အခန်း(၅) ချန်မော့
ယောက်ဟွားနန်းဆောင်တွင်...
စုယွီထွက်သွားတာကို ရပ်ကြည့်ပြီးနောက် သူကူးလီကအတွင်းခန်းမထဲလျှောက်ဝင်လာပြီး အဆိပ်ပုလင်းကိုဖွက်လိုက်သည်။
"အရှင်မင်းသား၂.."
ဝတ်ရုံနက်နှင့်လူတစ်ယောက်က ခေါင်မိုးပေါ်မှခုန်ဆင်းလာ၏။ သူက ကြမ်းပြင်ပေါ်ဒူးထောက်ချကာ စိုးရိမ်တကြီးဖြင့်ခေါ်လိုက်သည်။
"ကျွန်တော်မျိုးက ချန်မော့ပါ...ကျွန်တော်မျိုးအရှင့်သားကိုကယ်ဖို့ ယုံးတိုင်းပြည်ကိုလာခဲ့တာပါ။ ကျွန်တော်မျိုးနဲ့အတူဒီနေရာကထွက်သွားရအောင်ပါ.."
"ရွှယ်တိုင်းပြည်က ဖျက်ဆီးခံလိုက်ရပြီ..လောကကြီးထဲမှာမင်းသား၂ဆိုတာမရှိတော့ဘူး.."
သူကူးလီက ကြမ်းပြင်ပေါ်မှာဒူးထောက်နေသည့် လျို့ဝှက်အစောင့်ကို မထူးခြားမခြားနားကြည့်လိုက်သည်။
"ချန်မော့..အခုရွှယ်တိုင်းပြည်ကဖျက်ဆီးခံလိုက်ရပြီ။ မင်းလည်း အမြန်ဆုံးထွက်သွားပြီး မင်းဘဝတစ်လျှောက်လုံးအတွက် လက်တွဲဖော်တစ်ယောက်ရှာသင့်တယ်။ ဒီပရမ်းပတာ လောကထဲမှာဝင်ပါစရာမလိုဘူး"
"အရှင့်သားကို အာဏာရှင်လီချင်းယွင်က မောင်းမဆောင်ထဲထည့်ခဲ့တာလေ.. လောကကြီးထဲကလူတိုင်း လီချင်းယွင်က မျိုးတူချင်းကြိုက်မှန်းသိကြတယ်။ သူ အရှင့်သားကိုဒီလိုမျိုးအနိုင်ကျင့်ခဲ့တာ..."
ချန်မော့၏အသံမှာပိုမိုစိုးရိမ်ပူပင်လာသည်။
သူကူးလီက ပေါ့ပါးစွာဆိုလိုက်သည်။
"ငါလီချင်းယွင်ကိုသတ်ပစ်မှာ"
"ဘယ်လို.."
ချန်မော့က သူကူးလီကို ထိတ်လန့်စွာကြည့်လိုက်မိသည်။
"ယုံးတိုင်းပြည်ရဲ့အာဏာရှင်ကိုသတ်မယ်"
သူကူးလီက ဖြည်းညှင်းစွာထိုင်ချလိုက်ပြီး သူ၏ မှင်နက်ရောင်ဆံပင်ရှည်များကဖြာကျလျက်၊ သူ၏ကျောက်စိမ်းနှင့်တူသောအသံမှာ စိတ်ခံစားချက်စိုးစဥ်းမျှမရှိပါဘဲ ပြောလိုက်သည်။
"ယုံးတိုင်းပြည်က အင်အားကြီးပေမဲ့လည်း လီချင်းယွင်ကိုရိုးသားစစ်မှန်စွာ နာခံတဲ့လူ သိပ်မရှိမှန်းငါသိလိုက်ရတယ်"
ယုံးတိုင်းပြည်သားအများစုက လီချင်းယွင်၏အာဏာရှင်ဆန်မှုနှင့်ပတ်သတ်ပြီး စောဒကတက်ခဲ့ကြပြီး တော်ဝင်သမားတော်စုယွီကလည်း သူနှင့်ရည်ရွယ်ချက်တူနေလေသည်။ သူတို့အကုန်လုံး လီချင်းယွင်ကိုသေစေချင်ကြသည်။
"ဒါပေမဲ့ အရှင်တကယ်အဲ့လိုလုပ်မယ်ဆို..."
အရှင် အဲ့အာဏာရှင်ကိုတမင်ချဥ်းကပ်မှရမှာပေါ့! ချန်မော့မယုံကြည်နိုင်ဖြစ်မိသည်။
"သူသာ အရှင့်ကိုအခွင့်ကောင်းယူသွားမယ်ဆို အရှင်ဘာလုပ်မှာလဲ.."
ကိုယ့်ဂုဏ်သိက္ခာကိုလွှတ်ပစ်ပြီး အဲအာဏာရှင်ဆီကိုယ့်ကိုယ်ကိုယ်ပေးအပ်ဖို့တကယ်လိုလို့လား..
"မဟုတ်ဘူးပေါ့"
သူကူးလီ၏ လှပသောမျက်ဝန်းထဲမှာ ရွံရှာသောအရိပ်အယောင်တစ်ချက်လက်သွားသည်။
"လီချင်းယွင်ချစ်တာကငါ့မျက်နှာ..အဲ့ထက်ဘာမှမပိုဘူး၊ အခုသူကငါ့ကိုသည်းခံနေတုန်းပဲ... အဲ့ဒါကိုငါက အလှတရားအသုံးချပြီး သူ့ကိုငါ့စကားနားထောင်အောင် ဘာလို့မလုပ်ရမှာလဲ"
"အရှင်မင်းသား အရှင်...?"
ချန်မော့သူ့ကိုနားချချင်ပေမယ့် ဘယ်ကစပြီးနားချရမလဲမသိပေ။
"ဘာလို့အရှင်မင်းသား..."
"ထပ်မပြောနဲ့တော့"
သူကူးလီ၏အသံကဖျော့တော့လျက်။
"အနာဂတ်မှာ အရှင်မင်းသားဆိုတာမရှိတော့ဘူး..မင်းငါ့ကိုအရှင်မင်းသားလို့ခေါ်စရာမလိုတော့ဘူး"
"ဟုတ်ကဲ့သခင်လေး"
ချန်မော့ကခေါင်းငုံ့သွားပြီးနောက် ခေါင်းပြန်မော့လာကာ မှင်သေသေပြောလိုက်သည်။
"သခင်လေးဘာလုပ်လုပ် ဒီငယ်သားက ဓားတောင်ကိုကျော်ရကျော်ရ မီးပင်လယ်ကိုဖြတ်ရဖြတ်ရ သခင်လေးလိုချင်တာအကုန်ရအောင်လုပ်ပေးပါ့မယ်!"
ချန်မော့ခေါင်းမော့ကာ သူကူးလီ၏ပြီးပြည့်စုံသောဘေးတိုက်မျက်နှာခြမ်းကို စိုက်ကြည့်လိုက်မိသည်။ ဒီလိုလှပတဲ့အမျိုးသားက လူတိုင်းကိုစွဲလမ်းသွားအောင်လုပ်နိုင်ပြီး သူ့ကိုပါစွဲလမ်းသွားစေဖို့လုံလောက်လေသည်။
သူ သူ့သခင်ကို အနိုင်ကျင့်တဲ့သူတွေကိုမုန်းတယ်.. သူလီချင်းယွင်ကိုမုန်းတယ်... သူက ဘာလို့ သူ့အာဏာကိုသုံး၊ တခြားသူ တွေကိုဖိနှိပ်ပြီး သူတစ်ပါးရဲ့ဆန္ဒကိုဆန့်ကျင်ပြီးတော့ သူ့သခင်ကိုအကျဥ်းချထားရတာလဲ?!
ငါ လီချင်းယွင်ကို အမြန်ဆုံးသတ်ပစ်ချင်တယ်... ငါ ဒီနေရာကနေ ငါ့သခင်ကိုအမြန်ဆုံးခေါ်သွားပစ်ချင်တယ်...
ကုန်းကုန်းဖြစ်တဲ့ ရှောင်ကျစ်ရီက သတင်းယူကာရောက်လာသည်။
"အရှင်မင်းကြီးကိုတင်ပြပါတယ်..နန်းတွင်းသမားတော်စုယွီက ယောက်ဟွားနန်းတော်မှာ အမွှေးတိုင်တစ်တိုင်စာနေခဲ့ပြီးတော့ထွက်လာပါတယ်။ သူကူးလီသခင်လေးက သူမထွက်သွားခင် တံခါးကိုတင်းတင်းပိတ်ပြီး လာလည်သူတွေကိုငြင်းပယ်ခဲ့ပါတယ်။"
ကုန်းကုန်းလေးကနူးညံ့ကာချိုသာသောအသံနှင့်ဆိုလေသည်။
လီချင်းယွင်က အစီရင်ခံစာများကိုသုံးသပ်နေခြင်းပင်။ သူ တိုင်းပြည်ကိစ္စများကို လျစ်လျူရှူထားခဲ့မိတာကြာလေပြီ။ သူဒီသတင်းကိုကြားတော့ ပြတင်းပေါက်အပြင်ရှိတဖြည်းဖြည်းချင်း ပိုမှောင်လာသည့် မိုးကောင်းကင်ကိုမော့ကြည့်လိုက်မိ၏။
လုကုန်းကုန်းက လီချင်းယွင်၏ ပုခုံးကိုနှိပ်ပေးကာဆိုလာသည်။
"အရှင်မင်းကြီး နန်းတွင်းသမားတော်စုနဲ့ သခင်လေးသူကူးလီက တစ်ခုခုကြံနေတယ်လို့ အရှင်မင်းကြီးတကယ်ထင်နေတာလား။ ကျွန်တော်မျိုး သူတို့ကိုမျက်စိဒေါက်ထောက်ကြည့်ခိုင်းထားပါတယ်..တစ်ခုခုပြဿနာတစ်ခုခုရှာရဲရင် သူတို့ကိုချက်ချင်းသေဒဏ်ပေးပစ်မယ်.."
လီချင်းယွင်ခေါင်းကိုက်လာရပြန်သည်။
"ဟုတ်ပါပြီ.. သေခြင်းရှင်ခြင်းအကြောင်းပြောနေတာရပ်လိုက်ပါတော့"
မူရင်းစာအုပ်၏ဇာတ်ကြောင်းထဲတွင်
လီချင်းယွင်က အာဏာရှင်ဆန်သောကြောင့်တစ်လောကလုံးရှိ လူတိုင်းကသူ့ကိုရှင်းပစ်ချင်ကြသည်။
အဆုံးသတ်တွင် သူကထောင်ထဲမှာ ဆိုးဆိုးဝါးဝါးသေဆုံးသွားခဲ့သည်။
လီချင်းယွင် စာအုပ်ထဲက ကြိုခန့်မှန်းထားသည့်အဆုံးသတ်ကိုလက်တွေ့မှာလုံးဝဖြစ်ခွင့်မပေးနိုင်။
လုကုန်းကုန်းက သက်ပြင်းချကာ လက်ညိုးထောင်ပြီးအပြုံးလေးနှင့်ဆိုလာသည်။
"အရှင်မင်းကြီး ဒီတစ်ခေါက်သူကူးသခင်လေးက ရှင်ဘုရင်ကိုလှည့်စားတဲ့ပြစ်မှုကိုကျူးလွန်ခဲ့တာကို အရှင်မင်းကြီးကသူ့ကိုသေဒဏ်မပေးခဲ့ဘူး...အရှင်မင်းကြီး လုပ်လို့ရတာရှိသေးတယ်.. သူလက်မလျှော့သေးဘူးဆိုရင် ကျွန်တော်မျိုးသူ့ကိုအရှင်မင်းကြီးအိပ်ရာဆီပို့ပေးမယ်... သူအရှင်မင်းကြီးကိုကောင်းကောင်းခစားအောင် ကျွန်တော်မျိုးသေချာလုပ်ပေးလိုက်မယ်"
ဒါကိုကြားတော့ လီချင်းယွင်မှာမနေနိုင်ဘဲ သူ့ကုတင်ပေါ်မှာသူကူးလီတစ်ယောက် လိမ်လိမ်မာမာလေးလှဲကာ သူစိတ်ရှိသလိုကစားတာခံရနေတဲ့ မြင်ကွင်းကိုစိတ်ကူးယဥ်မိသွားသည်။
ဒီအပိုင်းကလည်း မူရင်းစာအုပ်ထဲမှာပါလေသည်။ ရလဒ်ကတော့ သူကူးလီက သူ့လက်ကောက်ဝတ်သူ လှီးဖြတ်ကာ သွေးထွက်ခံခဲ့သည်။ နောက်ဆုံးမှာတော့ သူကလီချင်းယွင်ကို နာခံမယ့်အစား သူ့ကိုယ်သူပဲ နာကျင်စေခဲ့၏။ သူကူးလီ၏ ထိုဒဏ်ရာမှာ အချိန်အတန်ကြာသည်အထိ မပျောက်ကင်းခဲ့ပါပေ။
လီချင်းယွင် ဒီအစီအစဥ်ကိုချက်ချင်းငြင်းလိုက်မိသည်။
"ဒီနည်းလမ်းကိုသုံးခွင့်မပြုဘူး.."
လုကုန်းကုန်းက သက်ပြင်းချလာသည်။
"အရှင်မင်းကြီးက သူကူးလီကိုအရမ်းချစ်သကိုး... သူ့အတွက်ဆို အရှင်မင်းကြီးက ထိန်းသိမ်းပြီးတော့အခြားယောကျ်ားတွေကိုတောင်မထိဘူး... ဘာလို့ဒီလိုလုပ်ရတာလဲ"
လီချင်းယွင် ဒီခေါင်းစဥ်ကိုဆက်မပြောချင်တော့။ သူကုန်းကုန်းလေးကိုကြည့်ကာ အမိန့်ပေးလိုက်သည်။
"မောင်မင်း ဆက်စောင့်ကြည့်ထား"
"ဟုတ်ကဲ့"
ကုန်းကုန်းလေးကထရပ်ကာရိုသေလေးစားစွာနောက်ဆုတ်သွားသည်။
ခဏအကြာတွင်...
ယောက်ဟွားနန်းဆောင်မှ တစ်ယောက်ယောက်ကရောက်လာသည်။
ရောက်လာသူမှာ နန်းတွင်းအစေခံမိန်းမပျိုလေးပင်။ သူမကခေါင်းငုံ့ကာတရိုတသေဆိုလာသည်။
"အရှင်မင်းကြီး သူကူးသခင်လေးက ယောက်ဟွားနန်းဆောင်မှာ အရှင်မင်းကြီးကို သူနဲ့အတူညစာအတူစားဖို့ ဖိတ်လိုက်ပါတယ်ဘုရား.."
လီချင်းယွင် အစတွင်မိန်းမောသွားရပြီးမှ မျက်ဝန်းထဲမှာပျော်ရွှင်မှုတစ်စွန်းတစလက်သွားသည်။
"သူတကယ် ကိုယ်တော့်ကို ညစာစားဖို့ဖိတ်တာလား"
"ဟုတ်ကဲ့"
နန်းတွင်းအစေခံမိန်းမပျိုလေးက ခေါင်းငုံ့ကာဆိုသည်။
"ယောက်ဟွားနန်းဆောင်ကိုသွားရအောင်။"
လီချင်းယွင် ထရပ်ကာ အနီရောင်မြေခွေးမွှေးခြုံထည်ကိုခြုံလိုက်သည်။
လုကုန်းကုန်းက အလျင်စလိုလိုက်လာသည်။
ဆောင်းရာသီမို့လေနုအေးကတိုက်ခတ်လျက်..
လုံရှန့်နန်းဆောင်မှ ယောက်ဟွားနန်းဆောင်ဆီရောက်ဖို့ အမွှေးတိုင်တစ်တိုင်စာသာကြာသည်။
"အရှင်မင်းကြီး ကြွချီလာပါပြီ!"
ယောက်ဟွားနန်းဆောင်အတွင်းရှိတံခါးမှာ တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။
နန်းတွင်းအစေခံများက လီချင်းယွင်အတွက်အလျင်စလိုတံခါးလာဖွင့်ကာ ကြမ်းပြင်ပေါ်ပြိုင်တူဒူးထောက်ပြီး
"အရှင်မင်းကြီးကိုနှုတ်ခွန်းဆက်သပါတယ်"
"ထတော့"
လီချင်းယွင်ကသူကူးလီကိုမမြင်မိတာမို့ တည့်တည့်လျှောက်ဝင်လာသည်။
"အရှင်...အရှင်မင်းကြီး..."
နန်းဆောင်ရှေ့မှာ နန်းတွင်းအစေခံမိန်းမပျိုလေးက အထိတ်တလန့်ဒူးထောက်လို့နေသည်။
"မင်းတို့အားလုံး ဘာလို့အပြင်ရောက်နေတာလဲ"
လီချင်းယွင်က သူ၏ဖီးနစ်မျက်ဝန်းတစ်စုံကို အသာမှေးစင်းလိုက်သည်။
နန်းတွင်းအစေခံမိန်းမပျိုလေးများမှာ ပြာယာခတ်ကာတုံ့ဆိုင်းလျက်မဖြေရဲကြ။
လီချင်းယွင် မျက်မှောင်ကြုတ်ကာ လက်လှမ်းပြီးတံခါးဖွင့်လိုက်သည်။
ထိုစဥ် နန်းဆောင်တံခါးက ဖြည်းညှင်းစွာပွင့်လာ၏။ဖြစ်ချင်တော့ လီချင်းယွင်၏လက်က သူကူးလီ၏ပါးကိုထိမိသွားသည်။
သူကူးလီက ဝတ်ရုံဖြူဝတ်ထားပြီး သူ၏အနက်ရောင်ဆံပင်မှာလျော့ရဲကာဖြာကျလျက်။ သူ့မျက်နှာမှာ လရောင်အောက်တွင် မိန်းမောဖွယ်ကောင်းအောင်လှပလို့နေသည်။ သူကဖြည်းညှင်းစွာနောက်ဆုတ်ရင်း ဦးညွှတ်လာသည်။
"အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်။"
လီချင်းယွင်မှာ သူက အတွင်းဝတ်ရုံကိုသာ ဝတ်ထားတာမြင်တော့ရှက်သွေးဖြာသွားသည်။
"ဝတ်ရုံဝတ်လိုက်ဦး"
သူကူးလီ၏ မျက်နှာမှာမသိမသာအေးစက်လျက်ပင်...
နန်းဆောင်ထဲမှာ နွေးထွေးသောမီးသွေးမီးနှင့် မွှေးပျံ့သောအမွှေးတိုင်နံ့ရှိလို့နေသည်။
ပြီးတော့....အခြားယောကျ်ားရဲ့အနံ့။
လီချင်းယွင် လက်သီးဆုပ်လိုက်မိပြီး သူ့ရင်ထဲကအမျက်ဒေါသက သူ့ကိုစိတ်ခံစားချက်များထိန်းချုပ်မရဖြစ်သွားစေ၏။
သူ တစ်ဖက်လှည့်ကာ သူကူးလီ၏မသိမသာပွင့်နေသောရင်ဘတ်နှင့် နူးညံ့သောညှပ်ရိုးကို မက်မွန်ပွင့်လွှာမျက်ဝန်းနှင့်စိုက်ကြည့်ကာ ရယ်မောလိုက်သည်။
"ကြည့်ရတာတော့ ကိုယ်တော်မသင့်တော်တဲ့အချိန်ရောက်လာမိတဲ့ပုံပဲ။ ဒီနန်းဆောင်ထဲမှာဘယ်သူရှိနေတာလဲ။"
သူကူးလီကအလွန်တည်ငြိမ်လျက်ပင် ဖြေလာသည်။
"နန်းတွင်းသမားတော်စုက ဒီကိုလာပြီးကျွန်တော့်ကိုကုသပေးနေတာပါ"
"တကယ်လား" လီချင်းယွင်သိချင်သွားရသည်။
"အရှင်မင်းကြီး ကျွန်တော့်ကိုတွန်းအားမပေးဘူးလို့ ကျွန်တော့်ကိုကတိမပေးခဲ့ဘူးလား... ဘာလို့ဒါတွေလာမေးနေရတာပါလဲ..."
သူကူးလီကနှုတ်ခမ်းအသာကွေးလိုက်သည်။
လီချင်းယွင်၏အသံမှာ ဒေါသမရှိပေမယ့် ပျော်လည်းပျော်မနေ။
"ဒါက ကိုယ်တော်ဖောက်ပြန်ခံရတာ သဘောကျတယ်လို့မဆိုလိုဘူး"
သူ သူကူးလီကို ဗလာကျင်းစွာကြည့်လိုက်သည်။
"မင်းယုံးတိုင်းပြည်မှာနေနေသရွေ့ အခြားယောကျ်ားတွေနဲ့ဘာဆက်ဆံရေးမှထားခွင့်မရှိဘူး"
သူကူးလီက ခပ်ပေါ့ပေါ့ဆိုသည်။
"ကျွန်တော်မျိုးယောကျ်ားတွေကိုမကြိုက်မှန်း အရှင်မင်းကြီးကောင်းကောင်းကြီးသိပါတယ်"
"မင်း ကိုယ်တော့်ကိုပဲမကြိုက်တာလား... ယောကျ်ားတွေကိုမကြိုက်တာလားဆိုတာ ဘယ်သူသိမှာလဲ"
လီချင်းယွင်ကနှာမှုတ်ကာ ပြောလိုက်၏။
ထို့နောက် သူရောက်လာရတဲ့ ရည်ရွယ်ချက်ကို သတိရသွားကာမေးလိုက်မိသည်။
"ဘယ်မှာလဲညစာ.."
"ဘာညစာလဲ.."
သူကူးလီက မျက်မှောင်အသာကြုတ်သွားသည်။
"မင်းလူလွှတ်ပြီးကိုယ်တော့်ကိုဖိတ်ခဲ့တာလေ... မင်းကိုယ်နဲ့ညစာအတူစားချင်တယ်ဆိုပြီးတော့..."
လီချင်းယွင်က ဖြည်းဖြည်းချင်းဝင်ထိုင်သည်။
"ဟင့်အင်း" သူကူးလီကနူးညံ့စွာဆိုသည်။
"ကျွန်တော် အရှင်မင်းကြီးကို ဖိတ်ဖို့ဘယ်သူ့ကိုမှမလွှတ်ခဲ့ဘူး"
"ဒါဆိုဘယ်သူဖြစ်မလဲ"
လီချင်းယွင်မသိမသာကြောင်အမ်းသွားသည်။
သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ တစ်ယောက်ယောက်က တမင်ပြဿနာဖြစ်စေတာဟုပင်။
အဲ့လူက ဘယ်သူလဲဆိုတာအခုမသိသေးဘူး...
ဒါပေမဲ့ အဲ့လူက ယောက်ဟွားနန်းတော်ကို သူ့ကိုတမင်လာစေတာမို့ သူက လီချင်းယွင်ကို တစ်ခုခုမြင်စေချင်တာဖြစ်ရမယ်...
လီချင်းယွင်၏ သံသယအကြည့်က သူကူးလီ၏မျက်နှာပေါ်ဝေ့ဝဲသွားသည်။
သူကူးလီမှာ တည်ငြိမ်အေးဆေးသော မျက်နှာထားနှင့် ရှိနေဆဲပင်။
လီချင်းယွင် ထရပ်ကာ သူကူးလီနားကပ်သွားပြီး သူ့မျက်နှာကိုစိုက်ကြည့်ကာပြောလိုက်သည်။
"အားလီ.. မင်းတစ်ယောက်ယောက်ကို စိတ်ဆိုးအောင်လုပ်ခဲ့မိလို့ အဲ့လူက ကိုယ့်ကိုဒီလာစေပြီး အားလီတိတ်တခိုးလုပ်နေတဲ့ မကောင်းတဲ့ကိစ္စတွေကို သိသွားစေချင်တာလားဆိုတာမင်းတွေးသင့်တယ်နော်"
"အရှင်မင်းကြီးကတော့ နောက်နေပါပြီ"
သူကူးလီက ခြေတစ်လှမ်းဆုတ်သွားပြီး သူ၏မျက်နှာလှလှလေးမှာ အေးစက်မှုနှင့်ပြည့်နှက်လျက် ဆိုလာ၏။
"ကျွန်တော်က သိမ်းပိုက်ခံလိုက်ရတဲ့ တိုင်းပြည်ရဲ့ကျွန်သာသာပါပဲ.. ကျွန်တော်က အရှင်မင်းကြီးရဲ့ သနားကရုဏာကြောင့် ကံကောင်းပြီး ယောက်ဟွားနန်းတော်မှာနေရတာ.. ကျွန်တော်မျိုး ကျေးဇူးတင်နေရပြီကို ဘယ်လိုလုပ်ပြီးအရှင်မင်းကြီးကို ထိခိုက်အောင်လုပ်ရက်မှာလဲ"
"မလုပ်တာပိုကောင်းမယ်"
လီချင်းယွင် ကမျက်လုံးအသာပင့်ကာဆိုလိုက်သည်။
သူကူးလီ၏ မျက်နှာမှာအေးစက်ကာ ငြင်းပယ်လိုစိတ်အပြည့်နှင့်ပင်။
လီချင်းယွင်မှာ သူ သူ့ကိုသဘောမကျဖြစ်သွားပြန်ပြီမှန်း သိပေမဲ့သူအရေးမစိုက်။ သူ လက်ဝေ့ရမ်းကာတစ်ယောက်ယောက်ကို ညစာပြင်ခိုင်းလိုက်သည်။
"အားလီ ညစာမစားရသေးဘူးမလား.. ကိုယ်တော်အားလီကိုအဖော်ပြုပေးမယ်"
လီချင်းယွင်က သူကူးလီ၏လက်ကိုဆုပ်ကိုင်လိုက်သည်။
သူကူးလီ၏ လက်များမှာအလွန်အေးစက်လို့နေပြီးအေးစက်စက် ကျောက်စိမ်းကို ထိတွေ့ရသလိုမျိုးခံစားရသည်။ သို့သော် လီချင်းယွင်၏လက်မှာတော့ နွေးထွေးကာနူးညံ့ပြီး အအေးဓာတ်ကိုအနွေးပေးဖို့ လုံလောက်သည်။
သူကူးလီ ခဏမျှတန့်သွားရပြီး သူ ပထမဆုံးအနေနှင့် သူ့လက်ကိုဆွဲမဖယ်ဘဲ လီချင်းယွင်ကို သူ့လက်ကိုကိုင်ခွင့်ပြုလိုက်မိသည်။
နှစ်ယောက်သားမှာ အတူတူထိုင်နေကြသည်။ဒီလို လိုက်ဖက်ညီသောလေထုနှင့် ပုံရိပ်ကိုမြင်ရဖို့ အလွန်ရှားလေသည်။
"မင်းဒဏ်ရာဘယ်လိုနေသေးလဲ"
လီချင်းယွင်က မေးကာ သူကူးလီ၏လက်ကို လွှတ်လိုက်သည်။
သူကူးလီက မထူးခြားမခြားနားဆိုသည်။
"အတော်လေးကောင်းနေပါပြီ"
"ကောင်းတယ်"
လီချင်းယွင်၏ နှုတ်ခမ်းတို့အသာကွေးတက်သွားပြီး
"ကိုယ်တော် အားလီကို ထိခိုက်အောင်လုပ်မိသွားရင်ကိုယ်တော်ဝမ်းနည်းရလိမ့်မယ်"
သူကူးလီက မသဲမကွဲစကားလုံးများကိုကြားလိုက်ရပြီးနောက် ခံစားချက်စိုးစဉ်းမျှပင်မရှိဘဲ သူ့မျက်နှာထားမှာလည်းမထူးခြားမခြားနားပုံစံနှင့်ပင်။
လီချင်းယွင်ရဲ့ အခုလိုမျိုး "ရွှေရောင်လွှမ်းသကာဆမ်းထားတဲ့စကား" တွေကို သူဘယ်တော့မှ မယုံကြည်ပါပေ။
လီချင်းယွင်က သူ့ပန်းတိုင်ကိုရောက်ဖို့ ဘာမဆိုအမြဲလုပ်လေ့ရှိပြီး ဘယ်သူမဆိုသူ့သားကောင်ဖြစ်လာနိုင်သည်။ ဒီယုံးတိုင်းပြည်၏ အာဏာရှင်က စိတ်အပြောင်းအလဲမြန်ပြီးလူစိတ်လုံးဝမရှိပေ။
သူ့ကိုတွန်းအားမပေးဘူး...သူ့ကိုမထိဘူးဟုပြောခဲ့တာက ဒီတိုင်းအချိန်ဆွဲထားရုံပဲ...
လီချင်းယွင် ခေါင်းမော့ကာ သူကူးလီကိုစိုက်ကြည့်လိုက်သည်။ သူကူးလီ၏ မထူးခြားမခြားနားမျက်နှာထားကိုမြင်လိုက်ရတော့ သူရင်ထဲမှာ ဆစ်ခနဲခံစားလိုက်ရသည်။
သူ သူကူးလီကိုသဘောကျတယ်...
မြင်မြင်ချင်းချစ်မိသွားခဲ့တာ...
ဒါပေမဲ့လည်း;သူကူးလီက သီးသန့်ဆန်ကာ အေးစက်သောပင်ကိုယ်စရိုက်နှင့်မွေးဖွားလာခဲ့ပြီး သူကမထူးခြားမခြားနားပုံစံဖြင့် လူတိုင်းနှင့်ဝေးဝေးနေသည်။ သူ လုပ်နိုင်သမျှအကုန်လုပ်ခဲ့ပေမဲ့ သူကူးလီ သူ့ကိုပြုံးပြလာအောင် မလုပ်နိုင်ခဲ့ပေ။
သူ့မှာ အာဏာနှင့်ပိုက်ဆံရှိပေမဲ့လည်း သူကူးလီ၏ မျက်နှာသာပေးမှုကိုရဖို့ မလုံလောက်ခဲ့။
သူ တစ်ခုခုလိုချင်ရင် ဘာမဆိုသုံးပြီးရယူရမည်ဟု သူ့မယ်တော်ကပြောခဲ့သည်။
သူ့ မယ်တော်က သူ့ကိုအသာပွေ့ဖက်လာပြီး သူမမျက်ဝန်းမှာမျက်ရည်နှင့်မုန်းတီးမှုတို့ပြည့်လျက် သူ့ကိုပြောခဲ့ဖူး၏။
"မယ်တော့်ရဲ့ယွင်အာ..မယ်တော်သေပြီးရင် သားတော်ကိုဘယ်သူမှကာကွယ်ပေးနိုင်မှာမဟုတ်ဘူး.. သားတော်ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရမယ်..သားတော်ကြိုက်တာ ဘာမဆိုရယူပြီး သားတော်သဘောမကျတဲ့ ဘယ်သူ့ကိုမဆိုသတ်ပစ်! တော်ဝင်မိသားစုထဲမှာ မိသားစုသံယောဇဥ်ဆိုတာမရှိဘူး။ သားတော်သန်မာရမယ်နော်၊ မဟုတ်ရင် ဘယ်သူမဆိုမင်းကိုတစစီဆွဲဖြဲသွားနိုင်တယ် ."
နောက်တော့ သူသူ့ခမည်းတော်ကိုသတ်ကာ သူ့ညီအစ်ကိုများကိုသတ်ပစ်ပြီး ယုံးတိုင်းပြည်ကို သူ၏အာဏာရှင်စည်းမျဥ်းအောက်တွင် ပိုတိုးကာခွန်အားကြီးလာစေခဲ့သည်။
သူလိုချင်တာဘာမဆိုရခဲ့တယ်...
ဒါပေမဲ့ သူချစ်တဲ့လူဆီက နူးညံ့တဲ့အပြုံးနဲ့ကြည်ဖြူမှုကို သူမရနိုင်ခဲ့ဘူး..
အထူးသဖြင့် သူကူးလီကအဓိကဇာတ်ဆောင်ဖြစ်နေတဲ့အခါမှာပေါ့..
သူက အနာဂတ်မှာ သူ့ကိုအခုလိုမျိုး မုန်းတီးပြီး သူ့အသက်၊ သူ့တိုင်းပြည်ကိုရယူပြီးတော့ သူ့လွတ်လမ်းကိုပိတ်ပစ်လိမ့်မယ်...
ဒါပေမဲ့လည်း လီချင်းယွင်မှာ အနာဂတ်မှာဖြစ်လာမယ့်ပြဿနာကိုရှောင်ဖို့အတွက် သူကူးလီကို ကြိုသတ်ပစ်ဖို့တွန့်ဆုတ်နေမိသည်။
သူ အဓိကဇာတ်ဆောင်နှင့်"ညီအစ်ကိုကောင်း"ဖြစ်ချင်မိသည်။ သူတို့ဆက်ဆံရေးက"ညီအစ်ကိုကောင်း"ဖြစ်လာနိုင် လောက်လား...
"အားလီ မင်းနန်းတော်ကထွက်သွားချင်လား"
လီချင်းယွင်မေးလိုက်မိသည်။
သူကူးလီ အသိပြန်ဝင်လာကာ သူ၏လေသံမှာ ခံစားချက်မရှိ၊ဒေါသရောပျော်ရွှင်မှုပါမပါဘဲ ပြန်မေးလိုက်သည်။
"အရှင်မင်းကြီး ဒီစကားပြောတာ ဘာကိုဆိုလိုလဲဆိုတာသိပါရဲ့လား။"
"မင်းထွက်သွားချင်လား"
လီချင်းယွင်ကမဖြေဘဲ ဆက်မေးလာ၏။
"မသွားချင်ဘူး။"
သူကူးလီက ပေါ့ပါးစွာဆိုသည်။
"ဘာလို့လဲ"
လီချင်းယွင်က တဖြည်းဖြည်းချင်း သူ့လက်ကိုသူကူးလီ၏ လက်ဖဝါးပေါ်တင်ကာ တင်းတင်းဆုပ်ကိုင်ပြီး မျက်လုံးကို အသာမှေးစင်းလိုက်သည်။
"ကိုယ်တော့်ကြောင့်လား"
သူကူးလီမှာ လီချင်းယွင်၏ မိမိကိုယ်ကိုယ်အထင်ကြီးမှုကြောင့် အလွန်အံ့သြသွားရသည်။သူရယ်မောကာပြောလိုက်မိသည်။
"အရှင်မင်းကြီး အဲ့လိုထင်ရင်လည်း အဲ့လိုပဲပေါ့"
လီချင်းယွင်လည်း ရယ်မောကာ သူကူးလီကို စိုက်ကြည့်လိုက်သည်။
"အားလီ၊ မင်းဒီအခွင့်ကောင်းကို လိုချင်ရင် ကိုယ်တော်လွှတ်ပေးမလို့ပဲ.. ဒီလိုဆိုမှတော့ ကိုယ်တော်မင်းနဲ့ဖြည်းဖြည်းချင်းအချိန်ဖြုန်းပေးမယ်..ကိုယ်တော် မင်းကိုတွန်းအားပေးမှာမဟုတ်ဘူး.. ကိုယ်တော် မင်းသဘောတူလာတဲ့အထိမင်းကိုစောင့်ပြီး မင်းရဲ့သဘောထားကိုလေးစားပေးမယ်။"
သူကူးလီမှာ ရွံရှာစိတ်နှင့်အန်ချင်စိတ်ကိုသာ ခံစားလိုက်ရသည်။ သူကသူ၏မျက်ဝန်းလှလှလေးကိုပင့်ကာ
"အရှင်မင်းကြီးရဲ့မျက်လုံးနဲ့နှလုံးသားထဲမှာ ကာမစိတ်ကလွဲရင်အခြားဘာမှမရှိဘူးလား.."
"အရင်တုန်းကသာဆို ကိုယ်တော့်ရဲ့အောက်ခြေစည်းကို လာထိလို့ရမှာမဟုတ်ဘူး "
လီချင်းယွင်က ဖြည်းဖြည်းချင်းဆိုသည်။
သူကူးလီ၏မျက်နှာမှာအေးစက်လျက်။ အတော်ကြာပြီးမှသူက ဆိုလာ၏။
"အရှင်မင်းကြီးရဲ့ စိတ်ရှည်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်"
ညစာက ရောက်လာပြီဖြစ်သည်။
လီချင်းယွင်ကနန်းတွင်းအစေခံအားလုံးကို အပြင်ထွက်ဖို့အမိန့်ပေးလိုက်သည်။
ခန်းမထဲမှာ သူကူးလီနှင့်လီချင်းယွင်တို့သာ ကျန်ခဲ့သည်။
လီချင်းယွင်က အလွန်နှေးကွေးစွာစားနေသည် ။ စားရင်းတန်းလန်း သူက တူကိုဖြည်းဖြည်းချင်းချကာ သူကူးလီကိုကြည့်ပြီး နူးညံ့စွာဆိုလိုက်သည်။
"အားလီ အပေါ်က အဲ့လူကြီးမင်းကို ဆင်းလာခိုင်းလိုက်တော့လေ..သူအကြာကြီးပုန်းနေတာမညောင်းဘူးလား။"
ဒီစကားများထွက်လာသည်နှင့် သူကူးလီ၏မျက်နှာမှာ အေးစက်သွားသည်။
ခေါင်မိုးပေါ်မှာပုန်းနေသည့် ချန်မော့မှာလည်း မျက်နှာထားပြောင်းသွားသည်။ သူချက်ချင်း ကြမ်းပြင်ဆီပျံဆင်းကာ ရှေ့တစ်လှမ်းတိုးပြီး လီချင်းယွင်၏လည်တိုင်ပေါ် ဓားတင်လိုက်သည်။
"ချန်မော့!"
သူကူးလီ၏မျက်နှာထား အေးစက်သွားသည်။
"သခင် သူက ကျွန်တော်မျိုးကိုရှာတွေ့သွားပြီလေ!"
ချန်မော့ကစိုးရိမ်တကြီးဆိုလာပြီး လီချင်းယွင်ကိုစိုက်ကြည့်ကာ ရက်စက်သောအသံနှင့်ပြောလာ၏။
"အခုက သူ့ကိုသတ်ဖို့အကောင်းဆုံးအချိန်ပဲ!"
လီချင်းယွင်မှာတည်ငြိမ်လျက်။
"အားလီ မင်းကတုံးအတဲ့ တပည့်ကိုမွေးထားတာပဲ။"
"ချန်မော့ နောက်ဆုတ်။"
သူကူးလီကအေးစက်စက်လေသံနှင့်ဆိုလိုက်သည်။
ချန်ေမာ့ကဒါကိုလက်ခံချင်စိတ်မရှိ။
လီချင်းယွင်၏ လည်တိုင်မှာ ဓားသွားကြောင့်သွေးထွက်လို့နေသည်။
"ကိုယ်တော်သာ ယောက်ဟွားနန်းဆောင်မှာ သေသွားမယ်ဆို ယောက်ဟွားနန်းဆောင်က မနက်ဖြန်ကျ မင်းသခင်ရဲ့မြှုပ်နှံရာ နေရာဖြစ်လာလိမ့်မယ်.."
"ဘာကိုဆိုလိုတာလဲ.."
ချန်မော့က ဒီလိုရဲတင်းသောအရာမျိုးကို ပထမဆုံးအကြိမ်လုပ်ဖူးခြင်းမို့ သူ့မျက်ဝန်းမှာကြောက်မက်ဖွယ်နီရဲလျက်။
"ကိုယ်တော်သေသွားပြီးရင် အခြားသူတွေက ရွှယ်တိုင်းပြည်သားဖြစ်တဲ့ မင်းတို့ကိုသက်ညှာပေးမယ်ထင်နေတာလား"
လီချင်းယွင်က ချန်မော့၏ထိတ်လန့်မှုကို အခွင့်ကောင်းယူကာ ဓားကိုသူ့လက်ထဲက လုယူပြီး ပစ်ထုတ်လိုက်သည်။
ချန်မော့လည်းအသိပြန်ဝင်လာသည်။
သူကူးလီက သူ့ကိုသတိပေးကာ အေးစက်စက်စိုက်ကြည့်လိုက်သည်။
ချန်မော့က ချက်ချင်းလီချင်းယွင်ရှေ့မှာ ဒူးထောက်ကာဦးညွှတ်လာသည်။
"ဒါကနှင်းတိုင်းပြည်က ကျွန်တော်ရဲ့လျို့ဝှက်ကိုယ်ရံတော်ဟောင်းပါ.. ကျွန်တော်မိုက်မဲမိပါတယ်..ကျွန်တော့်ကိုခွင့်လွှတ်ပေးတော်မူပါအရှင်မင်းကြီး.."
သူကူးလီ၏ အသံမှာကျောက်စိမ်းပမာ ကြည်လင်လျက်။
"ခွင့်လွှတ်ပေးရမယ်"
လီချင်းယွင်က ပြန်မေးမိသည်။
သူချန်မော့၏ ဆံပင်ကိုဆွဲဆုပ်လိုက်ကာ ချန်မော့ကို သူ့အား မော့ကြည့်စေပြီး သူ့လေသံမှာအေးစက်လျက်။
"အားလီ ကိုယ်တော်မင်းကို အလျှော့ပေးတာများသွားလို့များ မင်းအနားကလူတွေက ကိုယ်တော့်ကိုတက်နင်းချင်နေတာလား..."
ချန်မော့မှာ ခေါင်းမော့ဖို့ တွန်းအားပေးခံထားရပြီး လီချင်းယွင်ကို မျက်ဝန်းနီနီများနှင့်စိုက်ကြည့်လို့နေသည်။
သူကူးလီက ဖြည်းဖြည်းချင်းထရပ်လာပြီး လီချင်းယွင်၏ လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ သူ့ကိုနူးညံ့စွာကြည့်လာသည်။
"အရှင်မင်းကြီး သူ့ကိုလွှတ်ပေးလိုက်ပါနော်..သူကမိုက်မဲပါတယ်။ ကျွန်တော် သူ့ကိုသင်ခန်းစာကောင်းကောင်းပေးလိုက်ပါ့မယ်.."
လီချင်းယွင်က နားမထောင်ဘဲ ချန်မော့ကိုအေးစက်စက်စိုက်ကြည့်လိုက်သည်။ သူချန်မော့ကိုသတ်ဖို့ နည်းလမ်းတစ်ထောင်တစ်သောင်းလောက် တွေးထားပြီးပြီပင်။
မထင်မှတ်ဘဲ သူ့ဆီသို့ အနမ်းတစ်ပွင့်ကျရောက်လာ၏။
လီချင်းယွင် မျက်လုံးပြူးသွားရသည်။
သူကူးလီက ခါးကိုင်းကာလီချင်းယွင်၏ ခေါင်းကိုအုပ်ကိုင်ပြီးလီချင်းယွင်၏နှုတ်ခမ်းကိုနမ်းကာ တစ်အောင့်ကြာခပ်ဖွဖွဖိကပ်ပြီးမှ ခပ်သွက်သွက်ဖယ်ခွာသွားသည်။
ချန်မော့က ဒါတွေအားလုံးကို အံ့သြတကြီးကြည့်နေမိသည်။
သခင်က....လက်ဦးမှုရယူပြီးအာဏာရှင်ကိုနမ်းလိုက်တယ်!
အနမ်းက အလွန်တိုတောင်းလွန်းလို့ လီချင်းယွင်အနည်းငယ်စိတ်ပျက်သွားရသည်။
သူကနှုတ်ခမ်းကို အသာဟကာ ရှက်သွေးဖြာလျက် ခေါင်းမော့ကာ သူကူးလီကိုကြည့်လိုက်မိသည်။
သူကူးလီ၏ မျက်နှာထားမှာအေးစက်နေတုန်းပင်။ သူက သူ့ပါးစပ်ကို သူလက်ချောင်းထိပ်များနှင့် သုတ်ကာနူးညံ့စွာဆိုလာသည်။
"အရှင်မင်းကြီး သူ့ကိုလွှတ်ပေးနိုင်မလား"
ချန်မော့မှာ သူကူးလီကို မယုံကြည်နိုင်ဟန်ကြည့်လိုက်မိသည်။
လီချင်းယွင်က သူ့နှုတ်ခမ်းကိုသူထိကာ နှုတ်ခမ်းအသာကွေးလိုက်မိသည်။
"အင်း"
"သခင်..."
ချန်မော့၏မျက်ဝန်းမှာမျက်ရည်စများနှင့်ပြည့်လျက်။
"ဒါပေမဲ့"
သူကူးလီက အကြောင်းအရာကို ပြောင်းလိုက်သည်။
"သူ့ကိုအပြစ်ပေးဖို့လိုသေးတယ်ဆိုတော့ သူ့ကိုကြိမ်ဒဏ်အချက်၅၀ပေးလိုက်ရင်ကော.."
"ကောင်းသားပဲ.."
လီချင်းယွင်က ခဏမျှတန့်သွားကာ
"သူ အခုကစပြီး မင်းရဲ့နန်းဆောင်မှာနေပြီး ကောင်းကောင်းသွန်သင်ဆုံးမခံရမယ်.."
"ဟုတ်ကဲ့"
သူကူးလီက ခေါင်းငြိမ့်ကာ ဆိုလာသည်။
___