သို့သော်လည်း ကလေးများကတော့ လူကြီးများ၏စိုးရိမ်ပူပန်မှုကို မသိခဲ့ပေ။ လီယွိရုန်ကို အောင်မြင်စွာမောင်းထုတ်နိုင်ခဲ့ပြီဟု သူတို့ယူဆသည့်အတွက် အတန်း ၅ မှကျောင်းသားများက အော်ဟစ်၍ အောင်ပွဲခံခဲ့ကြသည်။
တိန့်မိုက်က ခဲတံဘူးကို တဒုန်းဒုန်းမြည်အောင် လှုပ်ရင်း အောင်ပွဲခံသလို တစ်ခန်းလုံး လှည့်ပတ်သွားနေခဲ့သည်။ ပြီးနောက် လင်ကျင်းကျယ်၏ စာကြည့်စားပွဲပေါ်တွင် မှောက်၍ သူ့ကို အံ့သြသည့် အကြည့်များဖြင့်ကြည့်နေခဲ့သည်။
"သူငယ်ချင်း မင်းက အရမ်းမိုက်တာပဲကွာ။"
တတိယနှစ်စစချင်းကတည်းက လီယွိရုန်က သူတို့ကို ဘယ်သင်ခန်းစာအသစ်မှ မသင်ပေးခဲ့ပေ။ ခေါင်းလောင်းသံမြည်သည်နှင့် သူ(မ)က ဝင်လာပြီး စင်ပေါ်မှဆရာမစားပွဲတွင်ထိုင်ကာ ကိုယ့်ဘာသာစာလေ့လာရန်ပြောသည်။ တစ်တန်းလုံးကို မိနစ်လေးဆယ်လုံးလုံး ဘာမှလုပ်မပေးဘဲ လှောင်ပြောင်အပြစ်တင်စကားများပြော၍သာ ဆဲဆိုနေခဲ့၏။
အရေးအကြီးဆုံးကတော့ သူ(မ)က အမြဲတမ်းလိုလို အတန်း ၅ ၏ အတန်းပိုင်ဆရာမဖြစ်သူ ဟူယွိကို အနိုင်ကျင့်လေ့ရှိခြင်းပင်။
အတန်း ၅ မှ ကျောင်းသားများသည် အဆင့်မကောင်းသည့်တိုင် မိုက်မဲနေသူများ မဟုတ်ပေ။ ဟူယွိက သူတို့ကို ဘယ်လောက်ထိကောင်းကောင်း ဆက်ဆံသည် ဘယ်လောက်ထိ ဂရုစိုက်သည်ကို သူတို့ ကောင်းကောင်း သိကြ၏။ ဒါကြောင့် သူတို့က စာသင်ရသည်ကို မကြိုက်သော်လည်း သင်္ချာချိန်တွင်တော့ အိပ်ငိုက်မသွားဘဲ ဂရုတစိုက်စာ နားထောင်နိုင်ရန် အားလုံးက အတတ်နိုင်ဆုံးကြိုးစားခဲ့ကြသည်။
အမုန်းသစ်များက အမုန်းအဟောင်းများအပေါ် အထပ်ထပ်ဆင့်လာခဲ့သည်။
အတန်း ၅ ရှိကျောင်းသားများက လီယွိရုန်ကို မောင်းထုတ်ချင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း သူတို့က ကျောင်းမှအပြစ်ပေးခံရမည်နှင့် မိဘခေါ်ခံရမည်ကို ကြောက်သဖြင့် ဒေါသများကို မြိုသိပ်ထားခဲ့ကြခြင်းသာဖြစ်သည်။
သို့သော်လည်း အခုတော့ သူတို့၏ ကိုယ်ပိုင်အင်အားနှင့် သူ(မ)ကို ဖယ်ရှားနိုင်ခဲ့ကြလေပြီ။ ကျောင်းအုပ်ကြီးကလည်း ဘာမှမပြောရဲခဲ့။ သူတို့၏ဆန္ဒများ နောက်ဆုံးမှာတော့ ပြည့်ဝသွားခဲ့ပြီဖြစ်သည်။
လင်ကျင်းကျယ်က တိန့်မိုက်၏မေးစေ့ကို လက်ချောင်းသွယ်သွယ်နှစ်ချောင်းနှင့် ဆွဲညှစ်လိုက်ပြီး သူ၏မျက်နှာကို တွန်းထုတ်လိုက်သည်။ ဘယ်လောက်ပဲ အထင်ကြီးနေသည့် မျက်နှာဖြစ်နေပါစေ အရမ်းကို နီးကပ်လွန်းနေသည်။
သပိတ်မှောက်သည့် သတင်းပျံ့နှံ့သွားသည်နှင့် ပညာရေးဝန်ကြီးဌာနက ဝင်ပါလာရလိမ့်မည်။ သူတို့ဝင်ပါလာလျှင် အမြဲတန်းပြဿနာရှာသည့်အတန်းက ဦးဆောင်သည်ဆိုလျှင်လည်း မျက်နှာလိုက်ထည့်စဉ်းစားမည်မဟုတ်ပေ။ ထိုအခါဆိုလျှင် ကျောင်းအုပ်ကြီးလည်း သူ မျှော်လင့်ထားသည်ထက် ပိုဆိုးသည့်အရာနှင့် ရင်ဆိုင်ရလိမ့်မည်။
လူ့လောကထဲသို့ ဝင်ရောက်ခဲ့သည်မှာ အချိန်ကြာမြင့်ပြီဖြစ်သည့် လူတစ်ယောက်အတွက်တော့ ကျောင်းဆိုသည့်အဖွဲ့အစည်းသည် မြင့်မြတ်မှု၊ စည်းကမ်းကြီးမှုနှင့် ချိုးဖောက်၍မရသည့်စည်းမျဉ်းများရှိခြင်းတို့ကဲ့သ်ို့သော အရာများကိုဆုံးရှူံးနေခဲ့သည်မှာကြာပြီဖြစ်သည်။
လင်ကျင်းကျယ်က မေးထောက်ထားသည့်လက်ကို ရုပ်လိုက်ပြီး သူရွေးထားသည့် အင်္ဂလိပ်စာသင်ရိုးစာအုပ်ကို ထုတ်လိုက်၏။ စာအုပ်ကို စားပွဲပေါ် ပစ်ချလိုက်ပြီး ပျင်းရိစွာနှင့် ထိုင်ခုံအနောက်ကို မှီထိုင်လိုက်သည်။
"မင်း အပျော်စောနေသေးတယ်။"
သူက စာအုပ်ကိုဖွင့်ပြီး မာတိကာစာမျက်နှာကို တိန့်မိုက်အား လှည့်ပြလိုက်သည်။ သူ့ကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်လေသည်။
"ဒီနေ့ကစပြီး အင်္ဂလိပ်စာကို ငါသင်မယ်။ ကျန်တဲ့လူတွေ နားထောင်အောင်လုပ်ဖို့က မင်းတာဝန်ပဲ။ တစ်ယောက်ယောက် စကားနားမထောင်ရင် မင်းကိုငါ အပြစ်ပေးမှာနော်။"
နံနက်ခင်း နေရောင်ခြည်က ပြတင်းပေါက်မှဝင်လာပြီး လင်ကျင်းကျယ်၏ မျက်နှာပေါ်ကျရောက်ကာ သူ၏ ကြွေကဲ့သို့အရောင်ရှိသည့်အသားအရေကို တောက်ပနေစေ၏။ တိန့်မိုက်က စားပွဲပေါ်ငုံ့ကြည့်လိုက်သည်။ တစ်ဖက်လူငယ်၏ မော့ထားသည့်မေးစေ့နှင့် မှေးစင်းနေသောမျက်လုံးများကို ကြည့်လိုက်ရာ မမျှော်လင့်ထားဘဲ ရင်ထဲ၌ စစ်မှန်သော သစ္စာစောင့်သိမှုများ တစ်စွန်းတစ်စ ပေါ်လာခဲ့၏။
အခိုက်အတန့်တစ်ခုအထိ တိန့်မိုက် ငေးကြည့်နေမိသည်။ ပြီးနောက် တစ်ခုခုကို သတိရသွား၏။ သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အစ်ကိုကြီး၊ ကျွန်တော် တစ်ခုပြောပြစရာရှိတယ်။ အတန်း ၁ က ကျန်းရန်က လွန်ခဲ့တဲ့ရက်အနည်းငယ်က 'အစ်ကိုကြီး' အချို့နဲ့ရင်းနှီးသွားတယ်။ တစ်ယောက်ယောက်က သူ မိန်းကလေးတစ်ယောက်ကို ကြွားလုံးထုတ်နေတာကို ကြားလိုက်တာ။ သူက အစ်က်ိုကြီးကို သင်ခန်းစာပေးဖို့ အဲ့လူမိုက်တွေကို ခိုင်းမှာတဲ့။"
လင်ကျင်းကျယ်က တိန့်မိုက်၏မျက်နှာကိုရှောင်ပြီး ဘေးသို့ အနည်းငယ်စောင်းလိုက်၏။ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ အစ်ကိုကြီးတဲ့လား။ တိန့်မိုက်က သူ့ထက် တစ်နှစ်ခွဲလောက်ပင် ပို၍အသက်ကြီးသေးသည်။
ကျန်းရန်နှင့် သူ၏ "အစ်ကိုကြီး"များ ကိစ္စကတော့...
လိယွမ်မြို့၏ "အစ်ကိုကြီး" များဆိုသည်က ရယ်စရာဟာသတစ်ခုထက် မပိုပေ။ သူတို့ လုပ်နေသည့်အရာများကလည်း အသုံးစရိတ်ရန်အတွက်သာ လူမိုက်ဟန်ဆောင်နေခြင်းဖြစ်သည်။ တကယ်လို့သာ တကယ့်လူမိုက်များနှင့် တွေ့ခဲ့လျှင် သူတို့က ဘောင်းဘီထဲပင် သေးထွက်ကျသွားနိုင်သည်။
ကျန်းရန်၏ ရုတ်တရက်ရဲတင်းလာမှုနောက်ကွယ်တွင် ကျန်းမိသားစု ရှိနေသည်ဆိုသည်မှာသေချာ၏။ သူတို့၏ရည်ရွယ်ချက်က ထင်ရှားပြီးသားဖြစ်သလို သူကလည်း သူတို့ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကို စီစဉ်ထားသည်မှာကြာပြီဖြစ်သည်။ ယခုတော့ သူ၏စိုးရိမ်ပူပန်မှုများက ပြန်လည်မွေးဖွားလာပြီးတည်းက ပေါ်မလာသေးသည့် အခြား ငယ်သူငယ်ချင်းတစ်ဦးဖြစ်သော ကျိုးဟိုင်ထန်အကြောင်းသာဖြစ်နေ၏။
ကျိုးဟိုင်ထန်က ကျောင်းမလာသည်မှာ တစ်ပတ်နီးပါးရှ်ိပြီဖြစ်ပြီး ကောရှန်လည်း သူ့ထံမှ ဘာသတင်းမှ မကြားပေ။
သူ ဒီကိစ္စကို စဉ်းစားနေချိန်မှာပဲ စင်္ကြံမှ ဆူဆူညံညံခြေသံများကြားလာရသည်။ ဒီနေ့ ကျောင်းနောက်ကျနေခဲ့သည့် ကောရှန်က အခန်းထဲ အလျင်အမြန် ပြေးဝင်လာခြင်းပင်။
သူက ဘာဖြစ်ခဲ့သည်ကို မသိသေးဘဲ ဆရာမကို ရှာကြည့်နေ၏။ ဘယ်သူ့ကိုမှမတွေ့ရတော့ သက်ပြင်းချပြီး လင်ကျင်းကျယ်၏ စားပွဲရှိရာသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
"ကျင်းကျယ်။"
သူက ရလာသည့်သတင်းကို ပြောပြလိုက်၏။
"ငါ ကျိုးဟိုင်ထန်ကို မနေ့ညက ပိုင်မာလမ်း ညစျေးမှာတွေ့ခဲ့တယ်။ သူက အာဏာရှိတဲ့ လူမိုက်တွေရဲ့ နောက်လိုက်ဖြစ်နေပြီ။ သူက ငါတို့ကို ညစာကျွေးဖို့ဖိတ်ထားတယ်။ သွားကြမလား။ ဒါက ရှားပါးတဲ့အခွင့်အရေးနော်။"
ကောရှန်ကတော့ လူမိုက်အစစ်များထံမှ အသိအမှတ်ပြုခံရသည့်အတွက် ဂုဏ်ယူနေပုံပေါ်သော်လည်း လင်ကျင်းကျယ်ကတော့ ထိုသူက နောက်လိုက်အချို့ရှာနေခြင်းဟုသာထင်မိသည်။
သူက အင်္ဂလိပ်စာအုပ်ကိုကိုင်လိုက်ပြီး စာသင်စင်ပေါ်တက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ထို့နောက် နက်မှောင်ပြီး နားလည်ရခက်သည့် အကြည့်ဖြင့်ကြည့်၍ ပြောလိုက်၏။
"ငါ သွားမယ်။"
***
Aurora Novel Translation Team