အခန်း(၁) အာဏာရှင် လီချင်းယွင်
လီချင်းယွင်က ယုံးအင်ပါယာ၏ ဆယ့်ခုနစ်ယောက်မြောက်မင်းဆက်ဖြစ်သည်။
သူက လူမဆန်စွာပင် ညှင်းပန်းနှိပ်စက်တတ်ပြီး ရက်စက်ကြမ်းကြုတ်ကာ အထက်စီးဆန်သည်။သူ၏ သွေးဆာလောင်မှုကို လူသတ်ပြီးဖြည့်ဆည်း လေ့ရှိသည်ဟု လူအများက ပြောလေ့ရှိ၏။
သူဟာ ယောကျာ်းများနှင့်ပျော်မွေ့ရသည်ကို ကြိုက်နှစ်သက်ပြီး လှပသည့် ယောက်ျားပျိုများကို အချစ်တော်အဖြစ် နန်းတော်သို့ ခေါ်ဆောင်ရန် အခြားတိုင်းပြည်များကိုပင် ကျူးကျော်လေ့ရှိသည်။ အမတ်များကိုလည်း ညီလာခံခန်းမ၌ သတ်ဖြတ်လေ့ရှိသည်။ သူ၏လူမဆန်မှုများမှာ စာရင်းပြုစုဖို့အတွက်တောင်မှ များလွန်းလှ၏။
လီချင်းယွင်က တော်ဝင်မျိုးနွယ်တို့၏ အလောင်းနှင့် သွေးပင်လယ်ကိုနင်းဖြတ်ကာ ထီးနန်းတက်ခဲ့သည်။သူက သူ့ညီအစ်ကိုများကိုသတ်ဖြတ်ကာ တော်ဝင်မျိုးနွယ်များကိုလည်း သေစေခဲ့ပြီး အချို့အား မသန်စွမ်းပင်ဖြစ်စေခဲ့သည်။ အဆုံးတွင် တော်ဝင်မျိုးနွယ်များ အားလုံးသေဆုံးသွားသည့်အခါမှာတော့ သူနှင့် ထီးနန်းပြိုင်လုရန် မည်သူတစ်ဦးတစ်ယောက်ကမှမတတ်နိုင်တော့ပေ။
ထိုကဲ့သို့သော သူ့ရဲ့ နိုင်လိုမင်းထက်ပြုမူသည့် အုပ်ချုပ်မှုနှင့် လူမျိုးတုန်းစစ်ပွဲများကြောင့် ယုံးဒေသမှာ ကျူရှူး(စီရင်စုကိုးခု)တွင် အင်အားအကြီးဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံအပါအဝင်ဖြစ်လာသည်။ သို့သော်လည်း စစ်ပွဲများနှင့် အာဏာရှင်၏ အုပ်ချုပ်မှုတို့ကြောင့် ပြည်သူတို့မှာ ဆိုးရွားစွာ ဒုက္ခခံစားခဲ့ကြရသည်။ သူတို့၏ဘဝများမှာလည်း ဖျက်စီးခံခဲ့ရပြီး အိုးအိမ်မဲ့ကာ မိသားစုများ တစ်ကွဲတစ်ပြားစီဖြစ်ပြီးစိတ်သောကရောက်ခဲ့ကြရ၏။
လီချင်းယွင်ကို တစ်ကမ္ဘာလုံးက ဝေဖန်ခဲ့ကြသည်။
လူတချို့က သူ့ကိုကိုးကွယ်ကြပြီး "ဒုက္ခအပေါင်းမှ ကယ်တင်ရှင်"ဟုခေါ်ကြသည်။
တချို့ကတော့ သူ့ကိုမုန်းတီးကာ "လူမဆန်သည့် မင်းဆိုးမင်းညစ်"ဟုခေါ်ကြသည်။
ချန်ယွင် ဆယ်နှစ်မြောက်၌ ..
လီချင်းယွင်က ရေထဲကို ပြုတ်ကျခဲ့သည်။
သူ အချိန်အတန်ကြာမေ့မြောပြီးတဲ့နောက် သတိပြန်လည်လာခဲ့၏။ လီချင်းယွင် သတိပြန်ရပြီးတဲ့နောက်မှာတော့ သူဟာ စာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်နေတာကို နားလည်လိုက်ရတော့သည်။
သူအနည်းငယ် ထိတ်လန့်မိသွားသည်။
သူဟာ ရှေးခေတ် အမျိုးသားချင်း ချစ်ကြိုက်ပြီး ရက်စက်ခြင်း၌သာယာသည့်(sadistic)အကြောင်း ရေးသားထားသည့် ဝတ္ထုထဲမှ ဧကရာဇ်ဖြစ်သည်။ သူဟာ ရက်စက်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ အမှိုက်ကောင် gongတစ်ယောက်ဖြစ်သည်။ ပြီးတော့ သူဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူယုတ်မာတစ်ယောက်လည်း ဖြစ်၏။
ဇာတ်ညွှန်းအရပြောရရင် သူဟာ သူကိုယ်တိုင်ရဲ့အဆုံးသတ်ကို ကြိုတင်ခန့်မှန်းမိနေပြီဖြစ်သည်။
ဝတ္ထုထဲမှ ဇာတ်လိုက်ဟာ သူ့ထံမှ အချစ်အတွက် ဖိအားပေးခံခဲ့ရပြီး အကျဉ်းချခံခဲ့ရကာ သူ့ကြောင့် အရှက်တကွဲဖြစ်ခဲ့ရ၏။
လီချင်းယွင်က ဇာတ်လိုက်၏ တိုင်းပြည်ကိုဖျက်ဆီးပစ်ခဲ့ပြီး ထိုသူအား ကျေးကျွန်ဖြစ်စေခဲ့သည်။ အနောက်ဆောင်ကဲ့သို့ နေရာတွင်နေစေခဲ့ပြီး အရှက်တကွဲဖြစ်အောင် နှိမ်ချဆက်ဆံ၍ ကစားခဲ့သည်။ သူဟာ ထိုသူ၏ ဂုဏ်သိက္ခာကိုနင်းခြေခဲ့ပြီး မျက်စိလည်းကွယ်စေခဲ့သည်။
လီချင်းယွင်က စာဖတ်သူတို့ရဲ့ မုန်းတီးခြင်းကိုခံခဲ့ရသည်။ အဆုံးသတ်မှာတော့ စာရေးသူဟာ ရွေးချယ်စရာမရှိခဲ့ဘဲ သူ့ကိုသေစေကာ အသေခံတပ်သားအဖြစ် ရေးသားခဲ့ရသည်။
ဇာတ်လိုက် အလှလေးသူကူးလီက လီချင်းယွင်အား ဆိုးဆိုးရွားရွားပင် မုန်းတီးခဲ့သည်။ သူဟာ သူ့တိုင်းပြည်ကိုဖျက်ဆီးချင်ကြပြီး သူ့ကိုတိုင်းပြည်ဆုံးရှုံးလိုက်ရသည့် ဘုရင်တစ်ပါးဖြစ်စေချင်နေကြသည့် အမျိုးသားဇာတ်ပို့များစွာနဲ့ မိတ်ဆွေဖွဲ့ခဲ့၏။
လီချင်းယွင်ရဲ့ အဆုံးသတ်ရလဒ်မှာတော့ သူဟာ နာမည်ကြီးဇာတ်လိုက်နှင့် ထိုဇာတ်ကောင်တစ်သိုက်ကို ရှုံးနိမ့်ခဲ့ကာအကျဉ်းထောင်ထဲတွင် သေဆုံးခဲ့ရသည်။
ငါ့တိုင်းပြည်နဲ့ ငါ့မိသားစုဖျက်စီးခံလိုက်ရရင်တောင် ငါ မျက်စိဖွင့်ရက်နဲ့ သေမှာမဟုတ်ဘူး!!!
သူ၏ကြေကွဲဖွယ်အဆုံးသတ်ကို မူလဇာတ်လမ်းမှ စာကြောင်းအနည်းငယ်ဖြင့် အကျဉ်းချုပ် ဖော်ပြရမည်ဆိုလျှင်-
လီချင်းယွင်က အာဏာရှင်တစ်ယောက်ဖြစ်ပြီး အဆိပ်ခတ်ခံရပြီးနောက် ထောင်ထဲမှာပဲ သေဆုံးခဲ့သည်။ သူ၏ ရုပ်အလောင်းကို ထောင်သားများကို စုပေါင်းသင်္ဂြိုဟ်တဲ့ သုသာန်တစ်ခုမှာ စွန့်ပစ်ခဲ့ကြပြီး ဘယ်သူကမှ သူ့ ရုပ်ကြွင်းကို လာမကြည့်ခဲ့ကြပေ။ သူက လူတိုင်းရဲ့ ကျိန်ဆဲခြင်းကိုခံခဲ့ရပြီး သူ၏လူမဆန်မှုဟာ နှစ်ထောင်ချီကြာသည့်တိုင်အောင် ပြောစမှတ်တွင်ခဲ့၏။
အမွှေးနံ့သာနံ့က အလွန်အင်မတန် မွှေးပျံ့လျက်ရှိပြီး လောင်မြိုက်နေသော မီးဖိုဆီမှ အပူက မီးခိုးငွေ့အဖြစ် အပေါ်ကို ဝဲတက်လာသည်။ တစ်ဒါဇင်မကများပြားတဲ့ အစေခံတွေ၊ကုန်းကုန်းတွေက ရေနွေးနှင့် ဆေးမြစ်တွေကိုယူပြီးနန်းတော်၏ အရှင်သခင်အား အလုပ်အကျွေးပြုဖို့ စောင့်ဆိုင်းနေကြသည်။
အဝါနုရောင် လိုက်ကာများအောက်မှာတော့ ခပ်ချောချောယောက်ျားပျိုတစ်ဦးရှိပြီး သူက အနည်းငယ်အားနည်းနေပုံရ၏။ သူဟာ ယုံးတိုင်းပြည်၏ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပင် ဖြစ်ချေ၏။
ငါးကြီးအန်ဖတ်နံ့က လေနဲ့အတူ လီချင်းယွင်၏ နှာခေါင်းထဲသို့ဝင် ရောက်လာသည်။ သူက သူ့မျက်လုံးတွေကို ပိတ်ထားသည်။သူ့မျက်ခွံတွေက လေးလံနေတာမို့ ကြိုးစားဖွင့်ပေမယ့် ဖွင့်မရပါပေ။
သူအိပ်မက်ထဲမှာ နစ်မြောနေခဲ့တာပဲ...
ဒါက ဘယ်လောက်ကြာသွားလဲမသိပေမယ့် နောက်ဆုံးမှာ အရမ်းကျယ်လောင်တဲ့ငိုသံနဲ့ အော်သံတွေကိုသူကြားလိုက်ရသည်။
"အရှင်မင်းကြီး... နတ်ရွာစံလို့မဖြစ်ဘူး ဝူးဝူး...အရှင် မင်းကြီးနတ်ရွာစံသွားရင် ဧကရီ အရှင်မကို ကျွန်တော်မျိုးဘယ်လိုရှင်းပြရပါ့မလဲ.."
အရမ်းဆူညံနေတာပဲ!
သူ့ခန္ဓာကိုယ်ကို အဆက်မပြတ်လှုပ်နှိုးနေတဲ့လက်တစ်စုံကြောင့် လီချင်းယွင်ရဲ့ အသိစိတ်တို့ ပိုမိုရှင်းလင်းလာပြီး သူ့ပတ်ဝန်းကျင်မှာဖြစ်နေတာတွေကိုလည်း ပိုပြီးရှင်းရှင်းလင်းလင်းနားလည်လာရသည်။
"အရှင်မင်းကြီး... အဟင့် ဝူး...! မင်းကြီးနတ်ရွာစံသွားရင် ထီးနန်းဆက်ခံဖို့မျိုးဆက်လည်းမရှိတော့ဘူး..ကျွန်တော်မျိုးလည်းလိုက်သေမယ်..အရှင်မ သိရင် သေချာပေါက်ကျွန်တော်မျိုးကိုအပြစ်တင်မှာ.."
ဆူလိုက်တာ...
"တော်တော်ဆူညံတာပဲ.."
လီချင်းယွင်၏ အသံမှာ အက်ကွဲနေပြီး မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်မိသည်။ သူမြင်လိုက်ရတာက ငိုနေတဲ့အသက်ကြီးကြီးကုန်းကုန်းတစ်ယောက်ဖြစ်ပြီး ထို့နောက် သူကအရမ်းပျော်ရွှင်သွားပြီး အော်ဟစ်နေခဲ့သည်။ ထို့နောက် ဘုရင့်သမားတော်တွေက သူ့ကိုသွေးခုန်နှုန်းတိုင်းဖို့ ပြန်လှည့်လာကြသည်။
လီချင်းယွင်က အဖြူရောင်အတွင်းဝတ်ရုံတစ်ခုကိုသာ ဝတ်ဆင်ထားပြီး သူ့၏အနက်ရောင်ဆံနွယ်တွေကို ကျောမှာဖြန့်ထားသည်။ သူဟာအလွန် ချောမောသော်လည်း နေမကောင်းတာကြောင့် အားနည်းနေပုံရ၏။
သူ၏ဗာဒံစေ့သဏ္ဌာန် မျက်လုံးများမှာလည်း ရီဝေနေကာ သွေးမရှိဘဲ ဖျော့တော့နေသည့် နှုတ်ခမ်းများမှာ ဖြည်းဖြည်းချင်းပွင့်ဟလာသည်။ သူ့မှာ ချောမောလှပတဲ့မျက်နှာရှိပြီး အလွန့်အလွန်ကိုမှ ချောမောကာ ကျော့ရှင်းပြီးခန့်ညားလှသည်။ သူကြားခဲ့ရသော စိုးရိမ်နေသည့်အသံများကို သူ့မျက်လုံးများ ဖွင့်ဟလာသည့်အခါတွင်လည်း တစ်ဖန်ထပ်ကြားလိုက်ရပြန်၏။
"သတင်းကောင်းပဲ! အရှင်မင်းကြီးနိုးလာပြီး ..နောက်ဆုံးတော့မင်းကြီးတကယ်ကိုနိုးလာခဲ့ပြီ.."
မိန်းမစိုးအကြီးအကဲဖြစ်သည့် လုကုန်းကုန်းက အလွန်ပျော် နေပြီး မျက်ရည်များကျကာ
"မင်းကြီး..အရှင်မင်းကြီးဘယ်လိုနေသေးလဲ.."
ထိုအချိန်မှာမှ လီချင်းယွင်က နောက်ဆုံးတွင် အသိပြန်ဝင်လာခဲ့သည်။
နန်းတွင်းသမားတော်က သူ့ကိုအပ်စိုက်ကုသပေးပြီး အပ်ဖျားထိပ်မှာ စူးလွန်းတာကြောင့် လီချင်းယွင် အလွန်နာကျင်သွားရ၏။
သူက အပ်စိုက်ကုသပေးနေသည့် သမားတော်ကို ရုတ်တရက်ကြည့်ပြီး မျက်ခုံးတွန့်ကာ ပြောလိုက်သည်။
"ထွက်သွား.."
သမားတော်က အလွန်ကြောက်လန့်သွားပုံပေါ်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည်။ သူတို့က မင်းကြီး စိတ်အလိုမကျရင် သူတို့ကိုသတ်မှာကို စိုးရိမ်နေကြသည်။ ဒါ့အပြင် ဒါကလည်းပထမဆုံးအကြိမ်တော့ မဟုတ်ပါပေ။
လုကုန်းကုန်းက အကြောက်တရားကို ချိုးနှိမ်ကာ နူးညံ့သည့်လေသံဖြင့် ချော့လိုက်သည်။
"အရှင်မင်းကြီး...မင်းကြီးက နေမကောင်းသေးပါဘူး... သမားတော်ကို မောင်းထုတ်မယ်ဆို ဘယ်သူက အရှင့်ကို ကုသပေးမှာပါလဲဘုရား.."
လီချင်းယွင်က သူ့လက်မောင်းရှိ အပ်ကြောင့် ပေသွားသည့် သွေးများကိုကြည့်ကာ နာကျင်မှုခံစားလိုက်ရသည်။
ကာလကြာရှည်မေ့မြောနေရာမှ သတိရလာပြီးနောက် သူ့ရဲ့ခံစားချက်နှင့် ပုံစံက အနည်းငယ်သတိလက်လွတ်ဖြစ်နေသလို ခံစားလိုက်ရ၏ ။ ဒီခံစားချက်က အနည်းငယ်တော့ ထူးဆန်းသည်။
သူ့အသိစိတ်တို့မှာ အနည်းငယ်ဝေဝါးနေပြီး သူ့စိတ်ထဲတွင် ထပ်ခါထပ်ခါပေါ်လာနေသည်မှာ အကျဉ်းထောင်ထဲမှာသေဆုံးပြီး သူ့တိုင်းပြည်နဲ့မိသားစုတို့ဖျက်ဆီးခံလိုက်ရသည့် ကြေကွဲဖွယ်အဆုံးသတ်ပင်ဖြစ်သည်။
"ဘယ်အချိန်ရှိပြီလဲ.."လီချင်းယွင်၏အသံမှာ အနည်းငယ်အက်ကွဲ နေသည်။
လုကုန်းကုန်းက မြန်မြန်ပြန်ဖြေလာသည်။
"မင်းကြီး၊ နေ့လည်ရောက်နေပါပြီ.."
"ဘယ်နှခုနှစ်လဲ.."လီချင်းယွင်က သူ၏ ကိုက်ခဲနေသည့်နဖူးတစ်ဝိုက်ကို ပွတ်သပ်နေမိသည်။
"ချန်ယွင်ရဲ့ ဆယ်နှစ်မြောက်ပါ.." လုကုန်းကုန်းက နားမလည်ပေမယ့် ပြန်ဖြေပေးခဲ့သည်။
လီချင်းယွင် အနည်းငယ် ကြက်သေသေသွားရသည်။
ဆယ်နှစ်မြောက်ချန်ယွင်...
ဒါဟာ သူနန်းတက်ပြီး ဆယ်နှစ်အကြာပဲ။
လွန်ခဲ့သည့်ဆယ်နှစ်မှာ ဖြစ်ပျက်ခဲ့သောအရာအားလုံးဟာ စိတ်ထဲမှာတော့ အိပ်မက်မက်နေသလိုပါပင်။
ဒါက သူဇာတ်လိုက်shouကိုတွေ့ပြီး နှစ်လသာရှိသေးသည်။
လွန်ခဲ့သည့်နှစ်လက လီချင်းယွင်က ယုံးဒေသ အနီးရှိ နိုင်ငံငယ်လေးကို အောင်မြင်စွာဖျက်ဆီးခဲ့သည်။ ထိုနိုင်ငံလေးမှာ ရွှယ်တိုင်းပြည်ဟု ခေါ်သည်။
ရွှယ်တိုင်းပြည်၏ ဒုတိယမင်းသားသူကူးလီဟာ ကမ္ဘာပေါ်တွင် အလှဆုံးအမျိုးသားဟု သူကြားသိခဲ့ရသည်။ ထိုတိုင်းပြည်ကိုဖျက်ဆီးပြီး နောက် သူက သူကူးလီကိုမြင်မြင်ချင်းချစ်မိသွားခဲ့၏။ထို့နောက် လီချင်းယွင်က သူ့ကို နန်းတွင်းသို့ ခေါ်ဆောင်ခဲ့ပြီး ကိုယ်လုပ်တော် ဖြစ်စေခဲ့သည်။
သူကူးလီ၏ဇာတ်ကောင်က အထက်တန်းလွှာဆန်ပြီး သူ၏ ကျော်ကြားမှုနဲ့ကံကြမ္မာမှာ ဇီးပန်းပွင့်တို့ ပွင့်လန်းနေသည်နှင့်မခြားနားပါပေ။ သူက အရှုံးပေးရမှာကို သေရမှာထက် ပိုပြီးမနှစ်မြို့ဖြစ်ပြီး ဂုဏ်သရေသိက္ခာအပြည့်ရှိသူဖြစ်သည်။ လီချင်းယွင်နှင့် မျက်နှာချင်းဆိုင်တွေ့သည့်အခါ သူက လီချင်းယွင်ကို အေးစက်စွာ အဝေးကိုတွန်းလွှတ်ခဲ့ပြီး၊ ဘုရင်၏အမျိုးသားချစ်သူဖြစ်လာရမှာကိုလည်း ကျေနပ်မှူမရှိခဲ့ပါချေ။
လီချင်းယွင်က သူကူးလီ၏ မာနကြီးပြီး ဒေါသကြီးသည့် အကျင့်စရိုက်ကို စွဲလမ်းနေခဲ့သည်။ သူက မနှစ်မြို့ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းပေါင်းစုံကိုသုံး၍ အာဏာဖြင့်ဖိနှိပ်ခဲ့ကာ သူကူးလီသူ့အားအညံ့ခံလာအောင် ဖိအားပေးခဲ့သည်။
သူက သူကူးလီကို ဘုရင့်နန်းတော်ရှိ ပန်းဥယျာဥ်တွင် မသင့်လျော်သည့်တစ်စုံတစ်ခုကို လုပ်ချင်နေခဲ့သည်။
ရုတ်ရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး ရလဒ်အနေနဲ့ကတော့ သူက သူကူးလီရဲ့ ရေထဲတွန်းချခြင်းကိုခံခဲ့ရသည်။
မေ့မြောပြီးနောက်သုံးရက်အကြာတွင် သူသတိပြန်လည်လာခဲ့၏။
ဒါက စာအုပ်ထဲရှိဇာတ်ကောင်များအားလုံးကို အလှည့်အပြောင်း ဖြစ်စေသည်။မူရင်းစာအုပ်ထဲတွင် လီချင်းယွင်က ရက်စက်ကြမ်းကြုတ်သည့် လူယုတ်မာဘုရင်တစ်ပါးဖြစ်သည်။ သူကူးလီကတော့ မူရင်းစာအုပ်အရ ဆွဲဆောင်မှုရှိပြီး လှပသည့်အမျိုးသားတစ်ဦးဖြစ်သည်။
မူရင်းဇာတ်ညွှန်း၏အဆိုအရ လီချင်းယွင်က သူကူးလီကို အဲ့ဒီအရာကိုလုပ်စေဖို့ စက်ဆုပ်ဖွယ် ကောင်းပြီး အရှက်မဲ့တဲ့ နည်းလမ်းပေါင်းစုံကိုအသုံးပြုခဲ့သည်။
သူကူးလီက လိုက်နာဖို့ငြင်းဆန်သောကြောင့် သူက သူကူးလီကို ဆေးခတ်ပြီး အကျဉ်းချခဲ့သည်။ ဒါက သူကူးလီရော သူ့ကိုပါ ပျက်ဆီးခြင်းကိုဖြစ်စေခဲ့ပြီး ကြေကွဲဖွယ်အဆုံးသတ်ဖြစ်ခဲ့ရ၏။
လီချင်းယွင်က ထိုဆက်ဆံရေးအကြောင်းကို ရှင်းရှင်းလင်းလင်း သိလိုက်ရပြီးနောက်မှာတော့ ယခုတွင် အက်ကွဲနေသည့်အသံဖြင့် မေးလိုက်မိ၏။
"သူကူးလီဘယ်မှာလဲ.."
"အရှင်မင်းကြီး သတိရလာတာနဲ့ သူ့အကြောင်းကို ဘာကြောင့် တွေးနေရတာပါလဲ.."
လုကုန်းကုန်းက အလွန်စိတ်သောက ရောက်သွားရပြီး
" ချောမောလှပပြီး အပြုအမူကောင်းတဲ့သူတွေအများကြီးရှိပါတယ် အရှင်မင်းကြီး...ဘာကြောင့်သူကူးလီကိုသာ တွယ်ကပ်နေတာပါလဲဘုရား..သူက မာနထောင်လွှားတဲ့လူတစ်ယောက်ပါ..တကယ်လို့ ဒီတစ်ခါက သူ မင်းကြီးကို မတော်တဆ ရေထဲတွန်းချတာဆိုရင် နောက်တခါက တမင်သေစေချင်လို့တွန်းချတာပဲဖြစ်ပါမယ်ဘုရား.."
လီချင်းယွင်ကသူ့ကိုယ်သူလည်း မေးကြည့်ချင် နေခဲ့သည်၊ ဘာလို့သူ့တစ်ယောက်တည်းကိုပဲ တွယ်ကပ်နေမိတာလဲလို့ပေါ့။
ဖြစ်နိုင်တာကတော့....
သူကူးလီက ဆွဲဆောင်မှုရှိတဲ့ ဇာတ်လိုက်ဖြစ်သောကြောင့် ဖြစ်မည်။
သူက ကမ္ဘာပေါ်မှာအလှဆုံး ယောက်ျားတစ်ယောက်ဖြစ်သည်။
မူရင်းစာအုပ်ရှိ သူ့အား အကြမ်းဖျင်းဖော်ပြချက်မှာ
"နှင်းကဲ့သို့ဖြူဖွေးသည့်အဝတ်အစားများကိုဝတ်ဆင်သည်။သူ၏အသွင်ပြင်မှာ ရေခဲနှင့် နှင်းကဲ့သို့လှပသည်။ပြီးတော့ သူ၏ နဖူးအလယ်ရှိ ကြက်သွေးရောင်မှဲ့မှာ အသက်ရှုရပ်မတတ်လှပသည်။ သူက ကမ္ဘာပေါ်မှာ အလှဆုံး ယောကျာ်းတစ်ဦးဖြစ်ပြီး သူ့ကိုမြင်ဖူးသည့် ဘယ်ယောက်ျားမဆို သူ့အားပိုင်ဆိုင်လိုကြသည်။ ငွေရောင်သံကြိုးများနှင့်အကျဉ်းချထားလိုကြသည်။သူ့ရဲ့ ရေခဲတမျှ အေးစက်ပြီး ပြိုင်ဘက်ကင်းသည့်အထီးကျန်မျက်လုံးများကို သူတို့ကိုသာကြည့်စေချင်ကြသည်" ဟူ၍ပင် ...
ယုံးဒေသ၏ အာဏာရှင်ဧကရာဇ်၊ ကမ္ဘာကျော်ဉာဏ်ကြီးရှင်သမားတော်၊ တခြားတိုင်းပြည်၏အိမ်ရှေ့စံမင်းသား၊ သူပုန်စစ်တပ်ခေါင်းဆောင်၊ ကမ္ဘာ့ပြိုင်ဘက်မရှိလေးသည်တော်၊ မြောင်လူမျိုးစုမှမှော်ဆရာအမြွှာညီနောင်.... ထိုထူးချွန်ထက်မြတ်သည့် ယောက်ျားများသည် သူကူးလီကိုမြင်မြင်ချင်း အချစ်မှာ မျှော်လင့်ချက်မရှိကျဆုံးခဲ့သည်။
အဆုံးသတ်မှာတော့ သူတို့အားလုံးဟာ သူကူးလီရဲ့ ကျေးကျွန်များသာဖြစ်သည်။ဘယ်သူ့ကိုမှ သူကူးလီက မချစ်ပေ။ သူဟာလူတိုင်းကြိုက်တဲ့ နှင်းဆီပွင့်လေးဖြစ်ပြီး အလှပဆုံးဖြစ်တည်မှုတစ်ခုသာ ဖြစ်သည်။
လီချင်းယွင်ဆိုသည်မှာလည်း ချွင်းချက်မရှိတော့။
ထို့ကြောင့် လီချင်းယွင်က စစ်သည်တို့ကို ကိုယ်တိုင်လွှတ်ပြီး သူကူးလီ၏ တိုင်းပြည်ကိုဖျက်ဆီးခဲ့သည်။
သူက သူကူးလီ၏ဆန္ဒကိုလျစ်လျူရှုကာ သူ၏ချစ်သူအဖြစ် နန်းတော်သို့အတင်းအဓမ္မ ခေါ်ဆောင်ခဲ့သည်။ သူကူးလီကို "အလှလေး"ဟူသည့်ဂုဏ်ပုဒ်ကိုပေးအပ်ကာ ယောက်ဟွားနန်းတော်တွင်နေစေခဲ့သည်။
လီချင်းယွင်ကိုယ်တိုင်သည်လည်း ထိုဆွဲဆောင်မှုရှိသည့် အရှိန်အဝါ၏ လွှမ်းမိုးမှုကိုခံနေရပြီး ရူးတော့မလိုခံစားနေရမှန်း သူ့ကိုယ်သူ သိသည်။
"သူကူးလီဘယ်မှာလဲ.."
လီချင်းယွင်၏အသံမှာ အနည်းငယ် အက်ကွဲနေဆဲဖြစ်သည်။ "အိုး!" လုကုန်းကုန်းက သရော်လိုက်ပြီး
" သူကူးလီက အရှင်မင်းကြီးကိုလုပ်ကြံဖို့ကြံစည်ခဲ့ပြီး လိမ်ညာလှည့်ဖြားတဲ့အပြစ်ကိုကြူးလွန်ခဲ့တယ်.. ဒါကြောင့် ကျွန်တော်မျိုး သူ့ကို ကြိမ်ဒဏ်အချက်ငါးဆယ် ပေးပြီး နန်းတော်အပြင်မှာ ဒူးထောက် နေဖို့အမိန့်ပေးခဲ့ပါတယ်.. သူက မင်းကြီးသတိရလာမှ ထခွင့်ရှိပါတယ်..ကျွန်တော်မျိုးတို့လုပ်ရမှာက မင်းကြီးသတိရလာတာကို စောင့်ပြီး သူ့ကိုသေဒဏ်စီရင်ဖို့ပါ အရှင်မင်းကြီး.."
လီချင်းယွင်၏ မျက်နှာမှာ ပြောင်းလဲသွားသည်။
မူရင်းဇာတ်လမ်းတွင် ဇာတ်လိုက်မှာ လုကုန်းကုန်းရဲ့ ရိုက်နှက်ခြင်းကို အပြင်းအထန်ခံစားခဲ့ရပြီး နှင်းထဲမှာ သုံးရက်သုံးည ဒူးထောက်နေဖို့အပြစ်ပေးခံခဲ့ရသည်။ နောက်ဆုံးတွင် သူက မြေကြီးပေါ်မူးလဲကျသွားခဲ့ပြီး ရောဂါများစွာ ခံစားခဲ့ရ၏။