no

Font
Theme

အိမ်မှာ ထမင်းအလုံအလောက်ရှိတော့ ဆုတန် က ဒီတစ်ခါတော့ ဂျုံမှုန့်ဖြူနဲ့ ဝက်သားတစ်ပိုင်းဝယ်လိုက်သည်။ပြီးတော့ ငါးအရှင်ရောင်း‌နေတာလည်းတွေ့တော့ အကြီးကြီးတစ်ကောင်ကိုပါ ရွေးဝယ်လိုက်သည်..။


တစ်ခုခုဝယ်ပြီးရင် ချန်ယင်ကျိုးကို ပေးလိုက်ရာ ချန်ယင်ကျိုးကတော့ ရံဖန်ရံခါ မျက်မှောင်ကြုတ်ရုံမှတစ်ပါး ဘာမှပြန်မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် သယ်ဆောင်သွားကာ သူမနောက်သို့ လိုက်လာခဲ့‌လေသည်။


သူအရမ်းစိတ်ရှည်တာကိုမြင်လိုက်ရတော့ ဆုတန်က “နင့်ကို ငါကြိုပြီးလေ့ကျင့်ပေးနေတာ ဒါမှ နင့်မိန်းမနဲ့ဈေးဝယ်ထွက်တဲ့အခါ နင်ပင်ပန်းမှာ မဟုတ်တော့ဘူးလေ "


ချန်ယင်ကျိုးက ဘာပြန်ပြောရမှန်းမသိဘဲ သူ့လက်ချောင်းတွေကလည်း ပလတ်စတစ်အိတ်နဲ့ အပြည့်ဖြစ်နေတာကြောင့် သူဘာမှလည်း ပြန်မလုပ်နိုင်ပါပေ။ 


ဆုတန်ကတော့ မိန်းမတွေရဲ့ သဘာဝအတိုင်းကိုပင် ဝယ်သည်။ ထပ်ဝယ်သည်။ဟော ထပ်ဝယ်ပြန်ပြီ။ အစားအစာနှင့်နေ့စဉ်သုံးပစ္စည်းများကို အများအပြားဝယ်ယူပြီး ဆုတန်က နောက်ဆုံးတော့ ရပ်သွားခဲ့သည်။


ငါးနှင့်အသား၊ ဤသည်မှာ တရုတ်နှစ်သစ်ကူးအတွက်လိုမျိုးတောင် ဖြစ်နေခဲ့၏။


ချန်ယင်ကျိုးက နောက်ဆုံးမှာတော့ မကူညီနိုင်‌တော့ဘဲ "မင်း အများကြီးဝယ်နေခဲ့တာ အခုပြီးပြီလား ?"


ဆုတန်က သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်လာကာ သူ့ပခုံးကို ပုတ်လိုက်ပြီး "စားတာ ငါတစ်ယောက်တည်း မဟုတ်ဘူး‌လေ။ နင်နဲ့ အဖွားချန်အတွက်ပါ ဝယ်ရတယ်။ ပြီးတော့ နင်က အရမ်းစားတာကို အခုဝယ်တာ နည်းနည်းပဲရှိသေးတယ်"


ချန်ယင်ကျိုးက နှုတ်ခမ်းကို ခပ်ဖွဖွဟလိုက်ကာ ဘာမှပြန်မပြောဘဲ သူ့နားရွက်များသာ နီရဲလာခဲ့သည်။


သူက အစာစားချင်စိတ် ကြီးတာလား။ သူဘယ်လိုသိနိုင်မလဲ‌နော်။


ဒါပေမယ့် ဆုတန်ရဲ့ စားချင်စိတ်ကတော့ အရမ်းနည်း၏။ထမင်းပန်းကန်သေးသေးလေးတောင် သူမ ကုန်အောင်မစားနိုင်ဘူး၊ အရမ်းပိန်နေတာလည်း အံ့သြစရာမရှိပါဘူး။


.......


ဆုတန်က ဒီနေ့ အလုပ်မသွားဘဲ ညစာအတွက် တိုက်ရိုက်ချက်ပြုတ်ဖို့သာ အစပျိုးလိုက်သည်။


ရက်အနည်းငယ်ကြာ အတူတူနေထိုင်ပြီးနောက် အဖွားချန်က သူမရဲ့ စိတ်အ‌ခြေအနေကို နားလည်လာခဲ့ရာ တစ်ခုခုကို ခွင့်မပြုရင် အမြဲတမ်း မကောင်းဘူးလို့ ခံစားရသည်။ ဒါကြောင့် သူမကို လုပ်ခွင့်ပေးထားလိုက်၏။


အဖွားချန်က သူမ၏ ကိုယ်ပိုင်ခြံသို့ ဟင်းသီးဟင်းရွက်များ စိုက်ရန်ပြန်သွားလိုက်ပြီး ချန်ယင်ကျိုးကိုသာ ဆုတန်ကို အကူအညီ‌ပေးရန် ပြောခဲ့လေသည်။


ချန်ယင်ကျိုး မီးဖိုချောင်ထဲဝင်သွားတဲ့အချိန်မှာတော့ ဆုတန်က မြေကြီးပေါ်မှာ လဲလျောင်းနေပြီး မီးဖိုထဲကို လေမှုတ်ထုတ်နေတာကို တွေ့လိုက်ရသည်။


ဆုတန်က မျက်နှာမှာ အိုးအောက်ခြေမှ ပြာများဖြင့် ပေကျံဖုံးလွှမ်းနေသည့် ဒီလိုပုံကို အတွေ့ခံလိုက်ရသောအခါ ရှက်သွားခဲ့သည်။ 


သူမက ချောင်းဆိုးလိုက်ပြီး "ဒီလိုမီးမွှေးတဲ့အလုပ်က တကယ့်ကို နည်းပညာလိုတဲ့ အလုပ်ပဲ"


အကယ်၍ သူမကို ကိုယ်တိုင်မီးဖန်တီးခိုင်းတဲ့ အရူး 3742 ကြောင့်သာ မဟုတ်ပါက သူမက ချန်ယင်ကျိုးကို အကူအညီတောင်းခဲ့မိမှာ သေချာသည်။


ဆုတန်က "ငါ့ကို သင်ပေးပါလားဟင်" 


" ဒါဆို မီးမွှေးတဲ့အချိန်တိုင်း နင့်ကို လာနှောက်ယှက်ပေးမိမှာ မဟုတ်တော့ဘူး "


ချန်ယင်ကျိုးက ဆုတန်ကို မီး‌မွှေးသင်ဖို့ သိပ်အခက်အခဲမရှိဘူးလို့ ထင်တာကြောင့် စကားမပြောချင်ပါပေ။


ဆုတန်က သူနဲ့အတူ လိုက်သင်ယူလိုက်ပြီး တောင်ဘက်ခြမ်းက မီးဖိုကို သူမကိုယ်တိုင် မီးညှိလိုက်လေသည်။ တောက်လောင်နေသော မီးတောက်များကို ကြည့်လိုက်ပြီး ဆုတန်က သူမ မစ်ရှစ် ပြီးမြောက်သွားပြီဟု ခံစားလိုက်ရသည်။


" 3742  ငါ့အခန်းထဲမှာ ပိုက်ဆံကို နာနာခံခံ သွားထားလိုက်တော့" 


ဆုတန်က ဂုဏ်ယူစွာ အမိန့်ပေးလိုက်၏။ ငွေရှိလာတဲ့အခါ ဆုတန်က ပိုပိုပြီး ဝယ်နိုင်ဖို့ ယုံကြည်မှုပိုရှိလာခဲ့သည်။


ချန်ယင်ကျိုးကတော့ ဆုတန် ကိုယ်တိုင်လုပ်ထားတဲ့ မီးကိုကြည့်ပြီး သူ့မျက်လုံးတွေ နက်မှောင်သွားခဲ့သည်။


ဆုတန်က သူ့အကူအညီအတွက် ချန်ယင်ကျိုးကို ကျေးဇူးတင်ဖို့ သကြားလုံးတစ်ချို့ကို ထုတ်လိုက်၏။


ဆုတန်လက်ထဲက သကြားလုံးတွေကို ကြည့်လိုက်ပြီးတော့ မီးထပ်ကူမွှေးပေးစရာ မလိုတော့ဘူးလို့ ထင်နေတဲ့ ချန်ယင်ကျိုးက "မင်းငါ့ကို နောက်ဆုံးတစ်ခေါက် အကြွေးကျန်သေးတယ်" လို့ ပြောလိုက်သည်။


ဆုတန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ်တစ်ခုကိုထုတ်ကာ သူ့ကို နှစ်ခုအတူတူ ပေးလိုက်သည်။


ချန်ယင်ကျိုးက မှုန်ကုပ်ကုပ်မျက်နှာဖြင့် သူမကိုတောင် မကြည့်ဘဲ သကြားလုံးနှစ်လုံးကို ယူလိုက်ပြီး နောက်ပြန်မလှည့်ဘဲ ထွက်သွားခဲ့‌ရာ ဆုတန်က စိတ်ရှုပ်‌ထွေးသွားရသည်။ ဒီကလေးက ဘာဖြစ်နေတာလဲ။


တစ်ယောက်ယောက်ကများ သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့တာလား။


.........


ထိုအချိန်ကနေစပြီးတော့ ဆုတန်က ဘယ်သူပဲဖြစ်ဖြစ် ရွာကနေမြို့ကို တက်သွားပြီဆိုတာနဲ့ တစ်ခုမဟုတ်တစ်ခု အမြဲမှာလေ့ရှိပြီး အိမ်အတွက် အစားအသောက်များစွာကို အမြဲပြန်ယူလာလေ့ရှိ၏။


အဘွားအိုကား အစတုန်းကတော့ ဒီကိစ္စကို သိပ်ပြီးတော့ အရေးမထားခဲ့ပါပေ။အရမ်းပျင်းလာတဲ့အခါမှာ စကားပြောဖို့အတွက် တစ်စုံတစ်ယောက်ရှိတာကလည်း ကောင်းတဲ့အရာလို့ သူမက သတ်မှတ်ထားခဲ့တာဖြစ်ပါသည်။ပြီးတော့လည်း မိန်းကလေးငယ်လေးတစ်ယောက်အနေနဲ့ သူမအိမ်ကနေ ဒီလိုမျိုးခပ်ဝေးဝေးနေရာမှာ တစ်ယောက်တည်းလာနေရတာဟာ သိပ်ပြီးတော့ လွယ်ကူလှမှာ မဟုတ်ပေ။အဲ့ဒီအတွက်လည်း အဘွားအိုက ဒီမိန်းကလေးဘာပဲလိုလို ကူညီပေးဖို့အတွက် အမြဲတမ်းအဆင်သင့်ပင်။


ဆုတန်ကတော့ ချန်မိသားစုလေးက သိပ်မချမ်းသာပေမယ့် အမြဲတမ်းလိုလို သူမအ‌ပေါ် နွေးထွေးတယ်လို့ ခံစားခဲ့ရသည်။ချန်ယင်ကျိုးကိုယ်တိုင်ကလည်း မိမိကိုယ်ကိုယ်ချုပ်တည်းကာ အခြားသူများကို မထိခိုက်စေရန် သတိထားနေထိုင်ခဲ့သည်။ 


အလုပ်မသွားခင် နေ့တိုင်းလိုလို အဖွားချန်က ဆုတန်ကို ပိုကူညီဖို့အတွက် ချန်ယင်ကျိုးကို နားချလိမ့်ရှိ၏။


ဆုတန်က ချန်ယင်ကျိုးကို ပြုံးပြလိုက်ပြီး အဖွားချန်ပြောတာကို လိုက်အတုယူလိုက်ကာ "နင် ငါ့ကို ပိုကူညီဖို့လိုတယ်"


ချန်ယင်ကျိုးကတော့ ဘာမှပြန်မပြောပေမယ့် ဆုတန်ကို သူ့ကိုယ်ပိုင်အလုပ်တွေပြီးရင် ကူညီပေးလိမ့်မည်ပင်။ ဆုတန်က အလုပ်ကြိုးစား‌နေတဲ့သူကို ကြည့်လိုက်ရာ ချန်ယင်ကျိုးက အနည်းငယ်ရှက်သွားခဲ့သည်။ သူမက ဒါကို ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ပေမယ့် သူကတော့ တကယ်ကို အလေးအနက်ထား‌ပေးခဲ့သည်။


အဲ့ဒါကြောင့် သူတို့ နေ့စဉ်အတူ အိမ်ပြန်ရာတွင် အိမ်အပြန်လမ်းမှာ ဆုတန်က သူ့ကို စကားပြောသောအခါတွင် ချန်ယင်ကျိုးက အစပိုင်းတွင် ဝတ်ကျေတမ်းကျေသာ တုံ့ပြန်ခဲ့သော်လည်း တဖြည်းဖြည်း သူမအား စကားအနည်းငယ်ပင် ပြန်ပြောလာခဲ့ကာ သူမအပေါ်ထားရှိသော သဘောထားမှာ ယခင်ကဲ့သို့ အေးစက်ခြင်း မရှိတော့သော်လည်း အခုထိတော့ ထုတ်ဖော်ပြောဆို ပြသခြင်းမရှိသေးပါပေ။


သို့သော် ဆုတန်မှလွဲပြီး အခြားမည်သူမဆို သူ့အား စကားလာပြောလျှင် တစ်ဖက်လူကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်နေမှာဖြစ်ပြီး အချိန်မရွေး ရန်ထဖြစ်တော့မယ့် မျက်နှာထားဖြင့် တစ်ဖက်လူ ကြောက်ပြီး မထွက်သွားမချင်း ရပ်မှာမဟုတ်ပေ။


ရှုဟောင်က ဆုတန်တစ်ယောက် ချန်ယင်ကျိုး၏ မျက်နှာအမူအရာကင်းမဲ့သောမျက်နှာကိုကြည့်ပြီး စကားပြောနိုင်သည်ကိုတွေ့တော့ မနေနိုင်တော့ဘဲ သူမကို ချီးကျူးသွားရသည်။ သူသည် ဝိန်ဟွိုင်ရှုကို တစ်ကြိမ်ထက်ပို၍ တိုင်ကြားခဲ့ဖူး၏။ဘာကြောင့် ချန်ယင်ကျိုးက သူတို့ကိုလျစ်လျူရှုပြီး ဆုတန်နှင့်သာ စကားပြောနေရတာလဲ။ 


ဝိန်ဟွိုင်ရှုက သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီး "ဒါဆို မင်းသူ့ကို ပိုပြီးအာရုံစိုက်ဖို့လိုပြီ"


ရှုဟောင်က ချန်ယင်ကျိုးရဲ့ အေးစက်စက်မျက်နှာနှင့် တစ်ဖက်လူအပေါ်  ရွံရှာဖွယ်အကြည့်ဖြင့် ကြည့်တတ်တဲ့ မျက်လုံးများကို ပြန် တွေးလိုက်သောအခါတွင် သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းက သူ့ကို ငြင်းပယ်နေလေသည်။


မဟုတ်ဘူး..... ငါကြောက်တယ်။


............


ဆုတန်က ဝမ်ရွေ့ရွာရှိ နံနက်ခင်းများကို အလွန်နှစ်သက်ကာ ဤသို့သော ငြိမ်သက်မှုနှင့် နှစ်သိမ့်မှုမျိုးသည် သူမ၏ မှတ်ဉာဏ်ထဲတွင် ကျန်ရှိနေသလိုပါပင်။သူမနဲ့ သူမအဖွားတို့ ကျေးလက်မှာ နေထိုင်ခဲ့တဲ့နှစ်တွေက သူမရဲ့အပျော်ဆုံးနေ့တွေဖြစ်ပြီး ယခုမူ ထိုအရာအားလုံးက သူမအတွက်တော့ အစစ်အမှန်တွေ မဟုတ်တော့ပေ။


သူမ ဒီနေ့ ခါတိုင်းထက် စောစောထကာ နေမထွက်ခင်မှာပဲ ခြံထဲမှာထိုင်ပြီး အရှေ့ကောင်းကင် တဖြည်းဖြည်း တောက်ပလာတာ ကို ကြည့်နေခဲ့သည်။


ချန်ယင်ကျိုး ထွက်လာတဲ့အခါမှာ ဆုတန်က ခုံတန်းလေးတစ်ခုပေါ်တွင် ထိုင်နေပြီး ကောင်းကင်ကိုမော့ကြည့်ကာ သူမဘာတွေတွေးနေမှန်းမသိရဘဲ သူမနောက်မှာ တစ်ယောက်ယောက် ရပ်နေတာကိုတောင် သတိမထားမိခဲ့ပေ။


ဆုတန်က ကောင်းကင်ကို မော့ကြည့်နေပြီး  ချန်ယင်ကျိုးက ဆုတန်ကို ကြည့်နေခဲ့သည်။


ချန်ယင်ကျိုးက မိသားစုအတွင်းမှာ လူသစ်တစ်ယောက် ရောက်လာတာကို အစပိုင်းတွင် လက်မခံနိုင်ခဲ့ပါ။


သူက နှစ်ပေါင်းများစွာ တစ်ယောက်တည်းသာ ဖြတ်သန်းလာခဲ့ပြီး လူတိုင်းကိုလည်း လျစ်လျူရှုထားခဲ့တာပင်။အခြားသူများကလည်း သူ့ကိုရှောင်ရှားကြသည်။ချန်ယင်ကျိုးကလည်း ဒါဟာ ကောင်းတဲ့အရာလို့ ထင်မိ၏။ သူ့ကို ဘယ်သူမှ မနှောင့်ယှက်ဘဲ သူ့ဘာသာ တစ်ယောက်တည်း အေးအေးဆေးဆေး နေနိုင်လေသည်။


ဒါပေမဲ့ မြို့ကလာတဲ့ ပညာတတ်လူငယ်အမျိုးသမီးကတော့ သူ့ကို ဘယ်တော့မှ ငြိမ်းချမ်းခွင့်မပေးပါ။


" ချန်ယင်ကျိုး ငါ့ကိုကူညီပါ!"


" ချန်ယင်ကျိုး နင် ကြက်ဥစားချင်လား"


" ချန်ယင်ကျိုး ငါ နင့်ကို သကြားလုံးပေးမယ်"


" ချန်ယင်ကျိုး နင် ဗိုက်ပြည့်ပြီမလား"


" ချန်ယင်ကျိုး အတူတူအလုပ်သွားရအောင်"


“ ချန်ယင်ကျိုး ငါ့ကိုစောင့်၊ ငါ့ကိုစောင့်ဦးလို့!"


.......


လွန်ခဲ့သည့် 18 နှစ်အတွင်းမှာ ချန်ယင်ကျိုးက သူ့နာမည်ကို အခြားသူများထံမှ မကြာခဏ မကြားခဲ့ဖူးပါ။


သူ ထင်ယောင်ထင်မှား ဖြစ်တာလားလို့တောင် ထင်မိခဲ့သည်။


ဒါပေမဲ့ ဒီလူငယ် ပညာတတ်အမျိုးသမီးက ကောင်းကောင်းမစား‌သောက်ပါပေ။ ဒီနေရာမှာ ပိန်ပိန်သေးသေးနဲ့ အားလည်း သိပ်မရှိဘဲ နှေးကွေးစွာသာ အလုပ်လုပ်ကြသည့် လူအများကြီးရှိသည်။ကောက်ရိုး‌ကို ဆွဲထုတ်ခြင်းမှာတောင် သူတို့လက်မှာ အရည်ကြည်ဖုများပင် ဖြစ်လာတတ်၏။


ပြောရမယ်ဆို သူတို့က တကယ်ကို အသုံးမကျသူများဖြစ်သည်။


ဒါပေမယ့် သူမကတော့ သူ့ကို လုံးဝမကြောက်ပါ။သူ့အမူအရာက ဘယ်လောက်ပဲ အုံ့မှိုင်း နေပါစေ သူ့လေသံက ဘယ်လောက်ပဲ အေးစက်နေပါစေ သူမဟာ အမြဲလိုလို ပြုံးနေတဲ့ မျက်နှာထား‌လေးနဲ့ အမြဲနွေဦးအလင်းရဲ့ အလွှာတစ်ခုနဲ့ ဖုံးအုပ်ထားသလို နွေးထွေးပြီး ရွှဲရွှဲစိုနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို အမြဲကြည့်နေတတ်သည်။


ဆုတန်က သူ့ကို ချီးမွမ်းတဲ့ ပထမဆုံးလူဖြစ်ခဲ့ပြီး သူ့သူငယ်ချင်း ဖြစ်ချင်တယ်လို့ ပြောလာဖူးခဲ့တဲ့ ပထမဆုံးလူလည်း ဖြစ်သည်။ သူမသည် တကယ့်ကို အခြားသူများနှင့် ကွဲပြားနေပုံရသည်။


..........


မျိုးစေ့ကြဲခြင်းက ကိစ္စကြီးဖြစ်ပြီး တစ်နှစ်တာ၏ ရိတ်သိမ်းမှုကို သက်ရောက်စေနိုင်ပေသည်။ဆုတန်က လူတိုင်းနောက်သို့ အတူလိုက်ကာ အမှီလုပ်နေပြီး လူတိုင်းမှာလည်း အလုပ်ကြိုးစားကြပြီး မည်သူမျှ ပျင်းရိ‌နေတာ ဒါမှမဟုတ် သတိလက်လွတ် ဖြစ်တာမျိုး မလုပ်ရဲကြပါပေ။


ဒါပေမယ့် အမြဲတမ်း ခြွင်းချက်တစ်ခု သို့မဟုတ် နှစ်ခု ရှိခဲ့သည်။


လွန်ခဲ့သောနှစ်ရက်က ချန်ယင်ကျိုးသည် စပါးစိုက်ရန် တောင်ဘက်ရှိ လယ်ကွင်းတစ်ခုတွင် တာဝန်ပေးအပ်ခြင်း ခံခဲ့ရ‌လေသည်။ဝိန်ဟွိုင်ရှုနှင့် ရှုဟောင်အပြင် နောက်ထပ်နှစ်ယောက်နှင့်အတူပင်။ 


ဝမ်ရွေ့ရွာတွင် ညီအစ်ကိုနှစ်ယောက်ရှိပြီး ၎င်းတို့၏မျိုးရိုးအမည်မှာ လီဖြစ်ကာ ရွာရှိလူတိုင်းက သူတို့ကို လီတာ့(လီတစ်) နှင့် လီအာ့(လီနှစ်)ဟုခေါ်ကြလေသည်။ 


ထိုညီအကိုနှစ်ယောက်က သူခိုးနဲ့တူပြီး သူတို့က အသက် 30 ကျော်ပြီးဖြစ်သော်လည်း လက်မထပ်ရသေးပဲ အလုပ်တွေလုပ်တဲ့အခါ အချောင်ခိုရတာကို ကြိုက်နှစ်သက်ကာ သူတို့ခေါင်းဆောင်များ၏ ရှေ့တွင်တော့ အလုပ်ကြိုးစားသယောင် ပြုမူတတ်ကြသည်။


တောင်ဘက်မှာရှိတဲ့ ဒီမြေကွက်က သိပ်မကျယ်တာကြောင့် လျှို့ဟွိုင်ခွေ့က အလုပ်တာဝန်ပေးတဲ့အခါ ဒီလူတွေသာ ရေသာမခိုရင် သုံးရက်အတွင်း ပြီးနိုင်‌လောက်မယ်လို့ တွက်ချက်ထားလေသည်။


ဒီနေ့က တတိယမြောက်နေ့ဖြစ်ပြီး နေ့လယ်စာစားပြီးတဲ့နောက် လျှို့ဟွိုင်ခွေ့ လာစစ်ဆေးသော်လည်း မျိုးစေ့ချရန်အတွက် ဧရိယာကြီးကြီးမားမား ကျန်နေသေးသည်ကို တွေ့ရှိခဲ့ရသည်။မျိုးစေ့ကျဲခြင်းဟာလည်း ဖြစ်ဖြစ်မြောက်မြောက် မပြီးသေးပါပေ။


လျှို့ဟွိုင်ခွေ့က အလွန်စိတ်သဘောထား ကောင်းမွန်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူက သာမန်အချိန်များတွင် ကျယ်ကျယ်လောင်လောင်ဖြင့် ရယ်‌‌မောနေနိုင်သော်လည်း အလုပ်သွားသည့်အခါတွင်မူ အလွန်တင်းကြပ်သူဖြစ်သည်။တကယ်လို့ သူ သတ်မှတ်ထားတဲ့အလုပ်တွေ မပြီးပြတ်ရင် လူတွေကို တကယ်ပဲ ကြိမ်းမောင်းပါလိမ့်မယ်။


သူ ရောက်လာတာနဲ့ ဒါကိုမြင်လိုက်ရပြီး ဒေါသထွက်လာကာ ဘာကိုမှ ဂရုမစိုက်တော့ပေ။သင်ဟာ ပညာတတ်လူငယ်တစ်ဦးပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ အတူတကွနေထိုင်ခဲ့သော အိမ်နီးချင်းတစ်ဦးပဲဖြစ်ဖြစ် သူမင်းကို ဒေါသထွက်တာနဲ့ တစ်ချိန်လုံး ကြိမ်းမောင်းပါလိမ့်မယ်။


သူ့တွင် ကျယ်လောင်သောအသံနှင့် ပြင်းထန်သော မျက်နှာထားရှိပြီး ဝိန်ဟွိုင်ရှုနှင့် ရှုဟောင်တို့ကို အလွန်ထိတ်လန့်သွားစေကာ ပေါက်တူးများကိုင်ကာ စကားပင်သွားမပြောရဲကြပေ။


ဒါဟာ တကယ်မတရားပါပေ။သူတို့လည်း အရမ်းကြိုးစားခဲ့ကြပါ၏။သူတို့မှာ ခါးနာရုံတင်မကဘဲ အလုပ်များလွန်းလို့ နေ့လယ်စာ စားဖို့တောင် အချိန်မရှိခဲ့ပါ။


ချန်ယင်ကျိုးကတော့ ဆူပူကြိမ်းမောင်းခံရသည့်တိုင် ဘာအမူအရာမှ ထုတ်ဖော်မပြဘဲ သူ့အလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။


လီတာ့နှင့် လီအာ့တို့က အစက ပေါ့ပေါ့ပါးပါးနဲ့ စကားစမြည်ပြောနေကြသော်လည်း လျှို့ဟွိုင်ခွေ့ လာနေသည်ကို တွေ့လိုက်တာနဲ့ ချက်ချင်းပင် ကြိုးကြိုးစားစား အလုပ်လုပ်နေသယောင် ဟန်ဆောင်သွားကြသည်။ သူတို့ အလုပ်လုပ်တာ နောက်ကျသည်ဟု စွပ်စွဲခံရသောအခါမှာတော့ ‌စောဒကတက်လာတော့သည်။


"ခေါင်းဆောင် ကျွန်တော်တို့ ညီအကိုနှစ်ယောက်က အစွမ်းကုန်ကြိုးစားခဲ့ကြတာပါ။ဒါပေမယ့် ဒီမြို့က လူငယ်လေးတွေက အလုပ်လုပ်တဲ့နေရာမှာ မကောင်းဘူးဖြစ်နေတယ်။အလုပ်လုပ်တာ နှေးကွေးရုံမကဘူး အားလုံးကိုလည်း နောက်ပြန်ဆွဲထားသေးတယ်။ဒီနှစ် ကောက်ပဲသီးနှံတွေ ဘယ်လိုနေလဲတော့ မသိဘူး။ ဒါပေမယ့် ဒီနှစ် စပါးရိတ်သိမ်းတာကတော့ ဟန်ချက်မညီတော့ဘူးလို့ ထင်ပါတယ်"


ဝိန်ဟွိုင်ရှုနှင့် ရှုဟောင်တို့မှာ မူလက လျှို့ဟွိုင်ခွေ့ကြောင့် ထိတ်လန့်ခဲ့ရပြီး လီညီအစ်ကိုများ ပြောလာသည်ကို ကြားသောအခါ ပို၍ ထိတ်လန့်သွားရသော်လည်း သူတို့ မနှောင့်ယှက်ဝံ့ပါပေ။ နောက်ဆုံးတော့ သူတို့ဟာ လူသစ်တွေပါပဲ။ လီညီအစ်ကိုများကတော့ လယ်ယာလုပ်ငန်းကို နှစ်အတော်ကြာအောင် လုပ်ဆောင်ခဲ့ဖူးပြီး ၎င်းတို့ထက် အတွေ့အကြုံပိုရှိတာကြောင့် အဆင်မပြေရင် အကြောင်းပြချက်‌တော့ရှိရမည်။


ရှုဟောင်က သူ့လက်ပေါ်ရှိ အရည်ကြည်ဖုကြီးများကို ထိကြည့်လိုက်ချိန်မှာ အလွန်ပင် စိတ်မကောင်းဖြစ်သွားရသည်။သူသာ ဒါတွေ ကြိုသိရင် ကျေးလက်ကို မသွားပါဘူး။သူ့အိမ်မှာ သူ့ဘာသာ သခင်ငယ်ဖြစ်ရတာ ပိုမကောင်းဘူးလား။သူဘာကြောင့် ဒီလိုလုပ်တွေ လုပ်နေရတာလဲ။


ချန်ယင်ကျိုးကတော့ လီညီအစ်ကိုတွေကို တစ်ယောက်ပြီး တစ်ယောက်ကြည့်လိုက်ပြီး ဘာမှ‌တော့ ပြောမလာပါပေ။


လျှို့ဟွိုင်ခွေ့က ထွက်မသွားခင်မှာ အရမ်းဒေါသထွက်နေပြီး "ဒီနေ့ အလုပ်မပြီးပြတ်ရင် အိမ်မပြန်နဲ့ ညစာမစားကြနဲ့!"


ဝိန်ဟွိုက်ရှုနဲ့ ရှုဟောင်က ကျန်ရှိ‌ခဲ့တဲ့ မြေကွက်ကြီးကို ကြည့်ပြီး ငိုချင်လာပေမယ့် သူတို့မျက်ရည်တော့ မကျလာခဲ့ပါပေ။


လျှို့ဟွိုင်ခွေ့  ထွက်သွားတာကိုမြင်တော့ လီတာ့ က ဂေါ်ပြားသေးသေးလေးကိုင်ပြီး ပညာတတ်လူငယ်နှစ်ယောက်ဆီ ရောက်လာခဲ့သည်။ထိုသူက အရပ်မရှည်သလို နောက်ကျောကလည်း ကုန်းနေခဲ့သည်။သူ့အင်္ကျီကလည်း မလျှော်တာကြာပြီမို့ ညစ်ပတ်စုတ်ပြတ်နေခဲ့၏။


“မင်းတို့နှစ်ယောက်ရဲ့ နူးညံ့တဲ့အသားအရည်ကို ကြည့်တာနဲ့ အလုပ်ကောင်းကောင်း မလုပ်နိုင်တာကို ငါပြောနိုင်တယ်။ဒါကြောင့် ငါတို့ပါ ခေါင်းဆောင်ရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံရတော့တာပဲ။မင်းတို့နှစ်ယောက်က မြို့မှာပဲ နေခဲ့ရမှာ။ဒါပေမယ့် မင်းတို့နှစ်ယောက်က အဲဒီမှာမနေဘဲ ငါတို့တောင်ချိုင့်ကိုလာပြီး ပြဿနာဖြစ်စေခဲ့တယ်။အလုပ်မပြီးမချင်း အိမ်ပြန်ဖို့ကို ဗိုလ်ကြီးက ခွင့်မပြုတာကို မင်းတို့နှစ်ယောက်လည်း ကြားတယ်မလား။မင်းတို့နှစ်ယောက် အချိန်ဆွဲနေလို့သာ မဟုတ်ရင် ငါတို့ညီအကိုတွေလည်း ဒုက္ခများမှာ မဟုတ်ဘူး”


လီအာ့က "မှန်တယ်။မင်းတို့နှစ်ယောက်ကြောင့် ငါတို့ပါ ဒုက္ခများရတာဆိုတော့ ကျန်တဲ့အလုပ်တွေကို မင်းတို့နှစ်ယောက်ပဲ လုပ်သင့်တယ်လို့ ငါထင်တယ်"


ဝိန်ဟွိုင်ရှုက သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီး ရှင်းဖို့ကျန်နေတဲ့ လယ်မြေများကို ကြည့်လိုက်ကာ သူတို့နှစ်ယောက်ကိုပဲ အားကိုးနေရင် ဒီည မအိပ်ရတော့ဘူးထင်တယ်။


လီညီအစ်ကိုတွေက အချင်းချင်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေကြသော်လည်း အလုပ်‌တော့ မလုပ်ချင်ကြပေ။ဝိန်ဟွိုင်ရှုနှင့် ရှုဟောင်က ရှက်သွားသော်လည်း ဒီအတွေ့အကြုံရှိသော လယ်သမားများရှေ့မှာတော့ သူတို့က အမှန်တကယ်ပင် အတွေ့အကြုံမရှိသေးသူများဖြစ်ကြသည်။


"ကျွန်တော် မလုပ်နိုင်တော့ဘူး......" 


"မင်းတို့အလုပ်ကိုရော လုပ်ပြီးခဲ့လို့လား"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment