no

Font
Theme


အခန်း(၂)အဓိကဇာတ်လိုက်က အထီးကျန်နေတယ်

လီချင်းယွင် သူ့ကိုယ်သူ နားလည်လာပြီး‌နောက် သူ၏ပြင်းထန်သည့် ပထမဆုံးစိတ်ဆန္ဒမှာ တိုင်းပြည်ကိုဖျက်ဆီးသည့်ဘုရင်တစ်ပါး မဖြစ်လိုခြင်းပင်...။

တိုင်းပြည်နှင့်မိသားစုကို ကိုယ်တိုင်ဖျက်ဆီးခြင်း၊ အကျဉ်းထောင်တွင် သေဆုံးရခြင်းများက သူ့အဆုံးသတ်သာဆိုလျှင် အရာအားလုံးကို သူပြောင်းလဲပစ်မည်။

အရာအားလုံး၏ အဓိကအကျဆုံးအချက်မှာ ဇာတ်လိုက် သူကူးလီအပေါ် မူတည်သည်။ ထို့ကြောင့် သူက သူကူးလီအပေါ် အလေးထားကြောင်း ပိုပြီးပြသလိုက်မည်။ ဖိနှိပ်အားသုံးခြင်းသာမခံရပါလျှင် သူ စည်းကျော်မည်မဟုတ်သလို ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အရာများကိုလည်း ထပ်လုပ်တော့မည်မဟုတ်ပါပေ။ ထိုဇာတ်လိုက်နှင့် ဆိုရှယ်လစ်ညီအကိုဆက်ဆံ‌ရေးကိုသာ ဆက်ထိန်းထားနိုင်မည်ဆိုလျှင် သူ ဒီအဆုံးသတ်ကိုပါ သေချာပေါက် ပြောင်းလဲနိုင်မည်။ ထိုသို့တွေးမိပြီးနောက် လီချင်းယွင် ဖိနပ်ပင်မစီးနိုင်ဘဲ အတွင်းဝတ်ရုံတစ်ထည်တည်းနှင့်သာ နန်းဆောင်အပြင်ကို‌ပြေးထွက်သွားသည်။ သူ့နောက်ရှိ လုကုန်းကုန်း အော်နေသည်ကိုပင် သူလုံးဝလျစ်လျူရှုထားမိသည်။

“အရှင်မင်းကြီး… ဝတ်ရုံရော...ဖိနပ်နဲ့ခြေအိတ်တွေရော မဝတ်ရသေးပါဘူး မင်းကြီး…”

ဆောင်းရာသီ၏ အအေးဆုံးအချိန်ဖြစ်ကာ ကောင်းကင်မှဆီးနှင်းများ သိပ်သည်းစွာကျဆင်းလျက်ရှိသည်။ ခမ်းနားထည်ဝါသည့် နန်းတော်တစ်ခုလုံးအား ငွေဖြူရောင်ဖြင့် တန်ဆာဆင်ထား၏။

နဂါးနန်းတော်၏ ပင်မခန်းမဆောင်အပြင်ဖက်တွင် နှင်းဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အလွန်လှပသော အမျိုးသားတစ်ဦး ဒူးထောက်နေသည်။

သူက အံ့မခန်းလောက်သောအလှတရားများနှင့် အလွန်ချောမောလှပလွန်းသည်။ သူ့အလှမှာ ရေခဲနှင့် နှင်းစက်ကဲ့သို့ ဖြူဖွေးစင်ကြယ်ကာ ကမ္ဘာပေါ်တွင် တုနှိုင်းလောက်စရာပင်မရှိပေ။

သူက နှင်းဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံနွယ်များမှာလည်း ရေတံခွန်ကဲ့သို့ကျဆင်းနေကာ အလွန်လှပသောမျက်နှာမျိုးရှိသည်။ နဖူးပေါ်တွင်လည်း မှဲ့နီတစ်ခုရှိကာ ဘုရင့်နန်းတော်ကိုပင် ပန်းချီကားတစ်ချပ်ကဲ့သို့လှပစေသည်။ မျက်နှာလှလှလေးမှာ အနည်းငယ်ဖျော့တော့နေဟန်ရပြီး နှုတ်ခမ်းများမှာလည်း သွေးအားနည်းနေသောကြောင့် အေးခဲအက်ကွဲနေသည်။

သူ့အဝတ်အစား‌များပေါ်ရှိ သွေးကွက်များမှာ နှင်းထဲတွင် ကြက်သွေး‌ရောင်ဇီးပန်းတို့ပွင့်နေသကဲ့သို့ နှစ်သက်ကြည်နူးဖွယ်ရာပင် ဖြစ်နေသည်။

သူကူးလီ မျက်ခွံများလေးလံနေပြီး မျက်နှာမှာလည်း စာရွက်ကဲ့သို့ဖြူဖျော့နေကာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလျက်ရှိ၏။

သူ ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်ချိန်တွင် အတွင်းဝတ်ရုံတစ်ထည်တည်းဝတ်ဆင်ကာ သူ့အနားလျှောက်လာနေသော လီချင်းယွင်ကို မြင်လိုက်ရသည်။ သူက ခြေဗလာနှင့်ပင် နှင်းများကြားထဲမှ သူ့ဆီသို့လျှောက်လာနေသည်။ နှင်းများ သိပ်သည်းစွာကျနေသောကြောင့် လီချင်းယွင် ခဏတာမျှ တောင့်ခဲသွားရသည်။ သူကူးလီကိုမြင်လိုက်ရသောအခါ သူဖြည်းဖြည်းချင်း လျှောက်လာလိုက်သည်။

သူကူးလီ၏ မျက်ဝန်းလှလှများတွင် မနှစ်မြို့သည့်အရိပ်အယောင်တို့ ဖြတ်ခနဲပေါ်လာသည်။ သူကူးလီ ထိုပုဂ္ဂိုလ်ကိုမြင်မြင်ချင်းမှာပင် သူ့တိုင်းပြည်ကိုဆုံးရှုံးလိုက်ရခြင်း၊ လီချင်းယွင်၏ လူမဆန်စွာခေါ်ဆောင်ခံရခြင်းတို့ကို သတိရသွားကာ အမုန်းတရားတို့ဖြစ်ပေါ်လာရသည်။ အချိန်ခနအတွင်းမှာပင် သူ့မျက်လုံးများမှာ အဖက်မလုပ်ဘဲ အလိုဆန္ဒလည်းလုံးဝမရှိသည့် အေးတိအေးစက်အကြည့်များ ပြန်ဖြစ်သွားသည်။

လီချင်းယွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး သူ့ကိုငုံ့ကြည့်လိုက်သည်။

သူကူးလီက ရှေ့တည့်တည့်ကိုသာ ကြည့်‌နေလိုက်ပြီး နှင်းများပေါ်တွင်လျှောက်လှမ်းလာသော ကျောက်စိမ်းရောင်ခြေထောက်တစ်စုံကို ဖျတ်ခနဲမြင်လိုက်ရသည်။ သူ မျက်မှောင်ကြုတ်မိရုံမျှသာ တတ်နိုင်သည်။ လီချင်းယွင် ကတစ်ခါမှ ထိုမျှလောက် နေမထိထိုင်မသာ မဖြစ်ဖူးဘူးမို့လား။

လီချင်းယွင်တယောက် သူကူးလီအား စိုက်ကြည့်‌နေလိုက်ပြီးကာမှ ရုတ်တရက် မည်သို့အစပြုရမည်ကိုပင် မသိတော့ပေ။

သူကူးလီမှာ အလှလေးတစ်ယောက်ပင်။ အကယ်၍ သင်သာ သူကူးလီကို တစ်ကြိမ်တစ်ခါထက် ပိုကြည့်မိခဲ့ပါလျှင် သူ၏ အေးစက်စက်အလှတရားတွင် သတိလက်လွတ်ကျဆုံးသွားမည်ဖြစ်ကာ ရုန်းထွက်ဖို့ပင် တတ်နိုင်တော့မည်မဟုတ်ပါပေ။ အကယ်၍ ဤကမ္ဘာကြီးက သူကူးလီကို ဇာတ်လိုက်ဖြစ်စေပြီး လူတိုင်းကသာ သူ့ကိုချစ်ကြမည်ဆိုလျှင်ပင် လီချင်းယွင် အံ့ဩမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူကူးလီမှာ အသက်ရှုမှားလောက်အောင်ပင် လှလွန်း၍ဖြစ်သည်။

ယခုအချိန် သူကူးလီက မူလဇာတ်လမ်းထဲကလို သူ့ကြောင့် မျက်စိမကွယ်သေးဘဲ နှိပ်စက်ခြင်းမျိုးလည်း မခံရသေးလျှင် ဒါဟာအရာအားလုံးအတွက် အချိန်မီသေးသည်။

"အဟွတ်...အဟွတ်...”

အသံထွက်လာလာချင်းမှာပင် အက်ကွဲနေသော ချောင်းဆိုးသံအဖြစ် ပြောင်းလဲသွားသည်။

သူကူးလီ၏ အေးစက်စက်မျက်ခုံးများမှာ နှင်းတမျှစူးရှနေပြီး မျက်နှာမှာလည်း ကျောက်စိမ်းကဲ့သို့ဖြူဖျော့နေကာ နှုတ်ခမ်းထောင့်များမှာလည်း အနည်းငယ်နီမြန်းပြီး အက်ကွဲနေသည်။

လီချင်းယွင် သူ့ပါးစပ်ကိုအုပ်ကာ ချောင်းဆိုးပြီး သူကူးလီကိုကြည့်လိုက်သည်။ သူ့မျက်လုံးများမှာ တဖြည်းဖြည်းနက်နဲလာပြီး စကားဖြည်းဖြည်းချင်း ပြောလာသည်။

"သူကူးလီ...မင်းငါ့ကို ရေထဲတွန်းချခဲ့တာက သေဒဏ်ပေးလို့ရတဲ့ရာဇဝတ်မှုကိုကျူးလွန်ခဲ့တာပဲ... လုကုန်းကုန်းက မင်းကို ကြိမ်ဒဏ်အချက်ငါးဆယ်ရယ် ဒီနေရာမှာ ဒူးထောက်နေစေဖို့ရယ် အပြစ်ပေးခဲ့တယ်... မင်းမှာကန့်ကွက်စရာရှိသလား...”

လီချင်းယွင်က မေးလိုက်သည်။

"ကန့်ကွက်စရာမရှိပါဘူး...”

သူကူးလီ၏ အသံမှာ ကျောက်စိမ်းကဲ့သို့ကြည်လင်ပြတ်သားနေပြီး ကြားရသူကို သာယာနာပျော်ဖွယ်ဖြစ်စေသည်။

လီချင်းယွင်က သူနေ့နေ့ညညတွေးနေခဲ့ရသည့် သူကူးလီကိုကြည့်ကာ အသက်ပြင်းပြင်းရှုပြီး စိတ်မပါလက်မပါ မေးလိုက်သည်။

“သူကူးလီ...ငါ့ရဲ့တရားမဝင် အမျိုးသားချစ်သူဖြစ်ရတာက မင်းအတွက် တကယ်ပဲ အရမ်းအရှက်ရစရာဖြစ်နေသလား.."

"ဘယ်လိုထင်ပါသလဲ...အရှင်မင်းကြီး...”

သူကူးလီ၏ လေသံမှာ ရွဲ့စောင်းပြီးစိတ်ပျက်နေပုံရှိကာ အနီရောင်နှုတ်ခမ်းတို့မှာလည်း အနည်းငယ်တွန့်ချိုးသွားသည်။

သူ့ဘဝတွင် အမုန်းဆုံးအရာများမှာ ကလေးငယ်များကို လိင်ကိစ္စဆွဲဆောင်သည့် ချောမောသောယောက်ျားပျိုများ၊ ယောက်ျားများစိတ်ကျေနပ်စေရန် သူတို့၏ ရာထူးအဆင့်အတန်းနှင့် ခန္ဓာကိုယ်ကိုအသုံးချသည့် ယောက်ျားများ၊ ယောက်ျားအချင်းချင်း ကျိုးနွံနာခံသည့်လူများပင်ဖြစ်သည်။

ယောက်ျားများကိုသာနှစ်သက်သည့် ရာထူးကြီးကြီးပုဂ္ဂိုလ်များကို ပို၍ပင်စက်ဆုပ်ရွံရှာသည်။

လီချင်းယွင်က လှပသည့်ယောက်ျားပျိုတို့ကိုအလွန်နှစ်ခြိုက်သောကြောင့် သူ အရှက်ရစေရန်၊ သူ့ဂုဏ်သိက္ခာနှင့် မာန်မာနတို့ကိုချိုးနှိမ်ရန်အတွက် ထိုအရာကို အသုံးချခဲ့သည်။ သူက လူအများ အညံ့ခံလာစေရန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းပြီး ရက်စက်သည့်နည်းလမ်းပေါင်းစုံသုံးကာ ဖိအားပေးခဲ့သည်။ ယုံးတိုင်းပြည်၏ မင်းဆိုးမင်းညစ်မှာ နိုင်လိုမင်းထက်ပြုမူ‌တတ်သော အရည်အချင်းမရှိသူ ဟူသည့် ဂုဏ်ပုဒ်နှင့်ထိုက်တန်သည်။

သူကူးလီမှာ ဒီလိုဖြစ်ဖို့ရာ မွေးဖွားလာသူမဟုတ်သောကြောင့် အော်ဂလီဆန်စရာသကဲ့သို့ခံစားရသည်။

"ကောင်းပြီ...ငါမင်းကိုထပ်ပြီး ဖိအားပေးတော့မှာမဟုတ်ပါဘူး.." လီချင်းယွင်က အက်ကွဲနေသည့် အသံဖြင့်ပြောသည်။

သူကူးလီ ခေါင်းမော့လာပြီး သူ့မျက်လုံးအိမ်များမှာ အနည်းငယ် အေးစက်နေသည်။

“ အရှင်မင်းကြီး… တခြားလှည့်စားနည်းတွေထပ်သုံးဖို့ ကြိုးစားနေတာလား...”

"ဘုရင်တစ်ပါးဟာ စကားကို စနောက်မပြောဆိုဘူး...”

လီချင်းယွင်က သူကူးလီ၏ အေးစက်စက်မျက်လုံးများနှင့်အကြည့်ချင်းဆုံလိုက်ပြီး ခေါင်းကိုငုံ့ကာ ခပ်ဖြည်းဖြည်းပြောလိုက်သည်။

"မင်းကို ထပ်ပြီးဖိအားမပေးတော့ဘူးလို့ ကတိပေးတာမလို့ … အဲ့လိုအရာကိုလည်း နောက်တစ်ခါထပ်ပြီး လုပ်ဖို့ ဖိအားပေးမှာမဟုတ်တော့ဘူး.."

" အရှင်မင်းကြီး… အရှင်က ကျားကိုတောထဲပြန်လွှတ်နေတာပဲ...”

သူကူးလီ၏ မျက်ဝန်းထဲတွင် လူသတ်လိုသည့် ရည်ရွယ်ချက် အရိပ်အယောင်များရှိနေသည်။

“အရှင် ကျွန်တော်မျိုးကို ဒီနေ့သေဒဏ်မစီရင်ဘူးဆိုရင်... တိုင်းပြည်ဖျက်ဆီးခံလိုက်ရတဲ့အမုန်းတရားအတွက် နောင်တစ်ချိန်မှာ ကျွန်တော်‌မျိုး သေချာပေါက်သွေးကြေးပြန်ယူရလိမ့်မယ်... တကယ်ပဲ လွှတ်ပေးမှာပါလား..အရှင်…”

"မင်း မသတ်နိုင်ပါဘူး.."

လီချင်းယွင်၏ မျက်လုံးများမှာ စိတ်ကြီးဝင်နေသည်။ သူက သူကူးလီ၏ မေးစေ့ကိုဆွဲမော့လိုက်ပြီး ခပ်ဖျော့ဖျော့ အပြုံးမျက်လုံးများဖြင့် ပြောလိုက်သည်။

"သူကူးလီ... ငါက မင်းကို မောင်းမဆောင်မှာ အကျဉ်းချထားပြီးသားဖြစ်တာမလို့...မင်းဘာပြဿနာမှရှာလို့ရမှာမဟုတ်ဘူး...ပြီးတော့...”

လီချင်းယွင်က ဒူးတစ်ဖက်ထောက်လျက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူကူးလီကိုကြည့်ကာ အက်ကွဲနေသည့်အသံဖြင့် ဆက်ပြောသည်။

”မင်းရဲ့ ညီအစ်ကိုမောင်နှမ ဆွေမျိုးတွေအားလုံးနဲ့ ရွှယ်တိုင်းပြည်ရဲ့ တိုင်းသူပြည်သားအားလုံးဟာလည်း အကျဉ်းချခံထားရတယ်...သူတို့ကို မင်းနဲ့အတူ သေစေချင်သလား...တကယ်လို့ မင်းက ဘုရင်ကိုလုပ်ကြံပြီး နိုင်ငံတော်သစ္စာဖောက်မှုကိုကျူးလွန်မယ်ဆိုရင် ရွှယ်တိုင်းပြည်ရဲ့အကျဉ်းသားတွေအားလုံးကို ငါ ချက်ချင်းကွပ်မျက်ပစ်လို့ရတယ်...”

သူကူးလီ၏မျက်နှာမှာ တဖြည်းဖြည်း ပိုပိုပြီး အေးစက်လာသည်။ ထိုမျက်လုံးများမှာ ခဲတောင့်နေသည့် ရေခဲနှင့် နှင်းများ ပြည့်နေသည်ဟုပင်ထင်ရကာ နဖူးပေါ်ရှိ တစ်ခုတည်းသော မှဲ့နီမှာလည်း အနည်းငယ် အရောင်တောက်လာသယောင်ရှိသည်။

လီချင်းယွင်မှာ သူကူးလီ၏မျက်နှာကို ထိကြည့်မိရုံမှတစ်ပါး ဘာမျှမတတ်နိုင်ခဲ့ဘဲ သူကူးလီ၏မျက်လုံးများထဲတွင် မနှစ်မြို့သည့်အရိပ်အယောင်များကိုလည်း ထင်ထင်ရှားရှားမြင်လိုက်ရသည်။ ဇာတ်လိုက်တစ်ယောက်ဖြစ်သည်နှင့်အညီ သူကူးလီမှာ သူမတူသည့်အလှတရားကိုပိုင်ဆိုင်ထားသည်။ သူအကြိမ်အနည်းငယ်မျှထပ်ကြည့်မိသည်နှင့် ထိုမျက်နှာလှလှလေး၏ ညှို့ယူခြင်းကိုခံရတော့မည်ဟု သူခံစားမိလိုက်သည်။

"ရွှယ်တိုင်းပြည်ဟာ ကျဆုံးပြီးသားဖြစ်ပြီးတော့ အခုချိန်မှာ ရွှယ်တိုင်းပြည်တစ်ခုလုံးက အရှင့်လက်ထဲမှာပါ... အကယ်၍ ရွှယ်တိုင်းပြည်ရဲ့ အကျဉ်းသားအားလုံးကို ကွပ်မျက်မယ်ဆိုရင်...တစ်ကမ္ဘာလုံးက အရှင့်ကို ရက်စက်ပြီး လူမဆန်တဲ့ဘုရင်လို့ထင်ကြလိမ့်မယ်... ဒါဟာ တစ်ကမ္ဘာလုံးက အရှင့်ကို မနှစ်မြို့နေတာကို ပိုဆိုးစေမှာဖြစ်ပါတယ်...”

သူကူးလီ၏မျက်လုံးများမှာ အလွန်အေးစက်နေသည်။

"ရေဆိုတာ လှေတစ်စင်းလုံးကို သယ်ပေးထားနိုင်သလို... အဲ့ဒီလှေမှောက်သွားအောင်လည်းလုပ်နိုင်ပါတယ်! အရှင်မင်းကြီး…အရှင့်ရဲ့ အရည်အချင်းမရှိမှု၊ ရက်စက်ကြမ်းကြုတ်မှု ၊အကြင်နာတရားကင်းမဲ့မှု တွေနဲ့ ယုံးထီးနန်းကို အုပ်စိုးနိုင်မယ်လို့ တကယ်ပဲယုံကြည်ချက်ရှိပါသလား...ပြည်သူတွေက အရှင့်ရဲ့နိုင်လိုမင်းထက်အုပ်ချုပ်မှုကို စပြီးမကျေမနပ်ဖြစ်လာကြပါပြီ.."

သူကူးလီ အသံမှာ အေးစက်သထက် အေးစက်လာသည်။

"ငါက အဲ့ဒါတွေကိုဂရုစိုက်မယ်လို့ မင်းထင် နေတာလား.."

လီချင်းယွင် မရယ်ဘဲမနေနိုင်ပေ။

"ငါက အစကတည်းက နာမည်ဆိုးနဲ့ကျော်ကြားတာလေ...ရက်စက်တယ်လို့နာမည်တပ်မှာကို ငါဂရုမစိုက်ဘူး.."

လီချင်းယွင်က ခဏရပ်ပြီးနောက် အသံသြသြနှင့် ဆက်ပြောသည်။

” သူကူးလီ...မင်းက ဒီတစ်ခါ ဘုရင်ကိုလုပ်ကြံတဲ့ ပြစ်မှုကိုကျုးလွန်ထားတာနော်...မင်းကိုအသက်ရှင်ခွင့်လည်းပေးထားပြီး နောက်ထပ်လည်း ဖိအားထပ်ပေးတော့မှာမဟုတ်ဘူး... ဒီလွတ်ငြိမ်းချမ်းသာခွင့်ကို မင်းကောင်း‌ကောင်း ဆင်ခြင်သုံးသပ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်...နောက်ပြီး မင်းရဲ့ဆွေမျိုးတွေရော...ပြီးတော့ ငါ့ကိုဆန့်ကျင်ခြင်းရဲ့အကျိုးဆက်ကဘာဖြစ်မလဲဆိုတာကို ကောင်းကောင်းသဘောပေါက်လိမ့်မယ်လို့ ငါ‌ မျှော်လင့်တယ်...”

သူကူးလီ မျက်လုံးများမှာ ဒီဇင်ဘာဆောင်းရာသီ၏ ရေခဲနှင့် နှင်းတမျှ အေးစက်နေသည်။ သူ့မျက်ဝန်းများမှာလေးနက်နေပြီး လီချင်းယွင်ကိုစိုက်ကြည့်လိုက်သည်။ လီချင်းယွင်မျက်လုံးထဲတွင် ဖိနှိပ်ဆက်ဆံလိုမှုနှင့်လွှမ်းမိုးခြယ်လှယ်လိုမှုများကို မြင်နေရသည်မှာ အံ့ဩစရာတော့မရှိပါပေ။

သေချာသည်မှာတော့ လီချင်းယွင်ကိုဆန့်ကျင်သူများမှာ များသောအားဖြင့် အဆုံးသတ်မကောင်းတတ်ကြပေ။

လီချင်းယွင်နန်းတက်ပြီး ဆယ်နှစ်အတွင်း သူသည် နာခံသူတို့ကို ချီးမြှင့်မြှောက်စားပြီး ဆန့်ကျင်သူတို့အား ပျက်စီးခြင်းရောက်စေသည့် နိုင်ငံရေးအတွေးအခေါ်ကို ကျင့်သုံးခဲ့သည်။ သူက ထီးနန်းပြိုင်လုသည့်သူ၏ညီအစ်ကိုများနှင့် သူ့အားမနာခံသောမူးမတ်များကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ခဲ့သည်။ တစ်ခါက သူ့အားမလိုက်နာသည့် နိုင်ငံဆီသို့ စူးစမ်းလေ့လာရေးအဖွဲ့ကိုစေလွှတ်ကာ ယုံးတိုင်းပြည်၏နယ်မြေပိုင်နက်ကိုချဲ့ထွင်ရန် ပြင်ခဲ့သည်။

သူ၏ ဖိနှိပ်အုပ်ချုပ်များနှင့် လူမျိုးတုန်းသတ်ဖြတ်သည့်စစ်ပွဲများကြောင့် ယုံးတိုင်းပြည်သည် နယ်မြေကိုးခုတွင် အင်အားအကြီးဆုံးထဲတွင် တစ်နိုင်ငံအပါအဝင် ဖြစ်လာသည်။

သို့သော် ထိုသို့ဖိနှိပ်အုပ်ချူပ်မှုကြောင့် လူတိုင်းက သူ့ကိုကြောက်ရွံ့ကြပြီး သူ့အုပ်ချုပ်ရေး လမ်းစဉ်များကိုလည်း ဝေဖန်ခဲ့ကြသည်။ ယုံးပြည်သူများမှာလည်း အမျက်ဒေါသကြီးသည့်ဘုရင်ကို ကြောက်ကြရသည်။

သူကူးလီ နူးညံ့စွာပြုံးလိုက်ပြီး သူ့မျက်‌တောင်များမှာ အနည်းငယ်ကော့ညွတ်နေသည်။ ထိုအပြုံးမှာ နှင်းထဲတွင် ပွင့်လန်းသည့် အလှပဆုံးပန်းများနှင့်တူသည်။ ထို့ပြင် နှဖူးပေါ်ရှိမှဲ့နီမှာ ပို၍ပင် ရင်သပ်ရှုမောစွာလှပနေသည်။

လီချင်းယွင် အသက်ရှူမှားမတတ် ဖြစ်သွားသည်။

သူကူးလီက လီချင်းယွင်မျက်လုံးထဲတွင် အံ့အားသင့်ခြင်း၊ စွဲလန်းခြင်းများ မြင်ရသည်ကိုမအံ့ဩတော့ပါပေ။

သိမ်မွေ့လှပသည့်အပြုံးတစ်ခု သူ့နှုတ်ခမ်းတွင်ဖြစ်ပေါ်လာသည်။ လီချင်းယွင်က သူ့အလှတရားကို စွဲလန်းနေပြီး သူက ထိုအလှတရားကိုအခွင့်အရေးယူကာ လီချင်းယွင်ကို သူ့လက်ခုပ်ထဲထည့်၍ ဆော့ကစားလေ့ရှိသည်။

နှင်းတိုင်းပြည် ဖျက်စီးခံလိုက်ရစဉ်က သူကူးလီ အသက်ဆယ့်ကိုးနှစ်သာရှိသေးသည်။ ဒီရက်ပိုင်းအတွင်း သူ့အပြုအမူများမှာ အလွန်စိတ်လိုက်မာန်ပါ ပြုမူနေမိသည်။ လီချင်းယွင်အား ပေါ်ပေါ်တင်တင်ဆန့်ကျင်လျှင် သူ့အတွက် ဘာကောင်းကျိုးမှရှိမည်မဟုတ်ပါလား။

သူ့တွင် အရေးတကြီး လုပ်စရာများစွာရှိသည်။

လီချင်းယွင်၏ ဦးစားပေးမှုများကို သူမနှစ်သက်သော်လည်း အခြေအနေက ယခုချိန်တွင် သူ့အတွက် အခွင့်အရေးမပေးသေးပေ။

သူအခွင့်အရေးယူနိုင်သည့် တစ်ခုတည်းသောအရာက လီချင်းယွင်၏ သူ့အပေါ်စွဲလမ်းနေမှုပင်။ ဤနည်းနှင့်သာ အခြေအနေများကို သူထိန်းချုပ်နိုင်မည်ဖြစ်သည်။

ရှေးတုန်းက ဇာတ်လမ်းတစ်ပုဒ်ရှိဖူးသည်။ ယွဲ့တိုင်းပြည်၏ ဘုရင်ကုံကျန်သည် ထင်းပုံ‌ပေါ်အိပ်ခဲ့ရပြီး ခါးခါးသီးသီး အရှက်ရခဲ့ရဖူးသည်။ သူက ယောကျ်ားတစ်‌ယောက်ကို နာခံရခြင်းကြောင့် အလွန်အရှက်ရသွားသော်လည်း အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ဖို့ သည်းခံနေခဲ့သည်။

သူကူးလီက သူ၏ အေးစက်စက်အမူအရာကို ပြန်ရလာကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းကြီး ပြောတာမှန်ပါတယ်... အရှင့်ရဲ့ ခွင့်လွှတ်ပေးမှုအတွက် နက်နက်ရှိုင်းရှိုင်းဝမ်းမြောက်မိပါတယ်... အရှင့်ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ကြင်နာမှုအတွက် အမြဲတမ်း အောက်မေ့နေမှာပါ …”

လီချင်းယွင်က တစ်ခစ်ခစ် ရယ်သည်။ သူကူးလီ စကားလုံးများမှာ သူ့စိတ်ရင်းအမှန်နှင့်မတူပါပေ။

သူကူးလီကို အနားမှာထားခြင်းက ပျက်ဆီးခြင်းကို ရောက်စေလိမ့်မည်ဟုလည်း သူသဘောပေါက်လိုက်ရသည်။ သို့သော် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဇာတ်လိုက်ကို သတ်လိုက်ခြင်းက ကမ္ဘာကြီးအပေါ် အကျိုးသက်ရောက်မှု ရှိမရှိဆိုသည်ကိုတော့ သူမရေရာပေ။ ထို့ပြင် ဒီလိုလှပလွန်းသော ယောက်ျားပျိုလေးကို ငယ်ငယ်ရွယ်ရွယ်နှင့် သေခွင့်ပြုဖို့ရာ သူ မလိုလားပါ။

လီချင်းယွင်က ဖြစ်လာမည့်နောက်ဆက်တွဲဇာတ်လမ်းကို သိပြီး‌နောက် သူ့ကိုယ်သူယုံကြည်ချက်ရှိလာသည်။ သူက သူကူးလီနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုတည်ဆောက်ပြီး သူကူးလီကို ထိန်းချုပ်ချင်သည်။

လီချင်းယွင်၏ ကျဉ်းမြောင်းရှည်လျားသည့် ဖီးနစ်မျက်လုံးများတွင် အမှတ်တမဲ့အပြုံးရိပ်တို့ ပေါ်လာသည်။

“ကောင်းပြီ သူကူးလီ...မှတ်ထားပါ... ဒီတခါကို သည်းခံပေးနိုင်ပေမယ့် နောက်တစ်ခါဆိုတာ ထပ်ပြီးရှိလာတော့မှာမဟုတ်ဘူး...”

သူ့ လေသံမှာ တဖြည်းဖြည်းနူးညံ့လာပြီး ဆက်ပြောသည်။

"တကယ်လို့ နောက်တစ်ခါဆိုရင်တော့...”

လီချင်းယွင်၏ အဆုံးသတ်လေသံမှာ တဖြည်းဖြည်း ဆွဲငင်ရှည်လျားလာသည်။

သူကူးလီက နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးလိုက်ပြီး ပြန်ပြောလိုက်သည်။

“နောက်တစ်ခါဆိုတာ မရှိစေရပါဘူး... ဒါပေမယ့် အရှင်လည်း …ပြောခဲ့တဲ့စကားကိုတည်ပြီး ကျွန်တော်မျိုးအပေါ် အခုလိုမျိုး ထပ်မလုပ်ဖို့လည်း မျှော်လင့်ပါတယ်...”

"ကောင်းပြီ...”

လီချင်းယွင် ချက်ချင်းပင် သဘောတူလိုက်သည်။

လုကုန်းကုန်းက ပြေးလာပြီး အနက်ရောင်မြေခွေးသားမွေးဝတ်ရုံနှင့် ရွှေရောင်နဂါးရုပ်များ စီခြယ်ထားသည့် ဖိနပ်တို့ကိုယူလာကာ အသက်ပင်ဝဝမရှူဘဲပြောလာသည်။

"အရှင်မင်းကြီး…ဒါတွေက်ို မြန်မြန်ဝတ်လိုက်ပါ...အအေးမမိအောင်ဂရုစိုက်ရပါမယ် မင်းကြီး.."

 လီချင်းယွင်က မြေခွေးသားမွေးဝတ်ရုံကို ယူပြီး သူကူးလီကိုဝတ်ပေးခဲ့သည်။

လုကုန်းကုန်းနှင့် သူကူးလီက သူ့ကို ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်လိုက်မိ၏။

မင်းကြီးက သူကူးလီအပေါ် တုန်နေအောင်ချစ်သည်ကို မြင်လိုက်ရသောအခါ လုကုန်းကုန်း အရမ်း‌ဒေါသထွက်သွားပြီး မျက်လုံးများနီရဲလာကာ ကြောက်စရာကောင်းစွာနှင့်ပြောလာသည်။

" သူကူးလီ...မင်းကြီးက မင်းကိုအရမ်းချစ်တာ...ဒါကြောင့် အဲ့လို သစ္စာမဲ့တဲ့အပြုအမူမျိုးတွေ ဘယ်တော့မှထပ်မလုပ်နဲ့.."

"လုကုန်းကုန်းပြောတာမှန်ပါတယ်...”

သူကူးလီက တည်ငြိမ်စွာပြောလာသည်။

" သေချာပေါက် နောက်တစ်ကြိမ်ဆိုတာ ထပ်မရှိစေရပါဘူး...”

မိန်းမစိုးငယ်က သူကူးလီထနိုင်ဖို့ရန် ကူညီပေးလိုက်သည်။

သူကူးလီ အချိန်ကြာမြင့်စွာ ဒူးထောက်နေခဲ့ရသောကြောင့် သူ့ခြေထောက်များ အေးခဲပြီးထုံကျင်နေသည်။ သူ့အမူအရာကတော့ မပြောင်းလဲသွားပေ။ သူက သူ့ခြေထောက်များ တဖြည်းဖြည်းသွေးပြန်ပူလာပြီး မျက်နှာသွေးရောင်ပြန်သန်းလာသည်အထိ ထိုနေရာတွင် ရပ်နေခဲ့သည်။

သူက သူ့ခန္ဓာကိုယ်ပေါ်ကနှင်းများကို ခါချလိုက်ပြီး‌ သူ့မျက်နှာမှာလည်း ဖြူဖျော့လာသည်။

လုကုန်းကုန်းကလည်း လီချင်းယွင်ကို ကူတွဲပေးလိုက်သည်။ လီချင်းယွင်၏ အေးခဲနေသော ခြေဖဝါးများကို မြင်ရသည်မှာ ရင်ကွဲမတတ်ခံစားရသည်။

" မင်းကြီး…အခုမှ နာမကျန်းအပြင်းအထန်ဖြစ်ထားတာကနေ သက်သာခါစ ရှိသေးတာမဟုတ်ပါလား... ကျေးဇူးပြုပြီး နန်းတော်ထဲဝင်ပြီး နွေးနွေးထွေးထွေးနေပါတော့...”

လီချင်းယွင် ခြေဖဝါးများ တဆစ်ဆစ်ကိုက်ခဲနေသည်ကိုသာ ခံစားနေရသည်။ နှင်းနှင့် ရေခဲများကြားထဲ လမ်း‌လျှောက်ပြီးလျှင် သေချာပေါက်နှင်းကိုက်နာဖြစ်မှာပင်။ လီချင်းယွင် မျက်နှာမှာ အအေးဒဏ်ကြောင့် အနည်းငယ်ဖြူဖျော့‌နေသည်။ သူက ခေါင်းမာစွာပင်ပြောင်လိုက်သေးသည်။

" ရပါတယ်... ငါအဲ့လောက်မပျော့ညံ့ပါဘူး.."

လုကုန်းကုန်းက စိတ်နှလုံးပူဆွေးနေရသောကြောင့် သက်ပြင်းချလိုက်ပြီး သူကူးလီကို ကြောက်စရာမျက်လုံးများဖြင့်ကြည့်လိုက်သည်။

သူကူးလီ၏ မျက်ဝန်းများမှာ ရေခဲနှင့်နှင်းတမျှအေးစက်ပြီး တိတ်ဆိတ်နေသည်။

သူက လုကုန်းကုန်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

လုဟွာ ဟုအမည်ရသည့် လုကုန်းကုန်းမှာ လီချင်းယွင်အနားတွင်ရှိသည့် လီချင်းယွင်၏အတွင်းလူဖြစ်ကာ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ သူသည် အလွန်အာဏာရှိသည့် မိန်းမစိုးတစ်ဦးဖြစ်ကာ သူ့နည်းသူ့ဟန်နှင့် ရက်စက်တတ်သည်။ တစ်ခါတစ်ရံ လီချင်းယွင်အတွက် သမာသမတ်မကျသည့်အရာများကိုပင် လုပ်ဆောင်ပေးတတ်သည်။

 လီချင်းယွင်လည်း ဖြည်းဖြည်းချင်းထရပ်လိုက်သည်။ သူ နှင်းထဲတွင် ခြေဗလာနှင့်လမ်းလျှောက်ခဲ့ရသောကြောင့် အေးစက်ပြီး ခိုက်ခိုက်တုန်နေသည်။ အချိန်အတော်ကြာ ဆောင့်ကြောင့်ထိုင်ခဲ့ရသောကြောင့် သူ့မျက်လုံးများဝေဝါး‌နေသည်။ သူ့မျက်နှာမှာ အလွန်ဖြူဖျော့နေပြီး ရှေ့သို့လဲကျသွားသည်။

သူကူးလီ မျက်ဝန်းတွင် ထိတ်လန့်သွားသည့်အရိပ်အယောင်များ ဖျတ်ခနဲလက်သွားကာ သူ့ကိုယ်သူပင် သတိမထားမိဘဲ လီချင်းယွင်ရှေ့ရောက်သွားပြီး လှမ်းဖမ်းကာ ထိန်းပေးမိသည်။

လီချင်းယွင်က သူကူးလီ ခန္ဓာကိုယ်မှ ဇီးပန်းနံ့သင်းသင်းကိုရလိုက်သည်။ သူ့နှာဖျားထိပ်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အအေးဒဏ်ကြောင့်နီရဲနေပြီး သတိလစ်မေ့မြောသွားသည်။

"အရှင်မင်းကြီး.."

လုကုန်းကုန်း အံ့အားသင့်သွားပြီး လီချင်းယွင်ကို ပူပန်ကြောင့်ကြစွာကြည့်နေမိသည်။

သူကူးလီက လီချင်းယွင်၏ အအေးဒဏ်ကြောင့် နီရဲနေသည့်နှာဖျားနှင့် ဖျော့တော့နေသည့်ပါးပြင်တို့ကိုကြည့်ကာ သူ့အားပွေ့ချီလိုက်ပြီး လုံရှန့်နန်းတော်သို့ ခေါ်ဆောင်သွားတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment