ချန်ယင်ကျိုးရဲ့ အလုပ်ကြိုးစားချင်စိတ်တွေက ယခုရက်အတွင်းမှာ အလွန်ကိုပြင်းထန်လို့နေခဲ့သည်။
သူက ပညာတတ်လူငယ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့အချိန်မှစပြီး စကားများများစားစား မပြောခဲ့ရင်တောင်မှ သူ့ရဲ့အပြုမှုတွေက အရင်ကထက် နည်းနည်းကွဲပြားလာခဲ့လေသည်။ဆုတန်က သူအရင်ကထက် ပိုပျော်လာခဲ့ပြီး အရင်ကထက်ကို ပိုပြီးများများစားလာတာကို သတိထားမိခဲ့သည်။
အဘွားချန်ကလည်း ဒီကောင်လေးက လူငယ်အရွယ်ဖြစ်ပေမယ့် သူ့အဖေထက်တောင် ပိုပြီးစားနိုင်တယ်လို့ အမြဲတမ်းလှောင်ပြောင် စနောက်လေ့ရှိ၏။ဆုတန်ကတော့ အမြဲတမ်းပြုံးနေပြီး ချန်ယင်ကျိုးပန်းကန်ထဲ ဟင်းကို ပိုပြီးတောင် ထည့်ပေးခဲ့သည်။
ဆုတန်က နည်းနည်းပင်ပန်းလာတာကြောင့် မတ်တပ်ရပ်လိုက်ပြီး ခါးကို ဟိုဆန့်သည်ဆန့်လုပ်နေ
လေသည်။
ထိုအချိန် သူမ မြင်လိုက်ရတာက တစ်ဖက်သူဟာ အချိန်အတော်တန်ကြာ အလုပ်လုပ်နေခဲ့ရသော်လည်း အခုထိ မပင်ပန်းသေးတဲ့ပုံပင်။သူ့ရဲ့စကေးတွေက တကယ့်ကို ကျွမ်းကျင်သေသပ်ပြီးတော့ အားကျစရာဖြစ်နေခဲ့သည်။
ဆုတန်ကတော့ ဒီကောင်လေးရဲ့စိတ်အားထက်သန်မှုက တကယ့်ကိုကောင်းတဲ့ အရာတစ်ခုဖြစ်ပေမယ့်လည်း ထိုက်သင့်တဲ့ အနားယူမှုတစ်ခုကို လိုအပ်တယ်ဟု တွေးနေလေသည်။ဒီလိုမှမဟုတ်ရင် နောက်ကြာတဲ့အခါ သူပိုပြီးပင်ပန်းလာတော့မှာဖြစ်သည်။
ဒါပေမဲ့ ချန်ယင်ကျိုးက စက်တစ်လုံး၊ အင်ဂျင်တစ်လုံးနဲ့ ပိုပြီးတူနေခဲ့ကာ မနက်မိုးလင်းကစပြီး ရေတစ်စက်မှမသောက်ဘဲ အလုပ်လုပ်နေခဲ့တာဖြစ်သည်။
ရှုဟောင်က ချန်ယင်ကျိုးရဲ့ စိတ်အားထက်သန်စွာ ကြိုးပမ်းမှုကြောင့် သေသွားမှာကို ကြောက်သဖြင့် ဝိန်ဟွိုင်ရှုနှင့် ကျန်းဖန်းမင်ထံ ပြေးလာပြီး "ဟေ့ သူပင်ပန်းနေပြီလို့ မင်းတို့ရော မထင်ဘူးလား?"
ဝိန်ဟွိုင်ရှုနှင့် ကျန်းဖန်းမင်တို့က အများအားဖြင့်တော့ အလွန်အမင်း အလုပ်ကြိုးစားကြသူများ မဟုတ်သော်လည်း ချန်ယင်ကျိုးက အမြဲတမ်း လိုလို သူတို့ရှေ့တွင် ရှိနေတာကြောင့် ရှောင်ရှား ရန် ရှက်ဖို့ကောင်းလွန်းသဖြင့် သူတို့ပါအတူ အလုပ်ကြိုးစားကြတော့သည်။
ကျန်းဖန်းမင်က ရေအနည်းငယ်ကို သောက်ချလိုက်ပြီး နောက်ဆုံးမှာတော့ သူလည်ချောင်းရှင်းသွားသဖြင့် စကားစလာခဲ့သည်။
"လူတိုင်းက ပင်ပန်းနေကြတာပဲ။ ဒီကောင်လေးကတော့ တားမရလောက်အောင် စိတ်လှုပ်ရှားနေတာ"
ဝိန်ဟွိုင်ရှုက သူ့မျက်မှန်ကို တွန်းတင်လိုက်ပြီး ကျန်းဖန်းမင်နဲ့ "ငါတို့ သူ့ကိုနားဖို့အတွက် ဆွဲဆောင်ရမယ်။အလုပ်ဆိုတာက ရေရှည်တိုက်ပွဲပဲ။ အခု သူ့ခွန်အားတွေ အကုန်ကုန်သွားရင် အနာဂတ်မှာ ငါတို့ ဘာလုပ်နိုင်တော့မှာလဲ"
ရှုဟောင်က ဝိန်ဟွိုင်ရှုရဲ့ အကြံပြုချက်ကို ကြားတော့ သူက ခေါင်းယမ်းကာ လက်တွေကို ထပ်ခါတလဲလဲ ဝှေ့ယမ်းပြီး "မဟုတ်ဘူး၊ မဟုတ်ဘူး... ငါတော့ သွားမပြောဘူး။ မင်းတို့ သွားချင်တဲ့သူ သွားပြောနိုင်တယ်။ သူက စူးစူးရဲရဲ စိုက်ကြည့်တဲ့အခါ တော်တော်ကြောက်စရာကောင်းတယ်။အခုတလော သူက ငါ့ကို တော်တော်လေး စိုက်ကြည့်နေတတ်တယ် "
ရှုဟောင်ရဲ့ မိသားစုအခြေအနေက ဒီလူတွေထက် တော်တော်လေး ပိုကောင်း၏။သူက ငယ်ငယ်လေးကတည်းက မိဘတွေ အလိုလိုက်တာ ခံခဲ့ရကာ သူ၏အစားအသောက်၊ အဝတ်အစား၊ အိမ်ရာနှင့် သယ်ယူပို့ဆောင်ရေးအားလုံးကို မိဘတွေကပဲ စီစဉ်ပေးခဲ့တာဖြစ်သည်။ သူငယ်ငယ်ကတည်းက တစ်သက်လုံး ဒါမျိုးတွေနဲ့ ပတ်သက်လို့ တစ်ခါမှ စိတ်မပူဖူးပါ။ သူ အထက်တန်းကျောင်းပြီးတဲ့အခါမှာလည်း အိမ်မှာပဲနေပြီး စားသောက်ကာ သူပျော်သလိုပဲ နေခဲ့သည်။ဒါကြောင့် သူ့ဖခင်ဖြစ်သူက ဒေါသတကြီးဖြစ်သွားကာ ပညာတတ်လူငယ်များ ကျေးလက်သို့သွားရန်ခရီးထဲ သူ့ကို တိုက်ရိုက်ပင် စာရင်းသွင်းပစ်လိုက်ကာ အတွေ့အကြုံရရှိရန် ကျေးလက်သို့ သူ့ကို ကန်ထုတ်လိုက်လေသည်။
ကျေးလက်ကိုမသွားခင် ရှုဟောင်တစ်ယောက် ရှိုက်ကြီးတငင် ငိုခဲ့ရသည်။ကျေးလက်ဒေသက ပတ်ဝန်းကျင်က အထူးဆိုးရွားပြီး ခြင်တွေများတယ်လို့ဆိုကြတာကြောင့် သူ့လိုအလွန်နူးညံ့သိမ်မွေ့သူက မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။
ဤလူငယ်လေးက လူတိုင်းနှင့် လက်တွဲရန် မလွယ်ကူသောကြောင့် အခြားသူများကဲ့သို့ သူ့အား ခွန်အားအပြည့်ဖြင့် အားထုတ်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ရှုဟောင်ကလည်း သူ့အစွမ်းအစကို သိတာကြောင့် အလုပ်လုပ်တဲ့အခါမှာ အကောင်းဆုံးလုပ်ခဲ့သည်။ ဒါပေမယ့် ချန်ယင်ကျိုးဟာ အသင်းခေါင်းဆောင်ဖြစ်တာကြောင့် အသင်းခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်၏။သူ ကြိုးကြိုးစားစား အလုပ်လုပ်နေချိန်မှာလည်း ဒီလူတွေကို ရံဖန်ရံခါ စောင့်ကြည့်ဖို့ကို မမေ့ခဲ့ပါ။
တခြားသူတွေက ကောင်းတယ်လို့ သူထင်ပေမယ့် ရှုဟောင်ကတော့ လုံလောက်အောင် မသန်မာသေးပါ။
ထိုကြောင့် ချန်ယင်ကျိုးက ဆက်သွယ်ရေး မကျွမ်းကျင်ဘဲ လူများနှင့် စကားပြောခြင်းကို မကြိုက်တာကြောင့် မဝေဖန်တတ်ဘဲ သူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ရှုဟောင် အသက်ရှုချင်တိုင်း(နားချင်တိုင်း) ချန်ယင်ကျိုးရဲ့ အေးစက်တဲ့မျက်လုံးတွေက သူ့ကို အပြစ်ရှိသလို ခံစားစေရလေသည်။ တခါတရံမှာတော့ ရေနွေးအိုးထဲက ရေကိုငှဲ့ပြီး ရေနွေးသောက်ဖို့ အချိန်ပိုတွေရှိပေမယ့် ချန်ယင်ကျိုး ရဲ့ မျက်လုံးတွေကို ကြောက်တာကြောင့် အလုပ်သာ ဆက်လုပ်မိနေတော့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ရှုဟောင်မှာ သူကောင်းကင်ဘုံနှင့် သိပ်မဝေးတော့သလို ခံစားလာရသည်။
"ရှောင်ဆုနဲ့ သူ့ကို ဖြောင်းဖြကြည့်ရင်ရော ဘယ်လိုလဲ"
ရှုဟောင်က ဆက်ပြီး "ဒီကောင်လေးက တခြားသူတွေနဲ့ စကားပြောရတာ မကြိုက်ပေမယ့် ရှောင်ဆုနဲ့က မတူဘူးလေ။ သူတို့နှစ်ယောက်က တစ်အိမ်တည်းနေတာမို့ ရှောင်ဆုက သူ့ကို မကြောက်တဲ့အပြင် ရှောင်ဆု စကားဆို သူ အနည်းအများ နားထောင်မှာမလား"
ဝိန်ဟွိုင်ရှုက ခေါင်းညိတ်ပြလိုက်ပြီး " ငါတို့ စမ်းကြည့်လို့ရတယ် "
ထိုနောက် သူတို့ သုံးယောက်က ဆုတန်ဆီသို့ ရောက်လာကြသည်။
"နင်တို့သုံးယောက် အလုပ်မလုပ်ဘဲ ဘာလုပ်နေကြတာလဲ"
သူမပြောသည်ကို ကြားကြားချင်း ရှုဟောင်က "ရှောင်ဆုရေ ငါတို့အဖွဲ့ခေါင်းဆောင်ကိုလေ ပင်ပန်းနေမှာမို့ အနားယူဖို့ အရမ်းလိုအပ်တယ်ဆိုတာကို မင်းပြောပေးနိုင်မလား"
သူတို့ပြောစကားက လက်ခံနိုင်ဖွယ်ရှိသဖြင့် ဆုတန်က မျက်ခုံးပင့်လိုက်ကာ သူတို့ဘာကိုဆိုလိုချင်သည်ကို နားလည်လိုက်သည်။
နဂိုက အရမ်းချောတဲ့ ဒီလူချောသုံးယောက်ကို ကြည့်လိုက်ရာ သူတို့အားလုံးက အစက အရမ်းချောပေမဲ့ လယ်ယာလုပ်ငန်းကြောင့် သူတို့ အသားအရေတွေ ပျက်စီးသွားကုန်ကြပြီဖြစ်သည်။သို့သော် သူတို့ သည်းမခံနိုင်တော့ရင်တောင် ဒီအလုပ်တွေကို ဆက်လုပ်နေရဦးမှာပင်။
ဆုတန်က သူမရဲ့ရင်ဘတ်ကို ပွတ်သပ်လိုက်ပြီး "စိတ်မပူပါနဲ့၊ ငါတို့အနားယူပြီး ထမင်းစားတဲ့အခါ သူ့ကိုပြောပြလိုက်မယ်" လို့ အာမခံလိုက်၏။
သုံးယောက်သားက သူမကို ကျေးဇူးတင်စွာနဲ့ ကြည့်လိုက်ကြသည်။သူတို့စကားဝိုင်းပြီးလို့ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ချန်ယင်ကျိုးက သူတို့ကိုထပ်ပြီး စိုက်ကြည့်နေတာကြောင့် သူတို့နေရာကိုသာ အမြန်ပြန်လာခဲ့လိုက်ပြီး ကိုယ့်အလုပ်ကိုယ်သာ ဆက်လုပ်ကြရတော့သည်။
နေ့လယ်စာစားချိန်တွင် ရှုဟောင်နှင့် အခြားသူများက ဆုတန်ကို မျှော်လင့်တကြီး ကြည့်နေကြလေရာ ဆုတန်က သူတို့ကို အဆင်ပြေမှာပါ(အိုကေ)တဲ့ အမူအရာပြလိုက်ပြီး ချန်ယင်ကျိုးကိုရှာဖို့ သူမရဲ့ထမင်းဗူးနဲ့ တစ်ဖက်စွန်းကို လျှောက်သွားခဲ့သည်။
ထိုအချိန်မှာ ချန်ယင်ကျိုးက သူ့မျက်နှာကို မြစ်ကမ်းဘေးမှာ ဆေးကြောနေခဲ့ပြီး သူ့မျက်နှာတွေက စိုစွတ်နေခဲ့သည်။ မကြာသေးမီက နေက အားကောင်းပြီး အလွန်ပူပြင်းတာကြောင့် ချန်ယင်ကျိုးပင် ယခင်ကထက်ပင် အနည်းငယ် ပိုမဲ နေပုံပေါ်လာလေသည်။အွန်း သူရဲ့ဂျုံရောင် အသားအရည်ထက်တော့ ပိုကျန်းမာနေတဲ့ပုံပါပဲ။
သူ့အင်္ကျီကို ချွတ်လိုက်ပြီး လက်တိုအင်္ကျီကိုသာ ဝတ်ထားကာ သူက နည်းနည်းပိန်ပေမယ့် သူ့ကြွက်သားတွေက တောင့်တင်းနေဆဲပင်။
ဆုတန်က နေ့လည်စာချိုင့်ကို ကိုင်လာပြီး ပြုံးပြလိုက်ကာ "အတူတူစားရအောင်လေ"
ချန်ယင်ကျိုးက ခေါင်းညိတ်လိုက်သည်။
ဆုတန်က သူ့ဘေးမှာ ဝင်ထိုင်တော့မယ့်အချိန်မှာ ချန်ယင်ကျိုးက မတ်တတ်ထရပ်လိုက်ပြီး သူထိုင်နေတဲ့ ကျောက်တုံးကို လက်ညှိုးထိုးပြလိုက်ကာ "မင်းကဒီမှာထိုင်" လို့ ပြောလိုက်သည်။
သူ ထိုင်နေတဲ့ ကျောက်တုံးကြီးက ကြီးပြီးပြားကာ သပ်သပ်ရပ်ရပ်ရှိသလို သန့်လည်းသန့်ရှင်း၏။
ဆုတန်က သူဘာကိုဆိုလိုသည်ကို သိတာကြောင့် သူ့ကို ပြုံးပြလိုက်ပြီး ထပ်ပြီးအရင်လို အားနာစွာဖြင့် ငြင်းဆိုမနေပါတော့ပေ။
ကျောက်တုံးက အေးမနေဘဲ နွေးနေတာကြောင့် ဒီကောင်လေး တော်တော်နွေးထွေးလာတယ်လို့ ဆုတန် ခံစားလိုက်ရ၏။
သူတို့ယူလာတဲ့ ထမင်းဗူးကို အဖွားချန်က မနက်ခင်းမှာ ချက်ပေးခဲ့တာ ဖြစ်သည်။
ချန်ယင်ကျိုးကိုယ်တိုင်လည်း မကြာသေးမီက အလွန်ပင်ပန်းနေခဲ့တာကြောင့် အမြဲဗိုက်ဆာနေတတ်သဖြင့် အဖွားက သူ့အတွက် နေ့လယ်စာသေတ္တာကို တင်းတင်းကျပ်ကျပ်နဲ့ များများထည့်ပေးကာ ထုပ်ပိုးပေးထားလေသည်။ ဆုတန်ကတော့ စားချင်စိတ်နည်းနည်းပဲရှိတာကြောင့် အဖွားက ထမင်းအများကြီးမထုပ်ပေးဘဲ ရွှေဝါရောင်လေးဖြစ်အောင် ကြော်ထားတဲ့ ကြက်ဥကြော်တစ်ခုသာ ထည့်ပေးထားလိုက်သည်။
ဆုတန်မှာ အလုပ်မှ ပင်ပန်းလာသောအခါတွင် သူမသည် ပုံမှန်အားဖြင့် အစာစားချင်စိတ်မရှိ၍ ထမင်းအနည်းငယ်ကို စားပြီးနောက် ဗိုက်ပြည့်သွားတတ်သည်။ ချန်ယင်ကျိုးက မြန်မြန်စားလိုက်ပြီး ထမင်းတစ်ဝက်လောက်ကို စားကုန်သွားရာ ဆုတန်က ချန်ယင်ကျိုးရဲ့ဗူးထဲကို ကြက်ဥကြော် ထည့်ပေးလိုက်သည်။ ချန်ယင်ကျိုးက ထမင်းဗူးထဲတွင် ကြက်ဥအပိုကိုတွေ့လိုက်သောအခါ အံ့အားသင့်သွားပြီး ဆုတန်ကို လှည့်ကြည့်လိုက်၏။
ဆုတန်က သူ့မျက်လုံးတွေကို ဝိုင်းစက်နေအောင် ပြုံးပြလိုက်ပြီး "ငါ ဆက်မစားနိုင်တော့ဘူး။ နင် ကူစားပေးပါဦးနော်"
ဤအရာကို သူ့အဖွားက ဆုတန်အား အထူးလုပ်ပေးထားကြောင်း ချန်ယင်ကျိုးက သိထားလေသည်။ပြီးတော့ ဘာပဲဖြစ်ဖြစ် သူမစားရဘူးလို့ပါ အဖွားချန်က ပြောထားပါသေးသည်။ ဆုတန်က ပြုံးလိုက်ပြီး ဒေါသထွက်ဟန်ဆောင်လိုက်ကာ "မစားဘူးလား။ ငါသာ ဒါကို မစားနိုင်ဘဲ အတင်းစားရင် ဖြုန်းတီးပစ်ရာကျလိမ့်မယ်။ နောက်ပြီး အရမ်းစားရင် ဗိုက်ထဲ ဝန်ထုပ်ဝန်ပိုးတိုးလာပြီး အစာမကြေဖြစ်မယ်။ဒီလိုမျိုး ငါ မစားတတ်ဘူး"
ဆုတန်က လေးလေးနက်နက်ပြောလာတာကြောင့် ချန်ယင်ကျိုးက ခဏတာ အံ့အားသင့်သွားပြီး သူမလေးပြောတာက အဓိပ္ပါယ်ရှိပုံပေါ်သည်ဟု ခံစားလိုက်ရလေသည်။
"ကောင်းပြီ မင်းစားဖို့ ငါကူညီပေးမယ်။ ဒါမှ အလဟဿမဖြစ်မှာ " ချန်ယင်ကျိုးက ပြောပြီး ခေါင်းညိတ်လိုက်သည်။
"တော်လိုက်တာ " ဆုတန်က လက်ကိုမြှောက်လိုက်ပြီး သူ့ဆံပင်တွေကို ပွတ်သပ်လိုက်သည်။
ချန်ယင်ကျိုးခန္ဓာကိုယ်က ချက်ချင်းပင် တောင့်တင်းသွားပြီး ဆုတန်သည်လည်း ပြောင်းလဲမှုကို ခံစားလိုက်ရတာကြောင့် ချက်ချင်းပင် သူမလုပ်လက်စကို ရပ်လိုက်၏။
သူမလည်း ဒီလိုလုပ်ဖို့ မရည်ရွယ်ခဲ့ပါပေ။ဒါပေမဲ့ သူမလက်က မရည်ရွယ်ဘဲ ကိုင်ကိုင်မိနေတာပင်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်နော်" ဆုတန်က ချက်ချင်းတောင်းပန်လိုက်သည်။
" နောက်တစ်ခါ နင့်ရဲ့ဆံပင်တွေကို ငါမထိတော့ပါဘူး"
ချန်ယင်ကျိုးက တခြားသူတွေ သူ့ကိုထိတွေ့တာကို မကြိုက်ကြောင်း ဆုတန်က သိထားပြီးဖြစ်တာကြောင့် တစ်ဖက်လူ နားလည်မှုလွဲသွားမှာကို စိုးရိမ်ကြောင်း သူမရဲ့တောင်းပန်တဲ့ လေသံက ပေါ်လွင်နေခဲ့သည်။
ချန်ယင်ကျိုးက သာမာန်အတိုင်းကြည့်လိုက်ကာ "ရပါတယ်၊ မင်းငါ့ကို ကြက်ဥတစ်လုံးသာပေး၊ အဲဒါကိုထိတာ သိပ်လည်းမဆိုးပါဘူး"
ထို့နောက် ခေါင်းငုံ့ကာ သူ့ထမင်းဘူးကို ကောက်ကိုင်လိုက်သည်။
ဆုတန်က မတတ်နိုင်ဘဲ ရယ်လိုက်တော့သည်။ ဒီကောင်လေးက အမြဲတမ်းလေးနက်၏။
"ဒါဆို နောက်တစ်ခါကျရင် ကြက်ဥပေးမယ်နော်" ဆုတန်ရဲ့အသံက ဝမ်းသာနေသည့်အသံပင်။
ချန်ယင်ကျိုးက ဘာမှဆက်မပြောဘဲ ဆုတန် ပေးခဲ့တဲ့ ကြက်ဥကို အောက်ခြေမှာ တိတ်တိတ်လေး ထားလိုက်၏။ကျန်တဲ့ဥတွေ အကုန်စားပြီးမှ ဒီကြက်ဥကို သူ စားရမယ်။
သူ့ဆံပင်တွေကို ဆုတန်ကိုပေးထိလိုက်ပြီး ဒါကသူရလာတဲ့အရာမို့ သူ ဖြည်းဖြည်းချင်းစားပြီး ဂရုတစိုက်စားရမယ်။