အချိန်အတော်ကြာ အလုပ်လုပ်ပြီး နောက်ဆုံးမှာတော့ သူတို့အနားယူနိုင်ရန်အတွက် အားလပ်ရက် နှစ်ရက်လောက် ရှိလာခဲ့သည်။ရှုဟောင်ကတော့ အသားစားချင်တယ်ဆိုပြီး အော်နေခဲ့၏။ရွာထဲက လယ်ထွန်စက်ကို မြို့ထဲပြန်သွားထားမှာမလို့ လူအနည်းငယ်ကို လမ်းကြုံမြို့ထဲလိုက်ကြပြီး ထမင်းစားဖို့ ရက်ရက်ရောရော ဖိတ်ခေါ်လိုက်သည်။
ဆုတန် အပြင်ထွက်ခါနီးတွင် အဖွားချန်က ချန်ယင်ကျိုးထံ ကြက်ဥတောင်းတစ်တောင်းကို ပေးလိုက်သည်ကို တွေ့ရပြီး ငွေလဲလှယ်ရန် မြို့ထဲသို့ ယူသွားခိုင်းတာ ဖြစ်လိမ့်မည်။
ဆုတန်က ဒါကို မြင်လိုက်တော့ သူ့ကို အလျင်စလိုခေါ်လိုက်ကာ "ငါလည်း မြို့ထဲသွားတော့မှာ ငါတို့ အတူတူသွားရအောင်လေ "
"ဟုတ်ပြီ"
ချန်ယင်ကျိုးက သူမကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက် ရွာအဝင်ဝကို ရောက်တဲ့အခါ ချန်ယင်ကျိုးက ဆုတန်ရဲ့ "အတူတူသွားမယ်" လို့ ဆိုလိုတာက ခြေလျင်လမ်းလျှောက်တာမဟုတ်ဘူးဆိုတာ သိလိုက်ရသည်။
အခြားလူများက လယ်ထွန်စက်နောက်တွင် ထိုင်နေကြပြီး ကျန်းချွေ့ရှန်းက ဆုတန်ကို လက်ပြကာ အမြန်တက်ခိုင်းလိုက်သည်။
ဆုတန်က ကျော်တက်လာဖို့အတွက် တစ်ဖက်သူကို လှမ်းဆွဲလိုက်သော်လည်း တစ်ဖက်သူကတော့ တုတ်တုတ်မျှ မလှုပ်လာခဲ့ပေ။
ချန်ယင်ကျိုးက ထိုနေရာမှာသာ ဆူပုတ်ပုတ် မျက်နှာနဲ့ ရပ်နေခဲ့ပြီးတော့ သူ့ခြေလှမ်းများက မြေပြင်ပေါ်မှ ၁လက်မလေးတောင် ရွေ့မလာခဲ့ပါ။
ဒီနေရာမှာ လူတွေအများကြီးရှိတာကြောင့် သူမကြိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ဆုတန်က တစ်ဖက်သူရဲ့ ငြင်းဆိုမှုကိုတွေ့တာကြောင့် နူးနူးညံ့ညံ့လေး မေးလိုက်သည်။ “နင်ကားနဲ့မသွားချင်ဘူးလား? နင်က လမ်းလျှောက်ပြီးသွားချင်တာလား?”
ချန်ယင်ကျိုးက သူမကို မသိချင်ယောင်ဆောင်နေပြီးတော့ သူ့ရဲ့ကြက်ဥထည့်ထားတဲ့ ခြင်းလေးကိုသာ တင်းတင်းကျပ်ဆုပ်ကိုင်ထားလေသည်။
လမ်းလျှောက်ရင်းသာ ဝမ်ရွေ့ကျေးရွာမှ မြို့အထိသွားမယ်ဆိုရင် အသွားအပြန်ကို အနည်းဆုံးသုံးနာရီမှ လေးနာရီလောက်အထိကြာမြင့်မှာဖြစ်သည်။
ဆုတန်က ချန်ယင်ကျိုးက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကို မကြိုက်ကြောင်းကို သိထားပြီး ရွာသားတွေကပါ ချန်ယင်ကျိုးကို မိုက်မဲပြီး အထီးကျန်နေတဲ့အပြင် ပေါင်းသင်းရခက်တယ်လို့ ထင်နေကြသည်။ဤအထင်အမြင်က အချိန်တိုအတွင်း ပြောင်းလဲရန်အတွက်တော့ ခဲယဉ်းပေလိမ့်မည်။ ထို့ကြောင့် ဆုတန်က သူမနှင့်အတူပါလာတဲ့ ပညာတတ်လူငယ်များနှင့်သာ အရင်မိတ်ဆက်ပေးရန် ကြံစည်နေခဲ့ရာ ယနေ့ မြို့တွင်းသို့သွားရာမှာ အခွင့်အရေးယူချင်နေခဲ့တာဖြစ်သည်။
သူတို့က အသက်အရွယ်ချင်းတူကြတာကြောင့် ဆွေးနွေးစရာ အကြောင်းအရာများစွာ ရှိသင့်၏။
ဆုတန်က လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ဤလူများနှင့် လက်တွဲမိခဲ့ပြီး သူတို့အားလုံးမှာ တကယ့်ကို ပင်ကိုယ်စရိုက်ကောင်းများရှိကာ သူငယ်ချင်းကောင်းများဖြစ်ရန် အလွန်သင့်လျော်သည်ဟု ယူဆမိသည်။
ယခုမူ ချန်ယင်ကျိုးရဲ့ အထီးကျန်မှုက အမှန်တကယ် မထိုက်တန်ပါဟု သူမ ခံစားလာရပါသည်။သူက အတူတူလိုက်စီးရတာထက် မြို့ထဲထိ လမ်းလျှောက်ရတာ ပိုကြိုက်နေလေသည်။ လူတွေနဲ့ ဆက်ဆံတာကို သူ ဘယ်လောက်တောင်မှ မုန်းတီးနေလိုက်လဲ။
ဆုတန်က သူ့ကို စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်ကာ "လမ်းလျှောက်ရတာ ဘယ်လောက် ကြာမလဲ ငါတို့ သေချာမသိဘူးလေ။ကားစီးရတာက ပိုကောင်းတယ်။ သက်တောင့်သက်သာလည်း ရှိတယ်။ပြီးတော့လည်း ငါတို့ အားလုံးမှာ အဖွဲ့လေး ရှိတယ်လေ"
"ငါက လမ်းလျှောက်နေကျ"
ချန်ယင်ကျိုးရဲ့အသံက စိတ်ဓာတ်ကျနေပုံရပြီး သူသိပ်မပျော်ဘူးဆိုတာ တကယ်သိသာလှသည်။
ဆုတန်က သူရဲ့ တစ်ကိုယ်လုံးကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီး သူစိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်ရသဖြင့် သူမ၏နည်းဗျူဟာကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ"
ဆုတန်က ခေါင်းညိတ်ပြလိုက်ပြီး "ဒါဆို ငါလည်း နင်နဲ့လိုက်ခဲ့မယ် "
ချန်ယင်ကျိုးက သူမပြောသည်ကိုကြားသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး "မင်း ကားနဲ့ပဲ လိုက်သွားပါ " လို့ ပြောလိုကသည်။
သူ လမ်းလျှောက်သွားတာက သိပ်ပြဿနာမရှိသော်လည်း ဆုတန်ကတော့ လျှောက်နိုင်မည့်ပုံမပေါ်ပါ။
သူမက ပိန်လွန်းသဖြင့် ဤမျှအကွာအဝေးကို မလျှောက်နိုင်လောက်ပါပေ။
"နင်မစီးရင် ငါလည်းမစီးဘူး" ဆုတန်က သူနဲ့ အဆုံးထိ ငြင်းခုံခဲ့သည်။
သူဘာမှပြန်မပြောတာကိုမြင်တော့ ဆုတန်က "ဒီရက်တွေမှာ ငါအလုပ်အရမ်းပင်ပန်းနေတာ။ ငါ့ခြေထောက်တွေဆို ကြည့်ပါဦး အရည်ကြည်ဖုတွေနဲ့ ပြည့်နေပြီ။ငါထပ်ပြီးသာ မြို့ကိုလမ်းဆက် လျှောက်ရမယ်ဆို ဟိုရောက်တဲ့အခါ ငါ့ခြေထောက်တွေ ပုပ်သွားမလားတောင် မသိဘူး"
ထိုသို့ပြောပြီးတဲ့နောက် သူက သူမရဲ့ဖိနပ်စီးထားတဲ့ ခြေဖဝါးများကို ငုံကြည့်လိုက်လေသည်။
ချန်ယင်ကျိုး ထိုနေ့တွင် သူ့အဖွားက အရည်ကြည်ဖုများကို ဖောက်ပေးသောအခါ ဆုတန်ရဲ့ နာကျင်နေတဲ့ အမူအရာကို ပြန်သတိရမိသွားခဲ့၏။သူက နက်မှောင်နေတဲ့ မျက်နှာဖြင့် နှုတ်ဆိတ်နေကာ နှုတ်ခမ်းများကို လုံးဝ ပိတ်ထားပြီး သူ့ဘာသာအတွေးများဖြင့် ရုန်းကန်နေရသည်။
ခဏလောက်ကြာတော့ နက်မှောင်နေတဲ့ မျက်လုံးများဖြင့် သူမကိုကြည့်လိုက်ရင်း ချန်ယင်ကျိုးက နောက်ဆုံးမှာတော့ အလျှော့ပေးလိုက်လေသည်။
"ကားပဲ စီးသွားရအောင်"
ကျန်းချွေ့ရှန်းက ဆုတန်ကို ကားထဲသို့ ဆွဲသွင်းလိုက်ရပေမယ့် သူ့ထက် ခြေလက်ပိုရှည်တဲ့ ချန်ယင်ကျိုးကတော့ ကားထဲကို ခြေတစ်လှမ်းသာ နင်းလိုက်ရလေသည်။
လယ်ထွန်စက်က တဖြည်းဖြည်း မြို့ထဲသို့ တိုးဝင်သွားခဲ့၏။
ပညာတတ်လူငယ် တော်တော်များများဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးခဲ့တာ ကြာပြီဖြစ်သည်။ရှုဟောင်က ပတ်ဝန်းကျင်တွင် လူများစွာရှိသောအခါတွင် စိတ်ကို မထိန်းနိုင်ဘဲ ရယ်စရာကောင်းသော လူတစ်ယောက်ဖြစ်လာခဲ့သည်။
သူက ရယ်မောချင်စရာ မျက်နှာအမူအရာဖြင့် လူတိုင်းကို ဟာသများပြောပြနေပြီး လူအများအပြားကလည်း ကျယ်လောင်စွာရယ်မောကြလေသည်။ အစွန်းမှာထိုင်နေတဲ့ ချန်ယင်ကျိုးကသာ နောက်ကျောကို တည့်တည့်မတ်ထားပြီး ခြင်းတောင်းကို ကိုင်ထားကာ ရှေ့ကိုသာ ကြည့်နေပြီး သူ့ဟာသတွေကို နားမကြားသူ တစ်ယောက်ပမာ လျစ်လျှူရှုထားခဲ့သည်။
ကောင်လေးက သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို မရှိသလို သဘောထားပြီး သူ့တစ်ယောက်ထဲသာ သူ့ကိုယ်ပိုင်ကမ္ဘာထဲမှာ နှစ်မြှုပ်နေခဲ့သည်။
ရှုဟောင်ဟာ တစ်ခါမှရယ်စရာ ပြောတဲ့နေရာမှာ မကျရှုံးဖူးသေးပေ။သူအနည်းငယ် မတ်တပ်ထရပ်လိုက်ပြီး ချန်ယင်ကျိုးကို လက်ဖြင့်ပုတ်လိုက်ကာ "အစ်ကို၊ မင်းဘာတွေတွေးနေတာလဲ၊ ငါ့ဟာသတွေက မင်းအတွက် ရယ်စရာ မကောင်းဘူးလား"
ချန်ယင်ကျိုး၏မျက်လုံးများက ရှုဟောင်ရဲ့ လက်ပေါ်သို့ ပထမဆုံးကျရောက်သွားခဲ့ပြီး ထိုနောက် ရှုဟောင်ရဲ့မျက်နှာဆီသို့ ပြန်ကြည့်ကာ နောက်တော့ သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ သူ့မျက်နှာကလည်း ချက်ချင်း မှုန်မှိုင်းလာလေသည်။
ရှုဟောင်က ရှုပ်ထွေးသွားပြီး အနည်းငယ် ကြောက်ရွံ့သွားလေသည်။ ဒီကောင်က ဘာလို့ ဒီလောက်တောင် သွေးအေးရတာလဲ။ သူက ဟာသတွေပြောဖို့ အခကြေးငွေလည်း မယူပါဘူး။သူ့အတွက် ရယ်စရာမဟုတ်ရင်တောင် ဒေါသတော့ ထွက်နေစရာ မလိုဘူးလေ...။
နောက်တစ်စက္ကန့်အကြာတွင် ချန်ယင်ကျိုးက ခြင်းတောင်းနှင့်အတူ အနည်းငယ် ရွှေ့လိုက်ကာ ရှုဟောင်ရဲ့လက်က သူ့ကို နောက်တစ်ကြိမ် မထိတော့ကြောင်း သေချာစေရန် သူ့မျက်လုံးများနှင့် အကွာအဝေးကို တိုင်းတာနေလေသည်။
ရှုဟောင်: ......
သူက ရင်းနှီးဖို့ ငြင်းဆန်နေတာလား။
ရှုဟောင်က သူ့နှလုံးသားအတွင်းမှ အော်ဟစ်လိုက်ပြီး တစ်ဖက်လူရဲ့ ငြင်းဆိုချက်က သိသာထင်ရှားလွန်းတာတောင် သူက လာဖုံးကွယ်ချင်နေသေးတာလား?
ငြင်းပါ ငြင်းပါ ငါလည်းငါ့ကို မျက်နှာသာအလေးပေးတာ မလိုချင်ပါဘူး။
သူ့မျက်နှာကို ကယ်တင်ဖို့အတွက် ရှုဟောင်က သူ့လည်ချောင်းကို ရှင်းထုတ်ပြီး ချန်ယင်ကျိုး ကို မကျေမနပ်နဲ့ စိုက်ကြည့်ကာ ရယ်စရာကောင်းတဲ့ဟာသကို ထပ်ပြောပြလိုက်သည်။
လူတိုင်း ရယ်မောနေကြချိန်မှာ ချန်ယင်ကျိုးကတော့ တရားထိုင်နေတဲ့ ဘုန်းကြီးတစ်ပါးလိုပင် မတုန်မလှုပ်ဖြစ်နေတုန်းပါပဲ။
ရှုဟောင် : ......
လူမှုဆက်ဆံရေး ကောင်းမွန်သူ ရှုဟောင်တစ်ယောက် သူ့ဘဝတွင် ဆုတ်ယုတ်မှုတစ်ခုကို ကြုံတွေ့ခဲ့ရပါပြီ။ဒါကြောင့် သူသည် " ချန်ယင်ကျိုးအား ရယ်အောင်ပြုလုပ်ခြင်း" ကို သူ့ရဲ့ အစီအစဉ်တွင် တိတ်တဆိတ်ပင် ထည့်သွင်းလိုက်တော့သည်။
လေထုအနေအထားက နည်းနည်းခပ်တန်းတန်း ဖြစ်သွားတာကြောင့် ဆုတန်က ချန်ယင်ကျိုးကို အလျင်အမြန်ရှင်းပြလိုက်၏။
“ရှုဟောင်က နည်းနည်းတော့ အစအနောက် သန်တယ်ရယ်”
ကျန်းဖန်းမင်ကပါ အခုဖြစ်ပျက်နေတဲ့ကိစ္စကိုဝင်ညှိနှိုင်းပေးဖို့ ဆုံးဖြတ်လိုက်သည်။
“ရဲဘော်ချန်က ငါတို့နဲ့သိပ်ပြီးမရင်းနှီးသေးလို့ဖြစ်ပါလိမ့်မယ်။နောက်တစ်ခါကျရင် ငါ ခေါင်းဆောင်လျှို့ကို ရဲဘော်ချန်ကို ငါတို့နဲ့ အလုပ်အတူတူလုပ်ဖို့အတွက် တောင်းဆိုလိုက် မယ်။အဲဒီအခါကျရင် ငါတို့ပိုပြီးတော့ ရင်းနှီးလာကြမှာပါ”
ဝိန့်ဟွိုင်ရှုက ပြုံးလိုက်ကာ သူ့ရဲ့မျက်မှန်ကိုပင့်တင်လိုက်ပြီး “ဟုတ်တယ် အလုပ်အတူတူလုပ်ရတာက တကယ်ပျော်ဖို့ကောင်းပါတယ်”
ကျန်းချွေ့ရှန်းကပါ ခေါင်းငြိမ့်လိုက်ပြီး “ဟုတ်တယ် ဟုတ်တယ်”
လူနည်းစုကာ သက်သောင့်သက်သာမရှိတဲ့လေထုကိုဖြိုဖျက်ဖို့အတွက် ကြိုးစားလိုက်တဲ့အခါမှာတော့ ချန်ယင်ကျိုး၏ တောင့်တင်းနေတဲ့ မျက်နှာပေါ်မှာ အပြုံးခပ်ရေးရေးပေါ်လာပြီးနောက်တစ်စက္ကန့်အတွင်းမှာပဲ မျက်နှာသေ အဖြစ် ချက်ချင်းပြန်ပြောင်းလဲသွားခဲ့သည်။
ထို့ကြောင့် လေထုအခြေအနေက တစ်မျိုးကြီးပြန်ဖြစ်သွားခဲ့ပြန်၏။
သူတို့ပဲ မျက်စိမှားပြီး မြင်လိုက်ရတာလား။ထိုသူ တကယ်ပြုံးလိုက်တာမလား။
ဆုတန်ကတော့ ချန်ယင်ကျိုးဆီက ရယ်လိုက်တဲ့အသံကို ပြတ်ပြတ်သားသားကြားလိုက်ရသဖြင့် သိချင်လွန်းလို့ မေးလာခဲ့သည်။
“နင်ဘာကိုရယ်နေတာလဲ”
ချန်ယင်ကျိုးက “ပထမဆုံးဟာသက တကယ်ရယ်ရတယ်”
ဒါပေမယ့် သူ့မျက်နှာကတော့ မှုန်ကုပ်ကုပ်လေးဖြစ်နေလေသည်။
လူအများ :..... ???
ဒီကောင်ရဲ့တုံ့ပြန်မှုက ကြာလွန်းတယ်...
ဆုတန်ရဲ့အဒေါ်ကြီး စီစစ်မှုက တကယ်အရမ်းထူတာကြောင့် ချန်ယင်ကျိုးက အရမ်းချစ်စရာကောင်းတယ်လို့ သူမ ထင်သည်။
ဒီဆန့်ကျင်ဘက် အမူအရာက တကယ်ချစ်ဖို့ကောင်းတယ်။
မြို့ကိုရောက်ပြီးနောက် ရှုဟောင်နဲ့ အခြားလေးယောက်က စားဖို့ထွက်သွားကြသည်။ ချန်ယင်ကျိုးကတော့ သေချာပေါက် မသွားဘဲ ဆုတန်ကပါ အပျော်အပါးမှာ မပါဝင်ဘဲ တစ်ခုခုဝယ်ချင်နေလေသည်။
ချန်ယင်ကျိုးက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမထံသို့ တည့်တည့်သွားကာ ခြင်းတောင်းကို ကောင်တာပေါ်တွင် ညင်သာစွာထားလိုက်ပြီး ကြက်ဥများကို စစ်ဆေးရန် အရောင်းဝန်ထမ်းကို စောင့်ဆိုင်းနေလိုက်သည်။ အဲ့ဒီခေတ်မှာတော့ ကြက်ဥက ပေါင်လိုက်မဟုတ်ဘဲ အရွယ်အစားအလိုက် ဈေးဖြတ်လေသည်။
ဆုတန်က သူ့နောက်ကို တစ်ချိန်လုံး အမြီးသေးသေးလေးလို လိုက်နေခဲ့ပြီး ချန်ယင်ကျိုးက သူမက သူ့နောက်တွင် ရှိနေသည်ကို သိသော်လည်း နောက်ပြန်လှည့်မကြည့်ပေ။
အရောင်းဝန်ထမ်းမှာ မိန်းကလေးငယ်လေးတစ်ဦးဖြစ်သည်။ ချောမောသော ယောက်ျားတစ်ယောက် သူမအနားမှာ ရှိနေတော့ မနေနိုင်ဘဲ အကြိမ်များစွာ ထပ်ကြည့်မိလေတော့သည်။ သူမက ကြက်ဥများကို ရေတွက်နေရင်း ချန်ယင်ကျိုးကိုလည်း လျှို့ဝှက်စွာ ကြည့်နေခဲ့သည်။
ချန်ယင်ကျိုးကတော့ သူ့မျက်လုံးများထဲမှာ ကြက်ဥများသာ ရှိနေခဲ့သည်။ အရောင်းစာရေးမလေးက သူမရဲ့ဆွဲဆောင်မှုတွေက ကြက်ဥတစ်လုံးလောက်တောင် အာရုံစိုက်မခံရတဲ့အတွက် အနည်းငယ် စိတ်ပျက်သွားရတော့သည်။
ငွေကို တွက်ချက်ပြီးတဲ့အခါ ဥများကိုထုတ်ယူလိုက်ပြီး ချန်ယင်ကျိုးကို တောင်းနဲ့ပိုက်ဆံ ပြန်ပေးလိုက်သည်။
ချန်ယင်ကျိုးက သူ့လုပ်ငန်းပြီးမြောက်ပြီးတဲ့အခါ ပြန်ဖို့အတွက် ပြင်ဆင်လိုက်သည်။
သူထွက်သွားတော့မည်ကိုမြင်တော့ ဆုတန်က သူ့ကိုတားဖို့ အလျင်အမြန်ပြောလိုက်၏။
"ငါ နင့်နောက်ကို ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေး သမဝါယမဆီ လိုက်လာခဲ့ပေးတာမလား။နင်လည်း ပစ္စည်းဝယ်ဖို့ ငါ့နောက်ကို လိုက်လာပေးသင့်တယ်လေ"
ဆုတန်က သူ့ကို မျက်ဝန်းစိုစိုများဖြင့် ကြည့်လိုက်ကာ လိမ္မာစွာ ပြုံးပြလိုက်သည်။
ချန်ယင်ကျိုးက သူ့ဖိနပ်ထိပ်က ရွှံ့တွေကိုသာ စိုက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောလာပါပေ။
တကယ်တော့ သူမသွားချင်ဘူး...။
ဆုတန်ကတော့ သူသဘောတူသည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဂရုမစိုက်ဘဲ သူ့လက်ကိုသာဆွဲကာ စပါးဘူတာဆီသို့ တည့်တည့်သွားလိုက်သည်။
ဒီတစ်ခါတော့ သူ့မမှာ သယ်ဖို့အကူပါ ပါလာပြီ ဆိုတော့ ပစ္စည်းတွေများများ လိုသလောက် ထပ်ဝယ်လို့ ရပြီလေ။