လုံး ပင်ပန်းနွမ်းနယ်ဒဏ်ကို မခံနိုင်ဘဲ လဲသွားသည့်အချိန်မှာပဲ ဆုတန်က သူမဖြစ်လာရန် အခွင့်အရေးရလာခဲ့တာဖြစ်သည်။
အစားအသောက်စာအုပ်တွေနဲ့ ပိုက်ဆံတွေကို သူမရဲ့အိတ်သေးသေးလေးထဲထည့်လိုက်ရင်း ဆုတန်ဟာ ချန်ယင်ကျိုးရဲ့ ထမင်းအိုးကို ဖြည့်ပေးဖို့ရန် အစာနည်းနည်းဝယ်ဖို့အတွက် အရင်ဆုံးဖြတ်လိုက်သည်။
1970 ခုနှစ်များတွင် တစ်စုတစ်စုတည်း ဝယ်ယူမှုနှင့် ရောင်းချမှုများ ရှိနေဆဲဖြစ်သည်။ဆုတန်က စနစ် 3742 ရဲ့ ညွှန်ကြားချက်အရ စပါးရောင်းချတဲ့စခန်းကို တွေ့ရှိခဲ့ပြီး အစကတော့ ဆန်ကီလိုဂရမ် ၃၀ ထည့်ပေးရန် တောင်းဆိုလိုက်ပေမယ့် နောက်ပိုင်းမှာ မလုံလောက်ဘူးလို့ ခံစားမိတဲ့အတွက် နောက်ထပ် ၁၀ ကီလိုဂရမ် ထပ်ထည့်ခိုင်းလိုက်၏။
ထို့နောက် ဆုတန်ဟာ ဆန် ၄၀ ကီလိုဂရမ်ထည့်ထားသော အိတ်ကိုကြည့်ပြီး ဒီအိတ်ကို သူမ မသယ်နိုင်တာကြောင့် ဒုက္ခရောက်နေခဲ့သည်။
သူမဟာ သနားစရာကောင်းပြီး အားနွဲ့သော ကောင်မလေးတစ်ယောက်သာ ဖြစ်သည်။ ဒါကြောင့် သူမ တခြားပစ္စည်းတွေကို အရင်လိုက်ဝယ်ပြီးမှ အကုန်သယ်သွားခိုင်းလိုက်တော့မည်။
ဆုတန်ဟာ စပါးရောင်းချတဲ့စခန်းက အရောင်းသမားနှင့် စကားပြောလိုက်ပြီးနောက် အရောင်းသမားက သူမ၏ပစ္စည်းများကို ခေတ္တသိမ်းဆည်းပေးထားရန် သဘောတူပေးခဲ့သည်။ထိုနောက် ပဲပိစပ်ဆီနှင့် ဝက်သားဗိုက်ခေါက်သား သုံးပိဿာတို့အပြင် ဆား၊ သကြားဖြူ၊ ပဲငံပြာရည်နှင့် အခြားဟင်းအမယ်လေးများပါ ထပ်ဝယ်ယူလိုက်၏။
ဆုတန်မှာ ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမတွင် ရှိနေစဉ်တွင် ကောင်တာပေါ်ရှိ ရောင်စုံသကြားများပြည့်နေသော ဖန်အိုးတစ်လုံးကို တွေ့လိုက်ရတာနဲ့ ချန်ယင်ကျိုးက အချိုမုန့်တွေစားရတာ ကြိုက်တယ်လို့ တွေးမိပြီး သကြားနည်းနည်းပါ ထပ်ဝယ်လိုက်လေသည်။
နွားလှည်းမောင်းတဲ့ အဘိုးဝမ်က သူမကို လာလာကြိုတဲ့အခါ လှည်းပေါ်ကို ပစ္စည်းတွေသယ်ဖို့ ကူညီပေးပြီးနောက် ပြုံးလိုက်သည်။ "မင်းက ပိန်ပိန်သေးသေး မိန်းကလေးတစ်ယောက်ပဲလေ၊ ဒါတွေအကုန်လုံး အများကြီးကို မင်းစားနိုင်လို့လား"
ဆုတန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်ပြီး " ကျွန်မ စားနိုင်ပါတယ်၊ ကျွန်မက ပိန်တယ်ထင်ရပေမယ့် အများကြီးစားနိုင်ပါတယ်"