ဆုတန်က အလုပ်တာဝန်များစွာကို ထမ်းဆောင်ခဲ့ပြီး လူပေါင်းမြောက်များစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှာတော့ သူမကချန်ယင်ကျိုးနှင့် တွေ့ဆုံရန်အတွက် အံ့အားသင့်စွာ မျှော်လင့်နေမိခဲ့သည်။လူအိုကြီး ချန်ယင်ကျိုးက သူမအပေါ် ကောင်းမွန်သောအမြင်ကို ချန်ထားခဲ့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး အသက် 18 နှစ်အရွယ် ချန်ယင်ကျိုးက သိပ်ဆိုးလောက်မှာ မဟုတ်ကြောင်း သဘာဝကျကျ ခံစားခဲ့ရသည်။
ဆုတန်သည် ငြီးငွေ့စွာ လှည့်ပတ်ကြည့်နေရင်းနဲ့ အဝေးမှ ပုံရိပ်တစ်ခု ချဉ်းကပ်လာသည်ကို မြင်သောအခါ မျက်နှာ တဖြည်းဖြည်း ကြည်လင်လာခဲ့၏။
သူသည် ပိန်လှီလှပြီး ဖြောင့်တန်းသော နောက်ကျောရှိကာ သူ့မျက်နှာက အနည်းငယ် ရင့်ကျက်နေပုံရသော်လည်း ဆုတန်ကို လိုက်ပိုးဖူးသည့် တစ်ဦးတည်းသော လူချော၊ အဆင့်မှီသော ယောက်ျားလေးများနှင့် အနည်းငယ် ဆင်တူနေခဲ့သည်။
၎င်းက အသက် 18နှစ်ရွယ်ရှိ ချန်ယင်ကျိုးပင်။
"စနစ် 3742၊ ငါတို့မှာ လူမှုဖူလုံရေးဗျူရို ရှိလား"
မွေးကတည်းက တစ်ကိုယ်တော် ဆင်ကယ်သာ လုပ်ဖူးတဲ့ ဆုတန်က နှလုံးသားမဲ့စွာ မေးလာခဲ့သည်။
3742: ဆန္ဒကို သိက္ခာနဲ့ထိန်းထား။
ဆုတန်က သူ့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး "ဟယ်လို၊ ဒါ ချန်ယင်ကျိုးလား ??"
ကောင်လေးက “သူစိမ်းတွေ ဝင်ခွင့်မပြုဘူး” ဟူသော အေးစက်သောမျက်နှာဖြင့် အဝေးမှ ချဉ်းကပ်လာပြီး ဆုတန်ရှေ့မှာ သူမကို တစ်ချက်မျှမကြည့်ဘဲ ရပ်လိုက်လေသည်။
ဆုတန်: ........
ပထမအကြိမ်တွေ့ဆုံမှုမှာ ဖော်ရွေမှုမရှိတာက တကယ်အဆင်မပြေဘူးလေနော်။
သို့သော် ဆုတန်ကလည်း သာမန်လူမဟုတ်ပေ။ ချန်ယင်ကျိုး၏ လျစ်လျူရှုမှုကြောင့် သူမက မထိတ်လန့်ခဲ့ပါ။ အဲဒီအစား သူမ ပြုံးလိုက်ပြီး အနားသို့ ပိုနီးကပ်လာခဲ့သည်။
ထိုမှပင် သူမသည် ကောင်လေးကို သေချာမြင်လိုက်ရကာ ထိုကောင်လေးက သူမထက် ဦးခေါင်းတစ်လုံးနီးပါး မြင့်နေ၏။
"ဟယ်လို၊ ကျွန်မနာမည်က ဆုတန်ပါ။ ကျွန်မက ပညာတတ်လူငယ်တစ်ယောက်ပါ။ အိပ်ဆောင်မဆောက်ခင်မှာ မင်းရဲ့အိမ်မှာ ခဏလောက်နေဖို့ လိုလိမ့်မယ်။ မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေလို့ တောင်းပန်ပါတယ်နော်" ဆုတန်က ယဉ်ကျေးစွာပြောလိုက်လေသည်။
သို့သော် ချန်ယင်ကျိုးက သူမကို လျစ်လျူရှုနေတုန်းပင်။
ဆုတန်: ......
"အင်း၊ သေတ္တာက အရမ်းလေးနေတယ်။ကျွန်မ မသယ်နိုင်ဘူး။ ကျွန်မကို ကူညီပေးနိုင်မလားဟင်"
ဆုတန်က တစ်ဖက်သူ၏လျစ်လျူရှုမှုကြောင့် နောက်ပြန်မဆုတ်ခဲ့ပါ။အဲဒီ့အစား သူမက ပိုတောက်ပစွာ ပြုံးပြလိုက်ပြီး သူမ အသံမှာလည်း တေးသီငှက်တစ်ကောင်ကဲ့သို့ ကြည်လင်ပြတ်သားပြီး နားထောင်ရန် အလွန်ကောင်းလှလေသည်။
ချန်ယင်ကျိုးက ဘာမှပြန်မပြောဘဲ သူမကိုသာ မှုန်ကုပ်ကုပ် ကြည့်နေခဲ့၏။
ချန်ယင်ကျိုးက သူစိမ်းတစ်ယောက် သူ့အိမ်သို့ လာရန် စိတ်ကူးကို ငြင်းပယ်ခဲ့ပါသည်။ သူ့အဖွားကသာ သူ့ကိုသွားခေါ်ဖို့ မတိုက်တွန်းခဲ့ရင် သူ ဒီကိုဘယ်တော့မှ ပေါ်လာမှာ မဟုတ်ပါပေ။ သူ၏ ပြင်းထန်သောအကြည့်ဖြင့် လူအများရှေ့တွင် ကြောက်ရွံအောင် ခြောက်ချင်သော်လည်း သူ့ရှေ့ရှိ ပညာတတ်လူငယ်လေးမှာတော့ သူ့အကြည့်များကို လျစ်လျူရှုကာ လုံးဝဂရုမစိုက်ဘဲ ကျေနပ်စွာ ပြုံးပြလာသေးပေသည်။
ဒါက မဖြစ်သင့်ဘူးမလား? သူ့မှာ ဒီလိုအမူအရာမျိုးသာရှိမယ်ဆိုရင် လူတိုင်းက သူ့ကိုကြောက်ကြတာပင်။
ချန်ယင်ကျိုး သူမအား ခဏတာ ပြင်းပြင်းထန်ထန် ထပ်စိုက်ကြည့်လိုက်သော်လည်း သူမ ပြုံးနေသေးသည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် စိတ်ဆိုးသွားကာ သူ့ဘေးနားရှိ ခရီးဆောင်အိတ်ကြီးကြီးကို ကောက်ယူလိုက်ပြီး စိတ်မရှည်စွာဖြင့် "မြန်မြန်လုပ်" ဟု ပြောလိုက်လေသည်။
ဆုတန်ကို ပြောပြီးနောက် နောက်ထပ် ခရီးဆောင်အိတ်သေးသေးလေးကိုပါ အလိုက်သိမှုဖြင့် သယ်သွားပေးသော်လည်း သူမ စိတ်ထဲမှာတော့ မကျေမနပ် ဖြစ်နေသေး၏။သူက ထိုနေရာမှာတွင်သာ ရပ်နေပြီး လူကို လျစ်လျူရှုထားခဲ့သော်လည်း ယခုတော့ သူမအား တိုက်တွန်းနေပြန်သည်။ ဒီကလေးက ဘယ်လောက်တောင် စိတ်ဆိုးတတ်တာလဲ။
ချန်ယင်ကျိုးက အလွန်လျင်မြန်စွာ လျှောက်သွားခဲ့ပြီး ဆုတန်ရဲ့ ခြေထောက်တိုလေးများက သူမပြေးပြီး လိုက်လျှင်ပင် သူနှင့်အမှီ မလိုက်နိုင်ပါပေ။ သူ့ခြေထောက်တွေက ရှည်ပြီးမြန်လှ၏။
"ကျွန်မကို စောင့်ပါဦး !" ဆုတန်က သူ့နောက်ကနေ ကူကယ်ရာမဲ့အော်လိုက်ရလေသည်။
သူမဟာ ပင်ပန်းလွန်းလို့ မူးဝေပြီး အားအင်လုံးဝမရှိတော့သည့်အတွက် ရိုးရှင်းစွာပဲ ရပ်လိုက်ပြီး ခြေတစ်လှမ်းမျှ မရွေ့နိုင်တော့ပေ။
ချန်ယင်ကျိုးက ခေါင်းငုံ့လိုက်ကာ ခြေလှမ်းအနည်းငယ်လောက်လှမ်းလိုက်ပြီးနောက် သူ့နောက်မှာ ဘယ်သူမှ မလိုက်သည်ကို မြင်လိုက်ရသဖြင့် နောက်ဆုံးမှာတော့ သူရပ်ပြီး နောက်သို့ လှည့်ကြည့်လာခဲ့သည်။
သူ့မှာ အမြဲတမ်း ညိုးငယ်နေတဲ့ မျက်နှာရှိပြီး သူ့မျက်ခုံးတွေကိုကျုံ့ထားပုံက သူ့အသက်အရွယ်နဲ့ တကယ်မလိုက်ဖက်ပါပေ။ ဒါကြောင့် သူ့ကိုမြင်ဖူးသူတိုင်းက ပေါင်းသင်းရခက်တဲ့လူလို့ ထင်တတ်ကြသည်။
ဆုတန် အံ့ဩသွားခဲ့ရသည်။ ချန်ယင်ကျိုးက အသက်ကြီးပိုင်းတွင် ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့ပုံရသော်လည်း ငယ်ရွယ်စဉ် ယခုအချိန်မှာတော့ အဘယ်ကြောင့် သူ့ စိတ်အခြေအနေက ဤမျှအုံ့ဆိုင်းနေရသနည်း။
သူ့ဘဝမှာ သူငယ်ချင်းမရှိခဲ့တာ အံ့သြစရာမရှိတော့ပါဘူး။ အခုချိန်မှာတော့ သူ့မျက်နှာက အေးစက်စက်နဲ့ တစ်စုံတစ်ယောက်က လာမိတ်ဖွဲ့ချင်နေရင်တောင်မှ ကြောက်လန့်နေပါ လိမ့်မယ်။ဟူးးး....ဆိုးရွားလိုက်တာ။
ဆုတန်က ရပ်တန့်လိုက်ပြီး အောက်ကိုငုံ့လိုက်ကာ နှာသီးဖျားမှ ချွေးပါးပါးလေးများမှာတစ်စက်တစ်စက်ကျနေပြီး မျက်လုံးများမှာလည်း ပင်ပန်းနွမ်းနယ်နေခဲ့သည်။3742က ဒီလို လူကို ဘယ်မှာတွေ့ခဲ့လဲမသိဘူး။ တကယ်ကို အားနည်းလွန်းလှသည်။
ချန်ယင်ကျိုးက သူမကို ခဏလောက်ကြည့်နေရင်း သူမ တကယ်လှုပ်ရှားဖို့ ရည်ရွယ်ချက်မရှိတာကို တွေ့လိုက်ရတော့ သူက သုန်မှုန်တဲ့မျက်နှာနဲ့ ပြန်လှည့်လာပြီး ဆုတန်ရဲ့ခြေရင်းရှိ ခရီးဆောင်အိတ်တွေကိုပါ ကောက်ယူလိုက်သည်။ ခရီးဆောင်အိတ်နှစ်လုံး၊ အကြီးတစ်လုံးနှင့် အသေးတစ်လုံးသည် သူ့လက်ထဲတွင် ရှိနေသော်လည်း လုံးဝ အဆင်မပြေဟန် မရှိနေပါ။
သူက လမ်းကို ဆက်လျှောက်နေပေမယ့် ဒီတစ်ခါတော့ နည်းနည်းနှေးသွားခဲ့သည်။
ဆုတန်က တည့်တည့်မတ်မတ် ကျောပြန်မတ်လိုက်ကာ ပြုံးလိုက်ပြီး သူ့နောက်သို့ အမြန်လိုက်သွားခဲ့သည်။
ဒီကောင်လေးက အနည်းငယ် ရက်စက်ပုံရပေမဲ့ သူ့မှာ ကြင်နာမှုလေးတော့ ရှိပါသေးတယ်။
ချန်ယင်ကျိုးရဲ့အပြုအမှုက ဆုတန်အား အနည်းငယ်စိုးရိမ်သွားစေခဲ့တာဖြစ်သည်။သူမရဲ့ လှည့်ကွက်အားလုံးကို ပြသခဲ့ပေမယ့် မျက်ခွံတောင် တစ်ချက်မလှုပ် တုံ့ပြန်မှုလုံးဝမရှိခဲ့ဘဲ သူမနဲ့ဆက်ဆံဖို့ သူ့ဘက်က လုံးဝငြင်းဆိုနေခဲ့လို့ပင်။
ဆုတန်က သက်ပြင်းသာချပြီး ခဏတာ နှုတ်ပိတ်နေဖို့သာ ပြင်ဆင်လိုက်ရတော့သည်။
အဆင်မပြေသော စကားဝိုင်းများသည် သူ့ဦးနှောက်ကို ပိုသုံးရလေသည်။
သူမ ငြိမ်နေတာကိုမြင်တော့ ချန်ယင်ကျိုးက သူ့နောက်ကလူကို လှမ်းကြည့်လိုက်လေသည်။ထို ကောင်မလေးက လမ်းမပေါ်ရှိ ကျောက်စရစ်ခဲများကို ခေါင်းငုံ့၍ ကန်နေသဖြင့် သူမစိတ်ဆိုးနေတာ ပေါ်လွင်နေ၏။
ဝမ်ရွေ့ရွာက သိပ်ကြီးကြီးမားမား မဟုတ်ပါ။ စုစုပေါင်း အိမ်ခြေ ၄၀ ဒါမှ မဟုတ် ၅၀ လောက်သာရှိလေရာ မိသားစုအတွင်းက မည်သည့်သတင်းမျှဖြစ်စေ တစ်ယောက်သိရင် အကုန်သိသွားတတ်ပေသည်။လမ်းမှာ အလုပ်ပြီးသွားတဲ့ ရွာသူရွာသားတချို့က သူမကိုတွေ့တဲ့အခါ ချန်ယင်ကျိုးရဲ့နောက်မှ လိုက်လာတဲ့သူဟာ မြို့က ပညာတတ်လူငယ်အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သိသဖြင့် တစ်ချက်တစ်ချက် သူမကို လှည့်ကြည့်သွားတတ်ကြသည်။
ထိုလူများက မနီးမဝေးမှာ ရပ်နေကြပြီး ပညာတတ်လူငယ်လေးက ချောမောလှပပေမယ့် ကံမကောင်းလှကြောင်း အချင်းချင်း တီးတိုးပြောနေကြသည်။သူမက ဘာဖြစ်လို့ ဒီလိုမိသားစုမှာ အဆုံးသတ်သွားခဲ့ရတာလဲ။ချန်ယင်ကျိုးရဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာထားကို ကြည့်ပါဦး။ကောင်မလေး ကြောက်သွားလောက်ပြီ!
သူတို့ တိုးတိုး တိုးတိုးနဲ့ ရေရွတ်နေစဉ်တွင် ဆုတန်ကတော့ သူမ၏ စိတ်ခံစားချက်များကို ပြုပြင်ပြင်ဆင်လိုက်ပြီး အပြုံးတစ်ခုကို ဖိအားပေးတပ်ဆင်လိုက်ကာ ချန်ယင်ကျိုးနှင့် စကားပြောရန် ကြိုးစားနေလေသည်။
ရွာသားများ : ..........
ဒီပညာတတ်လူငယ် မိန်းကလေးက အတော်သတ္တိရှိတာပဲ။ချန်ယင်ကျိုးနဲ့တောင် သူမက စကားပြောဝံ့တယ်ပေါ့။
ချန်ယင်ကျိုးက ရုတ်တရက် ခေါင်းလှည့်ကာ သူ့ရဲ့အေးစက်နေတဲ့ မျက်ဝန်းများနှင့် ကြည့်လိုက်လေရာ လူအနည်းငယ်က တုန်တုန်ယင်ယင်နှင့် ချက်ချင်းပင် လူစုခွဲသွားကြပြီး လုပ်စရာရှိတာကို လုပ်ကုန်ကြလေသည်။
ထိုအခါ ချန်ယင်ကျိုးက အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့၏။တခြားလူတိုင်းက သူ့ကိုကြောက်နေကြတာကို ဒီပညာတတ်လူငယ် ကောင်မလေးကတော့ ဘာလို့ ဘာမှမတုံ့ပြန်ရတာလဲ။
သူမက လုံးဝ မကြောက်တတ်တာများလား။
ဆုတန်က ယနေ့ ချန်ယင်ကျိုးဝတ်ထားတာကို သတိပြုမိလိုက်သည်။အောက်ခံအင်္ကျီကို ပေါ်လွင်စေသော သေချာလျှော်ထားသည့် နက်ပြာရောင် ဂျာကင်လက်တိုကို ဝတ်ဆင်ထားပြီး သူ၏ အနက်ရောင် ဘောင်းဘီမှာလည်း အနည်းငယ်တိုကာ သူ့ခြေကျင်းဝတ်များကို ထင်ရှားပေါ်လွင်နေစေခဲ့သည်။သူက အရောင်ကို သေချာမခွဲခြားနိုင်တော့သည့် ရာဘာဖိနပ်တစ်ရံကိုပါ ဝတ်ဆင်ထားလေသည်။
ဒီဝတ်စုံက တကယ်ကိုကြည့်ကောင်းနေတာလည်း မဟုတ်သလို ညစ်ပတ်နေတယ်လို့တောင်ပြောလို့ရပေသည်။ အဲ့ဒီလိုအခြေအနေကတောင်မှ ချန်ယင်ကျိုးရဲ့ ချောမောတဲ့မျက်နှာကို မဖုံးကွယ်နိုင်သေးပါ။သူ့ရုပ်ရည်က တကယ်ကို ချောမောပြီး ကြည့်ရမြင်ရသူအဖို့ စိတ်အေးချမ်းစေ၏။
ချန်ယင်ကျိုးရဲ့ မိသားစုမှာ လူနှစ်ယောက်သာရှိပြီး အဘွားအိုမှာ ကြီးလေးသော အလုပ်များကို လုပ်နိုင်ရန်အတွက် အသက်ကြီးလွန်းတာကြောင့် ချန်ယင်ကျိုးမှာ လေးလံတဲ့ဝန်ကို ထမ်းကာ မိသားစုအတွက် စားနပ်ရိက္ခာ လုံလုံလောက်လောက်ရရှိရန် ကြိုးစားအားထုတ်ရလေသည်။
မိခင်မေတ္တာအပြည့်ရှိသော ဆုတန်မှာ ထိုအကြောင်းစဉ်းစားမိသွားရကာ အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ဆိုသလို ဝမ်းနည်းသွားရလေသည်။
သူမတို့ခေတ်က အသက် 18 နှစ်ဆိုသည်မှာ မိဘများနှင့် ကယောင်ကတမ်း ပြုမူရမည့် အရွယ်ပင်ဖြစ်သော်လည်း ဆင်းရဲသော မိသားစုမှ ကလေးများဖြစ်သည့် ချန်ယင်ကျိုးကဲ့သို့သော ကလေးများမှာတော့ မိသားစုကို စောစောစီးစီး တာဝန်ယူရမည်ဖြစ်သည်။နောင်တွင် ချမ်းသာကြွယ်ဝလာမည်ကို သိပါက ချန်ယင်ကျိုး၏ တုံ့ပြန်မှုမှာ ဘယ်လိုဖြစ်မလဲ ဆိုတာ ဆုတန် သိချင်မိလှသည်။
3742 : "မင်းရဲ့အကြံအစည်က အရမ်းအန္တရာယ်များတယ်နော်"
ဆုတန် : "ငါသိပါတယ်၊ ငါဘာမှမပြောပါဘူး"
ဒါက သူမရဲ့ ပထမဆုံး မစ်ရှင်မဟုတ်တော့သလို သူမသည်လည်း စည်းကမ်းတွေကို မသိသေးတာ မဟုတ်တော့ပေ။သူမအနေနဲ့ မပြောသင့်တာကို မပြောနိုင်သလို စည်းကမ်းကိုလည်း လိုက်နာရမည်ဟု သိပါ၏။ 3742သည် တခါတရံ စိုးရိမ်မှုလွန်ကဲသည်ဟု သူမ မြင်သည်။
ချန်ယင်ကျိုးမှာ ဝေးလံခေါင်းပါးသော အနောက်ဘက်တွင်နေထိုင်ကာ ထိုအရပ်တွင်အိမ်နည်းနည်းပဲ ရှိတာဖြစ်သည်။စပါးခင်းကြီးတစ်ခုကို ဖြတ်ကျော်ပြီးနောက်မှာတော့ ချန်ယင်ကျိုးအိမ်အပါအဝင် တခြားအိမ်အချို့ကိုပါ နောက်ဆုံးတွင် တွေ့လိုက်ရလေသည်။
အိမ်တံခါးဝသို့ ရောက်သောအခါ အဘွားကြီးမှာ အသံကြားသဖြင့် အမြန်ထွက်လာခဲ့သည်။ သူမလက်ကိုအမြန်ထုတ်ကာ ဆုတန်နှင့် လက်ဆွဲနှုတ်ဆက်ချင်သော်လည်း ကောင်မလေးက သူ့ကိုမကြိုက်မှာကိုလည်း ကြောက်မိလေသည်။သူမ ဆန့်တန်းထားသောလက်ကို ပြန်ရုတ်ခါနီးတွင် ဆုတန်က လှမ်းဆုပ်ကိုင်လိုက်သည်။
ထိုပိန်လှီနေသောလက်များမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ကြောင်း ပြသနေခဲ့လေသည်။ ထို လက်ဖဝါးများသည် ထူထဲမာကျောနေသော်လည်း အံ့သြစရာကောင်းလောက်အောင် နွေးထွေးသောကြောင့် ဆုတန်သည် သူမအဖွားကိုပင် သတိရလာခဲ့သည်။
ဆုတန်က သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။ဆုတန်မိန်းကလေး၏ ထူးခြားသောအသံမှာ လှိုင်းလေသံကဲ့သို့ ပြတ်သားကာ ပြုံးသောအခါတွင်လည်း သူမမှာ အမြဲလိုလို မျက်လုံးကို မှိတ်ကျ သွားတဲ့အထိ ပြုံးလေ့ရှိလေသည်။ သူမ၏ ပါးစပ်ထောင့်ရှိ သစ်တော်သီးပုံသဏ္ဍာန် အလိမ်အကောက်များမှာလည်း အပျော်သဘောနှင့် ချစ်စရာကောင်းမှုကို ပေါ်လွင်စေသည်။
ချန်ယင်ကျိုးက သူမကို တစ်ချက်ကြည့်လိုက်ပြီး ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်သောမျက်နှာဖြင့် သူမ၏ ခရီးဆောင်အိတ်ကို အိမ်ရှေ့ခန်းသို့သယ်ဆောင်သွားခဲ့လေသည်။
ချန်မိသားစုတွင် လူနှစ်ယောက်သာရှိရာ ချန်ယင်ကျိုးမှာ နေ့တိုင်း စကားများများစားစားမပြောသည့်အတွက် အဖွားဖြစ်သူမှာ သနားစရာကောင်းလှအောင် အထီးကျန်လှလေသည်။ နောက်ဆုံးတော့ စကားပြောကောင်းတဲ့ မိန်းကလေးတစ်ယောက် ရောက်လာလေရာ အဘွားကြီး၏ မျက်လုံးများမှာ ရွှင်မြူးစွာဖြင့် ကျဉ်းသွားပြီး သူမလေးလက်ကိုဆွဲကာ အိမ်ထဲသို့ ၀င်သွားခဲ့သည်။
အိမ်ကြီးမှာ ကျယ်ဝန်းလှသော်လည်း ဈေးကြီးသောအလှဆင်မှုများတော့ မရှိပါ။ ပရိဘောဂများမှာ ဟောင်းနွမ်းနေသော်လည်း အလွန်သန့်ရှင်းပြီး ပစ္စည်းများကို စနစ်တကျ စီစဉ်ထားလေသည်။
ချန်မိသားစုတွင် အခန်းလွတ်နှစ်ခန်းရှိ၏။ အဖွားချန်သည် ဆုတန်ကို ကျယ်ဝန်းပြီး နေသာသော တောင်ဘက်အခန်းသို့ခေါ်သွားကာ ထိုအခန်းမှာ သူမ နေထိုင်ရန်အတွက် ပိုအဆင်ပြေလှသည်။