ဟူယွိက တရားဝင် အသိအမှတ်ပြုခံထားရသည့် ဆရာမတစ်ယောက် မဟုတ်သည့်တိုင် နှစ်ပေါင်းများစွာ စာသင်ကြားလာခဲ့သူဖြစ်၍ အခြားသူများနှင့် တန်းတူ ဆက်ဆံခံရသင့်သည်။ သို့သော်လည်း ယခင်နှစ်အစကတည်းက ဒီအတွေ့အကြုံရင့်နေပြီဖြစ်သော ဆရာမ၏နာမည်သည် လိယွမ်အမှတ် (၁) အထက်တန်းကျောင်းမှ ပညာရေးဝန်ကြီးဌာနသို့ ပို့ခဲ့သည့် ဆရာ၊ ဆရာမစာရင်းထဲတွင်မပါဝင်ခဲ့ပေ။ ထိုအစား ဒုတိယတန်း အင်္ဂလိပ်စာ ဆရာမအဖြစ် တာဝန်ယူထားသည့် လီယွိရုန်၏နာမည်သာ ပါဝင်ခဲ့၏။
အခုချိန်မှာတော့ သူတို့လည်း ဘာမှ မတတ်နိုင်ခဲ့ကြပေ။ ဒီအခြေအနေကို ပြောင်းလဲဖို့ဆိုလျှင် တတ်နိုင်သမျှမြန်မြန် ငွေရှာရန်အရေးကြီးကြောင်း လင်ကျင်းကျယ် သိထား၏။ သူ၏စိတ်ထဲ၌ အစီအစဉ်ကို နောက်တစ်ခေါက် ပြန်တွေးလိုက်ပြီးမှ စိတ်ငြိမ်သွားခဲ့တော့သည်။ ဟူယွိကို သူလှမ်းကြည့်လိုက်သည့်အခါတိုင်း သူ၏မျက်နှာက အရင်ကထက် ပို၍နူးညံ့သွားတတ်သည်။ ဝက်ပေါင်ခြောက်ကို နှစ်ပိုင်း ပိုင်းလိုက်ပြီး ပြောလိုက်သည်။
"ကျောင်းက ကြည့်ခိုင်းထားတဲ့ ပြန်လည်လေ့ကျင့်ခန်းစာရွက်တွေနဲ့ စာအုပ်တွေက အရမ်းလွယ်လွန်းတယ်။ အဲ့ဒါတွေကိုပဲ အားကိုးနေလို့ မရဘူးလို့ ကျွန်တော်ထင်တယ်။"
သူက ဝက်ပေါင်ခြောက်တစ်ပိုင်းကို ကောရှန်ကို ပေးရန်လုပ်လိုက်သော်လည်း တူကိုပင်မရွှေ့လိုက်ရမီ သူ၏ပန်းကန်က နိမ့်သွားခဲ့သည်။ ကောရှန်က သူ့ရဲ့ဝက်ခြေထောက်တစ်ပိုင်းကို လင်ကျင်းကျယ်၏ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး ကျန်သည့်အရာများကို ခေါင်းငုံ့၍ အလျင်အမြန် စားလိုက်တော့၏။
လင်ကျင်းကျယ်လည်း ပြောစရာပျောက်သွားပြီး ပြန်ထည့်ပေးရန် လုပ်လိုက်သော်လည်း ကောရှန်ကတော့ ပန်းကန်ကိုအုပ်ပြီး နောက်ကိုဆုတ်သွားလိုက်လေသည်။
"မင်းဘာသာစားစမ်းပါ။ မင်းက အရမ်းပိန်လွန်းနေတယ်။"
လင်ကျင်းကျယ်က စာပိုလေ့လာရမည်ဟု ဘာလို့တွေးနေသည်ကို ဟူယွိနားမလည်နိုင်ဖြစ်နေရ၏။
"ကျောင်းက ဆရာတွေက ဘယ်စာအုပ်တွေနဲ့ ပြန်လည်လေ့ကျင့်ဖို့ ဘာတွေလိုအပ်လဲဆိုတာကို သေချာစဉ်းစားထားပြီးသားပါ။ မင်း အဲ့ဒါတွေကိုပဲ ကြိုးကြိုးစားစား လေ့လာမယ်ဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် လုံလောက်မှာပါ။"
သူ(မ)က သင်္ချာစာအုပ်ကိုကောက်ယူလိုက်ပြီး လှန်လှောကြည့်လိုက်သည်။ ပထမစာမျက်နှာအနည်းငယ်ကို ဖတ်လိုက်ပြီးချိန်မှာတော့ သူ(မ) မျက်ခုံးရှူံ့လိုက်မိ၏။
"ဒီအကြောင်းအရာတွေက သင်ရိုးညွှန်းတမ်းမှာ မပါဘူး။ ဒီလိုမျိုးပုစ္ဆာတွေ စာမေးပွဲမှာမေးလာမယ်လည်း မထင်ဘူးနော်။"
သူ(မ)က ကျေးလက်မှာကြီးပြင်းခဲ့ပြီး လင်းမြို့ဒေသန္တရကောလိပ်မှ ဘွဲ့ရခဲ့သူဖြစ်သည်။ လင်းမြို့ကသာ သူ(မ)၏ဇာတိမြေမှထွက်၍ ရောက်ဖူးခဲ့သည့် အဝေးဆုံးနေရာတစ်ခုဖြစ်၏။ ဒါကြောင့်လည်း ပြင်ပကမ္ဘာကြီးက ဘယ်လိုဆိုသည်ကို သူ(မ)လုံးဝမသိခဲ့ပေ။
လင်ကျင်းကျယ်ကလည်း သူ့ကိုယ်သူမှန်ကန်ကြောင်း သက်သေပြရန် ငြင်းခုံရမည့်အရွယ် မဟုတ်တော့ပေ။ ဒီအကြောင်းစကားစမိပြီဆိုတော့ အခွင့်အရေးတစ်ခုအဖြစ်အသုံးချကာ အစီအစဉ်များကို အကောင်အထည်ဖော်ရန်နှင့် ဟူယွိကိုလည်း သူ့ဘက်မှပါလာအောင်ပြောလိုက်၏။
"ကျွန်တော့်အဘိုး ပြောပြတာတော့ ချွင်းနန်အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသားတွေက ဒီစာအုပ်တွေကို သုံးကြတယ်တဲ့။"
ချွင်းနန်အမှတ် (၁) အထက်တန်းကျောင်း? အဲ့ဒီနေရာလား။
ဟူယွိ မျက်လုံးပြူးသွားတော့၏။ လိယွမ်အမှတ် (၁) အထက်တန်းကျောင်းက လိယွမ်မြို့နယ်တွင် အကောင်းဆုံးကျောင်းဆိုရင် ချွင်းနန်အမှတ် (၁) အထက်တန်းကျောင်းက ချွင်းနန်ပြည်နယ်တစ်ခုလုံးတွင် အထင်ရှားဆုံးကျောင်းဖြစ်၏။ နှစ်တိုင်းလိုလို ချွင်းနန်မှ ကျောင်းသားများ၏ တက္ကသိုလ်ဝင်ခွင့်ရနှုန်းက လိယွမ်မြို့ထက် ငါးဆနီးပါးလောက် ပိုများခဲ့သည်။
ဒါကြောင့်လည်း တက္ကသိုလ်ဝင်ခွင့်ရရန် မလွယ်ဆိုသည်ကို ကောင်းကောင်းသိထားသည့် ဟူယွိက ထိုကျောင်းကို အမြဲအံ့သြနေခဲ့ခြင်းဖြစ်သည်။ သူ(မ)က စာအုပ်ကိုဂရုတစိုက်ကိုင်လိုက်ပြီး "သေချာရဲ့လား။" ဟု မေးလိုက်၏။
"ဟုတ်တယ်၊ ပြီးတော့ ဒီစာအုပ်တွေရောပဲ။"
လင်ကျင်းကျယ်က သူကြည့်ပြီးသား စာအုပ်အထပ်လိုက်ကို သူ(မ)ထံ တွန်းပေးလိုက်၏။
"ကျွန်တော်တို့ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့စာတွေက သူတို့နဲ့ မတူဘူးထင်တယ်။"
'သေချာတာပေါ့၊ ချွင်းနန်အမှတ် (၁) အထက်တန်းကျောင်းပဲလေ! ငါတို့ကျောင်းနဲ့ ဘယ်လိုတူမှာလဲ။'
ဟူယွိက အနည်းငယ်အပြစ်ရှိသလို ခံစားရင်း တွေးလိုက်မိခြင်းဖြစ်သည်။
လင်ကျင်းကျယ်၏ စကားများက သူ(မ)အတွက်တော့ ဉာဏ်အလင်းဖွင့်ပေးလိုက်သလိုပင်။ ကျောင်းနှစ်ကျောင်း၏ တက္ကသိုလ်ဝင်ခွင့်ရနှုန်း ကွာခြားမှုက ဒီလိုမျိုး ခေတ်မမီတော့တဲ့ သင်ရိုးညွှန်းတမ်းနဲ့ အကန့်အသတ်ရှိတဲ့ သင်ထောက်ကူပစ္စည်းတွေကြောင့်များလား။
လင်ကျင်းကျယ်၏ အဘိုးဖြစ်သူ ရှာဖွေထားသော အချက်အလက်များကို သူ(မ)သံသယမဝင်မိပေ။ ကျန်းကျိပင်းက သူ(မ)မြင်ဖူးသမျှလူများထဲတွင် အသိပညာနှင့်ယဉ်ကျေးမှု အရှိဆုံးသူဖြစ်ပြီး မြို့ထဲရှိ သက်ကြီးရွယ်အိုများထဲတွင်လည်း လူမှုဆက်ဆံရေး၌ ရာထူးအဆင့်အတန်းအမြင့်ဆုံးသူဖြစ်သည်။ ပြည်နယ်မြို့တော်၏ အခြေအနေများကို သူသိနေခြင်းကလည်း အံသြစရာမရှိပေ။
ကျောင်းသားများ၏ အနာဂတ်က အရေးကြီးသည်။ ထိုအတွေးက ချက်ချင်းဆိုသလို သူ(မ)စိတ်ထဲဝင်လာသည်နှင့် ဒီကိစ္စကလည်း သူ(မ)အတွက် အရေးကြီးကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ ပန်းကန်များကိုပင် မသိမ်းနိုင်တော့ဘဲ ဘောပင်နှင့် စာရွက်ကိုဆွဲယူကာ လင်ကျင်းကျယ်၏ စာအုပ်နာမည်များကို ချရေးလိုက်တော့၏။ ပြီးနောက် စုံစမ်းရန်အတွက် အိမ်မှ အလျင်အမြန်လှည့်ထွက်သွားလိုက်တော့သည်။
ကောရှန်၏လက်များက တုန်ယင်နေပြီး ပန်းကန်ပင်လွတ်ကျမတတ် ဖြစ်သွား၏။
"ကျင်းကျယ်၊ သူငယ်ချင်း၊ မင်း ငါ့ကို သတ်ချင်နေတာလား!"
ဟူယွိ ထွက်သွားပြီးနောက် လင်ကျင်းကျယ်၏ မျက်နှာအမူအရာက တည်ငြိမ်သွားပြန်လေသည်။ မကျေမနပ်ဖြစ်နေသည့် ကောရှန်၏မျက်နှာကို သူတစ်ချက် လှမ်းကြည့်လိုက်ပြီး စိတ်မရှည်သည့်လေသံဖြင့် မေးလိုက်၏။
"လီယွိရုန်က ဆရာမဟူကို အထင်သေးပြီး တတ်နိုင်သလောက်အပုပ်ချဖို့ပဲ ကြိုးစားနေတာ။ မင်း ဘယ်တုန်းကမှ ပြန်ပြီးခုခံဖို့ မတွေးမိဘူးလား။"
ကောရှန်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းသွားခဲ့သည်။ သူက နောက်ပြောင်မနေတော့ဘဲ မျက်ဝန်းထဲတွင်လည်း ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်သွားခဲ့သည်။
လင်ကျင်းကျယ်က စားပွဲကိုခေါက်လိုက်ပြီး ပြောလိုက်၏။
"မင်း ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် ဒီကိုလာ၊ နောက်ပုစ္ဆာကို ဘယ်လို တွက်ရမလဲ သင်ပေးမယ်။"
ယခင်ဘဝက လမ်းမှားရောက်သွားခဲ့သည့် ဆယ်ကျော်သက်လေး၏ သွေးများဆူပွက်နေချိန်တွင် ကျန်းမိသားစုကတော့ အခြေအနေမကောင်းခဲ့ပေ။ ကျန်းရန်က ယနေ့ဖြစ်ခဲ့သည့်အရာများကို အမေဖြစ်သူကိုပြောပြလိုက်ပြီးနောက် သူ(မ)ကဒေါသများထွက်နေခဲ့၏။
"အပြစ်ပေးခံရတယ်?!"
လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ကျန်းရှောင်ယွမ်သည် သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်ရရန် အလုပ်ရှုပ်နေခဲ့သည့်အတွက် သူ(မ)အဖေ၏ ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားကို သွားရန်ပင်အချိန်မရခဲ့ပေ။ ဒီကိစ္စအတွက် သူ(မ) ငွေအများကြီးသုံးခဲ့ရပြီး အခုတော့ တက္ကသိုလ်ဝင်ခွင့်စတင်တော့မည့် ရက်ပိုင်းအလိုတွင် ကျောင်းက ကျန်းရန်ကို အပြစ်ပေးလိုက်သည်။
ဒါက ဘယ်လိုဟာသမျိုးလဲ။ ကျောင်းမှ တရားဝင်ကျောင်းဝင်ခွင့်အကြံပြုစာရရန်က လွယ်ကူသည့်ကိစ္စတော့မဟုတ်ပေ။ နှစ်တိုင်းလိုလို လိယွမ်အမှတ် (၁) အထက်တန်းကျောင်းမှ ချွင်းနန်တက္ကသိုလ်သ်ို့ အကြံပြုစာဖြင့် ဝင်ခွင့်ရသည့်ကျောင်းသားဦးရေက အကန့်အသတ်နှင့်ဖြစ်သည်။ မိဘတိုင်းက ထိုနေရာကိုလိုချင်ကြသော်လည်း အခြေအနေများက တင်းကျပ်လွန်း၏။ ဝင်ခွင့်ရလိုသည့်ကျောင်းသားက ပညာရေးတွင် ထူးချွန်ရုံသာမက အကျင့်စာရိတ္တလည်းကောင်းမွန်ကာ မြို့တော်မှ ဂုဏ်ထူးဆောင်ဆုကို ရရှိထားသူလည်းဖြစ်ရမည်ဖြစ်ပြီး ကျောင်းမှတ်တမ်းတွင်လည်း အပြစ်အနာအဆာ မရှိရပေ။
ကျန်းရှောင်ယွမ်က ကျန်းရန်ကို "အတော်ဆုံးကျောင်းသား သုံးယောက်" အဆင့်ဝင်ရန် ပညာရေးဘုတ်အဖွဲ့ကို ငွေပေးခဲ့ပြီးဖြစ်သည်။ အခုတော့ သူအပြစ်ပေးခံလိုက်ရသည့်အတွက် သူ(မ)၏ကြိုးပမ်းမှုများ အချည်းနှီး ဖြစ်သွားခဲ့ရလေပြီ။
"ဒါက ဘယ်လို ဖြစ်သွားရတာလဲ?!"
ကျန်းရှောင်ယွမ် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ဆရာမလီက ငွေယူပြီးသားလေ။ မင်းကို ကူညီမယ်လို့ သူ(မ)ကတိပေးထားတာ။"
ကျန်းရန်က စိတ်ပျက်သွားပြီး ငိုလိုက်တော့၏။ ကျောင်းဆင်းသည်အထိ အပြစ်ပေးခံရသည့်အကြောင်းကိုသာ သူဆက်တိုက်တွေးနေခဲ့သော်လည်း လီယွိရုန်ကတော့ စာသင်ချိန်ပြီးသည်နှင့် ထွက်ပြေးသွားသောကြောင့် သူ(မ)ကို အကူအညီတောင်းရန်ပင် အခွင့်အရေးမရခဲ့ပေ။
လီယွိရုန်က ကျန်းရှောင်ယွမ်၏ ငွေကိုလက်ခံခဲ့သည့်တိုင် လျှို့ဝှက်စွာလုပ်ခဲ့ခြင်းဖြစ်ပြီး ကျန်းရန်ကို ကျောင်းကိစ္စများအဆင်ပြေပြေဖြတ်သန်းနိုင်ရန် ကူညီမည်ဟုသာ ကတိပေးခဲ့ခြင်းဖြစ်သည်။ တန်ဖိုးကြီးသည့် ဝင်ခွင့်နေရာအတွက်ကတော့ ကျန်းရှောင်ယွမ်တစ်ယောက်တည်း ထိုနေရာကို လိုချင်နေခြင်း မဟုတ်သလိုကျောင်းအုပ်ကြီးကလည်း မိဘများထံမှ "လက်ဆောင်" များ ဘယ်လောက်ထိ လက်ခံထားသည်ကို ဘယ်သူမှမသိနိုင်ပေ။ ဒုတိယကျောင်းအုပ်ကြီးနှင့်ရင်ဆိုင်၍ ကျန်းရန်၏ကိစ္စကိုဖြေရှင်းပေးဖို့ကလည်း မဖြစ်နိုင်ပေ။
သူ(မ)က ကျန်းရန်ပြန်ပြောပြသည်ကို နားထောင်ပြီး ကျိန်ဆဲလိုက်၏။
"ထပ်ပြီး ဒီလင်ကျင်းကျယ်ပဲ။ ဒီမိဘမဲ့ကောင်က တမင်သက်သက်လုပ်တာ သေချာတယ်!"
ကျန်းရန်၏အဖေက ဘေးဘက်တွင် ဆေးလိပ်သောက်ရင်း ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"မင်း ဘယ်လိုပြောလိုက်တာလဲ? ငါတို့သားက စတယ်ဆိုတာ သေချာနေတာပဲကို—"
"ရှင့်ပါးစပ် ပိတ်ထားစမ်းပါ!"
ကျန်းရှောင်ယွမ်က လင်ကျင်းကျယ်ကို မုန်းရသည့် အဓိကအချက်က ရှေးဟောင်းပစ္စည်းများကြောင့်ဖြစ်ပြီး ဒီနေ့ကိစ္စကြောင့် သူ(မ)၏ဒေါသများပေါက်ကွဲပစ်ရန် အခွင့်အရေးရသွားခဲ့လေပြီ။ သူ(မ)၏ အော်ဟစ်သံကြောင့် မိသားစုကိစ္စများကို ဘယ်တုန်းကမှဝင်မပါခဲ့သည့် ကျန်းရန်၏အဖေက ထုံးစံအတိုင်း ပါးစပ်ပိတ်နေလိုက်တော့၏။
သူက မူလတန်းပြဆရာတစ်ယောက်ဖြစ်ပြီး စိတ်ထားနူးညံ့သည်။ သူက ဘယ်လိုလုပ် ကျန်းရှောင်ယွမ်နှင့် ရန်ဖြစ်နိုင်မည်လဲ။ သူ လှည့်ထွက်သွားပြီး နောက်ထပ်ဆေးလိပ်တစ်လိပ် မီးညှိနေသည်ကိုမြင်တော့ သူ့မိန်းမက သူ့ကိုပါ နောက်တစ်ခါဆူပူချင်လာသည်။ ကံကောင်းထောက်မစွာနှင့် ဖုန်းမြည်သံက သူ(မ)ကို တားဆီးလိုက်၏။
ကျန်းရှောင်ယွမ် ဖုန်းကိုင်လိုက်၏။ သူ(မ) စကားပြောနေချိန်တွင် သူ(မ)၏အသံက ရိုကျိုးပြီးချိုမြိန်နေ၏။
"အော်၊ ဌာနမှူးဝမ်ပါလား! ဟိုကိစ္စနဲ့ ပတ်သက်ပြီး စိတ်ချနိုင်ပါတယ်၊ ရှင်ကသာ အဲ့ဒီအရာတွေကို ပိုင်ဆိုင်ခွင့်ရဖို့ ထိုက်တန်တဲ့ တစ်ဦးတည်းသောလူပါ။ ရက်နည်းနည်းလောက် စောင့်ပေးပါနော်။ ကျွန်မ ကိုယ်တိုင် လာပေးပါ့မယ်။"
သူ(မ) ဖုန်းချလိုက်ပြီးသည်နှင့် ခေါင်းကိုက်လာသလို ခံစားရတော့သည်။
ပြဿနာများက တစ်ဆက်တည်းလာသည်။ ဝင်ခွင့်နေရာကိစ္စကို အမြန်ဆုံး ဖြေရှင်းရန်လိုသည်သာမက လင်ကျင်းကျယ်၏ ရှေးဟောင်းပစ္စည်းများကိစ္စကလည်း သူ(မ)ခေါင်းပေါ်တွင်ပိနေပြန်သည်။
ယခု ဖုန်းဆက်ခဲ့သူက ပြည်နယ် မြေယာနှင့်သယံဇာတရုံးမှ ဌာနမှူးတစ်ယောက်ဖြစ်ပြီး မြေအသုံးချမှု စီမံကိန်းများကို တာဝန်ယူထားရသူဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်တုန်းက ကျန်းရှောင်ယွမ်နှင့် သူ(မ)၏မောင်ဖြစ်သူ ကျန်းကျီတို့က အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခု စတင်ခဲ့သည်။ လုပ်ငန်းက အရှုံးတော့မပေါ်ခဲ့သော်လည်း အောင်မြင်မှုလည်း မရခဲ့ပေ။ သူတို့ အကူအညီတောင်းခံပြီး ခက်ခက်ခဲခဲကြိုးစားပြီးမှ ဌာနမှူးဝမ်နှင့် ရင်းနှီးသွားခဲ့သည်။ သူနှင့်ရင်းနှီးရသည်က ငွေကြေးနတ်ဘုရားတစ်ပါးနှင့် သိကျွမ်းခွင့်ရလိုက်သလိုပင်။ သို့သော်လည်း ထိုဆက်ဆံရေးက 'မင်း ငါ့ကိုကူညီရင် ငါလည်း မင်းကို ပြန်ကူညီမယ်' ဆိုသည့်သဘောတစ်ခုသာဖြစ်၏။
ဒီ ငွေကြေးနတ်ဘုရား၌ ရှေးဟောင်းပစ္စည်းများ စုဆောင်းသည့် ဝါသနာရှိသည်။ ဒါကြောင့်ပဲ ကျန်းရှောင်ယွမ်က သူ(မ)အဖေ စုဆောင်းထားခဲ့သည့် ရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးကို သတိထားမိခဲ့ခြင်းဖြစ်သည်။ ထိုပစ္စည်းများ၏ ကျေးဇူးကြောင့် သူတို့က ဌာနမှူးဝမ်၏ ထောက်ခံမှုကိုရရှိခဲ့၏။ သို့သော်လည်း သူတို့က လပေါင်းများစွာ အကြွေးများနှင့် လည်ပတ်နေခဲ့ကြပြီး တစ်ဖက်လူကလည်း စိတ်မရှည်တော့ပေ။ ယခု သူက ကတိပေးထားသည့် ရှေးဟောင်းပစ္စည်းများကိို ဘယ်တော့ရမလဲဆိုသည်ကို ပေါ်ပေါ်ထင်ထင် မေးလာတော့၏။
ကျန်းရှောင်ယွမ်၏ရင်ထဲ စိုးရိမ်ပူပန်မှုများဖြင့် တုန်လှုပ်နေခဲ့တော့သည်။ အကြိမ်ပေါင်းများစွာ တံတွေးမျိုချနေသော်လည်း ဘယ်လိုဖြေရှင်းရမည်ဆိုသည်ကို ယခုထိစဉ်းစားမရသေးပေ။ နောက်ဆုံးမှာတော့ သူ(မ)က အံကြိတ်ပြီး စားပွဲကိုလက်ဖြင့်ရိုက်ချလိုက်၏။
"လျိုတဲ့၊ ငါ့ကို စာကြည့်ခန်းထဲက တယ်လီဖုန်းစာအုပ် ယူလာပေး။"
သူ(မ)ခင်ပွန်းကလည်း အံ့သြသွားပြီး မေးလိုက်၏။
"ဘယ်သူ့ကို ဖုန်းဆက်မလို့လဲ။"
"ကျွန်မအစ်မကို"
သူ(မ)၏ အစ်မကြီးဖြစ်သူ၊ လင်ကျင်းကျယ်၏အမေက ကွာရှင်းပြီးမကြာခင်မှာပဲ နောက်အိမ်ထောင်ပြုကာ ပြည်နယ်မြို့တော်သို့ ပြောင်းရွှေ့သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ(မ)၏ ဒုတိယခင်ပွန်းကလည်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူဖြစ်နေခဲ့၏။
***
Aurora Novel Translation Team