အခန်း(၂၀)
လုံရှန့်နန်းတော်တွင်....
ခန်းမဆောင်ဟာ နွေးထွေးနေပြီး အမွှေးနံ့သာနံ့တို့ ထုံသင်းလျက်ရှိကာ တိတ်ဆိတ်နေသည်။
လီချင်းယွင်က ခန္ဓာကိုယ်ကို စားပွဲပေါ်သို့ကိုင်း၍ မှတ်တမ်းစာများကို ပြန်လည်ဆန်းစစ်နေ၏။ သူ့တွင် ရွှေအိုရောင်သန်းနေသည့် ကျောက်စိမ်းကဲ့သို့သော လက်ချောင်းသွယ်များရှိသည်။ နှဖူးနဲ့မျက်ခုံးကြားရှိ တွန့်ခေါက်နေသည့်နေရာက သူ၏ စိတ်အလိုမကျမှုကိုဖော်ပြနေ၏။ ဖီးနစ်မျက်ဝန်းတစ်စုံဟာလည်း အသက်ဝင်နေပြီး လူအများတုန်လှုပ်သွားအောင် လုပ်နိုင်သည်။
"အရှင်မင်းကြီး ....သခင်လေးသူကူးလီရောက်လာပါတယ်.."
"ဝင်လာခိုင်းလိုက်ပါ.."
သူကူးလီက ခန်းမထဲဝင်လာသည်နှင့် သူ၏နှင်းကဲ့သို့ဖြူစွတ်နေသည့် မြေခွေးသားမွေးခြုံထည်ကို ချွတ်လိုက်သည်။ သူက အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ညောင်စောင်းပေါ်တွင်ထိုင်နေသော လီချင်းယွင်အားကြည့်လိုက်၏။
လီချင်းယွင်၏ မျက်နှာနီရဲသွားသည်နှင့် သူချက်ချင်းပင် မနေ့ညကအကြောင်းကိုသတိရသွားသည်။ သူ၏မျက်လုံးများမှာ တောက်ပနေပြီး မျက်ထောင့်များမှာ နီရဲတောက်ပလျှက်ရှိကာ မျက်လုံးထဲတွင်လည်း မျက်ရည်များရှိနေခဲ့၏။ သူက ညှို့ဓာတ်ပြင်းသည့်အလှပိုင်ရှင်နှင့်တူသည်။
သူကူးလီက မျက်မှောင်အနည်းငယ်ကျုံ့ပြီး အဝေးသို့ဖြည်းဖြည်းချင်း အကြည့်လွှဲလိုက်သည်။
"အားလီ..."
လီချင်းယွင်က ခေါင်းလှည့်လာပြီး သူ့ကိုကြည့်လိုက်၏။ သူ့မျက်လုံးများမှာ အိပ်ချင်နေတာကြောင့် အနည်းငယ်ပျင်းရိနေပုံရသည်။ မျက်ထောင့်များအနည်းငယ်နီနေပြီး သူပြုံးလိုက်ချိန်မှာမျက်လုံးတွေက ချိတ်ကောက်လေးများသဖွယ် ကွေးသွား၏။
"မင်းတိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာပဲ ငါမင်းကိုပြောစရာရှိတယ်.."
သူကူးလီက ရှေ့သို့လျှောက်သွားပြီး လီချင်းယွင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ထို့နောက် လီချင်းယွင်လက်ထဲရှိ မှတ်တမ်းစာကို သူမြင်လိုက်ရ၏။ ထိုစာတွင် ရေးထားသည်က...
"ကျင်း၊ ကျိုးနဲ့ မြောင် တိုင်းပြည်တို့က ယုံးတိုင်းပြည်နဲ့ သံတမန်ရေးရာကိစ္စ မဟာမိတ်ဖွဲ့ဖို့စီစဉ်ထားတာကြောင့် ယုံးတိုင်းပြည်ကို မကြာခင် လာရောက် လည်ပတ်ကြလိမ့်မည်.."
သူသတိထားမိသွားတာကိုမြင်လိုက်တာကြောင့် လီချင်းယွင်ကရှင်းပြ၏။
"အားလီမြင်တဲ့အတိုင်းပဲ ကျိုးမင်းသား၊ ကျင်းမင်းသားနဲ့ မြောင်ဘုရင်တို့က နောက်နှစ်လောက်မှာလာရောက်လည်ပတ်ကြလိမ့်မယ် ပြီးတော့ ငါလည်း ကြိုတင်စီစဉ်မှုတွေ လုပ်ထားဖို့လိုတယ်.."
"သူတို့အားလုံးက အရှင်မင်းကြီးကို စစ်ရှုံးခဲ့ပြီးသားပါ.."
သူကူးလီက သူ့ထင်မြင်ချက်ကိုပြောလိုက်၏။
ယုံးတိုင်းပြည်ဟာ စစ်ကိုလိုလားပြီး စစ်ရေးကျွမ်းကျင်သည့်တိုင်းပြည်ဖြစ်သည်။ လီချင်းယွင်က သူ့ရဲ့အစောပိုင်းနှစ်တွေမှာပင် အာဏာရလာခဲ့ပြီး သူဟာငယ်ရွယ်ပြီး စိတ်ဓာတ်ပြင်းပြသူဖြစ်၏။သူက အခြားသောတိုင်းပြည်များနှင့် စစ်ပွဲများဆင်ခဲ့ပြီး ကျိုးတိုင်းပြည်၏ မြို့သုံးမြို့၊ မြောင်ဒေသ၏ မြို့တစ်မြို့နှင့် ကျင်းတိုင်းပြည်၏ နယ်မြေတစ်ဝက်ခန့်အထိပင် သိမ်းပိုက်နိုင်ခဲ့သည်။
ကျိုးတိုင်းပြည်၏ဧကရာဇ်က စစ်ရှူံးပြီးတဲ့ နောက်မှာပဲ မင်းသားငယ်ကျိုးလော်ချန်ကို ဓားစာခံအဖြစ် ယုံးတိုင်းပြည်သို့ စေလွှတ်ခဲ့၏။ ထို့နောက်မှသာ လီချင်းယွင်က နှစ်နိုင်ငံသဘောတူစာချုပ်တွင် လက်မှတ်ထိုးဖို့ လိုလားခဲ့တာဖြစ်သည်။ ကျန်တိုင်းပြည်နှစ်ခုကတော့ ငြိမ်းချမ်းစွာပင်နေခဲ့ကြသည်။
ကျင်းတိုင်းပြည်၏ဧကရာဇ်က သူရဲဘောကြောင်ပြီး အရည်အချင်းလည်းမရှိသူဖြစ်၏။ အတိတ်မှာတုန်းက သူဟာ စစ်ရေးကျွမ်းကျင်တဲ့ ယုံးတိုင်းပြည်၏ဖိနှိပ်ချုပ်ကိုင်ခြင်းကိုခံခဲ့ရပြီး ပြန်ပင်မခုခံရဲခဲ့ပေ။ ယခုတွင်မူ ကျင်းအိမ်ရှေ့စံက အာဏာရှိလာပြီး ဧကရာဇ်အာဏာမတည်နိုင်ချိန်မှာ သူကအာဏာကိုချုပ်ကိုင်ထားသည်။
ကျင်းအိမ်ရှေ့စံ ဟဲလျန်ချန်က လီချင်းယွင်ထက်ပင် အဆပေါင်းများစွာ သွေးဆာသူဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တတ်သူဖြစ်သည်ဟု ကောလဟာလတစ်ချို့ပင်ထွက်ပေါ်နေ၏။
မြောင်တိုင်းပြည်ရှိလူများကတော့ အလွန်ဝေးလံ ခေါင်သီသည့် တောင်တန်းများတွင် ကြီးပြင်းကြသူများဖြစ်ကြသည်။ အခြားသော မှော်ပညာတတ်သည့်မျိုးနွယ်စုများကဲ့သို့ပင်ဖြစ်၏။ သူတို့၏လူနေထိုင်မှုမှာ ကျဲပါးသော်လည်း လူတိုင်းက မှော်ပညာတတ်ကြသည်။ အချို့အစွမ်းထက်သည့်မှော်ဆရာများက ကမ္ဘာအနှံ့လှည့်လည်သွားလာပြီး အခြားသူများနဲ့မိတ်ဆွေဖွဲ့ကြသည်။ သူတို့ကို ကာကွယ်ထောက်ပံ့ပေးမည့် အင်အားကြီးတိုင်းပြည်တစ်ခုရှိပြီး သူတို့၏ အစွမ်းထက်ပြီး ထူးခြားဆန်းကြယ်သည့်မှော်အတတ်က သူတို့ကို အလှမျိုးနွယ်များကဲ့သို့ အဆုံးသတ်သွားခြင်းမှကာကွယ်ပေးနိုင်၏။
"ဒီမှာက ကျိုးတိုင်းပြည်ရဲ့ ကျိုးလော်ချန်ရှိနေတာပဲ ဘာမှကြောက်စရာမရှိပါဘူး။မြောင်နယ်မြေကလည်းထူးခြားဆန်းကြယ်ပေမယ့် တိုင်းပြည်ပြင်ပကလူတွေနဲ့ ရန်သူလုပ်မှာတော့မဟုတ်ဘူး.."
လီချင်းယွင်က မှတ်တမ်းစာကိုကြည့်လိုက်ပြီး
"ကျင်းအိမ်ရှေ့စံတစ်ယောက်ပဲ.....သူက သွေးဆာတတ်တဲ့အလိုဆန္ဒနဲ့ အန္တရာယ်ပြုမယ့်စိတ်နေစိတ်ထားရှိပြီး စစ်ကိုလည်းလိုလားတယ်။ အခု သူက ကျင်းတိုင်းပြည်ရဲ့ တိုင်းရေးပြည်ရာနဲ့ စစ်တပ်ကိုပါထိန်းချုပ်ထားတာ...တကယ်လို့ သူတစ်ခုခုလုပ်လာမယ်ဆိုရင် ငါ့ဘက်ကလည်းကာကွယ်ဖို့အသင့်ရှိနေဖို့လိုအပ်တယ်.."
ပို၍အရေးကြီးသည်မှာ ကျင်းအိမ်ရှေ့စံ ဟဲလျန်ချန်ဟာ မူလစာအုပ်ထဲတွင် သနားညှာတာမှုကင်းမဲ့ပြီး ရန်အလိုတတ်ဆုံးသောလူတစ်ယောက်ဖြစ်ပြီး ရောဂါစွဲကပ်နေသည့်အလားပင် ကြောက်စရာကောင်းသည့် ပိုင်ဆိုင်လိုစိတ်ရှိကာ အလွန်အင်မတန်ဒေါသကြီးသည့် စိတ်နေစိတ်ထားရှိ၏။
သူဟာ သူကူးလီကိုမြင်မြင်ချင်းချစ်မိသွားပြီးတဲ့ နောက်မှာ သူ့ရဲ့အချစ်ပြိုင်ဘက်ဖြစ်တဲ့ လီချင်းယွင်ကို အလိုလိုပင်မုန်းတီးလာပြီး ယုံးတိုင်းပြည်၏နယ်မြေပိုင်နက်ကိုလည်း သိမ်းပိုက်လိုလာ၏။
လီချင်းယွင်က မှတ်တမ်းစာကိုပိတ်လိုက်ပြီး သူကူးလီအားကြည့်လိုက်သည်။ ဒီအလှတရားလေးကို သေချာဖွက်ထားပြီး သူကူးလီကို ဟဲလျန်ချန် ဘယ်တော့မှမမြင်စေရဘူးဟု သူတွေးနေခဲ့၏။
အမြောက်စာဇာတ်ကောင်တို့နှင့် တိုက်ပွဲဝင်ဖို့ကို သူ့မှာယုံကြည်ချက်ရှိပေမယ့် စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလွန်းသည့် ကျင်းတိုင်းပြည်၊ ဟဲလျန်ချန်တို့နှင့် သဘောတူညီမှုရယူဖို့ သူ့မှာယုံကြည်ချက်အလုံအလောက်မရှိ။
" ကိုယ်လုပ်တော်တစ်ယောက်ဟာ တိုင်းပြည်ရေးရာကိစ္စတွေကို ဝင်ရောက်မစွက်ဖက်သင့်ဘူးလို့ အရှင်မင်းကြီးတခါကပြောခဲ့ဖူးပါတယ်.."
သူးကူးလီက ထူးမခြားနားစွာပြောလိုက်၏။
"ဘာကြောင့်အရှင်မင်းကြီးက တိုင်းရေးပြည်ရာအကြောင်းတွေပြောနေတာပါလဲ.."
"အားလီ...မင်းကနားမထောင်ချင်ဘူးလား.."
လီချင်းယွင်က ညာဖက်လက်နဲ့မေးထောက်လိုက်ပြီး သူ၏ဖီးနစ်မျက်ဝန်းများမှာလည်း အပြုံးရိပ်တို့သန်းနေသည်။
"မဟုတ်ပါဘူး.."
သူကူးလီ၏ မျက်ဝန်းများဟာ ပန်းချီကားတစ်ချပ်လိုလှပနေပြီး သူကတည်တည်ငြိမ်ငြိမ်ပင်ပြော၏။
"အရှင်မင်းကြီးပြောပြချင်တယ်ဆိုရင် ကျွန်တော်မျိုးနားထောင်ပေးပါ့မယ်။ အဲ့ဒီခေါင်းမာတဲ့အမတ်အိုကြီးတွေက 'အရှင်မင်းကြီးက အလှလေးကိုစွဲလန်းနေတဲ့ မိုက်မဲတဲ့လူဖျင်းလူညံ့တစ်ယောက်ပဲ'လို့မပြောကြဖို့ ကျွန်တော်မျိုးဆုတောင်းပါတယ်.."
သူကူးလီ၏ စကားလုံးတွေက လီချင်းယွင်ကို တိုးတိုးတိတ်တိတ် ကျိန်နေသလိုပင်...
လီချင်းယွင် မကြားဘဲဘယ်နေလိမ့်မလဲ..။ ဒီမကျေမနပ်ဆဲရေးသံတွေကို သူနှစ်ပေါင်းများစွာပင်ကြားလာခဲ့ပြီးပြီ။
သူ ငယ်စဉ်က ခမည်းတော်က သူ့ကို
"မင်းက အရမ်းမိန်းမဆန်လွန်းပြီး မကောင်းဆိုးဝါးလိုပဲ.."
မယ်တော်ကလည်းသူ့ကို
"အားယွင်က မိန်းကလေးထက်ကို ပိုပြီးအလိုလိုက်ခံထားရတာပါလား.."
ဟု စနောက်လေ့ရှိ၏။
မောင်းမဆောင်၏အရှင်သခင်မဖြစ်သည့် မိဖုရားကြီးကလည်း အေးတိအေးစက်ပင် သူ့အားသရော်ပြီး ဆဲရေးတိုင်းထွာလေ့ရှိသည်။
"ပြည့်တန်ဆာရဲ့သား အရမ်းကို မကောင်းဆိုးဝါးဆန်ပြီးယုတ်မာလွန်းတယ်။ သူလည်း နောင်တစ်ချိန်မှာ ပြည့်တန်ဆာဖြစ်လာမှာပဲ.."
သူ့ရဲ့ အစ်ကိုကြီးဟာလည်း သူ့ကိုမုန်းပြီး သူ့အားဆူပူကြိမ်းမောင်း ရတာကိုနှစ်သက်သည်။
"ငါ့ရဲ့ကိုးယောက်မြောက်ညီတော်လေးက အရမ်းသူရဲဘောကြောင်ပြီး အတွန်းခံရတိုင်း ငိုနေတော့တာပဲ။ ငိုတာကလွဲပြီး မင်းဘာများလုပ်တတ်သေးလဲ.."
သူအရွယ်ရောက်လာတော့ ပြည်သူတွေကသူ့ကို "စစ်လိုလားတဲ့ မင်းဆိုးမင်းညစ်" လို့ခေါ်ကြပြီး ၊ အရာရှိတွေကတော့ သူ့ကို " အာဏာရှင်ဆန်ပြီး မတရားမှုနဲ့အုပ်ချုပ်တယ်.."လို့ ပြောကြသည်။ နန်းတွင်းအစေခံတွေကပင် သူ့ကို "ဒေါသကြီးသူ.."ဟု ပြောကြ၏။ လူတွေရဲ့မျက်လုံးထဲမှာတော့ သူဟာ မင်းဆိုးမင်းညစ်တစ်ယောက် ၊ အရူးတစ်ယောက်သာဖြစ်သည်။
လီချင်းယွင်ကတော့ ဒါတွေကိုကြားရဖန်များလွန်းလို့ နားပင်အသားမာတတ်တော့မည်။
သို့ပေမယ့် ဒီစကားများကို သူကူးလီက ပြောလာတဲ့အခါတွင်တော့ လီချင်းယွင် သူ့နှလုံးသားထဲကနေ ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ သူ၏ ဖီးနစ်မျက်ဝန်းများက ခဏတာအရောင်မှိန်သွားပြီးမှ သူကပြုံးကာ ပြောလာသည်။
"အားလီ.. အလှတရားက တိုင်းပြည်ကို ပျက်စီးစေတာလား ...နတ်ဆိုးကိုယ်လုပ်တော်ဆိုတာ တကယ်လား.. "
ထိုစကားလုံးများကိုနားထောင်ရင်းဖြင့်ပင် သူကူးလီ၏မျက်လုံးများက ဒီဇင်ဘာလ၏နှင်းတမျှအေးစက်နေပြီး သူ၏ နီရဲရဲနှုတ်ခမ်းများကို တင်းတင်းစေ့ထား၏။ သူ့ပုံစံမှာ အေးစက်လွန်းတာမို့ လူများက သူ့အနားသို့ မချဉ်းကပ်နိုင်လောက်အောင်ပင်ဖြစ်နေ၏။
ဒီသေစေနိုင်လောက်တဲ့ အခြေအနေကြီးက ဘယ်လောက်ပြင်းထန်သလဲဆိုတာကို သူကူးလီတစ်ယောက်တည်းသာ သိ၏။
လီချင်းယွင် မျက်မှောင်ကြုံ့လိုက်ပြီး တစ်ခုခုမှားနေမှန်း သဘောပေါက်လိုက်၏။
"အားလီ စိတ်ဆိုးနေတာလား...အားလီကပဲ ငါ့ကိုအပြစ်တင်နိုင်ပြီး ငါကိုယ်တော်ကကျ ဘာမှပြန်ပြောလို့မရဘူးလား"
သူကူးလီက ဘာမှပြန်မဖြေဘဲ တိတ်ဆိတ်လျက်ပင်။
လီချင်းယွင်က တဖြည်းဖြည်း ပျာယာခတ်လာရသည်။သူက သူကူးလီ၏ အေးစက်စက်အမူအရာကို ကြည့်ရင်း ချော့လိုက်သည်။
"အားလီ...ကိုယ်တော့်ကို စိတ်မဆိုးပါနဲ့။ လျစ်လျူလည်းမရှုပါနဲ့ "
လုကုန်းကုန်းမှာ ဒါကိုမြင်လိုက်ရတော့ ဒေါသထွက်သွားရပြန်၏။
"သခင်လေး သူကူးလီ...သင်က စိတ်ကြီးဝင်နေတာပဲ...အရှင်မင်းကြီးက ဒီလောက်ချော့နေတာတောင် သင်က မာနကြီးနေသေးတယ်...သင်က အရှင်မင်းကြီးရဲ့ သဘောကျနှစ်ခြိုက်မှုကို အခွင့်ကောင်းယူနေတာပဲ "
"လုရှောင်ဟွား"
လီချင်းယွင်က လုကုန်းကုန်းကို ကြည့်ကာ မပျော်ရွှင်ဆိုလာ၏။
"ပါးစပ်ပိတ်ထား"
လုကုန်းကုန်းက မကျေမနပ်ပင် ပြန်ပြောလာသည်။
"အရှင်မင်းကြီးက တကယ်ကိုတုံးအတာပဲ..မင်းကြီးက မင်းကြီးရဲ့ နှလုံးသားကို သူ့ဆီပေးထားပေမယ့် သခင်လေးသူကူးလီက ဂရုစိုက်လို့လား"
"ပြောရမယ်ဆိုမှ ကျွန်တော်မမေးရသေးတာ တစ်ခုရှိတယ်..."
သူကူးလီက လုကုန်းကုန်းကို မထူးမခြားနားပုံစံဖြင့် ကြည့်လာ၏။
"လုကုန်းကုန်း...မနေ့က ကျွန်တော့်ရဲ့ ကြာစေ့စွတ်ပြုတ်ထဲကို ဘာဆေးတွေထည့်ထားတာလဲ...မင်းကြီးရဲ့ဘေးမှာ ခစားရတဲ့ ကုန်းကုန်းဆီမှာ ဒီလို အန္တရာယ်ရှိလှတဲ့ ဆေးမျိုး ဘာကြောင့်ရှိနေရတာလဲနော်"
လုကုန်းကုန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူ့မျက်နှာမှာ ဒေါသကြောင့် လောင်ကျွမ်းတော့မတတ်ပင်။သူ့ရင်ထဲတွင် မကျေနပ်မှုနဲ့ မုန်းတီးမှုတွေ ရှိနေပြီး သူကူးလီကိုအပြစ်ပေးချင်နေ၏။ သို့သော် အရှင်မင်းကြီးက သူ့ကို မျက်နှာသာပေးလွန်းတာမို့ သူဒေါသမထွက်ရဲဘဲ အံကြိတ်ပြီး စိုက်ကြည့်ရုံသာတတ်နိုင်၏။
"ကဲပါ အားလီ...လုရှောင်ဟွားက အမြဲတမ်း ဒီလိုပဲပြောတတ်တာ"
လီချင်းယွင်က လုကုန်းကုန်းကို မျက်နှာသာပေးကာ ပြောလာ၏။
"သူ့ကို ဂရုစိုက်မနေနဲ့"
လီချင်းယွင်က ညင်ညင်သာသာ ပြောလိုက်သည်။
"ဒီကိစ္စကို မေးပြီးပြီဆိုတော့ အရှင်မင်းကြီးကိုလည်း မေးချင်တာတစ်ခုရှိပါတယ်... မနေ့ညက ဘာဖြစ်ခဲ့တာလဲ—"
"ငါ ဘာမှ မသိဘူး!"
လီချင်ယွင် အလျင်အမြန် ရှင်းပြလိုက်သည်။ အဲဒီအချိန်ကို ပြန်တွေးမိတော့ သူ့မျက်နှာဟာ နီရဲသွားပြီး သူ့အသံကလည်း ဝင်နေဆဲပင်။
"အာလီ... မင်း ငါ့ကို ယုံကြည်ရမယ်... ငါ ဘာမှ မသင့်တော်တာမလုပ်ခဲ့ဘူး။ မင်းအတွက်... တကယ်ကို အရေးပေါ်ကိစ္စမို့ ငါ့မှာ ရွေးချယ်စရာမရှိခဲ့ဘူး"
"ပြီးတော့ အားလီက ငါ့ခေါင်းကိုဆွဲယူပြီးတော့...ငါ့လည်ချောင်းက အခုထိနာနေတုန်းပဲ"
"ဒါက ဟယ်ဟွမ်ဆေးမှုန့်ရဲ့ အကျိုးသက်ရောက်မှုကြောင့်ပဲ.."
သူကူးလီက ခပ်ပေါ့ပေါ့ပြော၏။
"ငါတကယ်မသိပါဘူး..."
လီချင်းယွင်၏လေသံမှာ နူးညံ့နေသည်။
"အားလီ...စိတ်မပူပါနဲ့။ စည်းကျော်ပြီး လွန်ကဲတဲ့အပြုအမူတွေ ငါတကယ်မလုပ်ပါဘူး။ ပြီးတော့ မင်းကိုလည်းငါဘာမှလုပ်မှာမဟုတ်ပါဘူး.."
"ကောင်းပြီ.."
"စကားမစပ်...မင်းအရမ်းသန်မာတာကိုမြင်ရတာက အားလီ... ငါ့ကိုယ်ငါနည်းနည်းအရှက်ရမိတယ်.."
သူကူးလီ၏ အေးစက်လာတဲ့အမူအရာကြောင့် လီချင်းယွင်အသံမှာ တဖြည်းဖြည်းရပ်တန့်သွား၏။သူကူးလီ၏လေသံဟာ အရမ်းအေးစက်နေပြီး
"ဒီအရာတွေကလွဲပြီး အရှင်မင်းကြီးစိတ်ထဲမှာ ဘာများရှိပါသေးသလဲ.."
ယောက်ျားတစ်ယောက်ကို နှိမ့်ချကျိုးနွံဖို့ဆိုတာက အဓိကကျတဲ့ကိုယ်ကျင့်တရားတွေနဲ့ ပို၍ပင် ဆန့်ကျင်နေတယ်...
"အားလီ...မင်းဒါကိုကြိုးစားကြည့်ပြီးရင် ဒီလိုမျိုးခံစားရတော့မှာမဟုတ်ပါဘူး.."
လီချင်းယွင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
"ငါ အရင်က ကိုယ်လုပ်တော်တွေနဲ့ အမျိုးသားအချစ်တော်တွေကို တစ်ခါမှ အလိုလိုက်မပေးခဲ့ဖူးဘူး။ဒါပေမယ့် ငါပန်းချီကားချပ်တွေကနေသင်ယူထားပါတယ်...ငါအားလီအပေါ် နူးညံ့ညင်သာပါ့မယ်.."
"အရှင်မင်းကြီး ဒီလိုတွေထပ်ပြောနေမယ်ဆိုရင် ကျွန်တော်မျိုး ယောက်ဟွားနန်းတော်ကို ပြန်ပါတော့မယ်.."
သူကူးလီ၏မျက်နှာမှာ အတော်လေးအေးစက်နေပြီဖြစ်သည်။
သူက ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်သည်။ လီချင်းယွင်က သူကူးလီ၏ လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ပြီး သူ့အားပြုံးပြီးကြည့်၏။
"ငါထပ်မပြောတော့ပါဘူး။ မင်းမကြိုက်ရင် ငါထပ်မပြောဘူး။ နောက်ကိုလည်း ဘယ်တော့မှထပ်ပြောမှာမဟုတ်တော့ဘူး။ အားလီ....ငါ့ကိုစိတ်မဆိုးပါနဲ့ တော့.."
သူကူးလီ ပြန်ထိုင်လိုက်သည်။ လီချင်းယွင်က သက်ပြင်းဖွဖွချ၏။
သူကူးလီ စိတ်ကျေနပ်အောင် သူအကောင်းဆုံးကြိုးစားခဲ့တာဖြစ်ပြီး သူ့ကိုအနူးညံ့ဆုံးဆက်ဆံပေးကာ သူကူးလီနှလုံးသားထဲရှိ အမုန်းတရားကို ဖျောက်ဖျက်နိုင်ဖို့ သူမျှော်လင့်နေရသည်။
အားလီရဲ့စိတ်သဘောထားက အေးစက်စက်နိုင်နေပေမယ့် သူ နန်းတော်ကို ရောက်ခါစတုန်းကလောက် စိတ်ပြတ်သားပြီး အလွန်စိတ်ပျက်ရွံရှာနေတဲ့ပုံ မဟုတ်တော့ပါ။ အဲ့ဒါထက်ပိုတာက ဒီရက်တွေမှာ သူကူးလီက သူပျော်နေတဲ့အခါမျိုးဆိုလျှင် တစ်ခါတစ်ရံ သူ့ကို အနမ်းပေးတတ်သည်။ ဒီလိုလုပ်ခဲ့တာကြောင့် သူ သူ့ကိုအရမ်းမမုန်းလောက်တော့ဘူးလို့ထင်သည်။
လီချင်းယွင်က သူကူးလီအပေါ် သူ ကောင်းကောင်းဆက်ဆံပေးလျှင်၊ နူးညံ့ကြင်နာပေးလျှင်၊ သူကူးလီအလိုရှိတာမှန်သမျှဖြည့်ဆည်းပေးလျှင် ၊ သူ့စိတ်ရင်းကို ရိုးသားမှုအဖြစ်ပြောင်းလဲပေးလိုက်လျှင်၊ သူကူးလီ၏နှလုံးသားကို နွေးထွေးပေးလျှင် သူကူးလီ၏ စိတ်ရင်းကို အပိုင်ရမည်ဟု သူယုံကြည်ထားသည်။
ယုံးပြည်ထောင်ကလွဲလို့ ကျန်တာအကုန်ပေးနိုင်တယ် - လီချင်းယွင် သူ့နှလုံးသားထဲမှာ တိတ်တဆိတ်ပင်တွေးလိုက်၏။
သူကူးလီ၏ နှလုံးသားကိုအပိုင်မရခဲ့လျှင်တောင် အနည်းဆုံးတော့ သူ့ကိုအန္တရာယ်တွေကနေ ကာကွယ်ပေးရမည်။ သို့မဟုတ် အခြားသူများနဲ့ အင်အားပူးပေါင်းကာ သူ၏ထီးနန်းအားဖျက်ဆီးခြင်းမှလည်း သူကာကွယ်ရမည်။
စုယွီ သူ့ကိုခပ်ခဲ့တဲ့အဆိပ်အကြောင်း တွေးမိလိုက်တိုင်း ဒီကိစ္စတွင် သူကူးလီလည်းပါဝင်မည်ဟု သူအမြဲသိနေခဲ့သည်။ သို့သော်လည်း ဘယ်သူမှမရိပ်မိပဲ သူကူးလီ သူ့ကိုအဆိပ်ခပ်နိုင်မည်လို့တော့သူမထင်ပေ။
ထိုဆေးဟာ ကာလကြာရှည်အဆိပ်မျိုးဖြစ်ပြီး တစ်ကြိမ်၊နှစ်ကြိမ်သာ သောက်မိပါက နေကောင်းကျန်းမာနိုင်သေး၏။
လီချင်းယွင်က ဝိုင်ကိုပန်းကန်လုံးနှင့်အပြည့် သူကူးလီရှေ့မှာ ဘာမှမဖြစ်သလိုပင် အခါအားလျော်စွာ သောက်နေသည်။ ပြီးတော့ စုယွီလတ်တလောပေးခဲ့သည့် ဆေးအားလုံးကိုလည်း သူစစ်ဆေးခဲ့ပြီးဖြစ်၏။
သူကူးလီပို့ပေးသည့် အသားညှပ်မုန့်များကိုလည်း အဆိပ်ရှိမရှိ စစ်ဆေးခဲ့သည်။
လီချင်းယွင်က သူ့ကိုအဆိပ်ခပ်ခဲ့တဲ့ စုယွီကိုတိတ်တဆိတ် အပြစ်တင်လိုက်၏။ သူ့ရဲ့အားလီက သူ့ကိုဒီလိုပြုမူဆက်ဆံမှာမဟုတ်ဘူး...
လီချင်းယွင်က လက်ကိုဖြည်းဖြည်းဆန့်ပြီး သူကူးလီလက်ကိုကိုင်လိုက်ကာ နှုတ်ခမ်းရဲရဲတို့ကအနည်းငယ်တွန့်ကွေးလျက်
"အားလီ....ငါမင်းကိုတကယ်သဘောကျတာပါ။အရမ်းလည်းချစ်တယ်...မင်းငါ့ကိုလက်ခံလာမယ့် နေ့ကို ငါစောင့်နေမယ််.."
သူကူးလီက တခစ်ခစ်ရယ်ရင်း ပြောလိုက်သည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို လက်ခံလိုက်မယ်.. ဒီလိုဆိုရင် အရှင်ကရော ကျွန်တော့်ကို အရှင့်ရဲ့ ခင်ပွန်းဖြစ်စေချင်ရဲ့လား.."
(သူ အပေါ်ကနေမယ်လို့ပြောတာပါ)
လီချင်းယွင်၏ ဖီးနစ်မျက်လုံးများအနည်းငယ်တုန်လှုပ်သွားပြီး ဒေါသတို့လောင်မြိုက်လာ၏။
"ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး!"
ဇာတ်လိုက်က ဒီလိုစကားမျိုးကို ပြောလာပြီး သူ၏သာယာမှုကို ပျော်မွေ့ပေးရမည့် တစ်စုံတစ်ယောက်ဖြစ်ပေးဖို့ လီချင်းယွင်အားတောင်းဆိုလာမည်ဟု သူ ဘယ်တုန်းကမှမထင်ထားခဲ့ပါ။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
လုကုန်းကုန်းက လီချင်းယွင်ထက်ပင် ဒေါသထွက် နေ၏။ သူက...
"သခင်လေးသူကူးလီ...အရှင်မင်းကြီးက ယုံးတိုင်းပြည်ရဲ့ ဘုန်းတန်ခိုးအကြီးမားဆုံးဧကရာဇ်ပါ...ငွေဇွန်းကိုက်ပြီးမွေးဖွားလာတဲ့ သခင်လေးလိုလူက ဘာလို့များ တခြားလူတွေထက်ကို နိမ့်ကျတဲ့စကားတွေ ပြောနေရတာလဲ.."
လီချင်းယွင်၏ မျက်လုံးများမှာလည်း ဒေါသများပြည့်နှက်လျက်ရှ်ိသည်။
"လုရှောင်ဟွား ပြောတာမှန်တယ်။ ငါဟာ ယုံးတိုင်းပြည်ရဲ့ ဩဇာအကြီးဆုံးဖြစ်ပြီး တော်ဝင်မိသားစုရဲ့ အထင်ကရလည်းဖြစ်တဲ့ ဧကရာဇ်တစ်ပါးပဲ။ အခြားလူတွေထက် အောက်ကျခံဖို့ မဖြစ်နိုင်သလို အဲ့ဒီလိုဖြစ်စရာ အကြောင်းအရင်းလည်းမရှိဘူး.."
လီချင်းယွင်က ဒေါသထွက်နေ၏။
သူက မာနကြီးပြီး သွေးကြီးသူလည်းဖြစ်သည်။ အရာအားလုံးကို ချုပ်ကိုင်နိုင်သူသာ ဖြစ်ချင်၏။ ရေမျောကမ်းတင်အတည်တကျမရှိ အခြားသူများရဲ့ထိန်းချုပ်ခြင်းခံရသည်ကို မနှစ်မြို့သူဖြစ်သည်။
သူဟာ ယုံးပြည်နယ်ရဲ့ဧကရာဇ် ၊ အမြင့်မြတ်ဆုံး ယောက်ျားတစ်ဦးဖြစ်ပြီး၊ လူအများရဲ့လေးစားအားကျခြင်းကိုခံရကာ လူတိုင်းထက် မြင့်မြတ်သည့်နေရာတွင်သာနေထိုင်ဖို့ မွေးဖွားလာသူဖြစ်သည်။
သူဟာ မရေမတွက်နိုင်တဲ့ လူတွေရဲ့သွေးပင်လယ်ကိုနင်းချေပြီး ထီးနန်းတက်ခဲ့၏။ သူက အထက်တန်းလွှာပုဂ္ဂိုလ်ဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို ဖိအားပေးဖို့မဖြစ်နိုင်သလို ရိုင်းပြလို့လည်းမရပေ။
သူကူးလီက တခစ်ခစ်ရယ်လိုက်ပြီး ထေ့ငေါ့ကာပြောသည်။
"အရှင်မင်းကြီး....ဘာလို့အရမ်းစိတ်လှုပ်ရှားနေတာပါလဲ ကျွန်တော်မျိုးက ဒီအတိုင်းပဲ ပြောလိုက်တာပါ.."