အဆုံးမှာတော့ ချန်ယင်ကျိုးက သူ့ဘာသာ ဝလင်အောင် စားပြီးရုံသာမက ဆုတန် စားသောက်ပြီးသည်အထိ စောင့်နေခဲ့သည်။
ဆုတန်က ပန်းကန်ထဲက တစ်ဝက်လောက်သာ စားပြီး ကျန်တစ်ဝက်လောက်ကို လုံးဝမထိရသေးပေ။ ချန်ယင်ကျိုးက ဘာစကားမှမပြောတော့ဘဲ သူမကျန်နေတဲ့ စားစရာအချို့ကိုယူကာ အလုပ်အနည်းငယ်အတွင်း ကုန်အောင် စားလိုက်သည်။
ချန်ယင်ကျိုး စားသောက်ပြီးတဲ့အခါမှာတော့ သူက ရေတစ်ငုံလောက် သောက်လိုက်ပြီး အလုပ်ပြန်ဝင်ဖို့အတွက် ပြင်လိုက်တော့သည်။
သို့သော် ဆုတန်က သူ့ကို လှမ်းဆွဲလိုက်တာကြောင့် သူမပြောတာ နားထောင်ရန် သူမကို ကြည့်လိုက်သည်။
“အရင်ထိုင်ပါဦး" ဆုတန်က သူ ခုနကမှ ထိုင်သွားတဲ့ ကျောက်တုံးကို ပုတ်ပြီး ပြောလိုက်လေသည်။
“ငါ နင့်ကို ပြောစရာ ရှိသေးတယ်"
ချန်ယင်ကျိုးက ဘာမှပြန်မပြောလာဘဲ သူမ ပြောတဲ့အတိုင်းပင် နာခံစွာထိုင်လိုက်ပြီး သူမလေး ဘာပြောလာမလဲ ငြိမ်နားထောင်နေလိုက်သည်။
ထိုကောင်လေးရဲ့မျက်ဝန်းတွေက မဲမှောင်နက်ရှိုင်းနေလေရာ ဆုတန်က ထိုမျက်ဝန်းများအား အရင်စိုက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ ချန်ယင်ကျိုးက နားမလည်နိုင်ခဲ့ပေ။
“နင် ဒီရက်ပိုင်း အလုပ်တွေ အရမ်းလုပ်နေတာ မပင်ပန်းဘူးလား” ဆုတန်က ကွေ့ဝိုက်ပြီး မေးမနေဘဲ တည့်တည့်ပဲ တစ်ခါတည်း မေးချလိုက်သည်။
“မပင်ပန်းပါဘူး” ချန်ယင်ကျိုးက ခေါင်းကို ခါရမ်းပြီးတော့ ပြန်ဖြေလိုက်သည်။
“ငါ့ကို လာမလိမ်နဲ့”
ဆုတန်က သူပြောတဲ့စကားကို လုံးဝမယုံကြည်ဘဲ သူ့ရဲ့လက်ကို လှမ်းဆွဲလိုက်ကာ လက်ဖမိုးတွေကိုကြည့်လိုက်ပြီး အသံခပ်နိမ့်နိမ့်ဖြင့် “ဒီမှာကြည်အုံး။ နင်ရဲ့လက်မှာ သွေးတွေတောင် ထွက်နေပြီ။ ဒါတောင်မှ နင်က မပင်ပန်းဘူးလို့ ငါ့ကိုလာလိမ်နေတာလား”
ချန်ယင်ကျိုးက သူနှုတ်ခမ်းကိုကိုက်လိုက်ပြီး အချိန်အတော်တန်ကြာမှ အပြစ်ရှိတဲ့လေသံ အသံခပ်တိုးတိုးနဲ့ “ငါ တကယ် မပင်ပန်းပါဘူး "
သူ့ရဲ့လက်ကောက်ဝတ်ကို ဘာအားမှမသုံးဘဲကိုင်ထားတဲ့ အမျိုးသမီးငယ်လေးရဲ့ လက်က နူးညံ့သိမ်မွေ့နေလေရာ သူ့လက်ရဲ့ ကြမ်းတမ်းတဲ့အသွင်ကို ပိုပြီးသိသာစေလေသည်။ ချန်ယင်ကျိုးက သူ့ရဲ့လက်ကို နည်းနည်းလောက်ခါလိုက်ရုံနဲ့ သူ့ကိုကိုင်ထားတဲ့ ထိုအမျိုးသမီးလေးရဲ့လက်ကို ခါချလိုက်နိုင်သော်လည်း သူ အဲ့လိုမလုပ်ခဲ့ပေ။
သူ အသံတိတ်နေပြီး သူ့ရဲ့လက်အား သူမ ကိုင်ထားတာကို ခွင့်ပြုနေခဲ့သည်။
ဆုတန်က သက်ပြင်းချလိုက်ပြီး သူ့ လက်ကိုလွှတ်လိုက်ပြီး တိတ်တဆိတ် ကြည့်လိုက်ကာ "နင့်ကို အလုပ်ကြိုးစားစေချင်တာကြောင့် အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ အကြံပြုခဲ့တာ မဟုတ်ဘူး။ ကြိုးကြိုးစားစားလုပ်တာက ဘာမှမမှားဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါကလေ နင်လူတိုင်းနဲ့ ပေါင်းသင်းခွင့်ရဖို့ ပိုပြီး စကားများများပြောပြီး သူငယ်ချင်းကောင်းတွေ ပိုရနိုင်ဖို့ မျှော်လင့်ထားခဲ့တာ"
ဆုတန်ရဲ့လေသံက အကြီးတစ်ယောက်အသွင် တူနေတာကြောင့် ချန်ယင်ကျိုး အံ့အားသင့်သွားခဲ့သည်။ ချန်ယင်ကျိုးက သူ့မှာ သူငယ်ချင်းဖွဲ့ရန် အရည်အချင်းမရှိခဲ့တာကြောင့် ထိုအကြောင်းကို တစ်ခါမျှ မတွေးခဲ့မိပေ။ ဆုတန်ကသာ ပထမဆုံးရောက်လာသည့်နေ့မှစပြီး သူနှင့် သူငယ်ချင်းဖြစ်လိုကြောင်းပြောကာ အစပြုခဲ့ခြင်းဖြစ်ပြီး ထိုမတိုင်မီက ချန်ယင်ကျိုးမှာ တစ်ယောက်တည်းသာ နေခဲ့တာဖြစ်သည်။
ဆုတန် ပြောချင်တဲ့စကားရဲ့ အဓိကအချက်ကို သူ နားလည်လာပုံရသည်။ "နင်က ငါ့ကို တခြားသူတွေနဲ့ သူငယ်ချင်းဖြစ်စေချင်တာလား"
ဆုတန်က သူ့ကိုကြည့်ပြီး ခေါင်းညိတ်ပြကာ "နင့်မှာ သူငယ်ချင်း အများကြီးမရှိဘဲ နင် ရင်ဖွင့်နိုင်မယ့် သူငယ်ချင်းအနည်းငယ်ပဲ ရှိနိုင်မယ်ဆိုရင်တောင် သူငယ်ချင်းရှိနိုင်ဖို့ ငါမျှော်လင့်တယ်။ လူတွေက ကမ္ဘာပေါ်မှာ အမှီအခိုကင်းကင်းနေနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပေမယ့် သူတို့မှာ စကားပြောဖော်ကောင်းတဲ့ သူငယ်ချင်း အနည်းငယ်တော့ ရှိသင့်တယ်လေ။ တကယ်တော့ တစ်ချိန်လုံး တစ်ယောက်တည်းနေရတာ အထီးကျန်စရာ ကောင်းလွန်းတယ်"
ချန်ယင်ကျိုးက သူမ၏စကားကို နားထောင်ပြီးနောက် သူ့မျက်လုံးများထဲတွင် မည်းမှောင်နေသော ဒီရေလှိုင်းများဖြင့် ပြည့်နှက်လာကာ သူမကို ကြည့်လိုက်လေသည်။
အထီးကျန်ခြင်းဟူသည့်စကားလုံး။
သူ ယခင်က သူငယ်ချင်းဖွဲ့ရန် မတွေးခဲ့ဘဲ အခြားသူများနှင့် ပေါင်းသင်းရန်လည်း အဆင်မပြေခဲ့ပေ။အမြဲတမ်း တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာ ကောင်းတယ်လို့ သူထင်ခဲ့ပေမဲ့ သူတစ်ယောက်တည်းရှိနေချိန်မှာ ဘယ်လိုခံစားချက်မျိုးတွေ ရှိတယ်ဆိုတာကို သူဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
အွန်း။အဲဒါက အထီးကျန်မှုပဲ။ ပြီးတော့လည်း သူ အရမ်းအထီးကျန်နေသည်။
"သူတို့အားလုံးက လူကောင်းတွေပါ" ဆုတန်က ဝေးဝေးမှာအတူတူ စကားပြောနေကြတဲ့ ပညာတတ်လူငယ်တွေကို ညွှန်ပြကာ ပြောလာသည်။
"လူကောင်း" ဟူသော စကားလုံးသည် အနည်းငယ် ရယ်စရာကောင်းကြောင်း သူမ သိသော်လည်း ချန်ယင်ကျိုး အတွက်တော့ သူ အမှန်တကယ် လိုအပ်သည်မှာ "လူကောင်းတွေ" ဖြစ်သည်။
ယခင်က ဆိုးရွားပြီး ဖော်ရွေမှုမရှိသော အကြည့်များစွာကို လက်ခံရရှိခဲ့ဖူးသည့် ၎င်း၏နှလုံးသားကို တစ်ကြိမ်တည်းနှင့်ဖွင့်ရန် မလွယ်ကူသောကြောင့် အချိန်ယူရန် လိုအပ်လေသည်။
ချန်ယင်ကျိုးက ဆုတန်ရဲ့စကားများကို တွေးနေခဲ့ကာ ဘာစကားမှ မပြောလာတော့ပေ။ ဆုတန်ကလည်း သူ့ကို မတိုက်တွန်းဘဲ သူကိုယ်တိုင် အဖြေရှာနိုင်ဖို့သာ စောင့်နေခဲ့သည်။
"ငါ ကြိုးစားကြည့်ပါ့မယ်" အချိန်အတော်ကြာပြီးနောက် ချန်ယင်ကျိုးက ပြောလာခဲ့သည်။
ဆုတန်က သူမ၏အပြုံးကို မဖုံးကွယ်နိုင်တော့ဘဲ "တကယ်လား? နင် သူငယ်ချင်းတွေရှာဖို့ ဆန္ဒရှိတာလား"
ချန်ယင်ကျိုးထံ သူမရဲ့အပြုံးများ ကူးစက်ခံလိုက်ရပုံပေါ်သည်။သူ့အသံက ပိုတောက်ပလာပြီး "ငါသူငယ်ချင်းတွေ ရလာရင် မင်းပျော်မှာလား"
ဆုတန်က ဤစာကြောင်းတွင် တစ်စုံတစ်ရာ မှားယွင်းနေတာကို သတိမထားမိဘဲ "ပျော်မှာ။ ငါတကယ် ပျော်မိမှာ" ဟု ထပ်ခါတလဲလဲသာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ"
ချန်ယင်ကျိုးက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး "ဒါဆို မင်း ပျော်ရွှင်ဖို့အတွက် ငါ သူငယ်ချင်းဖွဲ့ဖို့ သင်ယူပါ့မယ်"
"ဒါက သဘောတူလိုက်တာပဲနော်"
ဆုတန်က သူမ၏ လက်ချောင်းလေးကို ဆန့်ထုတ်လိုက်ပြီး "ကတိ!"
ချန်ယင်ကျိုးက စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီး သူမ၏လက်ချောင်းလေးကို ဖြည်းညင်းစွာ ချိတ်လိုက်ရာ ဆုတန်က ပြုံးလိုက်ပြီး သူ့လက်ချောင်းလေးကို အထပ်ထပ်ဆွဲ၍ "ကတိနော်၊ ကိုယ့်ဘာသာ မှတ်ထားရမယ်။ အနှစ်တစ်ရာကြာတာတောင် မပြောင်းလဲရဘူး!"
ချန်ယင်ကျိုး သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး "အွန်း မပြောင်းလဲပါဘူး"
အလုပ်ပြန်လုပ်သောအခါ ရှုဟောင်နှင့် အခြားသူများသည် ချန်ယင်ကျိုးမှာ ယခင်နှင့်မတူ အနည်းငယ်ကွဲပြားပုံပေါက်နေသည်ကို တွေ့ရှိခဲ့ကြသည်။ သူက အရင်လိုပင် လေးနက်နေသေးသော်လည်း လူတိုင်းကို အနားယူရန် အစပြုပြောဆိုခဲ့သည်။ သူတို့နောက်ပြောင်နေချိန်မှာ ချန်ယင်ကျိုးက ဂရုတစိုက်နားထောင်ပြီး စကားအနည်းငယ် ဝင်ပြောလေသည်။
သူက သူတို့လောက် ရွှင်ရွှင်ပျပျမရှိသော်လည်း ယခုအခြေအနေကပင်လျှင် ယခင်က သူတို့သိခဲ့သော ချန်ယင်ကျိုးအတွက်တော့ ကြီးမားသော တိုးတက်မှုတစ်ခုပင် ဖြစ်သည်။
ရှုဟောင်က ဝိန်ဟွိုင်ရှုနဲ့ ကျန်းဖန်းမင်တို့ကို တိတ်တဆိတ်ပြောလိုက်သည်။
"မင်းတို့ဘယ်လိုထင်လဲ၊ ငါပြောချင်တာ ရှောင်ဆု ငါတို့စကားကို နားထောင်ပြီး သူ ရှောင်ဆုနဲ့စကားပြောပြီးပြီးချင်း ပြောင်းလဲသွားတာပဲ"
ဝိန်ဟွိုင်ရှုနှင့် ကျန်းဖန်းမင်တို့က သူ့ပြောစကားကို ခေါင်းညိတ်သဘောတူလိုက်သည်။ ရဲဘော်ဆုတန်က ထူးခြားတယ်။
.............
ပြင်းထန်တဲ့ နွေဦးရာသီထွန်ယက်မှု ပြီးဆုံးသွားပြီဖြစ်သည်။ ခြောက်သွေ့နေတဲ့ လယ်ကွင်းတွေ အကုန်လုံးကို စိုက်ပျိုးပြီးပြီပင်။ကျန်တာကတော့ စပါးဆက်စိုက်ရမှာပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ သူတို့ အနားယူနိုင်ပေသည်။
ဆုတန်သည် ပညာတတ်လူငယ်အချို့နှင့်အတူ မြို့ထဲသို့သွားကာ အစားအသောက်နှင့်နေ့စဉ်သုံးပစ္စည်း အများအပြား ဝယ်ယူခဲ့လေသည်။
အဘွားချန်က အနည်းငယ် စိတ်မကောင်းဖြစ်နေရာ ဆုတန်က ပြုံးပြလိုက်ပြီး "အဖွား၊ ဒီဟာတွေကို စားချင်တယ်မလား။ သမီးလည်း ဒါတွေကို သုံးချင်တယ်" ဟု ပြောလာလေသည်။
ဆုတန်က သူမကို နှစ်သိမ့်နေတယ်ဆိုတာ အဘွားအိုက သိပါသည်။ သူမရဲ့ စားသောက်ပုံမျိုးနဲ့ ဘယ်လောက်ပမာဏများ စားနိုင်မှာမို့လို့လဲ။
ချန်ယင်ကျိုးက မှုန်ကုပ်ကုပ်မျက်နှာဖြင့် သူမထံမှ ပစ္စည်းများကို ယူလိုက်သည်။ ဆုတန်က သူ့အပြုအမူများ မူမမှန်သည်ကို သတိပြုမိလေကာ သူ့အိမ်ခန်းထဲကို လိုက်ဝင်သွား၍ သူ့ရှေ့၌ လှည့်လျှောက်လာပြီး "နင်ဘာဖြစ်နေတာလဲ၊ နင် မပျော်လို့လား" လို့ မေးလိုက်လေသည်။
ချန်ယင်ကျိုးက ဘာမှ ပြန်မပြောသောကြောင့် ဆုတန် မျက်မှောင်ကြုတ်လိုက်သည်။ သူ စိတ်အခြေအနေ ပြန်ကောင်းတာ ရက်အနည်းငယ်ပဲ ရှိသေးပေမဲ့ ဘာလို့ ပြန်ပြီး မှုန်မှိုင်းနေရပြန်တာလဲ။
သူမရဲ့ လေးနက်တဲ့အမူအရာကိုမြင်တော့ ချန်ယင်ကျိုးက "မင်း ကျေးဇူးပြုပြီး အနာဂတ်မှာ ပိုက်ဆံတွေကို လိုတာ မလိုတာကို သေချာ ခွဲခြားပြီး သုံးလို့ရမလား?"
ဆုတန်က အံ့အားသင့်သွားသည်။သူမက ပိုက်ဆံကို သပ်သပ်ရပ်ရပ်သုံးသင့်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ သူမဝယ်တဲ့ ပစ္စည်းတွေအားလုံးက အသုံးဝင်တဲ့အရာတွေပဲ မဟုတ်ဘူးလား။
"မင်း ဒီမိသားစုအတွက် ပစ္စည်းတွေ လုံလုံလောက်လောက် ဝယ်ပြီးပြီ။ ငါတို့ မင်းရဲ့ပိုက်ဆံကို အမြဲတမ်း သုံးနေလို့မရဘူး"
သူမ ဘာမှပြန်မပြောလာတာကြောင့် ချန်ယင်ကျိုးက ထပ်ရှင်းပြလိုက်သည်။
ဆုတန် နားလည်သွားရာ သူမက ပြုံးပြလိုက်ပြီး မတ်လအစရဲ့ နွေဦးလေပြည်ကဲ့သို့ ညင်သာသော အသံလေးဖြင့် "ငါ့ပိုက်ဆံကို မသုံးသင့်ဘူးထင်တာလား??"
ချန်ယင်ကျိုးက သူမကို ကြည့်လိုက်ပြီး "မဖြစ်သင့်ဘူး"လို့ အသံဩဩနဲ့ ပြောလာလေသည်။
သူက ထပ်ပြီး “ငါက ယောက်ျားတစ်ယောက်ပါ။ မိန်းကလေးတစ်ယောက်ရဲ့ ပိုက်ဆံကို မသုံးသင့်ဘူး” လို့ ထပ်ပြောလာသည်။
ဆုတန်က ဝမ်းသာသွားပြီး စနောက်ကာ ပြောလိုက်သည်။ "ဒါဆို နင် ကြိုးကြိုးစားစား အလုပ်လုပ်ပြီး အနာဂတ်ကျ ငါ့ကို ပိုက်ဆံတွေ ပြန်ပေးလေနော်"
ချန်ယင်ကျိုးရဲ့အမူအရာက အနည်းငယ် ပြေလျော့သွားသော်လည်း သူမ၏ဆိုလိုရင်းကိုတော့ နားမလည်နိုင်သေးဘဲ ဖြစ်နေခဲ့သည်။
ဆုတန်က သူမ၏နောက်ထပ်အစီအစဉ်ကိုအကောင်အထည်ဖော်ရန် အခွင့်အရေးယူလိုက်ကာ "နင် ကျောင်းတက်ဖူးလားဟင်" ဟု မေးလာသည်။
ချန်ယင်ကျိုးက အံ့အားသင့်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
ဆုတန်က သူကျောင်းတက်နေသည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်ကြောင်း သိသော်လည်း သူ့ရဲ့အတန်းကိုတော့ အတိအကျ သူမ မသိခဲ့ပေ။ အထူးသဖြင့် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေကာ ကောလိပ်တက်ဖို့ သူ့အတွက် မလွယ်ကူပါ။ သူ့ဦးနှောက်ကို ထက်မြက်အောင် ကြံဆပြီး သူ့ကံကြမ္မာကို ပြောင်းလဲရန်အတွက် ဤအခွင့်အရေးကို ဆုပ်ကိုင်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။
ချန်ယင်ကျိုးက ယခုအချိန်တွင် မိတ်ဆွေဖွဲ့ရန် ကြိုးစားနေသော်လည်း အလျင်စလို မလုပ်နိုင်တာကြောင့် နောက်တစ်ဆင့်မှာ စတင်လေ့လာရန်အတွက်ဖြစ်သည်။
ဒါက တကယ်ကို ကြာရှည်သည့် တိုက်ပွဲပင်။
"နင် စကားတစ်ခွန်း ကြားဖူးလား"
ဆုတန်က တောက်ပနေသော မျက်လုံးများဖြင့် ချန်ယင်ကျိုးကို ကြည့်ကာ "အသိတရားက ကံတရားကို ပြောင်းလဲစေနိုင်တယ်တဲ့" ဟု ပြောလိုက်သည်။
ထို စကားလုံးက ချန်ယင်ကျိုးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိခဲ့မည်မှာ သေချာပါသည်။
အသိပညာက ကံကြမ္မာကို ပြောင်းလဲစေနိုင်တာလား။
ကံကြမ္မာကရော တကယ်ပြောင်းလဲလို့ ရတာလား???