အခန်း (၁၆) လီချင်းယွင်...ခင်ဗျားက မယုံရဘူးပဲ
"တေးဂီတ၊ စစ်တုရင်၊ လက်ရေးအလှရေးတာနဲ့ ပန်းချီဆွဲတာအပြင် အားလီဆရာက တခြားအရာတွေပါ သင်ကြားပေးခဲ့တာလား... သူ မြင်းစီးတာနဲ့ လေးပစ်တာတွေကိုရော သင်ပေးလား.."
"ကျွန်တော် အခြေခံတော့ တတ်ပါတယ်.."
လီချင်းယွင် ပြုံးလိုက်သည်။ ဒီနေ့မှာတော့ တိုင်းရေးပြည်ရာကိစ္စတွေက သိပ်မရှုပ်ထွေးနေခဲ့။ သူ သူကူးလီတီးခတ်ပြသည့် အလွန်သာယာသည့် ဂီတသံကိုလည်း နားထောင်ခဲ့ရသည်။ သူ့ ခံစားချက်တွေ ကောင်းမွန်နေခဲ့ပြီး ကျိုးဓားစာခံကိစ္စကိုပင် မေ့မေ့လျော့လျော့ ဖြစ်နေခဲ့၏။ သူက လုကုန်းကုန်းကို စစ်တုရင်ခုံ ယူစေပြီး စားပွဲပေါ်တင်ဖို့ အမိန့်ပေးလိုက်သည်။ စစ်တုရင်ရုပ်များကို နေရာချပြီးနောက် လီချင်းယွင်က သူကူးလီအား စစ်တုရင်အတူကစားဖို့ ဖိတ်ခေါ်လိုက်သည်။
"နှစ်သစ်ကူးအကြိုရောက်ဖို့ တစ်လပဲလိုတော့တယ်၊ အဲဒါပြီးရင် ဆောင်းရာသီအမဲလိုက်ပွဲတော် ရောက်လာတော့မှာ..."
လီချင်းယွင်က စကားပြောနေသည်ကို ရုတ်တရက် ရပ်လိုက်သည်။
မူလဇာတ်လမ်းတွင် ဆောင်းရာသီအမဲလိုက်ပွဲမှာပင် ဘုရင့်သစ္စာခံတို့က သူကူးလီအား ချောင်ပိတ်ပြီး မျက်စိကွယ်စေခဲ့သည်ကို သူသတိရသွားသည်။
ထိုအချိန်မှစပြီး သူကူးလီဟာ မျက်မမြင်တစ်ယောက်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ထိုအရာက လီချင်းယွင်အား မုန်းတီးသွားစေသည့် အဓိက အကြောင်းအရင်းဖြစ်လာခဲ့၏။ ဆောင်းရာသီအမဲလိုက်ပွဲဟာ အန္တရာယ်တွေနှင့် ပြည့်နှက်နေသည်ဟုဆိုနိုင်သည်။
"အဲ့ဒါကို မေ့ထားပြီး အခု စကားပြောကြရအောင်။ အားလီကို ဆောင်းတွင်းအမဲလိုက်ပွဲကို ခေါ်မသွားတာ ပိုကောင်းပါတယ်"
လီချင်းယွင်က စတင်လှုပ်ရှားလိုက်သည်။
"ဘာလို့ထပ်ပြီး စိတ်ပြောင်းသွားရတာပါလဲ အရှင်.."
သူကူးလီက စစ်တုရင်အရုပ်တစ်ခုကို လီချင်ယွင်အနားမှာ ဝန်းရံစေလိုက်သည်။
"ငါပျော်နေလို့လေ..."
လီချင်းယွင်က သူ့ရဲ့ဗာဒံစေ့သဖွယ် မျက်လုံးများကို ပင့်မော့၍ သူကူးလီအား စိုက်ကြည့်လိုက်သည်။
သူကူးလီးကတီးတိုးပြောလိုက်သည်။
စိတ်ကြီးဝင်နေလိုက်တာ..
"ဆရာက အားလီကို ဗျတ်စောင်းတီးနေချိန်မှာ ခံစားချက်ကင်းမဲ့ပြီး ဂီတကို အသက်ဝင်အောင် မတီးခတ်နိုင်ဘူးလို့ မှတ်ချက်ပေးခဲ့တယ်လို့ အားလီ ပြောခဲ့တယ်လေ.. ဒါပေမယ့် ငါကိုယ်တော်ကတော့ နားထောင်ပြီး အရမ်းသဘောကျသွားတာပဲ.."
လီချင်းယွင်က နူးညံ့စွာပြုံး၍
"ဖုန့်ချိုးဟွမ်ကိုလည်း အားလီ တီးခတ်ပြတာ နားထောင်ချင်သေးတယ်.."
အနှီဂီတအပိုင်းအစလေးကို သူ့အတွက်တီးပြခဲ့ရင် ပိုလို့တောင်ကောင်းဦးမှာပင်။
"ကျွန်တော်က ခံစားချက်မရှိဘဲ မွေးဖွားလာတာကြောင့် အဲ့ဒါကို မတီးခတ်နိုင်တာ ရှက်ရွံ့မိပါတယ်.."
သူကူးလီက စစ်တုရင်ရုပ်များ၏ အခြေအနေကို သာမန်ကာလျှံကာ ကြည့်လျက် သူ့မျက်လုံးတို့သည် အနည်းငယ်လေးနက်ဟန်ဖြင့် အရုပ်တစ်ခုကို နေရာချလိုက်၍ မော့ကြည့်ပြီး ပြောလိုက်သည်။
"မင်းကြီး၊ ဒါအရှင့်အလှည့်ပါ.."
"အားလီမှာ ငယ်ငယ်ကတည်းက ဂရုစိုက်ခဲ့တဲ့ တစ်စုံတစ်ယောက်များ ရှိသလား.."
လီချင်းယွင်က ပုံမှန်အတိုင်း စစ်တုရင်အရုပ်ကို နေရာချ၍ သူကူးလီအား စူးစူးစိုက်စိုက်ကြည့်ကာ
"ငယ်ချစ်ဦးလိုလေ..."
သူကူးလီ၏လက်မှာ ရပ်တန့်သွားသည်။
သူရှစ်နှစ်သားခန့်မှာ ယုံးတိုင်းပြည်၏နန်းတော်ကို သူ့မိဘတွေနဲ့လိုက်သွားစဉ်က နှင်းထဲတွင် ခြေဗလာနဲ့ လျှောက်သွားနေသည့် မင်းသားငယ်တစ်ပါးအား တွေ့ခဲ့သည်ကို သူသတိရသွား၏။ ထိုမင်းသားငယ်လေး လဲကျ၍ငိုကြွေးနေသည်မှာ အလွန်သနားစရာကောင်းလှသည်။
သူကူးလီက ထိုသူ့အား လက်ကိုင်ပဝါလေးကမ်းပေးကာ မျက်ရည်များပင်သုတ်ပေးခဲ့သေးသည်။ အထက်တန်းလွှာမှပေါက်ဖွားလာသည့် ယင်းမင်းသားငယ်လေးသည် သူ့လက်ကိုင်ပဝါကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး မျက်လုံးများမှာလည်းနီရဲနေကာ ပုလဲလုံးကဲ့သို့မျက်ရည်ဥများမှာလည်း ဆက်တိုက်ကျဆင်းနေတော့၏။ ကလေးဆန်ပြီး ချစ်ချင်စဖွယ်ကောင်းသည့် သူ့အသံလေးဖြင့်
"အကိုတော် ၊ ကျွန်တော့် မယ်တော်ကိုရှာချင်တယ်၊ သူတို့ကမယ်တော့်ကိုသတ်ချင်နေကြတာ၊ မယ်တော့်ကိုရှာဖို့ ကျွန်တော့်ကိုခေါ်သွားပေးလို့ရမလား အကိုတော်.."
သူကူးလီ၏ နှလုံးသားတစ်ခုလုံးမှာ အရည်ပျော်လုနီးပါးဖြစ်သွားတော့သည်။ အနှီချစ်စရာမင်းသားလေးအား သူ့မယ်တော်ကိုရှာဖို့ခေါ်သွားပေးချင်သော်လည်း သူ့အနားရှိ အေးစက်စက်မျက်နှာထားဖြင့် ရဲမက်တို့က သူ့ကို အဝေးသို့ ခေါ်သွားခဲ့ကြသည်။
"အရှင့်သား၊ တခြားတိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်သင့်ပါဘူး.."
ထိုစဉ်က သူကူးလီမှာ အသက်ရှစ်နှစ်သာရှိသေးပြီး အရပ်ရှည်ရှည်ရဲမက်၏ ခေါ်ဆောင်ခြင်းကိုခံခဲ့ရသည်။ သူ့မယ်တော်ကိုရှာဖို့ ရှည်လျားတဲ့ နန်းတော်တံတိုင်းတစ်လျှောက်ပြေးလွှားနေတဲ့ မင်းသားလေးကိုတော့ သူအဝေးကနေ ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့ချေသည်။
ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ။
ယနေ့အချိန်တွင်မူ လီချင်းယွင်မှာ ယုံးတိုင်းပြည်တွင်အာဏာရှိလာပြီး မင်းသားများစွာကိုပင် သူ့လက်ဖြင့်ကိုယ်တိုင်သတ်ဖြတ်ပစ်ခဲ့သည်။ နူးညံ့သိမ်မွေ့သည့် ချစ်စရာမင်းသားငယ်လေးလည်း လီချင်းယွင်လက်ချက်နှင့် အစောကြီးကတည်းကပင် အသတ်ခံရလောက်ပြီးပြီထင်တယ်...
“အားလီ၊ တကယ်ပဲ မင်းရင်ထဲမှာ တစ်စုံတစ်ယောက် ရှိနေပြီးသားလား.."
သူကူးလီ အာရုံလွင့်နေတာကိုမြင်တော့၊ လီချင်းယွင်က သူ့လက်ကိုဆန့်၍ သူကူးလီ၏မျက်စိရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
သူကူးလီ အသိစိတ်ပြန်ဝင်လာပြီး အေးဆေးစွာပြောလာ၏။ "ကျွန်တော်ငယ်ငယ်က ယုံးတိုင်းပြည်ရဲ့နန်းတွင်းကိုလာခဲ့စဉ်က တစ်ခါတွေ့ဖူးတဲ့ မင်းသားလေးအကြောင်း ပြန်တွေးနေတာပါ.."
"ဘယ်မင်းသားလဲ.."
"မသိပါဘူး၊ သူသေသွားပြီဖြစ်မှာပဲ ကျွန်တော်စိုးရိမ်မိပါတယ်.."
လီချင်းယွင်က သူကူးလီကိုကြည့်လိုက်ပြီး တည်ငြိမ်မှာ မရှိတော့ချေ။အချို့သော အကြောင်းအရာများကြောင့် အနည်းငယ် စိတ်ကသိကအောက်ဖြစ်သလို ခံစားလိုက်ရ၏။ သူ့မျိုးဆက်တွင် ထီးနန်းဆက်ခံသူများစွာရှိခဲ့ရာ အများစုကို သူသုတ်သင်ခဲ့တာပင်။
သူကူးလီပြောလိုက်သည့် "အဲ့ဒီတုန်းက အရမ်းအေးခဲနေတာ၊ သူက ကျွန်တော်မျိုးကိုအစ်ကိုတော်လို့ ခေါ်ပြီး သူ့မယ်တော်ကိုကူရှာပေးဖို့ တောင်းဆိုနေခဲ့တာ.." ဟူသောစကားကို ကြားလိုက်ချိန်မှာပဲ သူ့စိတ်ထဲ ကသိကအောက်ဖြစ်ခြင်းကို ခံစားလိုက်ရလေသည်။
...
လီချင်းယွင်က ပြောလိုက်သည်။
"တကယ်လို့ လွန်ခဲ့တဲ့ဆယ့်တစ်နှစ်ဆောင်းရာသီတုန်းကသာ ဒီကိုလာခဲ့တာဆိုရင် မင်းတွေးခဲ့တဲ့ မင်းသားငယ်လေးက ငါပဲဖြစ်ရမယ်.."
သူကူးလီက သူ့ကိုကြည့်ပြီး တည်ငြိမ်စွာပြောလာ၏။
“ဖြစ်နိုင်ပါ့မလား...တကယ်လို့သာမင်းကြီးဆိုရင် ကျွန်တော့်ကို အစ်ကိုတော်လို့ ခေါ်တာက မင်းကြီးအသက်အရွယ်အရ တကယ်မသင့်တော်မှာပဲ..."
လီချင်းယွင်က ရှက်သွားပြီး
"ကလေးဘဝတုန်းက ငါသိပ်နားမလည်ခဲ့ဘူးလေ။ ပြီးတော့ အရမ်းကြာခဲ့ပြီးတဲ့ကိစ္စတွေကို ငါမမှတ်မိတတ်ဘူး.."
"မင်းကြီးက အဲ့ဒီတုန်းကနဲ့ အရမ်းကိုခြားနားသွားပြီ.."
သူကူးလီ၏ မျက်လုံးများတွင် စူးစမ်းလိုသည့်အရိပ်အယောင်များပါဝင်နေသည်။
"အခုနဲ့ တကယ်ကို မတူတော့ဘူး.."
လီချင်းယွင်က ပြုံးပြီးပြောလိုက်၏။
"ဘာတွေကွာခြားသွားတာလဲ"
သူကူးလီက အချိန်အတော်ကြာ တိတ်ဆိတ်သွားသော်လည်း နောက်ဆုံးမှာတော့ ဘာမှမပြောခဲ့ပါချေ။
"ဖျောက်.."
စစ်တုရင်ရုပ်လေး ပြုတ်ကျသွား၏။
လီချင်းယွင်နှင့် သူကူးလီ၏ စစ်တုရင်ကစားပွဲမှာ အနိုင်၊အရှူံးမရှိခဲ့ပေ။ ဒီကစားပွဲက စိတ်လှုပ်ရှားစရာကောင်းပြီး အဆုံးသတ်၌ နှစ်ဖက်စလုံး ရှုံးနိမ့်မှုကို ခံစားခဲ့ကြရချေသည်။ သူတို့သည် သေအတူ ရှင်မကွာပင်ဖြစ်လေ၏။
သက်ပြင်းချရုံကလွဲပြီး မတတ်နိုင်ပေမယ့် ဤသည်က အဆုံးသတ်ပင်။
လုကုန်းကုန်းက လတ်ဆတ်သည့် ကြာစေ့စွပ်ပြုတ်ကိုယူလာခဲ့ပြီး ထိုနှစ်ဦး စစ်တုရင်ကစားနေသည်ကိုမြင်သောအခါ သူက မျက်နှာလိုမျက်နှာရ ပြုံး၍ပြောလာသည်။
"မင်းကြီးက တိုက်စစ်ကို ခံစစ်အဖြစ်သုံးပြီး ၊ သခင်လေးလီက ခံစစ်ကိုတိုက်စစ်အဖြစ်သုံးတယ်။ အဆုံးသတ်မှာတော့ တစ်ယောက်ကိုတစ်ယောက် ကျရှုံးသွားတာပါ။ အင်မတန်နှစ်သက်ကြည်နူးစရာ စစ်တုရင်ကစားပွဲပါပဲ..."
"လုရှောင်ဟွား မင်းက ဘယ််လိုစကားပြောရမလဲဆိုတာ တော်တော်သိတာပဲ"
လီချင်းယွင်က ပြုံးပြီး မာန်မဲလိုက်၏။
လုဟွာကတော့ စိတ်ဆိုးတကြီးဖြင့်
"မင်းကြီး ၊ ကျေးဇူးပြုပြီး မစပါနဲ့တော့...သခင်လေးလီလည်းရှိနေပါသေးတယ်။ ကျွန်တော်မျိုးကိုလည်း မျက်နှာသာလေးနည်းနည်းပေးပါဦး..."
သူစကားပြောပြီးသည်နှင့် သူ၏ခေါင်းကိုငုံ့ကာ မျက်လုံးများမှာလည်း နက်ရှိုင်းနေပြီး သူ့လက်ထဲရှိကြာစွပ်ပြုတ်ကို သူကူးလီအားလှမ်းပေးလျက် နူးနူးညံ့ညံ့ပြုံး၍ ပြောလိုက်သည်။ "သခင်လေးလီ ...သုံးဆောင်တော်မူပါ.."
သူကူးလီ ခေါင်းကိုညင်သာစွာညိတ်လိုက်သည်။
လုကုန်းကုန်းက သူ့ပစ္စည်းတွေကိုသိမ်းဆည်းပြီး ထွက်သွားတော့သည်။ သူက သူ့အဝတ်အစားများကို လွှဲခါ၍ ခလောက်တံကို ကောက်ယူကာ အပြင်ဘက်၌ မတ်တတ်ရပ်၍ သက်ပြင်းချလိုက်၏။ သူ့မျက်ဝန်းများထဲတွင် စိုးရိမ်စိတ်နဲ့ အကြင်နာတရားကင်းမဲ့ခြင်းတို့က ပြည့်နှက်လျက်ရှိပေသည်။
"သခင်၊ ဒီဆေးက တကယ်ရော အလုပ်ဖြစ်ပါ့မလား.."
ရှောင်ရှန်းကျစ်က သူကူးလီကို လိုက်ကာအကွယ်ကနေ တိတ်တဆိတ် ဖျတ်ခနဲကြည့်လိုက်သည်။
လုဟွာက ရှောင်ရှန်းကျစ် ခေါင်းကိုရိုက်ပြီး ဒေါသသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဒီနေ့သေချာပေါက် အလုပ်ဖြစ်မှာ.."
"မင်းကြီးက သခင်လေးသူကူးကို အရမ်းချစ်တာ။ ကျွန်တော်တို့ ဟယ်ဟွမ်ဆေးမှုန့်ကို သခင်လေးသူကူးရဲ့စွပ်ပြုတ်ထဲ ခိုးထည့်ထားတာ မင်းကြီးသာသိရင် အပြစ်ပေးခံရမှာ ကြောက်တယ်.."
ရှောင်ရှန်းကျစ်က သူ့ခေါင်းကိုကာ၍ မကျေမနပ် ပြောလိုက်သည်။
"ဒီမှာငါတစ်ယောက်လုံးရှိနေတာကို ဘာတွေကြောက်နေတာလဲ။ ကိုယ့်အလုပ်ကိုယ်သာ ကောင်းကောင်းလုပ်စမ်းပါ.."
လုဟွာ၏ မျက်လုံးများမှာ ခက်ထန်ကြမ်းကြုတ်နေသည်။
ညဉ့်နက်လာပြီး အပြင်ဘက်တွင် နှင်းများဆက်တိုက်ကျဆင်းနေကာ လေအေးများကြောင့် အရိုးထဲထိတိုင်အောင်ပင် အေးစိမ့်နေတော့သည်။
ယောက်ဟွားနန်းတော်၏ပင်မခန်းမရှိ လူနှစ်ဦးကတော့ စစ်တုရင်ကို ထပ်ကာထပ်ကာကစားနေပြီး ကမ္ဘာတစ်ဝှမ်းတွင် ယခုလက်ရှိဖြစ်ပျက်နေသည့် အခြေအနေများနှင့် ယုံးထီးနန်း၏ အရေးကိစ္စများကိုလည်း ဆွေးနွေးနေကြသည်။
သူကူးလီက စကားနည်းသူဖြစ်ပြီး အမြဲတိတ်တဆိတ်သာ နားထောင်လေ့ရှိသည် ။သို့သော် တစ်ချက်တစ်ချက် သူသည် တမူထူးခြားသည့်အမြင်များကို ထက်မြက်ဆန်းသစ်စွာ တင်ပြ ဆွေးနွေးတတ်သည်။
"အားလီ၊ မင်းက ပင်ကိုယ်ပါရမီရှိတဲ့ ဗျူဟာသမားပဲ.."
လီချင်းယွင်က နောက်ဆုံးမှာ ချီးမွမ်းခန်းဖွင့်လိုက်သည်။
"အဲ့လောက်လည်း မဟုတ်ပါဘူး.."
သူကူးလီက အရေးမစိုက်သည့်ပုံဖြင့် ပြောလာသည်။
ဆွေးနွေးမှုပြီးဆုံးသွားသည့်နောက် လီချင်းယွင်က မတ်တပ်ထရပ်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။
သူကူးလီက မျက်မှောင်ကျုံ့လိုက်ပြီး တစ်ခုခုမှားနေသည်ဟု ခံစားမိလိုက်၏။
ထူးဆန်းသည့်အလိုဆန္ဒမှာ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ တိုးဝင်ဖြတ်သန်းသွားကာ နဖူးပေါ်တွင် ချွေးစေးများပြန်လာတော့သည်။ သူ့မျက်လုံးထဲရှိ တည်ငြိမ်မှုမှာ ရုတ်ချည်းပျောက်ကွယ်သွားပြီး အေးစက်မှုနဲ့ ရက်စက်သည့်ဆုံးဖြတ်ချက်တို့က အစားထိုးဝင်ရောက်လာခဲ့တော့၏။
သူ လီချင်းယွင်၏ လက်ကောက်ဝတ်ကို ပြင်းပြင်းထန်ထန်ဆုပ်ကိုင်လိုက်သည်မှာ ချိုးပစ်တော့မယောင်ပင်ထင်ရသည်။
သူကူးလီ၏ မျက်လုံးများမှာ အေးစက်လျက် အကြင်နာကင်းမဲ့သည့်အကြည့်များ ရောယှက်နေသည်။
"အရှင်မင်းကြီး ကတိမတည်ပါလား၊ ကြာစေ့စွပ်ပြုတ်ထဲကို ဘာတွေထည့်ထားတာလဲ.."
လီချင်းယွင် အနည်းငယ် စိတ်ရှုပ်သွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် လီချင်းယွင်က သူကူးလီထံမှ လည်ပင်းညှစ်တာကို ခံလိုက်ရပြီး နံရံဘက်သို့ ဆောင့်တွန်းခံလိုက်ရ၏။ သူကူးလီ၏အသက်ရှူသံတို့မှာ မြန်ဆန်၍ မျက်လုံးများမှာလည်း ရူးသွပ်ဖွယ် စိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်ကို သူမြင်လိုက်ရသည်။
"အားလီ..."
လီချင်းယွင်၏ မျက်နှာမှာဖြူဖျော့သွားကာ သူ သေတော့မလိုပင် အသက်ရှူရခက်ခဲလာ၏။
သူ့လက်ကို ဆန့်ထုတ်ကာ သူကူးလီ၏လက်များကို အားပြင်းပြင်းဖြင့် ဖြည်ကာ ဆုပ်ကိုင်ထားပြီး မျက်မှောင်ကျုံ့လျက် စိုးရိမ်တကြီးပြောလိုက်သည်။
" အားလီ၊ ဘာဖြစ်နေတာလဲ.."