ပြောရမယ်ဆို ဆုတန်က ဒီနေ့ တကယ်ကို ပင်ပန်းနေပြီဖြစ်ပြီး သူမရဲ့လက်များ ခါးများက နာကျင်ကိုက်ခဲနေသော်လည်း သူမရဲ့အသံကတော့ အားအင်အပြည့် ဖြစ်နေသေးကာ လူအများကို စိတ်သက်သာရာရအောင် လုပ်နိုင်ပါသေးသည်။
ချန်ယင်ကျိုးက နှဖူးက ချွေးတွေကိုအကုန် ပြောင်စင်အောင် သုတ်လိုက်ပြီး သူ့မျက်ဝန်းများကတော့ သူမရဲ့ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ လုပ်နေသည့် နီရဲနေသည့် မျက်နှာလေးဆီ အကြည့်ရောက်သွားခဲ့သည်။
လူလေးဦးက သူတို့ ခေါင်းတောင် မထောင်နိုင်အောင် အလုပ်လုပ်နေကြရပြီး အလုပ်ပြီးခါနီးချိန်ရောက်တဲ့အချိန်ထိ လုပ်စရာကျန်တဲ့ မြေ ကွက်လက်လေးတစ်ခု ရှိနေသေးတာဖြစ်ပြီး မှောင်မှသာ ပြီးမည့်ပုံပင်။
ကျန်းဖန်းမင်နဲ့ ကျန်းချွေ့ရှန်းက သူတို့အလုပ်ပြီးပြီဖြစ်တာကြောင့် အလုပ်ဆင်းလာတဲ့အချိန် ခပ်လှမ်းလှမ်းက လူလေးဦးက ခပ်သွက်သွက် အလုပ်ဆက်လုပ်နေတာကြောင့် အခြေအနေကို မေးမြန်းကြည့်လိုက်သည်။
ရှုဟောင်က ဆာလောင်ပြီး ပင်ပန်းနေပြီဖြစ်သော်လည်း နေ့လည်က ဖြစ်ခဲ့တာတွေအတွက် သူစိတ်ဆိုးနေဆဲ ဖြစ်သည်။
“ဒါဆို ငါတို့အတူတူလုပ်ရအောင်။ ငါတို့ မြန်မြန်ပြီးလေ မြန်မြန်နားရလေပဲလေ " ကျန်းချွေ့ရှန်က သူမလက်ရှည်ကို လိပ်တင်လိုက်ပြီး သူတို့နဲ့အတူ ဝင်ပူးပေါင်းဖို့ ပြင်ဆင်လိုက်သည်။
“ကောင်းပြီ” ကျန်းဖန်းမင်ကလည်း ခေါင်းညိမ့်လိုက်ပြီး အားလုံးကို အားပေးလိုက်၏။
“လူအရေအတွက်များရင် ပိုအားရှိတာပေါ့။ငါတို့ မိုးမချုပ်ခင် အလုပ်ပြီးအောင် လုပ်ကြရအောင်"
ရှုဟောင်က အရမ်းခံစားမိသွားပြီး ငိုချလိုက်ချင်တော့သည်။တစ်ဖက်မှာရှိတဲ့ လီညီအကိုနှစ်ယောက်ကတော့ ဘာအလုပ်မှမလုပ်သော်လည်း ဒီဘက်က အခြေအနေတွေကို လှမ်းကြည့်နေခဲ့သည်။ရှုဟောင်က တစ်ဖက်လူနှစ်ယောက်ကို လက်ခလယ်သာ ထောင်ပြလိုက်တော့၏။
ချန်ယင်ကျိုးက လူအုပ်ကြီးရဲ့ စကားဝိုင်းကို နားထောင်နေခဲ့တာပင်။သူက သူတို့ကို ကြည့်မနေသော်လည်း သူ့လက်က ပေါက်တူးကိုတော့ သေချာတင်းတင်းကျပ်ကျပ် ကိုင်ထားခဲ့သည်။
သူ့ကိုယ်ထဲမှာ သွေးတွေစီးဆင်းနေတာကို ခံစားလိုက်ရပြီး သူ့ကိုယ်သူ အင်အားအပြည့် ရှိနေသလို ခံစားလာရသည်။
နေရိပ်လာပြီး မှောင်လာတဲ့အခါ ပတ်ဝန်းကျင်မှာ မြူခိုးမြူငွေ့တွေ ဝန်းရံလာခဲ့သည်။လူတစ်ချို့က ဆာလောင်နေကြပြီဖြစ်သော်လည်း သူတို့အလုပ် မပြီးသေးခင်ထိ ကြိုးစားနေကြရသေးလေသည်။
အဝေးမှ မိုးခြိမ်းသံထွက်ပေါ်လာတဲ့အချိန်မှာတော့ လီညီအကိုတွေ ဘယ်အချိန်ကတည်းက ထွက်သွားလည်း မသိတော့ပါ။ လူငယ်များကလည်း သူတို့အား ဂရုစိုက်ဖို့အတွက် ပျင်းရိနေကြကာ သူတို့ရဲ့ကိုယ်ပိုင်အလုပ်မှာသာ ခေါင်းမြှုပ်ထားကြတော့သည်။
ကောင်းကင်ကြီးကလည်း တဖြည်းဖြည်းမှောင်လာပြီ ဖြစ်လေရာ ချန်ယင်ကျိုးက မတ်တပ်ထရပ်လိုက်ပြီး အသက်ဝဝ ရှုလိုက်၏။
သူက ကောင်းကင်ကြီး နှင့် တောင်တန်းအချို့ကို ကြည့်လိုက်ပြီး မနီးမဝေးမှာ ကြိုးကြိုးစားစား အလုပ်လုပ်နေတဲ့ ပုံရိပ်ငယ်လေးကို ပြောလိုက်သည်။
"မိုးရွာတော့မယ်။ မင်းအရင်ပြန်တော့ ကျန်တာ ငါလုပ်လိုက်မယ်"
ဆုတန်က သူ့ကိုကြည့်ကာ ပြုံးပြလိုက်ပြီး "အတူတူပြီးအောင် လုပ်ကြမယ်။ ပြီးမှ အတူတူ အိမ်ပြန်ကြရအောင်"
ချန်ယင်ကျိုးက သူမလေးရဲ့အပြုံးကြောင့် အံ့သြသွားခဲ့ရပြီး သူ့နှုတ်ခမ်းများက ဆွံ့အနေသလိုမျိုး ဘာမှပြန်မပြောနိုင်ခဲ့ပါ။ထိုကြောင့် သူ့လက်တွေကိုသာ အလုပ်ပြီးဖို့အတွက် ခပ်မြန်မြန်ရွှေ့လိုက်သည်။
မိုးရွာနေပြီဖြစ်သဖြင့် ဝိန်ဟွိုင်ရှုနဲ့ ရှုဟောင်က မိန်းကလေးနှစ်ယောက်ကို အရင်ပြန်ခိုင်းလိုက်ပြီး သူတို့ပဲ ကျန်တာပြီးအောင်လုပ်မယ်ဆိုပြီး ကြံစည်လိုက်သည်။
ချန်ယင်ကျိုးကလည်း ထိုနှစ်ယောက်ကို ပြန်ဖို့ အတွက် ပြောခဲ့သော်လည်း မိန်းကလေးနှစ်ယောက်ကတော့ သူ့ပြောစကားကို နားမထောင်ခဲ့ပါ။ကျန့်ချွေ့ရှန်းက သူမရဲ့ချွေးတွေကိုသုတ်လိုက်ပြီးတော့ ပြောလာခဲ့သည်။
“မြန်မြန်လုပ် ငါတို့မှာသိပ်ပြီး အချိန်မကျန်တော့ဘူး”
မိုးက ပိုသည်းလာခဲ့ပြီး ဆုတန်ရဲ့ခြေတွေလက်တွေက အရမ်းပင်ပန်းနေတာကြောင့် မြှောက်တောင်မမြောက်နိုင်တော့ပေမယ့်လည်း သူမကအားလုံးကို အားပေးဖို့အတွက်တော့ မမေ့လျော့ခဲ့ပါ။
“သူငယ်ချင်းတို့လာပါ အောင်မြင်မှုက သိပ်ပြီးမဝေးတော့ဘူး”
“ကောင်းပြီ”
ချန်ယင်ကျိုးက သူ့ရဲ့မျက်နှာပေါ်မှာ တင်နေတဲ့ မိုးရေတွေကို လက်တစ်ဖက်ဖြင့် သုတ်လိုက်ပြီးတော့ သူမရဲ့ပြောစကားကို ထောက်ခံလိုက်သည်။
မိုးသည်းသည်းထန်ထန် ထပ်မရွာသွန်းခင်အချိန်မှာပဲ အားလုံးရဲ့ လုပ်လက်စအလုပ်တွေ ပြီးသွားခဲ့သည်။ရှုဟောင်က အရမ်းပင်ပန်းလွန်းတာကြောင့် ကောင်းကင်ကြီးကိုကြည့်ပြီး အော်ဟစ်လိုက်တော့၏။
“ငါအရမ်းတော်တာပဲ"
ချန်ယင်ကျိုးအိမ်က အဝေးဆုံးဖြစ်တာကြောင့် တခြားသူတွေ အိမ်ပြန်ရောက်နေတဲ့အချိန်မှာတောင် သူနဲ့ဆုတန်က အခုထိ အပြန်လမ်းပေါ်မှာပဲ ရှိနေပါသေးသည်။
ဆုတန်က ဒီနေ့တကယ်ကို အရမ်းပင်ပန်းနေခဲ့ပြီဖြစ်သည်။အလုပ်ပိုလုပ်ပြီးတဲ့အခါမှာတော့ ခေါင်းနည်းနည်းကိုက်နေသလိုပါ ခံစားနေရ၏။သူမရဲ့ခြေထောက်တွေကိုလည်း သူမ မနိုင်တော့ပါ။ ချန်ယင်ကျိုးက သူမရဲ့အရှေ့ကနေ သူ့ရဲ့ခြေတံရှည်ရှည်ကြီးတွေနဲ့ ဦးဆောင်ပြီးလျှောက်နေတာဖြစ်တာကြောင့် သူမမှာ သူနဲ့အမှီလိုက်ဖို့အတွက် လုံးဝမစွမ်းဆောင်နိုင်တော့ပါပေ။
သို့သော် ဒီအချိန်မှာတော့ ဆုတန်က သူ့ကိုတကူးတက လှမ်းခေါ်မနေတော့ပါ။
မိုးကလည်း ခုနကထက်ပင် သည်းသထက်သည်းလာခဲ့တာကြောင့် သူသာ အိမ်ကိုစောစောပိုမြန်ရောက်မယ်ဆိုရင်လည်း ကောင်းတာပဲလို့ သူမက တွေးနေခဲ့တာဖြစ်သည်။
ပြီးတော့လည်း သူမ မြန်မြန်ပဲလျှောက်လျှောက် နှေးနှေးပဲလျှောက်လျှောက် မိုးမိမှာက သေချာနေပေသည်။ အဲ့ဒီအချိန်မှာ သူမရဲ့အစာအိမ်က ထိုးအောင့်လာခဲ့ပြီး လမ်းဆက်မလျှောက်နိုင်တော့တာကြောင့် ခဏရပ်လိုက်ပြီး အသက်ဝ၀ရှူဖို့အတွက် ကြိုးစားလိုက်သည်။
ဆုတန်က ခေါင်းငုံ့လိုက်ကာ သူမဗိုက်ကိုအုပ်လိုက်ပြီး အသက်ပြင်းပြင်းရှူနေတုန်းတွင် အကြမ်းထည်နဲ့ ချုပ်ထားသည့် ဘောင်းဘီရှည်နဲ့ ရှည်လျားတဲ့ ခြေထောက်တစ်စုံကို သူမရှေ့တည့်တည့်တွင် တွေ့လိုက်ရသည်။မိုးရေတွေကြောင့် ဘောင်းဘီစိုက ခြေထောက်တွေမှာ ကပ်နေပြီး ပိန်တဲ့ကြွက်သားတွေကိုတောင် ယောင်ဝါးဝါးမြင်နေရလေသည်။
ဒါက ဘယ်သူလဲဆိုတာ တကယ်သိသာပါသည်။ဆုတန်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ရာ မိုးရေစက်က သူမရဲ့နဖူးပေါ်မှ တစ်စက်ပြီးတစ်စက် ကျဆင်းလာခဲ့သည်။သူမ အနည်းငယ် အားနည်းပုံပေါ်နေကာ မှောင်မိုက်နေသော ကောင်းကင်နှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချန်ယင်ကျိုး၏အမူအရာကိုမြင်ရန် ဆုတန်အတွက် ခက်ခဲနေလေသည်။
သူမျက်နှာက အုံးမှိုင်းနေသင့်တယ်လို့ ဆုတန် တွေးလိုက်မိသည်။ ဒီလူငယ်လေးက သူ့ကိုယ်သူ အမြဲတမ်း ကောင်းကောင်းထိန်းချုပ်နိုင်သူ ဖြစ်သည်။
ချန်ယင်ကျိုးက သူရဲ့စိုစွတ်နေတဲ့အင်္ကျီကို ချွတ်လိုက်ပြီး ဆုတန်ရဲ့ခေါင်းပေါ်တွင် အုပ်လိုက်သော်လည်း ပါးလွှာသောအင်္ကျီကို အကွက်ပေါင်းများစွာဖြင့် ဖာထေးထားတာကြောင့် မိုးရေကို လုံးဝမတားဆီးနိုင်ခဲ့ပါ။
ဆုတန်ရဲ့စိုစွတ်နေသော ရှေ့ဆံမြိတ်များမှာ သူမနဖူးတွင် ကပ်နေလေသည်။သူမမှာ အားမရှိတော့သဖြင့် သူမ၏ လှပသော မျက်လုံးတစ်စုံဖြင့်သာ သူ့ကိုကြည့်လိုက်ပြီး သူ့လုပ်ရပ်အတွက် ကျေးဇူးတင်ကြောင်း ပြုံးပြလိုက်သည်။
ချန်ယင်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ မိုးက ပိုသည်းလာပေမယ့် သူမမှာ ပြုံးနိုင်တဲ့ နှလုံးသားကတော့ ရှိနေဆဲပင်။
"မြန်မြန်ပြန်ရအောင် မိုးအရမ်းရွာနေတယ် အအေးမိမှာဆိုးလို့ သတိထားဦး"
ဆုတန်က သူ့ကိုယ်သူ ထင်ယောင်ထင်မှားဖြစ်နေတာလားဟု တွေးလိုက်မိသည်။သူမတစ်ကိုယ်လုံးမှာ မိုးရေများဖြင့် အေးနေပေမယ့် ချန်ယင်ကျိုးရဲ့အသံက နွေးထွေးနေတာကို သူမကြားလိုက်ရသလိုပင်။
ထိုနောက် ချန်ယင်ကျိုးလက်မှ အင်္ကျီကိုယူကာ သူမ၏ခေါင်းပေါ်တွင် သေချာအုပ်မိုးလိုက်ပြီး သူ့နောက်သို့ အားသွန်ခွန်စိုက် ပြေးလိုက်ခဲ့လေသည်။
အိမ်ပြန်ရောက်ပြီးနောက် နှစ်ယောက်စလုံးမှာ ရေတစ်စက်စက်ကျနေပြီ ဖြစ်သည်။အဖွားချန်က အဝတ်အစားလဲဖို့ ပြင်ပေးလိုက်ပြီး ဂျင်းလက်ဖက်ရည်လုပ်ဖို့အတွက် ရေနွေးကျိုပေးထားကာ သူတို့၂ယောက်ကို ရေသုတ်ပေးလိုက်သည်။ဆုတန်က ဂျင်းလက်ဖက်ရည်ပူပူကို သောက်ပြီးတဲ့နောက် ပိုမိုနွေးထွေးလာခဲ့သည်။
ချန်ယင်ကျိုးက သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်ကာ ဂျင်းလက်ဖက်ရည်ကို ငြိမ်သက်စွာ သောက်နေရင်း သူရဲ့စိုစွတ်သော ရှေ့ဆံပင် များမှာ သူ့နဖူးတွင်ကပ်နေလျက် သူ့အမူအရာမှာ မှေးမှိန်လို့နေလေသည်။သူသည် မွေးရာပါ ချောမောပြီး မျက်ခုံးနှင့် မျက်လုံးများကြားတွင် တင်းမာမှုနှင့် လျစ်လျူရှုမှုသာမရှိပါက အလွန်လိမ္မာရေးခြားရှိသည့်ပုံရပေသည်။
ဆုတန်က ပြုံးလိုက်ပြီး လက်ကိုမြှောက်ကာ သူ့ဆံပင်တွေကို ပွတ်သပ်ပေးလိုက်၏။တစ်ဖက်သူရဲ့ဆံပင်က အရမ်းပျော့ပြီး သူမအတွက် ကိုင်လို့ ကောင်းနေခဲ့သည်။
ချန်ယင်ကျိုးက သူမ၏လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး သိသိသာသာ အံ့အားသင့်သွားခဲ့သည်။သူက လက်ဖက်ရည်ပန်းကန်ကို ကိုင်လိုက်ပြီး ဆုတန်ကို ဗြောင်ကျကျ စိုက်ကြည့်ကာ ပါးစပ်ကို အနည်းငယ်ဖွင့်လိုက်သော်လည်း ဘာအသံမှ မထွက်လာခဲ့ပါပေ။
အဲ့အစား သူ့မျက်နှာကသာ ရုတ်ချည်း နီရဲလာခဲ့သည်။အမှန်ပါပင်၊ ရုတ်တရက်ကို နီရဲသွားခဲ့တာဖြစ်သည်။
မျက်နှာနီနီရဲရဲဖြစ်သွားသော ချန်ယင်ကျိုးကို မြင်လိုက်ရတဲ့ ဆုတန်က ရယ်မောလိုက်ပြီး "နင့်မျက်နှာက ဘာလို့နီနေတာလဲ??"
ဤစကားက ရှက်ကြောသည်းနေသော ချန်ယင်ကျိုးကို နိုးကြားလာစေခဲ့သည်။သူက ဆုတန်ရဲ့ အကြည့်ကို သဘာဝမကျစွာ ရှောင်လိုက်ကာ "ဂျင်းလက်ဖက်ရည်က အရမ်းပူတယ်"
"အိုး" ဆုတန်က ခေါင်းပဲညိတ်လိုက်သည်။
ချန်ယင်ကျိုးခေါင်းပေါ်မှ ဆံပင်တစ်ချောင်းက ထောင်လာတာမြင်တော့ ဆုတန်က သူ့လက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူခေါင်းပေါ်က ထောင်နေတဲ့ဆံပင်ကို ဖိချဖို့ ထပ်ကြိုးစားလိုက်သည်။သို့သော် ယခုတစ်ကြိမ်တွင်တော့ သူမ ဆံပင်ကို မထိမီမှာပဲ ချန်ယင်ကျိုးက ထိုင်ခုံမှ ရုတ်တရက်ထလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ ဆုတန်ကို သတိကြီးစွာ စိုက်ကြည့်လို့နေခဲ့သည်။
ချန်ယင်ကျိုးသည် အမြဲတမ်း တစ်ယောက်တည်းပဲ အထီးကျန်ဆန်စွာ နေလေ့ရှိပြီး မည်သူမျှ သူ့ကို ဤမျှနီးကပ်စွာ မချဉ်းကပ်ခဲ့ဖူးပါပေ။
ဆုတန်က သူမကို သူခိုးလိုမျိုး ဆန့်ကျင်နေတဲ့အပြုအမူကြောင့် စိတ်ရှုပ်သွားရသည်။
"ဘာ... ဘာဖြစ်တာလဲ?" ဆုတန် စိတ်ရှုပ်စွာဖြင့်ပြောလိုက်၏။
အခန်းထဲကရှိ အလင်းရောင်က မှိန်သွားတဲ့အတွက် ဆုတန်က တစ်ဖက်သူရဲ့ အမူအရာပြောင်းလဲသွားတာကို မမြင်လိုက်ရပေ။
ချန်ယင်ကျိုးက တင်းမာတဲ့မျက်နှာနဲ့ သူမကို စိုက်ကြည့်လိုက်ပြီး"ငါ့ကို မထိပါနဲ့... ငါက ဒေါသကြီးပြီး အရမ်းရက်စက်တယ်!"
ဆုတန်က အံ့သြသွားကာ သူဘာလို့ သူမကို အဲ့လိုပြောရတာလဲဟု စဉ်းစားလိုက်သည်။
ချန်ယင်ကျိုးက မုဒိမ်းကောင် တစ်ကောင်ကို စိုက်ကြည့်နေသလိုမျိုး သူမကို စိုက်ကြည့်နေခဲ့ရာ ဆုတန် အနည်းငယ် အရှက်ရသွားခဲ့သည်။
ဘာလဲ သူမ သူ့ဆံပင်တွေကို ထိမိသွားလို့လား။
ဆုတန်က သူမရဲ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ချန်ယင်ကျိုး အဘယ်ကြောင့် ဤကဲ့သို့ တုံ့ပြန်ရသနည်းဟု စဉ်းစားနေလေသည်။
ချန်ယင်ကျိုးက အရမ်းစိတ်တိုနေပြီး သူမကိုစကားဆက်မပြောတော့တဲ့အတွက် သူ့ကိုထိတာကို မကြိုက်ဘူးလို့ သူမသတ်မှတ်လိုက်ပြီး တခြားဘာကိုမှ သူမ ထွေထွေထူးထူး မတွေးခဲ့လိုက်ပါ။
ဒါပေမယ့် ဆုတန်က တခြားဘာကိုမှ ရည်ရွယ်ခဲ့တာ မဟုတ်ပေ။ချန်ယင်ကျိုးက အလွန်အကျင့်စာရိတ္တကောင်းမွန်ပြီး ချစ်ဖို့ကောင်းသည်ဟု သူမထင်ခဲ့ရုံသာမက အသက်ကြီးသူတစ်ဦး၏ ကြင်နာမှုကြောင့် သူ့ဆံပင်များကို ပွတ်သပ်ခဲ့ရုံသာ ဖြစ်သည်။
ဒါပေမယ့် ဘယ်လိုရှင်းပြရမှန်း ဆုတန် မသိတော့ပါ။ တကယ်တော့ သူမဟာ လက်ရှိ ချန်ယင်ကျိုးနဲ့ အသက်အတူတူပင်ဖြစ်သည်။
သူမက ပိုအသက်ကြီးပြီး ချန်ယင်ကျိုးက ငယ်တယ်ဆိုတဲ့ ကိစ္စတွေကို လေးလေးနက်နက် ရှင်းပြရင်တော့ သူမကိုသာ စိတ်ရောဂါရနေသူလို့ သတ်မှတ်လိုက်မှာ မဟုတ်ဘူးလား။
ဒါပေမယ့် တစ်ခုခုမှ မလုပ်ရင်လည်း သူမအတွက် မတရားပေ။ချန်ယင်ကျိုးအတွက် သင်ခန်းစာတစ်ခုသင်ပေးဖို့ အခွင့်အရေးတစ်ခု ရှာရမယ်လို့ သူမ စဉ်းစားလိုက်သည်။