no

Font
Theme

မတ်လတိုင်းလိုလို လိယွမ်မြို့၌ မိုးရွာသွန်းတတ်သည်။ မိုးစက်ကျသံများနှင့် တောင်ဘက်မှတိုက်ခတ်လာသည့် စိုထိုင်းထိုင်းလေအေးများက ခန္ဓာကိုယ်ပေါ်သို့ နူးညံ့စွာထိတွေ့ဖြတ်သန်းသွားလေ၏။ အိမ်ကထွက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း လင်ကျင်းကျယ် ထိုခံစားချက်ကို ယခုထိမေ့မရသေးပေ။

သူ အသက်နှစ်ဆယ့်ကိုးနှစ်အရွယ် အဖေဖြစ်သူ ဆုံးပါးခဲ့သည့်နှစ်မှစ၍ အိပ်မပျော်သည့်ဝေဒနာ ခံစားခဲ့ရပြီး ကောင်းကောင်းအိပ်ပျော်သည့်နေ့ မရှ်ိသလောက်ပင်။ မိုးစက်သံများကြောင့် မနက်ခင်း ၄ နာရီအချိန်တွင် နိုးလာသဖြင့် လှေကားထစ်များတွင်ထိုင်နေရင်း ခပ်လှမ်းလှမ်းမှ မြူများအုံ့ဆိုင်းနေသော လိယွမ်တောင်တန်းကြီးကို သူငေးကြည့်နေမိ၏။ ၁၉၉၀ ဆိုသည့်အချိန်တွင် တွင်းထွက်သယံဇာတများက တောင်ခြေတွင်မြုပ်နေသေးပြီး ရှာမတွေ့သေးသည့်အတွက် ထိုနေရာက လင်ကျင်းကျယ်၏ မှတ်ဉာဏ်ထဲရှိ ပျက်စီးယိုယွင်းနေသောနေရာနှင့်မတူဘဲ လှပနေသေးသည်။

ဝင်ပေါက်က ရှုပ်ပွနေ၏။ "ငြိမ်းချမ်းစွာ အနားယူပါ" ဟူသော စကားလုံးရေးသားထားသည့် အဖြူရောင်ပန်းခွေနှင့် အသုဘအခမ်းအနားတွင်သုံးသော တူရိယာတို့က ခြံဝင်းထောင့်တွင် ရွှံ့များဖြင့်ဖုံးအုပ်နေ၏။ ဖောက်ပြီးသား အနီရောင်ဗျောက်အိုးများ၏ အကြွင်းအကျန်များကလည်း မြေပြင်ပေါ် ရှုပ်ပွလျက်...

လှည့်ကြည့်လိုက်ရာ ဧည့်ခန်းထဲရှိ တရုတ်ထင်းရှူးသားဖြင့် လုပ်ထားသော ခေါင်းတလားတစ်ခုကို သူမြင်လိုက်ရ၏။ သစ်သားပေါ်တွင် အပူပေးထားသည့် ဆီဖြင့်သုတ်ထားသည့်အတွက် ချောမွေ့တောက်ပြောင်နေလေ၏။ လိယွမ်မြို့ရှိ လူချမ်းသာအသိုင်းအဝိုင်း၏ အကြိုက်ဆုံးပစ္စည်းမျိုးဖြစ်သဖြင့် စျေးလည်းကြီးသေးသည်။

အထဲတွင်ရှိနေသူကတော့ လင်ကျင်းကျယ် လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ဆယ်လောက်က နောက်ဆုံးအကြိမ်အဖြစ် သေဆုံးသူအတွက် ဆုတောင်းစာရွတ်ဖတ်ပေးခဲ့ရကာ မျက်လုံးများထွက်ကျမတတ် ငိုကြွေးခဲ့ရသည့် အမေဘက်မှ အဖိုးဖြစ်သူ ကျန်းကျိပင်း ဖြစ်၏။

နံရံပေါ်တွင် ချိတ်ဆွဲထားသော ပြက္ခဒိန်၌ ပြေးနေသည့်မြင်းရုပ်ပုံရှိနေပြီး "မတ်လ ၆ရက်၊ ၁၉၉၀" ဟုစာလုံးအကြီးကြီးများဖြင့် ရေးထား၏။ လင်ကျင်းကျယ်အတွက်တော့ အိပ်မက်တစ်ခုလိုပင်။ လေးရက်ကြာလျှင် သူတစ်သက်လုံးမေ့မရခဲ့သည့် အဖိုးဖြစ်သူက်ို မောင်းများတီးကာ လိယွမ်မြို့သုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်မည်ကို သူသိနေခဲ့သည်။ ထိုအချိန်မှစ၍ ကျန်းမိသားစု၏ စီးပွားရေးတိုးတက်ကာ အောင်မြင်လာခဲ့ပြီိး သူ၏အုတ်ဂူကလည်း လိယွမ်မြို့ရှိအရာရှိများ နှစ်တိုင်းလိုလို ဘိုးဘေးများကို ဂါရဝပြုသည့်နေ့တွင် လာရောက်ဂါရဝပြုရသည့် နေရာတစ်ခုဖြစ်လာလိမ့်မည်။

လင်ကျင်းကျယ် သေချာမှတ်မိနေသည့် အရာတစ်ခုကတော့ အဖိုးဖြစ်သူ၏ သင်္ချိုင်းမြေရှိရာသို့ သေရည်အိုးယူသွားကာ သေလောက်သည်အထိအမူးသောက်ခဲ့ခြင်းပင်။ နာရီပေါင်း ၄၀ လောက်ထိ သူအိပ်မပျော်နိုင်ဖြစ်ခဲ့သဖြင့် ထိုနေ့က အလွန်ပင်ပန်းသွားခဲ့ရသည်။ နိုင်ငံရပ်ခြားတွင် လေ့ကျင့်ရေးဆင်းပြီးနောက် ယန်မြိို့သို့ လေယာဉ်ဖြင့်ပြန်လာခဲ့၏။ သူရောက်သည်နှင့် သူငယ်ချင်းဖြစ်သူ ကောရှန် သေဒဏ်ပေးခံရသည်ဆိုသော ထိတ်လန့်စရာသတင်းကြောင့် လိယွမ်မြို့သို့ အမြန်ပြန်ပြေးခဲ့ရသည်။ ထိုကိစ္စများပြီးနောက် လူရောစိတ်ပါ အလွန်ပင်ပန်းခဲ့သဖြင့် သင်္ချိုင်းမြေသို့သွားကာ အဖိုးဖြစ်သူ၏ အုတ်ဂူကိုမှီပြီးအိပ်ပျော်သွားခဲ့တော့၏။

နိုးလာချိန်မှာတော့ လွန်ခဲ့သည့် နှစ်ဆယ့်ငါးနှစ် သူ၏ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ရက်သို့ ပြန်ရောက်နေခဲ့လေသည်။

"ကျင်းကျယ်!"

ပျင်းရိဖွယ် မိုးစက်ကျသံများကြားမှ ချိိန်းကြိုးချင်းရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာ၏။ အလွန်သစ်လွင်နေသည်တော့မဟုတ်သည့် စက်ဘီးတစ်စီးက လင်ကျင်းကျယ်၏ မြင်ကွင်းရှေ့ရောက်လာခဲ့သည်။ စက်ဘီးပိုင်ရှင်က စက်ဘီးရပ်ရန် မြေပေါ်ခြေထောက်ထောက်ထား၍ လက်တစ်ဖက်ဖြင့် ထီးဖွင့်လိုက်သည်။

"မင်း အခုထိမသွားရသေးဘူးပဲ။ လာ ငါမင်းကို ကျောင်းခေါ်သွားမယ်!"

၁၈ နှစ်အရွယ် ကောရှန်က ဆံပင်ကို ကတုံးဆံတောက်ကေ ညှပ်ထားပြီး ဟောင်းနွမ်းသော်လည်း သန့်ရှင်းနေသည့် ကျောင်းဝတ်စုံအပွအောက်တွင် လည်ပင်းခေါက်ဆွယ်တာလေးတစ်ထည် ဝတ်ထား၏။ ဒီလိုပုံစံက ဂိုဏ်းထဲဝင်ပြီးနောက် သူဝတ်ခဲ့သည့် တန်ဖိုးကြီး အဝတ်အစားများနှင့်ယှဉ်လျှင် အများကြီး စုတ်ပြတ်နေသော်လည်း လင်ကျင်းကျယ် ဂရုမစိုက်ခဲ့။ ဒီလို လွတ်လပ်ပေါ့ပါးပြီး အပြစ်ကင်းသည့်အပြုံးမျိုးကို သူမမြင်ခဲ့ရသည်မှာ ဆယ်နှစ်ကျော်ကြာခဲ့လေပြီ။

အတော်ကြာသည်အထိ သူ စကားမပြောနိုင်ခဲ့ပေ။ သူ မျက်နှာဖြူဖျော့ကာ ငေးမောနေသည်ကို ကောရှန်မြင်သော်လည်း အဖိုးဖြစ်သူ သေဆုံမှုကြောင့် ဝမ်းနည်းနေသေးသည်ဟုသာ တွေးမိခဲ့သည်။ သူ၏ အခြေအနေကို ပိုမဆိုးစေချင်သည့်အတွက် အခြားဘာမှ ထပ်မပြောခဲ့တော့ဘဲ ဘာမှမဖြစ်သည့်အတိုင်း ခေတ်ဟောင်းပုံစံ ၂၈ လက်မ စက်ဘီးလေးကို ပုတ်ပြပြီး အော်ပြောလိုက်၏။

"မြန်မြန်လာ! နောက်ကျရင် ငါတို့ စာပြန်သင်ဖို့စောင့်နေရမယ်။"

လင်ကျင်းကျယ်က ခဏလောက်ကြာမှ မတ်တတ်ရပ်လိုက်သည်။

"ခဏလေးစောင့်ဦး။"

သူက အိမ်ထဲပြန်လှည့်ဝင်လိုက်သည်။ ညကပဲ ထုတ်ပိုးထားခဲ့သည့် ကျောင်းလွယ်အိတ်ကို ယူရမည့်အစား ခေါင်းတလား အနီးသို့သွားကာ အထဲတွင် မျက်လုံးမှိတ်၍ လဲလျောင်းနေသော အဖိုးဖြစ်သူကို ကြည့်လိုက်၏။

သူက လင်ကျင်းကျယ်နှင့် အချိန်အကြာကြီးအတူရှိနေခဲ့ပြီး သူအချစ်ရဆုံးနှင့် အယုံကြည်ရဆုံးမိသားစုဝင်လည်း ဖြစ်သည်။

"အဖိုး။"

'ဘာလို့များ နည်းနည်းလောက်စောပြီး ပြန်လာခွင့်မပေးရတာလဲ။ ကျွန်တော် အဖိုးရဲ့ ညင်သာတဲ့ အသံလေးကို နောက်တစ်ကြိမ်လောက် ကြားချင်နေခဲ့တာ။'

လင်ကျင်းကျယ်က အဖိုးဖြစ်သူ၏ ရှုပ်ပွနေသော ဆံပင်များကို ပြန်ပြင်ပေးပြီး အိုမင်းရင့်ရော်သည့် လက္ခဏာလုံးဝမရှိသော လက်ချောင်းများကို ကြည့်လိုက်သည်။ ခဏတာ ကြည့်နေလိုက်ပြီးနောက် ခေါင်းတလားကိုကိုင်ထားသည့်လက်က အားလျော့သွားတော့သည်။ သူက မျက်ရည်များကိုထိန်းထားခဲ့ပြီး ပြုံးလိုက်၏။

"ကျွန်တော် ကျောင်းသွားတော့မယ်။"

၁၉၉၀ ခုနှစ်တွင် လိယွမ်မြို့၌ မြို့ပြတိုးတက်မှုက စနစ်တကျမဖြစ်သေးပေ။ လင်ကျင်းကျယ်နှင့် အဖိုးဖြစ်သူတို့ အတူနေခဲ့သော လူချမ်းသာအသိုင်းအဝိုင်းအိမ်နီးချင်းများရှိရာမှ ထွက်လာပြီးနောက် တစ်လမ်းလုံးတွင် ချိုင့်ခွက်များပြည့်နေ၏။ လင်ကျင်းကျယ်က စက်ဘီးနောက်ခုံတွင်ထိုင်ကာ ကောရှန်ကိုထီးဆောင်းပေးထားသည်။

စက်ဘီးက မကြာခဏခုန်နေသည့်အတွက် ခေတ်ဟောင်းပုံစံစက်ဘီး၏ နောက်ခုံတွင်ထိုင်နေရသည့် လင်ကျင်းကျယ်တစ်ယောက် တင်ပါးနာလာပြီး ထိုင်ရအဆင်မပြေတော့ပေ။ နားထဲတွင်လည်း ငယ်သူငယ်ချင်း၏ အဆက်မပြတ်စကားပြောသံများကို ကြားနေရ၏။

" ငါတို့တော့ သွားပြီ။ စာမေးပွဲ အမှတ်စာရင်းက ဒီနေ့ထွက်မှာလေ။ မင်းလည်း အခြေအနေဆိုးလောက်တယ်။ ငါတို့ အတန်းပိုင်ဆရာမက ဆူပူနေသေးတယ်။ ကြည့်ရတာတော့ ပြန်လည်သုံးသပ်စာ ရေးခိုင်းတော့မယ်ထင်တယ်။ မင်း ငါ့အတွက် အမေ့ကို ကူပြောပေးနော်။"

ထိုအချိန်က စီးပွားရေးတိုးတက်စအချ်ိန်ဖြစ်သည်။ လိယွမ်မြို့က မြို့သေးသေးလေး ဆိုသော်လည်း အချို့သော လောလောလတ်လတ် ချမ်းသာလာသူများလည်း ရှိနေ၏။ တစ်ခါတစ်ရံတွင် လမ်းပေါ်၌ စတုရန်းပုံစံနှင့်ခပ်ဆင်ဆင်တူသော Volkswagen Santana ကားများလည်း ဖြတ်သွားတတ်သည်။ ကားဖြတ်သွားချိန်တွင် ကျန်ခဲ့သော မီးခိုးငွေ့များနှင့် မွမ်းသွားပြီးနောက် လင်းကျင်းကျယ်၏ အစစ်အမှန်မဟုတ်သလို ခံစားနေရသည့်စိတ်များ ပျောက်သွားတော့၏။ သူ၏ အထက်တန်းတတိယနှစ် သူငယ်ချင်းဖြစ်သူထံမှ ညည်းညူပြောဆိုသံများကြောင့် အတိတ်အကြောင်းပြန်တွေးမိပြီး အပြုံးမရပ်နိုင်ခဲ့ပေ။

ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်စာ? အဲ့လောက်ထိ ရိုးရှင်းမယ်တဲ့လား။

၁၉၉၀ က လင်ကျင်းကျယ်၏ဘဝကို အဓိပ္ပါယ်သတ်မှတ်ပေးခဲ့သည့် နှစ်တစ်နှစ်ဟု ပြော၍ရသည်။ သူ အထက်တန်းကျောင်းမှဘွဲ့ရပြီး ဘဝသစ်စတော့မည့်အချိန်တွင် အဖိုးဖြစ်သူ ဆုံးပါးမှူနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် အရာအားလုံးရှုပ်ထွေးသွားခဲ့၏။

အတိတ်ဘဝက ကြုံတွေ့ခဲ့ရသည်များကို သူမှတ်မိနေသည်ကအမှန်ဆိုလျှင် အတန်းနံပါတ် ၁ တွင် စာမေးပွဲရလဒ် အဆင်မပြေသည့် ကျောင်းသားများကို အတန်းနံပါတ် ၅ သို့ပြောင်းပစ်မည်ဟု အတန်းပိုင်ဆရာမ လီယွိရုန်က ကြေညာလိမ့်မည်။ ကံမကောင်းစွာနှင့် လင်ကျင်းကျယ်နှင့် ကောရှန်အပါအဝင် အခြားသူငယ်ချင်းဟောင်းတစ်ဦးဖြစ်သည့် ကျိုးဟိုင်ထန်းလည်း ထိုပြောင်းခံရမည့်လူထဲ ပါနေ၏။

ကောရှန်နှင့် ကျိုးဟိုင်ထန်းတို့၏အဆင့်များက ယခင်ထဲကကောင်းမနေခဲ့သည့်အတွက် အမြဲလိုလို လီယွိရုန်၏ ဘေးဖယ်ထားခြင်းခံရသည်။ လင်ကျင်းကျယ်ကတော့ ထူးချွန်ကျောင်းသားတစ်ယောက် ဖြစ်ခဲ့သော်လည်း အဖိုးဖြစ်သူ နာမကျန်းဖြစ်ကာ ဆုံးပါးသွားမှုတို့ကြောင့် စိတ်ထိခိုက်သွားသဖြင့် စာသင်ကြားမှုကိုအာရုံမစိုက်နိုင်ခဲ့တော့ပေ။

ပြဿနာက ယခင်နှစ် အထက်တန်းတက်ရသည်မှာ ကျောင်းစာများ၊ စာမေးပွဲများထပ်နေပြီး ဖိအားအလွန်များခဲ့ခြင်းပင်။ လင်ကျင်းကျယ် အာရုံပြန့်သွားခဲ့သည်မှာ လဝက်လောက်တောင် မကြာခဲ့သော်လည်း ပညာရေးရလဒ်များ အတော်ထိသွားကာ တစ်ကျောင်းလုံးတွင် ထိပ်ဆုံး ၁၀ ယောက်အဆင့်မှ အတန်းနံပါတ် ၁ ၏ ထိပ်ဆုံး ၃၀ ယောက်အထိ အဆင့်များ ထိုးကျသွားခဲ့၏။

ကောလိပ်ဝင်ခွင့်စာမေးပွဲက ပညာရေးဘုတ်အဖွဲ့မှ လာမည့်ဆရာဆရာမများ၏ အကဲဖြတ်မှုနှင့်သက်ဆိုင်၏။ ကောရှန်၏ မိခင်ကလည်း ဆရာမတစ်ဦးဖြစ်သောကြောင့် လီယွိရုန် သူနှင့်ပတ်သက်၍ သည်းခံနေခဲ့သော်လည်း အခုတော့ သူ(မ)သည်းခံမနေနိုင်တော့ပေ။

စီနီယာနှစ်များတွင် အတန်းများကို ရမှတ်အဆင့်များအရ အစဉ်လိုက်စီထားပြီး အတန်းနံပါတ် ၁ က အကောင်းဆုံးဖြစ်သည်။ ယခင်ဘဝတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲနီးမှ အတန်းနံပါတ် ၁ မှ အတန်းနံပါတ် ၅ သို့ကျသွားသည်မှာ လင်ကျင်းကျယ်အတွက် စိတ်ထိခိုက်စရာ ထိုးနှက်မှုတစ်ခုဖြစ်သွားခဲ့ပြီး သူ့ကိုပြိုလဲသွားစေခဲ့သည်။ ရလဒ်အနေနှင့် စာမေးပွဲဖြေဆိုနိုင်မှုအခြေအနေကလည်း တော်တော်ဆိုးခဲ့သည်။

ထိုတစ်ဆက်တည်းဖြစ်လာသော ဆုံးရှူံးမှုများက လင်ကျင်းကျယ်၏ဘဝလမ်းကြောင်းကို သွယ်ဝိုက်၍အကျိုးသက်ရောက်ခဲ့လေသည်။ သူ၏ ညံ့ဖျင်းသော ပညာရေးနောက်ခံကြောင့် သူ၏အရည်အချင်းကို သံသယဝင်ခဲ့ကြပြီး ရာထူးတိုးရန်အကန့်အသတ်များဖြစ်လာခဲ့၏။ အသက်သုံးဆယ်ကျော်အထိ သူက ယောင်လည်လည်ဘဝဖြင့်သာ နေခဲ့ရသည်။

ထို့နောက် ဘဝ၏ နာကျင်စရာအတွေ့အကြုံများကိုတွေးမိကာ နောင်တရလာသဖြင့် မျှော်လင့်ချက်မဲ့ခြင်းမှ လွတ်မြောက်စေရန် အသက်မွေးဝမ်းကြောင်းအလုပ်များကို စတင်လေ့လာတော့၏။ သို့သော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။ သူ၏ အချိန်ဆွဲနေခဲ့မှုကြောင့် အရှုံးများစွာနှင့် ရင်ဆိုင်ခဲ့ရ၏။

သူငယ်ချင်းဖြစ်သူ ကောရှန်နှင့် ကျိုးဟိုင်ထန်းတို့ကတော့ အစိုးရကောလိပ်ဝင်ခွင့်မရခဲ့သလို ပုဂ္ဂလိကကောလိပ်တက်ရန်လည်း ကျောင်းစရိတ်မရှိသဖြင့် စာသင်ကြားခြင်းကိုလက်လျှော့ပြီး လိယွမ်မြို့မှ ဂိုဏ်းအဖွဲ့သ်ို့ဝင်ခဲ့သည်။ ထိုအချိန်တွင် ဒေသအသီးသီး၌ ဂိုဏ်းအဖွဲ့များရှိသော်လည်း သူတို့က ရေအိုင်ငယ်လေးအတွင်းမှ ငါးကြီးများသာသာပင်။

နှစ်အနည်းငယ်အကြာမှာ ကိစ္စကြီးဖြစ်လာတော့ သူတို့က မြေစာပင်များဖြစ်သွားရသည်။ ခေါင်းဆောင်များက ထွက်ပြေးသွားပြီး လက်အောက်ငယ်သားများကို အပြစ်ဒဏ်ခံရန် ချန်ထားခဲ့ကြသည်။ ဒါကြောင့်ပဲ လင်ကျင်းကျယ်၏ သူငယ်ချင်းတစ်ဦးမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံရပြီး တစ်ဦးကတော့ သေဒဏ်စီရင်ခံခဲ့ရသည်။ သူတို့မိသားစုဝင်များလည်း သေသူကသေ ထွက်ပြေးသူကပြေးနှင့် ပျက်စီးခဲ့ရ၏။

ပြီးတော့ သူကတော့....

ရုတ်တရက်ဆိုသလို အိုမင်းနေသောမျက်နှာပေါ်တွင် မျက်ရည်များပြည့်နေပြီး အိပ်ရာပေါ်တွင်လဲနေပြီဖြစ်သည့် သေအံ့ဆဲဆဲ အဖေဖြစ်သူအကြောင်း လင်ကျင်းကျယ် သတိရသွားကာ ရင်ဘတ်ထဲတင်းကျပ်လာပြီး အသက်ပင်မရှူနိုင်ဖြစ်သွားခဲ့ရသည်။ ကောရှန်က ကျောင်းပေါက်ဝရှေ့ စက်ဘီးရပ်လိုက်ပြီး စက်ဘီးက ဘေးဘက်သ်ို့လှုပ်သွားသောအခါမှ သူ အသိပြန်ဝင်လာခဲ့၏။

"....မင်း ဘာတွေတွေးနေတာလဲ။"

ကောရှန်က မေးလိုက်ခြင်းပင်။

လင်ကျင်းကျယ်ကတော့ သူဘာမေးလိုက်သည်ကို မကြားခဲ့။

"ကိစ္စမရှိပါဘူး။"

သူ၏ အသိစိတ်လွတ်နေသည့်ပုံစံကြောင့် သူဝမ်းနည်းနေပြန်ပြီဟု ကောရှန်တွေးမိသွားသည်။ သူက လက်ချုပ်လွယ်အိတ်လေးထဲမှ နေ့လယ်စာသံထမင်းဘူးလေးကို ထုတ်ပြီးပြောလိုက်သည်။

"ငါ မေ့တော့မလို့၊ မင်း ဘာမှမစားရသေးဘူးမလား။ အမေက သူ(မ)ရဲ့ အထူးတလည် ကြက်သွန်နီပန်ကိတ်တွေ လုပ်ထားတယ်။ မင်းကိုလည်း ကျွေးလိုက်ပါတဲ့။"

ကောရှန်၏ အမေဖြစ်သူ ဟူယွိက အတန်းနံပါတ် ၅ ၏အတန်းပိုင်ဖြစ်ပြီး သင်္ချာဆရာမဖြစ်၏။ လင်းကျင်းကျယ်တွင် မိဘမရှိဘဲ အဖိုးနှင့်သာအတူနေရကြောင်း တစ်ကျောင်းလုံးသိထားကြသည်။ ဒါကြောင့်ပဲ ဟူယွိက သူ့ကို အမေတစ်ယောက်ကဲ့သို့ ဂရုစိုက်ပေးပြီး ကောရှန်နှင့်အတူ မကြာခဏ အစားအသောက်များလည်း ထည့်ပေးတတ်သည်။

လင်ကျင်းကျယ်က သူ့ကိုကျေးဇူးတင်စကားဆိုလိုက်ပြီး အစားအသောက်များစားလိုက်၏။ အတိတ်ကို သတိရစေသည့်အရသာကြောင့် သူငိုမိတော့မလိုပင် ဖြစ်သွားခဲ့သည်။

ကောရှန် ဖမ်းဆီးခံရတော့ ဟူယွိက ညတွင်းချင်း အိုစာသွားခဲ့ပြီး သေဒဏ်စီရင်ခြင်းကိုကြားသ်ိလိုက်ရပြီး မကြာမီမှာပဲ ဆုံးပါးသွားခဲ့တော့သည်။ သေအံ့ဆဲဆဲအချိန်မှာပင် သူ(မ)က လင်ကျင်းကျယ်၏ အိပ်မပျော်သည့်ဝေဒနာအတွက် စိတ်ပူနေခဲ့သေး၏။ လင်ကျင်းကျယ်က သူ(မ)ကို အမေရင်းကဲ့သို့သဘောထားကာ နောက်ဆုံးခရီးသို့ ရှိသမျှအင်အားဖြင့်လိုက်ပို့ခဲ့၏။ ပြီးတော့ အချုပ်ထဲတွင် ကောရှန်ကိုသွားတွေ့ချိန်၌လည်း ဘာမှမဖြစ်သလိုဟန်ဆောင်ကာ သူငယ်ချင်းဖြစ်သူကို အသိမပေးခဲ့ပေ။

သို့သော်လည်း ဒီတစ်ခါတော့...ဒီဘဝမှာတော့...

သူ ခေါင်းငုံ့ထား၍ မျက်ရည်ဝဲနေသော မျက်လုံးများကို ရှေ့ဆံပင်များဖြင့်ကွယ်ထားကာ ရနံ့မွှေးနေသည့်ပန်ကိတ်ကို အတင်းမျိုချနေလိုက်၏။ သူတို့ ထောင့်တစ်နေရာသို့လှည့်လိုက်တော့ အတန်းနံပါတ် ၁ မှ ရယ်မောသံထွက်ပေါ်လာ၏။

"လင်ကျင်းကျယ်။ မင်းရဲ့ စာမေးပွဲရလဒ်တွေက ဒီလိုဖြစ်နေတာတောင် အတန်းထဲ လာရဲသေးတာလား။"

လင်ကျင်းကျယ်၏ နှလုံးခုန်သံများ မြန်သွားခဲ့သည်။ သူခေါင်းမော့ကြည့်လိုက်ရာ ထိုသူက သူထင်သည့်အတိုင်း မိတ်ဆွေဟောင်းဖြစ်သည့် သူ၏ဝမ်းကွဲအစ်ကို ကျန်းရန်ပင်။

ကျန်းရန်က လင်ကျင်းကျယ်၏ အမေဘက်မှ အဒေါ်ဖြစ်သူ၏ တစ်ဦးတည်းသောသားဖြစ်ပြီး လင်ကျင်းကျယ်နှင့်တော့ တစ်ခါမှမတည့်ပေ။ ကံဆိုးစွာနဲ့ပဲ သူတို့က မြို့ငယ်လေးတစ်မြို့ထဲတွင် အတူနေရသလို အသက်ကလည်း ရွယ်တူနီးပါးဖြစ်နေကြသည်။ ငယ်ငယ်တည်းက အတန်းဖော်များဖြစ်ကြပြီး ယှဉ်ပြိုင်မှုလည်း တစ်ခါမှမရပ်ခဲ့ကြချေ။

ငယ်ငယ်ကတော့ ကျင်းရန်က လင်ကျင်းကျယ်ကို မိဘမဲ့ဖြစ်သည့်တိုင် အဆင့်များက သူ့ထက်သာနေသဖြင့် သဘောမကျခဲ့ခြင်းဖြစ်သည်။ အရွယ်ရောက်လာချိန်မှာတော့ ကိစ္စများက ပို၍ရှုပ်ထွေးလာ၏။

လင်းကျင်းကျယ်၏ အမေဘက်မှအဖိုးဖြစ်သူ ကျန်းကျိပင်းတွင် လိယွမ်မြို့၌ စီးပွားရေးလုပ်ငန်းအချို့ရှိသည်။ သူက ထိုလုပ်ငန်းများကို သားသမီးများအား အညီအမျှ ခွဲဝေပေးမည်ဖြစ်ပြီး သူနေသည့်အိမ်နှင့် အိမ်ရှိပစ္စည်းများကိုတော့ လင်ကျင်းကျယ်အား ပေးမည်ပင်။

အဖိုးကြီး၏အစီအစဉ်က လိမ္မာပါးနပ်သည်။ သူ၏ သားသမီးများက သဘောထားကြီးသူများ မဟုတ်သည်ကို သူသိထားသလို လင်ကျင်းကျယ်ကလည်း ဆယ့်ရှစ်နှစ်အရွယ်သာရှိသေးသည်။ ထိုဝံပုလွေများနှင့် ရင်ဆိုင်ရလျှင် လုပ်ငန်းတစ်ခုကို သူထိန်းသိမ်းထားနိုင်မည် မဟုတ်သည့်အတွက် သူ၏ဘဝ အာမခံချက်တစ်ခုရှိစေရန် ငွေများပေးခဲ့ခြင်းက ပိုကောင်း၏။ သူစုဆောင်းထားသော ကြေးထည်ပစ္စည်းများမှာ အလွန်ရှားပါးသော်လည်း လိယွမ်မြို့ရှိ လူအချို့ကသာ ရှေးဟောင်းပစ္စည်းများအကြောင်းစိတ်ဝင်စားပြီး ထိုအရာများ၏ တန်ဖိုးကိုသိသည်။

သို့သော်လည်း ဒီဆုံးဖြတ်ချက်က ကျင်းမိသားစုကိုတော့ ပွဲဆူသွားစေခဲ့၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment