အခန်း(၈) အရှင်မင်းကြီးကို အဝတ်ချွတ်ပေးခြင်း
နန်းတွင်းအစေခံမိန်းမပျိုနှင့် ကုန်းကုန်းများမှာ ပြိုင်တူဒူးထောက်လာကြသည်။
"မင်းသမီး ဒီလိုမလုပ်သင့်ပါဘူး! သူကူးသခင်လေးက အရှင်မင်းကြီး ကာကွယ်ပေးချင်တဲ့ လူတစ်ယောက် ဖြစ်နေပါတယ်”
ကုန်းကုန်းငယ်လေးက ခက်ခက်ခဲခဲစည်းရုံးနေသည်။
"ဟုတ်ပါတယ် မင်းသမီး! အရှင်မင်းကြီးက သူကူးသခင်လေးကို အရမ်းချစ်တာ ဒီလိုလုပ်လိုက်မယ်ဆို မင်းသမီး အရှင်မင်းကြီးထောင်ချောက်ထဲ လျှောက်ဝင်သွားတာ မဟုတ်ပါဘူးလား..”
ကုန်းကုန်းနှင့် နန်းတွင်းအစေခံ မိန်းမပျိုများမှာ မင်းသမီး၁၀ကို သေချာဂရုတစိုက် စည်းရုံးနားချနေကြသည်။
လီချင်းလန်က ပင်မထိုင်ခုံမှာ ထိုင်ကာ တည်ငြိမ်စွာ လက်ဖက်ရည်သောက်လျက် သူကူးလီကိုမသာမယာကြည့်ကာ ပြောလာ၏။
“အရှင်မင်းကြီးက သူ့ကို သဘောကျတော့ ဘာဖြစ်လဲ.. သူက အပိုင်သိမ်းခံလိုက်ရတဲ့ တိုင်းပြည်ရဲ့ ကျွန်သာသာပဲလေ.. သူ့အလှတရားကို အသုံးချပြီး ယောကျ်ားတွေကို ခစားနေတဲ့ကောင်! အဲ့ဒါ ဘာဖြစ်တုန်း...”
သူမက သူကူးလီကို အေးစက်စက်ကြည့်လိုက်သည်။
"အရှင်မင်းကြီးက နင့်ကို ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ ငါလည်းကြားပြီးပြီ... အရှင်မင်းကြီးက နင့်အပေါ် ဒီလောက် သည်းခံပြီး ခွင့်လွှတ်ပေးနေတာ! ကောင်းကင်ဘုရင် ဒီနေ့ ရောက်လာရင်တောင် ငါနင့်ကို ကျွန်ဖြစ်အောင်လုပ်ပစ်မယ်! ဒီလာခဲ့စမ်း!"
သိုင်းပညာမြင့်မားသူ လျို့ဝှက်အစောင့်က လီချင်းလန်၏ညွှန်ကြားချက် နောက်လိုက်ကာ သူကူးလီကို ထိဖို့ ရှေ့တိုးလာသည်။
ချန်မော့က လျို့ဝှက်အစောင့်ကို တားကာ သူနှင့်စတိုက်ခိုက်ရင်း ဒေါသတကြီးဆိုလေသည်။
"မင်းသမီး ကျွန်တော်မျိုးသခင်ကို ထိခိုက်အောင်လုပ်ချင်တယ်ဆို ကျွန်တော်မျိုးရဲ့ အလောင်းပေါ် အရင်တက်နင်းသွားမှ ရမယ်!"
လီချင်းလန်က အလွန်ဒေါသထွက်သွားကာ ချန်မော့ကို လက်ညိုးထိုးပြီး ဒေါသတကြီးဆိုလေသည်။
,"သူ့အထက်အရာရှိကို ပုန်ကန်ရဲတဲ့ ဒီအစေခံကဘယ်ကရောက်လာတာလဲ သူ့ကို သတ်ပစ်လိုက်စမ်း!"
မြင်ကွင်းမှာ တစ်အောင့်အကြာ ဖရိုဖရဲဖြစ်လျက်။
"မင်းက ဘယ်သူ့ကိုသတ်ချင်တာလဲ”
လီချင်းယွင်က တဟုန်ထိုးရောက်လာပြီး မောဟိုက်လျက်။ သူ၏တောက်ပသော နီစွေးစွေးဝတ်ရုံမှာ လေကြောင့် တဖျတ်ဖျတ်လွင့်ခါလို့နေသည်။ သူက ဖရိုဖရဲမြင်ကွင်းကို သူ့ဖီးနစ်မျက်ဝန်းများနှင့် စိုက်ကြည့်လိုက်သည်။
ယောက်ဟွားနန်းဆောင်ရှိ နန်းတွင်းအစေခံ မိန်းမပျိုနှင့် ကုန်းကုန်းများမှာ ကြောက်လန့်တကြားဒူးထောက်ချလိုက်ကြသည်။
"အရှင်မင်းကြီးကိုနှုတ်ခွန်းဆက်သပါတယ်!"
လီချင်းလန်က အရိုအသေပေးလာပြီး လီချင်းယွင်ကိုမြင်တော့ နည်းနည်းကြောက်သွားကာ ပြေးလာပြီး နူးညံ့စွာဆိုလေသည်။
"တော်ဝင်အစ်ကိုတော်”
မင်းသမီး၁၀ လီချင်းလန်မှာ ဧကရာဇ်ဟောင်းက မျက်နှာသာပေးကာ ကိုယ်လုပ်တော်သွမ့်နှင့် နီးကပ်သည့် နန်းတွင်းအစေခံမိန်းမပျို၏သမီးဖြစ်သည်။ နောက်တော့ နန်းတွင်းအစေခံမိန်းမပျိုမှာ ကလေးမွေးဖွားရခက်မှုကြောင့် သေဆုံးသွားခဲ့ပြီး လီချင်းလန်မှာ ကိုယ်လုပ်တော်သွမ့်ကပြုစုပျိုးထောင်လာပြီး လီချင်းယွင်နှင့်အတူကြီးပြင်းလာခဲ့သည်။
လီချင်းယွင်က သူကူးလီကိုကြည့်လိုက်သည်။
သူကူးလီမှာ အဖြူရောင် မက်မွန်ပွင့်လွှာများချည်ထိုးထားသည့် လ ဖြူရောင်ဝတ်ရုံကိုဝတ်ထားသည်။ သူဟာအရပ်ရှည်ကာ ကျက်သရေရှိပြီး ဆံပင်အနက်ရောင်ကို ကျောက်စိမ်းသရဖူနှင့် ချည်ထားသည်။ သူ၏ မျက်ခုံးနှင့်မျက်ဝန်းမှာ ပန်းချီကားဆန်ပြီး သူ၏ ကြည်လင်လှပသော မျက်ဝန်းတစ်စုံမှာ အေးစက်မှုနှင့် သီးသန့်ဆန်မှုကိုသာ ဖော်ပြလျက်။ သူဟာ မိန်းမောဖွယ်ကောင်းအောင် လှပပေမယ့် လူတိုင်းကို စည်းတားထားသည့် ပင်ကိုယ်စရိုက်ရှိလေသည်။
ဒီအရာကြောင့် သူကူးလီက ပိုပြီးအံ့ဩမှင်သက်ဖွယ်ကောင်းနေရခြင်းပင်။
လီချင်းယွင် လျှောက်သွားကာ သူကူးလီ၏ သွယ်လျအေးစက်သော လက်တစ်ဖက်ကိုဆုပ်ကိုင်ကာ နူးညံ့သောအသံနှင့် ပြောလိုက်သည်။
"ချင်းလန်ကမိုက်မဲလို့ပါ မင်းသည်းခံရမယ်နော်”
သူကူးလီ၏မျက်ဝန်းမှာ ကျောက်စိမ်းပမာအေးစက်လျက်။
"ဆိုတော့ ဒါက အရှင်မင်းကြီးရဲ့ဆန္ဒမဟုတ်ဘူးပေါ့”
"ကိုယ်ကဘယ်လိုလုပ်ပြီးတော့...."
လီချင်းယွင်၏နှလုံးသားမှာ ရုတ်ခြည်း ထိတ်လန့်သွားသည်။
အဓိကဇာတ်ဆောင်က ဒီနေ့ သူ့အမည်ခံကာ သူ့ညီမတော်ကြောင့် ဒီအနိုင်ကျင့်မှုကိုသာ တကယ်ခံလိုက်ရမယ်ဆို အားလီက သူ့ဘဝတစ်လျှောက်လုံး သူ့ကိုမုန်းသွားပြီးတော့ ပြန်လှည့်ခွင့်ရှိမှာ မဟုတ်လောက်တော့ဘူး...
သူကဖြေရှင်းမရတဲ့ပြစ်မှုကို စတင်ပြီးသွားပြီမို့ သူပြစ်မှုနောက်တစ်ခု ကျူးလွန်လိုက်မယ်ဆို သူ့အနာဂတ်က ဘာမှမဟုတ်ဘဲ ဝမ်းနည်းဖွယ်ဖြစ်သွားလိမ့်မယ်။
"တော်ဝင်အစ်ကိုတော်!"
လီချင်းလန်က မျက်ဝန်းထဲမှာ မျက်ရည်စနှင့်ဒူးထောက်ချလိုက်သည်။
"သူက နှင်းတိုင်းပြည်ရဲ့ လက်ကျန်လူဖြစ်ပြီးတော့ ဒီမှာနေခွင့်မရှိဘူးလေ... တော်ဝင်အစ်ကိုတော်က သူ့ကိုတကယ် အရမ်းချစ်တာပဲ။ သူ့ကို ယောက်ဟွားနန်းတော်မှာ နေခိုင်းတာက မျက်နှာသာ အကြီးကြီးပေးလိုက်တာပဲ! အစ်ကိုတော် သူ့ကို ဒီလိုမျိုး အလိုဆက်လိုက်နေမယ်ဆို သေချာပေါက် ပုန်ကန်မှုဖြစ်လာမှာ!"
"ချင်းလန် ကိုယ်တော် မင်းအပေါ် တအားအလိုလိုက်မိသွားတာပဲ”
လီချင်းယွင်က မျက်မှောင်ကြုတ်ကာ လီချင်းလန်ကိုကြည့်လိုက်သည်။
"ကိုယ်တော် မင်းကို အပြစ်ပေးမယ်။ မင်း နန်းဆောင်ကို ပြန်သွားပြီးတော့ မင်းအမှားကို တစ်လကြာသုံးသပ်ပြီး ကျမ်းစာအစောင်၃၀၀ကို လက်နဲ့ကူးရေးရမယ်”
လီချင်းလန် မျက်လုံးပြူးသွားသည်။ ခုနက သူမ ဂုဏ်မောက်ခဲ့တာက ဘယ်ရောက်သွားလဲ...
သူမက တိုင်းပြည်ဆီ ကပ်ဘေးဆောင်ကျဥ်းလာသည့် ကိုယ်လုပ်တော်ကို စူးစိုက်ကြည့်နေသည့်အလား သူကူးလီကို စူးစိုက်ကြည့်လိုက်ပြီး သူမမျက်ဝန်းမှာမီးစများထွက်လျက်။
"အစ်ကိုတော်က သူ့ကို အရမ်းကောင်းကောင်းကြီး ဆက်ဆံတာပဲ... သူ့မှာမကောင်းတဲ့ ရည်ရွယ်ချက်ရှိနေလားဆိုတာ ဘယ်သူသိမှာလဲ”
သူမ ပြောပြီးနောက် လီချင်းလန်က ထရပ်ကာ မကျေမနပ်ဆိုလေသည်။
"ကျမ်းစာကူးရုံလေးပဲကို!"
သူမက ယောက်ဟွားနန်းဆောင်မှ မကျေမနပ် အမျက်ဒေါသနှင့်ထွက်သွားပြီး သူမ ပတ်လည်ရှိ နန်းတွင်းအစေခံ မိန်းမပျိုနှင့် ကုန်းကုန်းများမှာသူမ နောက် လိုက်ထွက်သွားသည်။
ယောက်ဟွားနန်းဆောင်ထဲမှာ ရုတ်ခြည်း လူနည်းသွားသည်။
"ချင်းလန်က တည့်တိုးဆန်တဲ့ လူတစ်ယောက်မို့ စိတ်ထဲမထားပါနဲ့”
လီချင်းယွင်ကဆိုသည်။
သူကူးလီက မထူးမခြားနား အကြည့်ကို ပြန်ရုတ်ကာ လီချင်းယွင်ကို ငုံ့ကြည့်လိုက်သည်။ သူ၏ ဖန်ဂေါ်လီနှင့်တူသော အနက်ရောင်မျက်ဝန်းမှာ ဘာစိတ်ခံစားချက်မှမရှိပေ ။ သူက နီစွေးစွေးနှုတ်ခမ်းကို အသာဖွင့်ကာ ပြောလာ၏။
"မင်းသမီးချင်းလန်က အရှင်မင်းကြီးအတွက်တွေးပေးတာပဲ”
"အပြင်မှာအေးတယ် အထဲဝင်ရအောင်”
လီချင်းယွင်နှင့် သူကူးလီတို့ ခန်းမထဲအတူဝင်သွားကြသည်။
သူကူးလီက လီချင်းယွင်၏ကျောပြင်ကို မျက်ဝန်းထဲ ပြင်းထန်သော စက်ဆုပ်ရွံရှာမှုတစ်စွန်းတစနှင့် စိုက်ကြည့်လိုက်သည်။
သူက လီချင်းယွင်နှင့် အနီးကပ်နေရတာကို သဘောမကျသကဲ့သို့ လီချင်းယွင်ကို ထိရတာကိုလည်းမကြိုက်၊ အထူးသဖြင့် မနေ့ညကသူလီချင်းယွင်ကို နှစ်ခါနမ်းလိုက်တုန်းက အန်ချင်စိတ်ခံစားခဲ့ရသည်။
သူ ယောကျ်ားတစ်ယောက်နှင့် အနီးကပ်နေခြင်းမှ ယူဆောင်လာသည့် အန်ချင်စိတ်ကို ရှင်းထုတ်ဖို့ အကြိမ်ပေါင်းများစွာ ပါးစပ်ကိုပလုတ်ကျင်းခဲ့သည်။
နွေးထွေးသော မီးသွေးမီးက ခန်းမကိုအလွန်အမင်း နွေးထွေးစေသည်။
လီချင်းယွင် အထဲဝင်လိုက်သည်နှင့် သူဝတ်ထားသည့် အနီရောင်ခြုံထည်ကို လုကုန်းကုန်းဆီပစ်ပေးလိုက်သည်။
သူ မီးသွေးမီးဖိုရှေ့မှာ ထိုင်ကာ သူ့လက်များကိုနွေးအောင်လုပ်လိုက်ပြီး သူ့နှာခေါင်းမှာ အအေးဓာတ်ကြောင့် နီရဲသွားကာ အဆက်မပြတ်နှာချေလိုက်မိသည်။
"ဟက်ချိုး”
နှာချေမှုက သူ့မျက်ဝန်းကို မျက်ရည်ဝဲသွားစေပြီး မျက်ရည်စက ဖြည်းဖြည်းချင်း စီးကျကာမျက်ဝန်းမှာနီရဲသွားသည်။
လီချင်းယွင် သူ့မျက်ရည်ကို သုတ်ပစ်လိုက်သည်။
သူကူးလီက မီးသွေးမီးဖိုရှေ့မှာ မတ်တပ်ရပ်လျက် လီချင်းယွင်၏ နီရဲသောမျက်ဝန်းများကိုကြည့်ကာသူ့အသံမှာအေးစက်နေသည်။
"အရှင်မင်းကြီးက နေမကောင်းဖြစ်နေတုန်းပဲ...အရှင်မင်းကြီး အဝတ်ပါးပါးလေးဘဲ ဝတ်ပြီးအပြင်မထွက်သင့်ဘူး”
လီချင်းယွင်က မျက်လုံးပင့်ကြည့်ကာ
"အားလီ မင်းကိုယ့်ကို စိုးရိမ်ပေးနေတာလား"
"ဟုတ်ကဲ့”
သူကူးလီက ဝန်ခံလိုက်သော်လည်း သူ၏ ကျောက်စိမ်းနက်ရောင်မျက်ဝန်းမှာ စိုးရိမ်မှု နည်းနည်းလေးမှမရှိဘဲ ရေခဲနှင့်နှင်းခဲများ ဖုံးအုပ်လို့နေသည်။
လီချင်းယွင်က အသံတိတ်ရယ်လိုက်သည်။
"ထိုင်ပါအုံး အားလီ”
ကုန်းကုန်းလေးက သူကူးလီဆီ ထိုင်ခုံတစ်ခုံအမြန်ယူလာပေးသည်။ သူကူးလီက ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး ကုန်းကုန်းလေးက သူနွေးသွားအောင် သူကူးလီဆီ မီးဖိုတစ်ခုယူလာပေးသည်။
"သမားတော်စုကိုသွားခေါ်လိုက်”
"ဟုတ်ကဲ့”
ကုန်းကုန်းလေးကခန်းမထဲမှအလျင်စလိုထွက်သွားသည်။
"နှာချေရုံလေးပဲကို ဘာလို့တော်ဝင်သမားတော်ကို ခေါ်ဖို့လိုမှာလဲ”
လီချင်းယွင်က သူ့လည်စေ့ သူထိကာ နည်းနည်းယားသလို ခံစားလိုက်ရသည်။ ဒီရက်ပိုင်းသူ့ခန္ဓာကိုယ်အခြေအနေက အားနည်းသထက် အားနည်းလာသလို အမြဲခံစားရပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးရင် ခေါင်းမူးလာတတ်သည်။
"လိုတာပေါ့ အရှင်မင်းကြီး... ”
သူကူးလီကဖြည်းဖြည်းချင်းဆိုသည်။
လီချင်းယွင်က ကူကယ်ရာမဲ့စွာ ပြုံးကာဆိုသည်။
"အားလီ နှင်းတိုင်းပြည်ရဲ့ တော်ဝင်မိသားစုနဲ့ နှင်းတိုင်းပြည်သားတွေ ဘယ်ရောက်သွားပြီလဲ ကြားပြီးပြီလား မင်း တစ်ခုခုကန့်ကွက်ချင်လား”
သူကူးလီကခပ်ပေါ့ပေါ့ဆိုသည်။
"အနိုင်ရသူက ဘုရင်ဖြစ်ပြီးတော့ ရှုံးနိမ့်သူကသုံ့ပန်းပဲ အရှင်မင်းကြီးက သူတို့ကို မသတ်ဘဲမျက်နှာသာပေးလိုက်ပြီးပြီလေ”
"မင်းပျော်ရင်ရပြီ”
လီချင်းယွင်ကပြုံးသည်။
မူရင်းဇာတ်ကြောင်းထဲမှာ လီချင်းယွင်ဟာ သူကူးလီကလွဲလို့ နှင်းတိုင်းပြည်သားအကုန်လုံးကို သတ်ပစ်ခဲ့ပြီး နောက်ဆုံးတွင် တစ်လောကလုံးရှေ့မှာ လူသတ်သမားအဖြစ် ဂုဏ်သတင်းကျော်သွားခဲ့သည်။
သူကူးလီ၏ သူ့အပေါ်အမုန်းတရားမှာ ဒီဟာကြောင့် တစ်နေ့ပြီးတစ်နေ့ကြီးထွားလာပြီး ရလဒ်ကတော့ သူ့ကိုသတ်ဖို့ ဘာစိုးရိမ်သောကမှမရှိတော့ဘဲ သူ့ကိုရှင်းပစ်ရာမှာ အာရုံစိုက်ထားလေသည်။
လီချင်းယွင်မှာ ဒီလိုဆန်ကုန်မြေလေးဖြစ်ရတဲ့အတွက် မနေနိုင်ဘဲ သူ့ကိုယ်သူတိတ်တခိုးကျိန်ဆဲလိုက်မိသည်။ သူလူတွေအပေါ် ဘယ်လိုနူးညံ့ပြီးတွေးပေးရမလဲ တကယ်မသိ။ သူကတွန်းအားပေးသော အချစ်နှင့်အကျဥ်းချသောလုပ်ရပ်ကို အသုံးချခဲ့ရသည်။ အဓိကဇာတ်ဆောင် သူ့ကိုအလွန်မုန်းတာမဆန်း။ သူ ဒီလို ရက်စက်တဲ့လုပ်ရပ်တွေကို အသုံးချပြီးတော့ အလှလေးတစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လိုလုပ်ပြီးအနိုင်ရနိုင်မှာလဲ။
လီချင်းယွင်၏မျက်ဝန်းမှာ သူကူးလီကို ကြည့်မိချိန် မနေနိုင်ဘဲ နူးညံ့ကာ သနားကြင်နာ သွားရသည်-- ဒီလိုလှပပြီး ဆိုးဝါးတဲ့ဘဝ၊ အားနည်း ကူကယ်ရာမဲ့ပြီး အေးစက်ဂုဏ်မောက်တဲ့ အဓိကဇာတ်ဆောင်ကို သူဂရုစိုက်ပေးသင့်တယ်။
သိပ်မကြာခင်မှာ စုယွီရောက်လာသည်။
သူဒူးထောက်ကာ အရိုအသေပေးလာသည်။
"အရှင်မင်းကြီး အရှင်မင်းကြီးရဲ့ နိမ့်ကျတဲ့အစေခံက အရှင်မင်းကြီးကို အရိုအသေပေးပါတယ်”
"ထတော့”
"ဟုတ်ကဲ့”
စုယွီ ဖြည်းဖြည်းချင်းထရပ်ကာ သူ့ဝတ်ရုံပေါ်က ဖုန်ကိုခါလိုက်ပြီး အရင်ခေါင်းမော့ကာ သူကူးလီကို ကြည့်လိုက်ပြီးမှ လီချင်းယွင်၏ သွေးခုန်နှုန်းကို စမ်းလိုက်သည်။
သူ လီချင်းယွင်၏သွေးခုန်နှုန်းကို စမ်းကြည့်ပြီး မျက်မှောင်အသာကြုတ်လိုက်မိသည်။ သူ့ကိုယ်ထဲက အဆိပ်က တဖြည်းဖြည်းချင်း သူ့ကိုစတင် ကျူးကျော်လာနေပေမယ့် အဲ့လောက်မမြန်သင့်ပေ။
ရေထဲပြုတ်ကျပြီး နိုးလာထဲက ဒီအာဏာရှင်၏ခန္ဓာကိုယ်မှာ အတော်လေးပိုအားနည်းလာသည်။ အဲ့ဒါက သူအဆိပ်ကို ဒီလောက် မြန်မြန်မခုခံနိုင်တဲ့ အကြောင်းရင်းဖြစ်နိုင်သည်။
"အရှင်မင်းကြီး အားနည်းနေတယ်...ကျွန်တော်မျိုး အရှင်မင်းကြီးခန္ဓာကိုယ် သွေးလည်ပတ်မှုကောင်းအောင် ဆေးတချို့ ဖော်ပေးပါ့မယ်။ ဒါပေမယ့် အရှင်မင်းကြီးက အားနည်းနေတော့ အပ်စိုက်ကုဖို့ လိုအပ်ပါတယ်”
စုယွီကရိုသေစွာဆိုသည်။
"အရှင်မင်းကြီး ကျေးဇူးပြုပြီးတော့ ဝတ်ရုံတော်ကို ချွတ်ပေးပါ ။ ကျွန်တော်မျိုးအရှင်မင်းကြီး ကျောပြင်ပေါ်က အကြောတွေကို အပ်စိုက်ကုပေးဖို့လိုအပ်ပါတယ်”
လီချင်းယွင် မျက်မှောင်အသာကြုတ်မိသည်။
"အပ်စိုက်ကုဖို့ လိုအပ်လို့လား”
စုယွီကရှက်ရွံ့စွာဆိုသည်။
"ဒီဆေးနည်းကသာ အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်ကို ကျန်းမာလာစေမှာပါဘုရား”
လီချင်းယွင် သူ့ဝတ်ရုံကော်လာကို ဆုပ်ကိုင်လျက် နည်းနည်းတုံ့ဆိုင်းသွားမိသည်။ သူ သူကူးလီကို စိုက်ကြည့်လိုက်မိသည်။ အဆုံးမှာတော့ အလှလေးက သူ့ကိုဝံပုလွေနှင့်ကျားဟု ထင်သွားမှာစိုးလို့ သူ တော်တော်လေး စဥ်းစားနေရသည်။
သူကူးလီက ထရပ်ကာ ခပ်ပေါ့ပေါ့ဆိုလေသည်။
"ကျွန်တော်အရှင်မင်းကြီးကိုကူပေးပါ့မယ်”
လီချင်းယွင် တုံ့ဆိုင်းမနေတော့ဘဲ သူကူးလီ၏ လက်သွယ်သွယ်လေးများကို သူ့ဝတ်ရုံကော်လာပေါ် ပြေးလွှားခွင့်ပေးလိုက်သည်။
သူကူးလီ၏လက်မှာ ဖြူဖွေးပြီး အလွန်အေးစက်ကာ ကျောက်စိမ်းပမာလှပပြီး လက်ဆစ်ထင်းထင်းများရှိသည်။
သူ့လက်ချောင်းများမှာ အလွန်သွယ်လျပြီး သာမန်လူတို့ထက် ပိုရှည်ကာ အလွန်ပျော့ပြောင်းလှသည်။
သူကူးလီ၏လက်ချောင်းများက ဖြည်းဖြည်းချင်း အောက်ဆင်းလာကာ လီချင်းယွင်၏ဝတ်ရုံကော်လာကို ဖြည်းဖြည်းချင်း ပင့်တင်လိုက်သည်။
လီချင်းယွင်၏လည်တိုင်မှာ ရှည်လျားဖြူဖွေးပြီး မသိမသာဖောင်းနေသောလည်စေ့၊ သက်ဝင်လှုပ်ရှားနေသော နူးညံ့ညံ့ညှပ်ရိုးနှင့် လူတို့ကို အနီမှတ်များလုပ်ပစ်ချင်စိတ် ဖြစ်စေသည့် ဖြူဖွေးသော အသားအရည်တို့ရှိသည်။