no

Font
Theme

အခန်း(၁၁) အားလီ ကိုယ်တော်မင်းကိုနမ်းချင်တယ် 

 

လီချင်းယွင်က နိုင်ငံ့အရေးကိုလည်း လျစ်လျူရှုထားခြင်းမပြုခဲ့ပေ။ အပြင်းထန်မကျန်းမာဖြစ်ပြီး ပြန်လည်ကောင်းမွန်လာပြီးနောက် နိုင်ငံတော်အရေးကို နေ့ရောညပါ ကိုင်တွယ်ဆောင်ရွက်နေ၏။ တစ်ချိန်တည်းမှာပင် မူရင်းဇာတ်ညွှန်းအတိုင်း အဆိပ်ခတ်ခံရခြင်းမှ ကာကွယ်ရန်အတွက် စုယွီနဲ့ သူကူးလီတို့ကို စောင့်ကြည့်ဖို့ သူ့လူတွေကိုအမိန့်ပေးထားသည်။ 

 

သို့သော် ငွေအပ်ဖြင့် စုယွီ ပေးပို့သော ဆေးကို လီချင်းယွင် စမ်းသပ်ကြည့်ရာ ထိုဆေးတွင် အဆိပ်မရှိပေ။ အဆိပ်မရှိသော်လည်း လီချင်းယွင်သည် ထိုဆေးကို မသောက်ဘဲ တိတ်တဆိတ် သွန်ပစ်လိုက်သည်။ 

 

တဖက်တွင်လည်း သူကူးလီဟာ လုံရှန့်နန်းဆောင်သို့ မကြာခဏလာလေ့ရှိပြီး သူ‌‌လာတိုင်း ကိုယ်တိုင်လုပ်ကိတ်မုန့်များနှင့် သစ်သီးသကြားလုံးများကို ယူဆောင်လာလေ့ရှိသည်။ 

 

သူကူးလီကို အရသာရှိသည့် စားစရာများချက်ပြုတ်နိုင်မယ်ဟု လီချင်းယွင်ကိုယ်တိုင်ပင်ထင်မထားခဲ့ပေ။ 

 

လီချင်းယွင်က မွေးကတည်းက အချိုကိုအလွန်နှစ်သက်သူဖြစ်ပြီး တစ်လုပ်စားပြီးသည်နှင့် မရပ်တန့်နိုင်ဖြစ်သည်ထိ နှစ်သက်သည်။ 

နှင်းများသိပ်သည်းစွာကျသည့် နောက်ထပ်ညတစ်ညဖြစ်ပြီး ခမ်းနားလှသော ယုံး‌တိုင်းပြည်၏ နန်းတော်အား နှင်းများဖုံးလွှမ်းသွားခဲ့သည်။ ဆောင်းလေအေးများ တိုက်ခတ်လျက်ရှိပြီး နန်းတော်စောင့်ရဲမက်များက ကင်းလှည့်နေကြသည်။ 

 

နှင်း‌‌ကျနေတဲ့ ညအမှောင်ထဲ အဖြူရောင်ဝတ်ရုံ၊ အဖြူရောင်ခြုံထည်တို့ကို ဝတ်ဆင်ထားပြီး နူးညံ့တဲ့အစာသွပ်မုန့်တွေပါတဲ့‌မုန့်ဘူး‌‌ကို ကိုင်ပြီးဆင်းလာတဲ့ သူကူးလီကို မြင်လိုက်ကြရသည်။သူက သိမ်မွေ့လှပပြီး ကြည်လင်တောက်ပသည့် မျက်လုံးများရှိကာ မြင်ရသူမူးမေ့လဲစေသည်အထိ ချောမောလှပလွန်းသော်လည်း ကျဆင်း‌နေသည့်နှင်းစက်များကဲ့သို့ပင် အေးစက်လှသည်။ 

 

နန်းတော်စောင့်ရဲမက်များဟာ မှင်သက်စွာကြည့်နေကြပြီး အံ့အားတကြီးရေရွတ်နေကြသည်။ 

 

“အလွန်‌ချောမောခံ့ညားတာပဲ” 

 

“မင်းကြီးက သူ့ကို သိပ်သဘောကျတာ မဆန်းပါဘူး..” 

 

အစောင့်ခေါင်းဆောင်က အေးစက်စွာဆူပူကြိမ်းမောင်းလိုက်သည်။ 

“နန်းတော်ရဲ့ တားမြစ်နယ်မြေမှာ အဓိပ္ပာယ်မရှိ ရိုင်းစိုင်းတဲ့စကားကိုမပြောနဲ့ မဟုတ်ရင် မင်းတို့ရဲ့ခေါင်းကို အရှင်မင်းကြီးက ဖြတ်ပစ်လိမ့်မယ်”  

 

သူကူးလီရှေ့သို့ ရောက်သောအခါ ကင်းလှည့်အစောင့်များသည် သူ့အားမကြည့်ဝံ့ဘဲ ခေါင်းကိုငုံ့ကာ လက်ကိုလည်းအရိုအသေပေးသည့် အပြုအမူလုပ်ထားကြသည်။ 

 

သူကူးလီက ခေါင်းကို‌ဖြေးညှင်းစွာညိတ်ပြလိုက်ပြီး လုံရှန့် နန်းတော်ဆီသို့ ဦးတည်ပြီးလျှောက်သွား၏။ ချန်မော့သည်လည်း စကားတစ်ခွန်းမှမပြောဘဲ ကိုယ် ပျောက်လူသားလို သူကူးလီနောက်က နေတိတ်တဆိတ်လိုက်နေသည်။ ‌‌‌‌‌‌‌‌‌‌‌‌‌ 

 

သူကူးလီ၏နှင်းလိုဖြူဖွေးကြည်လင်နေသော ပုံရိပ်လေး အဝေးရောက်သွားတာနဲ့ အစောင့်ရဲမက် တွေက

“သခင်လေးသူကူးလီ အခုတလော အရှင်မင်းကြီးဆီလာလည်တာ အတော်ဇွဲကောင်းတာပဲ...လုံရှန့်နန်းတော်ကို နေ့တိုင်းသွားပြီး အရှင်မင်းကြီးဆီ အဆာပြေမုန့်တွေယူလာနေတာ အရင်ကနဲ့ မတူတော့သလိုပဲ” 

 

“ကျစ်! ရွှယ်တိုင်းပြည်က ဖျက်ဆီးခံလိုက်ရပြီ ရွှယ်တိုင်းပြည်ရဲ့ ဒုတိယမင်းသားက အခြေအနေကို နားလည်သ‌ဘောပေါက်ရမယ့် အချိန်ရောက်နေပြီနေမှာ... မင်းကြီးက ကြီးကျယ်မြင့်မြတ်ပေမယ့် သခင်လေးသူကူးလီအပေါ်အရမ်းကောင်းတာ ။ အကောင်းဆုံးပိုးထည်၊ အကောင်းဆုံး မီးသွေး၊ အနူးညံ့ဆုံး ဝတ်ရုံတွေကိုပို့‌ပေးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို အမိန့်ပေးတယ်တဲ့ မင်းကြီး တစ်ယောက်ယောက်ကို ဒီလိုဆက်ဆံတာ တစ်ခါမှ မတွေ့ဖူးဘူး” 

 

 “ငါတို့ မင်းကြီး တကယ်ကို ထောင်‌ချောက်မိနေတာဘဲ” 

 

လုကုန်းကုန်းထံမှ ခွင့်ပြုချက်ရပြီးပြီးချင်း သူကူးလီက နန်းဆောင်ရဲ့အတွင်းခန်းမထဲသို့ဝင်ကာ အနီ‌ရောင်လိုက်ကာစကို ဖယ်လိုက်ပြီး ခေတ္တခန ရပ်တန့်လိုက်သည်။ 

နေ့စဉ်ပြန်သုံးသပ်‌လေ့ရှိသည့် အစီရင်ခံစာများသည် ရတနာလေးခုနှင့်အတူ စားပွဲပေါ်တွင် ရှုပ်ပွနေကာ ထိုစားပွဲပေါ်တွင် လီချင်းယွင်ဟာ အနီရောင်ဝတ်ရုံကို ၀တ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အနက်ရောင်ဆံပင်များ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေလျက် သူ၏အနီရောင် နှုတ်ခမ်းတို့ဟာလည်း အိပ်မက်ယောင်နေတာ‌ကြောင့် လှုပ်ရှားနေသည်။ 

 သူကူးလီက မုန့်သေတ္တာကို ဘေးတွင် ချထားလိုက်သည်။ 

 

သူက လီချင်းယွင်၏ အစီရင်ခံစာများကို စနစ်တကျ စီပေးလိုက်သည်။ထို့‌နောက် စာရွက်ဖြူပေါ်တွင် ရိုးရှင်းသော ပန်းချီကားတစ်ချပ်ကို လီချင်းယွင်ရေးဆွဲထားသည်ကို သူတွေ့လိုက်ရ၏။ပန်းချီကားထဲတွင် ဆီးပွင့်များ အပြည့်ပွင့်နေပြီး နှင်းများကျနေကာ လူတစ်ယောက်ရဲ့အဝတ်အစားတွေက တဖျပ်ဖျပ်ခတ်နေလျက် အနက်ရောင်ဆံနွယ်တွေက လေနှင့်အတူလွင့်နေသည်။ ထိုသူ၏သွယ်လျ‌သည့်လက်ချောင်းများက ဇီးပန်းပွင့်များကို ဆုပ်ကိုင်ထားပြီး နောက်ကျောမှမြင်ရသည်မှာ မသေမျိုးတစ်ယောက်ကဲ့သို့ အလွန်ကြည့်ကောင်းနေသည်။


ထိုပန်းချီကားမှာ သူကိုယ်တိုင်ဖြစ်ကြောင်း သူကူးလီ အတပ် ပြောနိုင်သည်။ 

လီချင်းယွင်ကို ငုံ့ကြည့်လိုက်တော့ သူ့မျက်လုံးထဲက အေးစက်မှုများက သူတောင် မသိလိုက်ဘဲ ပျောက်ကွယ်သွားလေ၏။ 

 

 

     “အားလီ” 

 

သူအိပ်နေချိန်တောင် ငါ့အကြောင်းကို အိမ်မက်မက်နေတာလား...

သူကူးလီ၏နှလုံးသားမှာ အေးစက်ပြီး ကျောက်ရုပ်သဖွယ် ခံစားချက်ကင်းမဲ့နေသည်။ လီချင်းယွင်က သူ့ကို ပိုချစ်လေလေ ပိုတန်ဖိုးထားလေလေ သူ့အတွက် ပိုအကျိုးရှိလေသာဖြစ်သည်။သူကူးလီက လီချင်းယွင်၏နှလုံးသားကို ထိန်းချုပ်ရာမှာ ယုံကြည်ချက်ရှိလာလေ သူလိုချင်သမျှကို ရယူဖို့ ပိုလွယ်လာလေဖြစ်သည်။ 

 

သူ့အတွက်တော့ ခံစားချက်တွေက အသုံးပြုလို့ရတဲ့လက်နက်တစ်ခုထက် မပိုပါပေ။ပညာရှိတဲ့သူဟာ အချစ်မှာလုံးဝမကျရှုံးနိုင်။ 

 

လီချင်းယွင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်‌မောကျ‌နေပုံရပြီး သူကူးလီ မည်သို့ပင်နှိုးနှိုး သူ့ကို မနှိုးနိုင်ပေ။ စိတ်ပျက်လက်ပျက်ဖြင့်ပင် သူကူးလီက လီချင်းယွင်၏ခါးကို သူ့လက်နှင့်‌ပွေ့ဖက်ကာ ဆွဲထူလိုက်သည်။ 

 

လီချင်းယွင်က သူကူးလီ၏လည်ပင်းကို ရုတ်တရက် သိုင်းဖက်လာပြီး သူကူးလီ၏ ခါးတွင် သူ့ခြေထောက်များကို ချိတ်လာတာမို့ ဖိနပ်များ မြေပြင်ပေါ်ပြုတ်ကျလာသည်။ 

 

သူကူးလီ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။ 

 

ဒီလိုပုံစံနှင့်ပင် သူကူးလီက လီချင်းယွင်၏ တင်ပါးများကို မြှောက်ချီလိုက်ပြီး နဂါးကုတင်ဆီသို့ လျှောက်သွားလိုက်သည်။ 

 

လီချင်းယွင် နိုးသယောင်ဖြစ်လာသည်။ သူ့ပါးပြင်တွေ ပူနေပြီး မူးဝေနေ၏။ မွှေးပျံ့ နေသောရနံ့ကိုရနေပြီး ထိုရနံ့နောက်ကိုလိုက်ကာ ပူနွေးနေတဲ့ သူ့ပါးပြင်တွေနဲ့ သူကူးလီရဲ့လည်တိုင်နဲ့ အသိစိတ်ကင်းမဲ့စွာ ထိတွေ့နေမိသည်။ 

 

လီချင်းယွင်၏ ဖီးနစ်မျက်လုံးများမှာ မှုန်ဝါးနေပြီး ပါးပြင်များက အနီရောင်တောက်နေသည့် ပန်းပွင့်ကဲ့သို့ဖြစ်နေကာ အနက်ရောင်ဆံပင်များကလည်း ဘေးဘက်သို့ ညင်သာစွာ ပြန့်ကျဲသွား၏။  

 

လီချင်းယွင်က သူကူးလီ၏လည်ပင်းကို အနီရောင်နှုတ်ခမ်းပါးတို့နှင့်ညင်သာစွာ ထိတွေ့လိုက်မိပြီး အလွန်မွှေးကြိုင်နေတာမို့ လျှာဖြင့် လျက်လိုက်မိသည်။ 

 

သူကူးလီ၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး လည်ပင်းမှာလည်း ယားယံလာကာ မသိစိတ်ကနေ အန်ချင်လာမိသည်။ 

 

ဒါပေမယ့် နှစ်တွေအကြာကြီး သည်းခံနေနိုင်ခဲ့ပေမယ့် သူဘာလို့ တုံ့ပြန်မှုရှိလာမှန်းတော့ မသိပေ... 

     

သူကူးလီက လီချင်းယွင်ကို ကုတင်ပေါ်တင်ပေးလိုက်သည်။ 

 “အရှင်မင်းကြီး” 

 

 သူကူးလီခေါင်းငုံ့လိုက်ကာ လီချင်းယွင်၏ နီနေသောမျက်နှာအား ထိလိုက်သည်။ 

 

သူဖျားနေတာပဲ.... 

သူ့တစ်ကိုယ်လုံးကပူကျစ်နေတာ... 

 

“သမားတော်ကိုခေါ်လိုက်ပါမယ်” 

 

လီချင်းယွင်၏ လက်ကိုဖြုတ်လိုက်ရင်း သူကူးလီ ထွက်သွားရန် ပြင်လိုက်သောအခါ လီချင်းယွင်က ရုတ်တရက် သူကူးလီ၏လက်အား ဆွဲကိုင်လိုက်ပြီးနောက် မျက်လုံးဖွင့်ကြည့်လာပြီး သူ့မျက်လုံးထဲတွင် မြူနှင်းများဝေဝါးနေသယောင်... ပုလဲမျက်ရည်များမှာလည်း နီရဲနေသည့် ပါးပြင်ပေါ်သို့ မျက်ရည်စီးကြောင်း နှစ်ခုကဲ့သို့စီးကျလာပြီး လည်ချောင်းဆီမှ ငိုသံလည်း ထွက်ပေါ်လာသည်။ 

 

မီးရောင်မှိန်မှိန်အောက်တွင် ငယ်ရွယ်တဲ့ ဧကရာဇ်က မျက်ရည်ဝေနေသောမျက်ဝန်းများနှင့် တောင်းဆိုနေဟန်ကြည့်နေလေသည်။ 

 

သူကူးလီ မလှုပ်မယှက်ဖြစ်သွားရ၏။ 

 

“မယ်တော် မသွားပါနဲ့” 

 

လီချင်းယွင်၏ မျက်လုံးများမှာ ဝေဝါးနေလျက်ပင်... 

 

ငါ့ကို သူ့အမေလို့ ထင်နေတာလား? 

သူကူးလီ မျက်ခုံးများပင့်မိသွားသည်။ သူ တစ်ခါမှ လီချင်းယွင်၏ အခုလိုပုံအား မမြင်ခဲ့ဖူးပေ။ အရှေ့ကိုတိုးလိုက်ကာ လက်ချောင်းများနှင့် မျက်ရည်ကိုသုတ်ပေးလိုက်ပြီး ကြမ်းရှနေသောအသံဖြင့်

“ကျွန်တော်မျိုး ဘယ်သူလဲဆိုတာ သေချာကြည့်ပါ” 

 

လီချင်းယွင်၏ မျက်လုံးများက ဖြည်းဖြည်းချင်း ကြည်လင်လာကာ သူ့မျက်လုံးများမှာနီရဲနေပြီး သူ့အမေက လွန်ခဲ့တဲ့နှစ်များစွာကတည်းက သေဆုံးသွားခဲ့တာကို သတိရသွား၏။ 

 

သူ့အရှေ့ကလူက မသေမျိုးနဲ့တူတဲ့ လှပလွန်းတဲ့ အမျိုးသားတစ်ယောက်ပင်... 

အဲ့ဒါက အားလီပဲ... 

 

သူကူးလီကလွဲရင် ဘယ်သူက ဒီလောက်လှနိုင်ပါ့မလဲ။ 

 

လီချင်းယွင် သူကူးလီ၏ လက်ကိုကိုင်ကာ နီရဲနေသောမျက်လုံးများဖြင့် 

 

“အားလီ” 

 

သူကူးလီ၏ အသက်ရှုသံရပ်သွားပြီး သူ့နှလုံးခုန်နှုန်းမှာ နှေးသွားရသည်။ 

 

ပျံ့လွင့်နေတဲ့စိတ်ကို ထိန်းချုပ်လိုက်ပေမယ့် ကိုယ့်ကိုကိုယ်ထိန်းချုပ်မရဖြစ်နေသည့် ခံစားချက်မှာ သူကူးလီအား စိတ်မသက်မသာဖြစ်စေ၏။ 

 

“အားလီ ကိုယ် မင်းကို နမ်းချင်တယ်” 

 

လီချင်းယွင် မေးစေ့အားမော့လိုက်ကာ သူကူးလီ၏ အောက်နှုတ်ခမ်းကို ထိတွေ့လိုက်သည်။‌ 

 

အေးစက်နေတဲ့ညဆိုသော်လည်း ဖျားနေတာမို့ လီချင်းယွင်၏ နေရာတိုင်းက ပူကျစ်လို့နေသည်။ 

 

သူကူလီက လီချင်းယွင်၏ ခေါင်းကို ထိန်းကိုင်ထားလိုက်ပြီး အမည်မသိ အကြောင်းပြချက်တစ်ခုကြောင့် လီချင်းယွင်၏ နှုတ်ခမ်းများကို လက်စားချေလိုမှုဖြင့် ရူးသွပ်စွာ ပြင်းပြင်းထန်ထန် မြည်းစမ်းကြည့်လိုက်သည်။


လီချင်းယွင် မသိစိတ်ကြောင့် အလိုလိုမျက်မှောင်ကြုတ်လိုက်၏။ အဘယ့်ကြောင့် မသေမျိုးဟု သူထင်ခဲ့သော အလှလေးသည် သူ၏ နှုတ်ခမ်းနှင့်သွားများကို နာကျင်စေသည်အထိ ကြမ်းတမ်းရတာလဲ... 

 

သူအသက်ရှူရပ်မတတ် ဖြစ်သွားရသည်။ 

 

    “ဟင်း” 

 

လီချင်းယွင်က အသက်ကိုလုရှုနေရကာ မျက်နှာများကလည်း နီမြန်းသွားသည်။ 

 

သူကူးလီက အနမ်းကို ရပ်တန့်လိုက်ပြီး သူ့လက်သွယ်သွယ်ကို ဆန့်ထုတ်လိုက်ကာ လီချင်းယွင်၏ နှုတ်ခမ်းထောင့်မှ သွေးများကို သူ့လက်မထိပ်ဖြင့် သုတ်ပေးလိုက်သည်။ 

 

သူ့မျက်လုံးတွေက အနည်းငယ်မှောင်မိုက်နေပြီး ဒီအခိုက်အတန့်မှာ သူ့အသိစိတ်က တဖြည်းဖြည်းပြန်ကပ်လာတော့သည်။ နမ်းတာလောက်ကိုတော့ သူ့ စိတ်ထဲတွင်မထားပေ။အနည်းဆုံး‌တော့ လီချင်းယွင်၏ နှုတ်ခမ်းက ချိုမြိန်လှသည်။ သူ့သွေးရနံ့က မွှေးပျံ့နေကာ အန္တရာယ်ရှိပြီး သေစေနိုင်သည့် ဆွဲဆောင်မှုတစ်ခုရှိနေသယောင်... 

 

လီချင်းယွင်မှာ အဖျားတက်ပြီး စိတ်ရှုပ်ထွေးနေပေမယ့် သူကူးလီက တည်ငြိမ်နေသည်။ 

 

သူကူးလီ၏အမူအရာက တဖြည်းဖြည်း ပြန်ပြီး အေးစက်လာသည်။ 

 

သူတစ်ခုခုကို သူသတိရသွားပြီး လီချင်းယွင်၏လက်ကိုဖယ်လိုက်ပြီး ဖြည်းညှင်းစွာထကာ ထွက်သွားရန်ပြင်လိုက်သည်။ 

 

လီချင်းယွင်ကလည်း ထ,ရပ်လိုက်တာမို့ ကုတင်ပေါ်မှအောက်သို့ လဲကျသွား၏။ သူက သူကူးလီ၏ခါးကို ပွေ့ဖက်ကာ မျက်လုံးများနီရဲနေလျက် 

 

“မသွားပါနဲ့” 

 

သူကူးလီ၏ မျက်နှာက အနည်းငယ်ဖျော့တော့သွားသည်။ 

 

ခန်းမအပြင်ဘက်၌ လုကုန်းကုန်းမှာ ထွက်သွားတော့မည်ဖြစ်သော်လည်း သူကူးလီ၏ ဂရုမစိုက်တဲ့ပုံစံကို မြင်လိုက်ရတာမို့ သူ့ကိုပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ 

 

ထို့နောက် ခန်းမတံခါးကပိတ်သွားပြီး ခန်းမအပြင်ဘက်မှ အသံထွက်လာ၏။ 

 

 “သေချာစောင့်ကြည့်ထားကြ!!သခင်လေးသူကူးလီကို လုံရှန့်နန်းဆောင်ထဲကနေ ထွက်ခွင့်မပေးနဲ့” 

 

လုကုန်းကုန်း၏ အသံက စူးရှကျယ်လောင်စွာထွက်‌ေပါ်လာသည်။ 

 

သူကူးလီက အလွန်အေးစက်နေသည့်အသံဖြင့် :“အရှင်မင်းကြီး သွားခွင့်‌ပေးလို့ရနိုင်မလား” 

 

လီချင်းယွင်က ခေါင်းခါလိုက်ပြီး : “မရဘူး” 

 

သူကူးလီက နောက်ပြန်လှည့်မကြည့်ဘဲ ပြောလာသည်။

“သွားခွင့်ပေးပါ”  

 

“မသွားနဲ့”  

 

လီချင်းယွင်၏ မျက်လုံးများ နီရဲလာပြန်သည်။ သူက အားနည်း‌‌ပြီးအဖျားရှိနေတာကို... 

“ငါ့အနားမှာနေပေးလို့မရဘူးလား” 

 

“မင်းကြီးဖျားနေတယ် ကျွန်တော်မျိုး အရှင့်ကို ကုသပေးဖို့ သမားတော်ကို ခေါ်လိုက်ပါ့မယ်... ကုသဖို့နောက်ကျရင် အရှင့်အတွက်မကောင်းဘူး” 

 

နောက်ဆုံးတွင်တော့ သူကူးလီ၏မျက်လုံးများတွင် ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်များပေါ်လာခဲ့၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment