အခန်း(၁၂) တတိယမင်းသား လီဟုန်
“ဘယ်လိုပဲဖြစ်ဖြစ် မသွားပါနဲ့”
လီချင်းယွင်သည် သူ့ခေါင်းကမူးနောက်ကာ ထုံထိုင်းနေသလို ခံစားနေရသည်။ သူက အသိစိတ်လွတ်နေပြီး သူကူးလီကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ မျက်လုံးများနီရဲပြီးမျက်ရည်များလည်း စီးကျနေ၏။
သူသာ ဒီလိုလုပ်မယ်ဆိုရင် သူကူးလီ ထွက်မသွားဖို့ တားနိုင်လိမ့်မည်ဟု သူတွေးမိလိုက်သည်။
ဘာကြောင့်လဲဆိုတော့ သူ ငယ်စဥ်ကတည်းက ခမည်းတော်၊မယ်တော်၊ မောင်းမမိဿံတွေနဲ့ အစ်ကိုတော်တွေရှေ့မှာ ယခုလိုပြုမူလေ့ရှိခဲ့သည် ။ထိုသို့ပြုမူတိုင်း သူတို့က သူ့ကိုအလိုလိုက်ကြသည်။ သူ့ခမည်းတော်နဲ့ ညီအစ်ကိုတွေ အားလုံးက သူ့ကို ချိုချိုသာသာဆက်ဆံခဲ့ပေမယ့် တကယ်တမ်းတွင်တော့ သူတို့က သစ္စာဖောက်များဖြစ်ကြသည်။ သူ့ကို လူအများရှေ့တွင် ချစ်ခင်ပြကြသော်လည်း နောက်ကွယ်မှာတော့ အားလုံးက သူ့ကို သေစေချင်ကြ၏။
သူကူးလီ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်သောအခါ ငယ်ရွယ်ချောမောလှတဲ့ ဘုရင်မင်းမြတ်သည် မျက်ရည်အဝဲသားဖြင့် သူ့အားမော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရွှေချည်ထိုးထားသော အနီရောင် ၀တ်ရုံသည် လီချင်းယွင်၏အသားအရည်ကို နှင်းကဲ့သို့ ဖြူစွတ်နေစေပြီး နက်မှောင်နေသောဆံနွယ်များက ရေတံခွန်ကဲ့သို့ လှပနေကာ စွဲလန်းဖွယ်ရာပုံရိပ်ကို ဖန်တီးပေးနေသည်။
လီချင်းယွင်က သူကူးလီ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး သူ၏ကျောက်စိမ်းရောင် ခြေထောက်များမှာ သူကူးလီ၏ ပင်လယ်ပြာရောင် ဖိနပ်များပေါ်သို့ တက်လာသည်။
သူကူးလီက ဘုရင်ငယ်လေး၏နက်မှောင်သော ဆံနွယ်အချို့ကို ညင်သာစွာ ထိတွေ့ကာ သူ၏လက်ချောင်းသွယ်များဖြင့် ဖြည်းညှင်းစွာ ပွတ်သပ်လိုက်ကာ ပြောလာသည်။ “အရှင်မင်းကြီး ကျွန်တော့်ကို ကတိပေးထားတာကို မေ့သွားပြီလား”
“ငါမေ့သွားတယ်”
လီချင်းယွင်ဟာ အကြောင်းအရာများစွာကို ဘယ်လိုလုပ်မှတ်မိနိုင်ပါ့မလဲ... သူက သူကူးလီကို အနားမှာထားလိုကြောင်းသာသိသည်။ သူက သူကူးလီကိုချစ်ပြီး အကောင်းဆုံးဟူသောအရာအားလုံးကို ပေးချင်သည်။ သူကူးလီကို အနားမှာထားခြင်းသည် သေစေနိုင်လောက်သည့် အန္တရာယ်ရှိမှန်း သိနေသော်လည်း သူ့အနားတွင် ရှိနေရန်လည်း မျှော်လင့်နေသေး၏။
သူကူးလီ ခေါင်းငုံ့လိုက်သည်။
သူလက်ထဲရှိ ဘုရင်ငယ်လေးမှာ အဖျားဒဏ်ကြောင့် မျက်နှာတစ်ခုလုံးနီမြန်းနေပြီး သူ၏စိုစွတ်နေသော ဖီးနစ်မျက်လုံးများမှာလည်း အာရုံမစိုက်နိုင်ဖြစ်နေသည်။ သူ၏ပုံစံမှာ ခါတိုင်းထက်ပို၍ ထိလွယ်ရှလွယ်ဖြစ်နေသည်။
ဒီလိုဖြစ်နေတဲ့သူက အခုချိန်မှာ တစ်ခြားသူများကို ဖိအားပေးဖို့ ဘယ်လိုများ အင်အားရှိနိုင်ပါ့မလဲ... သူကူးလီက တဖြည်းဖြည်း စိတ်သက်သာရာရလာသည်။ သူက လီချင်းယွင်၏ မျက်နှာကို ခပ်ဖွဖွပွတ်သပ်၍ ပွေ့ဖက်ကာ ကုတင်ပေါ်တွင် ထိုင်စေပြီး
“အရှင်မင်းကြီး သမားတော် ပင့်ဖို့ကို လု့ကုန်းကုန်းဆီ ကျွန်တော် တောင်းဆိုလိုက်မယ်”
သူက ခန်းမအပြင်က လု့ဟွာကို အထဲဝင်ဖို့ခေါ်လိုက်တော့ လု့ကုန်းကုန်းက မင်းကြီးအဖျားရှိနေပြီး နေမကောင်းမှန်း နားလည်သွားသည်။ စိုးရိမ်စိတ်ကြောင့် သူ့မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ လု့ကုန်းကုန်းက သူကူးလီကို ပြောလာသည်။
"ဘာလို့ စောစော သတင်းမပို့တာလဲ အရှင်မင်းကြီး အဖျားကြီးနေတာကို ဒီအတိုင်း အကြာကြီးထားထားတာလား... မင်းသား သူ့ကို ဘယ်လို စောင့်ရှောက်နေတာပါလဲ”
သူကူးလီက သူ့ကို လျစ်လျူရှုလိုက်သည်။
လုဟွာက အလွန်စိုးရိမ်သဖြင့် ချက်ချင်းလှည့်ထွက်သွားကာ လေနှင့် နှင်းတွေကြားမှပင် တော်ဝင်ဆေးခန်းသို့ သွားခဲ့သည်။သိပ်မကြာခင်မှာပဲ စုယွီက လု့ကုန်းကုန်းနဲ့ အတူ ခန်းမဆောင်ထဲကို အမြန်ဝင်လာခဲ့၏။
သူကူးလီလည်း ဒီနေရာမှာ ရှိနေသည်ကို မြင်တော့ စုယွီအံ့အားသင့်သွားသည်။သူ အများကြီးတွေးမနေတော့ဘဲ နဂါးသလွန်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး လီချင်းယွင်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
သူကူးလီက မေးလိုက်သည်။
“ဘယ်လိုနေလဲ”
စုယွီ၏ ပုံစံမှာ တည်ငြိမ်လေးနက်နေပြီး သူကူးလီဆီကို စိုးရိမ်တကြီး လှည့်ကြည့်ရင်း အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
“အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်က အရမ်းအေးတဲ့ဆောင်းရာသီနဲ့ လိုက်လျောညီထွေ ဖြစ်အောင်မနေနိုင်ဘူး။အအေးတစ်ခါမိလိုက်တာနဲ့ နေမကောင်းဖြစ်လွယ်ပြီး အဖျားဝင်နိုင်တယ်... ရေထဲပြုတ်ကျခဲ့တုန်းက ကျန်ခဲ့တဲ့ ရောဂါအခံကြောင့်ဖြစ်မယ်... နောက်ဆုံးတစ်ခါက အပ်စိုက်ကုထုံးနဲ့ ကုသခဲ့ပေမယ့် ခန္ဓာကိုယ်ရဲ့ အပြင်ပန်းလက္ခဏာတွေကို မထိန်းညှိနိုင်သေးပါဘူး”
မူလဇစ်မြစ်ကတော့ လီချင်းယွင်ကို သူတို့ပေးခဲ့တဲ့ အရောင်မရှိ၊အနံ့မရှိတဲ့ အဆိပ်တွေကြောင့်ဖြစ်သည်။ထိုအဆိပ်မှာ ဆေးမြစ်နှစ်မျိုးကိုပေါင်းစပ်ထားခြင်းဖြစ်ပြီး လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာကို အားနည်းစေသော ဂုဏ်သတ္တိရှိသည်။
စုယွီက သူကူးလီ၏ စကားများကို နားထောင်ပြီး ဒီအတောအတွင်း အဆိပ်မဖြစ်စေသည့် ဆေးညွှန်းများကို ပေးခဲ့သည်။
သူကူးလီက ဆေးများကို နေ့စဉ်ဆေးညွှန်းနှင့်အတူ အချိုပွဲ၊အစာသွပ်မုန့်များနှင့် စန္ဒကူးဆေးမြစ်များတွင် ရောနှောထားသဖြင့် အဆိပ်များကပျံ့နေကာ ဒီအဆိပ်တွေအားလုံးကို ငွေအပ်တစ်ချောင်းတည်းနဲ့ မစမ်းသပ်နိုင်ပေ။
ထိုအဆိပ်များမှာ ဆေးမြစ်တစ်ခုတည်းဆိုလျှင်အဆိပ်မရှိ။ ဆေးမြစ်နှစ်ခု ဒါမှမဟုတ် သုံးခုက ခန္ဓာကိုယ်ထဲမှာ တစ်ခုနှင့်တစ်ခု တွန်းကန်ကြမှသာ အဆိပ်ဖြစ်လာသည်။ ယခုကဲ့သို့ လီချင်းယွင် အပြင်းအထန် နာမကျန်းဖြစ်ရခြင်းမှာ ခန္ဓာကိုယ်အား သဘာဝအတိုင်း အားနည်းသွားစေသည့် ထိုအဆိပ်များကြောင့်ဖြစ်သည်။
စုယွီ ခေါင်းမော့ပြီး လီချင်းယွင်၏မျက်နှာကိုကြည့်လိုက်သည်။ သူ့ရဲ့လက်ရှိအခြေအနေကို တွေ့ရှိပြီးတဲ့ နောက်မှာတော့ သူစိတ်ထဲကနေ အကဲဖြတ်ဖို့ သေချာစိုက်ကြည့်လိုက်ရာ ငိုထားတာကြောင့်နီရဲနေသည့် လီချင်းယွင်၏မျက်လုံးများကိုတွေ့လိုက်ရသဖြင့် စုယွီလန့်သွားမိသည်။
စုယွီ...သူ လီချင်းယွင်ကို သေချာပေါက်မုန်းသင့်သည်။
ဒါပေမယ့် သူ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အာခေါင်တွေခြောက်လာပြီး နှလုံးသားထဲမှာ နွေးထွေးတဲ့ခံစားချက်ကို ခံစားလိုက်ရသည်။ အချို့သော ပုံရိပ်များက သူ့ စိတ်ထဲတွင် ပေါ်လာ၏။
သူ့စိတ်ကူးထဲက ပုံရိပ်မှာ လီချင်းယွင်ရဲ့ လက်တွေဟာ ချည်နှောင်ထားပြီး သူ့အောက်မှာ နီရဲနေသောမျက်လုံးများဖြင့် ငိုကြွေးနေသည်မှာ သနားစဖွယ်ပင်။ သူ၏ အနက်ရောင်ဆံနွယ်များနှင့် အနီရောင်နဲ့ရွှေရောင်ရောစပ်ထားသော နဂါး၀တ်ရုံတို့သည် သူ့ကြောင့် ညစ်ပတ်နေခဲ့သည်။
စုယွီက လီချင်းယွင်ကို စိုက်ကြည့်နေမိသည်။
“စုယွီ”
သူကူးလီ၏ အသံက အေးစက်နေ၏။
“ဘာလို့ ဆေးညွှန်းသွားမရေးသေးတာလဲ”
ထိုအသံက စုယွီ၏ စိတ်ကူးကို အနှောင့်အယှက်ပေးလိုက်သည်။ သူ တံတွေးမျိုချလိုက်ပြီး အမြန်ဆုံး ထရပ်ကာ စိတ်ကူးထဲက ပုံရိပ်ကို ဘေးဖယ်ထားဖို့ အတတ်နိုင်ဆုံး ကြိုးစားရင်း ဆေးညွှန်းကိုသာရေးရန် အာရုံစိုက်လိုက်သည်။
သို့သော် သူ အသိစိတ် လွတ်သွားသလိုမျိုးခံစားလိုက်ရသည်။
“သမားတော်စု မင်းဘာလုပ်နေတာလဲ...အရှင်မင်းကြီးအတွက် ဆေးညွှန်းကို ဝတ်ကျေတန်းကျေနဲ့ပေါ့ပေါ့ဆဆရေးနေသလား”
လုကုန်းကုန်းက စုယွီ၏အနားသို့ တိုးလာသဖြင့် သူ၏ စုတ်တံထိပ်မှ မှင်သည် စက္ကူပေါ်သို့ စီးကျနေသည်ကို တွေ့လိုက်ရသည်။ စုယွီက တစ်ခုခုကြောင့် အတွေးများနေသောပုံစံမှာ လုကုန်းကုန်ကို တော်တော်မကျေမနပ်ဖြစ်သွားစေ၏။
စုယွီသည်လည်း တစ်ဖြည်းဖြည်း သတိပြန်ဝင်လာကာ ပေပွနေသော စာရွက်ကို ဆုတ်ဖြဲပြီး ဆေးညွှန်းပြန်ရေးရန် အာရုံစိုက်လိုက်သည်။
သူကူးလီက လီချင်းယွင်နဖူးမှချွေးများကို သူ၏လက်ချောင်းထိပ်များဖြင့် သုတ်ပေးလိုက်ပြီး နောက်လက်တစ်ဖက်မှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသော လီချင်းယွင်၏ခြေဖဝါးကို ထိကိုင်လိုက်သည်။ ထိုခြေဖဝါးလေးမှာ ပန်းနုရောင်ခြေချောင်းလေးများနှင့် ထင်ရှားလှပသည့် ခြေချင်းဝတ်တို့ဖြင့် နူးညံ့သိမ်မွေ့လှသည်။
သူကူးလီက လီချင်းယွင်၏ ခြေချောင်းထိပ်လေးများကို ခပ်တင်းတင်း ဖိထားမိသဖြင့် လီချင်းယွင်က ခြေချောင်းများကို တွန့်ကွေးကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“နာတယ်”
ချောက်..
ဟူသောအသံနဲ့အတူ စုယွီ၏လက်ထဲမှ စုတ်တံသည် စက္ကူပေါ်သို့ ပြုတ်ကျသွားသည်။ လု့ကုန်းကုန်းကလည်း သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဒီစာရွက်ကလည်း သုံးလို့မရပြန်တော့ပေ။
စုယွီက စာရွက်ကို လုံးခြေကာ လွှင့်ပစ်လိုက်ပြီးနောက် ဆေးညွှန်းအသစ်ကို ထပ်ရေးလိုက်ရသည်။
လုကုန်းကုန်က ဒေါသအရမ်းထွက်လာတာမို့ သည်းမခံနိုင်တော့ဘဲ အေးစက်နေသည့်မျက်လုံးတို့ဖြင့် ပြောလိုက်၏။
“တော်ဝင်သမားတော်စုယွီ... ဒီဆေးညွှန်းကို နောက်တစ်ကြိမ် ထပ်ဖျက်ရင် မင်း အသက်အန္တရာယ်ကြုံရလိမ့်မယ်”
စုယွီက သက်ပြင်းချလိုက်ပြီး ပြောသည်။
“ကောင်းပါပြီ”
ညသန်းခေါင်အချိန်ထိ တော်ဝင်သမားတော်များအလုပ်ရှုပ်နေကြ ပြီး မင်းကြီးအတွက် ဆေးကြိုကာ လုံရှန့်နန်းတော်ကိုပို့ပေးနေကြရ၏။
သူကူးလီက လီချင်းယွင်ကို ကိုယ်တိုင်ဆေးတိုက်ကာသောက်စေသည်။ အရှင်မင်းကြီး နာမကျန်းဖြစ်နေတာကြောင့် နန်းတော်တွင်းရှိ လူအားလုံးသည် လုံရှန့်နန်းတော်မှာ ပဲ စုပြုံနေကာ အားလုံးအလုပ်ရှုပ်နေကြသည်။
လီချင်းယွင်က နောက်နေ့မနက်တွင် ညီလာခံကိုတောင် မတက်နိုင်ခဲ့ပေ။
ထိုအကြောင်းကို အမတ်များကြားသောအခါတွင် မင်းကြီးက သေလုမြောပါး နာမကျန်းဖြစ်ပြီး နတ်ရွာစံတော့မလားဆိုတာကိုပါ အားလုံးသိချင်နေကြသည်။
လီချင်းယွင်က နောက်တစ်နေ့တွင် ခေါင်းကိုက်ဝေဒနာဖြင့် နိုးလာရသည်။
မနေ့ညက သူ့မှတ်ဉာဏ်တွေက အနည်းငယ်ဝိုးတဝါးဖြစ်နေသည်။ သူသေလုမျောပါး နာမကျန်းဖြစ်နေခဲ့မှန်းသာသူ သိသည်။ အဲဒါက ပြင်းထန်ပေမယ့် မြန်မြန်ပြန်ကောင်းသွားခဲ့တာ အလွန်ထူးဆန်း၏။
သူကူးလီက ကုတင်အစွန်းမှာ အိပ်ပျော်နေခဲ့သည်။
သူကူးလီကိုမြင်တော့ လီချင်းယွင်၏ နှလုံးသားမှာ တစ်ဖြည်းဖြည်း နူးညံ့လာ၏။ သူအရမ်းစိတ်လှုပ်ရှားပြီး မျက်ရည်များပင်ကျမတတ်ပင်.. သူ့ကိုတစ်ညလုံး ပြုစုပေးဖို့ဆိုတာ လွယ်ကူမှာတော့ မဟုတ်ခဲ့ပေ။
သူကူးလီက ဖြည်းဖြည်းချင်းနိုးလာခဲ့ပြီး လီချင်းယွင်က မျက်ဝန်းနီတို့ဖြင့် သူ့ကိုကြည့်နေတာကိုမြင်တော့ အနည်းငယ်လန့်သွားသည်။
“သက်သာရဲ့လား အရှင်”
“အများကြီး သက်သာလာပြီ”
လီချင်းယွင်၏ အသံက အက်ကွဲနေသည်။ သူနိုးလာကတည်းက သူ့ပုံစံမှာ ဇဝေဇဝါဖြစ်နေတာမို့ သူ့စိတ်ခံစားချက်များကို ဖောက်ထွင်းမြင်နိုင်ဖို့ ခက်ခဲလှ၏။
"ဆေးထပ်သောက်လိုက်ပါဦး"
သူကူးလီက အနက်ရောင်ဆေးရည်ကို ယူပေးလိုက်သည်။
လီချင်းယွင်က ဆေးကိုကြည့်ပြီး
"ငါ သကြားလုံးအချို စားချင်တယ်။ ဒီဆေးက အရမ်းခါးတာပဲ"
သူကူးလီက စားပွဲပေါ်ရှိ အချိုပွဲပန်းကန်ကို လှည့်ကြည့်လိုက်ပြီး အကြည့်ပြန်လွှဲကာ တည်တည်တံ့တံ့ပင် ပြောလိုက်၏။
"အချိုပွဲတွေက ဆေးရဲ့အာနိသင်ကို ပြယ်စေတယ်။ ဒါက သမားတော်စု ရေးပေးထားတဲ့ ဆေးညွှန်းဖြစ်လို့ မင်းကြီး အမြန်သောက်သုံးသင့်ပါတယ်"
လီချင်းယွင်က စုယွီပေးသည့် ဆေးကို တကယ်ပင် မသောက်ချင်ပါ။ ထိုလူက တော်ဝင်သမားတော်အဖွဲ့ကို ထိန်းချုပ်ထားပြီး ယခုအချိန်တွင် သူကလည်း စုယွီကို သူ့အာဏာဖြင့် မတားနိုင်သောကြောင့် အချိန်ဆွဲနေဖို့သာ တတ်နိုင်သည်။
"အရှင်မင်းကြီး...စကားနားထောင်ပါ"
သူကူးလီက တည်တည်ငြိမ်ငြိမ် ပြောလာသည်။
လီချင်းယွင်က ဆေးမသောက်ချင်သောကြောင့် ခေါင်းကို တစ်ဖက်သို့ လှည့်ထားသည်။
"အားယွင်က သစ်သီးအချိုတွေ စားချင်တယ်ဆိုရင် စားပါစေ"
ခန်းမအပြင်ဘက်မှ နွေးထွေးသာယာသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"တတိယမင်းသားကို ဂါရဝပြုပါတယ်"
လုကုန်းကုန်း၏ အသံမှာ အနည်းငယ် သဘောမကျဟန် ပေါ်နေသည်။
"တတိယမင်းသား မင်းကြီးကို တွေ့ဖို့ ရောက်လာတာလား...."
ခန်းမတံခါးက ဖြည်းညှင်းစွာ ပွင့်လာသည်။
"ဟုတ်တယ်"
အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားသည် မသန်စွမ်းသည့် ခြေထောက်များရှိပြီး ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ သူ၏ ချောမောပြီး နူးညံ့သိမ်မွေ့သည့်ပုံစံမှာ ကောင်းကင်တွင် တောက်ပနေသည့် လမင်းလိုဖြစ်ပြီး၊ သူ့မျက်လုံးတွေက နွေဦးလေညှင်းလိုပင် ကြည်လင်အေးမြသည်။
"ဒီရက်ပိုင်းမှာ အားယွင် မကြာခဏ နေမကောင်းဖြစ်နေတယ်ကြားလို့ သူ့ကို စိတ်ပူပြီး လာတွေ့တာ"
ဘီးတပ်ကုလားထိုင်ကိုတွန်းလာသော အစောင့်သည် ထိုအရာကို ခက်ခက်ခဲခဲ တွန်းလိုက်ပြီး ခန်းမထဲသို့ ဝင်လာခဲ့သည်။
လီဟုန်က ခေါင်းကိုမော့ကာ နဂါးသလွန်ပေါ်တွင် လဲလျောင်းနေသော လီချင်းယွင်ကို ပြုံး၍ စိုက်ကြည့်နေသည်။
သို့ပေမယ့် လီချင်းယွင်မှာ အသက်ရှုမြန်လာပြီး မျက်လုံးများ ချက်ချင်း နီရဲလာသည်ကို မြင်လိုက်ရသည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ..ထွက်သွား!"
"တတိယအကိုက မင်းကို တွေ့ချင်လို့ လာတာကို မရဘူးလား"
လီဟုန်က လမင်းကဲ့သို့ တောက်ပနေသော မျက်လုံးများဖြင့် လီချင်းယွင်ကို တိတ်တဆိတ် စိုက်ကြည့်ရင်း ဝှီးချဲကို သလွန်ဘေးသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။
လီဟုန်က လီချင်းယွင်၏ နီရဲနေသော မျက်လုံးများကို လျစ်လျူရှုပြီး သူ့နဖူးပေါ်သို့ လက်ဖြင့် စမ်းလိုက်သည်။ လီချင်းယွင်က သူ့လက်ကို တွန်းဖယ်လိုက်၏။ နေမကောင်းဖြစ်နေသည့် ဘုရင်ငယ်သည် အားနည်းနေသောအသံဖြင့် တားမြစ်လာသည်။
"ငါ့ကို မထိနဲ့"
လီဟုန်းက သူ့လက်ကို နောက်သို့ ဆုတ်လိုက်ပြီး သူ့မျက်နှာပေါ်မှ အပြုံးတို့သည်လည်း မှေးမှိန်သွားသည်။
"အားယွင်က တတိယအကိုကို မကြိုဆိုဘူးလား"