အဘွားချန် ရောက်လာသောအခါတွင် ချန်ယင်ကျိုးက ထိုနေရာတွင် ရပ်နေပြီး ဆုတန်ကို ဒေါသထွက်နေသည့် မျက်လုံးများဖြင့်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရတော့ စကားတစ်ခွန်းမှမပြောဘဲ ချန်ယင်ကျိုးတင်ပါးကိုသာ သွားရိုက်လိုက်လေသည်။ထိုမှသာ တပြိုင်နက်တည်း အတွေးကိုယ်စီဖြင့် တွေးတောနေတဲ့ လူနှစ်ယောက်ကို လန့်သွားစေခဲ့၏။
"ကောင်ဆိုးလေး မင်းဒီမှာဘာလာလုပ်နေတာလဲ။ မင်းရဲ့ ညီမလေးဆုကို ထပ်ပြီးအနိုင်ကျင့်နေပြန်ပြီလား??"
အဖွားချန်က သူ့မြေးကို မျက်နှာသာမပေးဘဲ အားအင်အပြည့်နဲ့ ရိုက်နှက်ကာ မေးလိုက်သည်။
ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရတဲ့ ချန်ယင်ကျိုးက သူ့ဖင်ကို ပွတ်သပ်ရင်း အဖွားကို မကျေမနပ်နဲ့ ကြည့်ကာ “ ကျွန်တော် မလုပ်ပါဘူး…” လို့ အသံသေးသေးလေးနဲ့ ပြန်ပြောလိုက်သည်။
ဆုတန် : .........?
ခုနကမှ ဒေါသအပြည့်ဖြင့် ရန်လိုချင်နေတဲ့ ဝံပုလွေလေးဟာ နူးညံ့ပျော့ပျောင်းတဲ့ အဖြူရောင် ယုန်လေးတစ်ကောင် ဘယ်လိုဖြစ်သွားတာလဲ။ဒီဆန့်ကျင်ဘက်ပုံစံက အရမ်းချစ်စရာကောင်းတာပဲ။
ငါ ဘာလုပ်သင့်သလဲ? သူက အရမ်းချစ်ဖို့ကောင်းတာပဲ။ သူ့ဆံပင်တွေကို ထိချင်လိုက်တာနော်။ဆုတန်ရဲ့ ဆိုးညစ်တဲ့လက်လေးတွေက လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေပါပြီ...
ဆုတန်က သူမ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ပျော်ရွှင်နေပေမယ့် အဖွားချန်ကိုတော့ ရှင်းပြရန်မမေ့ဘဲ "အဖွား၊ သူ ကျွန်မကို အနိုင်မကျင့်ပါဘူး။ကျွန်မတို့ အခု အချင်းချင်း နောက်ပြောင်နေကြတာပါ"
ဆုတန်က "နောက်နေတာ" ဟူသော စကားလုံးသုံးလုံးကို အပျော်သဘောမဟုတ်ဘဲ ကိုယ်ထိလက်ရောက်ထိမိခြင်းဖြစ်သည်ဟု ရည်ညွှန်းကာ တမင်တကာ အလေးပေးဖော်ပြခဲ့သည်။ချန်ယင်ကျိုးက သူမကို အံသြစွာ ကြည့်လာခဲ့၏။
အိမ်ခန်းထဲသို့ မဝင်မီတွင် ချန်ယင်ကျိုးက သူ့အဖွားအား အထူးအလေးပေး ပြောလာခဲ့သည်။ "သူမက ငါ့ညီမ မဟုတ်ဘူး" လေသံက ပိုလေးနက်မနေနိုင်သလို အပြစ်ကင်းစင်တဲ့ အရိပ်အမြွက်လည်း ရှိနေခဲ့သည်။
ဒီ "သူမ" ကဆုတန်ကိုရည်ညွှန်းပြီး မိမိကိုယ်ကိုယ် သက်သေထူနေသလိုပင်။
ဆုတန်က မျက်ခုံးပင့်လိုက်ပြီး တွေးကြည့်လိုက်တော့ ငါက နင့်ညီမ ဘယ်ဖြစ်ပါ့မလဲ။ တကယ်တန်းကျ နင့်အဒေါ်အရွယ်လောက် ရှိနေပြီလေ။
3742 : နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သူ့ရဲ့အသက်အရွယ်နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ နားလည်မှုတစ်ခု ရှိခဲ့ပြီပဲ။ မလွယ်ကူလိုက်တာနော်။
ဆုတန် : နင် စကားမပြောရင် နင့်ကိုလူမိုက်လို့ ဘယ်သူမှမဆက်ဆံဘူး။
" ကောင်စုတ်လေး မင်းအရိုက်ခံချင်နေပြန်ပြီ!"
အဖွားချန် သူ့ကိုရိုက်ဖို့ လက်ကိုမြှောက်လိုက်တာက်ုမြင်တော့ ချန်ယင်ကျိုးက ထိတ်လန့်တကြားနဲ့ အမြန်နောက်ဆုတ်သွားပြီး သူ့ဘေးက ကုလားထိုင်နဲ့တိုက်ပြီး လဲကျသွားခဲ့လေသည်။
ဆုတန်က အပြင်ဘက်မှာ တင်းမာတဲ့မျက်နှာထား ရှိပေမယ့် သူ့အဖွားကို ကြောက်လန့်ကာ ထွက်ပြေးသွားသော ချန်ယင်ကျိုးကိုကြည့်ကာ မနေနိုင်ဘဲ ရယ်မောမိသွားခဲ့သည်။
သူ့နောက်မှာကျန်ခဲ့တဲ့ ဆုတန်ရဲ့ရယ်သံကြောင့် ချန်ယင်ကျိုးက ဒေါသအရမ်းထွက်သွားပြီး သူ့မျက်နှာနဲ့ နားရွက်များ နီရဲလို့လာခဲ့သည်။
အခန်းထဲပြန်ရောက်ပြီးနောက် ချန်ယင်ကျိုး မျက်နှာပေါ်ရှိအပူများ မှိန်ဖျော့သွားစေရန် အချိန်အတော်ကြာခဲ့ရသည်။သူ့မသိစိတ်ကနေ သူ့လက်က သူ့ခေါင်းထိပ်ဆီ ရောက်သွားပြီး သူ့ဆံပင်တွေကို အကြိမ်ပေါင်းများစွာပွတ်သပ် ဆုပ်ကိုင်လိုက်သော်လည်း သူ နည်းနည်း လောက် မပျော်ပြန်ပါပေ။
သူ ဝန်မခံချင်ပေမယ့် ဒါက ဆုတန် သူ့ဆံပင်တွေကို ပွတ်ပေးသလိုမျိုး ဘာလို့ မသက်သာရတာလဲ မသိပါ။
ထိုလက်လေးက သူနှင့်မတူဘဲ သေးငယ်ကာ ပျော့ပျောင်းပြီး ပေါ့ပါးလှသည်။
ထူးဆန်းတာက သူ ဆုတန်ကို ထပ်ပြီးပွတ်ပေးဖို့ တောင်းဆိုချင်နေတာကမှ တကယ်ရှက်စရာကောင်းတာ မဟုတ်လား။
ဒါက သူ့ပုံရိပ်ကို အရမ်းထိခိုက်စေမှာလေ။
ချန်ယင်ကျိုးက တွေးကြည့်ရုံနဲ့ပင် အရမ်း စိတ်ဓာတ်ကျသွားပြီး သူ့မျက်နှာကို စောင်ထဲသို့ထိုးထည့်လိုက်သည်။သူ့မျက်နှာက အပူချိန်ကျသွားပေမယ့် နားရွက်တွေက သိသိသာသာ ပူလာပြန်၏။အဲ့အဖြစ်အပျက်က သူ့အတွက်အရမ်း စိတ်အနှောင့်အယှက်ဖြစ်ရလေသည်။
.............
နေ့ဖက်တွင် အလုပ်လုပ်ရခြင်းက တကယ်အားကုန်စေပြီး ဆုတန်က ချွေးများထွက်ကာ မိုးဒဏ်လေဒဏ်ပါ မိထားသဖြင့် ဂျင်းလက်ဖက်ရည် သောက်ထားသော်လည်း ကံမကောင်းစွာဖြင့် နေမကောင်းဖြစ်သွားဆဲပင်။
ညလယ်ရောက်ချိန်၌ ဆုတန်တစ်ယောက် အဖျားတက်လာတော့သည်။
သူမအတွက်တော့ အိပ်ရတာက တကယ်ကို သက်သောင့်သက်သာမရှိတဲ့အပြင် လည်ချောင်းကလည်း ခြောက်သွေ့နေခဲ့သည်။ဒါကြောင့် မသိစိတ်မှ ရေထသောက်ချင်သော်လည်း သူမ မထနိုင်ပေ။သူမ ရင်ဘတ်ပေါ်တွင် လေးလံသည့်အရာတစ်ခုအား ဖိထားသလိုခံစားရပြီး အသက်မရှူနိုင်ဖြစ်နေရ၏။ ဒါက အိပ်မက်လား လက်တွေ့လားဆိုတာလည်း သေချာမခွဲနိုင်ခဲ့ချေ။ ဆုတန်မှာ လေးလေးပင်ပင် အသက်ရှူနေရသည်။
ချန်ယင်ကျိုးက ညဖက်တွင် ဂျင်းလက်ဖက်ရည် အသောက်များသွားခြင်းကြောင့် ညသန်းခေါင်အချိန်၌ အိမ်သာသွားရန် ထလာခဲ့လေသည်။
ကိစ္စပြီး၍ အခန်းထဲပြန်ဝင်ချိန်၌ ဆုတန်၏ ပိတ်ထားသည့် အခန်းတံခါးအား မသိစိတ်အရ ကြည့်လိုက်မိသည်။ သဘာဝကျစွာပင် ညတုန်းက သူ့ရဲ့ခေါင်းကို သူမပွတ်ပေးသွားသည်အား ရုတ်တရက်ပြန်တွေးသတိရပြီး သူ့မျက်နှာကချက်ချင်း မှောင်မဲသွားခဲ့သည်။
ဒါက တကယ်ကို အဆိပ်ပြင်းသည်ပင်။
ကျေးလက်ဒေသတွင် ညအချိန် အင်မတန်တိတ်ဆိတ်ပြီး အရာအားလုံးကို ပြတ်ပြတ်သားသား ကြားနိုင်တာကြောင့် ဒီအချိန်မှာ လူတို့ရဲ့ အကြားစွမ်းရည်ကလည်း ပိုပြီးထက်ရှလာ၏။
ချန်ယင်ကျိုးက ဘာမှဂရုမစိုက်တော့ဘဲ အခန်းထဲကိုပြန်ဝင်တော့မည့်အချိန်တွင် ဆုတန်၏အခန်းထဲမှ တီးတိုးအသံတစ်ခု ကြားလိုက်ရပေသည်။
အစတုန်းတွင် ဆုတန်တစ်ယောက် ညလယ်လောက်၌ ထယောင်ပြီး ကယောင်ကတမ်း ပြောနေခြင်းဖြစ်သည်ဟု ထင်တာကြောင့် သူအာရုံမစိုက်ခဲ့ပေ။ သို့ရာတွင် သူ့ရဲ့ခြေထောက်တွေကိုတော့ ဆုတန်ကောင်မလေးရဲ့အခန်းတံခါးဆီသို့ လျှောက်နေခြင်းအား မထိန်းချုပ်နိုင်ခဲ့ပေ။
ဒီနှာဘူးမလေးက အိပ်မက်ယောင်နေရင်း ဘာများပြောနေသလဲဆိုတာကို သူသိချင်ခဲ့သည်။
သို့ရာတွင် သူ ဒီလိုလုပ်ပါက နှာဘူးက သူနှင့်သာ ပိုတူနေပေမည်... ။
ဆုတန်က အဖျားဒဏ်ကြောင့် စိတ်ရှုပ်ထွေးနေကာ အဆက်မပြတ် ရေတောင်းနေပြီး သူမအမေကို အော်ခေါ်နေခဲ့ကာ သူမက သူမရဲ့အလုပ်မှာ အမြင့်ဆုံးဆိုတဲ့ရာထူးဆိုသည့် ဂုဏ်ပုဒ်ကိုတောင် လွှင့်ပစ်လိုက်ပြီဖြစ်သည်။ ချန်ယင်ကျိုး တံခါးအပြင်ဘက်တွင် ခဏလောက် နားထောင်ပြီးနောက် တစ်ခုခုမှားနေပြီဟု ခံစားမိသော်လည်း ကောင်မလေးအခန်းထဲသို့ အလျင်စလို ပြေးဝင်မသွားနိုင်ပေ။ အဲ့ဒါက အရူးတစ်ယောက်လို ဖြစ်နေလိမ့်မည်။
ဒါကို စဉ်းစားပြီးနောက် ချန်ယင်ကျိုးက သူ့အဖွားကိုနှိုးပြီး ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
အဘွားအိုက အအိပ်ဆတ်သူဖြစ်ကာ ချန်ယင်ကျိုး အိမ်သာသွားချိန်၌ သူမ နိုးလာခဲ့သည်။ ယခုအခါ ချန်ယင်ကျိုးက သူမ၏ အခန်းတံခါးဝတွင် ရပ်နေပြီး တိုးတိုးလေးခေါ်နေတာကြောင့် သူမ ထလိုက်၏။
" အဘွား၊ ဟိုပညာတတ်ကောင်မလေးကို ကြည့်ရတာ နည်းနည်းထူးဆန်းနေတယ် "
ချန်ယင်ကျိုး ပြောလိုက်သည်။
အဘွားက ကုတ်အင်္ကျီတစ်ထည်ဝတ်ပြီး ထွက်လာကာ မြေးဖြစ်သူရဲ့ခေါင်းကို လှမ်းခေါက်လိုက်ပြီး " မင်းက ရိုင်းလိုက်တာ၊ ပညာတတ်ကောင်မလေးဆိုတာက ဘာလဲ။သူမမှာ နာမည်ရှိတယ်။ မမှတ်မိရင် သူမကို မမ(ကျဲကျဲ) လို့ ခေါ်လိုက်။ မင်းက အရိုအသေမရှိလိုက်တာ "
ချန်ယင်ကျိုးက နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ဘာမှမပြောခဲ့ပေ။ သူမကို မမလို့ခေါ်ဖို့က သူ့အတွက် မဖြစ်နိုင်ချေ။ သူ့တစ်သက်တွင် ထိုကောင်မလေးအား မမလို့ ဘယ်တော့မှ ခေါ်မည်မဟုတ်ပါ။ သူမက ပိန်ပါးပြီး သေးကွေးလွန်းနေတာ ဘယ်လိုလုပ် အစ်မနဲ့တူမှာတုန်း?
အဖွားချန်က ဆုတန်ရဲ့နာမည်ကို နှစ်ကြိမ်လောက် အော်ခေါ်လိုက်ပေမယ့် တုံ့ပြန်မှုမရှိတာကြောင့် တံခါးကို တွန်းဖွင့်ပြီး အထဲသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။
ထို့နောက် သူမ မီးဖွင့်လိုက်ပြီး စောင်ထဲမှာကွေးနေတဲ့ ကလေးမလေးအား ထိလိုက်ရာ သူမတစ်ကိုယ်လုံး ပူကျစ်တောက်နေလေသည်။
" ဘုရား ဘုရား ၊ ဒီကောင်မလေး ဘာလို့ ဒီလောက်ပူကျစ်နေရတာလဲ "
အဖွားချန်က ထိတ်လန့်သွားသည်။
ချန်ယင်ကျိုးက တံခါးအပြင်တွင် ရပ်နေပြီး သူ့အဖွားပြောသည်ကို ကြားပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့ရသည်။
သေချာတာကတော့ သူမ မိုးမိခဲ့လို့ အအေးပတ်သွားတာပဲ ဖြစ်လိမ့်မည်။
ရုတ်တရက် သူ အနည်းငယ် ဒေါသထွက်သွား၏။ မိုးမရွာခင် ပြန်သွားရန် သူပြောခဲ့ပြီးပြီကို သူမက အလုပ်ဆက်လုပ်နေခဲ့တာပင်။
သူမက သူ့ပြောစကားကို ဘာကိစ္စ နားမထောင်ရတာလဲ? သူမက ဘာကိုကြွားစရာလိုလို့လဲ? အခုတော့ အဖျားတက်ပြီး ပေါက်ကရတွေပြောနေတာ။ နေလို့ကောင်းသွားရောလား?
ချန်ယင်ကျိုး၏ မျက်နှာဆူပုတ်နေပြီး သူ့ရဲ့စိတ်အခြေနေကလည်း သိပ်ကောင်းမနေပါ။ သူစိတ်တိုနေရင်း ဝိုင်ဖြူနဲ့ ပိတ်စကို သွားရှာလိုက်သည်။
ဒီလောက်ထိ ပြဿနာရှာနေပြီးတော့ အစ်မကြီးဖြစ်ချင်တယ်ပေါ့?
မဖြစ်နိုင်တာ......
အဘွားအိုချန်က အဖြူရောင်ဝိုင်နဲ့ ပိတ်စကိုသုံးပြီး ဆုတန်ရဲ့ခန္ဓာကိုယ်အား သုတ်ပေးနေကာ အဖျားကျသွားရန် ကြိုးစားသော်လည်း သူမရဲ့အဖျားက ပြင်းထန်လွန်းသည်။ ခဏအကြာမှာပဲ အဖျားက ပြန်တက်လာပြန်၏။
တစ်ညလုံး အဖျားတတ်လိုက်ကျလိုက်ဖြစ်နေကာ မိုးသောက်ချိန်ရောက်သည်အထိ မတည်ငြိမ်သေးပေ။
“ အဘွား သူ့ကို ဆေးခန်းပို့ရအောင် "
ချန်ယင်ကျိုး အမြန်ဆုံးဖြတ်ချက်ချလိုက်သည်။ သူမသာ ဒီထက်ပိုပြီး အဖျားတတ်လာခဲ့လျှင် ဒုက္ခပိုရောက်ကုန်လိမ့်မည်။
အဘွားအိုက ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။ ဆုတန်ရဲ့အဖျားက ဒီထက်ပိုပြီးဆိုးလာမှာ စိုးရိမ်ရတာကြောင့် အခန်းထဲကို အမြန်ပြေးဝင်ပြီး ပိုက်ဆံ ဆယ်ယွမ်ကိုထုတ်ကာ ချန်ယင်ကျိုးအား သူမလေးကို ကျန်းမာရေးစင်တာသို့ အမြန်ပို့ရန် တိုက်တွန်းလိုက်သည်။
“ အဖိုးဝမ်ရဲ့အိမ်မှာ နွားလှည်းသွားငှါးချေ"
အဘွားချန် ပြောလိုက်သည်။
သူတို့ရွာတွင် ပုံမှန်ရာသီဥတုဖြင့်တောင် သွားရလာရ ခက်ခဲသည့် ရွာလမ်းတစ်ခုရှိပေသည်။ ဒါ့အပြင် မနေ့က မိုးရွာထားပြန်တာကြောင့် ထိုလမ်းက ရွှံ့ဗွက်များထူထပ်နေ၏။ အခုအချိန် ထိုလမ်းတွင် နွားလှည်းမောင်းရန် တကယ်ခက်ခဲလှသည်ပင်။ နွားလှည်းဘီးသာ မြေကြီးထဲကျွံဝင်သွားခဲ့လျှင် ပိုတောင် ဒုက္ခများသွားလိမ့်မည်။ ချန်ယင်ကျိုးက အဖျားရှိန်ကြောင့် နီရဲနေတဲ့ ဆုတန်ရဲ့မျက်နှာကိုကြည့်ပြီး နွားလည်းသွားမယူတော့ရန် ဆုံးဖြတ်လိုက်သည်။
“ အခုရာသီဥတုနဲ့ နွားလှည်းမောင်းရမှာ အဆင်မပြေဘူး။ ကျွန်တော် သူ့ကိုသယ်ပြီး မြန်မြန်သွားလိုက်မယ် ”
ချန်ယင်ကျိုးရဲ့ ခွန်အားနဲ့သာဆိုရင် သူပြေးသွားမယ်ဆိုပါက နာရီဝက်အတွင်း ကွန်မြူနတီသို့ ရောက်နိုင်ပေသည်။
အဘွားအိုလည်း တုံ့ဆိုင်းမနေဘဲ ဆုတန်ကို အမြန် အဝတ်ဝတ်ပေးလိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက် ချန်ယင်ကျိုး ဆုတန်ကို ကျောပိုးလျက် ထွက်လာခဲ့သည်။