"ဟိုကောင်လေး!"
အဖွားချန်က အားအင်အပြည့်နဲ့ အော်လိုက်ပြီး မကြာခင်မှာပဲ ချန်ယင်ကျိုးက တောင်ဘက်အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းကနေ ထွက်လာခဲ့၏။ ယခင်က အေးစက်သော မျက်နှာထားရှိသော ကောင်လေးသည် ယခုတော့ နောက်လာမည့် ညွှန်ကြားချက်ကို စောင့်နေသလိုမျိုး သူ့အဖွားကို နာခံစွာနဲ့ ငုံ့ကြည့်နေခဲ့သည်။
"မင်း ဘာရပ်နေတာလဲ။ မြန်မြန်သွားပြီးတော့ ရှောင်ဆု ခရီးဆောင်အိတ်ကို ကူသယ်ပေးလေ!! " လို့ပြောပြီး အဖွားချန်က သူ့ကို ရိုက်ချင်ဟန်ပြလိုက်၏။
ဆုတန်မှာ အဘွားအိုက တကယ်တိုက်ခိုက်တော့မည်ဟု ထင်သောကြောင့် ခရီးဆောင်အိတ်တွေကို ပြေးယူလိုက်သည်။
အဖွားချန်က ပြုံးပြပြီး " မစိုးရိမ်ပါနဲ့၊ သူ့ကို ကြောက်အောင်ပဲ ခြောက်တာရယ်"
ချန်ယင်ကျိုးက ခရီးဆောင်အိတ်ကို ယူလာကာ တံခါးဝမှာပဲ ထားခဲ့လိုက်သော်လည်း အဘွားကြီးက သူ့ကို စိုက်ကြည့်နေတာကြောင့် ခရီးဆောင်အိတ်ကို အိမ်ခန်းထဲထိ ဆက်သယ်ခဲ့လိုက်ရသည်။
"ကျေးဇူးတင်ပါတယ်နော်" ဆုတန်မှာ သူမ၏ အမှတ်အသားဖြစ်တဲ့အပြုံးကို ပြသခဲ့လေသည်။
ချန်ယင်ကျိုး “.......” စကားပြန် မပြောလာခဲ့ပါ။
ဆုတန် : ......
သူသည် အဆုံးထိကို အေးစက်လွန်းလှသည်။
...............
အဖွားချန်မှာ မီးဖိုချောင်တွင် ညစာပြင်ဆင်ရင်း ဆုတန်နှင့် စကားစမြည်ပြောနေခဲ့သည်။ အဘွားကြီးသည် သူမ၏ ပျင်းရိငြီးငွေ့မှုကို ပြေပျောက်စေရန်အတွက် တစ်စုံတစ်ဦးကို စကားပြောဆိုရတာကို တကယ်ပျော်ရွှင်လို့နေလေသည်။
သူမ၏လက်များမှာလည်း ပိုပို၍ သွက်လက်လာ၏။ကန်စွန်းဥများကို သန့်စင်ပြီး အပိုင်းပိုင်းဖြတ်ပြီးနောက် ဆန်ကိုရေဆေးလိုက်ကာ မိသားစုသစ်အကြောင်းတွေးလိုက်မိတော့ ဆန်ကိုပိုထပ်ထည့်လိုက်လေသည်။ ဆုတန်မှာ အလွတ်နီးပါးရှိနေသည့် ထမင်းအိုးကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသွားရသည်။
ကလေးမလေးက သပ်သပ်ရပ်ရပ် ဝတ်ထားတာကြောင့် အဘွားကြီးက သူ့ကို မီးခိုးငွေ့တွေနဲ့ မထိတွေ့စေချင်တဲ့အတွက် အပြင်ထွက်ပြီး စောင့်ခိုင်းလိုက်သည်။
“မကြာခင် ညစာစားကြမယ်”
ဆုတန်မှာပြုံးပြီး ခေါင်းညိတ်ကာ သူမ မသွားခင်မှာ အဖွားကို ကျေးဇူးတင်ဖို့ မမေ့ခဲ့ပါပေ။
"အဖွားက အလုပ်အရမ်းကြိုးစားတာပဲ "
အဘွားကြီးချန်က အပြုံးများမဆဲနိုင်တော့ပေ။ဒီကောင်မလေးက တကယ်ချိုမြိန်ပြီးတော့ သူ့ရဲ့ တိတ်ဆိတ်တဲ့မြေးထက် ပိုတော်၏။
ထိုအချိန်တွင် တင်းမာသော သဘောထားရှိတဲ့ ချန်ယင်ကျိုးက ခြံထဲတွင် ပုဆိန်ကိုင်ကာ ထင်းခုတ်နေလေသည်။ဆုတန်က ထိုင်ခုံလေးကိုရွှေ့ပြီး သူ့ကိုစောင့်ကြည့်ဖို့ တံခါးနားမှာထိုင်လိုက်သည်။
ချန်ယင်ကျိုးဟာ အလုပ်ကြိုးစားနေတာကြောင့် သူမကို သတိမထားမိပါပေ။
ကောင်လေးက နည်းနည်းပိန်ပေမယ့် သူ့မှာ အဆုံးမရှိတဲ့ စွမ်းအင်တွေရှိပုံရသည်။ ခုတ်ထစ်ထားသော ထင်းပုံကြီး မြင့်တက်လာတာကို ဆုတန် ထိုင်ကြည့်နေမိ၏။
ချန်ယင်ကျိုးမှာ သူ၏ လှုပ်ရှားမှုများကိုရပ်လိုက်ကာ သစ်သားပုံကြီးကို ကျေနပ်စွာကြည့်လိုက်ပြီး သူ့မျက်နှာမှာ ခပ်မှိုင်းမှိုင်းမဟုတ်တော့သော်လည်း အခြား ဘာအမူအရာမျိုးမှမရှိပေ။
ထို့နောက် တံခါးဝတွင် ကလေးတစ်ချို့ရုတ်တရက်ပေါ်လာကာ ရှစ်နှစ် (သို့) ကိုးနှစ် အရွယ်လောက် ကလေးများက ခြံဝင်းအတွင်းရှိ ချန်ယင်ကျိုးကို ညွှန်ပြပြီး "ဝံပုလွေကောင်၊ ဝံပုလွေကောင်!!'
ဆုတန် သတိမထားမိပဲ ချန်ယင်ကျိုးကို တန်းစိုက်ကြည့်မိလိုက်လေသည်။
ချန်ယင်ကျိုး၏ မျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားခဲ့ပြီး ပုဆိန်ကိုကိုင်ထားသည့် သူ့လက်မှာလည်း သွေးကြောများပေါက်ထွက်လာတော့မလိုဖြစ်လာကာ နောက်တစ်စက္ကန့်မှာတော့ ပုဆိန်ကို ကောက်ကိုင်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။
ဆုတန်က သူ စိတ်မြန်လက်မြန် ပြုမူမည်ကိုကြောက်တာကြောင့် သူမကပြေးပြီး ပုဆိန်ကို သွားဆုပ်ကိုင်လိုက်သည်။
ချန်ယင်ကျိုး ခေါင်းငုံ့ကာ သူမကို စိုက်ကြည့်လိုက်၏။ ဆုတန်မှာ ဒေါသကြောင့်နီရဲနေသော မျက်လုံးများကို မြင်လိုက်ရပြီးနောက် သူမ နှလုံးသားမှာ လန့်ဖြန့်သွားခဲ့ရသည်။
ချန်ယင်ကျိုးမှာ ယခင်က ဘာမှမထူးခြားခဲ့သော်လည်း ယခုအခါမှာတော့ အမှန်တကယ်ပင် ဒေါသထွက်နေပြီး အချိန်မရွေး တိုက်ခိုက်ရန်အသင့်ဖြစ်နေသော ဝံပုလွေကဲ့သို့ သူ့မျက်လုံးများက ပြင်းထန်လာပြီး သူမကို အနည်းငယ်ပင် ကြောက်ရွံ့သွားစေခဲ့သည်။
ချန်ယင်ကျိုးမှာ အလွန်အမင်း စိတ်မချမ်းသာဟန်ဖြင့် တံခါးကို မှုန်မှိုင်းစွာ စိုက်ကြည့်နေခဲ့လေသည်။ အဲဒီကလေးတွေက အခုထိ ပြဿနာရှာနေတုန်းဖြစ်ကာ ဆုတန်က သူတို့ကို တင်းမာတဲ့မျက်နှာနဲ့ ကြည့်လိုက်၏။ခဏအကြာမှာတော့ ကလေးတွေက ဘာထူးခြားချက်မှဖြစ်မလာတာကြောင့် လူစုခွဲသွားကြသည်။
ချန်ယင်ကျိုးက အစမှအဆုံးထိ မတ်တပ်ရပ်ကာ တူညီသော ကိုယ်ဟန်အနေအထားကို ထိန်းထားပြီး အေးစက်သော အငွေ့အသက်များက ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ဝံပုလွေလေး" ဆိုတာက ဘာကိုဆိုလိုတာလဲဆိုတာကို သူမ သိပ်နားမလည်သော်လည်း ချန်ယင်ကျိုးက ဤစကားလုံးများကို အလွန်ပင်ရွံရှာကြောင်း သူမသိလိုက်ရသည်။
ဆုတန်က ချန်ယင်ကျိုးမှာ အလွန်ကြင်နာတတ်သူဖြစ်ကြောင်း ရုတ်တရက်ခံစားလိုက်ရလေသည်။သူက အလွန်ဒေါသကြီးသော်လည်းလွန်ကဲစွာ ဘာမှမလုပ်ဘဲ ဒေါသကြောင့် ဖြစ်ပေါ်လာတဲ့ ညှဉ်းပန်းနှိပ်စက်မှုကို တိတ်တဆိတ်ခံနိုင်ရည်ရှိရန် သူ့ကိုယ်သူ ချုပ်တည်းကာ အမြဲသည်းခံနေခဲ့ရ၏။
တော်တော်သည်းခံခဲ့ရမှာပဲဟု ဆုတန်က တွေးမိလိုက်သည်။
ချန်ယင်ကျိုးက လက်တစ်ဖက်မှာ ပုဆိန်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ကျန်လက်တစ်ဖက်မှာတော့ လက်သီးကို ဆုပ်ထားလေရာ သူ့အသားထဲ တစိမ့်စိမ့်ဝင်သွားတဲ့ လက်သည်းတွေရဲ့ နာကျင်မှုက သူ့ကိုတဖြည်းဖြည်းချင်း ငြိမ်သက်သွားစေခဲ့သည်။
နောက်တစ်စက္ကန့်မှာတော့ သူ့လက်သီးဆုပ်များကို လာရောက်ဆုပ်ကိုင်ထားတဲ့ နူးညံ့တဲ့ အလွှာတစ်ခုကို သူ ခံစားလိုက်ရသည်။
ဆုတန်က ခေါင်းငုံ့လိုက်ပြီး တစ်ဖက်သူလက်သီးကို ဖြောင့်ထုတ်ပေးဖို့ ကြိုးစားနေခဲ့သည်။
"အင်အားအများကြီးသုံးတော့ မနာဘူးလား"
ဆုတန်ရဲ့ပေါ့ပါးတဲ့အသံက ချန်ယင်ကျိုးရဲ့ နားထဲသို့ စိမ့်ဝင်သွားရာ သူ့ကို ခဏတာပင် မိန်းမောသွားစေလေသည်။
ချန်ယင်ကျိုးရဲ့ မိန်းမောနေကာ စိတ်ကို ဖြေလျော့နေခြင်းကို အခွင့်ကောင်းယူ၍ ဆုတန်ကခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ သူ့လက်ကို မရရအောင် လှမ်းဖွင့်လိုက်ရာ ထိုသူ့လက်ဖဝါးမှာ နီရဲနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
နုနယ်သောအနုပညာလက်ရာကို ကုသခြင်းကဲ့သို့ ဆုတန်မှာ သူ၏လက်ချောင်းများကို ဖွဖွလေးညင်သာစွာ ပွတ်သပ်ပေးနေလေသည်။
ချန်ယင်ကျိုးမှာ မှိုင်းညို့နေတဲ့ မျက်နှာထားရှိနေဆဲဖြစ်သော်လည်း နီရဲနေသည့် သူ့မျက်လုံးများမှာမူ တဖြည်းဖြည်း မှိန်ဖျော့လာလေသည်။ ထိုနောက် သူက သူ့လက်ကိုအမြန်ပြန်ဆွဲထုတ်လိုက်ပြီး ထိုလူမိုက်ကလေးများကဲ့သို့ပင် သူ စိတ်ဆိုးစေမည့် တစ်ခုခုပြောလာမည်လားဟု ဆုတန်ကို သတိထားပြီး ပြန်စိုက်ကြည့်လာခဲ့သည်။
ချန်ယင်ကျိုး၏ မျက်လုံးများက ဆုတန်ကို စိတ်ဆင်းရဲစေခဲ့သည်။ သူမက ဆိုးသွမ်းမှုများစွာကို တွေ့ကြုံခဲ့ဖူးပြီး ခံနိုင်ရည်ရှိပြီးသားဖြစ်တာကြောင့် သူမသည် အလွန်အာရုံခံစားလွယ်သူဖြစ်၏။
"ရှင့်မှာ တစ်ခုခုရှိရင် ကျွန်မကိုပြောလို့ရပါတယ်။အဲဒါကို နှလုံးသားထဲမှာ သိမ်းမထားပါနဲ့။ကျွန်မက တကယ့်ကို နားထောင်ပေးတတ်တဲ့ လူကောင်းတစ်ယောက်ဖြစ်တယ်လို့ ကတိပေးပါတယ်"
ဆုတန်က သူ့ကို ဘယ်လိုနှစ်သိမ့်ရမလည်း မသိပါ။သူမကိုယ်တိုင်က မကြုံဖူးတာမို့ စာနာစိတ်မပြနိုင်ပေမယ့် တစ်ခုခုတော့ ပြောသင့်တယ်လို့ အမြဲခံစားရသည်။
သူမမှာ မကောင်းတဲ့စိတ်မရှိဘဲ စေတနာပဲရှိကြောင်း ချန်ယင်ကျိုးဘက်မှ သိစေလိုပြီး စေတနာအနည်းငယ်လောက်ကပင် အမြစ်တွယ်ပြီး ကြင်နာသူများကို ကောင်းချီးပေးရန်အတွက် ကြီးမားမြင့်မားတဲ့ သစ်ပင်တစ်ပင်အဖြစ် ကြီးထွားလာမည်ဖြစ်သည်။
"ဖြစ်နိုင်ရင် ကျွန်မ ရှင့်ရဲ့သူငယ်ချင်း ဖြစ်နိုင်မလား"
ဆုတန်က သူ့ထင်မြင်ချက်ကိုမေးလိုက်ပြီး မျှော်လင့်ချက်အပြည့်နဲ့ သူ့ကို စိုက်ကြည့်နေခဲ့သည်။
သူငယ်ချင်း.....
ချန်ယင်ကျိုးရဲ့ စိတ်ထဲမှာတော့ ဤစကားနှစ်ခွန်းကြောင့် အလွန်ပင်တုန်လှုပ်သွားရကာ ဒီစကားက သူ့အတွက်တော့ အလွန်ဝေးကွာလွန်းလှသည်။သူ့မှာ သူငယ်ချင်းမရှိသလို သူငယ်ချင်းလည်း မလိုအပ်ပါပေ။သူတစ်ယောက်တည်း ငြိမ်ငြိမ်သက်သက် နေခဲ့ရတာ အလွန်ကောင်းလှသည် မဟုတ်လား။
ဒါပေမယ့် တစ်ယောက်ယောက်က ဒီလိုပြောနေတာကို ကြားလိုက်ရတော့ နည်းနည်းတော့ ဝမ်းသာသွားရသည်။ သူ့အဖွားငယ်ငယ်က လုပ်ကျွေးတဲ့မုန့်ကို သကြားဖြူထဲမှာနှစ်ပြီး လျက်လိုက်ရင်ရတဲ့ ချိုမြိန်မှုမျိုး သူ့စိတ်ထဲမှာ ခံစားလိုက်ရလေသည်။
ချန်ယင်ကျိုးက သူ့ရှေ့ကလူကို နက်မှောင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာတော့ အလင်းရောင်ဖျော့ဖျော့လေး ရှိနေခဲ့သည်။
"ဘာမှမပြောရင် ရှင် လက်ခံတယ်လို့ သဘောထားလိုက်မယ်နော်!"
ဆုတန်က ချိုချိုသာသာ ပြုံးပြလိုက်ပြီး "ဒါဆို ငါတို့က သူငယ်ချင်း ဖြစ်သွားကြပြီ!"
ချန်ယင်ကျိုးက သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သော်လည်း ဘာမှပြန်ပြောမလာခဲ့ပေ။
"ထမင်းစားချိန်ရောက်ပြီ!" အဖွားချန်က အိမ်အတွင်းမှ အော်လိုက်၏။
ချန်ယင်ကျိုးက သူမကို လုံးဝမကြည့်တော့ဘဲ အိမ်ထဲသို့ တန်း၀င်သွားခဲ့သည်။ဆုတန် ခုနလေးကမှ ဆုပ်ကိုင်ထားသော သူ၏လက်လေးမှနွေးထွေးမှုကိုတော့ အခုထိ ခံစားနေရတုန်းပင်။
ဒီနေ့ည ညစာမှာ ဟင်းရွက်ပေါင်းပေါင်မုန့်၊ ကန်စွန်းဥပေါင်မုန့်၊ ဂေါ်ဖီထုပ်နဲ့ အာလူးပြုတ်၊ အသီးအရွက်ချဉ်တစ်ပန်းကန်တို့ ဖြစ်သည်။
အိမ်မှာ ပဲပုပ်ဆီ ရှိသေးပေမယ့် အဖွားချန်က ပဲပုပ်ဆီ ထည့်မသုံးလိုက်ပါ။ဆုတန်က ထိုဟာကို သိပ်မကြိုက်မှာကို သူမ စိုးရိမ်တာကြောင့် ဟင်းများကို မွှေကြော်ရန်အတွက်သာ ပဲပိစပ်ဆီကို သုံးခဲ့၏။ဟင်းချိုထဲမှာတော့ ဆီအနည်းငယ် ထည့်သုံးလိုက်သည်။
ဆုတန်က အဖွားချန်ကို ယာဂုယူလာပေးရန် ကူညီလိုက်ပြီး ချန်ယင်ကျိုးက တူချောင်းများ တပ်ဆင်နေခဲ့သည်။
သူသည် ၎င်းတို့ကို နှိုင်းယှဉ်ကာ ကြည့်နေပြီး အသစ်တစ်စုံကို ရွေးလိုက်ကာ ဆူတန်ထိုင်တဲ့နေရာတွင် တင်ထားပေးလိုက်သည်။
ဆုတန်က ဒါကိုမြင်လိုက်ပြီး အရမ်းချစ်စရာကောင်းတယ်လို့ တွေးလိုက်မိ၏။ သူမက ယာဂုပန်းကန်ကို ပေးချင်သော်လည်း အဖွားချန်က သူမကို တားလိုက်ပြီး သူမပန်းကန်လုံးကို ချန်ယင်ကျိုးသို့ ပေးလိုက်လေသည်။
ချန်ယင်ကျိုးက ဂျုံယာဂုပန်းကန်ကို တိတ်တိတ်ဆိတ်ဆိတ် ယူလိုက်သည်။ ယာဂုက အရမ်းပူနေသဖြင့် သူ မှုတ်တော့မှုတ်လိုက်ပေမယ့် မသောက်သေးပါပေ။သူက ဟင်းရွက်ပေါင်းပေါင်မုန့်ကိုယူရင်း အာလူးနှင့် ဂေါ်ဖီထုပ်စွပ်ပြုတ်များကို ကြည့်ကာ နောက်ဆုံးတွင် သူ့လက်ချောင်းများကို ဆားနယ်ထားသော ဟင်းသီးဟင်းရွက်များဆီသို့ ဆန့်တန်းလိုက်သည်။
ဆုတန်က ချန်ယင်ကျိုး၏ အမူအရာကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာပင်။ ဒေါသအရမ်းထွက်လုနီးပါးဖြစ်နေတဲ့ ကောင်လေးက အခုတော့ ဘာမှမဖြစ်ခဲ့သလိုပင် အစားအသောက်ကိုသာ အာရုံစိုက်ထားပြီး ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားပုံရ၏။
ဆုတန်က အဲဒါကို တွေးနေတုန်းမှာ ချန်ယင်ကျိုးက အသီးအရွက်ပေါင်းထားတဲ့ ပေါင်မုန့်ကို စားပြီးသွားလေသည်။
ဆုတန်က ဂျုံယာဂုကို သောက်လိုက်သည်နှင့် သကြားကြောင့် ချိုသည်ကို ခံစားလိုက်ရသည်။
ဒီခေတ်မှာ သကြားဖြူက ဘယ်လောက်ဈေးကြီးတယ်ဆိုတာ သူမ သိပါ၏။ အဘွားချန်ကို ကြည့်လိုက်တော့ အဘွားကြီးက မြန်မြန်စားဖို့သာ အချက်ပြလာခဲ့သည်။
ချန်ယင်ကျိုးက မုန့်ပေါင်း ၃ လုံး စားပြီးတာနဲ့ ယာဂုကို စသောက်လိုက်၏။ ဒုတိယမြောက် ပန်းကန်ကို သောက်ရန်ကိုင်လိုက်သောအခါ သူ အံ့အားသင့်သွားခဲ့သည်။
သူလည်း သူ့ပန်းကန်ထဲကို သကြားထည့်ထားပေမယ့် ဆုတန်ရဲ့ ပန်းကန်လောက် အများကြီး မထည့်ထားပေ။
အခုလေးတင် အဖွားချန်က ဟင်းချက်နေတုန်း အပြင်မှာ လူဆိုးလေးတွေ အော်သံကြားလိုက်ရပြီး သူမ ထွက်မလာသော်လည်း ချန်ယင်ကျိုး စိတ်ဆိုးနေရမည်ကိုတော့ သူမသိပါသည်။
ချန်ယင်ကျိုးက ငယ်ငယ်လေးကတည်းက အချိုတွေစားရတာ ကြိုက်ပြီး ဝမ်းနည်းတဲ့အခါ ဒါမှမဟုတ် ဒေါသထွက်တဲ့အခါ သူ့အဖွားက သကြားအနည်းငယ်ကို အဝကျွေးနေသမျှကာလပတ်လုံး သူဟာချက်ခြင်း ငြိမ်သက်သွားပါလိမ့်မည်။
ဆုတန်က ချန်ယင်ကျိုး၏ စိတ်အခြေအနေ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီးနောက် 3742 ကိုမေးလိုက်ရာ သူမမှာ တစ်ဖက်လူ ဘာဖြစ်သွားသည်ကို နားလည်သွားခဲ့လေသည်။
သူက အချော့လွယ်သော ကလေးလေးပင် ဖြစ်၏။
*********
စာရေးသူရဲ့ စကားများ : ပြဇာတ်အသေးလေး
3742 : "မင်းတို့က အခုမှ တွေ့တာကို လက်ကိုင်နေကြပြီပေါ့လေ?"
ချန်ယင်ကျိုးက အေးစက်စွာ : " ငါ သူ့ကို အခုပဲထိထိ နောက်မှထိထိ မင်းကိစ္စလား?"
ဆုတန်က "ဝူး၊ ရှောင်ကျို့ကျို့ နောက်ဆုံးတော့ လိုင်းရသွားပြီ။ အရမ်းကောင်းတယ်!"
စာရေးဆရာ : "ကျွန်တော်က ကြီးမြတ်တဲ့သူပါ၊ ကျွန်တော့်အတွက် ချီးကျူးဂုဏ်ပြုပါဦး၊ ကျေးဇူးတင်ပါတယ်နော်"
ဆုတန်၊ ချန်ယင်ကျိုး၊ 3742 : ကြီးမားပြီးအေးစက်တဲ့ အကြည့်များ