ဆုတန်ရဲ့ခေါင်းက လေးလံနေကာ သူမ နိုးတဝက် အိပ်တစ်ဝက် ဖြစ်နေလေသည်။ တိမ်တွေပေါ်မှာ လမ်းလျှောက်နေရသလိုမျိုး နိမ့်လိုက်မြင့်လိုက်ဖြစ်နေသလို ခံစားနေရ၏။ ချန်ယင်ကျိုးရဲ့လည်ပင်းကို သူမလက်က အလိုလို ချိတ်ဆွဲမိထားပြီး မာကျောသော သစ်သားဘုတ်ပေါ်တွင် လဲလျောင်းနေရသလို မသက်မသာ ခံစားနေရသည်။
သူမခန္ဓာကိုယ်ကို အဆင်မပြေစွာ တွန့်လိမ်လိုက်ပြီး မိန်းကလေးတစ်ယောက်ရဲ့ နူးညံ့မှုက ချန်ယင်ကျိုးရဲ့ သန်မာတဲ့နောက်ကျောကို ဖိမိသွားခဲ့သည်။ခွန်အားများပြည့်လျှံနေသည့် ချန်ယင်ကျိုးမှာ ရုတ်တရက် အေးခဲသွားရ၏။သူ့ငယ်ထိပ်သို့ သွေးများဆောင့်တက်လာသလို ခံစားလိုက်ရပြီး သူ့ခေါင်းက မီးခိုးငွေ့တွေ ထွက်လာလုနီးပါး ဖြစ်သွားရသည်။ သူ့နောက်ကျောက မီးလောင်သလို ပူပြင်းနေပြီး သူ့မျက်နှာမှာလည်း နီမြန်းနေလေသည်။
သူ့ကျောပေါ်မှ လူကတော့ အလွန်မသက်မသာဖြစ်နေပုံရကာ ဆက်ပြီး လှုပ်လှုပ်ယွယွ ဖြစ်နေခဲ့သည်။လမ်းက လျှောက်ရတာ မလွယ်ပေ။ချန်ယင်ကျိုးက ဆုတန်ကို ဂရုစိုက်နေရပြီး လမ်းကို သတိထားလျှောက်နေရသည်။ ရွှံ့ဗွက်အိုင်များကိုလည်း အကြိမ်ရေတချို့ နင်းမိခဲ့၏။
"မလှုပ်နဲ့!"
ချန်ယင်ကျိုး အသံသြသြဖြင့် ပြောလိုက်သည်။ သူမက လူနာတစ်ယောက်ဖြစ်နေတာကို ထောက်ပြီး ကလေးချော့သလိုမျိုး အသံအနည်းအငယ် နူးညံ့လိုက်ကာ " နည်းနည်းလောက် တောင့်ထားဦး။တို့တွေ ဆေးခန်းရောက်တော့မယ် "
"ဆေးထိုးပြီးရင် သက်သာသွားမှာ "
သူ နူးညံ့စွာ ပြောလိုက်သည်။
သူ့နောက်ကျောပေါ်မှလူက သူပြောတာ ကြားမကြား မသိပေ။ ဘာပဲဖြစ်ဖြစ် ချန်ယင်ကျိုးပြောပြီးနောက် ဆုတန်က မလှုပ်တော့ပဲ သူ့လည်ပင်းကိုသာ ပွေ့ဖက်ထားပြီးပြီး ကျောတွင်မျက်နှာအပ်ကာ မှိန်းနေတော့သည်။
ချန်ယင်ကျိုး စိတ်အေးသွားပြီး ဆေးခန်းဆီသို့ ပိုမြန်မြန် လျှောက်လိုက်သည်။သူက မြန်မြန်လျှောက်နေသော်လည်း ဆုတန် အဆင်မပြေမဖြစ်စေရန် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားခဲ့သည်။
ဆေးခန်းက မဖွင့်သေးပါပေ။ချန်ယင်ကျိုးက ဆေးခန်းကို ရောက်ဖူးပြီး တာဝန်ကျဆရာဝန်တစ်ဦးရှိကြောင်း သိထား၏။
သူ ဆုတန် ပြုတ်မကျအောင် ထိန်းထားပြီးနောက် တံခါးခေါက်လိုက်သော်လည်း ပြန်ဖြေသူမရှိခဲ့ပေ။
သူကျောပေါ်မှလူက အလွန်အမင်း မသက်မသာဖြစ်နေကာ ကောင်းစွာအိပ်မပျော်နိုင်တာကြောင့် ချန်ယင်ကျိုး နောက်တစ်ဖန် တွန့်လိမ်လာခဲ့ပြန်သည်။
ချန်ယင်ကျိုးက အရမ်းမြန်မြန် ပြေးလာတာကြောင့် သူ့မျက်နှာနဲ့ လည်ပင်းတွေနီရဲနေပြီး နဖူးမှာလည်း ချွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ထို့အပြင် ဆုတန်ရဲ့မေးစေ့က သူ့ပခုံးတွင်မှီထားကာ သူမ ရှူထုတ်လိုက်သော လေပူများက သူ့လည်ပင်းကို တိုက်ရိုက်ထိခတ်နေခဲ့သည်။ ချန်ယင်ကျိုး သူ့တစ်ကိုယ်လုံးက လောင်ကျွမ်းသွားတော့မလို ခံစားနေရလေ၏။
ထိုကြောင့် ပြင်းထန်သည့် ကုသမှုကို ခံစားနေရသလိုမျိုး အားပြင်းပြင်းနှင့် ဆေးခန်းတံခါးဝကို ဆောင့်ကန်ပစ်လိုက်သည်။
ဆေးခန်းရဲ့ တစ်ဦးတည်းသော ဆရာဝန်မှာ စာသင်ရန် မြို့တက်သွားခဲ့ပြီး အသစ်ပြောင်းလာသော သူနာပြုမှာတော့ ယခုမှ အလုပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က ဆေးခန်းကိုဖြိုဖျက်တော့မလိုမျိုး သူတို့ဆေးခန်း တံခါးကို အပြင်းအထန် ဆောင့်ကန်နေသည်အား သူမ အဝေးမှမြင်လိုက်ရသည်။
"ရဲဘော် တံခါးခေါက်နေတာ ရပ်လိုက်တော့ အထဲမှာ ဘယ်သူမှမရှိဘူး!"
သူနာပြုဆရာမခမျာ အပြေးရောက်လာခဲ့ရတော့သည်။ဒီအတိုင်းသာ ဆက်ခေါက်နေလျှင် သူ့တို့ ဆေးခန်းတံခါးလေး အသစ်လဲရလောက်သည်။
သူနာပြုဆရာမက ဆေးခန်းသော့ကိုထုတ်ယူပြီး တံခါးဖွင့်လိုက်သည်။သူမ လှည့်ကြည့်ချိန်တွင် ချန်ယင်ကျိုးက မှုန်ကုပ်ကုပ်မျက်နှာဖြင့် သူမအားစိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။
လူချောလေးထံမှာ စိုက်ကြည့်ခံနေရခြင်းက ကောင်းသည့်အရာဆိုသော်လည်း ဒီလူချောလေးက ရက်စက်လွန်းပြီး သူ့မျက်လုံးများက မီးတောက်နေပုံရသည်။
" သူမ ဘာဖြစ်တာလဲ? "
သူနာပြုမှာ လေထုက အနည်းငယ်တင်းမာနေသလို ခံစားရတာကြောင့် အမြန်ခေါင်းစဉ်ပြောင်းလိုက်သည်။။
ဒီလှည့်ကွက်က တကယ်အလုပ်ဖြစ်သွား၏။ ချန်ယင်ကျိုးက လူနာကိုအထဲသို့ သယ်လာပြီး အခန်းထဲမှ ကုတင်ပေါ်တွင် တင်လိုက်သည်။
" မနေ့က မိုးမိသွားပြီး ညဖက်ကျတော့ အဖျားတက်လာတာ။အဖျားမကျသေးဘူး”
သူ အလေးအနက် ပြောလိုက်သည်။
ချန်ယင်ကျိုးက အလွန်လျင်မြန်စွာ ပြေးလာခဲ့ရပြီး ယခုအချိန်တွင် အနည်းငယ် မောဟိုက်နေခဲ့သည်။
သူနာပြုဆရာမက ဆုတန်ရဲ့နဖူးကို ထိလိုက်ရာ တကယ်ပူကျစ်နေလေသည်။
" အရင်ဆုံး အဖျားကျအောင်လုပ်ပြီးမှ ရောင်ရမ်းတာကို သက်သာစေဖို့ IV ပေးရမယ်။ ဒါဆိုရင် အဆုတ်ရောင်တာမျိုး မဖြစ်တော့ဘူး"
သူနာပြုဆရာမက အသုံးပြုမည့်ဆေးကို အမြန်ပြင်ဆင်လိုက်ပြီး ချန်ယင်ကျိုးအား လူနာကို ဦးစွာဂရုစိုက်ထားရန် မှာထားလိုက်သည်။
ဆုတန်ရဲ့မျက်နှာက ပုံမှန်အချိန်တွေနဲ့မတူဘဲ နီမြန်းနေကာ အခုနီရဲယောင်ယမ်းနေပုံက ယမန်နေ့က ပါးများနီရဲနေပုံနှင့် လုံးဝမတူပေ။ သူမက အတော်လေး သက်တောင့်သက်သာမရှိစွာ အိပ်ပျော်နေလေသည်။ ချန်ယင်ကျိုးက အနည်းငယ် တုန်ယင်နေသည့် သူမ၏ မျက်တောင်များကို ခဏတာ စိုက်ကြည့်ပြီးနောက် ယခုလေးတင် သူနာပြုလုပ်သလို ဆုတန်ရဲ့ နဖူးပေါ်သို့ အသာလက်တင်ကြည့်လိုက်သည်။
ချန်ယင်ကျိုးရဲ့လက်က အနည်းငယ် အေးစက်နေပြီး ဆုတန်က အခုအချိန်မှာ အဖျားတက်နေတာကြောင့် သူ့ထက် အပူရှိန်ပိုနိမ့်တဲ့ အရာဝတ္ထုကို ထိမိသွားချိန်မှာ သူမရဲ့မသိစိတ်က ပိုနီးကပ်ချင်သွားမိသည်။
သူမက ချန်ယင်ကျိုးရဲ့လက်ကို မှင်တက်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏မျက်နှာကို ပွတ်သပ်လိုက်သည်။
၎င်းက အေးမြပြီး အနည်းငယ်သက်တောင့်သက်သာ ပိုရှိ၏။
ဆုတန်က သတိလစ်နေပြီး သူမဘာလုပ်နေကြောင်းကို မသိပေ။ သို့ရာတွင် ချန်ယင်ကျိုးကတော့ ခေါင်းက အင်မတန်ကြည်လင်နေခဲ့တာဖြစ်သည်။ဆုတန် သူ့လက်ကို လှမ်းဆွဲလိုက်ချိန်၌ လုံးဝအံ့အားသင့်သွားခဲ့ကာ တုံ့ပြန်ရန်တောင် အချိန်မရှိလိုက်ပါပေ။အခု ဆုတန်က သူ့လက်ကိုဆွဲယူပြီး လူသားရေခဲဗူးအဖြစ် အသုံးပြုနေ၏။
ဆုတန်က အအေးဓာတ်ကို မခံစားရတော့မှီ အချိန်ထိ မလွှတ်ပေးခဲ့ပေ။
ဆုတန်ရဲ့အသားအရေက ချောမွေ့ပျော့ပျောင်းကာ နူးညံ့တာကြောင့် သူ့ရဲ့ ကြမ်းတမ်းတဲ့ လက်ဖဝါးနဲ့ ယှဉ်လိုက်လျှင် ဒါက ပြတ်သားတဲ့ ခြားနားမှုကို သိသာလာစေခဲ့သည်။ချန်ယင်ကျိုးမှာ သူ့လက်ဖဝါးက ယားယံလာသလို ခံစားလာရသည်။
ချန်ယင်ကျိုးက မျက်နှာနီနီရဲရဲဖြင့် ကုတင်ဘေးတွင် မတ်တပ်ရပ်နေပြီး သူ့လက်တစ်ဖက်ကို ပေးရမလား,မပေးရလားဟု တွေးနေချိန်တွင် သူနာပြုဆရာမက ဆေးပြင်ဆင်ပြီး ပြန် ရောက်လာခဲ့သည်။
သူနာပြုဆရာမလေးက မတတ်နိုင်ပဲ ချန်ယင်ကျိုးကို နောက်တစ်ချက်ကြည့်လိုက်ရာ တစ်ဖက်သူ၏မျက်နှာကလည်း နီရဲနေတာကို မြင်လိုက်ရ၏။
" ရဲဘော်၊ မင်းရော နေမကောင်းဘူးလား? အပူချိန်တိုင်းဖို့လိုလား? "
သူနာပြုဆရာမက သူ့အား ပြောလိုက်သည်။ သူမက ကြင်နာတတ်တာကြောင့် ချန်ယင်ကျိုး မျက်နှာက နီရဲနေတာကို မြင်လိုက်ရချိန်တွင် ဒီကောင်လေးမှာ ရောဂါပိုးဝင်ပြီး ဖျားနေပြီလား လို့ တွေးမိသွားခြင်းဖြစ်သည်။
ချန်ယင်ကျိုးကတော့ ဒီသူနာပြုဆရာမဟာ စကားများလွန်းသည်ဟု ခံစားနေရသည်။ လွန်ခဲ့သည့် တစ်စက္ကန့်လောက်က နီရဲနေခဲ့သည့် သူ့မျက်နှာမှာ ယခုတော့ အုံ့မှိုင်းနေပြီး သူ့လေသံကပင် ခုနလေးက ရှက်ရွံ့နေသူမှာ သူမဟုတ်သလိုမျိုး အေးစက်နေလေသည်။
" ကျေးဇူးပြုပြီး သူမကိုသာ မြန်မြန်ဆေးထိုးပေးပါ။ ကြည့်ရတာ နာကျင်နေသလိုပဲ"
ချန်ယင်ကျိုးက ကုတင်ပေါ်ရှိလူကို ဖြတ်ခနဲကြည့်ရင်း ပြောလိုက်သည်။ သူ့မျက်လုံးများက ဆုတန်ကိုသာ ကြည့်နေခဲ့သည်။
သူနာပြုဆရာမမှာ တစ်ဖက်လူရဲ့ ပြင်းထန်တဲ့ အကြည့်ကြောင့် ကြောက်ရွံ့ထိတ်လန့်သွားရပြီး စကားစမြည်ပြောဆိုလိုသော သူမရဲ့ဆန္ဒက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။ ကောင်မလေးကို ကြည့်နေသည့် သူ့အကြည့်ကိုမြင်ချိန်၌ ချက်ချင်းဆိုသလို တစ်စုံတစ်ရာကို နားလည်သွားခဲ့သည်။
သူတို့နှစ်ယောက်က စုံတွဲတစ်တွဲဆိုတာ အသိသားကြီးကို သူမက ဘာလို့များ ဝင်ရှုပ်နေမိပါလိမ့် ! ရှက်စရာကောင်းလိုက်တာနော်
ဆုတန်မှာ နဂိုထဲက ပိန်လှီတာကြောင့် သူမရဲ့လက်များမှာ ပျော့ပျောင်းပြီး အရိုးများသာ ရှိပြီး အသားမရှိသလောက်ပင်။ သူနာပြုဆရာမက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ကာ အချိန်အကြာကြီး စိုက်ကြည့်ခဲ့သော်လည်း တစ်ဖက်သူရဲ့ သွေးကြောကို ရှာမတွေ့ခဲ့ပေ။ ချန်ယင်ကျိုးရဲ့ မျက်နှာမှာ ချက်ချင်း အေးစက်လာခဲ့သည်။ ဆုတန်ရဲ့ လက်ဖြူဖြူ တစ်လျှောက်မှာ နီရဲနေသည်ကို သူမြင်နေရသော်လည်း သူနာပြုဆရာမကတော့ ဆေးထိုးရန် တွန့်ဆုတ်နေဆဲဖြစ်ပြီး သူမကို ကြည့်ရတာ အနည်းငယ် စိုးရိမ်နေပုံပေါက်ရသည်။
" ဘာလို့ ဆေးမထိုးတာလဲ။ ဘယ်တော့မှ ထိုးမှာလဲ"
သူက စိတ်တိုနေပြီး သူ့လေသံက သိပ်ဖော်ရွေ မနေချေ။
သူနာပြုဆရာမက နောက်ဆုံးတွင် သွေးပြန်ကြောကို ရှာတွေ့သွားသော်လည်း ရုတ်တရက် အသံကြောင့် ထိတ်လန့်သွားလေသည်။ထိုကြောင့် သူမရဲ့လက်က တုန်ခါသွားကာ အပ်က နေရာလွဲသွားခဲ့ရ၏။
ဆေးထိုးပြီးနောက် ဆုတန်က မသက်မသာခံစားလိုက်ရကာ သူမ မျက်လုံးမှိတ်ထားရင်း မျက်မှောင်ကြုတ်၍ ညည်းညူမိသွားခဲ့သည်။
သူနာပြုဆရာမလေးမှာ မှောင်မိုက်အေးစက်နေသည့် ချန်ယင်ကျိုးမျက်နှာအား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သွေးကြောပြန်ရှာရန် အာရုံစိုက်ရပြန်သည်။
သူမသာ ဒီအပ်ကို တည့်တည့်မတ်မတ် မထည့်နိုင်လျှင် သူမနှင့် ဤကျန်းမာရေးဌာနတစ်ခုလုံး ဒီ အမျိုးသားငယ်လေး လက်ချက်ဖြင့် ပျက်စီးသွားနိုင်သည်ဟု သူမ တွေးနေမိလေသည်။
............
ဆေးတစ်ပုလင်းလုံး ကုန်အောင်ချိတ်ပြီးနောက် ဆုတန် အဖျားကျလာကာ သူမမျက်နှာပေါ်မှ ပုံမှန်မဟုတ်သည့် နီရဲမှုများက ပျောက်ကင်းသွားပြီး အခုတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေပြီ။
ချန်ယင်ကျိုးက ကုတင်ပေါ်တွင်ထိုင်ရင်း ဖြူဖျော့ဖျော့မျက်နှာကို ခဏစိုက်ကြည့်နေပြီးနောက် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။ သူကိုယ်တိုင်လည်း ညလယ်လောက်ကစပြီး မအိပ်ရသေးတဲ့အပြင် သူမကိုချီကာ လမ်းတစ်လျှောက်လုံး ပြေးလွှားလာခဲ့ရတာကြောင့် အခုလိုစိတ်အေးသွားပြီးနောက် ထပ်ပြီး တောင့်မခံနိုင်တော့ပေ။
ဆုတန်ကလည်း အတော်အတန်ကြာတဲ့အထိ နိုးလာမယ့်ပုံမပေါ်တာကြောင့် ချန်ယင်ကျိုး ခဏအနားယူရန် ဆုံးဖြတ်လိုက်သည်။
ဆေးခန်းတစ်ခုလုံး တိတ်ဆိတ်နေ၏။ သူနာပြုဆရာမလေးက ဆေးဘူးများကို နောက်တစ်ခန်းမှာ သွားသိမ်းနေပေသည်။
သူတို့အား တစ်ချက်လာကြည့်ရာ နှစ်ယောက်လုံး အိပ်ပျော်နေသည်ကို တွေ့လိုက်ရတာကြောင့် သူမ မနှောင့်ယှက်တော့ပေ။ ဒီပျော့တိပျော့ဖတ်ကောင်လေးက သူ့ကောင်မလေးအပေါ်တွင် တကယ်ကောင်းသည်ဟု သူမ တွေးလိုက်သည်။ ယခုပုံစံအရဆိုလျှင် ဒီနေရာကိုပြေးလာခဲ့သည့် ခရီးဝေးတစ်လျှောက်လုံး သူမအား ကုန်းပိုးလာခဲ့ပုံရသည်။
အနာဂတ်တွင် သူမသည်လည်း သူမအပေါ်ကောင်းမည့် အမျိုးသားတစ်ဦးအား ရှာရမည်။ထိုအမျိုးသားက အခုအခန်းအပြင်မှာ ထိုင်နေတဲ့ အမျိုးသားလိုမျိုး ချောမောပြီး ခန့်ညားနေလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော်လည်း သူမရဲ့အမျိုးသားက ဒီအမျိုးသားထက် နည်းနည်းတော့စိတ်ကောင်းပိုရှိရမည်။ ဒီလိုကြမ်းတမ်းသည့် မျက်နှာထားအား သူမ တစ်နေ့လုံး ထိုင်မကြည့်နိုင်ပါလေ။
ထိုနောက် နည်းနည်းလေး ရှက်လာသလို ခံစားရတာကြောင့် သူမ ဒီအကြောင်းကို ထပ်မတွေးနိုင်တော့ပေ။