အခန်း (၁၈) စုယွီ တကယ်ချစ်တဲ့သူကဘယ်သူလဲ
"စုယွီ မင်း သူကူးလီကို သဘောကျနေတယ် မဟုတ်လား.."
လီချင်းယွင်သည် သူ၏ဖီးနစ်မျက်ဝန်းများဖြင့် စုယွီအား တည့်တည့်စိုက်ကြည့်လိုက်သည်။
စုယွီက ထိတ်လန့်တကြား ခေါင်းမော့ကြည့်လာ၏။
"အရှင်မင်းကြီး... ဒါက လုံးဝမဟုတ်ပါဘူး.."
"မဟုတ်ဘူးလား?"
လီချင်းယွင်က သူ၏မျက်ခုံးများကို သေရေးရှင်ရေးသဘောထားနေသလိုမျိုး သိသိသာသာပင့်တင်လိုက်၏။ သူသည် စုယွီကို အထက်စီးဆန်စွာကြည့်လိုက်သည်။
"စုယွီ မင်းသူကူးလီအပေါ်ကို ဘယ်လိုသဘောထားသလဲဆိုတာကို ငါမသိဘူးလို့ မင်းတကယ်ပဲထင်နေတာလား။ ငါနန်းတော်ကိုဆင့်ခေါ်လိုက်တိုင်း မင်းရဲ့မျက်လုံးတွေက သူ့ဆီကိုပဲရောက်နေခဲ့တာ.."
စုယွီ၏ မျက်နှာမှာ အနည်းငယ်ညှိုးငယ်လာပြီး သူ ခေါင်းငုံ့ကာပြောလိုက်သည်။
"ကျွန်တော်မျိုးမှာ ဖုံးကွယ်ထားတဲ့ အကြောင်းအရာတစ်ခုမှမရှိပါဘူး။ အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး သဘောပေါက်နားလည်ပေးပါ!"
"ဒါဖြင့်လည်း ဒါကိုထပ်ကြည့်လိုက်ပါဦး... ဒါကရောဘာလဲ.."
စုယွီ ရှေ့ကို စာလိပ်တစ်ခုပစ်ပေးလိုက်ရာ ထိုစာလိပ်က မြေကြီးပေါ်သို့ပြုတ်ကျ၍ တဖြည်းဖြည်း ပြန့်ကျဲသွား၏။ ထိုပန်းချီကားထဲတွင် နက်မှောင်နေသည့်ဆံနွယ်ရှည်နှင့် အချောအလှလေး၏ ကျောပြင်ကို ဖော်ပြနေသည်။ သူ၏ဆံနွယ်များမှာ ရေတံခွန်ကဲ့သို့ဝဲဖြာကျဆင်းနေပြီး ပုခုံးပြင်တို့မှာလည်းအလွန်နူးညံ့သိမ်မွေ့ဟန်။ အနီရောင်တောက်တောက် အမှတ်အသားဖျော့ဖျော့မှာလည်း တစ်ချိန်လုံး ညှို့ငင်နိုင်သည့်ဝင်သက်ထွက်သက်ကို ဖော်ပြနေသည်။
ထိုပန်းချီကားတွင်ပါဝင်သည့် နွေဦးရှုခင်းမှာ အတိုင်းအဆမရှ်ိ လှပလွန်း၏။
"သမားတော်စု... ဒီပန်းချီကားကို မင်းရဲ့စံအိမ်မှာ တွေ့ခဲ့ပြီးတော့ ငါ့လက်ထဲကိုလည်း သိပ်မကြာခင်ကမှ ရောက်လာခဲ့တာ။ သမားတော်စုက ဆေးလောကရဲ့အရှင်သခင်ဖြစ်ရုံသာမက အင်မတန်ထူးချွန်တဲ့ ပန်းချီဆရာတစ်ယောက်လည်းဖြစ်တယ်လို့ ပြောကြတယ်။ ဒီနွေဦးပန်းချီကားထဲက ပုံရိပ်ဟာ နဂါးနန်းတော်ရဲ့ ရေပူစမ်းကိုဆွဲထားတာမလား။ ပန်းချီကားထဲက လူဟာလည်း သူကူးလီပဲမဟုတ်လား.."
ပို၍ဒွိဟဖြစ်သွားစေနိုင်သည့် အတောမသတ်နိုင်သည့် စိတ်ကူးယဉ်မှုတို့ပါဝင်နေသော ထိုစာလိပ်ကိုလီချင်းယွင်က ဖြေဖြန့်လိုက်သည်။ သူက ဒေါသထွက်ရမည့်အစား နှုတ်ခမ်းရဲရဲတို့ကိုဖွင့်ဟပြီး ပြုံးလိုက်၏။
"စုယွီ မင်းက မတပ်မက်သင့်တဲ့လူကို တပ်မက်နေမိတာ...ဒါကို မင်းဘယ်လိုရှင်းပြမှာလဲ.."
စုယွီက နတ်ဆိုးတစ်ကောင်၏ပြုစားခြင်းကို ခံလိုက်ရသကဲ့သို့ ပန်းချီကားကို တွေဝေစွာစိုက်ကြည့်နေ၏။ သူက တခြားသူများမြင်သွားမည်ကို ကြောက်ရွံ့သောကြောင့် ပန်းချီကားအား အလျင်မြန်လိပ်သိမ်းလိုက်သည်။ သူခေါင်းမော့ကြည့်လိုက်သည့်အခါ လီချင်းယွင်ကဒေါသထွက်နေသည့် မျက်ဝန်းများဖြင့် သူ့အားကြည့်နေ၏။ ထို့ကြောင့် စုယွီက ခက်ခက်ခဲခဲပင်ရှင်းပြလိုက်ရ၏။
"ဒီပန်းချီကားထဲကလူဟာ သခင်လေးသူကူးလီမဟုတ်ပါဘူး.."
"ဒါဖြင့်ရင် ဘယ်သူလို့မင်းပြောချင်နေတာလဲ.."
လီချင်းယွင် စိတ်ထဲရှုပ်ထွေးသွားရသည်။ စုယွီချစ်မြတ်နိုးစိတ်ဖြင့် ပန်းချီဆွဲထားသည့်လူက သူကူးလီမဟုတ်လျှင် မည်သူဖြစ်မည်နည်း။
"ဟုတ်ကဲ့.."
စုယွီက စာလိပ်ကို တင်းတင်းကြပ်ကြပ်ပင်ဆုပ်ကိုင်ထားပြီး ပါးစပ်ဟဖို့ပင် အနိုင်နိုင်ဖြစ်နေ၏။ သူ ယခုရက်ပိုင်းများတွင် နေ့နေ့ညညတွေးနေခဲ့ရသည့်လူသည် အားလီမဟုတ်ပါဘူးဟု မည်သို့ဝန်ခံရမည်နည်း။ သူ့ကိုနှိပ်စက်ပြီး ရက်နှင့်ချီကာ အစာစားချင်စိတ်မရှိအောင် လုပ်နေခဲ့သူဟာ သူတစ်ချိန်က မုန်းခဲ့ဖူးပြီး မနာလိုဖြစ်ခဲ့ဖူးသည့်လူဟု သူမည်သို့ဝန်ခံရမည်နည်း။
"ကျွန်တော်မျိုး ကျင်းတိုင်းပြည်ကို ခရီးထွက်ခဲ့စဥ်က ချောမောတဲ့ယောက်ျားပျိုတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပထမဆုံးအကြိမ်သူ့ကို ဖြတ်ခနဲမြင်လိုက်ရတဲ့မြင်ကွင်းကို ကျွန်တော်မျိုးမမေ့နိုင်ခဲ့ပါဘူး ဒါကြောင့် ဒီပန်းချီကားကို ဆွဲခဲ့တာပါ.."
စုယွီက ဖြေးဖြေးချင်းရှင်းပြ၏။
"ပန်းချီကားထဲကလူရဲ့ နောက်ကျောမှာ အနီရောင် မွေးရာပါအမှတ်ရှိပါတယ်။ ကျွန်တော်မျိုးသိချင်တာက.... သခင်လေးသူကူးလီရဲ့ နောက်ကျောမှာရော အနီရောင်မွေးရာပါအမှတ်ရှိပါသလား.."
သူ့စကားဆုံးသည်နှင့် လီချင်းယွင်၏မျက်နှာအမူအရာမှာ ထူးဆန်းသွား၏။ သူကူးလီ၏နောက်ကျောတွင် အနီရောင်မွေးရာပါအမှတ်ရှိမရှိကို မနေ့ညက သူမတွေ့ခဲ့ရပေ။ ဆန့်ကျင်ဘက်တွင်ဆော့ သူ၏လက်ပြင်နေရာတွင် အနီရောင်မွေးရာပါအမှတ်ကြီးတစ်ခုရှိနေသည်။ ထိုမွေးမှတ်နဲ့ ခန္ဓာကိုယ်ပုံစံအား ခြုံငုံပြောရမည်ဆိုပါက ထိုပန်းချီကားထဲရှိလူမှာ သူနှင့် ကိုးဆယ်ရာခိုင်နှုန်းမျှဆင်တူ၏။
သို့သော် ပန်းချီကားထဲရှိလူသည် ဆွဲဆောင်မှုပြင်းပြီး ညှို့ငင်နိုင်သည့်ကျောပြင်ရှိ၍ သူ၏လှုပ်ရှားမှုတိုင်းသည် နှလုံးသားတစ်ခုလုံးကို မွှေနှောက်ပစ်နိုင်သည်။
လီချင်းယွင်က တိတ်တဆိတ်ပင်တွေးလိုက်၏။ မည်သို့နည်းနှင့်မျှ သူ မဖြစ်နိုင်သလို သူကူးလီလည်းမဖြစ်နိုင်။
လီချင်းယွင်၏အမူအရာကိုအကဲခတ်ပြီးနောက် စုယွီက ပြောလိုက်သည်။
"ဘယ်အရာက ကျွန်တော်မျိုးကိုဖမ်းစားထားသလဲတော့မသိပါဘူး။ နေ့တိုင်းညတိုင်း ကျွန်တော့်အတွေးထဲမှာ ဒီပန်းချီကားထဲက လူတစ်ယောက်ထဲသာရှိခဲ့တာပါ။ ညစဥ်တိုင်းမှာလည်း ဒီပန်းချီကားထဲကလူကို ကြည့်ရင်းအိပ်မှသာ အိပ်ပျော်နိုင်ခဲ့တာပါ။ ပန်းချီကားထဲက လူတစ်ယောက်တည်းကသာလျှင် ကျွန်တော်မျိုးရဲ့ အချစ်နာကျမှုကိုနားလည်နိုင်မှာပါ။ အလှတရားကို ကျွန်တော်မျိုး ချစ်ခင်စုံမက်ပါတယ်။ ဒါပေမယ့် ပန်းချီကားထဲကလူကသာ ကျွန်တော့်နှလုံးသားကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဘယ်လို ကိုင်တွယ်ရမှန်းမသိအောင်ထိကို ညှဉ်းဆဲနိုင်တာပါ။ ဒီပန်းချီကားထဲကလူဟာ ဘယ်တော့မှ သခင်လေးသူကူးလီဖြစ်လာနိုင်မှာ မဟုတ်ပါဘူး.."
စကားပြော၍ပြီးသွားသည်နှင့် စုယွီသည် မျက်စိအစုံကိုပိတ်ချလိုက်ပြီး သေဒဏ်ချမှတ်ခံရဖို့ကို စောင့်ဆိုင်းနေ၏။
ထိုသို့ မဖြစ်ခင်က သူကူးလီကိုသာ နှစ်သက်သည်ဟု သူအမြဲထင်ထားခဲ့သည်။
သို့သော် သူ့စိတ်ထဲတွင် အမြဲမြင်ယောင်နေသည်မှာ ရွှေနှင့်တွဲချုပ်ထားသည့် အနီရောင်ဝတ်ရုံကိုဝတ်တင်ထားပြီး ခပ်လျော့လျော့အနက်ရောင်ဆံနွယ်တို့ရှိသည့် လီချင်းယွင်ကိုသာဖြစ်၏။ သူသည် သူကူးလီလောက်မှုန်နေအောင် မချောမောသည့်တိုင် နတ်သားတစ်ပါးအလား မွေးရာပါညှို့ငင်အားနှင့် ဆွဲဆောင်မှုတို့ကို အလုံအလောက်ပိုင်ဆိုင်ထားသည်။ သူသည် ညဘက်အချိန်တွင် ထိုစိတ်ကိုသည်းမခံနိုင်သည့်အခါတိုင်း လီချင်းယွင်၏ အနီရောင်လှလှခြယ်ထားသည့် ခပ်လှလှမျက်နှာလေးအား စိတ်ကူးယဉ်ရင်း သူ၏အချစ်နာကျမှုကို ကုစားရသည်။
ဒါဟာ ဘယ်ကနေစပြီးဖြစ်လာခဲ့သလဲဆိုတာကို စုယွီမသိခဲ့။
နတ်ဆိုး၏ပြုစားမှုကို ခံထားရသည်ဆိုတာကိုသာ သူသိသည်။
သူထိုအရာကို မတွေးဘဲမနေနိုင်သည်ကိုလည်း သူနားလည်ထား၏။
ထိုအရာကြောင့်ပင် စုယွီသည် ခံစားချက် ဝဲဂယက်ထဲသို့ ကျဆင်းသွားခဲ့ရခြင်းဖြစ်ပြီး သူ့နှလုံးသား၏ ခံစားချက်များကို သိမြင်နိုင်မည့်အမြင်အာရုံကိုလည်း တဖြည်းဖြည်းဆုံးရှုံးလာရသည်။
ထိုအကြောင်းအရာနှင့်စပ်လျဉ်းပြီး လီချင်းယွင်လည်း ထိုအရာက အမှားလား၊အမှန်လား မဆုံးဖြတ်နိုင်တော့။
ထိပ်တန်းအသေခံတပ်သားသည် ဇာတ်လိုက်ကိုချစ်နေခဲ့ရာမှ အခြားတစ်ယောက်ကိုချစ်မိသွားသည်။ ယင်းသည် လီချင်းယွင်အတွက် ကောင်းသောအရာပင်။ စုယွီက ကမ္ဘာ့အတော်ဆုံးသမားတော် ဖြစ်ပြီး သူ၏ ဆေးပညာကျွမ်းကျင်မှုသည် ကျူရှူးတွင်အကောင်းဆုံးပင်ဖြစ်၏။ အကယ်၍သာ သူ၏အချစ်ရေးရာ ပြိုင်ဘက်ကိုဖယ်ရှားနိုင်ပြီး မဟာမိတ်ဖွဲ့နိုင်ခဲ့မည်ဆိုလျှင် သူအောင်မြင်မှုရမှာ အသေအချာပင်ဖြစ်သည်။
လီချင်းယွင်က သူ၏ ဖီးနစ်မျက်ဝန်းများနှင့်သူ့အား မော့ကြည့်လိုက်သည်။
" အဆိပ်ခပ်တဲ့ကိစ္စကိုရော မင်းဘယ်လိုဖြေရှင်းမှာလဲ.."
ထိုအရာသည် စကားလုံးလေးတစ်ခုမှန်းသိသာသော်လည်း အထက်စီးဆန်ပြီး ခက်ထန်သည့်အကြည့်သည် စုယွီ၏ တစ်ကိုယ်လုံးကိုလောင်မြိုက်သွားစေကာ နှလုံးသားတစ်ခုလုံးကိုလည်း ဆူပွက်သွားစေ၏။
သူက လီချင်းယွင်၏ အလွန်လှပသည့်ဖီးနစ်မျက်ဝန်းများအား လှပသောအရောင်ဖြင့်သာ ခြယ်သနေစေချင်၏။ သူက ဧကရာဇ်ငယ်၏ မောက်မာပြီး အထက်စီးဆန်သည့် မျက်ဝန်းများကို နူးညံ့လာစေလိုသည်။ သူက သူ့နာမည်ထွင်းထားသည့် ရွှေဆွဲကြိုးလေးကို လီချင်းယွင်၏ လည်တိုင်တွင်ဆွဲပေးလို၏။
" စုယွီ! ပြောစမ်း!."
စုယွီ၏နှလုံးသားမှာ ရှုပ်ထွေးနေခဲ့သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး တောင်းပန်ပါတယ်။ အရှင်မင်းကြီးကို နာကျင်စေတဲ့အရာကို လုပ်ခဲ့မိပါတယ်။ ကျွန်တော်က သေသင့်တဲ့လူပါ! ကျွန်တော်မျိုးသူကူးလီကို နှစ်ခြိုက်ခဲ့ဖူးပါတယ်။ အခုချိန်မှာ အသိတရားပြန်ရလာပါပြီ မင်းကြီး။ ပြီးတော့ ကျွန်တော်မျိုး နောက်တစ်ခါ အရှင်မင်းကြီးကိုနာကျင်စေမယ့် ဘယ်လိုအရာမျိုးကိုမှ ထပ်မလုပ် တော့ပါဘူး.."
လီချင်းယွင်က စိတ်ကျေနပ်စေမည့်အဖြေတစ်ခုရသွားဟန်တူ၏။ သူ ဖြည်းဖြည်းချင်းမတ်ထပ်ရပ်လိုက်တာမို့ အနီတောက်တောက်ဝတ်ရုံက သူ့အသွင်အပြင်အား ထင်ပေါ်နေစေသည်။ သူက နှုတ်ခမ်းရဲရဲတို့ကို ခပ်ဖြည်းဖြည်းဖွင့်ဟလိုက်၏။
" သက်သေပြဖို့မင်းမှာ ဘာရှ်ိသလဲ.."
ဧကရာဇ်ငယ်သည် ဖီးနစ်မျက်လုံးများကိုအနည်းငယ်ပင့်ထားသည်။ အနီရောင်ဝတ်ရုံက သူ့အသားအရည်ကို ပို၍ဖြူစွတ်နေစေ၏။ သူ၏ မွေးရာပါဂုဏ်သရေနှင့် သဘာဝအတိုင်းပင် မာနကြီးသည့်စိတ်သဘောက အခြားသူများကို သူ့အား နှိမ့်ချရိုသေလာစေ၏။
စုယွီက ခေါင်းမော့လိုက်ပြီး သူ့ရဲ့(စုယွီ) တပ်မက်နေမိတဲ့ကိုယ်ပိုင်အလိုဆန္ဒကိုနားမလည်တဲ့ ဧကရာဇ်ငယ်ကိုကြည့်လိုက်သည်။ သူ့မျက်ဝန်းအိမ်ထဲတွင် ရှင်းမပြနိုင်သည့် နက်နက်နဲနဲ မရေရာမှုများရှိနေ၏။ သူက နှလုံးသားဆန္ဒနောက်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်မျိုး စုယွီ ဆရာသခင် ပ်ိုင်ထျန်းလင်ကိုတိုင်တည်ပြီးကျိန်ဆိုပါတယ်။ အခုကစပြီး အရှင်မင်းကြီးကိုသာ သစ္စာခံပြီး အရှင်မင်းကြီးကို နာကျင်စေမယ့်အရာကိုဘယ်တော့မှထပ်မလုပ်တော့ပါဘူး။ ကျွန်တော်မျိုးဟာ မင်းကြီးတစ်ယောက်တည်းကိုသာ အလုပ်ကျွေးပြုပါမယ်.."
လီချင်းယွင်၏ ဖီးနစ်မျက်လုံးများမှာ အနည်းငယ် ထိတ်လန့်သွားရသည်။
စုယွီဟာ သူ့ကိုဆေးပညာသင်ပေးခဲ့တဲ့ ဆရာသခင်ကို အလေးအထားဆုံးဖြစ်၏။ စုယွီက သူ့ဆရာသခင် ပိုင်ထျန်းလင်ကိုသာ တိုင်တည်သည်ဆိုလျှင် ထိုကျမ်းကျိန်ချက်သည် သေချာပေါက်ယုံကြည်လို့ရသည်။ လီချင်းယွင်ကို ပိုပြီးမယုံနိုင်ဖြစ်စေသည်မှာ စုယွီက အပြင်ပန်းမှာ နူးညံ့သော်လည်း အတွင်းစိတ်မှာညစ်နွမ်းပြီး ဆိုးရွားသူဖြစ်သောကြောင့်ပင်။ ထိုသို့သော စုယွီက အဘယ်ကြောင့် သူ့ကိုအလွယ်တကူအရှုံးပေးအညံ့ခံခဲ့သနည်း။အင်ပါယာတိုင်းပြည်၏ မင်းဆိုးမင်းညစ်ဖြစ်သည့် သူ့ကိုလေ..
သူတို့သည် အချစ်ရေးတွင် ပြိုင်ဘက်များဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်ဆန့်ကျင်သူတွေသာ ဖြစ်သင့်၏။
လီချင်းယွင်က စုယွီကို အမှန်တကယ်လိုက်နာလာအောင်လုပ်ရန် အနည်းဆုံးတော့ အင်အားရောအချိန်ပါရှ်ိသေးသည်ဟု တွေးလိုက်သည်။ အကယ်၍ သူသာ စုယွီကို အသေအချာ မထိန်းချုပ်နိုင်ခဲ့လျှင်၊ အကယ်၍သာ စုယွီတွင် နောက်ထပ် စဉ်းလဲသည့်အကြံများရှိနေသေးလျှင်၊ လီချင်းယွင် သေချာ ပေါက်နည်းလမ်းရှာ၍ စုယွီဟူသော ထိုရန်သူကို တိတ်တဆိတ်သတ်ပစ်မည်။
သို့သော်လည်းယခုတွင် စုယွီက သူ့ခြေရင်း၌ အညံ့ခံနေပြီး ခေါင်းကိုမော့ကာ သူ့အားယခင်နှင့်မတူညီသည့် အကြည့်တို့ဖြင့် ကြည့်နေသည်။ ထိုအကြည့်တို့မှာ ပိုင်ဆိုင်လိုမှုနှင့်အသွင်တူပြီး မျက်ဝန်းအစုံတွင်လည်း မဖော်ပြနိုင်သောခံစားချက်တို့ပြည့်နှက်နေ၏။
လီချင်းယွင်သည် "မလွယ်ကူဘူး" ဟူသည့် အငွေ့အသက်ကို အကြောင်းအရင်းမရှိခံစားလိုက်ရသည်။
တခုခုက ပုံမှန်ဟုတ်မနေသည့်အခါ၊ ထိုအရာမှာ မှားယွင်းနေသည့် တစ်စုံတစ်ရာလည်းရှိရမည်။
"ငါမင်းကိုယုံကြည့်လို့ရမလား၊ သမားတော်စု.."
လီချင်းယွင်က သူ၏ဖီးနစ်မျက်ဝန်းများကိုတဖြည်းဖြည်းပင့်ကြည့်လိုက်သည်။
စုယွီ၏ မျက်နှာမှာ အပြစ်ရှိစိတ်တို့နှင့်ပြည့်နှက်နေသည်။
"အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ အမှုတော်ကိုထမ်းဖို့ ကျွန်တော်မျိုးအကောင်းဆုံးကြိုးစားပါ့မယ်.."
"ကျေးဇူးပြုပြီး ငါ့ကိုယ်ထဲကအဆိပ်ကိုကြည့်ပါဦး.."
လီချင်းယွင် ဖြည်းဖြည်းချင်းထိုင်ချလိုက်၏။
စုယွီက ဒူးထောက်ထိုင်လိုက်ပြီး လီချင်းယွင်၏ သွေးခုန်နှုန်းကို အလေးအနက်ပင်စမ်းသပ်လိုက်သည်။
"အရှင်မင်းကြီး...အဆိပ်က ကိုယ်တွင်းအင်္ဂါတွေကို တဖြည်းဖြည်း ထိုးဖောက်နေပါတယ်။ အခုထိတော့ကုသလို့ရနေပါသေးတယ်။ဒါပေမယ့် အရမ်းနောက်ကျသွားမယ်ဆိုရင်တော့.."
"ငါသိချင်တယ် ၊ ဘယ်သူမှမသိဘဲ ဒီအဆိပ်ကိုငါ့ကို ဘယ်လိုခတ်ခဲ့တာလဲ.."
လီချင်းယွင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
စုယွီက သက်ပြင်းချလိုက်ပြီး ပြောသည်။
" ဒီကိစ္စက ကျွန်တော်မျိုးတစ်ယောက်တည်းပါဝင်တာပါ။ တခြားဘယ်သူတစ်ဦးတစ်ယောက်မှ မပါဝင်ပါဘူး။ ကျွန်တော်မျိုး နောက်ကွယ်ကလူက.....သူ ကျွန်တော့်ကိုကူညီပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် တောင်းပန်ပါတယ် ကျွန်တော်မျိုး တိတိကျကျပြောမပြနိုင်ပါဘူး.."
လီချင်းယွင်က သူကူးလီကိုချစ်၏။ သူ လုပ်ပေးသည့် ကိတ်မုန့်၊အချိုပွဲတွေကိုစားသောက်ခဲ့ပြီး သူတိုက်ပေးသည့် ဆေးတွေကိုလည်း သောက်သုံးခဲ့သည်။ သို့သော် လီချင်းယွင်က သူ့ကိုအဆိပ်ခတ်သူဟာ သူကူးလီဟု ဘယ်တုန်းကမှ တွေးခဲ့မည်မဟုတ်။
စုယွီ ထိုအပြစ်အားလုံးကို ခံယူခဲ့သည်မှာ လီချင်းယွင် သူကူးလီကိုအပြစ်မပေးဖို့ မျှော်လင့်တာကြောင့်ပင်ဖြစ်သည်။ သူကူးလီအပေါ်ထားသည့် သူ့ခံစားချက်တွေကို သတိထားမိခဲ့သော်လည်း ၎င်းမှာ ရင်းနှီးသောသူငယ်ချင်းခံစားချက်မျိုးလည်း ဖြစ်နိုင်သည်။ ထို့နောက် သူကူးလီအား သူက ဘာမှပင်မထိခိုက်စေချင်ခဲ့ပေ။
အရာအားလုံးကို တစ်ယောက်တည်းကသာ တာဝန်ယူခဲ့သည်။
အားလီအတွက်ကတော့...စုယွီတွေးမိသည်မှာ နောက်ရက်တွင် သူကူးလီနဲ့စကားလက်ဆုံပြောဖို့ အချိန်ရှာပြီး ထိုအကြောင်းတွေကို ပြောပြပါဦးမည်။သူတို့ ရပ်လိုက်သင့်ပါပြီ...