အခန်း(၉) အားလီရဲ့အနံ့ကအရမ်းကောင်းတာပဲ
အပြင်ဝတ်ရုံနီနှင့် အဖြူရောင်အတွင်းဝတ်မှာ ဖြည်းဖြည်းချင်း ဖယ်ရှားခံလိုက်ရသည်။ လီချင်းယွင်မှာ ဖြူဖွေးသောအသားအရည်၊ လှပသောပုခုံးနှင့်လည်တိုင်တို့ရှိပြီး ခန္ဓာကိုယ်ပေါ်မှာ အဆီလုံးဝမရှိ။ သူကူးလီက လီချင်းယွင်၏ လက်မောင်းများကို သူ၏သွယ်လျလျလက်များနှင့်ဆုပ်ကိုင်ကာ သူ့ကို ကုတင်ပေါ်မှာ ဖြည်းဖြည်းချင်းလှဲချစေသည်။
စုယွီက အပ်ထုပ်ကို ခပ်သွက်သွက်ကောက်ကိုင်ကာ ကုတင်ဆီရောက်လာပြီး လီချင်းယွင်၏ ကျောပြင်ပေါ်က အကြောထဲ အပ်ပါးလေးတစ်ချောင်းကို ဖြည်းညှင်းစွာ စိုက်လိုက်သည်။ သူက အပ်စိုက်နေချိန်မှာ အလွန်လေးနက်နေသယောင်။
ခန်းမမှာ အလွန်အမင်းတိတ်ကျလျက်ရှိနေသည်။
လုကုန်းကုန်းက စုယွီ၏လက်ကို သတိရှိရှိ ကြည့်နေပြီး သမားတော်စု၏ လက်တုန်သွားကာအရှင်မင်းကြီးကို နာကျင်အောင် လုပ်မိသွားမှာ စိုးရိမ်နေမိသည်။
အမှန်တော့ ထင်သလောက်မနာပေ။ ခြင်ကိုက်သလောက်သာ။ လီချင်းယွင် ခေါင်းနည်းနည်းမူးနေပြီး သူ့ပါးပြင်မှာ နီရဲပူတက်လာကာ သူ့နှဖူးပေါ်ရှိချွေးစေးက သူ့ပါးပြင်ပေါ်ဖြည်းဖြည်းချင်းစီးကျလာသည်။ လက်တစ်စုံမှာ ကုတင်ပေါ်က အိပ်ရာခင်းကို အလိုလိုဆုပ်ကိုင်လိုက်မိတော့ အိပ်ယာမှာ အလွန်အမင်းရှုပ်ပွသွားသည်။
"နာလား”
သူကူးလီကမေးသည်။
"သိပ်မနာပါဘူး”
လီချင်းယွင်၏မျက်ဝန်းမှာ မသိမသာဦးတည်ရာမဲ့လျက်။ အပ်ထိပ်က သူ့ကျောပြင်မှာ စိုက်ထားပြီး သူ မရေတွက်နိုင်သော ခြင်ကောင်များ ကိုက်တာခံနေရတဲ့အလား ခံစားနေရပေမယ့် သူ့တစ်ကိုယ်လုံး၏သွေးကြောများထဲ သက်တောင့်သက်တာဖြစ်သော ခံစားချက်တစ်ခု စီးဝင်လာပုံက လေပြင်းငြိမ်သက်သွားသည့်အလား လီချင်းယွင်၏ ခုရက်ပိုင်းမောပန်းနွမ်းနယ်မှုကို အတော်လေးလျော့ကျသွားစေသည်။
တစ်နာရီခန့်ကြာသော်။
စုယွီက အပ်ပါးလေးကို နည်းနည်းချင်းစီ သေချာဂရုတစိုက်ဆွဲထုတ်လိုက်သည်။သူ့မျက်ဝန်းမှာ လီချင်းယွင်၏ပုခုံးသားကို အလိုလို တစ်ချက်ကြည့်လိုက်မိသည်။
အလွန်မျက်စိဖမ်းစားဖွယ်ကောင်းကာ လှပကာ မှုန်ဝါးနေတဲဘ အနီမှတ်တစ်ခုက သူ့မျက်လုံးထဲတွင် ဖြည်းဖြည်းချင်းပေါ်လာသည်။
စုယွီမှာ အမြင်မှားသွားသည်ဟု ထင်လိုက်မိပြီး မျက်လုံးနှစ်ဖက်ကို ပွတ်ကာ အနီးကပ် တစ်ချက်ကြည့်ကြည့်ဖို့ ပြင်လိုက်သည်။ သို့သော် နောက်တစ်ခဏမှာ လုကုန်းကုန်းက လီချင်းယွင်ပေါ် မြေခွေးမွှေးခြုံထည် ခပ်သွက်သွက်ခြုံပေးကာ စုယွင်ကို သတိပေးဟန် စိုက်ကြည့်ပြီးထေ့ငေါ့ဆိုလာသည်။
"သမားတော်စု နဂါးကိုယ်ကို စိုက်ကြည့်တာက မရိုသေရာ ရောက်တယ်နော်!"
"ဟုတ်ကဲ့”
စုယွီခေါင်းငုံ့ကာ ခြေလှမ်းတစ်ဝက်နောက်ဆုတ်လိုက်ပြီး သူ့မျက်လုံးများမှာ ရိုသေလေးစားသည့်ပုံပင်။ သူ နည်းနည်းစိတ်ပျက်သွားရသည်။ တစ်ခဏမှာ သူ သူကူးလီကိုတွေးမိပြီး နောက်တစ်ခဏမှာ လီချင်းယွင်ကိုယ်ပေါ်ကအနီမှတ်ကိုတွေးမိပြန်သည်။ ၎င်းမှာ မျက်စိဖမ်းစားဖွယ်ကောင်းကာ သွေးနီရောင်ရှိပြီး ပုံသဏ္ဍာန်မပေါ်လာသေးပေ။ သူတစ်နေရာရာမှာ မြင်ဖူးသလိုပဲ...
ဘယ်မှာမြင်ဖူးခဲ့တာလဲ..
လီချင်းယွင်က ဖြည်းဖြည်းချင်း ထထိုင်လာသည်။
ဒီအခိုက်အတန့်တွင် သူ့မျက်ဝန်းမှာ မိန်းမောနေသေးပေမယ့် သူအသိ ပြန်ဝင်လာပြီးနောက် ချက်ချင်း ဝတ်ရုံပြန်ဝတ်လိုက်သည်။ ၎င်းမှာ သူ့အနားရှိ အဓိကဇာတ်ဆောင်က သူ သူ့အပေါ်ရိုင်းစိုင်းစွာပြုမူတော့မည်ဟု တွေးသွားမှာကိုရှောင်ဖို့အတွက်ပင်။ ဘာမှမလုပ်ပေမယ့် ရှောင်သင့်တာကို ရှောင်ဖို့လိုနေတုန်းပင်။
စုယွီကခေါင်းငုံ့ကာဆိုသည်။
"ခုနက အပ်စိုက်ကုထုံးအပြီးမှာ အရှင်မင်းကြီးကိုယ်ထဲက ညစ်ညမ်းတဲ့အငွေ့အသက်တွေက တဖြည်းဖြည်းချင်းထွက်သွားပါပြီ .. နည်းနည်းလေး ပိုဂရုစိုက်လိုက်ရင် အရှင်မင်းကြီးခန္ဓာကိုယ်က နေပြန်ကောင်းလာမှာပါ”
သူ ပြောပြီးနောက် ခြုံထည်နီနှင့်ကျောက်စိမ်းခြေဖဝါးဖြူဖြူတစ်စုံက ကုတင်အောက်ဖြည်းဖြည်းချင်း ကျလာတာကို သူမြင်လိုက်ရသည်။ ခြေကျင်းဝတ်မှာသွယ်လျပြီး ခြေဖမိုးမှာအလွန်ဖြူဖွေးကာ ခြေချောင်း၅ချောင်းမှာ လုံးဝန်းကာ ပန်းရောင်သန်းလျက်...ထိုခြေချောင်းလေးတွေက မသိမသာလှုပ်လို့နေသည်....စုယွီ၏နှလုံးသား ရပ်တန့်သွားရကာ သူ့နှဖူးပေါ်ကချွေးကို သုတ်ပစ်လိုက်သည်။
ဘုရားရေ၊ သူခုနကဘာကိုအာရုံစိုက်နေမိတာလဲ...
"သမားတော်စုက ပူနေတာလား”
လီချင်းယွင်က သူ၏ဖီးနစ်မျက်ဝန်းကို အသာပင့်ကာ ခေါင်းငုံ့လျက် ချွေးပြန်နေသည့် စုယွီကိုကြည့်လိုက်သည်။ သူ့အသိစိတ်ရလာထဲက စုယွီကို သဘောမကျတော့ပေ။ အခုစုယွီက သူ့ကိုထူးဆန်းသောနည်းလမ်းနှင့် ကြည့်လာတတ်တာကို သူအမြဲခံစားမိသည်။ သူပို၍ပင် စိတ်တိုလာရ၏။
"မဟုတ်ပါဘူး”
စုယွီက တဖြည်းဖြည်းချင်း စိတ်အေးအေးထားကာ ဦးညွှတ်လာသည်။
"အရှင်မင်းကြီး ကျွန်တော်မျိုး ခဏထွက်သွားလိုက်ပါအုံးမယ် ကျွန်တော်မျိုး....အရှင်မင်းကြီးအတွက် ဆေးသွားပြင်
လိုက်ပါအုံးမယ်ဘုရား”
"သွားတော့”
လီချင်းယွင်လည်း စုယွီ ဒီမှာရှိနေတာကို သဘောမကျ။ သူအသိစိတ်ရလာပြီး အနာဂတ်ကိုသိရှိခဲ့ရတုန်းက စုယွီဟာ အကြင်နာတရားကင်းမဲ့ပြီး ကောက်ကျစ်စဥ်းလဲသောဇာတ်ကောင်မှန်း သူမြင်ခဲ့ရသည်။
စုယွီက တခြားဇာတ်ဆောင် ကုန်းတွေကို တိုက်ခိုက်ဖို့ အမြှောက်စာဇာတ်ကောင်အဖြစ် တည်ရှိသည်။ အပြင်ပန်းမှာသူက နူးညံ့သိမ်မွေ့ကာ သဘောကောင်း ကြင်နာ တတ်ပုံပေါက်ပြီး သေဆုံးသူနှင့်ဒဏ်ရာရသူကိုကယ်တင်ဖို့ တာဝန်ယူထားသည့် သမားတော်တစ်ဦးဖြစ်သည်။ အမှန်တော့ သူက လုံးဝကိုလူယုတ်မာပင်။
သူက အဓိကဇာတ်ဆောင်ကို ရူးမိုက်စွာ စွဲလမ်းကာချစ်နေပြီး ဒီအချစ်မှာ ကြောက်မက်ဖွယ်ကောင်းကာ လွန်ကဲသည်။ သူကူးလီကို ရဖို့အတွက် နောက်ပိုင်း စုယွီက အဓိကဇာတ်ဆောင်အပေါ် စိတ်ကြွဆေးသုံးကာ သူ့ကိုလက်ခံစေချင်ခဲ့သည်။
သူဟာ သူ့အချစ်ပြိုင်ဘက် လီချင်းယွင်ကို ကုသရာမှာလည်း ရက်စက်ပြီး အကြင်နာတရားကင်းမဲ့သည်။ သူက လီချင်းယွင်၏ ကျန်းမာရေးကို ပိုဆိုးလာအောင် အဆိပ်သုံးဖို့မတုံ့ဆိုင်းခဲ့။
နောက်ပိုင်းတွင် လီချင်းယွင်၏ ခန္ဓာကိုယ်အားနည်းချက်ကို ဖြစ်စေခဲ့သည့် လက်သည်တရားခံပင်။
လီချင်းယွင်မှာ စုယွီ သူ့ကိုပို့လာသည့်ဆေးကို တိတ်တိတ်လေးသွန်ချဖို့ တစ်ယောက်ယောက်ကိုအမြဲခိုင်းထားခဲ့ပြီး ဘယ်တုန်းကမှမသောက်ခဲ့ပေ။
"အရှင်မင်းကြီး ဆေးရလာပါပြီ...”
ချန်မော့က ဆေးခွက်ကို ဖြည်းဖြည်းချင်း ကမ်းပေးလာသည်။
သူကူးလီက လှမ်းယူကာ အကြိမ်အနည်းငယ်မွှေလိုက်ပြီးမှ လီချင်းယွင်၏ ပါးစပ်ဆီ တေ့ပေးကာ နှုတ်ခမ်းထောင့်များအသာကော့ပြီး ပြောလာ၏။
"အရှင်မင်းကြီး ဆေးသောက်လိုက်ပါအုံး”
လီချင်းယွင်မှာ သူကူးလီ၏ခပ်ဖျော့ဖျော့အပြုံးကို မိန်းမောစွာစိုက်ကြည့်နေမိပြီး တစ်အောင့်ကြာ မှင်သက်သွားရသည်။ ဆေးတိုက်လာမှ သူအသိပြန်ဝင်လာသည်။
သူကူးလီက အဖြူရောင်မက်မွန်ပွင့်လွှာပုံထိုးထားသည့် လက်ကိုင်ပုဝါကို ကောက်ကိုင်ကာ လီချင်းယွင်၏ ပါးစပ်ထောင့်ကို သုတ်ပေးပြီး ခပ်ပေါ့ပေါ့ဆိုလာသည်။
"ဘာတွေတွေးနေတာပါလဲ အရှင်မင်းကြီး...”
မက်မွန်ပွင့်လွှာ၏ ခပ်ဖျော့ဖျော့အနံ့က လက်ကိုင်ပုဝါမှ ပျံ့လွင့်လာသည်။
"အနံ့အရမ်းကောင်းတာပဲ”
လီချင်းယွင်က သူကူးလီလက်ထဲမှ လက်ကိုင်ပုဝါကိုယူကာ သူ့နှာခေါင်းနားကပ်ပြီး ရှူကြည့်လိုက်ပြီးမှ အပြုံးမျက်ဝန်းများကိုပင့်ကာ
"အားလီ မင်းကအနံ့အရမ်းကောင်းတာပဲ”
၎င်းမှာ ချီးကျူးစကားမှန်း ရှင်းနေပေမယ့် သူကူးလီအတွက်တော့ အလွန်အမင်း နားခါးသွားပုံပင်။ သူ့အပြုံး မသိမသာတောင့်ခဲသွားကာ သူ့မျက်လုံးများ အေးစက်သွားသည်။ အနံ့ကောင်းတယ်လား အဲ့ဒါကယောကျ်ားတွေကိုဖော်ပြဖို့သုံးတဲ့ဟာလား။
သူ လီချင်းယွင်ကို တိတ်တိတ်လေး စိုက်ကြည့်လိုက်မိသည်။ လီချင်းယွင်က သူအသုံးပြုသည့်လက်ကိုင်ပုဝါကို ထိတွေ့ကာ နှာခေါင်းနားကပ်ထားပြီး အနံ့ကောင်းသည်ဟုဆိုလာသည်။
ရွံဖို့ကောင်းလိုက်တာ...
"အရှင်မင်းကြီး သဘောကျရင် ကျွန်တော် အရှင်မင်းကြီးကို ပေးလိုက်ပါ့မယ်”
သူကူးလီ၏ အသံထဲမှာ နွေးထွေးမှုရှိမနေ။ သူ၏ မောက်မာသော အကြည့်ထဲမှာ အလှမ်းဝေးမှုနှင့် မမြင်ရသော ရွံရှာမှုအရိပ်အယောင်ရှိလို့နေသည်။
အဖြူရောင် မက်မွန်ပွင့်လွှာပုံဖော်ထားသည့် လက်ကိုင်ပုဝါမှာ သိသိသာသာကို ပိုင်ရှင်စွန့်ပစ်တာခံလိုက်ရလေပြီ။
လီချင်းယွင် လက်ကိုင်ပုဝါကို ထိထားပုံက ရတနာရှာတွေ့သွားသည့်အလား။ သူခေါင်းမော့ကာ သူကူးလီကို အလေးအနက်ကြည့်လိုက်သည်။
"ဒါက အားလီ ကိုယ်တော့်ကို ပေးချင်စိတ်ရှိတဲ့ ပထမဆုံး လက်ဆောင်ပဲ...ကိုယ်တော် ကောင်းကောင်းတန်ဖိုးထားပါ့မယ်”
"ဟုတ်ကဲ့”
သူကူးလီက ခပ်ပေါ့ပေါ့ဆိုလေသည်။ သေချာနားထောင်ကြည့်မယ်ဆို လေသံမှာ နည်းနည်းအနှုတ်ပြနေတာကို ကြားနိုင်သည်။ သူတကယ်နားမလည်ဘူး။ ယောကျ်ားတစ်ယောက် သုံးတဲ့သာမန်လက်ကိုင်ပုဝါလေးပဲကို ဘာလို့ဒီအာဏာရှင်က အရမ်းပျော်နေတာလဲ။ ဘာပျော်စရာအကြောင်းရှိလို့လဲ..
လီချင်းယွင်က လက်ကိုင်ပုဝါကို ဝတ်ရုံလက်ကျယ်အိတ်ကပ်ထဲထည့်လိုက်သည်။ အဓိကဇာတ်ဆောင်၏ မျက်နှာပေါ်က မထူးခြားမခြားနားအကြည့်ကိုမြင်တော့ သူ့ကိုနမ်းချင်စိတ်ကိုထိန်းကာ ဆန်ကုန်မြေလေးကုန်းအဖြစ် သူကိုယ်တိုင်၏ ဆိုးဝါးသော အဆုံးသတ်ကို တွေးလိုက်မိသည်။ သူပင့်သက်ရှိုက်ကာဆိုမိသည်။
"အားလီ မင်းနည်းနည်းပျော်လား”
"အရှင်မင်းကြီးက ဘာကိုပြောနေတာပါလဲ”
သူကူးလီက ကြည်လင်လှပသော မျက်ဝန်းကို ပင့်လိုက်သည်။
လီချင်းယွင် သူကူးလီ၏မျက်ခုံးနှစ်ဖက်ကြားရှိ မှဲ့နီလေးကို စိုက်ကြည့်လိုက်မိသည်။ သူ သူကူးလီ၏ မျက်နှာလှလှလေးကို အလွန်သဘောကျသည်။ ၎င်းကသူ့ကို တကယ်ဆွဲဆောင်နေလေသည်။ သူကူးလီသာ အဓိကဇာတ်ဆောင်မဟုတ်ဘူးဆိုရင် သူ၏ပင်ကိုယ်စရိုက်ပေါ်အခြေခံပြီး သူ့ကိုသူနှင့်နေ့နေ့ညညအတူအချိန်ဖြုန်းဖို့ တကယ်ဘာမဆိုလုပ်ပစ်လောက်မည်။
ဒါပေမယ့် အလုပ်ဖြစ်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ အဲ့ဒါက သူကူးလီသူ့ကိုပိုမုန်းသွားစေမှာမို့၊ ပြီးရင် သူတို့နှစ်ယောက် မူရင်းဇာတ်ကြောင်းထဲကအတိုင်း ဆိုးဝါးတဲ့အဆုံးသတ်နှင့် အဆုံးသတ်သွားလိမ့်မယ်။
လီချင်းယွင် ရင်ထဲမှာ သက်ပြင်းချမိသည်။
"အားလီ ကိုယ်တော် နှင်းတိုင်းပြည်သားတွေကိုလွှတ်ပေးပြီး ဖြစ်နိုင်သလောက် မင်းကိုလွတ်လပ်မှုများများပေးထားတယ် မင်းပျော်ရဲ့လား”
"ပျော်ပါတယ်”
သူကူးလီက ခပ်ပေါ့ပေါ့ လေသံနှင့်ဆိုသည်။ သူက အမြဲအေးစက်ကာ မောက်မာပြီး ပြုံးခဲကာ မကြာခဏ လူတို့ကို စည်းခြားထားသည့် အေးစက်၊သီးသန့်ဆန်သော သဘောထားရှိလေသည်။
လီချင်းယွင်က သူ့ကိုနက်နက်နဲနဲကြည့်ကာ ဆိုလိုက်သည်။
"မင်း တကယ် ပျော်တာဖြစ်ပါစေလို့ ကိုယ်တော် မျှော်လင့်မိတယ်”
လီချင်းယွင်က ယောက်ဟွားနန်းဆောင်၏အိပ်ဆောင်ထဲမှာ နာရီအနည်းငယ်ကြာနေကာ သူကူးလီကို စကားအနည်းငယ် ပြောပြီးမှပြန်သွားသည်။
သူကူးလီ လိုက်ကာများကို သူ့သွယ်လျလျလက်ချောင်းများနှင့်ဖွင့်ကာ ခန်းမအပြင်ရှိ နှင်းထဲက အနီရောင်ပုံရိပ်ကို ပြတင်းပေါက်ခုံးမှတဆင့်ကြည့်လိုက်မိသည်။
သူရယ်မောလိုက်မိပြီး သူ့မျက်ခုံးနှစ်ဖက်ကြားထဲက မှဲ့နီလေးမှာ တောက်ပလျက်၊ သူ၏မျက်ဆံမှာ မည်းနက်ကာ နှင်းတမျှကြည်လင်လို့နေပြီး စိတ်ခံစားချက်စိုးစဥ်းမျှ ရှိမနေ။ ရေခဲတောင်လိုမျိုး ၎င်းက ခံစားချက်နှင့်အတွေး အလုံးစုံကို ဖြတ်တောက်ပစ်ပြီး လောကကြီးထဲက ဘယ်အရာကမှ သူ့နှလုံးသားကိုမထိရှစေပုံပင်။
"ပျော်ရဲ့လားတဲ့လား ...ခင်ဗျားသေရင်ကျွန်တော်ပျော်မယ်..."
နန်းတွင်းထဲမှာ လာခစားသည့်နန်းတွင်းအစေခံမိန်းမပျိုလေးမှာ ဒါကိုကြားတော့ ကြောက်လွန်းလို့ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားပြီး သူမလက်ထဲက ကြာစွယ်စွပ်ပြုတ်က မှောက်သွားလုနီးပါးပင်။ သူမကစကားတစ်လုံးမဆိုရဲ။ သူမမျက်ဝန်းမှာ ကြောက်လန့်မှုနှင့် ပြည့်သွားပြီး ကြာစွယ်စွပ်ပြုတ်ကို တုန်ရီစွာကမ်းပေးလာသည်။
"သခင်လေး အရှင်မင်းကြီးပို့ပေးလိုက်တာပါ သူက...သခင်လေးရဲ့ကျန်းမာရေးအတွက်လို့ဆိုပါတယ်”
"ပစ်လိုက်”
သူကူးလီ၏မျက်ဝန်းမှာ စိတ်ခံစားချက်မရှိဘဲ နှင်းတမျှ အေးစက်လျက်။ သူက ကြာစွယ်စွပ်ပြုတ်ကို ကြည့်ပင်မကြည့်။ သူကထရပ်ကာ နန်းတွင်းအစေခံမိန်းမပျိုဘေးက ဖြတ်လျှောက်သွားတော့ သူခဏတန့်သွားကာ ဆိုလာသည်။
"ငါနေသိပ်မကောင်းဘူး စုယွီကို သွားခေါ်လိုက်”
"...ဟုတ်ကဲ့”
နန်းတွင်းအစေခံမိန်းမပျိုမှာ သူမရှေ့ကကြာစွယ်စွပ်ပြုတ်ကို အထိတ်တလန့်ကြည့်လိုက်မိသည်။