ဆုတန်က နေမကောင်းသေးတာကြောင့် လျှို့ဟွိုင်ခွေ့ဆီမှ အလုပ်နှစ်ရက်လောက် ခွင့်ယူခဲ့ရသည်။ရှုဟောင်နဲ့ တခြားသူများကလည်း ဆုတန် ဖျားနေတယ်ဆိုတဲ့ သတင်းကြားတဲ့အခါမှာ စိတ်ပူပန်သွားခဲ့ကြ၏။ဒါကြောင့် သူတို့တွေက အလုပ်ပြီးတဲ့အခါမှာ ဆုတန်ကိုကြည့်ဖို့အတွက် ချန်ယင်ကျိုးနှင့်အတူ လိုက်လာခဲ့ကြလေသည်။
လူလေးဦးက လူအယောက်လေးဆယ်လောက် အင်အားအရှိန်နဲ့ လျှောက်လာခဲ့ကြပြီး တင်းကုတ်နားရောက်တဲ့အခါ အဘွားချန်က ကြက်ကလေးတွေကို အစာကျွေးနေတာကို အရင်ဆုံး တွေ့လိုက်ကြသည်။
လူများက အဘွားအိုအား ယဉ်ကျေးစွာ အရင်နှုတ်ဆက်လိုက်ပြီး သူတို့ဒီကိုလာရတဲ့အကြောင်းအရင်းကို ရှင်းပြလိုက်ကြ၏။ဆုတန်က အထဲကနေ လူများစွာရဲ့အသံကို ကြားလိုက်တဲ့အခါ သူတို့ကိုနှုတ်ဆက်ဖို့အတွက် အထဲကနေ အမြန်ထွက်လာခဲ့သည်။
“အဘွား ဒါက သမီးနဲ့ရှောင်ကျိုးရဲ့ ပညာတတ်လူငယ်သူငယ်ချင်းတွေပါ”ဆိုပြီးတော့ ဆုတန်က သူ့သူငယ်ချင်းတွေကို တစ်ယောက်ပြီးတစ်ယောက် အဘွားချန်နဲ့ မိတ်ဆက်ပေးလိုက်သည်။
အဘွားအိုက ပျော်ရွှင်စွာခေါင်းငြိမ့်လိုက်ပြီး လူငယ်လေးတွေကို ညစာတစ်ခါတည်း စားသွားဖို့အတွက် ဖိတ်ခေါ်လိုက်၏။အဘွားအို၏ ရင်းနှီးလွယ်သော အပြုအမူကိုမြင်ရတာကြောင့် လူငယ်လေးတွေက မငြင်းသာကြတော့ပါ။
ချန်ယင်ကျိုးကတော့ ဘေးနားမှာရပ်နေရုံသာရပ်နေပြီး ဘာစကားမှဝင်မပြောဘဲ ရေယူရန်သာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
အဘွားအိုချန်က မီးမွေးနေရင်း ပျော်ရွှင်စွာနဲ့ မေးလာခဲ့သည်။ “လူငယ်လေး မင်းမှာ ဘယ်တုန်းက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သူငယ်ချင်းတွေအများကြီး ရလာခဲ့တာလဲ”
“အခုပဲ ရလိုက်တာ” ဟုဆိုလိုက်ကာ သူက အေးစက်နေတဲ့ ရေခွက်အကြီးကြီးကို တစ်ခါတည်းမောသောက်လိုက်ပြီး စိတ်ဓာတ်ကျစွာနဲ့ မီးဖိုချောင်အပြင်သို့ ပြန်ထွက်လိုက်သည်။
ထိုနောက် လူငယ်များက တင်းကုတ်ထဲမှာ အလုပ်ရှုပ်နေခဲ့ကြပြီး ကျန်းချွေ့ရှန်းကလည်း အဘွားချန် ညစာအားပြင်ဆင်တာကို ကူညီပေးရင်း အလုပ်ရှုပ်နေခဲ့သည်။ဆုတန်က ထိုလူတွေကို တကူးတက ချကျွေးစရာ ဘာမုန့်မှမရှိတဲ့အတွက် သကြားလုံးအနည်းငယ်ကို ထုတ်လိုက်ပြီး ဘယ်သူတွေစားချင်လဲဟုသာ မေးမြန်းလိုက်သည်။
ရှုဟောင်က သူ့ရဲ့လက်ကို လှုပ်ယမ်းလိုက်ပြီး တုံ့ဆိုင်းစွာ ပြောလာခဲ့၏။
“နင်က ငါတို့ကို သကြားလုံးတွေကျွေးနေတာက ငါတို့ကို သုံးနှစ်သားကလေးတွေလို့များ ထင်နေတာလား”
ချန်ယင်ကျိုးက သူ့ကို ထူးခြားစွာတစ်ချက်ကြည့်လိုက်ပြီး ဘာစကားမှတော့ ပြောမလာခဲ့ပါပေ။
ဆုတန်က ကြိတ်ပြုံးလိုက်ကာ သူ့ကို “ထားလိုက်ပါတော့ နင်မလိုချင်ရင်လည်းနေလေ။ ငါ သကြားလုံးတွေအကုန်လုံးကို ချန်ယင်ကျိုးကိုပဲကျွေးလိုက်တော့မယ်”
3742 : အိုး၊ သွားပိုးပေါက်တွေ ပေါက်လာမှာ မကြောက်ဘူးလား။
ညစာအတွက် ကျန်းချွေ့ရှန်းက ပဲပိစပ်နဲ့ ခေါက်ဆွဲကြော်လုပ်ထားကာ ခြံထဲမှာ လူတော်တော်များများ ထိုင်စားရင်း စကားပြောကာ ရယ်မောနေကြလေသည်။ရှုဟောင်က အရသာရှိလွန်းသော အစားအစာများကြောင့် ငိုချလုမတတ်ပါပေ။ပန်းကန်လုံးတစ်ပန်းကန် စားပြီးတာနဲ့ နောက်ထပ်နှစ်ပန်းကန် ထပ်စားလိုက်သေး၏။
ချန်ယင်ကျိုးကတော့ ခေါက်ဆွဲကို ဆုတန်လုပ်ထားတဲ့ ကြက်ဥကြော်လောက် အရသာမရှိဘူးလို့ တွေးမိလိုက်သော်လည်း ခေါက်ဆွဲကိုသာ တိတ်တိတ်လေး စားလိုက်သည်။
ကလေးတွေ ပျော်ပျော်ပါးပါး စားသောက်နေတာကိုမြင်တော့ အဖွားချန်လည်း ပျော်သွားခဲ့ရလေသည်။
သူတို့က ချန်ယင်ကျိုးရဲ့ သူငယ်ချင်းဖြစ်ပေမယ့် တက်ကြွသော ပင်ကိုယ်စရိုက်ရှိပြီး သူ့မြေးရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကောင်းကောင်းသိပြီးတာတောင် သူငယ်ချင်းဖွဲ့ကြတာဆိုတာကြားရတော့ သူမ အရမ်းပျော်မိ၏။
ညစာစားပြီးနောက် ပြန်မထွက်ခွာခင်အထိ လူတော်တော်များများ စကားစမြည်ပြောနေကြကာ လူများပြန်သွားတဲ့အခါမှာတော့ ခြံကျဉ်းလေးသည် ချက်ချင်းပင် တိတ်ဆိတ်သွားလေတော့သည်။
ဆုတန် ထွက်လာသောအခါတွင် ချန်ယင်ကျိုးက တံစက်မြိတ်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရတာကြောင့် သူမမှာ စူးစမ်းချင်စိတ်နှင့် စောင့်ကြည့်ရန် ထိုနေရာတွင် ရပ်နေခဲ့လိုက်သည်။
ထိုနောက် ဆုတန်က မေးလာလေသည်။ "ဘာကြည့်နေတာလဲ?"
"ပျံလွှားငှက်" ချန်ယင်ကျိုးက ပြန်ပြောလိုက်သော်လည်း သူ့လေသံထဲတွင် ဘာခံစားချက်မှမရှိခဲ့ပေ။
ဆုတန်သည်လည်း ပျံလွှားအသိုက်ကို တွေ့လိုက်တာကြောင့် "အထဲမှာ ငှက်ကလေးတွေရှိတာလား??"
ချန်ယင်ကျိုးက ခေါင်းညိတ်ပြလိုက်ပြီး ခဏအကြာတွင် "သူတို့အမေနဲ့ အတူရှိနေတာ ကောင်းတယ်"
ဆုတန် အံ့ဩသွားပြီး သူမ ချက်ချင်း ရောထွေးနေသော ခံစားချက်များကို ခံစားလိုက်ရလေသည်။ သူမမှာ ရုတ်တရက် ဘာပြောရမှန်းမသိသောကြောင့် သူနှင့်အတူ ငြိမ်သက်စွာသာ ရပ်နေနိုင်ခဲ့သည်။
ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်လာပြီး 1970 ခုနှစ်များ၌ ကျေးလက်ဒေသများတွင် ဖျော်ဖြေရေးလှုပ်ရှားမှုများ မရှိခဲ့ပါ။အလုပ်များသောရာသီဖြစ်၍ လူတိုင်းပင်ပန်းနေကြတာကြောင့် မှောင်လာသည်နှင့်အမျှ သူတို့အားလုံး အိပ်ပျော်သွားကြလေသည်။
ခဏလောက် ကြည့်ပြီးနောက် ချန်ယင်ကျိုးက သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။ ညကအေးနေတာကြောင့် သူက “လာ၊ မင်းနေမကောင်းသေးဘူး” လို့ ပြောလိုက်သည်။
ဆုတန်က ပြုံးပြလိုက်ပြီး "ငါနေကောင်းနေပါပြီ၊ မင်းဘာလို့ ဒီလောက်တောင် ဂရုစိုက်နေတာလဲ" ဟု ပြောပြီးတာနဲ့ သူမ နှာထချေလေရာ သူမနှာခေါင်းကိုသာ အံကြိတ်ကာ ပွတ်သပ်လိုက်သည်။
ချန်ယင်ကျိုးက ထိုမြင်ကွင်းကြောင့် ပြုံးနေသကဲ့သို့ သူ့ပါးစပ်ကို အနည်းငယ်ဖွင့်လိုက်၏။
ဆုတန်က မျက်တောင်ကပ်နေ၍ ရှင်းရှင်းလင်းလင်းမမြင်ရတာကြောင့် ချက်ချင်းပြန်သုတ်ကာ ဖွင့်ကြည့်လိုက်သော်လည်း ချန်ယင်ကျိုးက သူ၏ယခင်မျက်နှာကို ထုတ်ဖော်မပြဘဲ ပြန်တည်သွားခဲ့လေသည်။
"အခုနက ရယ်နေတာမလား" ဆုတန်က မေးလာရာ "မဟုတ်ဘူး" ဟု ချန်ယင်ကျိုးက အံသြစွာ ခေါင်းခါလိုက်သည်။
"နင် ရယ်ချင်ရင် ရယ်လိုက်ပါ။ ရယ်ရတာ ရှက်စရာ မဟုတ်ပါဘူး"
ချန်ယင်ကျိုးက သူမကို လျစ်လျူရှုလိုက်ပြီး သူ့ခြေတံရှည်ရှည်တွေဖြင့် အိမ်ထဲသို့သာ ၀င်သွားခဲ့သည်။
ဆုတန်က ခေါင်းခါလိုက်ပြီး ဒီကလေးက ဘာလို့ ဒီလောက်တောင် အဆင်မပြေရတာလဲလို့ တွေးနေမိသည်။
ရက်အနည်းငယ်အကြာတွင် လျှို့ဟွိုင်ခွေ့သည် အဖွဲ့ဝင်များ၏ခွဲဝေမှုနှင့် ရည်ရွယ်ချက်အကြောင်း အားလုံးကို ပြောပြခဲ့လေသည်။ ဆုတန်ကလည်း ထပ်ပြီးအစီအစဥ်တွေ လုပ်ပါတော့သည်။
မြို့မှ ပညာတတ်လူငယ်ငါးဦးသည် တစ်အုပ်စုတည်းဖြစ်၍ ၎င်းတို့အတွက် လေ့ကျင့်မှုက တစ်မျိုးဖြစ်သည်။ထိုကြောင့် လျှို့ဟွိုင်ခွေ့က အတွေ့အကြုံရှိ ရွာသားတစ်ဦးကို ဦးဆောင်စေလိုရာ လူတိုင်း၏ ထင်မြင်ယူဆချက်များကို တောင်းခံပြီး သင့်လျော်သော ကိုယ်စားလှယ်လောင်းတစ်ဦးရှိမရှိ မေးမြန်းလိုက်သည်။
သို့သော် မည်သူမှ စကားမပြောမီ ဆုတန်က သူမ၏လက်ကို ဦးစွာမြှောက်လိုက်ရာ လျှို့ဟွိုင်ခွေ့က ခေါင်းညိတ်ပြလိုက်ပြီး သူမကို စကားပြောရန် လှုံ့ဆော်ပေးလိုက်သည်။
"ခေါင်းဆောင် ရဲဘော်ချန်ယင်ကျိုးကို ဘာလို့ ခေါင်းဆောင် လုပ်ခွင့်မပေးရမှာလဲ"
ဆုတန်ရဲ့စကားကြောင့် လူတော်တော်များများက အတော်လေး တုန်လှုပ်သွားခဲ့ကြပြီး အားလုံးသုံးလေးယောက် အုပ်စုဖွဲ့ ဆွေးနွေးနေကြလေသည်။သူတို့ဆွေးနွေးနေကြချိန် ချန်ယင်ကျိုးကတော့ ညိုးငယ်သောမျက်နှာဖြင့် လူအုပ်၏ အဆုံးတွင် ရပ်နေ၏။
လျှို့ဟွိုင်ခွေ့က အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်မှာ ထင်ရှားပေသည်။ ချန်ယင်ကျိုးက အထီးကျန်ဆန်ပြီး ပေါင်းသင်းဆက်ဆံရန် မလွယ်ကူပေ။ သူသည် အခြားသူများနှင့် စကားစပြောရန်ပင် ခက်နေရာ သူက အလုပ်သမားကောင်းတစ်ဦးဖြစ်သော်လည်း သူ၏စရိုက်ကတော့ အလွန်ဖော်ရွေခြင်းမရှိပါပေ။
ဆုတန်က ဒီလိုပြောတာကိုကြားတော့ ရှုဟောင် က "ဟုတ်တယ် ခေါင်းဆောင်၊ ရဲဘော်ချန်ကို ကျွန်တော်တို့ကို ဦးဆောင်ခွင့်ပေးသင့်တယ်။ကျွန်တော်တို့က သူနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက လက်တွဲဖူးပြီး တစ်ယောက်နဲ့တစ်ယောက်ကလည်း ရင်းနှီးပြီးသားလေ"
ထိုနေ့က ချန်ယင်ကျိုး သူ့နဲ့ဝိန့်ဟွိုင်ရှုတို့ကို ကူညီပေးခဲ့တာကို သူ မှတ်မိနေပါသေးသည်။ ထို့အပြင် သူက ချန်ယင်ကျိုး၏အိမ်တွင်လည်း အစားအစာအနည်းငယ်စားခဲ့ဖူးပြီး ရင်းနှီးမှုမှာ တော်ရုံမဟုတ်တော့ပေ။ချန်ယင်ကျိုးက သုန်မှုန်အေးစက်ပြီး ရယ်မောရတာကို မကြိုက်ပေမယ့် ရှုဟောင်ကတော့ တစ်ဖက်သူကို လူကောင်းတစ်ယောက်လို့သာ ထင်မြင်ခဲ့သည်။ အနာဂတ်မှာ သူတို့နေ့တိုင်း အတူတူတွဲလုပ်ရင်း ချန်ယင်ကျိုးကို သူ ဟာသတွေထပ်ပြောနိုင်ပါသေးသည်။
ချန်ယင်ကျိုးက သူ့ဟာသကြောင့် မရယ်ဘူးဆိုတာကို သူမယုံဘူး။
ဒါကိုမြင်တော့ တခြားပညာတတ်လူငယ်တွေလည်း သဘောတူလာကြသည်။
သူတို့ ဘယ်လောက်ထိ တောင့်ခံနေလဲဆို လျှို့ဟွိုင်ခွေ့ကတောင် ဘာပြန်ပြောရမှန်း မသိတော့ပါ။သူတို့က ချန်ယင်ကျိုးနှင့် တစ်အုပ်စုတည်း အတူတူရှိရန် ဆန္ဒရှိနေကြတာ ဖြစ်သောကြောင့် သူ့တို့ကိုစီစဉ်ရန် စိတ်ပူစရာတော့ မလိုတော့ပေ။
"ဒါဆို မင်းတို့ရဲ့အဖွဲ့ခေါင်းဆောင်က......"
လျှို့ဟွိုင်ခွေ့က ခဏတာ တုံ့ဆိုင်းသွားပြန်လေသည်။ပညာတတ်လူငယ်များသည် လယ်ယာလုပ်ငန်းကို တစ်ခါမျှ မလုပ်ဖူးသောကြောင့် ခေါင်းဆောင်ဖြစ်ရန် မသင့်တော်ပါ။ ဒါပေမယ့် ချန်ယင်ကျိုးရဲ့ စရိုက်လက္ခဏာကလည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မှာမဟုတ်သလို လူတိုင်းနဲ့လည်း လိုက်လျောညီထွေမဖြစ်မှာကို စိုးရိမ်ရပြန်လေသည်။တကယ်လို့ သူသာ လူတိုင်းနဲ့ လိုက်လျော ညီထွေမဖြစ်လာရင် ဒုက္ခရောက်လိမ့်မယ်။
"ကျွန်မလည်း ရဲဘော်ချန်ယင်ကျိုးကို အကြံပေးပါတယ်"
ဆုတန် ပြောပြီးသည်နှင့် လူအုပ်နောက်ကွယ်မှ ချန်ယင်ကျိုးမှာ ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။
အဖွဲ့... ခေါင်းဆောင်?
သူ မလုပ်နိုင်ဘူး...
ဆုတန်၏ အကြောင်းပြချက်များကတော့ အလွန်လုံလောက်ပါသည်။ ချန်ယင်ကျိုးက လယ်ယာလုပ်ငန်းခွင်နှင့် ရင်းနှီးပြီး၊ လျင်မြန်ပြီး လေးလေးနက်နက် အလုပ်လုပ်ကာ စွမ်းဆောင်ရည်မြင့်မား၏။သူ၏ပင်ကိုယ်စရိုက်က အနည်းငယ် မွဲခြောက်ကာ မရင်းနှီးလွယ်သော်လည်း သူက ဖြောင့်မှန်ပြီး မည်သူ့ကိုမျှ မျက်နှာသာမပေးဘဲ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်လျော်သည်ဟု ဆုတန်သတ်မှတ်ထားလေသည်။
"စိတ်မပူပါနဲ့ ခေါင်းဆောင်၊ ကျွန်တော်တို့အားလုံးက သူငယ်ချင်းတွေဖြစ်ပြီး ကျွန်တော်တို့က ကောင်းကောင်းပူးပေါင်းပြီး သီးနှံကောင်းကောင်းတွေ စိုက်ပျိုးနိုင်မှာ သေချာပါတယ်!"
ရှုဟောင်၏စကားများက လျှို့ဟွိုင်ခွေ့အတွက် စိတ်ချမှုတစ်ခုဖြစ်လာလေသည်။
လျှို့ဟွိုင်ခွေ့သည် ဤပညာတတ်လူငယ်များက အမှန်တကယ် အံ့သြဖွယ်ကောင်းသည်ဟု ခံစားမိသည်။ ချန်ယင်ကျိုးသည် ဝမ်ရွေ့ရွာတွင် ဆယ်နှစ်ကျော်နေထိုင်ခဲ့သော်လည်း မည်သူနှင့်မျှ ဆက်ဆံရေးကောင်းမွန်ခြင်း မရှိခဲ့ပေ။ ဤပညာတတ်လူငယ်များသည် ဤနေရာရောက်တာ ရက်အနည်းငယ်သာရှိသေးပေမယ့် သူနှင့်မိတ်ဆွေဖြစ်ခဲ့ကြသည်။
ဒါက အသိပညာရဲ့ စွမ်းအားဖြစ်နိုင်၏။ အနာဂတ်တွင် ခက်ခက်ခဲခဲလေ့လာရန် လူတိုင်းကို စည်းရုံးရမည်ဟု ထင်သည်။
ဒီလိုနဲ့ပင် ချန်ယင်ကျိုးက ပညာတတ်လူငယ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။လျှို့ဟွိုင်ခွေ့က သူ့ကိုလှမ်းခေါ်ပြီး စိတ်အားထက်သန်စွာနဲ့ စကားအများကြီးပြောခဲ့ကာ အကြမ်းဖျင်းအားဖြင့် ထိုစကားဝိုင်းတစ်ခုလုံးက သူသည် ပညာတတ်လူငယ်အဖွဲ့ကို ထုတ်လုပ်မှုတွင် ကောင်းမွန်သောအလုပ်တစ်ခုအဖြစ် ဦးဆောင်ကာ ဆောင်းဦးတွင် စပါးရိတ်သိမ်းမှုကြီးကြီးမားမားရရှိရန် ကြိုးပမ်းသင့်သည်ဟု အကြမ်းဖျင်း ပြောဆိုခဲ့တာပင်။
ချန်ယင်ကျိုးက ဘာပြောရမှန်း မသိတာကြောင့် စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကိုပွတ်သပ်လိုက်သည်။
သူသည် ဤအဖွဲ့၏ခေါင်းဆောင်ဖြစ်ရန်၊ အခြားသူများနှင့် မည်သို့ပေါင်းသင်းရမည်ကို မသိပေ။
ဘေးက ဆုတန်က သူ့အဝတ်အစားထောင့်ကို ဆွဲလိုက်ပြီး သူ့ကိုအားပေးဖို့ လက်သီးကို မြှောက်ကာ "ရဲဘော်ချန် ငါတို့အားလုံး မင်းကိုယုံကြည်တယ်။ မင်းက ငါတို့ကို ထုတ်လုပ်မှုမှာ ကောင်းကောင်းလုပ်နိုင်ဖို့ သေချာပေါက် ဦးဆောင်ပေးလိမ့်မယ်။ ငါတို့ မင်းနဲ့ ပူးပေါင်းလုပ်ဆောင်ပါ့မယ်!"
ချန်ယင်ကျိုးကို အားတက်စေခဲ့သော ဆုတန်၏ တောက်ပသော အပြုံးကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထိုအချိန်မှာတော့ သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လင်းလက်လာရာ ချန်ယင်ကျိုးက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ပြီး ထိုအရာကို လေးနက်စွာ သဘောတူလိုက်သည်။