no

Font
Theme


အခန်း(၄) တတိယမြောက်ကုန်း တဖြစ်လဲ သမားတော်စုယွီ။


"အရှင်မင်းကြီး ...သမားတော်စုရောက်လာပါပြီ" 

ကုန်းကုန်းငယ်လေးက ရိုသေစွာ ဒူးထောက်ကာတင်ပြလာသည်။


လီချင်းယွင်ကြောင်အမ်းသွားရသည်။

"နန်းတွင်းသမားတော်စု?စုယွီလား"


"ဟုတ်ပါတယ်အရှင်မင်းကြီး၊ တော်ဝင်သမားတော်စုယွီပါဘုရား"

ကုန်းကုန်းငယ်လေးက ခေါင်းငုံ့လျက်ဆိုလေသည်။


"ဝင်လာခိုင်းလိုက်"

လီချင်းယွင်၏ မျက်ဝန်းများမှာနည်းနည်း မှောင်မည်းသွားရသည်။


စုယွီ--


သူက မူရင်းစာအုပ်ထဲမှာ အမြှောက်စာဇာတ်ကောင်နံပါတ်၃ဖြစ်ပြီး ညှို့အားပြင်းဖွယ် အဓိကဇာတ်ဆောင်ကို ရူးမိုက်ကာစွဲလမ်းနေသော ပိုးပန်းသူဖြစ်သည်။


စုယွီက လောကထိပ်တန်းသမားတော်ဖြစ်သည်။ သူ့မှာနူးညံ့ကာ ချစ်မြတ်နိုးတတ်သော ပင်ကိုယ်စရိုက်ရှိပြီး ဘာကိုမှပြန်လိုချင်တာမျိုးမရှိဘဲ ဇာတ်လိုက်ကိုတိတ်တိတ်လေးအကုန်ပေးလေ့ရှိသည်။

သူက သူကူးလီကိုတိတ်တခိုးချစ်နေပြီး သူကူးလီအတွက် ဘာကိုမဆို ဆန့်ကျင်ဖို့ဝန်မလေးပေ။


မူရင်းဇာတ်ကြောင်းထဲမှာဆို သူကူးလီကို မီးပင်လယ်ထဲကကယ်ဖို့အတွက် သူက ယုံးကော်နန်းတော်ဆီ ပြေးသွားကာ နန်းတွင်းသမားတော်အဖြစ်လုပ်ကိုင်ခဲ့သည်။ သူကအဆိပ်တစ်မျိုးဖောက်ကာ လီချင်းယွင်၏ နေ့စဥ်အစားအသောက်ထဲရောထည့်ပြီး လီချင်းယွင်ကို အဆိပ်ကြောင့်တဖြည်းဖြည်းချင်းအားနည်းလာစေခဲ့သည်။ နောက်တော့ လီချင်းယွင်က ထောင်ထဲမှာသေဆုံးသွားခဲ့ပြီး သေဆုံးရခြင်း၏ အကြောင်းအရင်း တစ်ဝက်မှာ သူ့ကိုယ်ထဲရှိ အဆိပ်ကြောင့်ဖြစ်သည်။


"အရှင့်ရဲ့နိမ့်ကျတဲ့အစေခံစုယွီကအရှင်မင်းကြီးကိုတွေ့ဖို့တောင်းဆိုပါတယ်.."


လီချင်းယွင်၏ မျက်နှာမှာ မသိမသာဖြူဖျော့သွားရသည်။


သူက ကြမ်းပြင်ပေါ်မှာဒူးထောက်နေသည့် ရိုသေလေးစားဟန်ရှိသော ပုံရိပ်ကိုစိုက်ကြည့်လိုက်မိသည်။


စုယွီက နန်းတွင်းဆေးဆောင်တစ်ခုလုံးမှာ သူအယုံကြည်ဆုံးလူဟုပြောလို့ရသည်။လီချင်းယွင်က သူ၏ စွမ်းရည်ကိုတန်ဖိုးထားကာ သူ့ကိုသူ့လူယုံအဖြစ်ဆက်ဆံခဲ့သည်။

သူက စုယွီအတွက် အကောင်းဆုံးလုပ်ပေးခဲ့သည်ဟုပြောလို့ရသည်။


ဒါပေမဲ့ သူကူးလီနှင့်ဆိုင်လာချိန်မှာတော့ စုယွီက ဝင်ပူးခံလိုက်ရသူပမာ သူကူးလီကိုဟန့်တားစေနိုင်သည့် ဆူးငြှောင့်မှန်သမျှ အကုန်လုံးကို အကောင်းဆုံးကြိုးစားဖယ်ထုတ်တတ်သည်။လီချင်းယွင်က စုယွီ၏ချစ်သည်းညှာကိုတွန်းအားပေးခဲ့မိ၏။

ထို့ကြောင့် စုယွီက သူ့ကိုသတ်ချင်ခဲ့သည်။


နောက်ပိုင်းတွင် စုယွီမှာ နူးညံ့ကာ ချစ်မြတ်နိုးတတ်သောအမြှောက်စာဇာတ်ကောင်နံပါတ်၃မှ ဗီလိန်တစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့သည်။ သူက လူတွေကို ဆေးနှင့်နှိပ်စပ်ညှင်းပန်းဖို့ရာ တုံ့ဆိုင်းမနေဘဲ မှောင်မည်းသောမြေအောက်ဂူထဲမှာ အဓိကဇာတ်ဆောင်ကို သည်းမခံနိုင်ဖွယ်ရာ အရာမျိုးစုံကိုလည်းပြုလုပ်ခဲ့သည်။


စုယွီက နူးညံ့ပုံပေါက်ပေမဲ့ အမှန်တော့သိမ်မွေ့သောရုပ်ရည်သွင်ပြင်နှင့် လူယုတ်မာတစ်ဦးသာဖြစ်၏။


အကြာကြီးနေပြီးမှ လီချင်းယွီ သူ့ကိုယ်ပိုင်အသံကိုကြားလိုက်ရသည်။

"သမားတော်စု၊ ထလိုက်ပါ။"


စုယွီက တရားဝင် နန်းတွင်းသမားတော်ဝတ်စုံ အနက်ရောင်ကိုဝတ်ထားပြီး သူ့မျက်နှာမှာကျောက်စိမ်းပမာနူးညံ့နေပုံကကျက်သရေရှိသော လူကြီးလူကောင်းနှင့်တူလှသည်။ သူကခေါင်းငုံ့ထားကာ တရိုတသေဆိုလာသည်။

"ဟုတ်ကဲ့ပါအရှင်မင်းကြီး"


သူက ရှင်ဘုရင်ကို တစ်ချိန်လုံးမော့မကြည့်ရဲဘဲ ထိုအစား သူက သူကူးလီကို မျက်ဝန်းထောင့်မှ တဆင့်ကြည့်လိုက်သည်။ သူအလွန်အမင်းစိတ်ပူနေမိသည်။ ခေတ္တတန့်သွားပြီးမှ စုယွီကရိုသေလေးစားစွာဆိုလာသည်။

"အရှင်မင်းကြီးကို ကျွန်တော်မျိုးစမ်းသပ်ပေးပါ့မယ်"


လီချင်းယွီက ဖြည်းဖြည်းချင်း လက်ဆန့်ပေးလိုက်သည်။


စုယွီက လီချင်းယွီ၏ သွယ်လျလျလက်ကောက်ဝတ်ကိုဖြည်းဖြည်းချင်းအုပ်ကိုင်ကာ လက်ကောက်ဝတ်ဖြူဖြူပေါ်က အပြာရောင်သွေးကြောများကိုကြည့်လိုက်သည်။ အရှင်မင်းကြီးရဲ့လက်ကောက်ဝတ်တွေကဒီလောက်သွယ်လျနေတာကို အရင်က ဘာလို့များမသိခဲ့တာလဲ...


"သမားတော်စု...ရလဒ်ကဘာတဲ့လဲ"

လီချင်းယွင်က တည်ငြိမ်စွာဆိုသည်။


စုယွီ အသိစိတ်ပြန်ဝင်လာကာ ခေါင်းငုံ့လိုက်မိပြီးမှ ပုံမှန်ပြန်ဖြစ်သွားကာ ရိုသေစွာပြောလိုက်၏။

"အရှင်မင်းကြီး ရေထဲပြုတ်ကျပြီးအအေးမိသွားတာပါဘုရား.. အခုပြင်းထန်တဲ့နာမကျန်းဖြစ်တာက နေကောင်းလာပြီးတော့ နှင်းကိုက်သွားပါတယ်။ အရှင်မင်းကြီးကိုယ့်ခန္ဓာကိုယ်ကိုဂရုစိုက်သင့်ပါတယ်...ကျွန်တော်မျိုးအရှင်မင်းကြီးအတွက် ဆေးညွှန်းကောင်းကောင်းပေးလိုက်ပါမယ်။ အရှင်မင်းကြီး နေ့တိုင်းသောက်ရပါမယ်..."


လီချင်းယွင် မျက်လုံးအသာပင့်သွားကာခေါင်းငြိမ့်ပြလိုက်သည်။

"ကိုယ်တော်သိပြီ။"


သူအခု အဆိပ်စခပ်ခံရတော့မှာလား..

စုယွီက အနက်ရောင်ဆေးရည်ကိုဆက်သလာ၏။


လီချင်းယွင် တုံ့ဆိုင်းစွာယူလိုက်မိသည်။

"ဒီဆေးက..."


စုယွီက နူးညံ့သောအသံနှင့်ဆိုသည်။

"အရှင်မင်းကြီး ဒီဆေးကခန္ဓာကိုယ်ကိုသွေးလည်ပတ်စေတဲ့ဆေးကောင်းလေ..."


လီချင်းယွင်အနည်းငယ်တုံ့ဆိုင်းသွားရသည်။


သူကူးလီမှာ လီချင်းယွင်၏ ခြေဖနောင့်ကိုသူ့လက်ချောင်းထိပ်နှင့်ကုတ်ခြစ်ကာ နှင်းကိုက်ရာကြောင့်ဖြစ်သည့် နီရဲဖူးယောင်နေသည့်ဧရိယာကို အုပ်ကိုင်လိုက်တော့ လီချင်းယွီနာကျင်တကြီးမျက်မှောင်ကြုတ်သွားတာကိုမြင်လိုက်သည်။


သူကူးလီက စုယွီနှင့် စုယွီပြင်လာသည့်ဆေးကိုကြည့်ကာသူ့မျက်လုံးများ မသိမသာမည်းမှောင်သွားရသည်။


လုကုန်းကုန်းက သူတို့ကြားရှိ ရေအောက်စီးကြောင်းကိုလုံးဝသတိမမူမိပေ။


သူကအပြုံးတစ်ပွင့်ပန်ဆင်ကာ ပန်းကန်လုံးကိုကောက်ကိုင်ပြီး ဇွန်းနှင့်အကြိမ်အနည်းငယ်မွှေလိုက်သေးသည်။

"အရှင်မင်းကြီး နေကောင်းလာအောင်ဆေးမှန်မှန်သောက်ရမယ်နော်"


လုကုန်းကုန်းက သကြားလုံးထုတ်ကာတရိုတသေဆက်သပြီးပြာတီးပြာယာဆိုလာသည်။

"ဆေးကခါးပေမဲ့ သကြားလုံးစားပြီးရင်မခါးတော့ပါဘူး။"


လီချင်းယွင်မှာ လုကုန်းကုန်းကိုကြည့်ပြီးသက်ပြင်းချလိုက်မိသည်။ သူပန်းကန်လုံးကိုယူကာနှာခေါင်းပိတ်ပြီးဆေးခါးကိုသောက်လိုက်ပြီးမှ အသီးစားကာ သူ့ပါးစပ်ထဲကအခါးဓာတ်ကိုရှင်းထုတ်လိုက်သည်။ သူမူမမှန်တာ တစ်ခုခုပြမိရင် ရန်သူကိုသတိချပ်သွားစေလိမ့်မည်။ ဒီဆေးကတကယ်အဆိပ်ရှိတယ်ဆိုရင်တောင် သူသောက်မှဖြစ်မယ်။


လီချင်းယွင်မှာ ငယ်ငယ်ထဲကဆေးသောက်ရတာမကြိုက်။ ၎င်းကခါးသည်ဟုသူထင်မိသည်၊ သို့သော်ဆေးကောင်းကခါးပေမဲ့ရောဂါအတွက်ကောင်းလေသည်။ အတိတ်မှာသူ့မယ်တော်ကဆေးကို သူ့ပါးစပ်ထဲဒီတိုင်းလောင်းချပြီးမှရက်စက်စွာဆိုလာတတ်သည်။

"အားယွင် ဆေးလိမ်လိမ်မာမာမသောက်ဘူးဆိုရင် လူဆိုးတွေက မင်းကိုလာသတ်လိမ့်မယ်နော်!" 

လီချင်းယွင်က သနားစဖွယ်ငိုယိုမိတော့ သူ့မယ်တော်ကသကြားလုံးကိုင်ကာ သူ့ကိုချော့လာတတ်သည်။

"တော်လိုက်တဲ့အားယွင်၊ တော်လိုက်တဲ့အားယွင်၊ မယ်တော့်စကားနားထောင်နော်၊ လိမ်လိမ်မာမာနေ၊ မငိုနဲ့တော့၊ သကြားလုံးစားလိုက်ရင်မခါးတော့ဘူးနော်။"


နောက်တော့ သူ့မယ်တော်ကို မှူးမတ်နှင့်အရာရှိများက"ဧကရာဇ်ရဲ့ဘေးက မိစ္ဆာကိုယ်လုပ်တော်ကိုခေါင်းဖြတ်သတ်"ဟုအမည်ခံကာ သူမကိုသေဒဏ်ချမှတ်ဖို့သူ့ခမည်းတော်ကို တွန်းအားပေးခဲ့သည်။ထိုအချိန်မှစ၍ ဘယ်သူကမှသူ့ကိုနူးညံ့စွာနှစ်သိမ့်မပေးတော့။


သူ့ကိုဆေးသောက်ပြီး သကြားလုံးစားဖို့ချော့လာသူမှာ လုကုန်းကုန်းဖြစ်လာသည်။


လီချင်းယွီဆေးသောက်တာကိုကြည့်ရင်း မျက်ဝန်းထဲမှာမျက်ရည်တစ်စမြင်လိုက်ရတော့ သူကူးလီ၏မျက်ဝန်းများမသိမသာမည်းမှောင်သွားသည်။


သူ လက်သုတ်ကာ သူ့ကိုစောင်ခြုံပေးလိုက်ပြီး ကျောက်စိမ်းပုလင်းကိုသိမ်းကာ တစ်မီတာအကွာသို့ဆုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးဆိုလိုက်၏။

"အရှင်မင်းကြီးဆေးအသင့်ဖြစ်ပါပြီ"


လီချင်းယွင်မှာ သူကူးလီကို ကျဥ်းမြောင်းကာ ရှည်လျားသောဖီးနစ်မျက်ဝန်းတစ်စုံနှင့်စိုက်ကြည့်လိုက်ပြီးမှ အကြည့်ပြန်ရုတ်လိုက်သည်။

"သူကူးလီ၊ ကိုယ်တော့်စကားတစ်ခွန်းကအမိန့်ပဲ၊ ကိုယ်တော်မင်းကိုဘာမှထပ်လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့မင်းယောက်ဟွားနန်းဆောင်မှာကောင်းကောင်းပြုမူရမယ်။ မင်းနောက်တစ်ခါလုပ်ကြံမှုကျူးလွန်မယ်ဆို ကိုယ်တော်မင်းကိုသတ်ပစ်မယ်။"


သူကူးလီကခပ်ဖွဖွဆိုလာသည်။

"ဟုတ်ကဲ့"


လီချင်းယွင်လိုမျိုး ရက်စက်ပြီး လူမဆန်တဲ့အာဏာရှင်ပါးစပ်ကနေ ဒီလိုစကားလုံးတွေ ဘယ်လိုလုပ်ထွက်လာတာလဲ...


သူ ဖြည်းဖြည်းချင်းပြန်ဆုတ်သွားလိုက်ပြီး စုယွီဘေးကဖြတ်လာတော့ သူခေါင်းလှည့်ကာ သူ့ကိုအေးစက်စက်စိုက်ကြည့်လိုက်သည်။


စုယွီက နူးညံ့ကာစိတ်ပူသောအကြည့်နှင့် တုံ့ပြန်လာပြီး နှုတ်အမူအယာနှင့်ဆိုလေသည်။

 "အားလီ..."


သူကူးလီက အေးစက်စွာ အကြည့်ပြန်ရုတ်ပြီး ထွက်သွားသည်။


စုယွီမှာ ရင်ထဲကဆူးကိုဖိနှိပ်လိုက်သည်။ သူ လီချင်းယွင်၏သွေးခုန်နှုန်းကိုသွားစမ်းပြီး နူးညံ့သိမ်မွေ့သောမျက်ခုံးနှင့်ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်နှင့်

"မစိုးရိမ်ပါနဲ့အရှင်မင်းကြီး။ အခုအရှင်မင်းကြီးသက်သာလာပြီဆိုတော့ မကြာခင်ပြန်ကောင်းလာနိုင်မယ်ဆိုတာကျွန်တော်မျိုးယုံကြည်တယ်။"


"ကောင်းတယ်။" 

လီချင်းယွင်က သူ့ကို လူသတ်လိုသောမျက်ဝန်းနှင့်ငုံ့ကြည့်လိုက်သည်။ သူ အဓိကဇာတ်ဆောင်ကိုထိလို့မရဘူးဆိုတော့ဘာလို့ဒီတတိယ‌မြောက်ကုန်းကိုမထိရမှာလဲ... သူ့လေသံမှာ‌အေးစက်လျက်။

"သမားတော်စု၊ မောင်မင်းအမြဲသစ္စာရှိဖို့ကိုယ်တော်မျှော်လင့်တယ်။"


စုယွီက မော့မကြည့်ဘဲ ဒူးထောက်ကာကန်တော့လာပြီး သူ့အသံမှာရိုသေလေးစားလျက်။

"ကျွန်တော်မျိုးအရှင်မင်းကြီးအပေါ်အမြဲသစ္စာရှိနေမှာပါ။"


လီချင်းယွင်က ဒေါသနှင့်ပျော်ရွှင်မှုလိုမျိုး ခံစားချက်မရှိဘဲ စုယွီကို ကြည့်လိုက်သည်။

 "ထတော့"


"ဟုတ်ကဲ့ပါဘုရား "

စုယွီက မျက်ဝန်းထဲမှာအမျက်ဒေါသ၊စက်ဆုပ်ရွံရှာမှုနှင့်အတူ ခေါင်းငုံ့ထားသည်။


သူကူးလီက ဘုရင်မင်းမြတ်ကို ရေထဲတွန်းချခဲ့ပေမဲ့အပြစ်ပေးမခံရတဲ့အပြင် ယောက်ဟွားနန်းဆောင်မှာနေခွင့်ရသေးသည်။ ဘုရင်မင်းမြတ်က သူကူးလီကိုပြုစုဖို့နန်းတွင်းသမားတော်ပင် ပို့ခဲ့သေးသည်။


ဒီကိစ္စကယုံးတိုင်းပြည်အရှေ့တရားရုံးနှင့် မောင်းမဆောင်ဆီသို့ ပျံ့နှံ့သွားသည်။

ရုတ်ခြည်းပင် နန်းတော်ထဲက လေတိုက်ရာအရပ်မှာပြောင်းလဲသွား၏။


နန်းတွင်းနှင့်တရားရုံး အကုန်လုံးက သူကူးလီဟာ အနာဂတ်မှာမျက်နှာသာပေးကာ အလိုလိုက်ခံရမည်ဟု ယုံကြည်ကြတာမို့ သူတို့က သူ့ကိုရှောင်တာမျိုးမလုပ်တော့ဘဲ ယောက်ဟွားနန်းဆောင်ကိုသွားကာ လက်ဆောင်ပဏ္ဍာများပေးကမ်းခဲ့ပေမဲ့ သူကူးလီကအကုန်ငြင်းပစ်လိုက်သည်။


လုကုန်းကုန်းကပြန်လာပြီးတင်ပြ၏။

"အရှင်မင်းကြီး၊ ဒီနေ့သခင်လေး သူကူးလီက ချန်ရှီးနန်းတော်ထဲမှာ ဓားစာခံကျိုးနဲ့တွေ့ဆုံခဲ့ပါတယ်။"


"အင်း။" လီချင်းယွင်ခေါင်းငြိမ့်ပြလိုက်သည်။


"သခင်လေး သူကူးလီက ဒီရက်ပိုင်းကောင်းကောင်းပြုမူနေထိုင်နေပါတယ်။ သူအရှင်မင်းကြီးကို ထပ်ပြီးထိပ်တိုက်ရင်ဆိုင်မယ်မထင်ဘူး။"

လုကုန်းကုန်းက နန်းတွင်းအစေခံများကို အဝတ်အစားများယူလာဖို့အမိန့်ပေးလိုက်သည်။


လုကုန်းကုန်းက လီချင်းယွင်အတွက် ရွှေချည်မျှင်နှင့်ခြေသည်းငါးခုရှိရွှေရောင်နဂါးပုံဖော်ထားသည့် အနီရင့်ရောင်ဝတ်ရုံရွေးပေးလာပြီး သူကလီချင်းယွင်၏ ဝတ်ရုံကိုကူဝတ်ပေးလာသည်။ ၎င်းကဘုရင်မင်းမြတ်၏ အရပ်ရှည်ကာကျက်သရေရှိသောပုံရိပ်နှင့် ဖြူဖွေးသောအသားအရည်ကိုပေါ်လွင်သွားစေသည်။


လုကုန်းကုန်းက ဘုရင်မင်းမြတ်ကိုစိတ်ကျေနပ်စွာကြည့်ကာအပြုံးတစ်ပွင့်နှင့်ဆိုလေသည်။

"အရှင်မင်းကြီးက ပိုပိုပြီးချောလာတော့တာပဲ"


လီချင်းယွင်၏ အသားအရည်မှာ တဖြည်းဖြည်းချင်းအနည်းငယ်နှင်းဆီရောင်သန်းလာသည်။

ဒီရက်ပိုင်း သူတရားရုံးကို မတက်ဘဲ နေမကောင်းတာကိုကုသကာ သူ့ဒဏ်ရာကိုပြန်ကုနေခဲ့၏။


ဆောင်းရာသီမှာ ရေထဲပြုတ်ကျသွားတာက သူ့ကိုနောက်ဆက်တွဲရောဂါများဝင်လာစေပြီး အခုဆိုလီချင်းယွင်က နည်းနည်းအေးတာလာနှင့်ဖျားလာတော့သည်။ အေးစိမ့်သော ဆောင်းရာသီမြန်မြန်ပြီးပါစေဟု သူစိတ်သောကရောက်စွာမျှော်လင့်မိသည်။


"သူကူးလီ စုယွီနဲ့သီးသန့်တွေ့သေးလား"

လီချင်းယွင်မေးလိုက်သည်။


"ဒီ....သမားတော်စုက သခင်လေးသူကူးလီရဲ့သွေးခုန်နှုန်းကိုစမ်းဖို့ ဒီညယောက်ဟွားနန်းဆောင်ကိုသွားပါလိမ့်မယ်။"

လုကုန်းကုန်းက သတိရှိရှိမေးလာသည်။

"ကျွန်တော်မျိုးတို့တွေ သခင်လေးသူကူးလီရဲ့သွေးခုန်နှုန်းကိုစမ်းဖို့ တစ်ယောက်ယောက်ကိုအစားထိုးလိုက်ဖို့လိုအပ်ပါသလား"


"မလိုဘူး။"

 ထိုလူနှစ်ယောက်ဘာစီစဥ်နေလဲဆိုတာ လီချင်းယွင်ခန့်မှန်းကြည့်နိုင်သည်။ သူလူနှစ်ယောက်ဆုံတာကိုတားမှာမဟုတ်။ ဆန့်ကျင်ဘက်အနေနှင့် သူတို့အရောင်အစစ်ကိုထုတ်ပြလာတာနှင့် သူတို့ကိုတရားဥပဒေနှင့်အညီပြစ်ဒဏ်ပေးလို့ရပြီ။


"သမားတော်စုကနူးညံ့သိမ်မွေ့တဲ့လူတစ်ယောက်ပဲ။ အရှင်မင်းကြီးသူ့ကိုသဘောကျရင်..."

လုကုန်းကုန်းကတခစ်ခစ်ရယ်လေသည်။


လီချင်းယွင်၏ မျက်နှာမည်းတူးသွားရသည်။

"ကိုယ်တော်သူ့ကိုသဘောမကျဘူး! ကိုယ်တော့်ဆီယောက်ျားတွေကို တွန်းပို့ဖို့နည်းလမ်းရှာနေတာရပ်လိုက်တော့!"


"အရှင်မင်းကြီး အထီးကျန်မှာစိုးလို့ပဲ မဟုတ်ဘူးလား။"

လုကုန်းကုန်းကဆိုပြီး ကြာပန်းပမာသူ့လက်ချောင်းများကိုဖျစ်ညှစ်လာသည်။

"အခုအရှင်မင်းကြီးက၂၄နှစ်ရှိပြီလေ၊ အရှင်မင်းကြီးကိုဂရုစိုက်ပေးပြီး အရှင်မင်းကြီးရဲ့အိပ်ရာကိုနွေးအောင်လုပ်ပေမဲ့လူတစ်ယောက်တောင်မရှိဘူး။ လွန်ခဲ့တဲ့နှစ်နည်းနည်းက ပို့လာတဲ့ဓားစာခံကကြည့်ကောင်းတယ်လို့ အရှင်မင်းကြီးကထင်ခဲ့ပေမဲ့လည်း အရှင်မင်းကြီး သူ့ကိုတကယ်မျက်နှာသာမပေးဘူးလေ။ အရှင်မင်းကြီး၊ သူကူးလီကအရှင်မင်းကြီးရဲ့တစ်ခုထဲသောရွေးချယ်မှုမဟုတ်ပါဘူး။"


"ဘယ်သူမှ သူကူးလီကိုမယှဥ်နိုင်ဘူး။"

လီချင်းယွင် ရိုးသားစွာဆိုလိုက်မိသည်။

သူကူးလီကို သူထိလို့မရတာစိတ်မကောင်းစရာပဲ။


လုကုန်းကုန်းကစိတ်ပူသွားပုံပင်။

"အရှင်မင်းကြီး သူကူးလီကြောင့် ဒီထောင်ချောက်ထဲဘယ်လိုကျသွားတာလဲ။"


"မနက်ဖြန်တရားရုံးကိုလာမယ်လို့ အားလုံးကိုအသိပေးလိုက်။" 

လီချင်းယွင်က သူ့ဝတ်ရုံကိုခါလိုက်သည်။


"ဟုတ်ကဲ့။" လုကုန်းကုန်းကပြာယာခတ်စွာပြုံးလိုက်သည်။


ယောက်ဟွားနန်းဆောင်မှာ မောင်းမဆောင်ထဲရှိ အနှစ်သက်ခံရဆုံးကိုယ်လုပ်တော်များ နေထိုင်ရာအမြဲဖြစ်ခဲ့သည်။ ၎င်းမှာလှပစွာတန်ဆာဆင်ထားပြီး ဧကရီ၏အိပ်ခန်း ခွင်းသဲ့နန်းဆောင်ပြီးရင် အခမ်းနားဆုံးနန်းဆောင်ဟုပြောလို့ရသည်။


ဒီမှာ နေရတာက မျက်နှာသာပေးခံရတဲ့ သင်္ကေတဖြစ်သည်။


စုယွီက သူကူးလီ၏သွေးခုန်နှုန်းကိုလာစမ်းဖို့အမိန့်ပေးခံရသည်။


"နိမ့်ကျတဲ့အစေခံက သခင်လေးသူကူးကိုနှုတ်ခွန်းဆက်ပါတယ်။"

စုယွီ၏ အကြည့်ကဖြည်းဖြည်းချင်း အပေါ်တက်လာ၏။ 


သူကူးလီက သူ့ကိုကျောပေးထားကာ လဖြူရောင်ဝတ်ရုံကိုဝတ်ထားသည်။ သူ့ဝတ်ရုံမှာ နှင်းတမျှဖြူစွတ်ပြီး သူ၏အနက်ရောင်ဆံနွယ်များက ရေတံခွန်ပမာ သူ၏သွယ်လျလျကျောပြင်တွင် ကျနေပုံမှာ မှင်သက်ဖွယ်ကောင်းလှသည်။


သူကူးလီက ဖြည်းဖြည်းချင်း လှည့်ကြည့်လာပြီး သူ့မျက်နှာမှာနတ်ဘုရားပမာချောမောလှပလွန်း၏။ သူ၏အနက်ရောင်မျက်ဆံမှာ ရေခဲနှင့်နှင်းပမာလှပပြီး သူ့မျက်ခုံးနှစ်ဖက်ကြားရှိမှဲ့နီလေးက သူ့ကိုပို၍ပင်ညှို့အားပြင်းသွားစေကာ သူကအပြစ်အနာအဆာမဲ့သော နှင်းဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။


စုယွီ၏မျက်ဝန်းမှာ အံံ့သြမှင်သက်မှုများ နှင့်ပြည့်နှက်သွားသည်။

 "အားလီ။"

စုယွီက သူကူးလီကိုစိတ်ပူမှုနှင့် ချစ်မြတ်နိုးမှုများ ပြည့်နေသောမျက်ဝန်းတစ်စုံနှင့်ကြည့်လိုက်သည်။

"ဒီရက်ပိုင်း အဲ့အာဏာရှင်က မင်းကိုတွန်းအားထပ်ပေးသေးလား။"


သူကူးလီက မေးခွန်းကိုရှောင်ကာ နန်းတွင်းအစေခံများကိုခန်းမတံခါးပိတ်ဖို့အမိန့်ပေးလိုက်သည်။ သူစုယွီကိုကြည့်ကာတည့်တိုးပြောလိုက်သည်။

"မင်းသူ့ကိုအဆိပ်ခပ်ခဲ့တာလား။"


စုယွီကကြောင်အမ်းသွားပြီးမှ တခစ်ခစ်ရယ်မောကာဝန်ခံလာသည်။

"ဟုတ်တယ်။ ကိုယ်ဆေးထဲမှာအရောင်အနံ့အရသာမရှိတဲ့အဆိပ်ခပ်ခဲ့တယ်။ အဲ့ဒါကရှာတွေ့ဖို့ခက်တဲ့အဆိပ်ပါ၊ ကိုယ်ကိုယ်တိုင်လုပ်ခဲ့တား။ အားလီပျော်ရဲ့လား။"


"အဲ့ဒါကိုရှာတွေ့သွားရင်ကော?"

သူကူးလီကနူးညံ့စွာမေးသည်။


"မတွေ့ပါဘူး။" 

စုယွီမှာအလွန်ယုံကြည်ချက်ရှိသည်။

 "အားလီ ကိုယ့်ရဲ့သမားတော်ဆိုတဲ့ ဂုဏ်ကအလကားမဟုတ်ဘူး။ ကိုယ်ရင်းနှီးတဲ့အဆိပ်တွေက ပိုပြီးတော့တောင်ထူးဆန်းသေးတယ်။ တော်ဝင်ဆေးဆောင်ထဲက သမားတော်တစ်ယောက်မှရှာတွေ့မှာမဟုတ်ဘူး။"


သူကူးလီ၏ နှုတ်ခမ်းက အသာကော့သွားသည်။

"သမားတော်စု၊ သူက ခင်ဗျားရဲ့ချဥ်းကပ်မှုကိုလက်ခံခဲ့တာကို ဘာလို့ဒီလိုလုပ်ရတာလဲ။"


မင်းအတွက်ပေါ့!


စုယွီမှာ အော်ပြောလုနီးပါးဖြစ်သွားပေမဲ့ မပြောရဲတာမို့ဖြောင့်မတ်စွာပြောရုံသာတတ်နိုင်သည်။


"သူကယုံးဧကရာဇ်ဖြစ်ဖို့မတန်ဘူး။ သူအာဏာရလာတဲ့နှစ်တွေအတွင်းမှာ လူတွေက သူတို့ဇနီးနဲ့ကလေးတွေဆီက အခွဲခံရပြီးတော့ သူတို့အသက်အိုးအိမ်တွေမတည်မငြိမ်ဖြစ်လာခဲ့ရပေမဲ့ သူကယောကျ်ားတွေကိုအတင်းရယူပြီးတော့ သူ့မှူးမတ်တွေကိုစိတ်ရှိသလိုသတ်ပစ်နေတာ။ ဒီလိုရက်စက်ပြီးညံ့ဖျင်းတဲ့လူမျိုးက အဲ့ရာထူးမှာဆက်မထိုင်သင့်ဘူး။"


"ခင်ဗျားပြောတာမှန်တယ်"

သူကူးလီ၏မျက်ဝန်းမှာနှင်းတမျှအေးစက်လျက်။ သူကစုယွီကိုလေးစားသွားသည်။

"ကျွန်တော့်မှာအစီအစဥ်ရှိတယ်၊ လီချင်းယွင်ရဲ့တိုင်းပြည်နဲ့မိသားစုကိုဖျက်ဆီးပြီး သူ့ကိုဆိုးဆိုးဝါးဝါးသေသွားစေမဲ့အစီအစဥ်။ စုယွီ၊ ခင်ဗျားကျွန်တော့်အတွက်အလုပ်လုပ်ပေးချင်လား။"


စုယွီက စိတ်လှုပ်ရှားလာပြီး သူ၏ပုံမှန်နူးညံ့သိမ်မွေ့သောမျက်ဝန်းမှာဒီအခိုက်အတန့်တွင် နည်းနည်းရူးသွပ်လျက်။

"လုပ်မယ်!" 

မင်းအတွက်ဆို ကိုယ်ဘာမဆိုလုပ်ပေးမယ်...


သူကူးလီက စုယွီမျက်ဝန်းထဲရှိရူးသွပ်မှုနှင့်စွဲလမ်းမှုကိုမမြင်နိုင်တာမို့ စုယွီကလည်း လီချင်းယွင်၏လူမဆန်မှု၊ အာဏာရှင်ဆန်မှုနှင့် ညံ့ဖျင်းမှုကိုမုန်းတီးသည်ဟုသာ သူတွေးလိုက်မိသည်။


"ဟုတ်ပြီသမားတော်စု၊ အဲ့ဆေးကိုဖော်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။"

သူကူးလီဖြည်းဖြည်းပြောလိုက်သည်။


သူ သိုင်းလောကထဲမှာ စုယွီ၏ဂုဏ်သတင်းနှင့်ကောလဟာလများကိုကြားဖူးတာမို့ ဒီလူအကြောင်းနည်းနည်းသိထားသည်။ သူစုယွီကိုအလွန်ယုံကြည်သည်။


"ရပါတယ်။" 

စုယွီက ဘာမှမဆိုဘဲ ဆေးထုပ်ကို အလျင်စလိုကမ်းပေးလာပြီး ဘေးဘီဝေ့ဝဲကြည့်မိတော့ အနားမှာဘယ်သူမှမရှိမှန်းမြင်လိုက်ရတာမို့ တီးတိုးဆိုလေသည်။

"ကိုယ်ဒီအဆိပ်ကိုအများကြီးဖော်ထားတာ အဲ့အာဏာရှင်ရဲ့နေ့စဥ်အစားအသောက်ထဲမှာရောလိုက်... နှစ်နှစ်သုံးနှစ်အတွင်းမှာလီချင်းယွင်ရဲ့ခန္ဓာကိုယ်ကအားနည်းပြီးနာမကျန်းဖြစ်လာပြီးတော့ ဘာဆေးနဲ့မှကုသလို့ရမှာမဟုတ်ဘူး"


သူကူးလီဆေးထုပ်ကိုယူကာပြောလိုက်သည်။

"ဒီကိစ္စကို လီချင်းယွင်နဲ့ သူ့ဘက်တော်သားတွေသိလို့မရဘူး။"


"သေချာတာပေါ့" စုယွီကခေါင်းငြိမ့်သည်။

"ငါးရက်တိုင်း သူ့ကို ညဘက်ဆေးတိုက်ဖို့အခွင့်အရေးရှာဖို့မမေ့နဲ့၊ ဘယ်သူမှမသိစေနဲ့နော်။"


သူကူးလီက ထေ့ငေါ့ဟန် နှုတ်ခမ်းကွေးလိုက်သည်။

"ကျွန်တော်လီချင်းယွင်ကို သဘောကျချင်ယောင်ဆောင်ပြီး သူ့ကိုကောင်းကောင်းဆက်ဆံပေးလိုက်မယ်ဆို သူကျွန်တော့်ကို သတိထားတော့မှာမဟုတ်တဲ့အပြင် ဘာကိုမှသတိထားမိမှာမဟုတ်ဘူး။"


စုယွီ၏ မျက်နှာရုတ်ခြည်းပြောင်းလဲသွားကာ သူ့မျက်လုံးများမှာလည်း နီရဲသွားပြီး အလွန်အမင်းသဝန်တိုလာသည်။

"သူ့ကို မင်းကိုတကယ်ထိခွင့်မပေးနဲ့နော်?"


သူကူးလီ ထုံးစံအတိုင်းခွင့်ပြုမှာမဟုတ်။


ပထမဆုံးအချက်၊ သူကယောကျ်ားတွေကိုစိတ်မဝင်စား။ ဒုတိယတစ်ချက်၊ သူ့မှာအဲ့လိုကိစ္စမျိုးနှင့်ပတ်သတ်ပြီးကလေးဘဝစိတ်ဒဏ်ရာရှိသည်။ အခန်းထဲမှာလူနှစ်ယောက်အဲ့လိုလုပ်တာကရွံဖို့ကောင်းသည်ဟုသူထင်မိသည်။


အထူးသဖြင့် အမျိုးသားအောက်မှာ လှဲကာကစားစရာလိုမျိုးကစားခံနေရချိန်မှာဖြစ်သည်။ ထိုသူမှာဂုဏ်သိက္ခာလုံးမရှိတော့ဘဲအလွန်အမင်းနိမ့်ကျသွားသည်။ အဲ့ဒါကိုတွေးမိသည်နှင့်သူ့ကိုနေမကောင်းဖြစ်ကာ အန်ချင်လာစေသည်။


စုယွီက ဒီဝမ်းနည်းစရာကိစ္စကို မပြောချင်တော့တာမို့သူကူးလီကိုကြည့်ကာနူးညံ့စွာဆိုလေသည်။

"အားလီ ဘယ်တော့မှ မင်းနဲ့ကိုယ် ဒီဗရမ်းဗတာလောကကြီးထဲကထွက်ပြီး လူမရှိတဲ့နေရာမှာသီးခြားနေမှာလဲ..."

သူ့ဘဝတစ်လျှောက်လုံး သူကူးလီနှင့်အတူရှိချင်မိသည်။


သူကူးလီက စုယွီကိုအေးစက်စက်ကြည့်လာသည်။

"သမားတော်စု၊ အဲ့လိုစကားတွေပြောပြီးကျွန်တော့်ကိုအထင်လွဲအောင်မလုပ်ပါနဲ့။ ကျွန်တော်ယောကျ်ားတွေကိုမကြိုက်ဘူး။ ခင်ဗျားမှာကျွန်တော်နဲ့ပတ်သတ်ပြီးအခြားအတွေးတွေရှိနေတာကို ကျွန်တော်ရှာတွေ့ရင် ကျွန်တော်ခင်ဗျားနဲ့ပူးပေါင်းမှုကိုအဆုံးသတ်ပစ်မယ်။"


စုယွီကခါးသက်သက်ပြုံးကာဆိုသည်။

"မဟုတ်ပါဘူးအားလီ၊ ကိုယ့်မှာမင်းအပေါ် နီးကပ်တဲ့

မိတ်ဆွေစိတ်ပဲရှိတာပါ။"


စုယွီ ယောက်ဟွားနန်းဆောင်က ထွက်လာပြီးအနောက်လှည့်ကာယောက်ဟွားနန်းဆောင်၏ အဓိကခန်းမ တံခါးဝကိုကြည့်လိုက်ပြီးသူ့မျက်ဝန်းမှာဖိနှိပ်လိုမှုနဲ့ နူးညံ့သိမ်မွေ့မှုတို့ ကိန်းအောင်းလျက်။


လီချင်းယွင် မင်းက ဘယ်လိုလုပ်ပြီးသူကူးလီကိုလက်ဝါးကြီးအုပ်ဖို့ထိုက်တန်မှာလဲ?!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment