အခန်း (၁၀) လီချင်းယွင်က ဘယ်လိုလုပ်ပြီး အလှမျိုးနွယ်ကဖြစ်နိုင်မှာလဲ
သူကူးလီ နေထိုင်မကောင်းဘူး ကြားတော့ စုယွီက သူပြင်နေသည့် ဆေးကို အလျင်စလို အောက်ချကာ သူ့ဆေးအိတ်ကို ယူပြီး ယောက်ဟွားနန်းဆောင်ဆီ အပြေးအလွှား ရောက်လာသည်။ ယောက်ဟွားနန်းဆောင်ကို ရောက်တော့ စုယွီက သူကူးလီ၏သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။
သူကူးလီက ခန်းမထဲရှိ အစေခံအကုန်လုံးကို အဝေးပို့လိုက်ပြီး သူ့ကိုခစားဖို့ ချန်မော့တစ်ယောက်သာချန်လိုက်သည်။
"အားလီ... အဲ့အာဏာရှင်က မင်းကိုထပ်ခြိမ်းခြောက်နေတာလား”
စုယွီက စိုးရိမ်စွာ ခပ်တိုးတိုးဆိုလေသည်။
"ခင်ဗျားက ဘာလို့ စကားကို သူ့လိုမျိုး ပြောနေတာလဲ”
သူကူးလီက မပျော်မရွှင် မျက်မှောင်ကြုတ်လာသည်။
စုယွီက နင်သွားကာ သတိရှိရှိဆိုလေသည်။
"မင်း မပျော်မရွှင်ဖြစ်နေတာလား”
"မဟုတ်ပါဘူး”
"ကိုယ်က ဒီတိုင်း အားလီကို စိုးရိမ်ရုံပဲ အခြားအဓိပ္ပါယ်မှမရှိပါဘူး”
စုယွီက သူကူးလီကို သူ့မျက်ဝန်းထဲမှ ဖုံးကွယ်ထားသည့်နက်ရှိုင်းသောအချစ်နှင့်အတူ နူးညံ့စွာကြည့်လိုက်သည်။ သူဘာလို့မှန်းမသိ သူကူးလီကိုမြင်မြင်ချင်း ချစ်မိသွားပြီး ဒီလူအတွက် ရူးမိုက်စွာ ပြတ်သားသွားသည်။
ဒါက မြင်မြင်ချင်းအချစ် ဖြစ်နိုင်တယ် ...မသိရင် အကုန်လုံးက စီစဥ်ထားတဲ့ အတိုင်းပဲ...
သူက သူကူးလီနှင့် တွေ့ဆုံဖို့ မွေးဖွားလာခဲ့တာ...
"သမားတော်စု သူ့ကို အဲ့ဆေးဆက်ပေးခဲ့လား”
သူကူးလီက တည်ငြိမ်စွာဆိုလာသည်။
စုယွီက သူ့အမေးကြောင့် ပြန်သတိဝင်လာပြီးနောက် သူ့မျက်လုံးများက စိုးရိမ်တကြီးဖြစ်လာသည်။
"သူ့ရဲ့ ကိုယ်ခံအားက အားနည်းလာပြီ... ဒီလောက်များတဲ့ ဆေးပမာဏကို တောင့်မခံနိုင်တော့ဘူး..ရပ်တန့်မှဖြစ်.."
"ရပ်တန့်ရမယ် ဟုတ်လား.."
သူကူးလီက ခေါင်းကိုလှည့်ပြီး စုယွီကို ရေခဲလို မျက်လုံးတွေနဲ့ အေးစက်စက် စိုက်ကြည့်လိုက်သည်။
"စုထိုက်ရီရဲ့ နှလုံးသားက နူးညံ့နေတာလား..."
"မဟုတ်ပါဘူး...ကိုယ်တို့ ဖြည်းဖြည်းချင်း လုပ်လို့ရတယ်လို့ ထင်လို့ပါ...သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းမြန်မြန် ထိခိုက်လာရင် လူတွေရဲ့ သံသယကို လက်ခံထားရသလို ဖြစ်စေလိမ့်မယ်..လုဟွာရဲ့ မျက်လုံးတွေက နေရာတိုင်းမှာ လှည့်ပတ်နေတာ..လုကုန်းကုန်းသာသိသွားရင် သူက ကိုယ်တို့ကို တိတ်တဆိတ် လုပ်ကြံလိမ့်မယ်..."
စုယွီကခဏရပ်ပြီးမှ "လုဟွာ...လုဟွာ..." လို့ထပ်ပြောလိုက်သည်။
" သူက သွမ့်ကွေ့ဖေးရဲ့ နောက်ကို လိုက်ခဲ့တဲ့သူပဲ.. နန်းတော်ထဲကို ဝင်ဖို့နဲ့ သွမ့်ကွေ့ဖေးရဲ့နောက်လိုက်ဖို့အတွက် ကုန်းကုန်းဖြစ်ဖို့တောင် ဆန္ဒရှိခဲ့တာ...သွမ့်ကွေ့ဖေးနဲ့ ဘုရင်လီချင်းယွင်အတွက် အခုအချိန်ထိ ရက်စက်ပြီး မသင့်တော်တဲ့ အရာတိုင်းကို လုပ်ဆောင်နေတုန်းပဲ"
"သွမ့်ကွေ့ဖေးအပေါ် လုဟွာရဲ့ သစ္စာရှိမှုက ထင်ရှားတယ်... တော်ဝင်ကိုယ်လုပ်တော်သွမ့်ရဲ့ တစ်ဦးတည်းသော သားကို ဆက်ဆံတာကလည်း အတူတူပဲ... တိုတိုပြောရရင် လီချင်းယွင်က အာဏာရှိတဲ့ လုကုန်းကုန်းကိုအားကိုးတယ်... နန်းတော်ထဲက တံခါးကြီး၊တံခါးငယ်အသွယ်သွယ်က အစောင့်တွေအပြင် နန်းတော်အပြင်မှာလည်း လုဟွာရဲ့ အင်အားတွေ ရှိတယ်.."
"ကျွန်တော်တို့ မြက်ထဲကမြွေကို ခြောက်လှန့်လိုက်လို့မဖြစ်ဘူး..."
သူကူးလီက လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး ဖြည်းဖြည်းချင်း ပြောလာ၏။
"တိုင်းပြည်မှာတုန်းက ယုံးပြည်ထောင်က ဒီအကြောင်းတွေကို ကြားဖူးတယ်...အဲဒီတုန်းက သွမ့်ကွေ့ဖေးက နိုင်ငံတော်နဲ့ လူတွေကို ဒုက္ခပေးတယ်ဆိုတဲ့ ကောလာဟလတွေက အရမ်းနာမည်ကြီးခဲ့တာ.."
"ဟုတ်တယ်... အလှတရားက အပြစ်ဒဏ်ပဲ..."
စုယွီက က သက်ပြင်းချလိုက်သည်။
သူကူးလီ၏မျက်ဝန်းတွေက အလွန်အမင်း အေးစက်လာ၏။ သူက လက်ထဲရှိ ကျောက်စိမ်းပုလင်းနှင့် ဆော့ကစားလျက် အလိုလို လှောင်ပြုံးပြုံးလိုက်မိသည်။
အလှတရားက အပြစ်ဒဏ်ပဲ...
လီချင်းယွီရဲ့ မယ်တော်က အလှတရားကြောင့် အများကြီး ခံစားခဲ့ရတာကို သူကဘာလို့ အဲ့အလှတရားကြောင့်ပဲ သူများတွေကို ထိခိုက်အောင်လုပ်နေတာလဲ...
"အားလီ ရွှယ်တိုင်းပြည်သားတွေ အကုန်လုံးကို လွှတ်ပေးလိုက်ပြီ... သူက မင်းအပေါ် တော်တော်လေး ကောင်းတာပဲ မင်း တကယ်ဆက်လုပ်ချင်..."
စုယွီမှာ စကားပြောဖို့ တုံ့ဆိုင်းသွားသည်။
"သမားတော်စု ခင်ဗျားက ဒီနေ့ တော်တော်လေးစိတ်နှလုံးသားနူးညံ့သွားတာပဲ”
သူကူးလီ၏မျက်ဝန်းမှာ အေးစက်လျက် သူကမျက်ခုံးကိုပင့်ကာဆိုလာသည်။
"ပြီးတော့ နှင်းတိုင်းပြည်သားတွေ ကိစ္စကကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး။"
စုယွီ မသိမသာ မိန်းမောသွားရသည်။
"ကျွန်တော် လီချင်းယွင် နှင်းတိုင်းပြည်ကိုဘယ်လိုလုပ်လုပ်အရေးမစိုက်ဘူး..သူ သူတို့အကုန်လုံးကို လွှတ်တာမလွှတ်တာ သတ်ပစ်တာမသတ်ပစ်တာ ကျွန်တော်နဲ့မဆိုင်ဘူး..”
သူကူးလီက မထူးခြားမခြားနား ဆိုလာသည်။
သူ၏ နှင်းတိုင်းပြည် ကိုယ်စား တောင်းဆိုပေးမှုမှာ လီချင်းယွင်၏စိတ်ထဲမှာရှိတဲ့ သူ့စကား၏အလေးချိန်ကို စမ်းသပ်ရုံသာ။
စုယွီက ဘာမှမမေးတော့ဘဲ သူကူးလီကို ကြည့်လိုက်ချိန်မှာ သူ့မျက်ဝန်းကနူးညံ့သွားပြန်သည်။
"ဆိုတော့ မင်း လီချင်းယွင်ကို သေစေချင်..."
"ဟုတ်တယ်”
သူကူးလီကခပ်ပေါ့ပေါ့ဆိုသည်။
စုယွီမှာ ဘယ်အရာကကသူ့ကိုညှို့ယူထားမှန်းမသိ... သူ့မျက်ဝန်းမှာ တဖြည်းဖြည်းချင်း ခိုင်မာလာသည်။
"အားလီ အဲ့ဒါက မင်းဆန္ဒဆိုရင် ကိုယ့်အသက်ကို စွန့်စားရာကျရင်တောင် ကိုယ်မင်းအတွက်လုပ်ပေးမယ်...”
"ကျေးဇူးပဲ စုယွီ”
ဒီကျေးဇူးတင်စကားကို ကြားတော့ စုယွီ ပြုံးမိသွားသည်။
"ကိုယ်မင်းကို ပျော်အောင် လုပ်ပေးနိုင်လို့ ဂုဏ်ယူမိပါတယ်...”
"ဆေးကိုဆက်သုံးမယ်...”
သူကူးလီကဆိုသည်။
"ခင်ဗျား ခဏ ရပ်ထားလို့ရတယ်.. ဒီအချိန်အတွင်းမှာကျွန်တော်သူ့ကို အဆိပ်ကျွေးမယ်၊ သူ ကျွန်တော့်ကို သတိထားမှာ မဟုတ်ဘူး.. မထင်မှတ်ထားတဲ့အရာ တစ်ခုခုဖြစ်လာရင်တောင် ကျွန်တော်တို့တွေ ဖြေရှင်းလို့ရနိုင်တယ်”
စုယွီက သဘောတူဟန် ခေါင်းငြိမ့်ပြလိုက်သည်။
"သမားတော်စုပြန်လို့ရပါပြီ...”
စုယွီ အသိပြန်ဝင်လာကာ ဆေးအိတ်ကို ထုပ်ပိုးပြီး နှုတ်ဆက်ဖို့ပြင်လိုက်သည်။သို့သော် သူ့ပုံစံကတစ်ခုခုပြောချင်နေဟန်ပင်...
"တစ်ခုခုရှိသေးလို့လား...”
သူကူးလီ၏မျက်ဝန်းမှာ နှင်းတမျှ အေးစက်လျက်ပင်ရှိနေဆဲ။
"အားလီ သူ....မင်းကိုမထိခဲ့ဘူးမလား”
စုယွီက သူ့ကို နူးညံ့စွာ ကြည့်လာသည်။
သူကူးလီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ကျွန်တော် ယောကျ်ားတွေကို သဘောမကျဘူးလို့ ပြောထားပြီးသား သူလာရှုပ်ရဲရင်..."
သူ့မျက်ဝန်းထဲမှာ သိသာသော လူသတ်လိုစိတ် ဖျတ်ခနဲပေါ်လာသည်။
စုယွီမှာ စိတ်သက်သာရာ ရသွားတော့၏။
ရုတ်တရက်ပင် စုယွီမှာ လီချင်းယွင်၏ ပုခုံးသားပေါ်က အနီမှတ်ကို သတိရသွားကာ ပြောလိုက်မိသည်။
"သူ့ပုခုံးပေါ်မှာ အနီမှတ်တစ်ခုရှိတယ်.. ဒီနေ့သေချာမြင်လိုက်လား.. မင်း အဲ့အမှတ်ကို မြင်ဖူးလား..”
သူကူးလီ၏မျက်ခုံးမှာ အေးစက်လျက်ပင်: "ဟင့်အင်း...”
"အင်း ဒီတိုင်း သာမန်မွေးရာပါအမှတ်ပဲနေမှာပါ...”
စုယွီမှာ သူအတွေးလွန်နေပြီဟု ခံစားလိုက်ရသည်။
သူပြန်သွားပြီး ရှေးဟောင်းစာအုပ်ကို ပြန်ဖတ်ကြည့်ရမယ်...
"အလှလေးမျိုးနွယ်"အကြောင်း မှတ်တမ်းတင်ထားသည့် ရှေးဟောင်းစာအုပ်ထဲတွင် ထိုအမှတ်ထက် ပိုရှင်းလင်းသိသာသော အမှတ်ပုံစံမျိုးရှိသည်။
အဲ့ဒါက သွေးနီရောင်ဖီးနစ်ပုံပင်...
ထိုအရာမှာ အလှမျိုးနွယ်စု၏ မွေးရာပါအမှတ်ဖြစ်ပြီး ကျူရှူးမှာမျိုးတုံးလုနီးပါး လူသားမျိုးနွယ်ဖြစ်သည်။သူတို့က ထိုအမှတ်ကို သူတို့ရဲ့ နောက်မျိုးဆက်ဆီအထိ လက်ဆင့်ကမ်းနိုင်ကြသည်။ အလှမျိုးနွယ်စုဝင်တိုင်းမှာတော့ ဒီမွေးရာပါအမှတ်မရှိပေ။
အလှမျိုးနွယ်စု၏ သူတော်စင်သားတော်၊သမီးတော်များသာ သူတို့သားသမီးများဆီ လက်ဆင့်ကမ်းပေးနိုင်သည်။
သို့သော်လည်း အလှမျိုးနွယ်စုမှာ ယခုအချိန်တွင် အလွန်ရှားပါးနေပြီး ကျူရှူးမှာ ကျန်ရစ်သည့် မျိုးနွယ်စုဝင်များမှာလည်း ဆိုးဝါးသောအဆုံးသတ်ကြုံတွေ့ခဲ့ရသည်။
အလှမျိုးနွယ်စု၏ လူသားမျိုးနွယ်ဟာ အပြစ်အနာကင်းမဲ့သော အလှတရားနှင့် မွေးဖွားလာသည်ဟု ကောလဟာလရှိသည်။ အမျိုးသားနှင့် အမျိုးသမီးနှစ်မျိုးလုံးမှာ ပြိုင်ဖက်ကင်း သွေးဆောင်ဖြားယောင်းတတ်ကာ ရမ္မက်ကြီးသည်။ သူတို့၏ သဘာဝအလျောက် နူးညံ့ပျော့ပြောင်းသောခန္ဓာကိုယ်ကြောင့် သူတို့နှင့် ကိုယ်လက်နှီးနှောတာက လူတို့ကို သာယာမှုရစေသည်။ အသက်ကို ရှည်စေနိုင်သည်ဆိုသော ဒဏ္ဍာရီလည်းရှိ၏။
ထို့ကြောင့် ဒီနေ့ကျန်ရစ်သော အလှလေးများမှာ "ရှားပါးသောရတနာများ"ဟုပြောလို့ရသည်။
သူတို့ဟာ ပြည့်တန်ဆာအိမ်ကို ရောင်းခံရင်အရောင်းခံရ၊ မဟုတ်ရင် အဆင့်မြင့်အရာရှိများကသူတို့၏ကိုယ်ပိုင်ကစားစရာအဖြစ် ပိုက်ဆံပုံပေးကာ အိမ်ခေါ်သွားကြသည်။ ခြုံပြောရရင် သူတို့ကိုမြင်လိုက်ရချိန်မှာ အမျိုးသားများ၏မျက်ဝန်းမှာ ရမ္မက်နှင့်တောက်လောင်သွားလိမ့်မည်။
ကျူရှူးရှိ အလှမျိုးနွယ်၏အဆင့်အတန်းမှာ အခုဆိုနိမ့်ကျနေလေပြီ။ ဒီမျိုးနွယ်စုပေါ်လာချိန်မှာ မရေရာမသဲကွဲသော စနောက်ကာ ညစ်ညမ်းစကားများပါ လိုက်ပါလာသည်။ ကျူရှုးမှအလှလေးများက ပျော်ရွှင်မှုအတွက်အရာဝတ္ထုများဖြစ်ပြီး မင်းသားနှင့်မျိုးရိုးမြင့်များ၏သာယာမှုဖြစ်သည်။
ပြီးတော့...လီချင်းယွင်ကရော
စုယွီမှာ သူရူးသွားတော့မလိုမျိုး ခံစားလိုက်ရသည်။
လီချင်းယွင်၏ အာဏာရှင်ဆန်သော နည်းလမ်းများ၊ ရက်စက်သောပင်ကိုယ်စရိုက်...နှင့်လူတွေဆီက အမျိုးသားများကို လုယူတတ်တဲ့ အကျင့်ကိုကြည့်ကြည့်ရင်....သူကဘယ်လိုလုပ်ပြီးတော့အလှမျိုးနွယ်နဲ့တူနေလို့လဲ...
စုယွီ ခေါင်းခါလိုက်မိသည်။
သူ့စိတ်ထဲ ရုတ်တရက်ဝင်လာတာက သူဒီနေ့အပ်စိုက်ကုပေးတုန်းက လီချင်းယွင်ရဲ့ အသားအရည်၏ နူးညံ့ပျော့ပြောင်းသော အထိအတွေ့၊ သူ့ကျောပြင်ပေါ်က ပြီးပြည့်စုံသော ပုခုံးသားနှင့် မရည်ရွယ်ဘဲပေါ်လာသည့် ခြေဖဝါးဖြူဖြူ၊ လုံးဝန်းဝန်းခြေချောင်းများနှင့်ရှေ့တိုးနောက်ဆုတ်လုပ်နေသည့် ခြေဖဝါးလေးများက သူ့ကို သူ့ခြေကျင်းဝတ်မှာ ခြူလုံးလေးများတပ်ပေးချင်စိတ် ဖြစ်စေသည်။
ဒီလိုမျိုးသာဆို လှုပ်လိုက်ချိန်မှာ နားထောင်ရ ပိုမကောင်းသွားဘူးလား...
"သမားတော်စု စိတ်ထွေပြားနေပြီ...”
သူကူးလီက ဆိုလာသည်။
သမားတော်စုမှာ ရုတ်ခြည်းအသိပြန်ဝင်လာကာ စိတ်ပျက်လက်ပျက်ပင် ဆိုလိုက်မိသည်။
"စိတ်မရှိပါနဲ့ အားလီ ကိုယ် တစ်ခုခုကြောင့်စိတ်ထွေပြားသွားတာ...”
သူကူးလီက မထူးခြားမခြားနားဆိုလာသည်။
"မွေးရာပါအမှတ်က အရေးကြီးတာမဟုတ်ရင် ဘာမှစိုးရိမ်မနေပါနဲ့...”
"ဟုတ်ပါပြီ”
စုယွီက သူ့ရင်ထဲရှိ ထူးဆန်းမှုကို ဖိနှိပ်ကာ လီချင်းယွင်က အလှလေးမျိုးနွယ်စုနှင့် ဘာမှမဆိုင်ပါဘူးဟု သူ့ကိုယ်သူပြောလိုက်မိသည်။
လီချင်းယွင်က ရက်စက်သော အာဏာရှင်ပင်။ သူဟာ ငယ်ငယ်ထဲက ရက်စက်ကြမ်းကြုတ်ပြီး သူ့ညီအစ်ကိုမောင်နှမများကို သတ်ပစ်ခဲ့သည်။ ဧကရာဇ်ဟောင်း၏သေဆုံးမှုပင် သူ့ကြောင့်ဖြစ်နိုင်သည်။
ဒီလို ရက်စက်တဲ့ ပင်ကိုယ်စရိုက်သဘောထားနှင့် အာဏာရှင်တစ်ယောက်ဟာ အလှမျိုးနွယ်စုဝင် လုံးဝမဖြစ်နိုင်။
လီချင်းယွင်ကို အလှမျိုးနွယ်စုများထဲက တစ်ယောက်လိုမျိုး သွေးဆောင်ဖြားယောင်းသောမျက်ဝန်းများ၊ မျက်ဝန်းထဲတွင်မျက်ရည်စများ၊ မသိမသာပင့်သက်ရှိုက်မှုတို့နှင့် အဆောင်နီထဲက ပြည့်တန်ဆာငယ်လေးလိုမျိုး စိတ်ကူးကြည့်လို့မရပေ...