ဆုတန်က သူ့ရှေ့တွင် တစ်ခုခုပြောနေသေးသော်လည်း ချန်ယင်ကျိုး ရှင်းရှင်းလင်းလင်း မကြားရတော့ပေ။
မိန်းကလေးရဲ့ ရှင်းလင်းပြတ်သားတဲ့အသံက သူ့နားစည်ထဲ ကျဆင်းသွားစဉ် ချန်ယင်ကျိုးက သူမအား ဗလာအကြည့်ဖြင့် စိုက်ကြည့်ကာ သူ့စိတ်ထဲတွင် ဆုတန် ခုနက ပြောခဲ့သည့် စကားများသာ ပဲ့တင်ထပ်နေခဲ့လေသည်။
အသိပညာက ကံကြမ္မာကို ပြောင်းလဲနိုင်တယ်။
ဆုတန်က တစ်ဖက်သူမှာ နားလည်သဘောပေါက်သော်လည်း သေချာမရှင်းလင်းသည်ကို မြင်လိုက်ရသည်။သူမပြောသောစကားမှာ လေးနက်လွန်း၍ ချန်ယင်ကျိုး နားမလည်နိုင်သည်ဟု ဆုတန်က ယူဆလိုက်ပြီး အသက်ရှူသွင်းကာ ထပ်မံရှင်းပြဖို့ ပြင်လိုက်သည်။ သို့သော် ချန်ယင်ကျိုး လှည့်ထွက်သွားသည်ကိုသာ သူမ မြင်လိုက်ရ၏။
ချန်ယင်ကျိုးမှာ တံစဉ်နှင့်တောင်းကိုယူ၍ ဝက်များအတွက် မြက်ရိတ်ရန် အရင်ထွက်သွားတော့သည်။
ထုတ်လုပ်ရေးအဖွဲ့မှာ ဝက်အများအပြားမွေးမြူထားပြီး ဝက်များအတွက် မြက်ရိတ်ခြင်းလုပ်ငန်းကို အိမ်ထောင်စုတစ်ခုစီမှ တစ်လှည့်စီ လုပ်ဆောင်ခဲ့ကြသည်။အရင်တုန်းကတော့ အဖွားချန်က ဒီတာဝန်ကို ထမ်းဆောင်ခဲ့သော်လည်း ယခု သူမ အသက်ကြီးလာပြီဖြစ်သောကြောင့် ချန်ယင်ကျိုးမှာ သူမတစ်ယောက်တည်း တောင်ပေါ်တက်ရတော့မည်ကို စိုးရိမ်သဖြင့် ဤတာဝန်ကို စတင် ထမ်းဆောင်ရန် လုပ်ဆောင်ခဲ့သည်။
ဆုတန်သည် သူမရှေ့မှ လူငယ်လေးမှာ အလျင်အမြန် လျှောက်နေသည်ကို ရပ်တန့်ရန် ရည်ရွယ်ချက်မရှိသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်ရှုပ်သွားရသည်။
ခုနက သူမပြောနေတာတွေဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာပဲ။ ပြီးတော့ အရသာရှိတဲ့ ကြက်စွပ်ပြုတ်ကို စားနေရသလိုမျိုး သူမ စိတ်လှုပ်ရှားနေတုန်းပဲလေ။ချန်ယင်ကျိုးက သူမကို ဘာကြောင့် လျစ်လျူရှုသွားတာတုန်း။
ချန်ယင်ကျိုးမှာ တည်ငြိမ်သော ခြေလှမ်းများဖြင့် ငြိမ်သက်စွာ ရှေ့သို့ လျှောက်လှမ်းနေပုံရသော်လည်း တကယ်တမ်းတွင်တော့ သူ့ရဲ့ တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးခုန်သံက သူ့ကို သစ္စာဖောက်ပြီးသား ဖြစ်နေသည်ပင်။
သူမ ဒီလိုပြောလိုက်သောအခါ ဆုတန်ရဲ့ မျက်လုံးများ လင်းလက်သွားပြီး သူမရဲ့ တစ်ကိုယ်လုံး တောက်ပနေ၏။ ချန်ယင်ကျိုးက သူမကို မကြည့်ဖို့ သူ့ကိုယ်သူ တွန်းအားပေးနေခဲ့သော်လည်း သူ့အကြည့်တွေကို မထိန်းနိုင်ခဲ့ပေ။
သူ့နှလုံးခုန်သံတွေကိုလည်း မချုပ်ထိန်းနိုင်ခဲ့ပါ။
အသိပညာက ကံကြမ္မာကို ပြောင်းလဲနိုင်ခြင်းအကြောင်းအား ဆုတန် ပြောခဲ့သည်ကို သူ ကောင်းစွာ နားလည်ပါသည်။
သူငယ်ငယ်က နှစ်အနည်းငယ်လောက် ကျောင်းတက်ခဲ့ဖူးပေမဲ့ အဲဒီအချိန်က သူ လူတွေနဲ့ စကားပြောရတာ အဆင်မပြေခဲ့ပေ။ ကျောင်းမှာ သူငယ်ချင်းလည်း အများကြီး မရှိခဲ့ပါ။အချို့ကလေးများက ချန်ယင်ကျိုးရဲ့ မိသားစုအကြောင်းကို သူတို့မိဘများထံမှ ကြားရပြီး သူ့ကိုလိုက်ဖမ်းကာ ဝံပုလွေကလေးဟု စကြသည်။သူ ခံနိုင်ရည်ရှိအောင် အစွမ်းကုန်ကြိုးစားခဲ့ရပြီး နောက်ဆုံးမှာတော့ သူ့ဒေါသကို ချိုးနှိမ်ထားနိုင်ခဲ့သည်။
ကျောင်းကနေ အိမ်ပြန်ရောက်တိုင်း ပိုပို ထိုင်းမှိုင်းလာတာကြောင့် အဖွားချန်က တစ်ခုခုကို သတိထားမိပုံရပြီး အကြိမ်ပေါင်းများစွာ မေးမြန်းလာတာကြောင့် ချန်ယင်ကျိုးက နောက်ဆုံးမှာတော့ စိတ်ဓာတ်ကျစွာနဲ့ သူ့စိတ်ထဲမှအတွေးများကို ထုတ်ဖော်ပြောပြခဲ့သည်။
"အဖွား သား ကျောင်းမတက်ချင်တော့ဘူး"
"ကျောင်းက မကောင်းဘူး"
"ကျောင်းသွားတိုင်း စိတ်တိုရတယ်။ စိတ်တိုတဲ့အခါ သား ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်မှာကို ကြောက်တယ်"
"သား သိပ်အဆင်မပြေဘူး"
အဖွားချန်က အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီး ကောင်လေးရဲ့ခေါင်းကိုကိုင်ကာသက်ပြင်းချ၍ "ကောင်းပြီ မင်း ကျောင်းမတက်ချင်ဘူးဆိုရင် ငါ မင်းကို အတင်းအကြပ် မလုပ်ပါဘူး။ နောင်ကျရင် အိမ်မှာပဲ သင်ပေးမယ်နော်"
ချန်ယင်ကျိုးရဲ့ ညို့မှိုင်းနေသော မျက်နှာသည် နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားကာ သူ အလွန်ပျော်နေခဲ့၏။ညစာစားစဉ် အပိုထမင်းပန်းကန်လုံးကိုပါ စားလိုက်လေသည်။
မူလတန်းကျောင်းပြီးသောအခါ ချန်ယင်ကျိုးသည် ကျောင်းဆက်မတက်တော့ဘဲ အဖွားချန်ကသာ အိမ်တွင် ရံဖန်ရံခါ စာသင်ပေးလေ့ရှိသည်။
အဖွားချန်က ချမ်းသာသော မိသားစုမှ ဆင်းသက်လာသောကြောင့် သူမသည် ကိုယ်ပိုင်ကျောင်းတက်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ထိုဒေသရှိ ဂုဏ်သိက္ခာအရှိဆုံးအိမ်၏ သားအငယ်ဆုံးနှင့် လက်ထပ်ခဲ့လေသည်။ သူမ၏ခင်ပွန်းမှာလည်း နိုင်ငံခြားတွင် ပညာသင်ကြားခဲ့ပြီး နိုင်ငံခြားဘာသာစကားနှင့် သင်္ချာဘာသာရပ်ကို ကျွမ်းကျင်ခဲ့သည်။
အဘွားချန်သည် ရှေးရိုးဆန်သော အမျိုးသမီး မဟုတ်လေရာ သူ့ခင်ပွန်းနှင့် အမြဲလိုလို စိတ်ကူးသစ်တွေ ဖလှယ်လေ့ရှိသည်။
အဘွားချန်က ဉာဏ်လည်းကောင်းပေရာ ခင်ပွန်းဖြစ်သူထံမှ ရိုးရှင်းသော နိုင်ငံခြားဘာသာစကားများနှင့် သင်္ချာဗဟုသုတများစွာကို သင်ယူနိုင်ခဲ့လေသည်။သူမ မိသားစုသာ ဒုက္ခရောက်ပြီး အရူးဓားပြတွေက တစ်မိသားစုလုံးကို မသတ်ခဲ့ဘူးဆိုရင် သူမမြေးလေးကို စာရေးတတ်ဖတ်တတ်အောင် စိတ်ရှည်လက်ရှည် သင်ပေးပြီး သူ့အဖိုးလောက်နီးပါးတော်အောင် ပြုစုပျိုးထောင်ပေးနိုင်ပေလိမ့်မည်။
တစ်ခါတစ်ရံ ကံကြမ္မာက မှန်းဆရခက်သည်။ အဖွားချန်က သူမ သိရှိခဲ့တဲ့အရာတွေက အသုံးမဝင်လောက်ဘူးဟု ထင်ခဲ့သော်လည်း ချန်ယင်ကျိုး သူမအနား ရောက်လာတဲ့အခါ ကလေးရဲ့ ဘဝအတွေ့အကြုံအတွက် သူမ စိတ်မကောင်းဖြစ်မိပါသည်။
ချန်ယင်ကျိုးက ကျောင်းမတက်တော့တာကြာင့် အဖွားချန်က သူ့ကို အိမ်မှာပဲ တစ်ခုခု သင်ပေးလေ့ရှိသည်။ ချန်ယင်ကျိုးကလည်း ထက်မြက်ပြီး မှတ်ဉာဏ်ကောင်းတာကြောင့် သူသင်ယူခဲ့သမျှကို တစ်ကြိမ်တည်းဖြင့် နားလည်နိုင်ခဲ့သည်။
အပြင်လူများကတော့ ချန်ယင်ကျိုးမှာ ထူးဆန်းပြီး ထိုင်းမှိုင်းနေသည်ဟု ထင်မြင်တတ်ကြသည်။
သူ ကျောင်းမတက်တာ နှစ်အတော်ကြာပြီဖြစ်သော်လည်း ဘယ်တော့မှ ဆင်ခြေမပေးပေ။ သူ့အဖွားထံမှ အသိပညာများကိုသာ တိတ်တိတ်ဆိတ်ဆိတ် သင်ယူပြီး သူ့ကိုယ်ပိုင်ကမ္ဘာတွင်သာ နစ်မြုပ်နေလေ့ရှိသည်။
ဆုတန်ကတော့ ဒါတွေကို မသိပေ။
ချန်ယင်ကျိုး၏ ယဉ်ကျေးမှုအခြေခံအသိမှာ အားနည်းနေပြီး အရာများစွာကို အစမှ စတင်သင်ယူရမည်ဟု မူလကတည်းက ယူဆထားလေရာ သူ့အား လေ့လာသင်ယူစေချင်သော စိတ်သာ သူမ နှလုံးသားထဲ ပြည့်နှက်နေခဲ့သည်။
"ချန်ယင်ကျိုး ငါ့ကိုစောင့်ဦး"
ဆုတန်သည် ချန်ယင်ကျိုး နောက်သို့လိုက်နေသည်။ ထိုအချိန်တွင် တောင်ပေါ်ရှိ မြက်ပင်များမှာ အလွန်မြင့်မားနေပြီ ဖြစ်သည်။ရှေ့ကကောင်လေးက မြက်တွေကိုဖြတ်ဖို့ သူ့လက်ထဲကတံစဉ်ကို ဝှေ့ယမ်းနေရာ မကြာခင်ပင် သူ့နောက်ကျောပိုးအိတ်က ပြည့်လုနီးပါး ဖြစ်လာခဲ့သည်။
"ချန်ယင်ကျိုး ငါ နင့်ကို စာဖတ်တတ်အောင် သင်ပေးမယ် ဟုတ်ပြီလား?"
ကလေးမလေး၏အသံက သူ့နောက်မှ ထွက်ပေါ်လာရာ ချန်ယင်ကျိုး ခန္ဓာကိုယ်သည် အေးခဲသွားပြီး ထိုနေရာတွင်သာ ရပ်နေခဲ့လေသည်။
သူ မလှုပ်လာတာကိုမြင်လိုက်ရတော့ ဆုတန်က သူ့ရှေ့ကို သွားလိုက်ပြီး ခေါင်းကို အနည်းငယ်မော့ကာ ဆောင်းဦးနှင်းရည်စက်လို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်လိုက်၍ "နင့်ကို စာရေးတတ် ဖတ်တတ်အောင် ငါသင်ပေးမယ်" ဟု တိုးတိုးလေး ပြောလာလေသည်။
ကလေးမလေး၏ မျက်လုံးများက ကြယ်များဖြင့် ပြည့်နှက်နေသကဲ့သို့ တောက်ပနေပြီး သူမ၏ အပြုံးလေးများက ပျားရည်စိမ်ထားသကဲ့သို့ပင် ချိုမြိန်နေလေရာ ချန်ယင်ကျိုး မျက်လုံးများမှာ အကြည့်မခွာနိုင်အောင် ဖြစ်နေခဲ့ရသည်။
ဆုတန်က တစ်ဖက်သူ ရှင်းရှင်းလင်းလင်း မကြားရဘူးဟု ထင်သည့်အတွက် ထပ်ပြောမည့်ဟန် ပြင်လိုက်စဉ်တွင် ချန်ယင်ကျိုးဘက်က ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။
"ကောင်းပြီလေ"
ဤတစ်ကြိမ်ကတော့ ဆုတန် အံ့အားသင့်ရမည့်အလှည့်ဖြစ်သွား၏။ ချန်ယင်ကျိုးဘက်က ပွင့်ပွင့်လင်းလင်းဖြေဖို့ သူမ မမျှော်လင့်ထားပေ။ ချန်ယင်ကျိုးကို စာလေ့လာရန် ဆွဲဆောင်ရမည့် ရှည်လျားသောစစ်ပွဲကို တိုက်ခိုက်ရန်တောင် ဆုတန်က အသင့်ဖြစ်နေပြီဖြစ်သည်။
"စာသင်ယူတာက ခက်တဲ့အလုပ်ပဲ။ နင် တကယ် ဆန္ဒရှိရဲ့လား" ဆုတန်က ပြုံးပြီး လေးနက်စွာပြောလာသည်။
ချန်ယင်ကျိုးကလည်း လေးနက်တဲ့အမူအရာနဲ့ ပြန်ကြည့်ကာ သူ့အသံက ပိုမိုခိုင်မာလာပြီး "ငါ ဆန္ဒရှိပါတယ်"
မင်း ငါ့ကို လုပ်ခိုင်းသရွေ့ ငါ ဘာမဆိုလုပ်ချင်စိတ်ရှိတယ်။ (အာ...)
ချန်ယင်ကျိုး ဒါကိုထုတ်ပြောဖို့တော့ သတ္တိမရှိပေ။
ဆုတန် ဝမ်းသာလွန်း၍ 3742 ကို ချက်ချင်း တောင်းဆိုလိုက်သည်။
ဖောင်တိန်၊ ရေးစာအုပ်၊ ဖတ်စာအုပ်နှင့် သင်ကြားရေးပစ္စည်းများ။
3742 က အေးစက်စွာ ပြောလာလေသည်။ "မင်း အခု ငါ့အပေါ် အရမ်းရိုင်းနေတာ မဟုတ်ဘူးလား"
ဆုတန် မျက်လုံးကို မှိတ်လိုက်ပြီး
"ငါတို့ ဆယ်နှစ်ကြာအောင် သူငယ်ချင်းဖြစ်ခဲ့တာ ဘာလို့ ယဉ်ကျေးနေရမှာလဲ"
3742က သူမကို ဂရုမစိုက်ချင်ပေ။
ချန်ယင်ကျိုးသည် မြက်ရိတ်ပြီးနောက် ဆုတန်နှင့်အတူ အိမ်ပြန်လာခဲ့သည်။ လမ်းတွင် ဆုတန်က သူမ၏ ပဏာမလေ့လာမှု အစီအစဥ်အကြောင်းအား သူ့ကို ပြောပြနေဆဲပင်။ ချန်ယင်ကျိုးကတော့ စကားတစ်ခွန်းမှ မပြောဘဲ တိတ်တိတ်လေးသာ နားထောင်နေခဲ့သည်။
ဆုတန်က ချန်ယင်ကျိုးအတွက် အရမ်းခက်ခဲနေသည်ဟု ထင်မိသည့်အတွက် "ဒါက နည်းနည်းတော့ ခက်သလိုလိုနဲ့ တကယ်တမ်းတော့ မခက်ပါဘူး။ နောက်ပြီး ငါ နင့်ကို ကူညီမယ်။ ငါရှိနေတဲ့အတွက် နင့်မှာ ပြဿနာရှိမှာ မဟုတ်ပါဘူး"
ချန်ယင်ကျိုးက ရုတ်တရက် ရပ်လိုက်ပြီး ခေါင်းကို အနည်းငယ်ငုံ့လိုက်ကာ ဆုတန်ကို နက်မှောင်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး ဘာခံစားချက်မှမပါတဲ့အသံနဲ့ ပြောလာခဲ့သည်။
"ဒါဆို မင်းက အမြဲတမ်း ရှိနေမှာလား?"
ဆုတန် အံ့အားသင့်သွားပြီး ခေါင်းညိတ်ပြလိုက်ကာ "အွန်း ငါနင့်ရဲ့အနားမှာ အမြဲရှိနေမှာ။ နင်နားမလည်တာရှိရင် ငါ့ကို အမြဲလာမေးလို့ရတယ်"
ဆုတန်က သူမ မစ်ရှင်မပြီးသေးလေရာ စိတ်ထဲတွင်တော့ : နင့်နားမှာ ငါ မရှိရင် ငါက ဘယ်ကို သွားလို့ရမှာလဲ?
သူမ လုံလောက်တဲ့ စွမ်းအင်တွေကို အမြန်စုဆောင်းချင်နေပြီပင်။
ချန်ယင်ကျိုးက အရမ်းပျော်သွားပြီး ပြုံးပြလိုက်၍ "နင်နဲ့အတူဆို အခက်အခဲတွေကို ငါ မကြောက်ဘူး"
ဆုတန် ဒီတစ်ခါတော့ သူ့အပြုံးတွေကို တကယ်မြင်လိုက်ရပါသည်။
အမြဲလိုလို မှုန်ကုပ်ကုပ်နှင့် လျစ်လျူရှုတတ်တဲ့ ကောင်လေး ပြုံးပြတဲ့အခါ ဒီလောက်ထိ ကြည့်ကောင်းလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။ ဒါက သူ့အသက်အရွယ်မှာ ရှိသင့်တဲ့ တောက်ပမှုမျိုးပင်။
"ချန်ယင်ကျိုး"
ဆုတန်က သူ့နာမည်ကို ခေါ်ပြီး သူ့မျက်နှာကို စိုက်ကြည့်ကာ "နင် ဒီထက်ပိုပြီး ပြုံးသင့်တယ်" လို့ လေးလေးနက်နက် ပြောလိုက်သည်။
ထိုသို့ကြားသော် ချန်ယင်ကျိုးက သူ့အပြုံးကို ဖယ်ထားပြီး အေးစက်သော မျက်နှာထားဖြင့် ထပ်မံဖုံးအုပ်ထားလိုက်သည်။
"နင် ပြုံးတဲ့အခါ အရမ်းကြည့်ကောင်းတာ နင်သိလား" ဆုတန်က သူ့အပြုံးကို နောက်ထပ် စောင့်ဆိုင်းနေသလိုမျိုး သူ့ကိုကြည့်ဖို့ ခေါင်းမော့ထားလိုက်သည်။
ဆုတန်၏မျက်လုံးများက စိတ်အားထက်သန်လွန်းနေသဖြင့် ချန်ယင်ကျိုး နားရွက်များပင် ပူလောင်လာသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူမထံမှ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။
"အိမ်ပြန်မယ်"
သူက အသံနက်နက်ဖြင့်ပြောပြီး ရှေ့ကို ဆက်လျှောက်သွား၏။
ဆုတန်က တစ်ဖက်သူမှာ သူမနဲ့မတူ အလွန်ပူးပေါင်းဆောင်ရွက်မှုမရှိသည်ကို မြင်သောအခါ သက်ပြင်းချလိုက်မိသည်။
သူရဲ့ ဒီလိုလိုက်လျောညီထွေမရှိတဲ့ အလေ့အကျင့်ကို သူ ဘယ်အချိန်မှ ပြောင်းလဲနိုင်မှာလဲ။ ရယ်ချင်ရင် ရယ်လိုက်ပေါ့ မကောင်းဘူးလား။
သူမ သွားရမယ့်ခရီးက တကယ့်ကို ဝေးနေသေးပုံပင်။
ချန်ယင်ကျိုးက သူမကို ကျောပေးထားရင်း နှုတ်ခမ်းများက ကော့ညွှတ်လာကာ အပြုံးများက အရင်ကထက် ပိုမိုတောက်ပလာခဲ့၏။
ဆုတန်က ငါ့ရဲ့လှပတဲ့အပြုံးကြောင့် ချီးကျူးတယ်။
နောက်တစ်ခါကျရင် သူမကို အခုလိုပဲ ပြုံးပြရမယ်။
သူ ကောင်းကင်ကြီးကို မော့ကြည့်လိုက်စဉ် ကောင်းကင်ကြီးမှာ တကယ့်ကို ပြာလွင်နေတော့သည်။