အခန်း (၁၄) ကျိုးလော်ချန်(ကျိုးပြည်ထောင်မှဓားစာခံ)
လီချင်းယွင်၏ မောင်းမဆောင်မှာ ရုပ်ရည်ချောမောသော ယောကျ်ားပျိုများဖြင့် ပြည့်နှက်နေခဲ့ပြီး အများစုမှာ စာတတ်ပေတတ်များနှင့် မှူးကြီးမတ်ရာများ၏ ရုပ်ရည်ချောမောသည့် သားပျိုများဖြစ်ကြကာ သူတို့အားလုံးသည် နောက်ကြောင်းရှင်းပြီး အပြစ်ကင်းစင်သည့် ပင်ကိုယ်စရိုက်ရှိကြသည်။
သို့သော် လီချင်းယွင်ကတော့ သူတို့ကို ထိပင်မထိခဲ့ပေ။
လု့ကုန်းကုန်းမှာ ကြံရာမရဖြစ်ကာ သူတို့အတွက် နေရာထိုင်ခင်းများကို စီစဉ်ပေးခဲ့ရသည်။
ယခုတွင် မောင်းမဆောင်၌ သူကူးလီသာရှိတော့၏။
ထို့ပြင် ကျိုးတိုင်းပြည်၏ မင်းသားသည်လည်း ချန်ရှီးနန်းတော်၌ ရှိနေသည်။ ကျိုးတိုင်းပြည်သည် ယုံးတိုင်းပြည်ကို အရေးနိမ့်ခဲ့သောကြောင့် သူတို့၏ တတိယမင်းသားမှာ ဓားစာခံအဖြစ် စေလွှတ်ခံလိုက်ရခြင်းပင်။
နာမည်မှာ ကျိုးလော်ချန်ဖြစ်ပြီး အသက်ဆယ့်ခုနစ်နှစ်သာ ရှိသေးသည်။
လီချင်းယွင် ညီလာခံအပြီး ယောက်ဟွားနန်းတော်သို့ သွားသည့်လမ်းတွင် ကျိုးတိုင်းပြည်မှ ဓားစာခံကို တွေ့လိုက်ရသည်။
အစောင့်တစ်ဦးသည် ယောက်ဟွားနန်းတော်မှ အစေခံတစ်ဦးနှင့် ငြင်းခုံနေပြီး ဆောင်းရာသီ မီးသွေးသုံးစွဲခြင်းနှင့် ပတ်သက်၍ အချင်းများနေကြဟန်တူသည်။
ယောက်ဟွားနန်းတော်မှ အစေခံက မောက်မာစွာဖြင့်
"သူက ပြိုကွဲသွားတဲ့တိုင်းပြည်ရဲ့ ဓားစာခံသက်သက်ပဲ...ရှင်တို့ရဲ့ ကျိုးတိုင်းပြည်က မကြာခင် ငါတို့မင်းကြီးရဲ့ ဖျက်ဆီးတာကို ခံရတော့မှာ။ တိုင်းပြည်ပျက်က မင်းသားကအကောင်းဆုံး မီးသွေးကို သုံးဖို့ ထိုက်တန်လို့လား"
အစောင့်၏ မျက်နှာမှာ တင်းမာသွားကာ
"မိန်းကလေး စကားကို ဆင်ခြင်ပြောပါ"
ကျိုးလော်ချန်က နီရဲအေးခဲနေသော လက်ဖြူဖြူတို့ကို ဆန့်ထုတ်လိုက်ပြီး အစောင့်၏ အင်္ကျီစွန်းကို ဆုပ်ကိုင်လိုက်သည်။ ဝတ်ရုံထဲတွင် ဝှက်ထားသော သူ၏ မျက်နှာသည် လှပပြီး နူးညံ့သိမ်မွေ့သည်။ မျက်လုံးများမှာ ဝိုင်းစက်ပြီး တောက်ပနေသော်လည်း ကျိုးပဲ့လွယ်သည့် အလှတရားတို့ ဖုံးကွယ်ထားသယောင်။
"ထားလိုက်ပါ လိုင်ဖူ...သူမနဲ့ အပြိုင်ငြင်းခုံနေဖို့ မလိုပါဘူး"
"အရှင့်သား..."
လိုင်ဖူက စိုးရိမ်တကြီး ပြောလိုက်သည်။
"ထွီ!"
အစေခံက တံတွေးထွေးလိုက်ပြီး တစ်ဖက်သို့ လှည့်လိုက်သောအခါ ဝေါယာဉ်ပေါ်၌ ထိုင်နေသော လီချင်းယွင်က ဖီးနစ်မျက်လုံးများဖြင့် တိတ်တဆိတ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေသည်။
အစေခံက အလွန်ထိတ်လန့်သွားပြီး မြေကြီးပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်သည်။
နှင်းများကကျဆင်းနေပြီး မင်းကြီး၏ ဝေါယာဉ်သည် ဖြည်းညင်းစွာ ရွေ့လျားလာနေသည်။ လီချင်းယွင်သည် အနီရောင်ကျောက်မျက်တို့ စီခြယ်ထားသည့် ဝတ်ရုံနီကို ဝတ်ဆင်ထားပြီး ထိုဝတ်ရုံမှာ သူ့အား ပို၍ပင် ကျက်သရေရှိစေကာ တင့်တယ်စေသည်။
ကျိုးလော်ချန်က မျက်ခုံးလှလှတို့ကို ညွတ်ချလိုက်ပြီး သူ၏ မျက်တောင်များမှာ ကျီးကန်းအတောင်ကဲ့သို့ နက်မှောင်ကာ သူ၏ အပြုအမူအကျင့်ဝတ်တို့မှာ ပြောစရာမရှိလောက်အောင် ကောင်းမွန်ပြီး ဂုဏ်သရေရှိကာ ယဉ်ကျေးနှိမ့်ချရိုသေလေသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
လုကုန်းကုန်းက လီချင်းယွင် ဝေါယာဉ်ပေါ်မှ ဆင်းသက်ရန် ကူညီပေးလိုက်သည်။
"ထပါ"
လီချင်းယွင်က ကျိုးလော်ချန်ကို ကြည့်လိုက်ပြီး ကျိုးဘုရင်က ဤကလေးကို သူ့ထံ ပို့ဆောင်ခဲ့စဉ်က ကလေး၏ အသက်မှာ ဆယ်နှစ်သာ ရှိသေးသည်ကို သတိရလိုက်သောအခါ အဖေဖြစ်သူက အကြင်နာတရားကင်းမဲ့ပြီး ဤကလေးကို သေစေချင်သည်မှာ ထင်ရှားလှသည်။
ဆယ်နှစ်သားအရွယ်၌ ဓားစာခံအဖြစ် အခြားတိုင်းပြည်သို့ စေလွှတ်ခံခဲ့ရပြီး ယခု အသက်ဆယ့်ခုနစ်နှစ်တွင်လည်း သူသည် အနိုင်ကျင့်ခံနေရပြီး ဘဝကို ခက်ခက်ခဲခဲ ရှင်သန်နေရဆဲပင်။
"ဘာတွေဖြစ်နေကြတာလဲ"
လီချင်းယွင်က မြေကြီးပေါ် ဒူးထောက်နေသော အစေခံကို ကြည့်လိုက်သည်။
အစေခံက ဆက်လက်၍ မီးလောင်ရာ လေပင့်နေခဲ့သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးမက သခင်လေးသူကူးလီပိုင်တဲ့ မီးသွေးလောင်စာကို ယူလာပေးခဲ့တာပါ။ ဒါပေမဲ့ သခင်လေးကျိုးလော်ချန်က လမ်းကနေ ဖြတ်ယူသွားပါတယ်"
ကျိုးလော်ချန်၏ မျက်နှာလှလှမှာ ကျောက်စိမ်းကဲ့သို့ သိမ်မွေ့လှပပြီး သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်အရိပ်အယောင်များကိုမှ မတွေ့ရပေ။
သို့သော် သူ့ဘေးရှိ အစောင့်လိုင်ဖူက ဒေါသတကြီးဖြင့်
"မင်းက စကားကို အတော်နားဝင်ဆိုးအောင် ပြောတဲ့သူပဲ... အမှန်ကို အမှားနဲ့ ရှုပ်ထွေးအောင် မင်းဘယ်လိုများ ပြောလိုက်တာလဲ။ မင်းကမှ သူခိုးဆိုတာ သိသာထင်ရှားနေတာ မဟုတ်လား"
အစေခံက ပြန်ပြောရန် ပြင်လိုက်သော်လည်း လီချင်းယွင်၏ အလိုမကျသည့် မျက်လုံးများကို မထင်မှတ်ဘဲ တွေ့လိုက်ရသဖြင့် ကြံရာမရဖြစ်ကာ ထိတ်လန့်သွားရသည်။
လု့ကုန်းကုန်းက တီးတိုးလေး ပြောလိုက်သည်။
"အရှင်မင်းကြီး ယောက်ဟွားနန်းတော်မှ လူတွေက မောက်မာပြီး အကျင့်ပျက်လွန်းလှပါတယ်...အကြီးအကဲကစပြီး အောက်ခြေလက်အောက်ငယ်သားအထိ အခြားသူတွေကို အနိုင်ကျင့်ကြပါတယ်"
"လု့ကုန်းကုန်း!"
နန်းတွင်းအစေခံမှာ ဖြူဖျော့သွားသည်။
"ဟုတ်ကဲ့"
လု့ကုန်းကုန်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူမကို စိုက်ကြည့်နေသည်။
အစေခံသည် ယနေ့တွင် သူမ၏ ဘဝအဆုံးသတ်သွားပြီဟု သိလိုက်ရသဖြင့် ခေါင်းငုံ့ကာ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။
လီချင်းယွင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကြိမ်ဒဏ်အချက်ငါးဆယ်နဲ့ လစာဖြတ်စေ"
ကုန်းကုန်းက အစေခံကို ဆွဲထုတ်သွားပြီး အစကတည်းက ချန်ရှီးနန်းတော်၏ အပိုင်ဖြစ်သော မီးသွေးလောင်စာများကို လိုင်ဖူထံ ပြန်လည်ယူလာပေးသည်။
လိုင်ဖူက မီးသွေးကိုယူ၍ လီချင်းယွင်အား ကျေးဇူးတင်စွာဖြင့် ကြည့်ကာ
"အရှင်မင်းကြီး အရှင်က မင်းကောင်းမင်းမြတ်ပဲ"
"လိုင်ဖူ"
ကျိုးလော်ချန်က မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။
"မင်းလက်ထဲမှာ ကိုင်ထားတာ ဘာလဲ"
လီချင်းယွင်က ကျိုးလော်ချန်၏ လက်ထဲရှိ လှပကာ ကျက်သရေရှိသော မုန့်သေတ္တာကို တွေ့လိုက်ရသည်။
ကျိုးလော်ချန်က သူ၏ နှုတ်ခမ်းများကို သပ်လိုက်ပြီး ပို၍ နှိမ့်ချကာ
"မင်းကြီး၊ ဒါက နှင်းဆီကိတ်မုန့်ပါ..."
"အဲဒါက ဘယ်လိုမျိုးလဲ"
လီချင်းယွင် ပို၍ စိတ်ဝင်စားလာသည်။
ကျိုးလော်ချန် စကားကို သတိထားပြီး ပြောလိုက်သည်။
"နှင်းဆီပန်း၊ ဂျုံမှုန့်၊ သကြားတွေနဲ့ လုပ်ထားတာပါ...ကျိုးတိုင်းပြည်က မုန့်တစ်မျိုးပါ။ မစားရတာ ကြာပြီမို့ ကိုယ်တိုင်လုပ်ထားတာပါ အရှင်မင်းကြီး...."
လု့ကုန်းကုန်းက ကျိုးလော်ချန်ကို ပို၍ သဘောကျသွားသည်။ သူက နှစ်လိုဖွယ် ပြုံးပြီး ပြောလိုက်သည်။
"အရှင်မင်းကြီး ဘာကြောင့် မင်းသားလော်ချန်လုပ်ထားတဲ့ နှင်းဆီမုန့်ကို စားဖို့ ချန်ရှီးနန်းတော်ကို မသွားတာပါလဲ။ ဒီမုန့်က အရမ်းချိုတယ်လို့ ကြားတယ်"
လီချင်းယွင်သည် မွေးကတည်းကပင် အချိုနှစ်သက်သူဖြစ်သောကြောင့် သူ့ဗိုက်ထဲမှ အစာစားချင်စိတ်က သူ့ကို သွားရည်ယိုစေသည်။
ကျိုးလော်ချန်က ခေတ္တတုံ့ဆိုင်းနေပြီးနောက် ဖိတ်ခေါ်လိုက်သည်။
"အရှင်မင်းကြီး ချန်ရှီးနန်းတော်ရဲ့ ရိုးရှင်းမှုကို စိတ်မရှိဘူးဆိုရင်တော့..."
ထို့ကြောင့် လီချင်းယွင်၏ ဝေါယာဉ်သည် ယောက်ဟွားနန်းတော်သို့ ဆက်မသွားဘဲ ချန်ရှီးနန်းတော်သို့ သွားခဲ့သည်။ ထို့အပြင် ယောက်ဟွားနန်းတော်မှ အစေခံတစ်ဦးပင် အပြစ်ပေးခံခဲ့ရသည်။
ထိုအကြောင်းက သူကူးလီ၏ နားထဲသို့ ရောက်ရှိသွားသည်။
ချန်မော့က ဒေါသတကြီးဖြင့် ပြောလာသည်။
"ဒါက ယုတ္တိမရှိလွန်းဘူး မဟုတ်လား...ဘယ်လိုဖြစ်ရတာလဲ။ သခင်လေးကို သူက ဘာထင်နေတာလဲ"
"အဲ့ဒါက ဘာဖြစ်လို့လဲ...ဘုရင်တွေက ရှေးကတည်းက အကြင်နာတရားမရှိတာ မင်းမသိလို့လား..."
သူကူးလီက ရေနွေးကြမ်းကို နှစ်ငုံမျှ သောက်လိုက်သည်။
ချန်မော့က ဆက်ပြောလာ၏။
"ဒါပေမဲ့ မင်းကြီးက ညီလာခံပြီးတိုင်း သခင်လေးနဲ့ တွေ့ဖို့ ယောက်ဟွားနန်းတော်ကို နေ့တိုင်းလာခဲ့တာလေ...အခုတော့ သူက ချန်ရှီးနန်းတော်ကို သွားပြီး ကျိုးမင်းသားနဲ့ နှင်းဆီကိတ်မုန့်စားမှာ...အဲ့တော့ သူက သခင်လေးဆီ ဒီနေ့လာမတွေ့တော့ဘူးလား"
"ချန်မော့"
သူကူးလီက အနည်းငယ် မျက်မှောင်ကျုံ့လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အခုမင်းပြောနေတဲ့ပုံစံက ပစားအပေးမခံရတဲ့ ကိုယ်လုပ်တော်ရဲ့ဘေးမှာရှိတဲ့ ယုတ်မာတဲ့ အစေခံလို ဖြစ်နေပြီ"
ချန်မော့ : "..."
အာ ဒါက...
ယုတ်မာတဲ့အစေခံ ချန်မော့က သူ့နှုတ်ခမ်းများကို မဲ့လိုက်ပြီး
"သခင်လေး... သခင်လေးကို ပစားအပေးမခံရဘဲ ရှုံးနိမ့်သွားတဲ့ ကိုယ်လုပ်တော်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး"
"သူဘယ်သွားသွား ငါနဲ့မဆိုင်ဘူး"
သူကူးလီ၏ မျက်နှာမှာ အေးစက်နေသော်လည်း သူ့စိတ်ထဲတွင် မပျော်မရွှင် ခံစားနေရသည်။ သို့သော် သူ၏ မကျေနပ်ချက်အားလုံးကို လီချင်းယွင်ကို ရွံရှာသောကြောင့်ဟုသာ မှတ်ယူထားလိုက်သည်။
"ဒါ့အပြင် လီချင်းယွင်ကို သဝန်တိုဖို့ ငါဒီမှာနေနေတာ မဟုတ်ဘူး"
ချန်မော့က သူ့မျက်နှာကို တည်လိုက်ပြီး
"သခင်လေး ပြောတာ မှန်ပါတယ်"
"ချန်ရှီးနန်းတော်မှာ နေနေတဲ့လူက ကျိုးတိုင်းပြည်ရဲ့ မင်းသားငယ် ကျိုးလော်ချန်လား"
သူကူးလီက လက်ဖက်ရည်ခွက်ကို ညင်သာစွာ လှုပ်ယမ်းလိုက်သည်။
"ဟုတ်ပါတယ် သခင်လေး... ကျွန်တော်တို့ သူနဲ့ ပတ်သက်ရမှာလား"
"တကယ်လို့ သူကလည်း လီချင်းယွင်ကို မုန်းတယ်ဆိုရင်..."
သူကူးလီ ပြောလို့မပြီးသေးသော်လည်း ချန်မော့ နားလည်သွားသည်။
"ချန်ရှီးနန်းတော်ကို သွားရအောင်..."
"ဟင်"
ချန်မော့ တုန်လှုပ်သွားရသည်။
"ဒီကျိုးမင်းသားရဲ့ သဘောထားအမှန်ကို သိဖို့အတွက် ဒီအခွင့်အရေးကို သုံးလိုက်ကြရအောင်"
သူကူးလီက စကားဆုံးသည်နှင့် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
ချန်ရှီးနန်းတော်တွင်...
လီချင်းယွင်က ခန်းမအတွင်း တည်ဆောက်ပုံကို ကြည့်ရှုနေသည်။ အရမ်းခမ်းနားတာမဟုတ်သော်လည်း ရိုးရိုးရှင်းရှင်းနှင့် ကျက်သရေရှိလှသည်။ အမွှေးနံ့သာ ရနံ့သင်းသင်းလေးလည်း ရနေသည်။
ကျိုးလော်ချန်က နှင်းဆီကိတ်မုန့်ကို ယူပြီး လီချင်းယွင်အား ကမ်းပေးလိုက်သည်။
"သုံးဆောင်တော်မူပါ အရှင်မင်းကြီး"
တစ်လုပ်စားပြီးနောက် လီချင်းယွင် သဘောကျသွားသည်။ သူသည် မွေးကတည်းက အချိုကြိုက်သူဖြစ်ကာ ဤနှင်းဆီကိတ်မှာ နှင်းဆီနံ့သင်းသင်းလေးနှင့် ချိုသော်လည်း မအီဘဲ တကယ်ကို အရသာရှိလွန်းသည်။
"မင်းကိုယ်တိုင်လုပ်ထားတာလား"
လီချင်းယွင်၏ မျက်လုံးများမှာ တောက်ပနေသည်။
ကျိုးလော်ချန်၏ ပါးပြင်များ အနည်းငယ် နီရဲလာ၏။ စူးစူးရဲရဲ စိုက်ကြည့်ခံနေရသည်ကို သူ အကျင့်သားမရသေးပေ။ သူက ခေါင်းညိတ်ပြပြီး ချီတုံချတုံဖြင့် ပြောလိုက်သည်။
"မင်းကြီး နှစ်သက်ရင် ကျွန်တော် လုပ်ပေးလို့ရပါတယ်"
"ဘယ်လောက်တောင်ကောင်းတဲ့ မုန့်မို့လို့လဲ။ ငါလည်း မြည်းကြည့်ပါရစေ"
လူကို မမြင်ခင်ကပင် အသံကို အရင်ကြားလိုက်ရသည်။
သူကူးလီ၏ အသံမှာ ကြည်လင်နေပြီး လရောင်ကဲ့သို့ ဖြူစွတ်နေသည့် ဝတ်စုံကို ဝတ်ဆင်ကာ သူတို့အနားသို့ လေ၏အလျင်နှင့် လျင်မြန်စွာ လျှောက်လာနေ၏။ သူကူးလီသည် အလွန်ချောမောပြီး ကမ္ဘာပေါ်၌ ပြိုင်ဘက်မရှိ တုနှိုင်းမဲ့သူဖြစ်သည်။
ကျိုးလော်ချန်၏ မျက်လုံးများတွင် ထိုကဲ့သို့ ချောမောသော လူတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့သောကြောင့် အံ့အားသင့်မှုများ ဖြစ်ေပါ်လာရ၏။ ယုံးဘုရင်မင်းမြတ်က သူ့ကို အရမ်းချစ်သည်မှာ အံ့ဩစရာမရှိတော့ပေ။
လီချင်းယွင်က ကျိုးလော်ချန်ကို ကြည့်လိုက်ပြီးနောက် သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသော သူကူးလီကို ကြည့်လိုက်သည်။ သူ အပြစ်ရှိသည်ဟု ခံစားမိနေသော်လည်း သူဘာမှမလုပ်ဘဲ သူကူးလီကို ပွင့်ပွင့်လင်းလင်းပင် ဖိတ်ခေါ်လိုက်သည်။
"အားလီ လော်ချန်လုပ်ထားတဲ့ နှင်းဆီကိတ်က အရမ်းအရသာရှိတယ်။ စားကြည့်"
သူကူးလီ၏ မျက်နှာမှာ နှင်းများကဲ့သို့ အေးစက်နေပြီး
"အရသာရှိတာ ကိတ်မုန့်လား ဒါမှမဟုတ် ကိတ်မုန့်လုပ်ပေးတဲ့လူလား"
ဤစကားသည် ကျိုးလော်ချန်ကို အေးခဲသွားစေသည်။ ကျိုးလော်ချန်က နောက်သို့ ခြေလှမ်းဆုတ်လိုက်ကာ မျက်နှာမှာ ဖြူဖျော့နေပြီး စိုးရိမ်မှု အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ တစ်ယောက်နှင့်တစ်ယောက် အချစ်စမ်းနေသည့် သူတို့၏ ကစားပွဲ၌ ဝင်ပါရန် သူ့၌ ရည်ရွယ်ချက်မရှိပေ။ သို့သော် ယနေ့အဖြစ်အပျက်ပြီးပါက သူ့ကို သခင်သူကူးလီက မုန်းတီးသွားနိုင်သည်။
"လော်ချန်နဲ့ ငါ မဟုတ်တာ မလုပ်ဘူး"
လီချင်းယွင်၏ အပြုံးကတဖြည်းဖြည်း မှေးမှိန်သွားသည်။
"အရှင်မင်းကြီး အရှင်က ချောမောတဲ့ ယောက်ျားပျိုတွေကို သဘောကျတယ် မဟုတ်လား... ကျိုးမင်းသားရဲ့ အသွင်အပြင်ကလည်း အရှင် နှစ်သက်တဲ့ ပုံစံနဲ့ အရမ်းကိုက်ညီတာပဲ...ဘာလို့ အရှင် ဒီလိုလှပတဲ့သူနဲ့ မအိပ်စက်ရတာလဲ"
သူကူးလီ၏ အမူအရာမှာ နူးညံ့သိမ်မွေ့သော်လည်း သူ့လေသံက အေးစက်နေသည်။ သူက ကျိုးလော်ချန်ဆီသို့ ခပ်ဖြည်းဖြည်း လျှောက်သွားကာ သူ၏ ရောင်စုံကျောက်မျက်ကဲ့သို့ လှပသည့် မျက်ဆံဖြင့် စိုက်ကြည့်နေသည်။
ထိုအချိန်တွင် ကျိုးလော်ချန်မှာ အဆုံးအစမရှိ လူသတ်ချင်စိတ်တို့ဖြင့် လွှမ်းခြုံခံလိုက်ရပြီး သူ့အား ဖြူဖျော့သွားစေကာ ခြေလှမ်းများ ဆက်တိုက် နောက်ပြန်ဆုတ်သွားစေသည်။
သူက သူ့ကိုယ်သူ ပိုမိုကြည်လင်ရွှင်ပြတဲ့ပုံပေါ်အောင် ကြိုးစားလိုက်ပြီး
"သခင်လေး သူကူးလီက နောက်နေတာပဲ... မင်းကြီးနဲ့ ကျွန်တော်က အရမ်းကို ရိုးသားဖြူစင်ပါတယ်"
ဒါက တကယ်ကို ကြောက်စရာကောင်းလွန်းသည်။ကျိုးလော်ချန်က ဒီလူဟာ သူမြင်နေရသလိုမျိုး အေးစက်ပြီး ဂရုမစိုက်တတ်ဘူး ဆိုတာ သေချာပေါက် မဖြစ်နိုင်ဘူးလို့ တွေးလိုက်မိသည်။
သူကူးလီက အလွန်လှပသော ရေခဲပန်းနှင့်တူသော်လည်း ထိုလှပသော ရေခဲပွင့်ကို မွေးဖွားပေးသည့် ရေခဲတောင်၏အောက်တွင်မူ ဘယ်လောက်များ ကြောက်မက်ဖွယ်ကောင်းသည့် အဆိပ်မျိုး ဝှက်ထားနိုင်သည်ကို မည်သူမျှ မပြောနိုင်ပေ။
လီချင်းယွင်က သူကူးလီ၏ လက်ကိုဆွဲကိုင်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။
"အားလီ မင်းဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ လော်ချန့်ကို ခက်ခဲအောင် မလုပ်နဲ့"
သူကူးလီက ကျိုးလော်ချန်၏ ပုံစံအမှန်ကို မြင်မြင်ချင်းပင် သိလိုက်သည်။
ကျိုးလော်ချန်က ဘာရည်ရွယ်ချက်မှ မရှိသော လူတစ်ယောက်ဖြစ်ပြီး လှပတဲ့ အသွင်အပြင်ရှိသည်။ သူက ခြိမ်းခြောက်နိုင်မှာလည်း မဟုတ်သလို ပြိုင်ဘက်တစ်ယောက် ဖြစ်လာဖို့ထိလည်း သူ့မှာ အရည်အချင်းမရှိ။
လုကုန်းကုန်းက အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် မတတ်နိုင်တော့ဘဲ ရွဲ့စောင်းသော လေသံဖြင့်
"သခင်လေး သူကူးလီ ယုံးတိုင်းပြည်နဲ့ ယုံးမောင်းမဆောင်ဟာ အရှင်မင်းကြီးပိုင်တာပါ... သွားချင်တဲ့ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားနိုင်ပါတယ်။ ဒါကို တားဖို့အတွက် သခင်လေးမှာ ဘယ်လို အရည်အချင်းတွေများ ရှိလို့လဲ"
"လုရှောင်ဟွား ပြောနေတာကို ရပ်လိုက်"
လီချင်းယွင်က မျက်မှောင်ကျုံ့ရင်း ပြောလိုက်သည်။
လုကုန်းကုန်းက သူ့လက်ညိုးကို မြှောက်လိုက်ပြီး
"အရှင်မင်းကြီး... ဘာလို့ ကျွန်တော်မျိုးရဲ့ ဒီနာမည်ကို ခေါ်ရတာပါလဲ.. ဘာကြောင့် သခင်လေးနှစ်ယောက်ရှေ့ မှာ ကျွန်တော်မျိုးကို အရှက်ရစေရတာပါလဲ..."
(လုရှောင်ဟွား-လုပန်းကလေး🤭)
ကျိုးလော်ချန် မရယ်မိအောင် သူ့ကိုယ်သူ ထိန်းထားလိုက်ရသည်။
လီချင်းယွင်က သူကူးလီရဲ့ လက်ကို ကိုင်လိုက်ပြီး
"အားလီ ပြန်ပြီး စကားသွားပြောရအောင်"
သူကူးလီက ဘာမှမပြောတော့ဘဲ လီချင်းယွင်နဲ့ အတူထွက်သွား၏။
လုကုန်းကုန်းက နှင်းဆီကိတ်မုန့်ကို လက်ညှိုးထိုးပြကာ ပြုံးပြီး
"သခင်လေး ကျိုးလော်ချန် ဒီဟာ..."
ကျိုးလော်ချန်က လုကုန်းကုန်း ပြောချင်တာကို တစ်ချက်ကြည့်ပြီး နားလည်လိုက်သည်။
"ဒီဟာကို အရှင်မင်းကြီး စားချင်မယ်ထင်တယ်... ဒါကြောင့် လုကုန်းကုန်းကို ယူသွားဖို့ပြောရင်း အနှောင့်အယှက်ပေးပါရစေ"
"ကျေးဇူးတင်ပါတယ် သခင်လေး ကျိုးလော်ချန်"
လုကုန်းကုန်းက ကျိုးလော်ချန်ကို ကျေနပ်စွာကြည့်ပြီး ပြောလိုက်သည်။
အနည်းဆုံးတော့ လုကုန်းကုန်းက သူကူးလီနဲ့ ယှဉ်ရင် ကျိုးလော်ချန်ကို ပိုပြီးသဘောကျသည်။ သူက သူကူးလီလောက် ဒေါသမကြီးသလို အလွန်နာခံတတ်သူဖြစ်၏။
ဒါပေမဲ့...
အရှင်မင်းကြီးက သူကူးလီကိုသာ ချစ်သည်။
လု့ကုန်းကုန် သက်ပြင်းချကာ ထွက်သွားလိုက်သည်။
…