အခန်း (၁၃) အလှမျိုးနွယ်၏ လျှို့ဝှက်ချက်
သူကူးလီက ဘီးတပ်ကုလားထိုင်ပေါ်ရှိ ရုပ်ရည်ကြည့်ကောင်းသော်လည်း မသန်စွမ်းသည့် အမျိုးသားအား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
ထိုသူ၏ အမည်ကား လီဟုန် ဖြစ်၏။ သူက ယုံးတိုင်းပြည်၏ တတိယမင်းသားဖြစ်ပြီး လီချင်းယွင်၏ တတိယမြောက် အစ်ကိုတော်လည်း ဖြစ်သည်။ ထီးနန်းအတွက် တိုက်ပွဲဝင်ကြစဉ်တွင် သူ၏ ခြေထောက်များ မသန်မစွမ်း ဖြစ်ခဲ့ရပြီး သူသည်လည်း “ဘုရင်သုံးပါး” ဟု ခေါ်တွင်သော သုံးဦးထဲမှ တစ်ဦး အပါအဝင် ဖြစ်သည်။
“ဘုရင်သုံးပါး” ဆိုသည်မှာ ယုံးတိုင်းပြည်၏ ထီးနန်းတိုက်ပွဲတွင် အသက်ရှင် ကျန်ရစ်ခဲ့သော မင်းသားသုံးပါးကို ဆိုလိုသည်။ တစ်ဦးမှာ စိတ်မကျန်းမာသူ၊ တစ်ဦးမှာ ထောင်ကျနေပြီး ဆက်ခံသူ မရှိသူ၊ နောက်တစ်ဦးမှာ ခြေထောက် မသန်စွမ်းသူ ဖြစ်သည်။
ဤ တတိယမင်းသားသည် ယဉ်ကျေးသိမ်မွေ့၍ စိတ်ထားကောင်းကာ အခြားသူများကိုလည်း ပေးကမ်းရက်ရောတတ်သည်ဟု ဆိုကြသည်။ သူ၏ ခြေထောက်များ ထိုသို့ ဖြစ်သွားရသည်မှာ ယုံးတိုင်းပြည်၏ ထီးနန်းသိမ်းပွဲတွင် လီချင်းယွင်၏ လူများ၏ လက်ချက်ကြောင့် ဖြစ်သည်ဟု ပြောလေ့ရှိကြ၏။
သူကူးလီက လီဟုန်ကို ကြည့်နေစဉ်မှာ လီဟုန်ကလည်း သူကူးလီကို ပြန်ကြည့်နေသည်။ လီဟုန်က နွေဦးလေပြေ တိုက်ခတ်နေသကဲ့သို့ နူးညံ့စွာ ပြုံးလိုက်ပြီး ပြောလာ၏။
“အားယွင်က အလှလေးတစ်ယောက် ရထားတယ်ဆိုတဲ့ ကောလာဟလတွေအတိုင်း တကယ်ကို အံ့မခန်းပါပဲလား”
သူက သူကူးလီကို ချီးကျူးနေသော်လည်း သူ၏ မျက်လုံးများတွင် နက်နဲသော ရန်ငြိုးများ ဖုံးကွယ်ထားသည်။
သူကူးလီက တည်ကြည်ပြတ်သားသော အသံဖြင့် ပြန်ဖြေလိုက်၏။
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်သား”
လီချင်းယွင်က သူကိုယ်တိုင်တောင် သတိမထားမိဘဲ သူကူးလီ၏ ရှေ့တွင် ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်မိသည်။
“သူက ငါ့အပိုင်ပဲ”
လီဟုန်က ကြက်သေသေသွားပြီးနောက် ရယ်မောလိုက်ကာ “အားယွင် အစ်ကိုတော်က မင်းမျက်လုံးထဲမှာ အရှက်မရှိတဲ့ လူတစ်ယောက် ဖြစ်နေတာလား”
လီချင်းယွင်က သူ့အား မည်မျှပင် ရန်လိုနေစေကာမူ လီဟုန်က နူးညံ့စွာ ဆက်ဆံနေဆဲပင်။
လီချင်းယွင်က အေးစက်စွာပင် မေးလိုက်သည်။
“မင်း ဘယ်အချိန်မှ ထွက်သွားမှာလဲ”
လီဟုန်က သက်ပြင်းချရင်း ပြောလာသည်။
“မင်း နေကောင်း သက်သာရဲ့လားဆိုတာကို လာကြည့်ချင်ရုံပါ... ဒါ့အပြင် ကိုယ့်ရဲ့ ကိုးယောက်မြောက် ညီငယ်လေး ဖြစ်တော့ မင်းကို စောင့်ရှောက်ပေးချင်လို့ပါ...အားယွင် အစ်ကိုတော့်ကို ဒီလောက် အလျင်စလို နှင်လွှတ်နေစရာ မလိုပါဘူး”
“ထွက်သွား!”
လီချင်းယွင် ဒေါသထွက်လာပြီး လီဟုန်ကို ခေါင်းအုံးဖြင့် ပစ်ပေါက်လိုက်သည်။ သူ၏ ဖီးနစ်မျက်လုံးများက မီးလို တောက်လောင်နေပြီး လီဟုန်ကို ရန်သူတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေ၏။
မူရင်းဇာတ်လမ်းတွင် လီဟုန်က ထိပ်တန်းဇာတ်ကောင် မဟုတ်သလို ဇာတ်လိုက်အား လိုက်လံ ပိုးပန်းသူလည်း မဟုတ်ပေ။ သို့သော် သူသည် အလွန် အားကောင်းသည့် ဇာတ်ပို့တစ်ဦး ဖြစ်သည်။ သူက ဇာတ်လမ်းတွင် သိပ်မပါဝင်ဘဲ အကြိမ်အနည်းငယ်သာ ဖော်ပြခံခဲ့ရသည်။ အပြင်ပန်းတွင် နွေးထွေးပြီး သူ့အပေါ် ကောင်းသည့် အစ်ကိုတစ်ယောက်ကဲ့သို့ ပြုမူသော်လည်း စိတ်ရင်းအမှန်မှာ သူ့အား သေစေလိုသော ဆန္ဒရှိသူ ဖြစ်ပြီး ထိုသို့သော လူမျိုးကို လီချင်းယွင် မုန်းတီးပေသည်။
လီဟုန်က ခေါင်းအုံးကို ကိုင်ကာ ခပ်ဖျော့ဖျော့ ပြုံးပြီး မေးလာပြန်သည်။
“တောင်းပန်ပါတယ် အားယွင်... မင်း အစ်ကို့ကို ဘယ်တော့မှ ခွင့်လွှတ်ပေးနိုင်မှာလဲ”
“လု့ဟွာ!”
လီချင်းယွင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
“တတိယမင်းသားကို စံအိမ်တော်ဆီ ပြန်ပို့လိုက်!”
“မှန်လှပါ”
လု့ကုန်းကုန်းက ချက်ချင်း ရောက်လာပြီး လီဟုန်ကို နန်းတော်စောင့်များနှင့်အတူ ထွက်သွားစေသည်။
ထိုလူများ ထွက်သွားပြီးနောက် သူကူးလီက သူ့ကို မေးလာ၏။
“အရှင်က သူ့ကို မုန်းတီးနေတာလား”
လီချင်းယွင်သည် အံကြိတ်ထားပြီး တိုးတိုးလေး ပြန်ဖြေ၏။
“ငါ့ ညီအစ်ကိုတွေအကြောင်းကို ထပ်မမေးနဲ့တော့”
“ဘာကြောင့်လဲဆိုတာ ပြောပြပေးနိုင်မလား အရှင်”
“ဒါက စိတ်ဝင်စားစရာကောင်းတယ်လို့ မင်းထင်နေတာလား…”
သူ ပြောဖို့ဆန္ဒမရှိသည်ကို တွေ့လိုက်ရသောအခါ သူကူးလီက မေးနေတာကို ရပ်တန့်လိုက်သည်။
…
အစောင့်များသည် လီဟုန်ကို နန်းဆောင်ထဲမှ တွန်းထုတ်လိုက်သည်။ လု့ကုန်းကုန်းသည်လည်း လမ်းတစ်လျှောက်လုံး တတိယမင်းသားကို စောင့်ကြည့်လာပြီး တစ်ခါတစ်ရံ သတိပေးစကား ဆိုလာ၏။
“တတိယမင်းသား...အရှင်မင်းကြီးရှေ့မှာ ထပ်ပြီး မပေါ်လာပါနဲ့။ မဟုတ်ရင် ကျွန်တော် အရှင့်သားကို ဆန့်ကျင်ဖို့ လုပ်ရလိမ့်မယ်”
လု့ဟွာ၏ အသံမှာ ပြတ်သားပြီး ကြမ်းတမ်းလှသည်။
“ငါ မင်းကြီးရဲ့ ကျန်းမာရေးကို စိတ်ပူလို့ လာကြည့်တာပါ။ အဲ့ဒါက မှားနေလို့လား”
“မင်းကြီးက မင်းသားကို မုန်းနေတယ်”
“ငါသိပါတယ်... အားယွင် ငါ့ကို မုန်းနေတယ်ဆိုတာ”
လီဟုန်က နူးညံ့သော မျက်လုံးများဖြင့် ရှေ့ကိုကြည့်ရင်း ဆိုလာသည်။
“လု့ကုန်းကုန်း မင်းလည်း သိပါတယ်... အားယွင်ရဲ့ ထီးနန်းကို ပြိုင်လုဖို့ ငါ့မှာ ရည်ရွယ်ချက် မရှိဘူးဆိုတာ”
လု့ကုန်းကုန်း၏ အသံက အလွန် ကျယ်လောင်သွားသည်။
“မဖြစ်နိုင်တာတွေ!”
လီဟုန်က တိတ်တဆိတ် ရယ်မောရင်း ပြောလိုက်သည်။
“အခု ငါ့မှာ အားလပ်ချိန်တွေ ရှိနေတော့ ဟိုအရင်တုန်းက အားယွင်ရဲ့ ငယ်ငယ်ကပုံစံလေးကို ထင်ထင်ရှားရှား ပြန်မှတ်မိနေတယ်... သူက အရုပ်လေးလို နူးညံ့သိမ်မွေ့ပြီး ထက်ထက်မြက်မြက်ရှိတယ်... သူ့မယ်တော်ရဲ့ အလှတရားနဲ့ ဆွဲဆောင်မှုတွေ အားလုံးကို သူက အမွေဆက်ခံပြီး လူတိုင်းက ကိုယ့်ကိုယ်ကိုယ် မသိလိုက်ဘဲနဲ့တောင် သူ့ကို အလိုလိုက်မိလာစေတာ”
“မဟုတ်ဘူး...သူက သူ့အမေထက်တောင် နတ်ဆိုး ပိုဆန်သေးတယ်”
“အားယွင်က လူတွေကို အမှားကျူးလွန်ဖို့ တွန်းပို့နိုင်တဲ့ မွေးရာပါ မကောင်းဆိုးဝါး နတ်ဆိုးလေး”
လုကုန်းကုန်း၏ မျက်နှာက ပို၍ ပို၍ ကြည့်ရဆိုးလာသည်။
လီဟုန်က ပြုံးလိုက်ပြီး
“ဘာကြောင့် နန်းတော်တစ်ခုလုံး သားအမိနှစ်ယောက်ကြောင့် ဇောက်ထိုးမိုးမျှော် ဖြစ်သွားရတာလဲ။ ဘာကြောင့် ခမည်းတော်က ကိုယ်လုပ်တော်သွမ့်ရဲ့ နန်းဆောင်မှာပဲ ရစ်ဝဲနေတာလဲ။ ဘာကြောင့် ကိုးယောက်မြောက် မင်းသားကို မွေးပြီးတာနဲ့ သူ့အစ်ကိုတွေက သူ့ကို အလိုလိုက်ပြီး အကောင်းဆုံးတွေကို ပေးကြတာလဲ။ ဒါတွေအားလုံး ဖြစ်လာရတာ ဘာကြောင့်လို့ ထင်နေတာလဲ”
လုကုန်းကုန်း၏ မျက်လုံးများ နက်ရှိုင်းလာပြီး
“တတိယမင်းသား...ဘာတွေများသိထားလို့လဲ”
“အရင် မင်းကြီးက ကိုယ်လုပ်တော်သွမ့်ကို ဆောင်ကြာမြိုင်တစ်ခုမှာ တွေ့ခဲ့တာ။ အဲဒီတော့ ကိုယ်လုပ်တော်သွမ့်ရဲ့ အသေးစိတ် အချက်အလက်တွေက ဘယ်လို ဖြစ်နိုင်မယ်ထင်လဲ... မိသားစု အချက်အလက်တွေကရော ဘယ်လိုဖြစ်မယ်ထင်လဲ”
လီဟုန်က ပေါ့ပေါ့ပါးပါး ပြုံးပြီး သူ၏ ခါးတွင် ရှိသော ကျောက်စိမ်းဆွဲသီးနှင့် ကစားလိုက်သည်။
“ငါ ရှေးဟောင်းစာအုပ်တွေကို လေ့လာကြည့်လိုက်တော့ အလှမျိုးနွယ်လို့ ခေါ်တဲ့ ထူးခြားတဲ့ မျိုးနွယ်စုကို တွေ့လိုက်ရတယ်။ သူတို့တွေက နှစ်သက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်တွေနဲ့ မွေးဖွားလာကြပြီး ယောက်ျားရော မိန်းမရောက လူတွေကို စွဲဆောင်နိုင်တဲ့ နတ်သား၊ နတ်သမီးတွေလိုပဲ... အလှမျိုးနွယ် ဖျက်ဆီးခံရပြီးနောက်မှာ ကျန်ခဲ့တဲ့ မျိုးနွယ်တွေက သူတို့ကို အနိမ့်ကျဆုံး ကစားစရာအဖြစ် နှိမ့်ချ ဆက်ဆံခံရပြီး မှောင်ခိုဈေးကွက်မှာ ရောင်းချခံခဲ့ရတယ်”
လုကုန်းကုန်း၏ မျက်လုံးထဲတွင် လူသတ်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လီဟုန်က ခေါင်းကို မော့ပြီး အနီရောင် နှုတ်ခမ်းတို့ကို ဖွင့်ဟလျက်
“ငါက ရန်သူ မဟုတ်ဘူး။ ဒီလျှို့ဝှက်ချက်ကို ထာဝရ သိမ်းထားနိုင်တယ်။ ကိုယ်လုပ်တော်သွမ့်က ငါ့ညီရဲ့ အလှမျိုးနွယ် အရှိန်အဝါကို ဖုံးကွယ်ဖို့ နည်းလမ်း သေချာပေါက် တွေ့ခဲ့မယ်ဆိုတာ ငါသိပါတယ်။ ဒါကြောင့်လည်း ဘယ်သူမှ မသိနိုင်ခဲ့တာပေါ့”
“ငါ့ညီတော်နဲ့ သူ့တိုင်းပြည်ကို ငါ အမြဲ ကာကွယ်ပေးမှာပါ။ သူ ငါ့ကို အရမ်းမုန်းပေမယ့်၊ ငါ့ခြေထောက်တွေ အချိုးခံရပြီး မသန်စွမ်း ဖြစ်သွားပေမယ့်ပေါ့...ငါ့ကို သူ့ကို ဒီလောက် ချစ်ခင်မြတ်နိုးအောင် ဘယ်သူကများ လုပ်ထားတာလဲ”
လီဟုန်က ရယ်မောလိုက်သည်။ လီဟုန် တွေးနေသည်မှာ သူကူးလီကို လီချင်းယွင်က မည်သို့ ကာကွယ်ပေးခဲ့သည်ကိုပင် ဖြစ်၏။ ထိုလူသည် မရိုးသားကြောင်း သူ အမြဲလိုလို ခံစားမိနေသည်။
လုကုန်းကုန်းက စိုက်ကြည့်လိုက်ပြီး
“တတိယမင်းသား...အခု ပဉ္စမမင်းသားနဲ့ ဆဋ္ဌမမင်းသားတို့ ဘယ်လို ရူးသွပ်သွားကြတယ်ဆိုတာကို နားလည်သင့်ပါတယ်။ သူတို့လို အဆုံးမသတ်ချင်ရင် မင်းသားရဲ့ ပါးစပ်ကို ပိတ်ထားလိုက်ပါ...အရှင်မင်းကြီးကိုယ်တိုင်တောင် ဒါကို မသိဘူး။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“ဒါပေါ့”
လီဟုန်က ပြုံးပြီး မေးလိုက်သည်။
“သူကူးလီလို့ အမည်ရတဲ့ တစ်ယောက်က ညီတော်နဲ့ အတူနေဖို့ စိတ်မသက်မသာ ဖြစ်နေတာလား”
“ဒါက မင်းကြီးရဲ့ ကိစ္စပါ”
လု့ဟွာ၏ အသံက စူးရှနေသည်။
လီဟုန်က ရယ်ပြီး သတိပေးစကား ဆိုလာသည်။
“ဒါဆိုရင်တော့ လု့ကုန်းကုန်း အာရုံစိုက်ပြီး နားထောင်ပါ။ တကယ်လို့ ညီတော့်ကို ယောက်ျားဖြစ်ရခြင်းရဲ့ အနှစ်သာရကို ခံစားခွင့် မပေးဘဲ အလှမျိုးနွယ်တွေရဲ့ သဘာဝတရားဖြစ်တဲ့ ညှို့ယူနိုင်စွမ်းတွေကို လုံးဝ ပိတ်ပင်ထားမယ်ဆိုရင် သူလည်း တခြား အလှလေးတွေလို ယောက်ျားတွေရဲ့ အရုပ်ပဲ ဖြစ်လာမှာ…”
လီဟုန်က အလှမျိုးနွယ်များသည် သူတို့၏ သဘာဝကိုက ရှိသော ဆွဲဆောင်မှုကို ဖယ်ရှားရခက်မှန်း နားလည်သည်။ သူတို့ လုပ်ရမှာက ဆောင်းဦးပွဲတော်လယ်တွင် နင်းယွဲ့ဆေးကို သောက်ရမှာ ဖြစ်ပြီး ဒါက ခဏတာသာ ဖြေရှင်းနိုင်မှာ ဖြစ်ပြီး ထာဝရ ကုသနိုင်သည့် ဆေးမဟုတ်ပေ။ အလှမျိုးနွယ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ယောက်ျားတစ်ယောက်နှင့် အတူ အိပ်ရန်ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း လု့ဟွာက ချောမောသော ယောက်ျားပျိုများကို စုဆောင်းပြီး လီချင်းယွင်၏ အိပ်ဆောင်သို့ ပို့လေ့ရှိသော်လည်း လီချင်းယွင်က သူတို့ကို မနှစ်သက်ပေ။ အချို့ကို နန်းတော်ထဲ၌ ထားစေပြီး အချို့ကို နန်းတော်အပြင်သို့ စေလွှတ်ခဲ့သည်။
လီချင်းယွင်ကို စွဲစွဲမြဲမြဲ စွဲလမ်းစေသည့် တစ်ဦးတည်းသော လူမှာ သူကူးလီ ဖြစ်သည်။
“ငါကြားတာ ငါ့ညီက သူကူးလီကို ချစ်မိနေပေမယ့် သူက လက်မခံဘူးလို့။ လု့ကုန်းကုန်း မြန်မြန်လေး သူ့ကို မင်းကြီးရဲ့ အိပ်ရာပေါ် တင်ပေးမှရမယ်။ ဒါမှမဟုတ် တစ်ခြားယောက်ျား ရှာပေးလိုက်လေ။ ဘာလို့ သူကူးလီကို အားကိုးနေမှာလဲ”
“ကိုယ်လုပ်တော်သွမ့်က ဆေး ၁၂ လုံးပဲ ချန်ထားပေးခဲ့တာ မလား။ ၁၀ နှစ် အရွယ်က စခဲ့တာဆို အခု သောက်ဖို့ ၂ နှစ်စာပဲ ကျန်တော့တာ။ လောကကြီးက ယုံးတိုင်းပြည်ရဲ့ ဘုရင်က အလှလေးဖြစ်မှန်း သိသွားရင်... အထူးသဖြင့် အလှအပကြောင့် ဖျက်ဆီးခံလိုက်ရတဲ့ အလှမျိုးနွယ်ကမှန်း သိသွားရင် ဘယ်လောက်တောင် အန္တရာယ်ရှိမယ်မှန်း မင်းသိမှာပါ။ အလှတရားကြောင့် နိုင်ငံပျက်စီးနိုင်တယ်ဆိုတာကိုလည်း သိတယ်မလား”
“သူကူးလီက ပြိုင်ဘက်မရှိတဲ့ အလှလေးဆိုပေမယ့် သူ့ရဲ့ ကောက်ကျစ်မှုတွေ သိနိုင်လား... သူ့နောက်ခံကို စုံစမ်းပြီးပြီလား။ ရွှယ်တိုင်းပြည် ပျက်စီးအောင် သူလုပ်တာမဟုတ်ဘူးလို့ ထင်နေတာလား"
“ဒါပေမဲ့ အားယွင်မှာ ဘာရှိလဲ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး နိုင်ငံတိုင်းကို တိုက်ခိုက်ရင်း ရန်သူတွေ များလာအောင် လုပ်နေခဲ့တာ...လူတိုင်း သူ့ကို သေစေချင်ပြီး ယုံးတိုင်းပြည်က သူပုန်တွေကိုလည်း ဆူပူအောင် လုပ်နေတာ”
“ငါ့ညီက ပေါင်းရခက်ပေမယ့် တကယ့်တော့ ရိုးအလွန်းတယ်”
“အလှမျိုးနွယ်တွေရဲ့ လျှို့ဝှက်ချက်ကိုသာ သိသွားရင် ဘာဖြစ်လာမလဲ”
လီဟုန်က ပြောပြီးတာနဲ့ ထွက်သွားတော့သည်။
လု့ကုန်းကုန်းသည် လက်သီးများကို တင်းတင်းဆုပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ ဖာလာနီခြယ် ကျောက်စိမ်းရောင် လက်ချောင်းလှလှများဖြင့် သူ့ကို ရက်ရက်စက်စက် လက်ညှိုးထိုးပြီး ကြိမ်းမောင်းနေသည့် ကိုယ်လုပ်တော်သွမ့်ကို မြင်ယောင်လာသည်။
“ချင်းယွင်ကို မင်းလက်ထဲမှာ ငါထားခဲ့တာ... ဒါလား မင်းသူ့ကို စောင့်ရှောက်တာ”
“အရှင်မ စိတ်မပူပါနဲ့။ မင်းကြီးကို အရှင်မရဲ့ လမ်းဟောင်းကို ဘယ်တော့မှ လိုက်ခွင့်မပေးပါဘူး”
လုဟွာ၏ မျက်လုံးများသည် တဖြည်းဖြည်း ရက်စက်တော့မည့်ပုံ ပေါ်လာသည်။