no

Font
Theme

အခန်း(၃) သူကူးလီ ..သူကယောက်ျားတွေကိုမကြိုက်ဘူး

လီချင်းယွင်မှိန်းနေစဥ်မှာပင် ရေခဲနှင့်နှင်းတို့၏ အငွေ့အသက်နှင့်အတူ ဆီးပန်းပွင့်၏ မွှေးရနံ့ကိုပါ ရလိုက်သည်။

လီချင်းယွင်အား နူးညံ့သည့်သလွန်ပေါ်တွင် နေရာချထားလိုက်သည်နှင့်တပြိုင်နက် နန်းတော်ရှိအစေခံများနှင့် မိန်းမစိုးများက သူ့ကိုအလုပ်အကျွေးပြုရန် အလျင်လိုနေကြသည်။

လုကုန်းကုန်းက ဖြူဖျော့နေသော လီချင်းယွင်၏မျက်နှာကိုကြည့်ပြီး သူကူးလီကို လှည့်ကြည့်လိုက်ကာ စတင်ဆူပူကြိမ်းမောင်းလိုက်သည်။

"သခင်လေးလီ...မင်းရဲ့လက်ရှိအနေအ‌ထားကို မမေ့ပါနဲ့...အရှင်မင်းကြီးကြောင့်သာမဟုတ်ရင် မင်းအသတ်ခံရတာကြာပြီ... မင်းကြီးကို တတ်နိုင်သမျှမြန်မြန်နာခံပြီး ကောင်းကောင်းအလုပ်အ‌ကျွေးပြုဖို့ အကြံပြုချင်တယ်...မင်းလည်း အနာဂတ်မှာ မြှောက်စားခံရမှာပါ.."

လုကုန်းကုန်းက သူ့လည်ပင်းကိုညှစ်ကာ အသံမာမာဖြင့်ပြောလိုက်သည်။

သူကူးလီက သူ၏နှင်း‌ငွေ့ရိုက်ခံထားရသည့် မျက်လုံးများဖြင့် လုကုန်းကုန်းကို အေးစက်စွာ စိုက်ကြည့်နေ၏။ သူ့နှလုံးသားနှင့်မျက်လုံးများတွင် အမုန်းတရားများနှင့် သတ်ဖြတ်လိုသည့် သူ၏ရည်ရွယ်ချက်ကို မထိန်းချုပ်နိုင်လုနီးပါးပင်ဖြစ်နေသည်။

သူကူးလီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ဘာ‌ကြောင့် အရမ်းပူပန်ကြောင့်ကြနေရတာလဲ လုကုန်းကုန်း....အရှင်မင်းကြီး အလိုရှိနေသရွေ့ မရေတွက်နိုင်တဲ့ အချောအလှတွေ အရှင်မင်းကြီးသလွန်ပေါ်ကို အပြေးအလွှား ရောက်လာကြမှာပါ...ကျွန်တော်က ကျဆုံးပြီးသားတိုင်းပြည်ရဲ့ မင်းသားတစ်ပါးသာဖြစ်ပြီး မင်းကြီးကို အလုပ်‌အကျွေးပြုဖို့ ကောင်းချီးမရှိပါဘူး..."

လုကုန်းကုန်း၏မျက်လုံးများမှာ ဒေါသကြောင့်နီရဲသွားသည်။

 "အရှင်မင်းကြီးကို အလုပ်အကျွေးပြုဖို့ဆိုတာ လူတိုင်းအိပ်မက်မက်ကြတဲ့ ကောင်းချီးတစ်ခုပဲ...ဒါပေမယ့် သခင်လေးလီကသာ ဒါကိုအထင်အမြင်သေးနေတာ...အဝတ်အစားတွေချွတ်ပြီး မင်းကြီးအတွက် အသုံးတော်ခံဖို့ တော်တော်ခက်ခဲနေတာလား.."

လုကုန်းကုန်းအတွက် သူ့စကားလုံးများဖြုန်းတီးပစ်ရမည်ကို သူကူးလီပျင်းလွန်းလှသည်။ ဤမိန်းမစိုးမှာ အလွန်သစ္စာရှိ၍ မိုက်မဲကာ လီချင်းယွင်အတွက်ဆိုလျှင် ယုတ်မာကြမ်းတမ်းပြီး ညစ်နွမ်းသည့်မည်သည့်အရာကိုမဆို လုပ်ပေးသည်။ ထိုသို့ လီချင်းယွင်ကို ဝပ်တွားခယသော လူယုတ်မာနှင့် ငြင်းခုံဖို့ကိုပင် သူ အထင်သေးစက်ဆုပ်မိသည်။

လုကုန်းကုန်း၏ မျက်လုံးများမှာ ခက်ထန်နေပြီး ဒေါသထွက်လွန်းသောကြောင့် ဘာမှပင်ပြန်မပြောနိုင်‌ပေ။ သူကူးလီမှာ မင်းကြီးကို အေးစက်စွာစကားပြောဝံ့သည့် ပထမဆုံးလူဖြစ်သော်လည်း မင်းကြီးက သူ့အား အလွန်ချစ်မြတ်နိုးနေသောကြောင့် ယခုအခြေအနေထိ‌ရောက်လာပြီးသည့်တိုင်အောင် သတ်ပစ်ရန် တွန့်ဆုတ်နေခဲ့ရသည်။

"နာလိုက်တာ..."

လီချင်းယွင် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေစဥ် သူ့ခြေထောက်တွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။

လုကုန်းကုန်းနှင့် သူကူးလီတို့၏ အာရုံများမှာ ချက်ခြင်းပင် လီချင်းယွင်ဆီ ရောက်သွားသည် ။

"အရှင်မင်းကြီး... ဘယ်နားကနာနေတာပါလဲ..."

လုကုန်းကုန်းက ချိုသာစွာပြုံးလိုက်ပြီး နူးညံ့သောအသံနှင့်မေးသည်။

"ခြေထောက်.."

 လီချင်းယွင် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဆက်တည်းမှာပင် ခြုံစောင်ကိုပါ ကန်ထုတ်လိုက်သည်။

"သခင်လေးလီ.."

လုကုန်းကုန်း သူကူးလီကို ချက်ချင်းပင်ခက်ထန်စွာကြည့်လိုက်သည်။

"သခင်လေး သက်သေပြဖို့ အလှည့်ရောက်ပါပြီ.."

သူကူးလီက နှုတ်ခမ်းများကို ဖိကိုက်လိုက်ပြီး သူ့မျက်လုံးများထဲတွင်‌မူ မနှစ်မြို့သည့်အရိပ်အယောင်တို့ ဖော်ပြနေသည်။ သူက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

 "နှင်းကိုက်နာဖြစ်နိုင်တာမလို့ လိမ်းဆေးဆီနဲ့ ကုသလို့ရပါတယ်..."

 သူက ကျောက်စိမ်းပုလင်းကိုထုတ်ကာ လက်ထဲတွင်ကိုင်ထားပြီး လုကုန်းကုန်းကို လှမ်းပေးလိုက်သည်။

လုကုန်းကုန်းက ခက်ထန်သည့်လေသံဖြင့် ပြောလာသည်။

 "မင်းကြီးရဲ့ အမျိုးသားချစ်သူဖြစ်တာကြောင့်... သခင်လေးကိုယ်တိုင် အနီးကပ်အလုပ်အကျွေးပြုသင့်ပါတယ်..."

သူကူးလီက ကျောက်စိမ်းပုလင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာမှာလည်း အေးစက်လာတော့သည်။

"မလိုပါဘူး.."

လီချင်းယွင်နိုးလာပြီး ခေါင်းကို တစ်ဖက်သို့လှည့်ကာ "ရှောင်ရှန်းကျစ်ပဲ လာပါစေ" ဟု ဖြည်းညှင်းစွာ ပြောလိုက်သည်။


"မင်းကြီး… ဒီနေ့က ရှောင်ရှန်းကျစ်တာဝန်ကျတဲ့နေ့မဟုတ်ပါဘူး..."

 လုကုန်းကုန်းက ပြုံးပြီးပြောကာ သူကူးလီကို တွန်းပို့လိုက်သည်။

သူကူးလီ၏မျက်နှာမှာ နှစ်တစ်ထောင်ရေခဲများကဲ့သို့ အေးစက်နေပြီး သူ့မျက်လုံးများမှာလည်း နှင်း‌ငွေ့များဖြင့် ဖုံးလွှမ်းထားသလိုပင်။

လီချင်းယွင် ထိုဇာတ်လိုက်ကို ဘယ်လိုများ သူ့အတွက်ဆေးထည့်ခိုင်းနိုင်မည်လဲ။ ထို့ကြောင့် မလိုဘူးဟု သာ ပြောလိုက်သည်။ သို့သော်လည်း ယခု သူ့တွင် အဖျားအနည်းငယ်ရှိနေသောကြောင့် သူပြောလိုက်သောစကားလုံးများတွင် ဟန့်တားနိုင်သည့်သက်‌ရောက်မှုမျိုး မရှိနေပေ။

သူကူးလီက သူ၏အနီ‌ရောင်နှုတ်ခမ်းများကို ဖိကိုက်ကာ သလွန်အစွန်းတွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ ထို့နောက် လီချင်းယွင်၏ ခြုံစောင်ကိုမကာ သူ၏ သွယ်လျသည့် ခြေကျင်းဝတ်များကို ဆုပ်ကိုင်လိုက်သည်။

အေးစက်‌နေသည့် လက်သွယ်သွယ်များက နီရဲပြီးခရမ်းရောင်သမ်း‌နေသည့် သူ့ခြေ‌ထောက်ပေါ်သို့ ဆေးစလိမ်းပေးနေသည်။

သူကူးလီက လီချင်းယွင်တွင် ထိုသို့ ပန်းနုရောင်သန်းပြီး နူးညံ့သည့်ခြေထောက်တစ်စုံ ရှိလိမ့်မည်ဟု မျှော်လင့်မထားပေ။ လျှပ်စီးကြောင်းတစ်ခုက သူ့နှလုံးသားထဲသို့ နားမလည်နိုင်စွာပင် စီးဆင်းသွားပြီး လီချင်းယွင်၏ ခြေထောက်များကို ကြင်နာစွာပွတ်သပ်ပေးနေသည့် သူ့လက်များမှာလည်း အနည်းငယ်ပူလာရသည်။

သူ့ဆီက ပွတ်သပ်ပြီး‌ဆေးလိမ်းခံရပြီးနောက် လီချင်းယွင် ယားယံလာသလိုခံစားရပြီး ခြေဖဝါးများပင် အနည်းငယ် ယားယံလာသည်။

သူခေါင်းမော့ကြည့်လိုက်သည့်အခါ ခေါင်းငုံ့ထားသည့် သူကူးလီကိုတွေ့လိုက်ရပြီး သူ့ ဆံနွယ်များမှာလျှောကျနေကာ မျက်တောင်များမှာလည်း ငှက်‌တောင်မွေးကဲ့သို့ ကွေးညွတ်ကျနေသည်။ သူ၏ အေးစက်နေသည့်မျက်လုံးများတွင်လည်း အာရုံစူးစိုက်မှုအပြည့်ရှိနေသည်။ သူကူးလီ အမှတ်မထင် ခေါင်းမော့လိုက်သည့်အခါတွင်တော့ ထိုအလှတရားကြောင့် ထိတ်လန့်သွားရသည်။ မျက်ခုံးနှင့် မျက်လုံးများမှာ အလွန်မျက်စိပသာဒဖြစ်ကာလှပပြီး နတ်ဘုရားတစ်ပါးအလား ကြည်လင်ရှင်းသန့်ပြတ်သားနေသည်။

လီချင်းယွင်၏ အတွေးထဲတွင် "နွေဦးလ‌ရောင်၏ မိုးမခပင်ကဲ့သို့ သန့်ရှင်းစင်ကြယ်ပြီး နံနက်ခင်းရောင်စဥ်ကဲ့သို့ ကျက်သရေဖြာကာခမ်းနားထည်ဝါသည်..." ဟူသော စကားလုံးများကို တွေးမိသွားသည်။

အလွန် လှပလွန်းသည်။

လီချင်းယွင် မျက်လွှာချကာ ဒါဟာ သူလက်ဖျားနဲ့ပင် ထိလို့မရသည့် ဇာတ်လိုက်ဟု သူ့ကိုယ်သူ ထပ်ခါထပ်ခါ သတိပေးနေရသည်။

မူလဇာတ်လမ်းတွင် သူက သူကူးလီကို အရူးအမူးစွဲလမ်းနေပြီး သူကူးလီအတွက် မကောင်းသည့်နည်းလမ်းမျိုးစုံကို အသုံးပြုကာ သူကူးလီကို မနှစ်မြို့သော ၊ ရူးသွပ်သော ၊ စွဲလမ်းသော မှုးမတ်များအားလုံးကိုလည်း သတ်ပစ်ခဲ့သည်။

အဆုံးသတ်တွင် သူရခဲ့သည်မှာ သူကူးလီ၏ အေးစက်စက် အကြည့်တစ်ချက်သာဖြစ်သည်။

သူကူးလီက ဆွဲဆောင်မှုရှိကာ ဇာတ်လိုက်တစ်‌ယောက်လည်းဖြစ်သည်။

စာအုပ်ထဲတွင်ပါဝင်သည့် လူတော်တော်များများက သူ့ကို ရူးသွပ်စွဲလမ်းကြသည်။

ယုံးနန်းတော်ရှိ လူဘယ်နှစ်ယောက်‌‌က သူကူးလီအတွက်နှင့် သူ့ကိုပုန်ကန်ရန် ရွေးချယ်ခဲ့ကြသည်လဲ။ ထို့ပြင် မှုးမတ် ဘယ်နှစ်ယောက်က သူကူးလီအတွက် သူ့အပေါ် သစ္စာဖောက်ခဲ့ကြသည်လဲ။ အခြား‌သောတိုင်းပြည်များမှ ဘုရင်များကလည်း သူကူးလီကို တပ်မက်နှစ်သက်ကြသည်။ လူ‌‌တွေအမြောက်အများက သူကူးလီရှေ့တွင် ဒူးထောက်ပြီး သူ့အတွက် ကမ္ဘာတစ်ခုလုံးကို ပုံပေးချင်ကြသည်။

လီချင်းယွင် ကိုယ့်ကိုကိုယ် သတိထားမိနိုင်‌အောင် နှိုး‌ဆော်‌နေခဲ့ရသည်။ ထိုဇာတ်လိုက်၏ ညှို့ငင်မှု အရှိန်အဝါတွေနှင့် သူ့အပေါ်လွှမ်းမိုးနေသည်ကို သူခံနိုင်ရည်မရှိတော့ပါပေ။

သူဒီအငြင်းပွားမှုမှ ရုန်းထွက်ချင်နေသည်။

ယခုအချိန်တွင် လီချင်းယွင်မှာ တိုင်းပြည်အရေးကိုသာအာရုံစိုက်လိုပြီး ယုံးထီးနန်းကို ကာကွယ်ချင်သည်။

ထိုသို့သော ငြီးငွေ့စရာ အမဲလိုက်ကစားပွဲအတွက်နှင့် သူ့တိုင်းပြည်ကို ဘယ်တော့မှ ဖျက်ဆီးခံမည်မဟုတ်ပေ။တိုင်းပြည်ကို ဆုံးရှုံးရသောဘုရင်မျိုး မဖြစ်ချင်ပေ။

သူကူးလီက လီချင်းယွင်အပေါ် ဂရုတစိုက်ပြုစု‌နေသည်ကိုမြင်သောအခါ လုကုန်းကုန်း စိတ်သက်သာရာရသွားပြီး ပျော့ပျောင်းသည့်လေသံဖြင့် ပြောလာသည်။

"သခင်လေးသူကူးလီ... ဒီလိုမျိုးသာဆက်ပြီး နာခံမယ်ဆိုရင် အသက်ချမ်းသာပေးခဲ့တဲ့ အရှင်မင်းကြီးရဲ့ ဂရုဏာနဲ့ ထိုက်တန်လာမှာပါ..."

သူကူးလီ၏ မျက်လုံးများထဲတွင် နှင်းစက်များကဲ့သို့ ကြည်လင်နေသည့် လှည့်ကွက်အရိပ်အယောင်များ ရှိနေသည်။

လီချင်းယွင်သည် သူ့တိုင်းပြည်ကိုဖျက်ဆီးခဲ့ပြီး သူ့မိသားစုကိုပြိုကွဲစေကာ သူ့ကိုလည်း အနိုင်ရတိုင်းပြည်ရဲ့ ကျေးကျွန်ဖြစ်စေခဲ့သည်။ ထို့အပြင် လီချင်းယွင်က သူ့အား မနှစ်မြို့ဖွယ်အရာများလုပ်ရန် ထပ်ခါထပ်ခါဖိအားပေးခဲ့ပြီး သူ့ဂုဏ်သိက္ခာကိုလည်း နင်းချေခဲ့ကာ အရှုံးသမား ဖြစ်စေခဲ့သည်။ ထိုသို့ နှိမ့်ချဆက်ဆံခြင်းမျိုးတို့အတွက် တစ်ဆင့်ချင်းပြန်၍ လက်စားချေရယူသွားမည်ဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment