Chapter ( 19 )
နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့် အိမ်ပြန်လာကြပြီး ပြန်ရောက်သည်နှင့် ချန်ယင်ကျိုးက သူ့တံစဉ်ကိုယူကာ ဝက်စာကျွေးဖို့ မြက်ရိတ်ရန် ပြန်ထွက်သွားခဲ့သည်။
ဆုတန် အိမ်ထဲဝင်ခါနီးတွင် စုန့်ရှကို တွေ့လိုက်ရ၏။
စုန့်ရှက ထွက်ခွာသွားသော ချန်ယင်ကျိုးကို ကြည့်ပြီးနောက် ဆုတန်ကို ပြုံးလျက် လှမ်းကြည့်လာလေသည်။
ဝမ်ရွေ့ရွာကို ပထမဆုံးရောက်တဲ့နေ့ကို ဆုတန် မှတ်မိနေဆဲပင်။ တပ်မဟာဌာနချုပ်မှာ စုန့်ရှက ချန်ယင်ကျိုးကို မထီမဲ့မြင်ပြုမူပြောဆိုခဲ့ချိန်မှစ၍ သူမ စုန့်ရှကို သိပ်မကြည်ခဲ့ပေ။ဆုတန်မှာ သူမ၏ ချို့ယွင်းချက်များအား ဖုံးကွယ်ထားတတ်ပြီး အာဃာတထားတတ်သူဖြစ်လေရာ စုန့်ရှတစ်ယောက် အပြုံးတုဖြင့် လမ်းလျှောက်လာသောအခါ သူမ မသိစိတ်ထဲ မျက်မှောင်ကြုတ်မိသွားရသည်။
"ညီမလေး အခုမှ ပြန်လာတာလား" စုန့်ရှက သူမအပေါ် ယဉ်ကျေးနေလေသည်။
သူမကို အချိန်အကြာကြီး စောင့်ဆိုင်းနေသကဲ့သို့သောလေသံကို ကြားလိုက်သည်နှင့် ဆုတန် ခေါင်းညိတ်ပြလိုက်ကာ ဘာမှတော့ မပြောခဲ့ပါ။
"ခဏလောက် ထွက်လာခဲ့လို့ရလား။ငါ ပြောစရာရှိလို့" စုန့်ရှက တံခါးအပြင်၌ သူမကို ရပ်စောင့်နေ၏။
ဆုတန် ဝမ်ရွေ့ရွာတွင်ရှိစဉ်က သူမနှင့် ဆက်ဆံရေး သိပ်မကောင်းဟု ခံစားခဲ့ရပြီး သူတို့သည် တီးတိုးစကားပြောဆိုရမည့်ဆက်ဆံရေးမဟုတ်ဟု ထင်ရသော်လည်း စုန့်ရှ သဘောကို သိနိုင်ရန် လျှောက်သွားလိုက်သည်။
ဝမ်ရွေ့ရွာအနောက်ဘက် ဧရိယာတွင် နေထိုင်သောလူများမှာ အတော်လေး နည်းတာကြောင့် စုန့်ရှနှင့် ချန်ယင်ကျိုးတို့ မိသားစုမှာ အနည်းငယ် ဝေးကွာသော်လည်း သူတို့မှာ အိမ်နီးချင်းများဖြစ်ကြလေသည်။
"ရှောင်ဆု ငါပြောစရာစကားနည်းနည်းရှိတယ်။ ဒါပေမဲ့ ငါပြောသင့်လား မပြောသင့်လား ဝေခွဲမရဘူး" စုန့်ရှမှာ ရှက်သွေးဖြာနေပုံပေါ်သည်။
ထိုကဲ့သို့သောဝါကျများဖြင့် အစပြုသူများသည် များသောအားဖြင့် ကောင်းသောစကားလုံးများ ပြောကြသည် မဟုတ်ပေ။ဆုတန်က စိတ်နှောင့်ယှက်ဖြစ်ရန် အလွန်ပျင်းနေတာကြောင့် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ "ဒါဆို အစ်မစုန့် ဘာမှမပြောပါနဲ့တော့"
စုန့်ရှ : ???
ဒါက ဘာကြီးလဲ?
သို့သော် စုန့်ရှကလည်း သာမန်လူမဟုတ်ပေ။ ပြုံးပြုံးရွှင်ရွှင်အမူအရာနဲ့ ရင်းနှီးဟန်ဆောင်ကာ ဆုတန်လက်ကိုဆွဲရင်း "ဒါပေမဲ့ ငါမင်းကို ပြောသင့်တယ်လို့ ငါထင်တယ်။ ငါတို့ဝမ်ရွေ့ရွာကိုလာတာ မင်းရဲ့ ပထမဆုံးအကြိမ်မို့ မင်းသေချာသိမှာမဟုတ်ဘူး"
ဆုတန်က သူမ၏လက်ကို တည်ငြိမ်စွာ ပြန်ဆွဲ လိုက်ပြီး စုန့်ရှကို ငြိမ်သက်စွာကြည့်ကာ ဘာမှပြန်မပြောပေ။
"ချန် မိသားစုအကြောင်း မင်းသိလို့လား? ချန်ယင်ကျိုးကို မစ္စချန်က ဝံပုလွေတွင်းကနေ ကောက်ယူခဲ့တာ။ ကလေးက ဝံပုလွေနို့သောက်ပြီး ကြီးပြင်းလာတာလို့ ကြားတယ်။ ဒါက အရမ်း ထူးဆန်းမနေဘူးလား"
ဆုတန်က မျက်မှောင်ကြုတ်လိုက်ကာ " ရှင် ဆိုလိုတာက..."
ဆုတန်ရဲ့အမူအရာကိုမြင်တော့ စုန့်ရှက သူမပြောတာကို စိတ်ဝင်စားတယ်လို့ထင်ပြီး ချက်ချင်းဆက်ပြောလာသည်။ "ချန်မိသားစုက အရမ်းဆင်းရဲလွန်းတယ်။မစ္စချန်ကလည်း ကံသိပ်မကောင်းတဲ့လူလေ။ သူမမိသားစုတစ်ခုလုံး အသတ်ခံခဲ့ရပြီး နောက်ပိုင်းမှ ဒီကို ပြောင်းလာခဲ့တာ..."
" ဒါကြောင့် သူ့အိမ်က မင်းနဲ့မသင့်တော်ဘူးထင်တယ်။မင်း ဘာလို့ ငါ့အိမ်ကို မပြောင်းလာချင်ရတာလဲ။ ငါ့အိမ်က ပိုကျယ်တယ်။ စားစရာလည်း ပိုကောင်းတယ်။ ငါတို့မိသားစုက ရွာမှာအကောင်းဆုံးထဲကတစ်ခုလေ"
စုန့်ရှ ပြောလိုက်တာနဲ့ ဆုတန်က သူမ ဘာကိုဆိုလိုသလဲဆိုတာ လုံးလုံးကို နားလည်သဘောပေါက်သွားခဲ့သည်။
ဆုတန် ဘာမှပြန်မပြောတာကိုမြင်တော့ စုန့်ရှက သူမ စဉ်းစားနေသည်ဟု ထင်တာကြောင့် သူမကို မတိုက်တွန်းဘဲ စောင့်ဆိုင်းနေရင်း မနာလိုလည်း ဖြစ်နေလေသည်။
ပုံမှန်ဆို ချန်မိသားစုက ပွဲတော်ရက်တွေမှာသာ အသားကို စားရလေ့ရှိပေမယ့် ဒီပညာတတ်လူငယ်အမျိုးသမီးလေး ရောက်လာကတည်းက နှစ်ရက်သုံးရက်ခြား တစ်ခါဆိုသလို အဲ့အိမ်က အသားနံ့က ထွက်လာတတ်သည်။
ပညာတတ်လူငယ်တွေမှာ အခြေအနေကောင်းတွေရှိကြပေမယ့် ဒီလောက်ထိ ကောင်းလိမ့်မယ်ဟု သူမ မမျှော်လင့်ခဲ့ပေ။သုံးလေးငါးရက်တိုင်း အသားစားနိုင်တာ ဘယ်လိုမိသားစုမျိုးလဲဆိုတာ ပြောစရာကို မရှိပါပေ။ အိမ်ရှင်မိသားစုက လစဉ်ထောက်ပံ့ကြေး ၅ ယွမ် ရရှိသည်အား ခနထားဦး၊ အစားအသောက်စားသောက်ရသည်က ပိုမိုကောင်းမွန်နေပေသည်။
စုန့်ရှက အတင်းအဖျင်းပြောတတ်သူဖြစ်ပြီး သူမ ဒီအကြောင်းကို ပိုတွေးလေလေ ပိုမနာလိုလေလေ ဖြစ်သည်။ထိုကြောင့် ချန်ယင်ကျိုးမရှိတာကို အခွင့်ကောင်းယူပြီး ဆုတန်လို ပညာတတ်လူငယ်ကို ဖယ်ထုတ်ဖို့ စတင်စည်းရုံးခဲ့သည်။
ဆုတန်၏ ဖြူစင်သော မျက်နှာပေါ်မှာ အနည်းငယ် ပြုံးယောင်သန်းနေကာ သူမကို ဂရုမစိုက်ဘဲ စိုက်သာကြည့်နေ၍ စုန့်ရှက သူမ သဘောတူသည်ဟု ထင်နေချိန်တွင် ဆုတန် ဖြည်းဖြည်းချင်းပြောလာသည်အား ကြားလိုက်ရသည်။
"အစ်မစုန့် ရှင် အခုပြောလိုက်တာကို သေချာသတိထားမိလိုက်ရဲ့လား"
စုန့်ရှက စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ သူမ ဘာကိုဆိုလိုတာလဲ။
ဆုတန်က " ရှင် ခုနက ပြောခဲ့တဲ့စကားတွေက ရွာသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်တယ်။ ဒီရွာကလူတွေအားလုံးက မိသားစုတစ်စုတည်းပဲ။ ကျွန်မတို့က ဘယ်လို ခြွင်းချက်မျိုးမှ မထားသင့်သလို ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ ခွဲထားလိုက်လို့မရဘူး။ရှင် ဒီလိုပြောလိုက်တဲ့အတွက် ရှင်ကိုယ်တိုင်ပဲ ဆွဲထုတ်ခံရပြီး ဝေဖန်ခံရသင့်တယ်"
ဆုတန်က စကားပြောနေစဉ် သူမ၏မျက်နှာပေါ်မှာ အပြုံးမပျက်ရှိနေပြီး လေသံကလည်း ပုံမှန်အတိုင်း နူးညံ့နေသော်လည်း သူမပြောသည့်စကားကြောင့် စုန့်ရှ တုန်လှုပ်သွားလေသည်။ သူမ ဘာမှမှားတာလည်း ပြောတာမဟုတ်ဘဲ ဘာကြောင့် သူမက ဝေဖန်ခံရမည်နည်း။
စုန့်ရှသည် သူမရှေ့ရှိ ပြုံးနေသော မိန်းကလေးမှာ အလွန်ကြောက်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလာရသည်။ သူမ ထွက်ပြေးခါနီးတွင် ဆုတန်က သူမ၏လက်ကို လှမ်းဆွဲလိုက်သည်။
ဆုတန်က အခြားသူများ၏အရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်လိုခြင်းမရှိပါ။ ဘာပဲပြောပြော သူတို့ကို ချုပ်ထိန်း၍မရပေ။ ဒါပေမဲ့ ဒီကိစ္စမှာ ချန်ယင်ကျိုးနှင့် အဖွားချန်တို့ ပါဝင်နေလေရာ ဆုတန် ဒီအတိုင်းကျော်သွားပေးရန် မဖြစ်နိုင်ပါ။
ချန်ယင်ကျိုး အတွက်တော့ စိတ်မကောင်းစရာ လောကကြီးပင်။ ဒီဒုက္ခတွေအားလုံးကို သူက ဘာကြောင့် ခံစားရမှာလဲ?
သူ ဘာမှားခဲ့လို့လဲ? သူ့မိဘတွေကို မရွေးချယ်နိုင်ဘူးလေ။
ဆန့်ကျင်ဘက်အနေနဲ့ သူက အမြဲ သူ့ကိုယ်သူ ထိန်းချုပ်ထားပြီး သူတစ်ပါးကို ထိခိုက်စေရန် ဘယ်သောအခါကမျှ မလုပ်ခဲ့ဖူးပေ။သူက အကျင့်စာရိတ္တအကြောင်း အမြဲပြောနေတတ်သော ကြောင်သူတော်ကြွက်သူခိုးများထက် များစွာ သာလွန်ကောင်းမွန်သေးသည်။
"အစ်မစုန့် နင်ကြိုက်တာ နင်စားလို့ရတယ်။ ဒါပေမဲ့ တခြားလူတွေကိုတော့ နင်ကြိုက်သလို ပြောလို့မရဘူး။ တခြားလူတွေက ရိုးသားတာကို အခွင့်အရေးယူပြီး လိုက်အနိုင်မကျင့်ပါနဲ့။ရှင့်မှာ ဘာမှလုပ်စရာမရှိရင် ရှင့်ရဲ့ သားသမီးတွေနဲ့ ဘိုးဘွားတွေကိုပဲ ပြုစုစောင့်ရှောက်နေလိုက်ပါ။ မိုက်မဲတဲ့ စကားတွေကို လူတိုင်းနေရာတိုင်း လိုက်မပြောနေပါနဲ့။ချန်မိသားစုက ရိုးသားပြီး ရှင့်လိုမျိုးလူတွေကို လိုက်မနှောင့်ယှက်တတ်ဘူး။ ဒါပေမဲ့ ဒါက ကျွန်မ ရှင််ကို လွှတ်ပေးတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ကျွန်မ စိတ်မကြည်တဲ့တစ်နေ့ကျ သူများကို ရှင် ဆဲဆိုတာ၊ အသရေဖျက်တာနဲ့ လူမှုသဟဇာတမဖြစ်တာတွေကို တိုင်တန်းလိုက်မှာ။ ဒါတွေက ရှင်ပေးဆပ်ဖို့အတွက် လုံလောက်တယ်"
စုန့်ရှသည် ဝမ်ရွေ့ရွာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး မရေမတွက်နိုင်သော ရန်ဖြစ်မှုများရှိခဲ့သော်လည်း ယနေ့လောက်ထိတော့ တစ်ခါမှ မကြောက်ခဲ့ဖူးပေ။
အဓိက အကြောင်းအရင်းကတော့ သူ့ရှေ့က အမျိုးသမီးက ဖြစ်စဉ်တစ်ခုလုံးမှာ ညစ်ညမ်းတဲ့ စကားလုံးတစ်လုံးမှ မပြောလာဘဲ နည်းနည်းလေးတောင် အော်မပြောခဲ့ပေ။ထိုအမျိုးသမီးက ပြုံးပင်ပြုံးနေသေးသော်လည်း သူမကတော့ ချွေးများထွက်နေကာ ဆံပင်များပါ ထောင်မတ်နေခဲ့သည်။
သူမက တကယ်ကို နတ်ဆိုးတစ်ကောင်လို ကြောက်စရာကောင်းလွန်းလှသည်။
အဘွားချန်၏အိမ်တွင် သူမ နေနိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူမက သာမန်လူမဖြစ်နိုင်ချေ။
ဆုတန် ပြောပြီးသည်နှင့် သူမက စုန့်ရှလက်ကို လွှတ်လိုက်သည်။လက်လွှတ်လိုက်တာနဲ့ စုန့်ရှသည် ဆုတန်ကို ထိတ်လန့်စွာကြည့်ပြီး အိမ်သို့ ပြန်ပြေးသွားခဲ့၏။
ဆုတန်က သူမ၏ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်ကိုလှည့်၍ ကြည့်ကာ ပို၍ပင် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
3742 : "ကျွတ် ကျွတ် ကျွတ် မင်း အခု ပိုစွမ်းဆောင်နိုင်လာပြီ။ ဝမ်ရွေ့ရွာမှာ မင်းဆက်မနေနိုင်တော့အောင် သူမလုပ်မှာ မင်း မကြောက်ဘူးလား?"
ဆုတန်က ဂရုမစိုက်စွာ "သူမကလား? သူမက ဟိုစပ်စပ်ဒီစပ်စပ် ပြောတတ်ပေမယ့် တကယ် မလုပ်ရဲဘူး။သူမက ရဲရင့်ပုံရပေမဲ့ အမှန်တကယ်မှာတော့ ကြောက်တတ်တယ်။ တကယ်လို့ သူမမှာ သတ္တိရှိရင်တောင် ဒီနေ့ အဖြစ်အပျက်ကို ဘယ်သူ့ကိုမှ ပြန်မပြောရဲလောက်ဘူး”
ဆုတန် ပြောတာမှန်၏။ စုန့်ရှမှာ ဆုတန် ပြောသည်က မှန်မမှန် သူမ သေချာမသိသောကြောင့် မည်သူ့ကိုမျှ မပြောဝံ့ပေ။
ပညာတတ်လူငယ်များက အရမ်းတော်ကြသည်ဟု လူအများကပြောကြပေမယ့် သူတို့က ဒီလောက် မြင့်မြတ်သည့်ဂုဏ်ယူထားမှန်း သူမ မသိခဲ့ပေ။ ဒီကိစ္စသာ လူတွေ သိသွားရင် သူမ ဝေဖန်ခံရနိုင်၏။
ဒါက လုံးဝကိစ္စကြီးပင်။
သူမ ဒါကို ထုတ်ပြောပြီး ဘာကြောင့် စိတ်အနှောင့်အယှက်အဖြစ်ခံရမှာလဲ။
ချန်ယင်ကျိုး ပြန်ရောက်သောအခါ ဆုတန် ခြံထဲမှာ ကြောင်တက်တက်ထိုင်နေသည်ကို သူတွေ့လိုက်ရတာကြောင့် ကျောပိုးအိတ်ကို ချလိုက်၍ "ဘာတွေတွေးနေတာလဲ"
ဆုတန်က မော့ကြည့်လိုက်ပြီး ချက်ချင်းပြုံးပြလိုက်ကာ "နင် ပြန်လာပြီလား!"
ချန်ယင်ကျိုးက သူမရဲ့ တောက်ပတဲ့အပြုံးကို မြင်သောအခါ ရှက်ရွံ့ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
"လာ ငါ နင့်ကို တစ်ခုပြစရာရှိတယ်" ဆုတန်က သူ့ကို အိမ်ထဲ ခေါ်သွားခဲ့သည်။
ဆုတန် နေမကောင်းဖြစ်တုန်းကလွဲလို့ ချန်ယင်ကျိုး သူမအခန်းထဲကို ဒါ ပထမဆုံးလာဖူးခြင်းဖြစ်သည်။ သူ တောင်ဘက်ခန်းကို မရောက်ဖြစ်တာ ကြာပါပြီ။ကလေးမလေး၏ အခန်းက သပ်ရပ်ပြီး ပြတင်းပေါက်မှန်ပေါ်ရှိ ဖန်ပုလင်းထဲတွင် တောက်ပသော ပန်းပွင့်လေးများပင် ရှိလေသည်။
အခန်းထဲတွင် ဆုတန်၏ရနံ့များ ပြည့်နှက်နေတာကြောင့် ချန်ယင်ကျိုး၏မျက်နှာ ချက်ချင်းပင် နီရဲသွားခဲ့သည်။
ဆုတန်ကတော့ သူ၏ထူးခြားနေမှုကို သတိမထားမိဘဲ လက်ဆောင်ကိုပြရန် ဆွဲထုတ်လိုက်သည်။ချန်ယင်ကျိုးက ခုံပေါ်ရှိအရာများကို မြင်သောအခါ ထိတ်လန့်သွားခဲ့ရသည်။
"အားလုံး ငါ့အတွက်လား?" ဟု သူက မေးလာသည်။
ဆုတန်က စာအုပ်တွေနဲ့ စာရေးကိရိယာတွေကို လက်ညှိုးထိုးပြပြီး "ဟုတ်တယ်၊ ဒါတွေအားလုံးက နင့်အတွက်ပဲလေ။ ငါ နင့်ကို သင်ပေးမယ်လို့ ပြောထားတယ်မလား။ အဲ့တော့ ဒါတွေကို ငါပြင်ဆင်ထားရမှာပေါ့။ နင်အလုပ် ကောင်းကောင်းလုပ်ချင်ရင် နင်ရဲ့ကိရိယာတွေကို အရင်ထက်မြက်အောင် လုပ်ထားရမယ်ဆိုတာကို မကြားဖူးဘူးလား"
ချန်ယင်ကျိုးက ဤအရာများ ဘယ်ကရလာသနည်းဟုပင် မမေးတော့ပေ။ ဆုတန်က အမြဲတမ်း မှော်ဆန်သည့်အရာများစွာကို ထုတ်လုပ်နိုင်သောကြောင့်ဖြစ်သည်။
သူက စာအုပ်များကို ပေါ့ပေါ့ပါးပါး လှန်ကြည့်လိုက်ရင်း သူ့နှလုံးသားက တဟုန်ထိုး ခုန်နေခဲ့သည်။ တကယ်လို့ သူ စိတ်မလှုပ်ရှားဘူးဟု ပြောရင် သူ လိမ်ညာပြောနေခြင်းသာ ဖြစ်ပေလိမ့်မည်။ သူ၏ အသိပညာကို သိရှိလိုသော ဆန္ဒက သူ ပြသခဲ့သည့်အရာထက် များစွာပင် ကျော်လွန်သွားခဲ့လေသည်။
"သကြားလုံးလေး စားပြီး ပျော်အောင်နေနော်"
ဆုတန်က တစ်ဖက်သူရဲ့မျက်နှာ ညို့မှိုင်းလုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူမ အိတ်ကပ်ထဲမှ သကြားလုံးတစ်ထုပ်ကို အမြန်ထုတ်ကာ အခွံချွတ်ပေးပြီး ကောင်လေးပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ချန်ယင်ကျိုးက သူရဲ့နက်မှောင်နေသော မျက်လုံးများနှင့် ကောင်မလေးရဲ့ ကြယ်ပွင့်များသဖွယ် တောက်ပနေသော မျက်ဝန်းကို စိုက်ကြည့်နေခဲ့သည်။
ထိုတစ်ခဏအတွင်း ချိုမြိန်မှုက သူ့ပါးစပ်ထဲမှာလား သူ့နှလုံးသားထဲမှာလား ဆိုသည်အား သူကိုယ်တိုင်ပင် မပြောတတ်တော့ပေ။