ဆုတန်သည် သူမရဲ့မစ်ရှင်ဆုလာဒ်က ဘယ်အရာဖြစ်သင့်သည်ကို ရုတ်တရက် သိလိုက်ရသည်။
"မစ်ရှင်ပြီးရင် နေ့တိုင်း ကြက်ဥနည်းနည်းလောက် ပေးလို့ရမလားဟင်"
"ဘာလို့လဲ ? မင်း ကြက်ဥတွေကို သားဖောက်ချင်လို့လား??"
3742က သူမနှင့် ရှားရှားပါးပါး ဟာသပြောချင်စိတ်များ ရှိလာခဲ့သည်။
ဆုတန်က စနစ် 3742အား ကြက်ဥများကို အဖွားချန်ရဲ့ ကြက်လှောင်အိမ်ထဲတွင် ထည့်ထားခိုင်းရန် အစီစဉ်ဆွဲလိုက်သည်။ ဤနည်းအားဖြင့် ကြက်ဥအရေအတွက် တဖြည်းဖြည်း တိုးလာသည်နှင့်အမျှ အဘွားချန်နှင့် ချန်ယင်ကျိုးတို့ကလည်း ၎င်းတို့ကို တဖြည်းဖြည်း စားချင်ကြလာပေလိမ့်မည်။
3742က အဲဒီအစီအစဥ်ကို စဉ်းစားပေးလို့ရတယ်လို့ ပြောလာတာကြောင့် ဆုတန်က အရမ်းပျော်သွားပြီး ထမင်းကြော်ကို စတင်ပြင်ဆင်ပါတော့သည်။
သူမ သေချာစေတနာထားပြီး ကြော်ထားတဲ့ကြက်ဥတွေပါတဲ့ ရွှေဝါရောင်ထမင်းကြော်ဟာ အရမ်းစားလို့ကောင်းမယ့်ပုံ ပေါက်နေခဲ့သည်။
ဒါကို သူမ တမင်ကြွားလုံးထုတ်တာ မဟုတ်ပေမယ့် ဒီထမင်းကြော်အတွက်ပဲ သူမကို လက်ထပ်ချင်ကြပေလိမ့်မည်။
အဖွားချန် ပြန်ရောက်လာတဲ့အခါ သူမ ချက်ပြုတ်နေတာကိုတွေ့တော့ တားဖို့ အပြေးသွားလိုက်ပါတော့သည်။ဆုတန်က သူမဒီကိုရောက်ကတည်းက သူတို့ကို ဒုက္ခပေးခဲ့မိပြီး တကယ်လို့သာ သူမဘက်က တစ်ခုခုကို ပြန်မလုပ်ပေးခဲ့ပါက သူမ အပြစ်ရှိသလို ခံစားရပြီး ကောင်းစွာ အိပ်မပျော်နိုင်တော့ဘူးဖြစ်ကြောင်း ပြန်ပြောပြလိုက်သည်။
ကလေးမလေးရဲ့အသံက နွေဦးလေညှင်းလေးလို ချိုမြိန်လှပြီး စကားအနည်းငယ် ချော့ပြောရုံဖြင့် အဘွားအိုကို ပျော်ရွှင်စွာ မီးဖိုချောင်ထဲမှ ထုတ်လိုက်နိုင်တော့သည်။
ထမင်းချက်ပြီးတဲ့အခါ ဆုတန်က အဖွားချန်ကို ပထမဆုံး ထမင်းပန်းကန် ထည့်ပေးလိုက်လေသည်။ချန်ယင်ကျိုးအတွက်လည်း ပန်းကန်လုံးအကြီးကြီးတစ်လုံးကို ထမင်းကြော်အပြည့် ကြက်ဥနဲ့ထည့်ကာ ကျွေးလိုက်သည်။
အဖွားချန်က စားပွဲပေါ်က အစားအသောက်တွေကိုကြည့်ပြီး မျက်လုံးတွေ အနည်းငယ် စိုစွတ်လာပေမယ့် ဘာစကားမှမပြောတော့ဘဲ သူမရဲဲ့ပိန်ပိန်ပါးပါး လက်တွေနဲ့ မျက်လုံးတွေကို သုတ်လိုက်သည်။
ချန်ယင်ကျိုးက သူ့အဖွားကို တူတစ်ချောင်း ကမ်းပေးလိုက်ပြီး "အဖွား၊ စားပါ"
ဆုတန်က ပတ်ဝန်းကျင်အခြေအနေကို သက်တောင့်သက်သာဖြစ်အောင်လုပ်ပြီးတဲ့နောက် အစားအသောက်စားရတာဟာ အလွန်ပျော်ရွှင်ရသော်လည်း အချိန်အများစုမှာ ဆုတန်နှင့် အဖွား ချန်တို့သာ စကားပြောနေခြင်းဖြစ်သည်။
ချန်ယင်ကျိုးက ပန်းကန်လုံးထဲရှိ ထမင်းကို တိတ်တဆိတ် ကောက်ယူလိုက်ရာ ထိုထမင်းမှာ မွှေးကြိုင်နေသကဲ့သို့ ခံစားရသဖြင့် ၎င်းကို စားလိုက်၏။ သူချက်ထားတဲ့ဟင်းကို အရမ်းအားပေးနေတာကိုမြင်တော့ ဆုတန်က အရမ်းပျော်သွားပြီး ပန်းကန်လုံးတွေကို အနီးကပ်စိုက်ကြည့်ရင်း သူတို့ ပန်းကန်လုံးထဲ ထမင်းကုန်သွားတာနဲ့ ထမင်းထပ်ထည့်ပေးလိုက်သည်။
စတုတ္ထကြိမ်မြောက် ထမင်းကိုစားပြီးတဲ့နောက် ချန်ယင်ကျိုးက ဗိုက်ပြည့်သွားတော့၏။
ထမင်းစားပြီးနောက် ချန်ယင်ကျိုးက ပန်းကန်ဆေးရန်သွားခဲ့ရာ ဆုတန်က သူ့နောက်ကျောကို ကြည့်လိုက်ပြီး "နင့်ရဲ့ကြိုးစားမှုအတွက် ကျေးဇူးပါနော်!"
ချန်ယင်ကျိုးက လှည့်မကြည့်ဘဲ ပေါ့ပေါ့တန်တန်ပဲ “အင်း”ဟုသာ ပြန်တုံ့ပြန်လိုက်သည်။
..........
ဆုတန်နဲ့ သူ့သူငယ်ချင်းတွေက နွေဦးထွန်ယက်နေကြချိန်တွင် အချိန်မှီရောက်လာခဲ့တာ ဖြစ်သည်။သူတို့က အလုပ်အတွက် စိတ်ပိုင်းဆိုင်ရာအရ သေချာပြင်ဆင်ထားသော်လည်း တကယ်အလုပ်ဆင်းသည့်နေ့မှာတော့ ပင်ပန်းနေကြသေးလေသည်။
မျိုးစေ့ကျဲမည့်နေ့ကို သေချာသတ်မှတ်ပြီးဖြစ်သော်လည်း ထိုအချိန်မတိုင်မီအထိ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်သည်။လျှို့ဟိုင်ခွေ့က ရိုးရိုးသားသားပင် လုပ်အားခွဲဝေမှုကို ရှင်းရှင်းလင်းလင်း ပြုလုပ်ထားပြီးဖြစ်သည်။ သို့သော် ပညာတတ်လူငယ်များကို စောင့်ရှောက်ရန်အတွက် အစပိုင်းမှာတော့ တအားပင်ပန်း လေးလံလွန်းသောအလုပ်များကို မထမ်းဆောင်ခိုင်းခဲ့ပေ။
ပညာတတ်အမျိုးသားလူငယ်သုံးဦးကတော့ ဒါဟာ သိပ်မသင့်လျော်ဘူးဟု ယူဆကြသည်။ အမျိုးသမီးရဲဘော်များကို စောင့်ရှောက်ပေးတာက မှန်ကန်သော်လည်း သူတို့က ယောက်ျားလေးများဖြစ်သည်။သူတို့က လယ်ယာလုပ်ငန်းကို တစ်ခါမျှ မလုပ်ခဲ့ဖူးသော်လည်း သန်မာတာကြောင့် အထူးဆက်ဆံမှုမျိုးကို လက်မခံနိုင်ပါပေ။
လျှို့ဟိုင်ခွေ့က သူတို့ရဲ့အလုပ်အတွက် စိတ်အားထက်သန်မှု အလွန်မြင့်မားသည်ကို တွေ့မြင်ရသည့်အတွက် အလွန်ဝမ်းသာသွားပြီး သူတို့ထံမှသင်ယူရန် လူတိုင်းကိုလည်း ပြောဆိုလိုက်သည်။
ဆုတန်နှင့် ကျန်ချွေ့ရှန်းတို့ကိုမူ ပြောင်းဖူးခင်းထဲမှာ ကျန်ရှိနေတဲ့ ပြောင်းဖူးရိုးတံများကို ကောက်ယူရန်အတွက် တာဝန်ပေးခဲ့သည်။ ယမန်နှစ် ဆောင်းဦးရာသီတွင် ထင်းရှာရန်အတွက် ရိုးတံအချို့ကို ဖယ်ထုတ်ခဲ့ပြီးဖြစ်သော်လည်း အချို့မှာ မြေကြီးထဲတွင် အမြစ်စွဲနေဆဲဖြစ်လေသည်။ ဆုတန်က ထောင်နေတဲ့ ရိုးတံများစွာကိုကြည့်ကာ တံတွေးကိုမျိုချလိုက်ရင်း တိတ်တိတ်လေး သူမကိုယ်သူမ အားပေးနေခဲ့သည်။
ဤရိုးတံများက နက်ရှိုင်းသော အမြစ်များရှိပြီး ၎င်းတို့ကိုဆွဲထုတ်ရန်အတွက် ခွန်အားအနည်းငယ် လိုအပ်လေသည်။ချွေ့ရှန်းက ဆုတန်ထက် အရပ်ပိုရှည်ကာ ပိုထွားကြိုင်းပြီး ခွန်အားရှိသော်လည်း ဆုတန်ကတော့ ငိုချချင်နေတော့သည်။ သူမက အရမ်းအားနည်းတာပဲ!
အညှာတစ်ခုကို ဆွဲထုတ်ပြီးနောက် ဆုတန်က သူမ၏လက်များနှင့် ခြေထောက်များ အားနည်းလာသည်ကို ခံစားလာရပြီး လက်တွင်လည်း အရည်ကြည်ဖုများကို စတင်တွေ့လာခဲ့ရသည်။
အမျိုးသားပညာတတ်လူငယ်တွေရဲ့ အခြေအနေကလည်း သိပ်မကောင်းလှပါပေ။သူတို့က တိုက်ပွဲအတွက်ပြင်ဆင်ပြီး အခြားသူများနောက်သို့လိုက်ကာ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြသော်လည်း သူတို့က တခြားသူများထက် နောက်ကျကျန်နေသေးပေသည်။ မြန်မြန်ဆန်ဆန် အလုပ်လုပ်ကြသော ရွာသားအချို့က သည်းမခံနိုင်တော့ဘဲ ကြင်နာစွာဖြင့် ပညာတတ် လူငယ်များဆီမှ အလုပ်များကို လွှဲပြောင်းယူပေးလိုက်ကြသည်။ ဒါပေမယ့် လူတိုင်းမှာ ကိုယ်ပိုင်အလုပ်တွေရှိကြပြီး သူတို့သုံးယောက်က တခြားသူတွေကိုနှောက်ယှက်ဖို့ ရှက်ရွံ့ကြတာကြောင့် အံကြိတ်ကာသာ ရှေ့ဆက်ကြရတော့သည်။
နဂိုက သူတို့အလုပ်တွေပြီးလျှင် ဆုတန်နှင့် ကျန်းချွေ့ရှန်းတို့ကို ကူညီမည်ဟု လုပ်ထားခဲ့ကြသော်လည်း အခုတော့ ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ဖြင့်ပင် အလုပ်များနေပြီဖြစ်သည်။
ညဘက် အလုပ်ဆင်းချိန်မှာ ဆုတန်နဲ့ ကျန်းချွေ့ရှန်းတို့က တစ်ယောက်နဲ့တစ်ယောက် ဖေးမပြီး အိမ်သို့ပြန်ခဲ့ကြသည်။ ဆုတန်တစ်ယောက် စကားပြောဖို့အတွက်တောင် အလွန်ပင်ပန်းလွန်းနေပြီဖြစ်သည်။
ကျန်းချွေ့ရှန်းက "ရှောင်ဆု၊ ငါ့ခြေထောက်တွေက ငါ့ခြေထောက်တွေ မဟုတ်တော့ဘူးလို့တောင် ခံစားရတယ်။အခု ငါ့ခြေထောက်တွေက မာတောင့်နေပြီ"
ချန်ယင်ကျိုးကိုတော့ ယနေ့မှာ အခြားမြေကွက်တစ်ခုတွင် တာဝန်ပေးအပ်ခဲ့သည်။သူက အလုပ်လုပ်တာမှာ အမြဲမြန်ပြီး တခြားသူတွေကိုလည်း စကားမပြောတာကြောင့် သူ့အလုပ်တွေက ပြီးသွားခဲ့တာကြာပြီဖြစ်သည်။
သူအိမ်ပြန်ရောက်လာတော့ အဖွားချန်က ဟင်းချက်နေခဲ့သည်။
ခြံထဲမှာ သူ့မျက်နှာကိုဆေးဖို့ ရေဇလုံကိုယူလိုက်ချိန် အဖွားချန်က သူ ပြန်လာတာကိုမြင်တော့ သူမကထွက်လာပြီး " ရှောင်ဆုက မင်းနဲ့အတူ ပြန်လာတာလား " လို့ မေးလာ၏။
"မဟုတ်ဘူး" ချန်ယင်ကျိုးက သူ့မျက်နှာကို သုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
အဖွားချန်က "အိုး"ဟုသာ ပြောကာ ပြန်လှည့်သွားပြီး ဆုတန်နာမည်ကို ရေရွတ်ရင်း အိမ်ထဲဝင်သွားတော့သည်။
နာရီဝက်အကြာမှာတော့ ဆုတန်က လေးလံတဲ့ ခြေထောက်များဖြင့် တံခါးဝသို့ ပြန်ရောက်ရှိလာခဲ့သည်။
ချန်ယင်ကျိုးက ကြက်လှောင်အိမ်ထဲမှ ဥအနည်းငယ်ကို ကောက်ယူလိုက်၏။ မနေ့ညက ဥတွေဥပြီးတာတောင် ဒီနေ့ကြက်က ဘာလို့ထပ်ဥပြန်တာလဲလို့ တွေးနေမိသည်။
ဆုတန်က သူ့ကိုတွေ့တဲ့အခါ နှုတ်ဆက်ဖို့တောင် ခွန်အားမရှိပေမယ့် ချန်ယင်ကျိုးဘက်က သူမကို ပထမဆုံးအကြိမ်အဖြစ် စကားစပြောလာခဲ့လေသည်။
"မင်းပြန်လာပြီလား"
ဆုတန်က ခေါင်းညိတ်ပြီးသာ တုန့်ပြန်နိုင်ခဲ့သည်။
ဆုတန် အလုပ်ကြိုးစားထားတာကို သိသဖြင့် အဖွားချန်က သူမအတွက် ကြက်ဥမှုန့်ကို အထူးပြုလုပ်ပေးထားခဲ့သည်။ကြက်ဥမှုန့်ကို လှီးဖြတ်ကာ ကြက်သွန်နီစိမ်းဖြင့်ဖြန်းလိုက်ပြီး နှမ်းဆီအနည်းငယ်ကိုပါ ရွှဲရွှဲစိုအောင် ဖြန်းလိုက်တော့ အနံ့မွှေးမွှေးလေးက ထွက်ပေါ်လို့ လာခဲ့သည်။
ဆုတန်က တစ်ယောက်တည်း စားရမှာကို ရှက်လှသဖြင့် ကြက်ဥမှုန့်နှစ်ခုကို သုံးပိုင်းခွဲလိုက်လေသည်။ ပျော့ပျောင်းပြီး စေးကပ်နေသော ကြက်ဥမုန့်ကိုစားရင်း နောက်ဆုံးတွင် သူမ အသက်ရှင်ပြီဖြစ်ကြောင်း ဆုတန်က ခံစားမိလာလေသည်။
ညစာစားပြီးနောက် ဆုတန်က အဖွားချန်ဆီမှ အပ်ချုပ်အပ်တစ်ချောင်း ငှားလိုက်သည်။ သူမလက်ပေါ်ရှိ အရည်ကြည်ဖုများကိုသာ မကုသဖို့ ရွေးချယ်လိုက်ပါက မနက်ဖြန်တွင် သူမ၏အလုပ်အပေါ် သက်ရောက်မှုရှိလာမည်ဖြစ်သည်။
အဖွားချန်က နုဖတ်နေတဲ့ လက်ဖြူဖြူပေါ်ရှိ အရည်ကြည်ဖုများကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားခဲ့လေသည်။ သူမက အရည်ကြည်ဥများကို ဖောက်ပေးရန် အပ်တစ်ချောင်းကို အမြန်ရှာလိုက်၏။ ချန်ယင်ကျိုး ပန်းကန်ဆေးပြီးတဲ့အခါ သူ့အဖွားက ဆုတန်အတွက် အရည်ကြည်ဖုတွေကို ဖောက်ပေးနေတာကို တွေ့လိုက်ရသည်။ကလေးမလေးက စကားတစ်ခွန်းမှ မပြောလာပေမယ့် သူမရဲ့ ရှုံ့တွနေတဲ့ မျက်ခုံးတွေကတော့ သူ့မခံစားချက်တွေကို ထုတ်ဖော်ပြသလိုက်သလိုပင်။
ချန်ယင်ကျိုးက အိမ်ခန်းထဲသို့ တိတ်တဆိတ် ပြန်ဝင်သွားခဲ့ပြီး ခဏအကြာမှာတော့ လက်အိတ်တစ်စုံနှင့် ထွက်လာခဲ့ရာ ထိုလက်အိတ်တွေက ဟောင်းနေပေမယ့် အရမ်းသန့်သည်။
"ဒီမှာယူ "
ချန်ယင်ကျိုးက လက်အိတ်များကို ဆုတန်ရှေ့သို့ ပစ်ချလိုက်လေသည်။သူမကို စိုက်ကြည့်နေရင်း အနည်းငယ် စိတ်မသက်မသာ ခံစားရသော်လည်း အံကြိတ်လိုက်ကာ သူ့အတွေ့အကြုံများကို သင်ပေးလိုက်သည်။
"ရိုးတံကို ဆွဲထုတ်လိုက်တဲ့အခါ အင်အားကို မသုံးရဘူး။ မြေဆီလွှာကို ဖြေလျော့ဖို့အတွက် ရိုးတံရဲ့အမြစ်တွေကို နည်းနည်းလောက်စောင်းပြီး ခြေထောက်နဲ့ အရင်ကန်လိုက်ရင် အဲ့ဒါက အဆင်ပိုပြေစေတယ်"
ဒါဟာ ရည်ရွယ်ချက်ကောင်းမှန်း သိသာထင်ရှားပေမယ့် သူက မှုန်ကုပ်ကုပ်မျက်နှာနဲ့ ကြောင်တောင်တောင်တောင် ဖြစ်နေပါသေးသည်။
ဤသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချန်ယင်ကျိုးဘက်က သူမအား ပြောဖူးသော စကားအများဆုံးအကြိမ် ဖြစ်လေသည်။ ဆုတန်က လက်အိတ်များကို မိုက်မဲစွာနဲ့ ကိုင်ထားရင်း အံ့အားသင့်ပြီး ဝမ်းသာအားရအကြည့်နဲ့ ကြည့်နေခဲ့လေသည်။
သူမ အကောင်းမြင်စိတ်ဖြင့် တွေးလိုက်၏။ ဒါက ချန်ယင်ကျိုးဘက်က သူမကို သူ့ကိုယ်ပိုင်သူငယ်ချင်းအဖြစ် သတ်မှတ်လိုက်တယ်လို့ ဆိုလိုတာလား။အဲ့လိုဆို သူတို့က သူငယ်ချင်းကောင်းတွေပဲ။
ချန်ယင်ကျိုးက သူမရဲ့တောက်ပနေတဲ့ မျက် ဝန်းများကိုတွေ့တာနဲ့ ခေါင်းကိုအမြန်လှည့်သွားပြီး ကြက်လှောင်အိမ်တံခါးကို ပိတ်ရန်အတွက် ထွက်သွားတော့သည်။
နောက်တစ်နေ့မှာတော့ ဆုတန်က ချန်ယင်ကျိုး သင်ကြားသည့်နည်းလမ်းကို စမ်းသပ်ခဲ့ရာ တကယ့်ကို အင်အားသုံးခြင်းထက် ဒီနည်းက အမှန်တကယ်ပင် လွယ်ကူလေသည်။သူမက ကျန်းချွေ့ရှန်းကိုလည်း ဒီနည်းလမ်းကို ပြောပြခဲ့ရာ မိန်းကလေးနှစ်ယောက်ဟာ အရင်ကထက် အလုပ်ပြီးတာ ပိုမြန်လာခဲ့သည်။ စည်းကမ်းတင်းကြပ်သော လျှို့ဟိုင်ခွေ့ကိုယ်တိုင်ကတောင် သူမတို့ကို ကြိမ်ဖန်များစွာ ချီးကျူးခဲ့လေသည်။
မနေ့ညက ချန်ယင်ကျိုးက သူ့လက်အိတ်ကို ထုတ်ပေးတုန်းက မှုန်ကုတ်နေတဲ့အကြည့်ကို ဆုတန် သတိရမိတော့ မရယ်ပဲ မနေနိုင်ခဲ့ပါ။
ကျန်းချွေ့ရှန်းက စူးရှတဲ့မျက်ဝန်းများဖြင့် ကြည့်လာခဲ့ပြီး ဘာကြောင့်ရယ်မောနေတာလည်းလို့ မေးလာတာကြောင့် ဆုတန်ရဲ့မျက်နှာပေါ်ရှိ အပြုံးက ပိုနက်ရှိုင်းလာပြီး “အလုပ်လုပ်ရတာက ငါ့ကိုပျော်ရွှင်စေတယ်လေ!"
"မင်းက အရမ်းပျော်နေသေးတယ်ပေါ့" ကျန်းချွေ့ရှန်းက မကျေနပ်နိုင်သေးဘဲ ဆူပုတ်စွာပြောလိုက်မိသည်။
ဆုတန်ကတော့ ပြုံးပြလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။