no

Font
Theme

အခန်း (၁၅) အရှင်မင်းကြီးက လူတွေကိုခက်ခဲအောင်လုပ်တဲ့နေရာမှာအရမ်းတော်တာပဲ

"အားလီ...ချန်ရှီးနန်းတော်မှာတုန်းက ငါနဲ့ လော်ချန့်ကြားမှာ ဘာမှမဖြစ်ခဲ့ပါဘူး.."

"ဟုတ်ကဲ့..."

သူကူးလီ၏ အေးစက်စက် လရောင်ဖြာမျက်ဝန်းများက အေးစက်နေ၏။ ဒါကြောင့်လည်း သူ့ပတ်ဝန်းကျင်ကလူတွေက သူ့အနားကိုမကပ်ဝံ့ကြတာပဲဖြစ်သည်။

လီချင်းယွင်ဘယ်ပဲသွားသွား၊ ဘယ်သူနဲ့အတူရှိရှိ သူဂရုမစိုက်ပေ။

လီချင်းယွင် အခြားသူတွေဆီ မျက်စိကျသွားပါစေလို့ သူကူးလီ ဆုတောင်းမိသေးသည်။

သို့သော် လီချင်းယွင်၏အချစ်သည် ယခုအချိန်မှာ သူအသုံးချနိုင်သည့် အကောင်းဆုံးသောအရာပင်ဖြစ်၏။

ဒီဘုရင်ငယ်က ထိန်းချုပ်ရလွယ်လွန်းလှသည်။

သူကူးလီက လီချင်းယွင်ရဲ့နှလုံးသားကို အလွယ်တကူပဲ ထိန်းချုပ်ထားနိုင်၏။ သူ့စကားအနည်းငယ်ကပင် လီချင်းယွင်ကို စိုးရိမ်တကြီးဖြစ်စေကာ အခြားသူများနှင့် မရိုးသားသောဆက်ဆံရေးမရှိကြောင်း သူ့ကို အလေးအနက်ရှင်းပြလာဖို့ စွမ်းဆောင်နိုင်၏။ သူက လီချင်းယွင်၏အကြည့်များ သူ့အပေါ်တွင်သာရှိနေစေရန် လွယ်လင့်တကူ ပြုလုပ်နိုင်ပေသည်။

ထို့ကြောင့် သူကူးလီသည် အစပိုင်းတွင် မနှစ်မြို့ခဲ့ရာမှ နောက်ပိုင်းတွင် သည်းခံနိုင်လာပြီး ယခုတွင်မူ လီချင်းယွင် ထိုအခြေနေသို့ ရောက်လာသည်ကိုပင် အမှုမထားဘဲ ကြည့်နေနိုင်လေသည်။

ဒါက အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်။

"အားလီ မင်းဘာလို့ စကားမပြောတာလဲ...ကိုယ်တော့်ကိုစိတ်ဆိုးနေသေးတာလား.."

လီချင်းယွင်က ခေါင်းလှည့်ကာ သူကူးလီကို သူ၏ ဖီးနစ်သဏ္ဌာန်မျက်လုံးများဖြင့် ကြည့်လိုက်၏။ သူကူးလီ၏ သွင်ပြင်မှာ အလွန်သိမ်မွေ့သလို လှလည်းလှပပေသည်။ လီချင်းယွင် သက်ပြင်းချလိုက်ရုံမှတစ်ပါး မတတ်နိုင်ခဲ့။

နောက်ဆုံးတော့ သူက မူလဇာတ်လမ်းထဲက နှစ်လိုဖွယ်ကောင်းတဲ့ ဇာတ်လိုက်တစ်ယောက်ဖြစ်တာမလို့ ဘယ်လိုလုပ် ဒီမျက်နှာလေးက ကြည့်မကောင်းဘဲနေလိမ့်မလဲ။

"အရှင်မင်းကြီးက သူ့ကို မျက်နှာသာပေးမှာလား.."

သူကူးလီက ပေါ့ပေါ့ပါးပါး မေးလာ၏။ သူ့လေသံကတော့ အေးတိအေးစက်နှင့် ခပ်တန်းတန်းဖြစ်နေဆဲပင်။

"မဟုတ်ပါဘူး.."

လီချင်းယွင်က ပြန်ဖြေလိုက်သည်။

အမှန်တော့ သူက သူကူးလီကိုသာ ပိုပြီးမျက်နှာသာပေးချင်တာပင်။

သို့သော် ယခုတွင် မူလဇာတ်ကြောင်းထဲရှိ ထိပ်တန်းကုန်းများထဲတွင် စုယွီ၊ရှောက်ကျစ်ရီနှင့် သူသာပါဝင်သေး၏။

မဖော်ထုတ်ရသေးသော ကုန်း(အထက်ပုဂ္ဂိုလ်)များစွာလည်း ကျန်ရှိနေသေးသည်။

ရက်စက်ယုတ်မာပြီး ကြမ်းတမ်းခက်ထန်သည့် ကျင်းတိုင်းပြည်၏ အိမ်ရှေ့မင်းသားဟဲလျန်ချန်နှင့် မြောင်ကျန်းမှ ကြောင်တောင်တောင်အမြွှာညီအစ်ကိုနှစ်ယောက် အစရှိသဖြင့်ပင်...

မူလဇာတ်ကြောင်းထဲ၌ ကျင်းအိမ်ရှေ့မင်းသား ဟဲလျန်ချန်က ဇာတ်လိုက်ကိုရဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သည်။ သူက ယုံးဒေသကို တိုက်ခိုက်ဖို့ သူ့စစ်သည်တွေကို စေလွှတ်ခဲ့တာကြောင့် ယုံးဒေသနှင့်ရန်သူဖြစ်လာပြီး သူဟာ ဒေါသထွက်ချိန်၌ ခွေးရူးတစ်ကောင်လိုပြောင်းလဲသွားလေ့ရှိသည်။

လီချင်းယွင် နတ်ရွာစံပြီးနောက် ကျင်းမင်းသားက အဓိကဇာတ်လိုက်ကို အတင်းအကြပ် အကျဉ်းချခဲ့သည်။

ကျိုကျိုးနယ်တစ်ဝိုက်မှာ မြောင်ကျန်းက အားလုံးထက်ဆန်းကြယ်သော နယ်မြေတစ်ခုဖြစ်ပေသည်။ ထိုနယ်တစ်ဝိုက်ရှိလူများက စုန်းအတတ်ပညာကို တတ်ကျွမ်းကြပြီး အထူးသဖြင့် ထိုအမြွှာညီအစ်ကိုမှာ အစုန်းတတ်ပညာ၌ ဆရာတစ်ဆူပင်။

မူရင်းဇာတ်ကြောင်းထဲတွင် ညီအစ်ကိုနှစ်ယောက်က ဇာတ်လိုက်အားအညံ့ခံလာစေရန် အလိုရမ္မက်ကြီးစေသည့် အဆိပ်ကိုသုံးခဲ့ကြ၏။

လီချင်းယွင်မှာ အနာဂတ်တွင် အချစ်နှင့်ပတ်သက်၍ ရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်ပြိုင်ဘက်များအကြောင်းကို တွေးမိတိုင်း ခေါင်းကိုက်ရုံမှတစ်ပါး မတတ်နိုင်ခဲ့ပါပေ။

ယောက်ဟွားနန်းတော်ကို ရောက်တော့ အပြင်မှာ နှင်းတွေကျနေခဲ့ပြီ။

"ဒီနှစ်ဆောင်းရာသီက အတော်အေးတာပဲ.."

လီချင်းယွင်က သူ့လက်ကို မီးသွေးမီးဖိုပေါ်တင်၍ မီးလှုံလိုက်သည်။

သူက ပြောလိုက်၏။

"အားလီ...ဒီနေ့ ဒီနန်းတော်အစေခံက ပစားပေးခံထားရလို့ မောက်မာလွန်းနေတယ်...မင်း သူ့ကို စည်းကမ်းတင်းကြပ်သင့်တယ်..."

သူကူးလီ၏ မျက်နှာသည် အနည်းငယ် အေးစက်သွား၏။

သူက ယောက်ဟွားနန်းတော်မှာ အမြဲနေမှာမဟုတ်သော်လည်း ဤနန်းတော်က အရှက်သိက္ခာတို့ဖြင့် ပြည့်စုံ၏။ ဒီနန်းတော်က အစေခံတွေက သူ့ကို ဘာများလုပ်ခဲ့ကြလို့လဲ...

သူကူးလီ မပျော်မရွှင်ဖြစ်နေတာကိုမြင်တော့ လီချင်းယွင် ဘာမှဆက်မပြောတော့ပေ။

နံ့သာ၏အမွှေးရနံ့သည် ထုံသင်းပျံ့လာ၏။ အခိုးအငွေ့တို့သည် စွဲထင်ရစ်ဝဲလျက် နွေးထွေးမှုတို့ကို ဆောင်ကြဉ်းပေးနေသည်။

လှပပြီးလက်ရာမြောက်သော ဗျတ်စောင်းမှာ စားပွဲပေါ်တွင်ရှိနေ၏။

"အားလီက ဗျတ်စောင်းတီးတာ အရမ်းတော်တယ် လို့ ကြားတယ်.."

လီချင်းယွင်က သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့၏ဖီးနစ်ပုံသဏ္ဌာန် ကျဉ်းမြောင်းရှည်လျားသော မျက်ဝန်းများဖြင့် သူကူးလီကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။ သူကူးလီ၏ အေးစက်စက် မျက်နှာကိုမြင်လိုက်သည့်အခိုက်တွင် သူက သူကူးလီ၏ ဝတ်ရုံအစွန်းကို ကိုင်လိုက်ပြီး နူးနူးညံ့ညံ့လေသံနှင့် ပြောလိုက်သည်။

"အားလီ...ငါ့အတွက် သီချင်းတီးပြပေးလို့ရမလား.."

သူကူးလီ၏အမူအရာမှာ ခေတ္တရပ်တန့်သွားပြီး လီချင်းယွင်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။

သူက ဗျတ်စောင်းကို သူ၏သေးသွယ်သောလက်ချောင်းများဖြင့် ပေါ့ပါးသွက်လက်စွာ တီးခတ်နိုင်ပြီး သူ၏ဗျတ်စောင်း စွမ်းရည်မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးလက်ရာအဖြစ် ကျူရှူးတွင် လူသိများသည်။

သို့သော် သူကူးလီက ဗျတ်စောင်းကို အလွယ်တကူ တီးခတ်မပြတတ်ပေ။ နောက်ပြီး ယခုအချိန်အထိ သူ ဘယ်သူ့ကိုမှမတီးပြချေ။

သူ ဗျတ်စောင်းတီးခြင်းက လူသတ်ဖို့အတွက်သာဖြစ်သည်။

ဗျတ်စောင်းသံကိုကြားသည်နှင့် သွေးထွက်သံယိုများကို မြင်တွေ့ရမည်ပင်။

"အားလီ၊ အဆင်ပြေရဲ့လား.."

လီချင်းယွင်၏ ကျဉ်းမြောင်းပြီး ရှည်လျားသည့် ဗာဒံပုံ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များ မြင်နေရသည်။ သူက မျက်နှာကို ဘေးကိုလှည့်ပြီး သူကူးလီကို ပြုံး၍ကြည့်လျက် သူကူးလီတီးခတ်ပြမှာကို မျှော်လင့်နေလေသည်။

မူလဇာတ်ကြောင်းတွင် သူကူးလီ၏ ဗျတ်စောင်းတီးသံကို တစ်ကမ္ဘာလုံးကချီးကျူးခဲ့ကြပြီး သူ့အောင်မြင်မှုတို့၌ ဒုတိယဆိုတာ ဘယ်တုန်းကမှ မရှိခဲ့။ သို့ပေမဲ့ သူက တစ်စုံတစ်ယောက်အတွက် ဘယ်တုန်းကမှ မတီးပြခဲ့သလို ဘယ်တော့မှလည်း တီးပြမည်မဟုတ်ပေ။

"ဒီလိုခမ်းနားထည်ဝါတဲ့ ခန်းမထဲမှာ တီးပြဖို့မထိုက်တန်ပါဘူး။ဒါကြောင့် မင်းကြီးအရှေ့မှာ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် မလုပ်ချင်ပါဘူး..."

သူကူးလီက သူ့အကြည့်ကို လျစ်လျူရှု၍ လွှဲဖယ်သွားသည်။

အာ..ထင်ထားသလိုပဲ ငြင်းခံလိုက်ရတာပါလား...

လီချင်းယွင်က ရလဒ်ကိုမအံ့ဩပေမဲ့ အနည်းငယ်စိတ်အလိုမကျဖြစ်သွားသည်။ သူကူးလီက ယခင်ကလည်း မည်သူ့ကိုမျှ မတီးပြဖူးသောကြောင့် သူ့စိတ်ကို ကောင်းမွန်စွာထိန်းညှိနိုင်လိုက်၏။

"မင်းကြီး နားထောင်ချင်ရင် တေးသွားနည်းနည်းတီးပြလို့ရပါတယ်..."

လီချင်းယွင်၏ ဗီးနစ်မျက်လုံးများ အနည်းငယ် အရောင်တောက်ပလာ၏။

သူကူးလီ၏ မျက်လုံးများမှာ ခံစားချက်မဲ့လျက်သာ။ လီချင်းယွင်အရမ်းမျှော်လင့်နေသည်ကို တွေ့လိုက်ရသဖြင့် သူက မတ်တတ်ထရပ်ကာ လက်ကိုဆေးလိုက်သည်။

လီချင်းယွင်က သူ့ကို တစ်ချိန်လုံး လိုက်ကြည့်နေခဲ့တာပင်။

သူကူးလီက ခုနစ်ကြိုးတပ်ဗျတ်စောင်းကိုယူ၍ စားပွဲပေါ်တင်ပြီး ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ၏လက်ချောင်းငါးသွယ်သည် အရိုးများထင်းနေပြီး ရှည်လျားသွယ်လျ၏။ သူ မှတ်စုအနည်းငယ်ကိုကြည့်လိုက်ပြီးနောက် လက်ချောင်းငါးသွယ်ကို လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် တောင်တန်းများ၊ မြစ်များ ခြားနားထားသည့် ထောင်ချီသောအကွာအဝေးရှိ သန်းနှင့်ချီသော စစ်သည်တို့ကို မျက်စိတမှိတ်အတွင်း ကျဆုံးစေနိုင်သည့်အထိ ရူးသွပ်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုကိုပေးစွမ်းလာလေသည်။

လီချင်းယွင် အနည်းငယ် အံ့အားသင့်သွားသည်။

အားလီ၏ စောင်းသံတွင် ဤတိုင်းပြည်နှင့် ဆက်နွယ်နေသော ညွှန်ကြားချက်များကို ကြားနိုင်သည့် စစ်ဗျူဟာကို ခံစားလိုက်ရသည်။

"မတီးတာကြာပြီဆိုတော့ လက်တွေက နည်းနည်းတော့ တောင့်နေတယ်"

သူကူးလီခေါင်းကိုမော့လိုက်ရာ လီချင်းယွင်သည် ဗလာကျင်းသောအကြည့်များဖြင့် စိုက်ကြည့်နေသည်ကို တွေ့တော့ သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"မင်းကြီးကဘယ်လိုဂီတမျိုး နားထောင်ချင်တာပါလဲ..."

" အားလီတီးခဲ့တဲ့သံစဉ်က..."

လီချင်းယွင်က မေးလိုက်သည်။

"ဒါက ကျပန်းသံစဉ်တစ်ခုပါ၊ နာမည်မကြီးပါဘူး..."

သူကူးလီက "ကုန်း၊ ရှန်း၊ ကျောက်၊ ကျန် နှင့် ယွီတို့တွင် "ယွီ" ဟူသော သံစဉ်ကို တီးခတ်ခဲ့ခြင်းပင်။

လီချင်းယွင်က သူ့စိတ်ထဲမှ မြင့်တက်လာသော ခံစားချက်များကို မျိုသိပ်ထားသည်။ သူက ခပ်ဖျော့ဖျော့ပြုံးကာ

"ဖုန့်ချိုးဟွမ်ကို အားလီတီးပြတာ နားထောင်ချင်တယ်၊ အဆင်ပြေတယ်မလား.."

"ဖုန့်ချိုးဟွမ်" သည် စစ်မာရှန်းရှူနှင့် ကျိုးဝမ်ကျွင်းတို့၏ အချစ်ဇာတ်လမ်းကို ဖော်ညွှန်းထားသော တေးတစ်ပုဒ်ဖြစ်၏။ ထိုတေးဂီတကို ခေတ်အဆက်ဆက် သီဆိုခဲ့ကြပြီး ယနေ့တိုင် လက်ဆင့်ကမ်းခဲ့ကြသည်။ တချို့လူတို့သည် သူတို့ချစ်ခင်လေးစားရတဲ့သူကို ချစ်ကြောင်းဖော်ပြဖို့ အခုထိတိုင် သုံးနေကြဆဲပင်။

သူကူးလီက ခေတ္တတုံ့ဆိုင်းသွားပြီးနောက် အေးစက်သည့်မျက်နှာဖြင့် ပြောလိုက်သည်။

"အရှင်မင်းကြီးက လူတွေကို အခက်တွေ့အောင်လုပ်တဲ့ နေရာမှာတကယ်တော်တာပဲ..."

"အားလီ၊ ကိုယ်တော်ကနားထောင်ချင်ရုံပါ။ ငါနားထောင်ပြီးတာနဲ့ မင်းပြောသမျှကို ငါသဘောတူမယ်..."

လီချင်းယွင်ကဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာကိုပင် ဂရုမထားတော့ပေ။ သူက ထိုင်ခုံကိုမှီ၍ သူ၏ ဖီးနစ်မျက်လုံးများတွင် မျှော်လင့်ချက်များ တလက်လက်ဖြင့် တောက်ပနေသည်။

သူသည် အလှတရားဖြင့် ဖြားယောင်းခံရသည့်အာဏာရှင်တစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။

"ကောင်းပါပြီ..."

သူကူးလီက တုံ့ဆိုင်းသွားပေမယ့် သဘောတူနေဆဲပင်။

သူကူးလီက တင်ပျဉ်ခွေထိုင်ကာ ဗျတ်စောင်းကို ကစားနေပြီး သူ၏ မဟူရာဆံနွယ်များက လျှောကျနေသည်။ လက်ဆယ်ချောင်းလုံးမှာ ကြိုးပေါ်တွင် ရှေ့နောက်ပြေးကာတီးခတ်နေ၏။ ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်နှင့် သူ့၏ ကြော့ရှင်းမှုကို ယှဉ်ပြိုင်နိုင်သူမရှိချေ။

ထွက်ပေါ်လာသည့် တေးသွားများက ပြိုင်ဘက်ကင်းမဲ့သည့် သဘာဝသံစဉ်များကဲ့သို့ဖြစ်ကာ လက်ချောင်းများအောက်တွင် ထွက်ပေါ်လာသော ရီဝေဝေသံစဉ်သည် ရှည်လျားသိမ်မွေ့ပြီး ဗျတ်စောင်း၏ အသံသည်လည်း တိုးညင်းထူးခြား၍ သာလွန်လှပလွန်းသည်။

ခွင်းရှန်းနယ်မှကျောက်စိမ်းများနှင့် သစ်ခွပန်းပေါ်ရှိနှင်းရည်စက်များသည်ပင် ဤမျှလောက်မလှပပေ။

သူကူးလီက တီးခတ်ခြင်းကို ဖြည်းညင်းစွာရပ်လိုက်သည်။

"အားလီ မင်းဘာလို့ရပ်လိုက်တာလဲ.."

လီချင်းယွင် ဂရုတစိုက်နားထောင်နေခဲ့ခြင်းပင်။

"ကျွန်တော်မျိုးရဲ့ ဗျတ်စောင်းသံက အရမ်းနားထောင်ကောင်းပြီး တီးခတ်တဲ့နည်းပညာက ဘယ်လောက်ပဲပြီးပြည့်စုံပါစေ အကြီးမားဆုံးအားနည်းချက်က သံစဉ်ထဲမှာ ခံစားချက်ကင်းမဲ့နေတာပဲ လို့ ဗျတ်စောင်းဆရာက ပြောဖူးပါတယ်.."

သူကူးလီက ခုနစ်ကြိုးတပ်ဗျတ်စောင်းကို နဂိုနေရာ၌ ပြန်ထားကာ

"မင်းကြီးကို စိတ်ပျက်စေမိလို့ စိတ်မကောင်းပါဘူး၊ ကျွန်တော့်သံစဉ်တွေကခံစားချက်ကင်းမဲ့လို့ 'ဖုန့်ချိုးဟွမ်'ကို တီးခတ်လို့ မရနိုင်ပါဘူး.."

လီချင်းယွင် ဒီအရာအားလုံးကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲ။

သူကူးလီတီးခတ်နေစဉ် သူ့အမူအရာတို့က နူးညံ့သိမ်မွေ့ပြီး သာမန်ထက်ထူးခြားနေတယ်ဆိုတာကိုသာ သူသိသည်။

သူကူးလီက မိုးကောင်းကင်ပေါ်မှ ဆင်းသက်လာသည့် အထိန်းအကွပ်မဲ့သော မသေမျိုးနှင့်ဆင်တူသည်။

သူ၏ လှုပ်ရှားမှုတိုင်းက ကမ္ဘာလောကကြီးနှင့် တသီးတသန့်ဖြစ်တည်နေ၏။

"အဲဒါတွေကို ငါနားမလည်ဘူး...အားလီ တီးခတ်တာ အရမ်းကောင်းတယ်လို့ပဲ တွေးမိတယ်။ မင်းရဲ့ ဂီတကိုနားထောင်ရတာ နွေဦးလေပြည်တွေနဲ့ သန့်စင်ခံလိုက်ရသလိုပဲ..."

လီချင်းယွင်၏ ဗာဒံပုံမျက်လုံးတို့တွင် အပြုံးတစ်ခု ထင်ဟပ်သွား၏။

သူကူးလီက သူ့လက်များကို သုတ်လိုက်ပြီး ဖြည်းညှင်းစွာ လျှောက်လာသည်။ယခုကဲ့သို့ လီချင်းယွင်၏အပြုံးကိုမြင်ရသည်မှာ ယခင်ကလောက် ရွံမုန်းခြင်းမရှိတော့ဟု သူခံစားလိုက်ရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment