သူမ အိမ်ပြန်ရောက်လာတဲ့အခါ ဘယ်သူမှ အိမ်မှာမရှိနေတာကြောင့် အချိန်ကိုတစ်ချက် ကြည့်လိုက်၏။အချိန်က နေ့လည်သုံးနာရီကျော်နေပြီမို့ အဘွားချန်နှင့် ချန်ယင်ကျိုးတို့က အလုပ်လုပ်နေလောက်သေးသည်ဟု သူမ ခန့်မှန်းမိလိုက်သည်။
"မစ်ရှင် : [ ချန်မိသားစု၏ မြေးအဖွားများအတွက် ညစာပြင်ဆင်ပေးပါ ]
မစ်ရှင်ဆုလာဒ်- မင်းအတွက် လိုအပ်မဲ့ပစ္စည်းများကို ရွေးချယ်နိုင်ပါတယ်"
စနစ် 3742 က မစ်ရှင်ညွှန်ကြားချက်ကို ရုတ်တရက်ထုတ်ပြန်လာခဲ့သဖြင့် ဆုတန်တစ်ယောက် အံ့အားသင့်သွားခဲ့လေသည်။
သူမက 3742 နှင့် အလုပ်လုပ်နေသည်မှာ အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်တာကြောင့် သူမ သူ့ကို သေချာသိလေ၏။
ပုံမှန်ဆိုလျှင် သူမ၏ တာဝန်များကို ပြီးမြောက်စေနိုင်ဖို့အတွက် ကူညီပေးနိုင်သည့် အလုပ်တာဝန်များကိုသာ စနစ် 3742က ထုတ်ပေးတတ်ပြီး ဒီလိုမျိုး တာဝန်ပြီးမြောက်လျှင် ဆုလာဒ်အဖြစ် လိုအပ်တာများကို တောင်းဆိုနိုင်သည်က ရှားရှားပါးပါးပင်။အခုတော့ ဆုတန်က သူမအတွက် လိုအပ်တာ မည်သည်ကိုမဆို သေချာရွေးချယ်နိုင်သွားပြီဖြစ်သည်။
သို့သော်လည်း စည်းကမ်းတွေကို သူမ သိပါ၏။ မည်သည့်အရာကိုမဆို ရွေးချယ်နိုင်သော်လည်း သူမဘက်က အလွန်အကျွံ တောင်းဆိုလို့မရချေ။
တစ်ခါတရံမှာတော့ 3742က အမှန်တကယ်ကောင်းမွန်တဲ့သူလို့ သူမခံစားခဲ့ရပြီး သူမအပေါ်သာ ဒီထက် နည်းနည်းလောက် ပိုနူးညံ့သိမ်မွေ့ပါက ပိုကောင်းမည်ဖြစ်သည်။
3742: မင်း ကျေနပ်ရဲ့လား။
ဆုတန်သည် တစ်ခါထဲ မျက်နှာရှုံ့ ပြလိုက်၏။
3742: ဘယ်လောက်ရုပ်ဆိုးလိုက်လဲ။
ဆုတန်က ဟင်းအမယ်များစွာကို မချက်ပြုတ်နိုင်တဲ့အပြင် အထွေအထူးပစ္စည်းများလည်း သူမဆီမှာ မရှိပါ။အဲ့အတွက် ဘေးကင်းစေရန် ရိုးရှင်းတဲ့ ကြက်ဥထမင်းကြော်နှင့် ဝက်သားနီချက်ကိုသာ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ မီးဖိုချောင်ထဲမှာ ဂေါ်ဖီထုပ်တစ်ဝက်လောက်ရှိနေသေးတာကို သူမမြင်တော့ နောက်ထပ်ဂေါ်ဖီထုပ်တစ်ထုပ်ပါ ပေါင်း၍ ရှာလကာရည်နဲ့ ကျော်လိုက်မည်။
ဒါပေမယ့် အချိန်အတော်ကြာအောင် ကြိုးစားပြီးတဲ့နောက်မှာတောင် သူမဟာ ပထမခြေလှမ်းမှာပဲ ရပ်နေပြီး ဆက်မလုပ်တတ်တော့ပေ။
သူမ မီးကို ဘယ်လိုချိန်ညှိရမလဲဆိုတာ မသိပါ။
ငယ်စဉ်တုန်းကတော့ ကျေးလက်တောရွာမှာ သူမ အဖွားနှင့်အတူ ကာလအတန်ကြာ နေထိုင်ခဲ့ဖူးသော်လည်း ၂၁ ရာစု၏ ကျေးလက်ဒေသက အခုနှင့်မတူဘဲ ကွာခြားမှုများ ရှိလေသည်။သူတို့ဆီမှာ အိမ်အသုံးအဆောင်ပစ္စည်း အမျိုးမျိုးရှိပြီး ဒီလိုအိုးကြီးမျိုးကို အသုံးပြုလေ့မရှိကြပါ။
ဆုတန်က အိပ်မက်အကောင်အထည်ဖော်ရေးအစီအစဉ်တွင်ပါဝင်၍ အထူးသဖြင့် ဒီလိုကျေးလက်ဒေသသို့ ရောက်လာခဲ့ပါသော်လည်း စိတ်ပျက်အားငယ်စွာဖြင့် မီးဖိုရှေ့တွင် ထိုင်ချလိုက်ပါတော့သည်။
အချိန်တွေကြာလာတာနဲ့အမျှ ဆုတန်ဟာ မီးငြိမ်းသတ်နေတုန်းမှာပဲ ရေသောက်ဖို့ မီးဖိုချောင်ကိုရောက်လာတဲ့ ချန်ယင်ကျိုးက ဒီမြင်ကွင်းကို မြင်လိုက်ရပေသည်။သို့သော် သူက ဒါကို လျစ်လျူရှုရန်သာ ရွေးချယ်လိုက်ပြီး လှည့်ထွက်သွားခဲ့လေ၏။
ဆုတန်က ချန်ယင်ကျိုးကိုမြင်တော့ သနားစရာကောင်းတဲ့မျက်နှာထားဖြင့် စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီး "ဒီသနားစရာ ကလေးမလေးကို ကူညီပေးပါဦး"
စနစ် 3742ကတော့ တစ်ယောက်ယောက်က သူ့ကိုယ်သူ ကလေးမလေးလို့ အရှက်မဲ့စွာ ခေါ်နေတာကို ကြားလိုက်ရတဲ့အခါ သူမရဲ့ ID ကတ်ကို မျက်နှာပေါ်ချက်ချင်း လွှင့်ပစ်လိုက်ချင်ခဲ့တော့သည်။
ချန်ယင်ကျိုးက အပြင်ကို ပြန်ထွက်ခွာခါနီးဖြစ်တဲ့အခါ ဆုတန်က တိုက်ရိုက်ပြေးသွားခဲ့ပြီး အင်အားအလွန်အကျွံသုံးမိလိုက်တာကြောင့် ခလုတ်တိုက်မိသွားလေသည်။သို့သော် သူမတင်ပါးနာသွားတာကိုတောင် ဂရုမစိုက်နိုင်ဘဲ ချန်ယင်ကျိုး၏ဘောင်းဘီကိုသာ တိုက်ရိုက်ဆွဲကိုင်လိုက်သည်။
ဆုတန်က သူ့ကို သနားစရာမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ကာ " ချန်ယင်ကျိုး ကျွန်မကို ကူညီပါလားဟင်၊ ကျွန်မ ထမင်းချက်ချင်လို့ပါ..."
တစ်ဖက်လူဘက်က သူမ ပြောစကားကို ဂရုမစိုက်တာကိုမြင်တော့ ဆုတန်က ထပ်ပြီး "ကျွန်မ ဟင်းချက်တာ တကယ်အရမ်းအရသာရှိတာနော်!"
ချန်ယင်ကျိုးက ဘောင်းဘီနှင့် ခြေထောက်များကို ဆုတန်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် သူဘယ်လိုမျှ မလှုပ်ရှားနိုင်တော့ပေ။ဒါကြောင့် သူ အနည်းငယ် မျက်မှောင်ကြုတ်ကာ ငုံ့ကြည့်လိုက်တော့ သူ့မျက်လုံးများရဲ့အကြည့်က သူမ၏ နှာသီးဖျားပေါ်တွင် ကျရောက်သွားတော့သည်။သူမ နှာခေါင်းထိပ်ရှိ ပေကျံနေသောပြာများက သူမကို အနည်းငယ် ရယ်ချင်စရာ ကောင်းနေစေခဲ့၏။
"လွတ်လိုက် "
ချန်ယင်ကျိုးက လေးနက်တဲ့အသံဖြင့် ပြောလာလေသည်။
"ရှင် ကျွန်မကိုမကူညီရင် လုံးဝ မလွှတ်ပေးဘူး" ဆုတန်က သူမရဲ့လှည့်ကွက်များကို ဆက်လက် ထုတ်သုံးခဲ့သည်။
"မင်းမလွှတ်ရင် ငါဘယ်လိုမီးထွန်းပေးရမှာလဲ" ချန်ယင်ကျိုးက ဒီထက်ပိုပြီး စကားမပြောတော့ပါ။
"အိုး အိုး!"
ဆုတန်က တစ်ဖက်လူ သဘောတူလာတာကိုမြင်တော့ သူ့အတွက်နေရာချပေးဖို့ အမြန်ထကာ သွားလိုက်တော့သည်။
ချန်ယင်ကျိုးက ထိုင်ချလိုက်ကာ မီးဖိုထဲကို ကြည့်လိုက်ပြီး "အရမ်းများတယ်" လို့ပြောလိုက်၏။
"ရှင် ဘာပြောလိုက်တာလဲ?" ဆုတန်က သေချာ ရှင်းရှင်းလင်းလင်း မကြားလိုက်ရသည့်အတွက် ပြန်မေးလိုက်သည်။
ချန်ယင်ကျိုးရဲ့အသံက အရင်တုန်းကလို သိပ်ပြီး မပြောင်းလဲဘဲ "မင်း ထင်းတွေ အရမ်းထည့်ထားတယ်"
သူက မီးဖိုထဲက ထင်းသုံးပုံတစ်ပုံခန့်ကို ထုတ်ယူလိုက်ပြီး ထင်းအခေါက်တစ်ပိုင်းကို ကောက်ယူကာ မီးခြစ်ဖြင့် မီးညှိလိုက်ပြီး မီးဖိုထဲသို့ ထည့်လိုက်လေသည်။
မီးတောက်များက တဖြည်းဖြည်း အရှိန်ရလာကာ လောင်ကျွမ်းနေသော ထင်းများကို ဖြည်းဖြည်းချင်း ဝါးမြိုရင်း အက်ကွဲကာ ပြင်းထန်စွာ လောင်ကျွမ်းလာ၏။
ဆုတန်က မျက်တောင်ခတ်လိုက်ပြီး လက်ခုပ်ထတီးလိုက်ကာ " ချန်ယင်ကျိုး ရှင်က အရမ်းတော်တာပဲနော်!"
ချန်ယင်ကျိုးက ဆုတန်ကို နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာတွင် အနည်းငယ် ပြုံးယောင်ယောင်ပေါ်နေခဲ့သည်။
အဲဒါက သာမန်ကလေးတွေ အကုန်လုံးတောင် လုပ်နိုင်တဲ့အရာပင်။အဲဒါနဲ့ပတ်သက်ပြီး သူမ သူ့ကို အခုလို ချီးကျူးလာတာက တကယ် ပိုအံ့သြစရာကောင်းလှသည်။
ဒါပေမယ့် ဒါက လူတစ်ယောက်ဆီကနေ တော်တယ်လို့ သူ ပထမဆုံးအကြိမ်အနေနဲ့ ပြောခံခဲ့ရဖူးတာဖြစ်သည်။
ပြီးတော့လည်း သူကိုယ်တိုင်လည်း ဒါကိုကြားရတာ ကြိုက်ပါ၏။
ဆုတန်ကား ထမင်းဟင်းချက်ရတာကို သိပ်မကျွမ်းကျင်ပါပေ။ အထူးသဖြင့် ဒီလိုကျေးလက်ဒေသတွေမှာသုံးတဲ့ အိုးအကြီးကြီးတွေနဲ့ အိုးကြီး ခွက်ပြဲမျိုးတွေဆိုရင် ပိုပြီးမချက်တတ်ပါ။
သူမက အချိုးအစားကိုလည်း သေချာမချိန်ညှိတတ်ဘူးဖြစ်နေ၏။ ချန်ယင်ကျိုးက သူမကိုမီးမွှေးရာမှာ ကူညီပေးရန်အတွက်သာ သူမချက်တဲ့ အစားအသောက်တွေက အရသာအရမ်းရှိတယ်လို့ လိမ်ညာခဲ့တာဖြစ်သည်။ အခုတော့ မီးအညွန့်က တဖြည်းဖြည်းနဲ့လောင်မြိုက်ပြီး တက်လာပြီဖြစ်တာကြောင့် သူမက ကျည်ဆံကိုသာ ဆက်ကိုက်ထားပြီးတော့ သူမ လုပ်ရမယ့်အလုပ်ကို ဆက်လုပ်ဖို့ပဲ ရှိပါတော့တယ်။
သူမရဲ့စိတ်ထဲမှာ ဝက်သားအချိုချက်နည်းကို အချိန်အတော်အတန်ကြာ စဉ်းစားပြီးတဲ့နောက်မှာတော့ ဆုတန်ကား သူမရဲ့ အင်္ကျီလက်ရှည်တွေကို ခေါက်တင်လိုက်ပြီးတော့ ဟင်းချက်ဖို့အတွက် စပြင်လိုက်ပါတော့သည်။
3742 : ငါမင်းကို ဟင်းလေးပဲ ချက်ခိုင်းတာပါ။ စစ်ပွဲထဲကိုသွားပြီးတော့ စစ်တိုက်ထွက်ခိုင်းနေတာလည်း မဟုတ်ဘူး။မင်းရဲ့မျက်နှာက အခု ချက်ချင်း သေတော့မယ့်ပုံနဲ့ ဘာဖြစ်နေတာလဲ။
ဆုတန်က “သေစမ်း သေစမ်း ငါက ဝက်သားအချိုချက်တစ်ပွဲလောက်ပဲ ချက်ချင်ခဲ့တာလေ”
ဆုတန်က ဆီများများထည့်တာဟာ ဟင်းပွဲကို မပျက်စီးလောက်ပါဘူးဟု အခိုင်အမာ ယုံကြည်ထား၏။အသားကို အိုးထဲအရင်ထည့်လိုက်ကာ ဟင်းခတ်အမွှေးအကြိုင်များအားလုံးကို ချက်ခြင်း ထည့်လိုက်မယ်။ဟုတ်ပြီ အဲဒါက တွေးကြည့်တာတော့ တကယ်ကို ကျိုးကြောင်းဆီလျော်တာပဲ။
ချန်ယင်ကျိုး ဝင်လာတဲ့အခါမှာတော့ ဆုတန်က တောင်ဘက်ခြမ်းရှိ မီးဖိုကိုပါ မီးထွန်းပြီး မီးဖိုနှစ်လုံးကို တပြိုင်တည်း ချက်ပြုတ်ရန်အတွက် စဉ်းစားနေခဲ့တာဖြစ်သည်။ဆုတန်က ပြုံးပြလိုက်ပြ မီးမွှေးရာမှာ ကူညီပေးဖို့ ထပ်အကူအညီ တောင်းလိုက်၏။
ဤတစ်ကြိမ်တွင်တော့ ချန်ယင်ကျိုးက မငြင်းတော့ဘဲ ထင်းထည့်ပေးလိုက်ကာ မီးကို အမြန်ထွန်းလိုက်ပြီး လှုပ်ရှားမှုတစ်ခုလုံးသည် ယခင်ကထက် ပိုမိုချောမွေ့လာခဲ့လေသည်။
ထိုနောက် ချန်ယင်ကျိုးက ဘေးနားတွင် ခဏလောက် ရပ်နေလိုက်ပြီး ဆုတန် အလုပ်ရှုပ်နေတာကို ကြည့်နေလိုက်သည်။
ခဏအကြာမှာတော့ မတတ်နိုင်တော့ဘဲ အသံနက်နက်နဲ့ မေးလာခဲ့၏။ “ငါ တော်ရဲ့လား ”
အဲ့အချိန်မှာ ဆုတန်က အိုးကိုဆေးနေတုန်းဖြစ်သည်။တစ်ဖက်လူ ပြောလာတာကို ကြားတဲ့အခါ သူမ ချက်ချင်းလှည့်ကြည့်လိုက်ပြီး "ကောင်းလိုက်တာ၊ အရမ်းတော်တာပဲ" ဟု လုံးဝတစ်ချက်မှ မတွေးဘဲ လက်မထောင်ပြလိုက်လေသည်။သူမ လေသံက သိပ်ရိုးသားကာ လုံးဝကို ပြီးပြည့်စုံမှု ရှိနေခဲ့သည်။
ချီးမွှမ်းခံလိုက်ရသော ချန်ယင်ကျိုးသည် ပါးစပ်က အနည်းငယ် ကော့ညွှတ်သွားကာ ဝမ်းသာသွားတော့သည်။
ချန်ယင်ကျိုးဘက်က သူမနှင့် စကားပြောလိုသည်မှာ ရှားရှားပါးပါးဖြစ်သဖြင့် ဆုတန်က သူနှင့်နီးစပ်ဖို့ ဒီအခွင့်အရေးကို ယူလိုက်၏။ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမမှ သူမဝယ်လာသော သကြားလုံးများက အိတ်ကပ်ထဲတွင် ရှိနေဆဲဖြစ်သဖြင့် သူမက နှစ်ပုံခွဲထုတ်လိုက်ကာ ချန်ယင်ကျိုးကို တစ်ပုံခွဲပေးလိုက်သည်။
" ကျွန်မကို မီးထွန်းကူပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ သကြားလုံး ကျွေးမယ်လေ။ရှင့်ကြောင့်သာ မဟုတ်ရင် ကြောက်မိတာက ဒီဟင်းတွေကို ချက်ကျွေးနိုင်ခဲ့မှာတောင် မဟုတ်တာပဲ"
ဤစကားများက ချန်ယင်ကျိုး၏ နှလုံးသားကို ပေါ့ပေါ့ပါးပါးပင် ထိမိသွားပြီး အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
သူ ငယ်ငယ်လေးကတည်းက သူ့ကိုလိုအပ်တယ်လို့ တစ်ယောက်ယောက်က ပြောဖူးတာ ဒါက ပထမဆုံးအကြိမ်ဖြစ်သည်။ ဒီခံစားချက်က အရမ်းထူးဆန်းပေမယ့် သူကတော့ ငြင်းဆိုခဲ့ခြင်းမရှိခဲ့ပါ။
ချန်ယင်ကျိုးက သကြားလုံးကို တစ်ခုပဲယူခဲ့ရာ ဆုတန်က ကမန်းကတန်း ပြောလိုက်သည်။ "နောက်ထပ်ရှိသေးတယ်"
"နောက်တစ်ခါမှ စားမယ်"
ချန်ယင်ကျိုးက သူမကို ငုံ့ကြည့်ရင်း သူ့လေသံက အရင်ကနဲ့ ဘာမှမထူးခြားဘဲ သူ့ခံစားချက်များကိုလည်း သေချာမကြားနိုင်ပါပေ။
"အင်း ရှင်စားချင်တဲ့အခါကျရင် ကျွန်မကိုမေးလိုက်၊ ကျွန်မမှာ အများကြီးကျန်သေးတယ်ရယ်"
ဆုတန်က သူမ၏အဝတ်အစားများပေါ်ရှိ အိတ်ကပ်ကို ပွတ်သပ်လိုက်ရာ အိတ်ကပ်သေးသေးလေးမှာ ဖောင်းနေပြီး သကြားလုံးများစွာနှင့် ပြည့်နှက်နေခဲ့သည်..။
"ဟုတ်လား" ဟုပြောကာ ချန်ယင်ကျိုးက အေးအေးဆေးဆေးပင် ထွက်သွားပြန်၏။
[ ဆုတန်: ဥပဓိရုပ်လေးက ချောလိုက်တာနော်။
ချန်ယင်ကျိုး : နောက်တစ်ခါ မီးမွှေးမယ်ဆို ငါကူညီပေးမယ် ]
ဆုတန်က အဒေါ်ကြီးတစ်ယောက်လို နူးညံ့စွာ ပြုံးလိုက်ပြီး ဒါဟာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအတွက် ခြေလှမ်းသစ်တစ်ခုလို့ သတ်မှတ်လို့ရလားလို့ စဉ်းစားလိုက်သည်။
ထမင်းကြော်စလုပ်တော့ ဆုတန်က သူမမှာ ကြက်ဥမရှိသေးဘူးဆိုတာ သိလိုက်ရလေသည်။
ချန်မိသားစုမှာ ကြက်အနည်းငယ်မွေးမြူထားသော်လည်း ထိုကြက်များက နှစ်ရက် ဒါမှမဟုတ် သုံးရက်တစ်ကြိမ်သာ ဥဥလေ့ရှိပေသည်။ပြီးတော့လည်း ဥလာတဲ့ ကြက်ဥက သေးသေးလေးဆိုတော့ အဖွားချန်က မစားနိုင်တော့ဘဲ ပိုက်ဆံနည်းနည်းနဲ့ လဲလှယ်ဖို့သာ တောင်းသေးသေးလေးထဲ ထည့်လိုက်တော့သည်။
ဆုတန်က အဖိုးတန်တဲ့ ဒေသခံဥများထံသို့ သူမရဲ့ခြေသည်းများကို ဆန့်ထုတ်ရန်အတွက် သည်းမခံနိုင်တော့တာကြောင့် ကြက်ဥများကို စနစ် 3742ထံမှ တောင်းဆိုလိုက်သည်။
"မရှိဘူး" 3742က ပွင့်ပွင့်လင်းလင်း ဖြေလာခဲ့သည်။
ဆုတန်က ချော့မော့ကာ ပြုံးပြလိုက်ပြီး "ဘယ်လိုမှ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး။နင်က ငါ့ရဲ့ ဒိုရေမွန်လေးလေ၊ နင့်မှာ ငါလိုချင်တာ အကုန်ရှိတယ်"
စနစ် 3742 သည် သူမ၏ ကပ်ဖားယပ်ဖားလုပ်ပုံကို ထပ်သည်းမခံနိုင်တော့တာကြောင့် ဥခြောက်လုံးကို ပစ်ချပေးလိုက်တော့သည်။